← Chapters

ခြောက်ခုမြောက် အနုသုခုမရုပ်ခန္ဓာ

Vol. 38 Ch. 523

ခြောက်ခုမြောက် အနုသုခုမရုပ်ခန္ဓာ

Vol. 38 Ch. 523

မန်ဟို၏စိတ်ဝိညာဉ်အာရုံသည် အဆများစွာ မြင့်တက်လာ၏ ။ မီတာ ၃၀၀။ မီတာ ၃၀၀၀၊ မီတာ ၁၅၀၀၀.... မကြာမီ မီတာ ၂၇၀၀၀။ သို့သော်လည်း သူသည် နတ်ဘုရားအာရုံအလုံးစုံမှာ လမ်းကြောင်းတစ်ကြောင်းတည်းတွင်သာ အာရုံစိုက်ထားသည့်အလား အဘက်ဘက်သို့ ဖြာထွက်မည့်အစား ထိုလမ်းကြောင်း၏အကွာအဝေးသာ ဆယ်ဆတိုးလာမည်ဖြစ်သည်။

ဤသည်မှာ စိတ်ဝိညာဉ်အာရုံမဟုတ်တော့။ မည်သည့် စိတ်ဝိညာဉ်အာရုံမှ ဤအတိုင်းအတာအထိ မရောက်နိုင်ပေ။ ရောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ .... နတ်ဘုရားအာရုံသာဖြစ်၏။

ဤသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ အထူးစွမ်းရည်၊ နတ်ဘုရားအာရုံဖြစ်လေသည်။

အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် သာမန်ကျင့်ကြံသူတစ်ယောက်အနေဖြင့် အလွန်ဆုံး မီတာ ၂၁၀၀၀ ရပ်ဝန်း ရှိသော နတ်ဘုရားအာရုံကို ပိုင်ဆိုင်လေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၏ အပိုင်းအခြားမှာ ၃၀၀၀၀ ဖြစ်ချေသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများသာလျှင် မီတာ ၃၀၀၀၀ ရပ်ဝန်းတစ်ခုဖြင့် နတ်ဘုရားအာရုံကို ပိုင်ဆိုင်နိုင်၏။

သို့သော် ယခု မန်ဟို၏ နတ်ဘုရားအာရုံမှာ မီတာ ၂၇၀၀၀ သို့ပင် ရောက်နေလေပြီ။

မန်ဟိုသည် သူ၏ခေါင်းအနားတွင် တန့်နေကြသော အနုသုခုမရုပ်ခန္ဓာငါးခုကို မော့ကြည့်လိုက်သည်။ ပြီးပြည့်စုံသော ရွှေအမြုတေမှ ဖြစ်ပေါ်လာသည့် ကမ္ဘာဦးချီဝဲသည် အားနည်းသွားပြီဖြစ်သည်။ သို့သော် ကြည့်ရသရွေ့ ၎င်းကား ‌ခြောက်ခုမြောက် အနုသုခုမရုပ်ခန္ဓာကို ဖော်စပ်ပေးရန် လုံလောက်သေးသယောင်ပင်။

မန်ဟိုက ဓာတ်ငါးပါး အနုသုခုမရုပ်ခန္ဓာများကို ‌လေးလေးနက်နက် ကြည့်ပြီး အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံ၏ အကန့်အသတ်မဲ့မှုကို ခံစားလိုက်ရသည်။ သူ ကျင့်ကြံအားထုတ်ခဲ့သည်မှာ နှစ်နှစ်ရာထက် မနည်းပေ။ သူသည် ကျိုးပြည်မှ အညတရကျင့်ကြံသူလေးဘဝမှ အစပြုခဲ့၏။ သူ လျှောက်ခဲ့သော လမ်းစဉ်မှာ ‌အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ပညာရှင် ဖြစ်သွားခဲ့သော ဤအခိုက်အတန့်ကို ဦးတည်ခဲ့လေသည်။ လမ်းတစ်လျှောက်လုံးရှိ မှတ်ဉာဏ်အားလုံးမှာ စိတ်ကူးယဉ်အိပ်မက်သဖွယ်သာ။

သူ၏ ဓာတ်ငါးပါးအနုသုခုမရုပ်ခန္ဓာများအား ဖော်ဆောင်ပြီးလေပြီ။ ပထမအဆင့်ပြီးဆုံးပြီး ဒုတိယအဆင့်စ‌တင်ပေတော့မည်။ ထိုဒုတိယအဆင့်သည် ဓာတ်ငါးပါးအား ပေါင်းစည်းခြင်းဖြစ်၏။

ထိုသို့ ပေါင်းစည်းလိုက်သည်နှင့် သူကား ငါးရောင်စဉ်ပါရာဂွန် ဖြစ်သွားပေလိမ့်မည်။

သို့သော် ချီတုံချတုံဖြစ်သွားသော အရိပ်အယောင်တစ်ခု မန်ဟို၏မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။

"စဦးချီဖွဲ့စည်းမှု အဆင့် (၁၃)က မဟာစက်ဝန်းတစ်ခုကို ဖော်ဆောင်ပေးတယ်။ ငါ့ရဲ့ ပြီးပြည့်စုံတဲ့အခြေ၊ ပြီးပြည့်စုံတဲ့ ရွှေအမြုတေ၊ ငါ့လမ်းစဥ်က.... အဆင့်တစ်ဆင့်စီရဲ့ အထွတ်အထိပ်ကို ရောက်ရှိစေတယ်။ ဒါ‌တွေအားလုံးက ငါ့ကို အဆင့်တူတစ်ယောက်ထက် သာစေတာပဲ

"‌ဒါကြောင့် ငါ့မှာ ဓာတ်ငါးပါး အနုသုခုမရုပ်ခန္ဓာ ရှိသွားတာလည်းဟုတ်တယ်

"ဓာတ်ငါးပါးနဲ့ အရောင်ငါးရောင် အနုသုခုမရုပ်ခန္ဓာတွေကို ဒီအတိုင်း အမျိုးအစားခွဲလို့ရတယ်။ ဓာတ်သုံးပါးက ကျိုးပဲ့အဆင့်။ ဓာတ်လေးပါးက အနာအဆာမဲ့အဆင့်။ ဓာတ်ငါးပါးက ပြီးပြည့်စုံအဆင့်.... ပြောရရင် ငါက ပြီးပြည့်စုံတဲ့ နယ်ပယ်မှာပဲ

"မီတာ ၂၇၀၀၀ ရပ်ဝန်းနဲ့ နတ်ဘုရားအာရုံက တခြားအနုသုခုမရုပ်ခန္ဓာအ‌ဆင့်ပညာရှင်တွေထက် သာလွန်တဲ့ပုံပေါ်တယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ အနုသုခုမရုပ်ခန္ဓာနဲ့ တကယ့် နတ်ဘုရားအာရုံရပ်ဝန်းက ဘာဖြစ်မလဲ မသိဘူး" ဤသည်မှာ မန်ဟိုကို ချီတုံချတုံဖြစ်သွားစေသည့်အရာပင်။ သူက ဓာတ်ငါးပါးအနုသုခုမရုပ်ခန္ဓာများကို ကြည့်ရင်း အတွေးထဲ နစ်မြောနေ၏။

ဓာတ်ငါးပါးအနုသုခုမရုပ်ခန္ဓာများကို အောင်အောင်မြင်မြင် ဖော်စပ်သွားနိုင်ခြင်းက သူ့ကို အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်စေသော်လည်း တစ်ချိန်တည်းမှာပင် အတွေးနက်နေစေသည်။ မီတာ ၂၇၀၀၀ ရပ်ဝန်းနှင့် နတ်ဘုရားအာရုံက သူ၏လမ်းစဉ် မှန်ကန်ကြောင်း သက်သေပြနေသည်။ မှန်တော့မှန်သည်၊ သို့သော်.... ဤလမ်းစဉ်နှင့် ဒဏ္ဍာရီလာပြီးပြည့်စုံအဆင့်အနုသုခုမရုပ်ခန္ဓာကြားတွင် ခြားနားမှုတချို့ ရှိ‌နေသယောင်ပင်။

ဒဏ္ဍာရီလာ ပြီးပြည့်စုံအဆင့် အနုသုခုမရုပ်ခန္ဓာ မည်မျှ အစွမ်းထက်သလဲ မန်ဟို ဂဃနဏမသိသော်လည်း သူသည် ပြီးပြည့်စုံသော အခြေနှင့် ပြီးပြည့်စုံသော ရွှေအမြုတေနှင့် ရင်းနှီးသည့်အတွက် မေးခွန်းအတွက် အဖြေကို သုံးသပ်နိုင်၏။

"ပြီးပြည့်စုံတဲ့ အနုသုခုမရုပ်ခန္ဓာက ဓာတ်ငါးပါးလုံး လိုအပ်တယ်။ ရလဒ်က ငါးရောင်ရှိတဲ့ ဓာတ်ငါးပါးအနုသုခုမရုပ်ခန္ဓာတစ်ခုပဲ။ ဒါပေမဲ့ ငါက အရုပ်အမျိုးမျိုးနဲ့ မတူညီတဲ့ အနုသုခုမရုပ်ခန္ဓာ ငါးခုကို ဖော်စပ်ဖို့ ရွေးချယ်ခဲ့တယ်။ ငါ ဓာတ်ငါးပါးကို ပေါင်းစည်းလိုက်ရင် ပြီးပြည့်စုံတဲ့ အနုသုခုမရုပ်ခန္ဓာကို ရရှိသင့်ပြီ

"ဒါပေမဲ့...

"သေသေချာချာ မသိပေမယ့်လို့ ပြီးပြည့်စုံတဲ့ အနုသုခုမရုပ်ခန္ဓာတစ်ခုရဲ့ ရပ်ဝန်းက ၂၉၉၉၉မီတာလို့ လောင်းရဲတယ်" မန်ဟို၏မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပသွား၏။ သူ အနုသုခုမရုပ်ခန္ဓာတစ်ခု ဖော်စပ်ရန်‌ ရွေးချယ်ခဲ့သော နည်းလမ်းသည် ဓာတ်ငါးပါး အနုသုခုမရုပ်ခန္ဓာလမ်းစဉ်ဖြစ်လာခဲ့သည်။ ဤနည်းလမ်းသည် ပြီးပြည့်စုံသောအနုသုခုမရုပ်ခန္ဓာတစ်ခု ဖန်တီးရန်အတွက် နည်းလမ်းအသစ်ဖြစ်လာပေ။ တကယ်‌တော့ ထိုလမ်းစဉ်ထက်ပင် သာလွန်ပုံရ၏။

"ငါ့ရဲ့နတ်ဘုရားအာရုံက ဓာတ်ငါးပါးအနုသုခုမရုပ်ခန္ဓာ‌တွေကို အောင်အောင်မြင်မြင် ထုတ်ဖော်ပြီးတဲ့နောက်မှာ မီတာ ၂၇၀၀၀ အထိ ရောက်နေပြီ။ ပြီးပြည့်စုံတဲ့အနုသုခုမရုပ်ခန္ဓာနှင့်တော့ နည်းနည်းကွာသေးတယ်။ ကဲ ဒီတော့... မကွာတော့အောင် နောက်ထပ် အနုသုခုမရုပ်ခန္ဓာတစ်ခု ထပ်ထည့်လိုက်ရုံပေါ့" ပင်လယ်ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်နေစဉ် မန်ဟို၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပသွား၏။ သူက ညာလက်ကို မြှောက်လိုက်ရာ ၎င်းအထဲတွင် ဆေးလုံးတစ်လုံးအား မြင်လိုက်ရလေသည်။

ဤဆေးလုံးသည် လွန်ခဲ့လေပြီးသော နှစ်များက ကျီးမျိုးနွယ်ဝင်တစ်‌ယောက်၏ သိုလှောင်အိတ်ထဲမှ ရရှိခဲ့သော ဆေးလုံးဖြစ်၏.... ၎င်းမှာ မဟာဆေးလုံးသုံးလုံးထဲက တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးပင်။

ဤဆေးလုံးသည် အလွန့်အလွန်ရှားပါးလှပြီး ရှေးခေတ်မှလာသော လျှို့ဝှက်ဆန်းကြယ်ဆေးလုံးဖြစ်လေသည်။ ၎င်းကို စားပြီးနောက်တွင် အနုသုခုမရုပ်ခန္ဓာ၏အရည်အသွေးကို မြှင့်တင်ပေးနိုင်‌လေသည်။ အရောင်နောက်တစ်ရောင်ထည့်ပေါင်းပေးခြင်းက ဓာတ်ငါးပါး၏ ကြောက်မက်ဖွယ်ရာစွမ်းအားအဆင့်ကို နောက်တစ်ဆင့်မြင့်တက်သွားစေမည်ဖြစ်သည်။

"ငါ့မှာ ဓာတ်ငါးပါးလုံးရှိနေပြီးပြီ။ ဒီဆေးလုံးကို စားလိုက်တာက ဘာမှအကြောင်းတော့ မထူးလောက်ပေမယ့် ငါသတိမထားမိတဲ့ ခြောက်ခုမြောက်ဓာတ် ပေါ်ရင် ပေါ်လာမှာ" မန်ဟိုသည် တခဏ တိတ်ဆိတ်သွားပြီးနောက် သူ၏မျက်နှာတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်လာ၏။ သူအနည်းဆုံးတစ်ကြိမ်တော့ စမ်းကြည့်မှဖြစ်မည်။ မကြိုးစားကြည့်ဘဲတော့ မနေနိုင်ပေ။

သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကြေးမုံကို ထုတ်လိုက်၏။ ကျီးနတ်မင်းမျိုးနွယ်စုကို ဦးဆောင်ခဲ့သော ‌နှစ်များအတောအတွင်း ဝိညာဉ်ကျောက်တုံးအမြောက်အမြား သူ စုမိ‌ဆောင်းမိခဲ့လေသည်။

သူသည် တုံ့ဆိုင်းခြင်းမရှိ ဆေးလုံးများကို ပွားတော့သည်။ တစ်လုံးလေးပွား‌ဖို့အတွက် ဝိညာဉ်ကျောက်တုံး အတော်များများ ဖြုန်းလိုက်ရ၏။ ယခု သူ့တွင် တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးနှစ်လုံး ရှိသွားပြီဖြစ်ရာ တစ်လုံးကို ချက်ချင်း ပါးစပ်ထဲ ထည့်လိုက်လေသည်။

၎င်း သူ့ပါးစပ်ထဲ ရောက်သွားသည့်အခိုက်အတန့်တွင် ဂျိန်းခနဲ သူ၏ကိုယ်အတွင်း၌ ထစ်ချုန်းသွား၏။ ဆေးလုံးသည် ချက်ချင်း အရည်ပျော်ပြီး အနှိုင်းမဲ့သော နတ်ဘုရားအာရုံတစ်မျိုးဖြစ်လာသည်။ ၎င်းက တစ်ခုခုကို ရှာနေသည့်အလား သူ၏ကိုယ်ထဲတွင် ပျံ့နှံ့သွားသည်။

အချိန်အနည်းငယ်ကြာသော် ဆေးလုံးစွမ်းအားသည် ထိုအနှိုင်းမဲ့နတ်ဘုရားအာရုံနှင့်အတူ ပျောက်ကွယ်သွား၏။ ၎င်းမှာ ရှာနေသည့်အရာကို မတွေ့သယောင်ပင်။

မန်ဟို မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများပြန်ဖွင့်ကာ အတွေးထဲ နစ်မြောနေ၏။ ဆေးလုံး၏ မထိရောက်မှုက သူ၏ဓာတ်ငါးပါးမှာ အမှန်တကယ် မဟာစက်ဝန်းအဆင့်ဖြစ်ကြောင်း မီးမောင်းထိုးပြနေလေသည်။ ယင်းက ဆေးလုံးအတွက် နောက်ထပ်ဓာတ်တစ်ခုအား ကြုံသလို ဖန်တီးနိုင်သော အခြေခံမျိုးမဟုတ်ပေ။

"ရှေးဟောင်း ထူးခြားဆန်းကြယ်ဆေးလုံးသုံးလုံးက အသုံးမကျတာတော့ မဖြစ်နိုင်ဘူးမလား" သူ အတွေးနက်နေ၏။ ထို့နောက် ဝိညာဉ်ကျောက်တုံးများ ကုန်ခမ်းလာသည်ကို မမှုဘဲ နောက်တစ်လုံးပွားကာ သောက်လိုက်ပြန်သည်။ ထိုအတိုင်း ခံစားရပြန်သော်လည်း အဆုံးသတ်တွင် ဘာမှ အရာမထင်။ သို့သော် အနှိုင်းမဲ့နတ်ဘုရားအာရုံ၏ စွမ်းအားမှာ စောစောက စွမ်းအားအပေါ် ထပ်သွားပြီး ပို၍ပင် အားကောင်းလာသည်။

မန်ဟိုက နောင်မှ နောင်တမှမရလေအောင် တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံး နောက်တစ်လုံးထုတ်ကာ စားလိုက်ပြန်သည်။ သူသည် အနည်းဆုံး ဆယ်လုံးစားမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၏။ ထိုအချိန်တွင်သာ မအောင်မြင်လျှင်တော့ လက်လျှော့ပြီး ရှိပြီးသား ဓာတ်ငါးပါးကို ပေါင်းစည်းလိုက်ပေတော့မည်။

မီတာ (၂၇၀၀၀) ရပ်ဝန်းဖြင့် နတ်ဘုရားအာရုံမှာ ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာ၏ နတ်ဘုရားအာရုံနှင့် ကွဲပြားသည်ဆိုသည်မှာ သူ၏ စိတ်အထင်သာ ဖြစ်၏။ သူသိသိသမျှမှာ ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာတစ်ခုတွင် အမှန်တကယ် မီတာ (၂၇၀၀၀) ရပ်ဝန်းဖြင့် နတ်ဘုရားအာရုံအား ပိုင်ဆိုင်ထားသည်ကိုပင်။

ဤအကြောင်းရင်းအပေါ် အခြေခံပြီး သူသည် တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးများကို ဆက်တိုက်စားနေတော့သည်။ ကိုးလုံးမြောက်ကို စားပြီးသည့်နောက်တွင်တော့ ထူးဆန်းသော နတ်ဘုရားအာရုံ နောက်တစ်ဖန် ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် မန်ဟိုမှာ နဖူးအပေါ်၌ ဆစ်ခနဲ ထိုးကျင့်သွားသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရ၏။

နာကျင်မှုမှာ သူ၏ခန္ဓာကိုယ်အတွင်းတွင် တိတ်တိတ်လေး ပုန်းနေခဲ့သည့်အလား ရုတ်တရက်ကြီး ရောက်လာလေသည်။ ကိုးလုံးမြောက် တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးကို စားပြီးနောက်တွင်တော့‌ ကြောက်မက်ဖွယ်နတ်ဘုရားအာရုံ၏ အလွှာအထပ်ထပ်မှာ ၎င်းအား စစ်ဆေးတွေ့ရှိသွားလေပြီ။

ထိုးကျင့်သွားသော နာကျင်မှု ပေါ်ပေါက်လာသောအခါ မန်ဟို၏ စိတ်မှာ ကယောက်ကယက်ဖြစ်သွားသည်။ သူသည် နာကျင်မှုကို ခံစားရလျှင်ချင်း ပွားထားပြီးသား တစ်ရောင်ဝိညာဉ်ရယူဆေးလုံးကို စားလိုက်သည်။ ရှေးခေတ်အခါတုန်းကပင်လျှင် ဤကဲ့သို့ဆေးလုံးမျိုးအား အများကြီးပိုင်ဆိုင်သူ မရှိသလောက် ရှားလေ၏။

မန်ဟိုတစ်ယောက်သာလျှင် ယခုလို တတွတ်တွတ် စားနိုင်မည်ဖြစ်သည်။ မှန်၏။ သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံးများလည်း လျင်မြန်စွာ နည်းပါးလာခဲ့လေသည်။

မန်ဟိုတစ်ယောက် မွဲပြာကျရန် သိပ်ကြာတော့မည်မဟုတ်ပေ။

၎င်းက ရင်နာစေပါသော်လည်း မန်ဟိုမှာ သိပ်တော့ ဂရုမစိုက်ပေ။ နဖူးပေါ်တွင် ခံစားနေရသော နာကျင်မှုမှာ တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးသည် ရှာဖွေနေသော ခြောက်ခုမြောက်ဓာတ်၏ သဲလွန်စများကို တွေ့သွားပြီဟု သူ့အား မျှော်လင့်မိစေသည်။

သူ ဆယ်လုံးမြောက် တစ်ရောင်ဝိညာဉ်ရယူ‌ဆေးလုံးကို စားလိုက်သည့်အခိုက်အန့်တွင် ဆေးလုံးများ၏ စုပေါင်းစွမ်းအားသည် ကြောက်မက်ဖွယ် နတ်ဘုရားအာရုံတစ်ခုအဖြစ် ရုပ်လုံးပေါ်လာလာ၏။ ၎င်းသည် မန်ဟို၏ခန္ဓာကိုယ်တစ်လျှောက် ဖြန့်ကျက်လာပြီး နောက်ဆုံးတွင် ၎င်းအလိုရှိသော ခြောက်ခုမြောက်ဓာတ်ကို ....သူ၏ နဖူးအပေါ်တည့်တည့်တွင် တွေ့သွားလေပြီ။

မန်ဟို၏ကိုယ်ပိုင်စိတ်ဆန္ဒသည် တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံး အာရုံစိုက်နေသော နေရာကို စူးစိုက်လိုက်သည်။ ဂျိန်းခနဲ မန်ဟို့စိတ်ထဲတွင် မြည်ဟည်းသွား၏။

သူကြည့်နေသောအရာကား ... ဒဏ္ဍာရီလာသိမ်းငှက်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။

၎င်းက လေမျှင်ဟုဆိုလျှင် ပိုမှန်ကောင်း မှန်လိမ့်မည်။ ဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင်ပုံစံ အဖြူရောင်လေသည် မန်ဟို၏နတ်ဘုရားအာရုံအတွင်းဝယ် ထင်ရှားပြတ်သားလာ၏။ ရုတ်တရက် ထိုနှစ်တုန်းက တောင်ပိုင်းဒေသ၏ ပြန်လည်မွေးဖွားခြင်းဂူအပြင်တွင် ဖြစ်ပျက်ခဲ့သောအရာကို သူပြန်အမှတ်ရလိုက်သည်။ ပြန်လည်မွေးဖွားခြင်းဂူထဲရှိ အမျိုးသမီးသည် မန်ဟို့ကို ဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင်၏စွမ်းအား ပေးအပ်ခဲ့‌လေသည်။

ထို့နောက်ပိုင်း မန်ဟိုမှာ မည်မျှစစ်ဆေးစစ်ဆေး ဒဏ္ဍာရီလာသိမ်းငှက်ကြီး၏ စွမ်းအားအစအနလေးပင် မရှာနိုင်ခဲ့ပေ။ သို့သော် ယခုတော့ တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးဆယ်လုံး၏ စွမ်းအားအလွှာအထပ်ထပ်အောက်ဝယ် ‌ဒဏ္ဍာရီလာသိမ်းငှက်ကြီး၏ လေဓာတ်မှာ ရုတ်တရက် ဖော်ထုတ်ခံလိုက်ရပြီဖြစ်၏။

"ဒီသိမ်းငှက်လေက ငါ့ရဲ့ လေအရုပ်ဆေးမင်ကြောင်ပဲ။ ဒါက ငါ့ရဲ့ ခြောက်ခုမြောက်အနုသုခုမရုပ်ခန္ဓာ လေအနုသုခုမရုပ်ခန္ဓာဖြစ်လာရမယ်" သူသည် ကျင့်ကြံခြင်းအခြေခံကို ချက်ချင်း လှည့်ပတ်လိုက်၏။ သူ၏ခေါင်းပတ်ပတ်လည်တွင် လှည့်ပတ်နေသော အနုသုခုမရုပ်ခန္ဓာငါးခုလည်း မုဒြာလက်ကွက်များ ဖော်လာကြသည်။ ဓာတ်ငါးပါး‌စွမ်းအားဖြင့် အားဖြည့်ပေးထားလျက် မန်ဟို ‌အနုသုခုမရုပ်ခန္ဓာတစ်ခုကို စတင်‌ဖော်စပ်သည်နှင့် မန်ဟို၏ခန္ဓာကိုယ်မှာ ‌ဆေးပေါင်းဖိုဖြစ်လာတော့သည်။

သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေမှ ဖြစ်ပေါ်လာသော ချီဝဲသည် တဟူးဟူးလည်လာကာ ဆွဲအားတစ်ခု ထုတ်လွှတ်လာသည်။ ဝိညာဉ်ရယူခြင်းဆေးစွမ်းအားနှင့် ဓာတ်ငါးပါး အနုသုခုမရုပ်ခန္ဓာပေါင်းစုစွမ်းအားဖြင့် မန်ဟို၏နဖူးအပေါ်ရှိ နှစ်ပေါင်းများစွာ ဖြစ်တည်နေခဲ့သော ဒဏ္ဍာရီလာသိမ်းငှက်ကြီး၏ စွမ်းအားမှာ နောက်ဆုံးတွင် ဆွဲထုတ်ခံရကာ သူ၏ ဒန်တျန်နယ်ပယ်ထံသို့ စုပ်ယူခံလိုက်ရလေပြီ။

သိမ်းငှက် သူ၏ဒန်တျန်ထဲ ဝင်ရောက်သွားသည်နှင့် မန်ဟို့ကိုယ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ ချီဝဲကြီးသည် တဝေါဝေါ အော်မြည်ရင်း ပိုပို၍ လျင်မြန်စွာ လည်လာသည်။

"လေအနုသုခုမရုပ်ခန္ဓာကို ဖော်စပ်ဖို့ အချိန်ကျပြီ" မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။ ချီဝဲကြီးမှာ ရုတ်တရက် အလိုလိုကျုံ့လာပြီး ခုနစ်လက်မအရွယ် အဖြူရောင်လူသေးသေးလေးတစ်ယောက် ဖြစ်သွားလေပြီ။

၎င်းသည် မန်ဟိုနှင့် တစ်ထေရာတည်းတူ၏။ ဤသည်မှာ မန်ဟို၏ ခြောက်ခုမြောက်အနုသုခုမရုပ်ခန္ဓာ .... လေအနုသုခုမရုပ်ခန္ဓာပင်။

၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် တဟုန်ထိုးမြင့်တက်လာကာ သူ့အား အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်မှ မြင့်သထက် မြင့်လာအောင် တွန်းပို့လိုက်၏။ ယခုတွင် သူကား ‌နှောင်းပိုင်းအဆင့်၏ အထွတ်အထိပ်တွင်ဖြစ်ပြီး မဟာစက်ဝန်းမှ....

ခြေလှမ်းတစ်လှမ်းသာ ကွာဝေးတော့လေပြီ။

တစ်ချိန်တည်းမှာပင် မန်ဟို၏နတ်ဘုရားအာရုံက သွေးရူးသွေးတန်း ကျယ်ပြန့်လာ၏။ မီတာ ၂၇၃၀၀၊ မီတာ ၂၇၉၀၀၊ မီတာ ၂၈၀၀၀....

နောက်ဆုံး မီတာ ၂၉၇၀၀ သို့ ရောက်ဟောအခါ နှေးလာသည်။ ‌၎င်းကား..... မီတာ ၂၉၉၉၉တွင် ရပ်တန့်သွား၏။

မန်ဟိုက ခေါင်းမော့ပြီး မတ်တပ်ရပ်လိုက်သည်။ သူ ရပ်လိုက်စဉ် လေအနုသုခုမရုပ်ခန္ဓာသည် သူ၏ခေါင်းထိပ်မှာ ထွက်လာပြီး တခြားအနုသုခုမရုပ်ခန္ဓာများနှင့် ပေါင်းစည်းသွား၏။ ၎င်းတို့ထံမှ အလင်းများဖြာထွက်လာကာ ခြောက်ထောင့်ကြယ်တစ်စင်းအား ဖော်ဆောင်လိုက်သည်။

ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာ။

မန်ဟိုသည် ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာ ကိုယ်ပိုင်လမ်းစဥ်ကို ဖောက်၍ ရှေးခတ်မှ ယ‌နေ့တိုင်အောင် အနုသုခုမရုပ်ခန္ဓာခြောက်ခုအား ပထမဆုံးပိုင်ဆိုင်ထားရှိသူ ဖြစ်လာသည့်အတွက် စိတ်လှုပ်ရှားရင်း ပီတိဖြာနေတော့‌သည်။ သူသည် ကိုယ်ပိုင်ပြီးပြည်စုံသော အနုသုခုမရုပ်ခန္ဓာလမ်းစဉ်ကို ဖန်တီးပြီး.... အနုသုခုမရုပ်ခန္ဓာခြောက်ခုအား ပေါင်းစည်းနိုင်သော ပထမဆုံးပုဂ္ဂိုလ်ဖြစ်၏။ သို့သော် ဤအခိုက်အတန့်မှာပင် မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။

ဤအခိုက်တွင် ရုတ်တရက် သူ့ခန္ဓာကိုယ်အတွင်းရှိ အချိန်တိုက်စားမှုမှာ ခြောက်ဆတိုးသွား၏။ အချိန်များ ပျောက်ကွယ်သွား၍ သူ၏သက်တမ်းမှာ လျင်မြန်စွာ လျော့ကျလာသည်။ နှစ်တစ်ရာအတွင်း သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားလေပြီ။

"ဒါက..." သူ၏မျက်ဝန်းများ စူးရှတောက်ပသွား၏။

"ငါ့မှာ အနုသုခုမရုပ်ခန္ဓာခြောက်ခုရှိတာကြောင့်မလို့ အသက်ခြောက်ချောင်း ၊ ဝိညာဉ်‌ခန္ဓာခြောက်ခု ရှိတာနဲ့တူတယ်.... ဒါ့ကြောင့် ငါ့သက်တမ်းက ခြောက်ပိုင်းခွဲခံလိုက်ရတာဖြစ်မယ်။ ဒါဆိုရင် ငါ့အတွက် တစ်နှစ်က ‌ခြောက်နှစ်နဲ့ ညီမျှတာပဲ

"‌ဒါက ပြီးပြည့်စုံတဲ့ အနုသုခုမရုပ်ခန္ဓာအတွက် ပေးဆပ်ရတဲ့ တန်ကြေးပဲကိုး"

ဤအခိုက်အတန့်သည် မန်ဟို့ကိုယ်ထဲရှိ ရှင်သန်ခြင်းနှင်းပန်းမှ လှုပ်ရှားရန် အကောင်းဆုံးအခွင့်အရေးဟု‌ တွေးလိုက်သော အချိန်ဖြစ်လေသည်။ ၎င်းသည် ရုတ်တရက် အရှိန်အဟုန်ဖြင့် ထကြွလာတော့၏။

{T/N:  ရှင်သန်ခြင်းနှင်းပန်းက ပိုင်ရှောင်ချန်းထဲမှာ ပါပါတယ်။ ပါရမီနှင်းပန်းဆိုတဲ့နာမည်နဲ့ပါ}

(သွေးအင်မိုတယ်-ခရမ်းပင်လယ်အရုပ် - သွေးခရမ်းရောင် ရေ အနုသုခုမရုပ်ခန္ဓာ

ရွှေကျီးကန်းအရုပ်                                                                             - ရွှေရောင် သတ္တု အနုသုခုမရုပ်ခန္ဓာ

သစ်စိမ်းပင်အရုပ်                                                                              - အစိမ်းရောင် သစ်သား အနုသုခုမရုပ်ခန္ဓာ

အရှေ့ဆေးဝါးထာဝရမီးတောက်အရုပ် -  အဝါရောင် မီး အနုသုခုမရုပ်ခန္ဓာ

နှင်းမြေမိစ္ဆာဧကရာဇ်မြေကြီးအရုပ်                                                    - အနက်ရောင် မြေ အနုသုခုမရုပ်ခန္ဓာ

သိမ်းငှက်ကြီးလေစွမ်းအား                                                                - အဖြူရောင် လေ အနုသုခုမရုပ်ခန္ဓာ)

***

All Chapters