ပင်လယ်ထဲသို့ မျက်ရည် ကျရာဝယ်
Vol. 38 Ch. 521
ထို့နောက်တွင် မန်ဟိုသည် ရင်းနှီးသလိုရှိသော်လည်း မည်သူမည်ဝါလည်း မမှတ်မိသော လူအတော်များများကို မြင်တွေ့ခဲ့ရသည်။
ရှုပိုင်၊ ချန်ဖန်းနှင့် ဖက်တီး.... မောင်မွှေးထူပင် ရောက်လာခဲ့သည်။
ယခုတွင် မောင်မွှေးထူသည် အရုပ်ဘိုးဘေးကြီးတစ်ဦးဖြစ်နေလေပြီ။ သို့သော် သူက အဆင့် (၁၂) မဟုတ်ဘဲ အဆင့် (၁၁) သာရှိသေးသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့်ညီမျှသော ဒဏ္ဍာရီလာကောင်းကင်အဆင့် ကမ္ဘာသစ်မိစ္ဆာနယ်ပယ်သို့လည်း မရောက်သေးပေ။
ထိုအစား သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်မဟာစက်ဝန်းတွင်သာ ရှိနေသည်။ အနောက်ပိုင်းသဲကန္တာရတွင် ကမ္ဘာသစ်မိစ္ဆာများ တက်လှမ်းနိုင်သော အဆင့် (၁၂) ဆင့်ရှိသည်။ သမိုင်းမှတ်တမ်းအရ အထွတ်အထိပ်ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် တူညီသော အဆင့်(၁၁) ကမ္ဘာသစ်မိစ္ဆာများဟု သတ်မှတ်နိုင်သည်။ အဆင့် (၁၂)ကမ္ဘာသစ်မိစ္ဆာများကိုလည်း အရုပ်များဟု ဆိုနိုင်ပြီး တာအိုရှာဖွေခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ရပေသည်။ ထိုကဲ့သို့ ကမ္ဘာသစ်မိစ္ဆာမှာ အနောက်ပိုင်းသဲကန္တာရ ရွှေသရဖူဆောင်းခဲ့သော ခေတ်ကာလအတောအတွင်း၌သာ တည်ရှိခဲ့၏။ အရုပ်ဘိုးဘေးကြီးတစ်ကောင်၏ အစစ်အမှန်စွမ်းအားမှာ ၎င်းကို ယုံကြည်သက်ဝင်ကိုးကွယ်သော အရာအားလုံးအပေါ် မူတည်လေသည်။
သို့သော် ဘယ်အရာမှ မတည်မြဲသည်မဟုတ်ပါလော။ ထိုအရာအားလုံးက အတိတ်တွင်သာ ကျန်ခဲ့လေပြီ။ ပျက်သုဉ်းခြင်းကပ်ဆိုက်ပြီးနောက်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများရှိသော မျိုးနွယ်စုကြီးများပင်လျှင် အနောက်ပိုင်းသဲကန္တာရအောင်မြင်ကျော်ကြားချိန်အတောအတွင်း လိုတိုင်းရခဲ့သောအခြေအနေနှင့် မယှဉ်နိုင်တော့ပေ။ ထို့ကြောင့် အဆင့်(၁၁) ကမ္ဘာသစ်မိစ္ဆာများမှာ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်နှင့်သာ တူညီတော့၏။ အဆင့်(၁၂)က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် ဆင်တူပြီး အရုပ်အပ်နှင်းနိုင်စွမ်း ပိုင်ဆိုင်ကြလေသည်။ အနောက်ပိုင်းသဲကန္တာရ၏ကျင့်ကြံသူအများစုမှာ ဤအချက်ကို သိပင်မသိကြပေ။ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများသာ ထဲထဲဝင်ဝင် သိရှိနားလည်ကြ၏။
မန်ဟိုလည်း ကိုးကွယ်ရာဘိုးဘေးကြီးအနေဖြင့် ထိုနည်းတူပင်။ မျိုးနွယ်ဝင်များလေလေ၊ ကိုးကွယ်စွမ်းအားပေါများလေလေဖြစ်ကာ သူ သန်မာလာလေလေဖြစ်သည်။
အနောက်ပိုင်းသဲကန္တာရပျက်ကပ်ဆိုက်သောအခါ အသက်စွမ်းအားများ သုတ်သင်ဖယ်ရှားခံရသည်။ ကမ္ဘာသစ်မိစ္ဆာများသာမက အရုပ်ဘိုးဘေးကြီးများပင် ဒဏ်ခံရ၏။ ကိုးကွယ်ရာ အရုပ်ဘိုးဘေးအားလုံးမှာ ပြင်းပြင်းထန်ထန် အားနည်းသွားကြသည်။ ကံကောင်းစွာနှင့် မန်ဟိုက မောင်မွှေးထူနှင့် အခြားအကောင်များကို မိစ္ဆာချီသုံးရင်း အားဖြည့်ပေးခဲ့လေသည်။ ဤအခြင်းအရာကြောင့် မောင်မွှေးထူနှင့် ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စု၏ အခြားအရုပ်ဘိုးဘေးကြီးများမှာ ပုံမှန်ထက် ဆောလျင်စွာ အရုပ်အပ်နှင်းနိုင်စွမ်းပိုင်ဆိုင်ခဲ့ကြသည်။
သူတို့က အဆင့် (၁၁) မှာတင် ထိုသို့ လုပ်နိုင်လေပြီ။
မောင်မွှေးထူသည် ခရမ်းပင်လယ်ကြီးတွင် အချိန်အတော်လေးကြာသည်အထိ နေနေလေသည်။ သူက တအီအီအော်ရင်း မန်ဟို့ကို ရှာနေတတ်သည်။ နောက်ဆုံးတော့ ဘာမှအကြောင်းမထူး၍ ဝမ်းနည်းကြေကွဲစွာဖြင့် ပြန်သွားလေသည်။
တစ်နေ့တွင် အဘိုးကြီးနောက်တစ်ယောက် ရောက်လာသည်။ သူ၏မျက်နှာမှာ တင်းမာခက်ထန်လျက်ရှိ၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ သိပ်မထင်ရှားပေ။ ထိုအဘိုးကြီးကို အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒအပြင် ရှေးကျသောအရှိန်အဝါတစ်ခုက ဝန်းရံနေကြောင်း မန်ဟို မြင်လိုက်ရသည်။ ၎င်းက မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို တုန်ရီသွားစေ၏။
အဘိုးကြီးသည် ပင်လယ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ နောက်ဆုံးတွင် သူက အေးစက်စက် တစ်ချက်ရယ်ပြီး ထွက်ခွာသွားလေသည်။
ထိုအဘိုးကြီးမှာ ဝမ်မျိုးနွယ် ဒသမခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။
လူတော်တော်များများ ရောက်လာကြသည်။ တစ်ရက်တွင် အနီရောင်ဂါဝန်လေးနှင့် အမျိုးသမီးတစ်ယောက် ရောက်လာသည်။ သူမသည် လက်ဖျားခါလောက်အောင် လှသော်လည်း မျက်မှောင်ကလေး ကြုံကာနေ၏။ သူမ၏အကြည့်လေးက ဟိုဟိုသည်သည် ပြေးလွှားနေပြီး ခရမ်းပင်လယ်ကြီးကို ငုံကြည့်နေသည်။ သူမသည် တိုက်တိုက်ဆိုင်ဆိုင် မန်ဟို ပင်လယ်ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်နေသော နေရာ၏အပေါ်တည့်တည့်တွင် ဖြစ်နေ၏။
"ငါ့မှာတော့ နင့်ကို နှစ်နဲ့ချီပြီး စောင့်နေလိုက်ရတာ... နင်ကတော့ ဒီမှာ မိစ္ဆာဝိညာဉ်ကူးပြောင်းနေတယ်တဲ့လား။ ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ့်အစား မိစ္ဆာတစ်ကောင်လုပ်တော့မယ်ပေါ့လေ။ သောက်ကျိုးနည်း
"နင် စိတ်ရောမှန်သေးလား အရူးကောင်ရဲ့။ နင် ယောက်ျားမဟုတ်ဘူးလား ဟမ်။ ငါ့ကိုကျ အခွင့်အကောင်းယူခဲ့ပြီး နင်ကတော့ ဒီတိုင်း ပျော်ပျော်ကြီး ထွက်သွားတော့မယ်ပေါ့။ နင် ဘာလို့ ဒီလောက်တောင် တာဝန်မဲ့ရတာလဲ အကောင်ရဲ့။ ငါ ငါ ငါ.... ဆယ်နှစ်ကြာရင် ငါ ဘာလုပ်ရတော့မလဲ။ ဒီတစ်ယောက်တည်းဖြစ်နေတဲ့ လူဆိုးမကြီး ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ ဘာသွားလုပ်ရတော့မှာတုန်း" ဂါဝန်အနီနှင့်အမျိုးသမီးမှာ အံကြိတ်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။ ရက်အနည်းငယ်ကြာသော် သူမက မချင့်မရဲဖြစ်ကာ စိတ်ဆိုးမာန်ဆိုး ထွက်သွားလေသည်။
ရက်အနည်းငယ်ကြာသော် အစိမ်းရောင်ဝတ်ရုံရှည်လေးနှင့် အမျိုးသမီးတစ်ဦး ရောက်လာသည်။ သူမသည် လှပပြီး ဆေးရနံ့တစ်ခုကို ထုတ်လွှတ်နေ၏။ သူမက ပင်လယ်ကြီးကို ငေးကြည့်ရင်း လေလယ်တွင် အကြာကြီး ပျံဝဲနေသည်။
"မန်ဟို နင် ဘယ်မှာလဲဟင်...." သူမက တိုးတိုးကလေး ပြောသည်။ အချိန်အတော်ကြာသော် သူမသည် သက်ပြင်းချပြီး ထွက်ခွာရန် ပြင်လိုက်၏။
သူမက ထွက်မသွားခင် ခရမ်းရောင်ပင်လယ်ပြင်ကို နောက်တစ်ဖန်ကြည့်ပြီး ရေထဲသို့ ဆေးလုံးတစ်လုံး ပစ်ချလိုက်သည်။ ဤသည်မှာ သူမကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးတစ်လုံးဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော သူမ၏ကိုယ်ပိုင်ဆေးဝါးတာအိုကို ကိုယ်စားပြုလေသည်။
ဆေးလုံးသည် ရေထဲကျပြီး အရည်ပျော်သွားလေ၏။
ရုတ်တရက် မန်ဟိုမှာ တစ်စုံတစ်ခုက နှလုံးသားကို ဆွဲငင်နေသည့်အလား ခံစားလိုက်ရသည်။ ပင်လယ်ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် တင်ပျဥ်ခွေထိုင်နေသော သူ၏အလောင်းတစ်ကိုယ်လုံး ဖျဉ်းခနဲ တုန်ရီသွားသည်။
မှုန်ဝါးဝါး တစ်မနက်ခင်းတွင် အနက်ရောင်နယ်မြေရှိရာဘက်မှ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက် ပင်လယ်ကို ဖြတ်၍ ပျံသန်းလာသည်။ သူမသည် စိတ်တိုနေခြင်းမရှိသလို၊ ပျော်ရွှင်နေခြင်းလည်းမရှိဘဲ အေးစက်နေသည်။ သူမက ပင်လယ်ကြီးကို ငေးမောရင်း လေအလယ်တွင် တိတ်ဆိတ်စွာ တန့်နေ၏။ အချိန်အတော်လေးကြာသော် သူမက ခရမ်းရောင်ပင်လယ်ပြင်ကြီးကို တဖြည်းဖြည်း ငုံ့ကြည့်လိုက်သည်။
သူမ မသိသည့်အရာမှာ မန်ဟို့ကို သူမကြည့်နေခြင်းကိုပင်။
မန်ဟိုမှာ သူကြည့်နေသော အမျိုးသမီးက ... ရှုချင်ဖြစ်သည်ကို မမှတ်မိပေ။
ရှင်ကွဲကွဲနေရသည့်အဖြစ်မှာ ကမ္ဘာပေါ်တွင် ခံရအခက်ဆုံး ခံစားချက်မဟုတ်ပေ။ ထို့ထက်ပိုဆိုးသည်မှာ အရှေ့တည့်တည့်ရှိ လူမှာ လွမ်းဆွတ်တမ်းတနေခဲ့ရသူ ဖြစ်သော်လည်း အမှန်တကယ် မမြင်ရသည့်အချိန်ဖြစ်သည်။
ပထမဆုံးအနေဖြင့် မန်ဟို့၏ စိတ်ခံစားချက်များ တုန်ရီသွားသည်။ ခရမ်းပင်လယ်ကြီးတစ်လျှောက်လုံး တုန်ခါလှိုင်းများ ဖြတ်ပြေးသွား၏။ စောစောက ၎င်းသည် တည်ငြိမ်နေခဲ့သော်လည်း ယခုတော့ လှိုင်းလုံးကြီးများ အုံကြွလာလေပြီ။
ရှုချင်ကား ပင်လယ်ကို တွေတွေလေး ငေးကြည့်နေခဲ့သည်... တစ်နှစ်လုံးလုံးကြာသည်အထိ။
ထိုနှစ်အတောအတွင်း သူမသည် ထွက်မသွားဘဲ တောင်ကျွန်းတစ်ကျွန်းပေါ်တွင် နေနေခဲ့သည်။ နေ့တိုင်းနေ့တိုင်း ပင်လယ်ကို သူမ မျှော်ကြည့်တတ်သည်။ နေ့တိုင်းနေ့တိုင်း မန်ဟိုကလည်း သူမကို ပြန်ကြည့်တတ်သည်။
ထိုနှစ်အတွင်း မန်ဟိုသည် သူမ ဘယ်သူလဲ မှတ်မိရန်ကိုသာ မနားမနေ ကြိုးစားနေခဲ့၏။
ရှုချင်ကတော့ မသိသော်လည်း မန်ဟိုသည် သူမကို ဘယ်သူမှ အနှောင့်အယှက်မပေးအောင် ကျွန်းပတ်ဝန်းကျင်ကို မည်သည့်သက်ရှိအရာကိုမှ ခွင့်မပြုသော ဇုန်တစ်ဇုန် လုပ်လိုက်သည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ တစ်ယောက်မှ ထိုဧရိယာအတွင်းသို့ ခြေပင်မချနိုင်ပေ။
၎င်းသည် မန်ဟိုနှင့် ရှုချင်၏ နှစ်ယောက်တည်း တစ်ကမ္ဘာဖြစ်လာခဲ့သည်။
တစ်နှစ်ကြာသော် ရှုချင် လက်ဝယ်ရှိ ကျောက်စိမ်းပြားတစ်ပြား တောက်ပလာသည်။ ၎င်းမှာ ဆင့်ခေါ်စာဖြစ်ဟန်တူ၏။ အလင်းက ဆထက်တိုးရင်း တောက်ပလာရာ သူမမှာ ထရပ်လိုက်ရသည်။ သူမသည် ထွက်မသွားခင် ပင်လယ်ကြီးကို တိတ်ဆိတ်စွာ ကြည့်လိုက်၏။
သူမ ချာခနဲ လှည့်လိုက်သည့် အခိုက်အတန့်တွင် မျက်ရည်စက်တစ်စက်က သူမ၏မျက်ဝန်းထောင့်စွန်းလေးမှ လိမ့်ဆင်းလာကာ ပင်လယ်အတွင်း ကျဆင်းသွားလေသည်။
မျက်ရည်စက်က ပင်လယ်ရေနှင့် တစ်သားတည်းဖြစ်သွားသည်။
ချူယွီယန်က ဆေးလုံးတစ်လုံး ထားရစ်ခဲ့သည်။
ရှုချင်က မျက်ရည်တစ်စက် ချန်ရစ်ခဲ့သည်။
ဆေးလုံးက မန်ဟို့ကို တုန်ရီစေခဲ့သည်။ သို့သော မျက်ရည်စက်တော့ ပင်လယ်အတွင်းကျဆင်းလာပြီး အနောက်ပိုင်းသဲကန္တာရပင်လယ်ကြီးကို ဆူနာမီလှိုင်းကြီးများဖြင့် သောင်းကျန်းသွားစေလေပြီ။
"သူက ဘယ်သူလဲ...." မန်ဟို ကိုယ့်ကိုယ်ကို ပြန်မေးလိုက်သည်။ သူ သူ့ကိုယ်သူ ဤမေးခွန်းမေးလိုက်စဉ် ဆူနာမီလှိုင်းလုံးကြီးများမှာ ပို၍ပင် ကြောက်စရာကောင်းလာ၏။ ၎င်းတို့သည် အနောက်ပိုင်းသဲကန္တာရ ပင်လယ်ပြင်တစ်လျှောက် တဝုန်းဝုန်း ရိုက်ခတ်နေရာ အနက်ရောင်နယ်မြေကျင့်ကြံသူအားလုံးကို ထိတ်လန့်လာစေတော့သည်။
"ငါ ဘာလို့ ဒီလောက် နာကျင်နေရတာလဲ...."
"ငါ ဘာတွေ မေ့နေတာလဲ...."
"အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ...."
"အဲ့ဒီလူတွေက ဘယ်သူတွေလဲ..." မန်ဟို တစ်ယောက်တည်း ရေရွတ်နေစဉ် လေမုန်တိုင်းကြီးများ တိုက်ခတ်လာပြီး အလွန်ကြီးမားလှသော လှိုင်းကြီးများက ပင်လယ်ရေမျက်နှာပြင်ကို ရိုက်ခတ်နေတော့သည်။ တဝုန်းဝုန်း တဂျိန်းဂျိန်း ဆူညံပွက်လောရိုက်နေ၏။
သူ့ကိုယ်သူ ဤမေးခွန်းများ မေးရင်း မန်ဟိုက အသံမဲ့သော ဆောက်တည်ရာမဲ့ ဟိန်းဟောက်သံကြီးအား ထုတ်လွှတ်လိုက်၏။ မျက်ရည်စက် ကျလာစဉ် ပင်လယ်ရေမှာ ၎င်း၏အဝေးသို့ ဖယ်ခွာရင်း လမ်းတစ်လမ်း ဖန်တီးပေးလိုက်သည်။
မျက်ရည်စက်သည် အတားအဆီးမရှိ ကျဆင်းလာ၏။ ၎င်းမှာ ခရမ်းပင်လယ်ကြီး၏ အောက်ခြေသို့ လမ်းညွှန်ခံထားရသကဲ့သို့ပင်။ ၎င်းသည် အမှောင်ထုကို ဖြတ်ကျော်ရင်း မန်ဟို၏ တင်ပျဉ်ခွေထိုင်နေသော အလောင်းထံသို့ ဦးတည်လာသည်။
မျက်ရည်စက်က မန်ဟို့အနားရောက်လာပြီး သူ၏ သွေးမရှိသော ဖြူဖပ်ဖပ်နှုတ်ခမ်းအပေါ်သို့ သက်ဆင်း၏။ ထို့နောက် ၎င်းသည် သူ၏ပါးစပ်အတွင်း စိမ့်ဝင်လာကာ နက်ရှိုင်းလှသော ခါးသီးနာကျင်မှုဖြစ်လာသည်။
ခါးသက်သက်မျက်ရည်က မန်ဟို၏ပါးစပ်အတွင်း ပျံ့နှံ့သွားရာ သူ၏အလောင်းကို ရုတ်တရက် လှုပ်သွားစေ၏။ မယုံကြည်နိုင်ဖွယ်အရှိန်အဝါတစ်ခု သူထံမှ ဟုန်းခနဲ ပေါက်ကွဲထွက်လာလေသည်။
ထိုအခိုက်အတန့်တွင် ပင်လယ်ထက်ရှိ ဆူနာမီလှိုင်းလုံးကြီးများမှာ ပို၍ပင် ရပ်သပ်ရှုမောဖွယ် ကောင်းလာ၏။
အချိန်အကြာကြီး ကြာပြီးနောက်တွင်တော့ မန်ဟို၏မျက်လုံးများ.... ဖျတ်ခနဲ ပွင့်လာသည်။
သူမျက်လုံးဖွင့်လိုက်သောအခါ ဂျိန်းခနဲ သူ၏စိတ်ထဲတွင် ထစ်ချုန်းသွား၏။ မရေမတွက်နိုင်သော မှတ်ဉာဏ်များ၊ မရေမတွက်နိုင်သော ပုံရိပ်များ သူ၏စိတ်အတွင်းသို့ စီးဆင်းကာ သူ့အား ပြန်လည်ပြုပြင်တည်ဆောက်ပေးနေသည်။
"သေခြင်းက ဘဝရဲ့ နိဂုံးမဟုတ်ဘူး အစပဲ....ငါက မန်ဟို" အချိန်အတော်ကြာသော် သူသည် မှောင်မိုက်နေသော ပင်လယ်ကြမ်းပြင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သို့သော် သူ၏မျက်လုံးထဲတွင် အမှန်တကယ် မြင်ရသည်မှာ ပင်လယ်ရေပြင်ထက်က ကောင်းကင်ကြီးဖြစ်၏။
သူ နိုးလာပြီ ၊ သူ ဉာဏ်အလင်းပွင့်သွားလေပြီ။
ညဏ်အလင်းပွင့်သွားသော အခိုက်အတန့်တွင် မျက်ရည်ကျလာခဲ့သော အချိန်မှစ၍ ဆယ်နှစ်ကြာသွားခဲ့ပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ခရမ်းပင်လယ်ကြီးကို နားလည်အောင် စတင်ခဲ့သော အချိန်မှစပြီး မည်မျှကုန်သွားခဲ့ပြီးလဲ ဆိုလျှင်...... နှစ်တစ်ရာ့ငါးဆယ် ကြာခဲ့လေပြီ။
ထိုမျက်ရည်သာ ကျမလာခဲ့လျှင် မန်ဟို နိုးထလာမည်မဟုတ်။ မိစ္ဆာဝိညာဉ်ဘဝသို့ ဆက်လက်ကူးပြောင်းနေလိမ့်မည်။ နှစ်တစ်သောင်းကြာမှ သူနိုးထလာမည်ဖြစ်သည်။ ထိုသို့ဖြစ်ပျက်သောအခါ လောကကြီးတွင် ကျင့်ကြံသူတစ်ယောက် လျော့သွားလိမ့်မည်။ မိစ္ဆာချုပ်နှောင်သူအမွေအနှစ်လည်း ပျက်စီးသွားမည်။ တစ်ချိန်တည်းမှာပင် အင်အားကြီးမားသော မိစ္ဆာတစ်ကောင် ပေါ်ပေါက်လာမည်ဖြစ်လေသည်။
သူ နိုးလာသည်နှင့် ခရမ်းရောင်ပင်လယ်ရေပြင်ကြီးအပေါ်ရှိ လှိုင်းလုံးများ ငြိမ်ကျသွားသည်။ တစ္ဆေများလည်း အပေါ်ကမ္ဘာမှ ပျောက်ကွယ်ကာ ပင်လယ်ရေထဲ နစ်မြုပ်သွားကြလေသည်။
ခရမ်းရောင်ပင်လယ်ကြီးတစ်ခုလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေ၏။
ခရမ်းပင်လယ်ကြီး၏ အနက်ပိုင်းထဲတွင် မန်ဟို၏ အသက်စွမ်းအားသည် နောက်တစ်ဖန် တဟုန်းဟုန်း တောက်လောင်လာလေပြီ။ ရက်အနည်းငယ်ကြာသော် သူကား ယခင်အထွတ်အထိပ်အဆင့်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။ ယခင်ကဆိုလျှင် ထိုမျှ အားကောင်းသော အသက်စွမ်းအားက ခရမ်းပင်လယ်ထဲရှိ သုတ်သင်ခြင်းစိတ်ဆန္ဒကို လှုံ့ဆော်မိပေလိမ့်မည်။ ထိုအခါ သူ့မှာ အပြီးတိုင် သုတ်သင်ခံရမှာဖြစ်လေသည်။
သို့သော် ယခု၌ ခရမ်းပင်လယ်ကြီးက သူ့ကို ဖယ်ရှားရန် ဘာမှမလုပ်ပေ။
အဘယ်ကြောင့်ဆိုသော် မန်ဟိုသည် ခရမ်းပင်လယ်ဖြစ်ပြီး.... ခရမ်းပင်လယ်က မန်ဟို ဖြစ်နေသည့်အတွက်ပင်။
သူက ညာလက်ကို ဖြေးညင်းစွာ မြှောက်လိုက်သည်။ ခရမ်းပင်လယ်တစ်စင်းလုံး မီတာသုံးဆယ်တိတိ တိတ်ဆိတ်စွာ ကျုံ့သွား၏။
ကြီးမားကျယ်ပြောသော အနောက်ပိုင်းသဲကန္တာရခရမ်းပင်လယ်ကြီးက မီတာသုံးဆယ် ကျုံ့သွားသဖြင့် တောင်ကျွန်းများ ပိုမို မြင်သာလာသည်။
ဤအဖြစ်အပျက်က အနက်ရောင်နယ်မြေရှိ ကျင့်ကြံသူ အလုံးစုံကို တုန်လှုပ်သွားစေတော့သည်။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စစ်ဆေးကြည့်ရှုရန် ရောက်လာကြ၏။ သို့သော် ဘယ်သူမှ ဘာကြောင့် ရုတ်တရက်ကြီး မီတာသုံးဆယ်ကျုံ့သွားခဲ့သည်လဲ သိလည်း မသိသလို၊ ခန့်လည်း မခန့်မှန်းနိုင်ပေ။
တကယ့်အကြောင်းရင်းမှာ ထိုအတိုင်းအတာက မန်ဟို့လက်ခုံပေါ်တွင် ရေဆိုသော ခရမ်းရောင်စာလုံး ဖော်ဆောင်ရန် လိုအပ်သော ပင်လယ်ရေပမာဏဖြစ်၍ပင်။
ဤအမှတ်အသားသည် မန်ဟို ခရမ်းရောင်ပင်လယ်၏ သေခြင်းစွမ်းအားကို ထိန်းချုပ်နိုင်ကြောင်း သက်သေပြနေ၏။ ယင်းကား... သူ၏ ရေဓာတ်အရုပ်ဆေးမင်ကြောင်ပင်။
မန်ဟိုက ၎င်းကို ငုံ့ကြည့်ရင်း လက်အား ဝှေ့ယမ်းလိုက်ရာ သူ့ကို ဝန်းရံနေသည့် ပင်လယ်ရေများကို ကွဲသွားစေပြီး မီတာသုံးရာအကျယ်လမ်းတစ်လမ်း ဖန်တီးလိုက်သည်။ ထိုလမ်းထဲတွင် ရေတစ်စက်မှမရှိ။
တစ်ချိန်တည်းမှာပင် သူ၏လက်ခလယ်အပေါ်တွင် အနီရောင်အလင်း ဖျတ်ခနဲ လက်သွား၏။ ဤအလင်းရောင်သည် မှော်ဆန်ဆန် ပေါ်လာနေသော သွေးအရုပ်၏ အသက်စွမ်းအားကို ကိုယ်စားပြုချေသည်။
မန်ဟို၏ ထိန်းချုပ်မှုအောက်တွင် သွေးအရုပ်၏ သရဲပုံရိပ်တစ်ခု ညာလက်ခုံပေါ်တွင် တဖြည်းဖြည်း ပေါ်လာသည်။ ၎င်းသည် သေခြင်းကို ကိုယ်စားပြုသော ခရမ်းပင်လယ်အရုပ်နှင့် တစတစ ပေါင်းစည်းသွား၏။
၎င်းတို့ ပေါင်းစည်းနေစဉ် သရဲပုံရိပ်များ ပေါ်ပေါက်လာကာ မန်ဟို့တစ်ကိုယ်လုံး ရုတ်တရက် တုန်ရီသွားသည်။
"သွေးက ရှင်သန်ခြင်းကို ကိုယ်စားပြုတယ်
"ခရမ်းပင်လယ်က သေဆုံးခြင်းကို ကိုယ်စားပြုတယ်
"ရှင်ခြင်းနဲ့သေခြင်း ထိတိုက်တဲ့အခါ သုတ်သင်ခြင်း ဖြစ်ပေါ်တယ်။ ရှင်ခြင်းနဲ့သေခြင်း ပေါင်းစည်းတဲ့အခါ သက်ရှိအားလုံးရဲ့ အရင်းအမြစ်ဖြစ်လာတယ်... ဒါက ငါရဲ့ ငါးခုမြောက် ရေဓာတ်ပဲ
"ရေက ရှင်ခြင်းကို ကိုယ်စားပြုသလို သေခြင်းကိုလည်း ကိုယ်စားပြုတယ်။ သူဟာ သုတ်သင်ခြင်းရဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်သလို အသက်အရင်းအမြစ်လည်း ဖြစ်တယ်
"ငါ့ရဲ့ ရေဓာတ်အရုပ်က ပထမဆုံး အနုသုမရုပ်ခန္ဓာကို ဖော်ဆောင်ပေးလိမ့်မယ်။ အရောင်ဟာ ခရမ်းရောင်နဲ့ သွေးရောင် ပေါင်းစည်းထားတဲ့အရောင်... ငါရဲ့ ငါးခုမြောက်ဓာတ် ရေ ... သွေးခရမ်းရောင်အနုသုခုမရုပ်ခန္ဓာ" သူ ညာလက်ကို လက်သီးဆုပ်လိုက်စဉ် သူ၏မျက်လုံးများ၌ ထူဆန်းသော အလင်းရောင်တစ်ခု ရုတ်တရက် တောက်ပသွား၏။ ရေအရုပ်ဆေးမင်ကြောင် ပျောက်ကွယ်သွားလေသည်။ ၎င်းသည် လွင့်စင်ပျက်ပြယ်သွားခြင်းမဟုတ်ဘဲ မန်ဟို၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ကာ ပြီးပြည့်စုံသော ရွှေအမြုတေအပေါ် ခတ်နှိပ်လိုက်ခြင်းဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် မန်ဟို၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပသွား၏။ ဤအခိုက်အတန်တွင် သူကား ရုတ်တရက် ကျင့်ကြံသူတစ်ယောက်နှင့် မတူတော့ဘဲ ဆေးဝါးပညာရှင်ပမာ ဖြစ်သွားလေပြီ။
ဤအခိုက်အတန့်တွင် သူကား မဟာအကြီးအကဲ ဆေးဒယ်အိုး ဖြစ်လေ၏။
"ငါရဲ့ ခန္ဓာကိုယ်က ဆေးပေါင်းဖို...." သူက ထပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏သွေးသည် လျင်မြန်စွာ စီးဆင်းလည်ပတ်လာ၏။ သူ၏ အသားတို့က တဖျဉ်းဖျဉ်း တုန်လာပြီး သူသည် ကောင်းကင်နှင့်မြေကြီး၏ ဆေးပေါင်းဖိုကြီးတစ်လုံး အမှန်တကယ် ဖြစ်သွားသယောင်ပင်။
သူ့ကိုယ်တွင်းတွင် မီးတောက်အစား... အသက်စွမ်းအားက လောင်မြိုက်နေ၏ ။
ဆေးဝါးပညာကို သုံးရင်း ….. သူ၏ကိုယ်ပိုင် ငါးရောင်အနုသုခုမရုပ်ခန္ဓာကိုယ် ဖန်တီးပေမည်။
"ငါ့နှလုံးသားက ဆေးဖော်နည်း" သူက ဒူးနှစ်ဖက်ပေါ် လက်တင်ရင်း မျက်လုံးများ မှိတ်လိုက်သည်။ သူ၏နှလုံးသားထဲဝယ် ယခင်က ဘယ်တော့မှ မသုံးခဲ့ဖူးသော၊ သို့မဟုတ် နောင်လည်း ဘယ်သူမှ သုံးလောက်မည်မဟုတ်သော ကျင့်ကြံအဆင့်မြှင့်နည်းတစ်ခု ကိန်းအောင်းနေ၏။ ထိုသို့ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာကို ဖန်တီးရန် နည်းလမ်းအစစ်အမှန်အား ဘယ်သူမှမပြောပြခဲ့ဖူးပေ။
ဤသည်မှာ မန်ဟို၏ ကိုယ်ပိုင် ဆေးဖော်နည်း ဖြစ်၏။
"ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာတစ်ခုကို ဖော်စပ်မယ်။ ပထမအဆင့်က အနုသုခုမရုပ်ခန္ဓာငါးခု ပြုလုပ်ရမှာပဲ" မန်ဟိုသည် ဆေးဖော်နည်းများ အသုံးပြုရင်း သူ၏ခန္ဓာကိုယ်ကို စတင်သန့်စင်လိုက်သဖြင့် ထစ်ချုန်းသံကြီး ကိုယ်ထဲတွင် မြည်ဟည်းသွား၏။
ရေအရုပ်ကို သူ၏ပြီးပြည့်စုံသော ရွှေအမြုတေအပေါ် ခတ်နှိပ်ပေါင်းစည်းပြီးနောက်တွင် မန်ဟိုသည် အနုသုခုမရုပ်ခန္ဓာဖော်စပ်ရန်အတွက် သူ၏ခန္ဓာကိုယ်ကို ဆေးပေါင်းဖို၊ သူ၏နှလုံးသားကို ဆေးဖော်နည်းအဖြစ် အသုံးပြုတော့သည်။
ဤသည်မှာ မန်ဟို့မတိုင်ခင်က ကျင့်ကြံခြင်းလောကတွင် တစ်ခါမှ မပေါ်ပေါက်လာခဲ့ဖူးသော အရာပင်။ ၎င်းသည် သူ၏ ကိုယ်ပိုင်လမ်းစဉ် ၊ သူ၏ ကိုယ်ပိုင် ကျင့်စဉ် ဖြစ်လေ၏။ ၎င်းသည် ပြီးပြည့်စုံခြင်း၏အထွတ်အထိပ်ကို ရောက်ရှိစေမည့် လမ်းကြောင်းတစ်ခုဖြစ်လေသည်။
အချိန်များ ကုန်လွန်သွား၏။ ရုတ်တရက် သူ၏ပြီးပြည့်စုံသောအမြုတေမှ တထက်ထက် အက်သံများ ကြားလာရသည်။ အက်ကြောင်းမှ ထလာ၏။ အချိန်အနည်းငယ်ကြာသော် သူ၏ပြီးပြည့်စုံသော ရွှေအမြုတေမှာ ရုတ်တရက် ပေါက်ကွဲပြီး ကမ္ဘာဦးချီဝဲကြီးတစ်ခု ဖြစ်လာလေသည်။
ရုတ်တရက် သွေးခရမ်းရောင်အလင်းအား မြင်ရလေပြီ။
***