ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာ
Vol. 38 Ch. 522
ချီဝဲအတွင်းတွင် မန်ဟို၏ ခန္ဓာကိုယ်သည် သွေးခရမ်းရောင် အလင်းကို ထုတ်လွှတ်လျက်ရှိပြီး အလင်းရောင်က ဝဲ၏ အပြင်ဘက်သို့ ဖြာထွက်လာကာ မကြာမီ ခပ်ရေးရေးကောက်ကြောင်း တစ်ခု မြင်သာလာ၏။
ကောက်ကြောင်း၏ ပုံသဏ္ဌာန်သည် လူးလွန့်နေ၏။ ခရမ်းပင်လယ်ကြီးသည်လည်း မန်ဟို၏ ပတ်ပတ်လည်တွင် တဝုန်းဝုန်း အုံကြွရင်း ဝဲကြီးတစ်ခုဖြစ်လာသည်။ တဝေါဝေါ မြည်သံများ လေတွင် ပြည့်နှက်နေ၏။
ခရမ်းပင်လယ်ပေါ်သို့ ရောက်နေသော ကျင့်ကြံသူအားလုံးမှာ မည်သည့်နေရာသို့ ရောက်နေစေကာမူ ချက်ချင်းပင် အံ့ဩမှင်သက်သွားကြလေသည်။ သူတို့မှာ မည်သည့်အတွက်ကြောင့် ဤသို့ ဖြစ်နေရသည်လဲ ခန့်ပင်မခန့်မှန်းနိုင်သဖြင့် အံ့ဩတုန်လှုပ်နေကြတော့သည်။
မန်ဟို၏ မျက်လုံးသည် လောလောဆယ်တွင် ပိတ်နေ၏။ သွေးခရမ်းရောင်အလင်းမှာ အရောင်အဝါ တောက်ပစွာ ဖြာထွက်နေသည်။ ကောက်ကြောင်းအား ရောယှက်လိမ်ဖယ်လျက် ဖန်တီးပေးနေသော အလင်းတန်းများ ပိုပို၍ ထင်ရှားပြတ်သားလာသည်။
ကောက်ကြောင်းကား အံ့ဩဖွယ်ကောင်းစွာနှင့် လူသေးသေးလေး တစ်ယောက်၏ ပုံစံ ဖြစ်လာလေသည်။
ဤလူလေးသည် အလွန့်အလွန် သေးငယ်လှသည်က လွဲ၍ မန်ဟိုနှင့် တစ်ထေရာတည်း တူ၏။ ၎င်းကား ခုနစ်လက်မခန့်သာ ရှိလေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ထိုးဖောက်မြင်ရပြီး သွေးခရမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ မယုံကြည်နိုင်ဖွယ် အရှိန်အဝါတစ်ခုကိုလည်း တွေ့ရှိနိုင်၏။
ဤ အရှိန်အဝါ၏ပြင်းအားသည် သာမန် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်သည်ထက် အဆပေါင်းများစွာ သာလွန်၏။ ဂိုဏ်းကြီးများမှ အနာအဆာမဲ့ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများပင် မယှဉ်နိုင်ပေ။
ပေါ်လာလျှင်ချင်း အနုသုခုမရုပ်ခန္ဓာမှာ တွေဝေနေသယောင် ရှိသည်။ သို့သော် ၎င်းသည် လျင်မြန်စွာ အသိစိတ်၀င်လာပြီး ခြေဆန့်လက်ဆန့်လိုက်၏။ ရုတ်တရက် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံ စွမ်းအားကား သူ့ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲထွက်လာသဖြင့် မန်ဟို ရင်တဒိန်းဒိန်း ခုန်လာတော့သည်။
မဟူရာဂိတ်တံတိုင်းကြီးမှာတုန်းက သူသည် ယခုကဲ့သို့ စွမ်းအားမျိုးအား ယာယီ ပိုင်ဆိုင်ခဲ့သော်လည်း မတည်ငြိမ်သော ကျင့်ကြံခြင်းအခြေခံသာ ဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းသည် ခိုင်မာပြီး သူ၏အပိုင် ဖြစ်လာလေပြီ။
ထိုမျှသာမက ဤအရာမှာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်တွင်သာ ဖြစ်သေးသော်လည်း အရှိန်အဝါကတော့ ထို့ထက်ပို၍ အားကောင်း၏။
ဤသည်မှာ သွေးခရမ်းရောင် အနုသုခုမရုပ်ခန္ဓာတစ်ခု ဖြစ်သည်။
အနုသုခမရုပ်ခန္ဓာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် မန်ဟို၏ ခန္ဓာကိုယ်မှ ပျံထွက်ကာ သူ့အရှေ့တွင် မျောလွင့်နေ၏။ ၎င်းသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် လေလယ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ကောင်းကင်ထိတိုင် ဖြာထွက်နေသော သွေးခရမ်းရောင်အလင်းကို ထုတ်လွှတ်နေလေသည်။
တောင်ကောင်းကင်ဂြိုလ်၏ ကျင့်ကြံခြင်းလောကတွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် အနုသုခုမရုပ်ခန္ဓာတစ်ခုတည်းကိုသာ ထုတ်လုပ်နိုင်၏။ ထိုအနုသုခုမရုပ်ခန္ဓာသည် သူတို့ကျင့်စဉ်လမ်း၏ အချက်အချာ ဖြစ်လာလေသည်။
အလွန့်အလွန် အားကောင်းသော ကျင့်ကြံသူများသာလျှင် အထူးနည်းလမ်းများ၊ အထူးကျင့်စဉ်များ ပိုင်ဆိုင်ခြင်းကြောင့်သော်လည်းကောင်း၊ အထူးကျင့်ကြံခြင်းအခြေခံများ ပိုင်ဆိုင်ခြင်းကြောင့် သော်လည်းကောင်း အနုသုခုမရုပ်ခန္ဓာ တစ်ခုတည်းနှင့် မလုံလောက်လေရာ ဒုတိယအနုသုခုမရုပ်ခန္ဓာကို သန့်စင်ဖန်တီးလေ့ရှိကြ၏။
ထိုကဲ့သို့ လူများမှာ အစွမ်းထက်ဆုံးများထဲက အစွမ်းထက်ဆုံး ဖြစ်လေသည်။ တစ်ဦးတစ်ယောက်ချင်းစီက သမိုင်းကြောင်းပေါ်က အထင်ကရ ပုဂ္ဂိုလ်များ ဖြစ်ကြလေ၏။
ဤ အခိုက်အတန့်တွင် မန်ဟိုသည် ထို လမ်းကြောင်းပေါ်သို့ ပထမဦးဆုံး ခြေချလိုက်လေပြီ။
သွေးခရမ်းရောင် အနုသုခုမရုပ်ခန္ဓာ၏ ပုံပန်းသွင်ပြင်က မန်ဟို့မျက်လုံးများထဲတွင် အနီရောင်အလင်းအား ရုတ်တရက် ပေါ်ပေါက်လာစေသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် မျက်လုံးများ ပိတ်လိုက်၏။ ယခုတွင် သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေသည် လုံးလုံးလျားလျား ကြေမွသွားပြီး အဆက်မပြတ် လည်၍ ကမ္ဘာဦးအစ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသော ဝဲကြီးတစ်ခု ဖြစ်လာခဲ့လေပြီ။
ရုတ်တရက် မန်ဟို၏ သတ္တုအရုပ်ဆေးမင်ကြောင်က လင်းခနဲ လက်သွားပြီး တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာ၏။ ၎င်းက သူ၏ ခန္ဓာကိုယ်အတွင်း စိမ့်၀င်ပြီးနောက် ကမ္ဘာဦးဝဲအတွင်း ၀င်ရောက်ပေါင်းစည်းလိုက်သော ရွှေရောင်အလင်းတန်း ဖြစ်လာသည်။
" ရွှေကျီးကန်းရဲ့ စိတ်ဝိညာဉ်ဆီက သတ္တုဓာတ်စွမ်းအား…. ချိုးဖျက်လို့မရတဲ့ သတ္တု " မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ " ဆေးဖော်နည်းတွေကို သုံးပြီး ဒါနဲ့ မန်ဟို့ရဲ့ ဒုတိယ အနုသုခုမရုပ်ခန္ဓာကို ဖော်စပ်မယ် " သူသည် ခန္ဓာကိုယ်ကို ဆေးပေါင်းဖို၊ နှလုံးသားကို ဆေးဖော်နည်းအဖြစ် အသုံးပြုရင်း အနုသုခုမရုပ်ခန္ဓာတစ်ခုကို စတင်ဖော်စပ်ပြန်တော့သည်။
အချိန်အနည်းငယ်ကြာသော် သူ၏ခန္ဓာကိုယ်မှ ဂျိန်းခနဲ အသံကြီး မြည်ဟည်းသွား၏။ ကံကောင်းထောက်မစွာဖြင့် မန်ဟိုသည် ပင်လယ်ကြမ်းပြင်တွင် ဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် အသံကား အဝေးအထိ ပဲ့တင်ရိုက်သွားပေလိမ့်မည်။ သို့ထိတိုင် ၎င်းက လှိုင်းလုံးကြီးများအား အဘက်ဘက်သို့ ရိုက်ခတ်သွားစေသေး၏။
တစ်ချိန်တည်းမှာပင် မန်ဟို့ကိုယ်ထဲရှိ ကမ္ဘာဦးဝဲမှ ရွှေအလင်းရောင်သည် သူ၏ အရေပြားကို ထိုးဖောက်၍ ဖြာထွက်လာလေရာ သူ့အား ရွှေရုပ်ထုကြီးပမာ ဖြစ်သွားစေတော့သည်။
ထို့နောက် ထို ရွှေအလင်းရောင်အတွင်းတွင် ကောက်ကြောင်းတစ်ခု ထင်ရှားမြင်သာလာ၏။ ၎င်းမှာ ထင်ရှားသထက် ထင်ရှားလာပြီး နောက်ဆုံးတွင် သွေးအလင်းရောင် အနုသုခုမရုပ်ခန္ဓာနှင့် တစ်ထေရာတည်းတူသော လူသေးသေးလေးတစ်ယောက် ဖြစ်ပေါ်လာပြန်သည်။
၎င်းသည် ခုနစ်လက်မ အမြင့်ရှိပြီး ၎င်း၏ မျက်နှာပေါ်တွင် တွေတွေဝေဝေ ဖြစ်နေသော အမူအရာရှိ၏။ ဤ ဒုတိယအနုသုခုမရုပ်ခန္ဓာကား ရွှေအလင်းရောင်ကို ထုတ်လွှတ်နေသည်မှလွဲ၍ သွေးခရမ်းရောင် အနုသုခုမရုပ်ခန္ဓာနှင့် ချွတ်စွပ်တူလေသည်။
၎င်း၏ ပုံပန်းသွင်ပြင်က မြင့်မြတ်တည်ကြည်သောသဘောကို ဆောင်သည်။ အသက်ရှိုက်စာ အနည်းငယ်ကြာသော် ဤရွှေပုံရိပ် သေးသေးလေး၏ မျက်လုံးများက ဖျပ်ခနဲ ရှင်းလင်းပြတ်သားသွား၏။ ၎င်းက ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ရာ ရွှေအလင်းရောင်ကို မယုံကြည်နိုင်ဖွယ် စွမ်းအားနှင့်အတူ ပေါက်ကွဲထွက်သွားစေသည်။ မန်ဟို့၏ ကျင့်ကြံခြင်း အခြေခံမှာ စွမ်းအားလှိုင်းလုံးကြီးများဖြင့် တဟုန်ထိုး မြင့်တက်သွား၏။
သူ၏ ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ထိုးတက်သွားကာ အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်မှ ခြေလှမ်းလေး တစ်လှမ်းသာ ကွာဝေးတော့လေသည်။
ဤရွှေရောင်ပုံရိပ်သေးသေးလေးက မန်ဟို့ အနုသုခုမရုပ်ခန္ဓာများအနက် ဒုတိယ ဓာတ်ပါးငါးသတ္တုအနုသုခုမရုပ်ခန္ဓာဖြစ်လေ၏။
ဤအနုသုခုမရုပ်ခန္ဓာသည် လှစ်ခနဲ မန်ဟို့ကိုယ်အတွင်းမှ ထွက်လာသည်။ ၎င်းသည် သွေးခရမ်းရောင်အနီးသို့ ပျံထွက်သွားသော်လည်း မတူညီသောနေရာသို့ ဦးတည်ကာ တုံ့ခနဲ ရပ်ပြီး ပထမဆုံး အနုသုခုမရုပ်ခန္ဓာကို မျက်နှာမူလိုက်၏။
မယုံကြည်နိုင်ဖွယ်အရှိန်အဝါတစ်ခုက အဘက်ဘက်သို့ ရိုက်ခတ်သွားသည်။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် အရှိန်အဟုန်ဖြင့် တရိပ်ရိပ် ထိုးတတ်လာ၏။ နဖူးအပေါ်ရှိ သစ်သားအရုပ်ဆေးမင်ကြောင် မှေးမှိန်ပျောက်ကွယ်လာစဉ် မန်ဟိုက မျက်လုံးများ ပိတ်၍ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"သတ္တုနဲ့ရေကို အနုသုခုမရုပ်ခန္ဓာတွေအဖြစ် ဖော်စပ်ပြီးပြီ" သူက တစ်ယောက်တည်း ရေရွတ်နေ၏။ "အခုက သစ်သားအတွက် အချိန်ကျပြီ.... နဝမပင်လယ်ရဲ့ သစ်စိမ်းပင်ကြီးက ငါ့ရဲ့ တတိယအနုသုခုမရုပ်ခန္ဓာဖြစ်လာမယ်.... သစ်သားအနုသုခုမရုပ်ခန္ဓာ။ ဒီအနုသုခုမရုပ်ခန္ဓာနဲ့ဆိုရင် ငါ့ရဲ့ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာလမ်းစဉ် ပြီးမြောက်ခါနီးပြီ" မန်ဟိုသည် စိတ်နှလုံးကို သူ့ကိုယ်ထဲရှိ ချီဝဲအပေါ်တွင် အပြည့်အဝ အာရုံစိုက်ထား၏။ သူကား စိတ်ဝိညာဉ်အာရုံကို လက်နှစ်ဖက်အဖြစ် အသုံးချရင်း အနုသုခုမရုပ်ခန္ဓာကို စတင်ဖော်စပ်လေတော့သည်။
တခဏသာ ကြာလိုက်သည်၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာဦးချီဝဲကြီးမှာ အစိမ်းရောင် တောက်လာလေပြီ။
လျှပ်ပန်းလျှပ်နွယ်များ ၎င်းအတွင်း၌ ကခုန်နေ၏။ အသက်ရှိနေပုံရသော တဂျိန်းဂျိန်း ထစ်ချုန်းသံကြီးများ ရိုက်ညောင်းနေသည်။ ၎င်းသည် ဝေနေယျသက်ရှိအားလုံး၏ မူလအစမှ အရင်းခံပုံရသော အသက်စွမ်းအားဖြစ်လာလေပြီ။ တစ်ချိန်တည်းမှာပင်.... အစိမ်းရောင်အလင်းတန်းက ကမ္ဘာဦးချီဝဲအတွင်းမှ ထိုးထွက်လာ၏။
အလင်းတန်းသည် လည်ပြီးရင်း လည်ရင်း ခြေနှစ်ချောင်း၊ လက်နှစ်ဖက်နှင့် ခေါင်းတစ်လုံး ကောက်ကြောင်းတစ်ခု ပေါ်လာသည်။ ထို့နောက် မျက်နှာအင်္ဂါရပ်များ ထွက်လာ၏။ မျက်လုံးနှစ်လုံးက ဖျတ်ခနဲ ပွင့်သွားပြီး စူးရှသော အစိမ်းရောင်အလင်းဖြင့် တောက်ပလာလေသည်။
မန်ဟို၏ သစ်သားအနုသုခုမရုပ်ခန္ဓာကား ပေါ်လာခဲ့လေပြီ။
သစ်သားအနုသုခုမရုပ်ခန္ဓာ ပေါ်ပေါက်လာသည့်အခိုက်အတန့်တွင် မန်ဟို၏ ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်မှ တဟုန်ထိုးတက်ပြီး အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်သို့ အောင်အောင်မြင်မြင် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
အနုသုခုမရုပ်ခန္ဓာသုံးခု။ အပြင်လူတစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်လိုက်လျှင် မျက်လုံးပြူးသွားပေလိမ့်မည်။ ရှေးခေတ်မှ ယနေ့ခတ်တိုင်အောင် အနုသုခုမရုပ်ခန္ဓာသုံးခုရှိသော ကျင့်ကြံသူများမှာ ဖီးနစ်ငှက်မွှေး၊ ချီလင်ချိုပမာ ရှားပါးလေသည်။ ဆယ်ယောက်သာ ထိုသို့ လုပ်နိုင်ခဲ့ပြီး ယင်းက ပြီးခဲ့သည့်နှစ်တစ်သောင်းအလွန်က ဖြစ်လေသည်။
ယခုအချိန်တွင် မန်ဟိုကား သုံးခုမြောက် အနုသုခုမရုပ်ခန္ဓာကို အောင်အောင်မြင်မြင် ဖန်တီးခဲ့ပြီးလေပြီ။ သို့သော် ... ငါးရောင်ခြယ် အနုသုခုမရုပ်ခန္ဓာ ဖော်စပ်ခြင်းလမ်းစဉ်အတိုင်းဆိုလျှင် ပထမဆုံးအဆင့်ပင် မပြီးမြောက်သေးပေ။ ဤအခြင်းအရာအရ မန်ဟို၏ အနုသုခုမရုပ်ခန္ဓာဖော်စပ်နည်းမှာ အမှန်တကယ် အဆန်းသစ်ဆုံးဖြစ်ကြောင်း မြင်နိုင်လေသည်။
ဓာတ်ငါးပါးအရုပ်ဆေးမင်ကြောင်များမှလွဲ၍ ဤအရာအားလုံးမှာ သူ၏ ဆေးဝါးတာအို၏အကြီးအကဲအဆင့်အတန်းကြောင့်ဖြစ်သည်။ ထိုအဆင့်အတန်းမျိုးနှင့်သာ အနုသုခုမရုပ်ခန္ဓာတစ်ခုကို ဖော်စပ်ရန် ဆေးဖော်နည်းအား အသုံးပြုနိုင်သည့်အရည်အချင်းရှိနိုင်၏။
အရေးအကြီးဆုံးမှာ... မန်ဟို၏ အခြေခံပင်။ သူကား စဦးချီဖွဲ့စည်းမှုမဟာစက်ဝန်းသို့ ရောက်ရှိခဲ့သည်။ ပြီးပြည့်စုံသော ရွှေအမြုတေ၏မဟာစက်ဝန်းကို ပြီးမြောက်ခဲ့သည်။ ထိုကဲ့သို့ အခြေခံတစ်ခုဖြင့် သူသည် တောင်ကောင်းကင်ဂြိုဟ်တစ်ခွင် တုနှိုင်းမရှိအောင် ပြိုင်ဘက်ကင်းလေ၏။
ထိုကဲ့သို့ အခြေခံသည် ကမ္ဘာဦးဝဲတစ်ခု သူ၏ကိုယ်ထဲတွင် လည်နေသော အကြောင်းရင်းလည်း ဖြစ်သည်။ ၎င်းက သူ အနုသုခုမရုပ်ခန္ဓာတစ်ခုပြီးတစ်ခု ဖော်စပ်နေသည်ကို အားဖြည့်ပေးနေ၏။ ဤအခြေအနေတွင် ထိုကဲ့သို့ အခြေခံမျိုးမရှိသူတစ်ယောက်ဆိုလျှင် ယခုလို လုပ်နိုင်မည်မဟုတ်ပေ။
သူသည် ယခုတွင် တောင်ကောင်းကင်ဂြိုဟ်၏ သမိုင်းကြောင်းတစ်လျှောက်လုံးရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်လက်တစ်ဆုပ်မျှသာ ဝင်ရောက်နိုင်ခဲ့သော နေရာတစ်ခုသို့ ဝင်ရောက်ပေတော့မည်။ မရေမတွက်နိုင်သော နှစ်ထောင်ချီတစ်လျှောက်လုံး အဆုံးမဲ့ရွေးချယ်ခံများနှင့် သူရဲကောင်းများအကြားတွင် ဤသည်မှာ လူများပိုင်ဆိုင်ထားဖူးသမျှထဲ အများဆုံးအနုသုခုမရုပ်ခန္ဓာဖြစ်၏။
အနုသုခုမရုပ်ခန္ဓာလေးခု။
အသင်္ချေသောနှစ်များတစ်လျှောက် လူသုံးယောက်သာ အနုသုခုမရုပ်ခန္ဓာလေးခု ပိုင်ဆိုင်ဖူးသည်။
ယခုတွင် ထိုအရေအတွက်ကား လေးခုထက် ကျော်လွန်ပေတော့မည်။
"ငါ့ရဲ့ ထာဝရဆေးဝါးတာအိုနဲ့ ငါ့ရဲ့ အမြဲ လောင်ကျွမ်းနေတဲ့ နှလုံးသားလို" မန်ဟိုက ခပ်တိုးတိုး ရေရွတ်သည်။ "အရှေ့ဆေးဝါးထာဝရမီးတောက်။ ငါ ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်ငါးပါးမီးတောက်ကို ဖော်ဆောင်မယ်။ ဒီမီးတောက်က ငါ့ရဲ့တာအိုနဲ့ ငါ့ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ဆန္ဒကို ကိုယ်စားပြုတယ်
"ဒီမီးတောက်ကို ငါ့ရဲ့ လေးခုမြောက် အနုသုခုမရုပ်ခန္ဓာ ဖော်စပ်ဖို့ အသုံးပြုမယ် ။ မီးအနုသုခုမရုပ်ခန္ဓာ" သူ၏အသံသည် တိုးညှင်းသော်လည်း သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် မယိမ်းယိုင်သော ခိုင်မာပြတ်သားမှုနှင် ပြည့်နှက်နေသည်။ သူ စကားပြောလိုက်သော တစ်ချိန်တည်းမှာပင် သစ်သားအနုသုခုမရုပ်ခန္ဓာက ပျံထွက်လာပြီး ရေနှင့်သတ္တုအနုသုခုမရုပ်ခန္ဓာနှင့်အတူ လေလယ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။
ရုတ်တရက် မန်ဟို၏ မီးအရုပ်ဆေးမင်ကြောင်မှ အဝါရောင်အလင်းကား တဖြေးဖြေး ပျောက်ကွယ်လာသည်။ ၎င်းလည်း ကမ္ဘာဦးဝဲအတွင်း ဝင်ရောက်ပေါင်းစည်းသွားလေပြီ။
မီးပင်လယ်တစ်စင်းသည် ကမ္ဘာဦးချီဝဲကြီးကို လွှမ်းခြုံရင်း မန်ဟို၏ကိုယ်အတွင်း၌ ပေါ်ပေါက်လာသည်။ ၎င်းက သူ၏ကိုယ်အတွင်းမှ ဖြာထွက်ကာ တစ်နေရာလုံးတွင် နေရာယူလာသည်။
သူသည် မီးပင်လယ်တစ်စင်း၏ ဝန်းရံခြင်းခံလိုက်ရပြီဖြစ်၏။ မီးတောက်မီးညွန့်များအထဲတွင် ချီဝဲကြီးလည်နေရာမှ မီးတန်းတစ်တန်း ထွက်လာသည်။ ၎င်းသည် ခုနစ်လက်မအရွယ် လူသေးသေးလေး လျင်မြန်စွာ ဖြစ်သွားသည်။ ဤသည်မှာ မန်ဟို၏ ဓာတ်ငါးပါး မီးအနုသုခုမရုပ်ခန္ဓာဖြစ်လေ၏။
၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မီးတောက်များ ငြိမ်ကျသွားပြီး မန်ဟို့ကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ မီးအနုသုခုမရုပ်ခန္ဓာ၏ခန္ဓာကိုယ်ပေါ်တွင် စုစည်းလေသည်။ ဤအခိုက်အတန့်တွင် အနုသုခုမရုပ်ခန္ဓာ၏ မျက်လုံးများ ပွင့်လာ၏။
ထိုသို့ဖြစ်ပျက်သောအခါ မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်သို့ ရောက်သည့်တိုင်အောင် တဟုန်ထိုး တက်သွားလေပြီ။
မဟူရာဂိတ်တံတိုင်းကြီးအရှေ့၌ ဓာတ်ငါးပါးကို ပထမဆုံးပေါင်းစည်းခဲ့တုန်းက သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ မြင့်တက်သွားခဲ့၏။ ယခုတွင် အနုသုခုမရုပ်ခန္ဓာလေးခုသာ ရှိသေးသည် ၊ သူကား ဓာတ်ငါးပါးကို ပထမဆုံးပေါင်းစည်းခဲ့စဉ်တုန်းနှင့် တူညီသောအဆင့်သို့ ရောက်နေလေပြီ။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏မျက်လုံးများ လင်းလက်တောက်ပနေစဉ် မီးအနုသုခုမရုပ်ခန္ဓာသည် အနုသုခုမရုပ်ခန္ဓာသုံးခုနှင့်အတူ သူ၏ခေါင်းအနားတွင် ပျံဝဲနေ၏။ ၎င်းတို့က လေးဘက်မန္တန်အစီအရင်တစ်ခုကို ဖော်ဆောင်လိုက်လေသည်။။
မန္တန်အစီအရင်၏ ဗဟိုချက်ကား မန်ဟိုမှတစ်ပါး အခြားမဟုတ်။
"နှင်းမြေမိစ္ဆာဧကရာဇ်ရဲ့ စွမ်းအားအဆီအနှစ်က ကမ္ဘာဦးအစမတိုင်ခင်ကတည်းက တည်ရှိခဲ့တဲ့ နှင်းမြေကြီးပဲ။ အဲ့ဒီအဆီအနှစ်က...ငါ့ရဲ့ ငါးခုမြောက် အနုသုခုမရုပ်ခန္ဓာကို ဖန်တီးပေးလိမ့်မယ်။ မြေအနုသုခုမရုပ်ခန္ဓာ" သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ ထို့နောက် ယုံကြည်ချက်အပြည့်ဖြင့် မျက်လုံးများ ထပ်ပိတ်လိုက်သည်။ သူ၏နောက်ဆုံးအရုပ်ဆေးမင်ကြောင် ပျောက်ကွယ်သွားပြီး သူ့ကိုယ်အတွင်းရှိ ချီဝဲနှင့် တစ်သားတည်းဖြစ်သွားသည်။
အချိန်များ ကုန်လွန်သွားသည်။ အတန်ကြာသော် အရိုးခိုက်မတတ် အေးစိမ့်လှသော အရှိန်အဝါတစ်ခု မန်ဟို့ထံမှ ပျံ့လွင့်ကာ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွား၏။ သူ့ပတ်ပတ်လည်ရှိ ခရမ်းပင်လယ်ကြီး ခဲလာသဖြင့် ခလက်ခလက် အက်သံများ ကြားလာရသည်။
မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ပေါက်ကွဲထွက်လာပြန်သည်။ ယခုတွင် သူသည် အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်၏ အထွတ်အထိပ်တွင် မဟုတ်တော့.... အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်သို့ ဝင်ရောက်သွားခဲ့လေပြီ။
သူက ဆံပင်များ တလွင့်လွင့် မျောလွင့်နေပြီး အဝတ်များ စုတ်ပြတ်နေချေသည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်အတွင်းမှ အလွန်ကျယ်လောင်သော ဟိန်းဟောက်သံအား ကြားလိုက်ရသည်။ ခုနစ်လက်မအရွယ်လူသေးသေးလေးသည် သူ၏ခေါင်းအပေါ်တွင် လွင့်မျောနေ၏။ ၎င်း၏အမူအရာမှာ တည်ကြည်လေးနက်နေပြီး နှင်းမြေကြီးနည်းတူ အေးခဲအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေချေသည်။
ဤသည်မှာ .....မန်ဟို၏ ဓာတ်ငါးပါး မြေအနုသုခုမရုပ်ခန္ဓာပင်။
မြေအနုသုခုမရုပ်ခန္ဓာသည် ပျံဝဲနေ၏။ ယခုတွင် မန်ဟိုမှာ အနုသုခုမရုပ်ခန္ဓာငါးခုလုံး၏ ဝန်းရံခြင်း ခံထားရတော့သည်။ သတ္တု၊ သစ်သား၊ ရေ၊ မီး ၊မြေ။ သူ၏အနုသုခုမရုပ်ခန္ဓာငါးခု ပြည့်စုံသွားပြီဖြစ်၏။
ယခုတွင် ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာ၏ ပထမအဆင့် ပြီးမြောက်သွားလေပြီ။
ဤအခိုက်အတန့်တွင် မန်ဟိုသည် တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံး၌ အနုသုခုမရုပ်ခန္ဓာအဆင့်လမ်းစဉ်တစ်လျှောက်တွင် တစ်ခါမှ မမြင်တွေ့ရဖူးသော အမှတ်တစ်ခုကို ရောက်ရှိသွားခဲ့လေသည်။
သူ့ထက်ပို၍ အစွမ်းထက်သောသူဟူ၍ မရှိတော့ပေ။
***