← Chapters

ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်း

Vol. 38 Ch. 524

ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်း

Vol. 38 Ch. 524

ဤအခိုက်အတန့်တွင် ‌ခရမ်းပင်လယ်ကြီး၏ အထက်ကောင်းကင်ရှိ တိမ်တိုက်များ ‌တ‌ဖွေးဖွေးလှုပ်လာသည်။ ခရမ်းမိုးမရွာတော့သော်လည်း ကောင်းကင်မှာ ‌မှောင်မည်းပြီး အုံ့ဆိုင်းနေသေးလေသည်။ ရုတ်တရက် အဝေးမှ ချဉ်းကပ်လာနေသော လျှပ်စီးမိုးကြိုးတန်းများအား မြင်လိုက်ရ၏။

လျှပ်စီးတန်းများ အနားရောက်လာစဉ် အံ့ဖွယ်ကောင်းစွာနှင့် မရေမတွက်နိုင်သော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ တလိပ်လိပ် အုံကြွဖြစ်တည်လာလေသည်။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ တစတစ ပိုမိုများပြားလာရာ ခရမ်းပင်လယ်ကြီးကို တဝုန်းဝုန်း ရိုက်ခတ်သောင်းကျန်းနေစေတော့သည်။ ၎င်းထံမှ အားကောင်းသော သေခြင်းအရှိန်အဝါတစ်ခု လှိုင်လှိုင်ထွက်လာ၏။

အရှိန်အဝါမှာ ပြစ်ဒဏ်မိုးကြိုးကို တန်ပြန်တိုက်ခိုက်ရန် ပြင်နေသည့်အလားပင်။ ချက်ချင်းပင် အမျက်ဒေါသတို့ ဆူပွက်လာပုံရသည်။

လွန်ခဲ့သောနှစ်များက တည်ဆောက်ထားခဲ့သော အခြေစိုက်စခန်းမြို့ဆယ်မြို့ထဲရှိ ကျင့်ကြံသူများမှာ ကောင်းကင်ကြီးကို အထိတ်တလန့် မော့ကြည့်နေ၏။

"အဲ့ဒါ .... ပြစ်ဒဏ်မိုးကြိုးတွေ မဟုတ်လား"

"တစ်ယောက်ယောက် ပြစ်ဒဏ်မိုးကြိုးကို ကျော်လွှားနေတယ်လို့မပြောနဲ့နော်။ မဖြစ်နိုင်တာတွေ။ တန်ခိုးရှင်တွေပဲ ပြစ်ဒဏ်မိုးကြိုးကို ကျော်လွှားနိုင်တာ။ အနောက်ပိုင်းသဲကန္တာရမှာ ပြစ်ဒဏ်မိုးကြိုး ကျော်လွှားနိုင်တဲ့ တစ်ယောက်ယောက် ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ"

"ဒါ ပြစ်ဒဏ်မိုးကြိုးကျော်လွှားနေတာ မဟုတ်ဘူး။ သေချာပေါက် လောကရဲ့ အဖိုးထိုက်ရတနာတစ်ပါး ပေါ်ပေါက်လာနေတာဖြစ်မယ်"

ထိုကဲ့သို့ မြင်ကွင်းများသည် အခြေစိုက်စခန်းမြို့ဆယ်မြို့လုံး၌ ဖြစ်ပွားနေတော့သည်။ သို့သော် ခရမ်းပင်လယ်ထက်က ပြစ်ဒဏ်မိုးကြိုးကို ခရမ်းပင်လယ်ဧရိယာအတွင်းရှိ လူများသာ တွေ့ရှိနိုင်၏။ အနက်ရောင်နယ်မြေရှိ ကျင့်ကြံသူများမှာ ၎င်းအား စစ်ဆေးမသိရှိနိုင်အောင် ဖြတ်တောက်ခံရပုံပေါ်သည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများပင် မသိကြပေ။

ဤအခိုက်အတန့်တွင် အမှတ် (၂) အခြေစိုက်စခန်းအတွင်းရှိ ကြီးကျယ်ခမ်းနားသော အဆောက်အအုံတစ်ခုတွင် အပေါ်ပိုင်းအ၀တ်ဗလာနှင့် သတ်လတ်ပိုင်းလူတစ်ယောက်သည် လှပသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ဖက်ထား၏။ သူတို့သည် ရယ်ကာမောကာဖြင့် စကားစမြည်ပြောနေပြီး သူက သူမ၏ ခန္ဓာကိုယ်ကို သူ့လက်များဖြင့် ပွတ်သပ်နေတတ်လေသည်။ သူမ၏ ရှက်ကိုးရှက်ကန်းဖြစ်နေသော အမူအရာက သူ၏ ရမ္မက်များကို ပိုပို၍ ထကြွလာစေ၏။

ထိုလူ၏ နောက်တွင် အဘိုးကြီး ခုနစ်ယောက် တင်ပျဉ်ခွေ ထိုင်နေပြီး သူတို့၏ မျက်လုံးများသည် ပိတ်ထားပြီး အခန်းထဲမှ ကြားနေရသော မဖွယ်မရာ စကားများကို သတိမထားမိသည့်အလား စကားမပြောကြပေ။ အဘိုးကြီး ခုနှစ်ယောက်တွင် မယုံကြည်နိုင်ဖွယ် ကျင့်ကြံခြင်း အခြေခံများ ရှိ၏။ လေးယောက်က အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်ဖြစ်ပြီး နှစ်ယောက်က အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့် ဖြစ်ကာ တစ်ယောက်သည် မဟာစက်၀န်းအဆင့်တွင် ဖြစ်၏။

ဤကဲ့သို့ ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်း အဆင့်အောက်တွင် အစွမ်းထက်ဆုံးဟု ဆိုနိုင်လေသည်။ အထူးသဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိရန်မှာ ရိုးရှင်းသောကိစ္စ မဟုတ်သောကြောင့်ပေ။ အနုသုခုမရုပ်ခန္ဓာမဟာစက်၀န်းအဆင့် ကျင့်ကြံသူများက ကမ္ဘာကြီးကို ကိုင်လှုပ်ပစ်နိုင်၏။

သို့သော် ယခုတွင် ဤ လူခုနှစ်ယောက်မှာ အခြွေအရံများထက် မပိုကြောင်း သိသာလေသည်။

အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကို အခြွေအရံထားနိုင်သော လူစားတစ်မျိုးသာ ရှိသည်။ ထိုလူက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး တစ်ဦးပင်။ သတ်လတ်ပိုင်းလူ၏ ကျင့်ကြံခြင်းအခြေခံမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မဟုတ်ဘဲ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်သာ ဖြစ်၏။ ထိုသို့ဆိုလျှင် ထိုလူ၏ အဆင့်အတန်းမှာ အံမခန်းလိလိ မြင့်မားသည်ဟု ဆိုနိုင်လေသည်။

ဤလူသည် ကောင်းကင်တရားရေးရာ မဟာမိတ်အဖွဲ့၏ အာဏာစက်သုံးစက်အနက် ကောင်းကင်ရှာဖွေ မျိုးနွယ်စု၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး ဟုရန်ယွင်မင်း၏ သား ဟုရန်ချင်း ဖြစ်လေ၏။ သူသည် လွန်ခဲ့သော သုံးလက အခြေစိုက်စခန်းမြို့တွင် အပန်းဖြေပြီး မိန်းမ လိုက်စားရန်အတွက် အနက်ရောင်နယ်မြေမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။

ဟုရန်ချင်း အမျိုးသမီးကျင့်ကြံသူပေါ်သို့ ခုန်အုပ်တော့မည့် အချိန်တွင် အနီရောင်လျှပ်စီးတန်းကြီးက ရုတ်တရက် လေကို ခွင်းလာပြီး အဝေးသို့ ဦးတည်သွား၏။ ၎င်း ပျောက်ကွယ်မသွားခင် အလွန်ကြီးမားသော ဖိအားကြီးတစ်ခုအား ခံစားလိုက်ရ၏။ ချက်ချင်းပင် အဘိုးကြီး ခုနစ်ယောက် မျက်လုံးများ ဖွင့်လိုက်ကြ၏။ အနုသုခုမရုပ်ခန္ဓာမဟာစက်၀န်းအဆင့် ဖြစ်သူ အနီရောင်၀တ်ရုံနှင့် အဘိုးကြီးက တဖြည်းဖြည်း ခေါင်းမော့လျက် မျက်မှောင်ကြုတ်ပြီး‌ အဝေးကို လှမ်းကြည့်လိုက်သည်။

ဟုရန်ချင်း တစ်ကိုယ်လုံး တုန်ရီတက်သွားပြီး ရုတ်တရက် ခေါင်းမော့လိုက်၏။

"အံ့ဖွယ်မိုးကြိုး။ အဖိုးထိုက် ရတနာတစ်ခု ပေါ်လာတာလား ဒါမှမဟုတ် ကမ္ဘာသစ်မိစ္ဆာ တစ်ကောင်ကောင် အသွင်ပြောင်းနေတာများလား" ဟုရန်ချင်းက အားပါးတရ ရယ်မောလိုက်သည်။ ရုတ်တရက် သူက ထိတ်လန့်နေသော အ‌မျိုးသမီးကို လက်တစ်ဖက်ဖြင့် ပွေ့ရင်း လေပေါ် တက်ကာ ကျန်တစ်ဖက်ဖြင့် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အနက်ရောင်၀တ်ရုံနှင့် အစောင့်လေးယောက်သည် ဝေါယောဉ်ကြီးကို ပခုံးတွင် ထမ်းလျက် ပေါ်လာ၏။ ဟုရန်ချင်းက အမျိုးသမီးကို အတူခေါ်ရင်း ဝေါထဲ ၀င်ရောက်သွားသည်။

" ဆရာဝု တစ်ချက်လောက် သွားကြည့်ရအောင်လေ " သူ၏ ရယ်သံကြီးသည် ဝေါယာဉ်၏ ခမ်းနားလှသော အတွင်းပိုင်းအပြင်အ‌ဆင်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးကျင့်ကြံသူ၏ ပင့်သက်ရှိုက်သံနှင့်အတူ ထွက်လာ၏။

ဟုရန်ချင်း ဆရာဝုဟု ရည်ညွန်းလိုက်သည့်သူမှာ အနုသုခုမရုပ်ခန္ဓာမဟာစက်၀န်းအဆင့် အဘိုးကြီးဖြစ်သည်။ သူက မျက်မှောင်ကြုတ်ပြီး သက်ပြင်းဖွဖွချလိုက်၏။ သူသည် ဖြည်းညင်းစွာ ထရပ်ပြီး အခြားအဘိုးကြီး ခြောက်ယောက်နှင့်အတူ ဝေါယာဉ်ဘေးတွင် နေရာယူလိုက်သည်။

ဟုရန်ချင်းသည် လျှပ်စီးတန်းကြီး ပျံထွက်သွားခဲ့သည့် အရပ်မျက်နှာသို့ ဦးတည်လာ၏။ မှန်ပါသည်။ ထိုနေရာကား ပင်လယ်ကြမ်းပြင်တွင် မန်ဟို ရပ်နေသော နေရာဖြစ်‌လေ၏။ လောလောဆယ်တွင် မန်ဟိုသည် သူ၏ ခေါင်းပေါ်တွင် ပျံဝဲနေသော အနုသုခုမရုပ်ခန္ဓာခြောက်ခုကို ကြည့်ရင်း မျက်နှာအမူအရာ တင်းမာခက်ထန်လျက် ရှိ၏။ သူ မျက်မှောင်ကြုတ်သွားသည်။

"သက်တမ်း နှစ်တစ်ရာ၊ နှစ်နှစ်ရာတောင် မဟုတ်ဘူး။ ငါက အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလေ။ ကြည့်ရတာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို နှစ်တစ်ရာအတွင်းနဲ့ ရောက်အောင် လုပ်ရတော့မယ့်ပုံပဲ။

"ကဲ အခု ဒီရှင်သန်ခြင်းပန်း အတွက်ကတော့ " အေးစက်စက်အပြုံးတစ်ခု သူ၏ နှုတ်ခမ်းတွင် ဖြစ်ထွန်းသွားသည်။ သူသည် ရှင်သန်ခြင်းပန်း အနေဖြင့် သူကျင့်ကြံခြင်းအခြေခံတက်သွားသည့် အရေးကြီးသော အခိုက်အတန့်ကို လက်လွှတ်ခံမည် မဟုတ်ကြောင်း ခန့်မှန်းခဲ့ပြီး ဖြစ်လေသည်။

၎င်း ပေါ်လာမည်ကို သူသိသည်။

အစက ကောင်းကင်ပြစ်ဒဏ် မိုးကြိုး သူ့ကို ပစ်ချလိုက်သည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်ကို အပိုင်စီးရန် ပေါ်လာလိမ့်မည်ဟု တွေးခဲ့သည်။ သို့သော်လည်း ၎င်းမှာ ယခုချိန်က အကောင်းဆုံးအခွင့်အရေးဖြစ်သည်ဟု တွေးထားသယောင်ပင်။

" မင်းအတွက် အခုချိန် ပေါ်လာတာက တော်တော်လေး အဆင်ပြေပုံပဲ။ ကောင်းကင်ပြစ်ဒဏ်မိုးကြိုး တကယ်ပေါ်လာခဲ့ရင် မင်းက ငါ့ကို တော်တော်လေး အားမလို အားမရ ဖြစ်စေလောက်တယ် " သူက အေးစက်စက်ပြုံးရင်း တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူသည် ရှင်သန်ခြင်းနှင်းပန်း၏ တစ်ဟုန်ထိုးထွက်လာသည်ကို လျစ်လျူရှုရင်း ခေါင်းမော့ကာ အနုသုခုမရုပ်ခန္ဓာတစ်ခုကို လက်ညှိုးထိုးလိုက်၏။

ချက်ချင်းပင် သတ္တုအနုသုခုမရုပ်ခန္ဓာ သက်ဆင်းလာသည်။ ၎င်းသည် မန်ဟို့နည်းတူ အေးစက်စွာ ပြုံးရင်း သူ၏ ခေါင်းထဲသို့ စိမ့်၀င်သွား၏။ ၎င်းသည် ယခင်က သူ၏ ရွှေအမြုတေ ရှိခဲ့သော ဒန်တျန်နယ်ပယ်ရှိ နေရာလွတ်တွင် ‌ပြန်ပေါ်လာ၏။

" ဒီတစ်ခေါက် ငါ မင်းကို တိုက်ခိုက်ဖို့အတွက် အခွင့်ရေး အပြည့်အ၀ပေးမယ် " မန်ဟို မျက်လုံးများ ပိတ်လိုက်စဉ် အနုသုခုမရုပ်ခန္ဓာမှ ပြောင်မြောက်သော ကျင့်ကြံခြင်းအ‌ခြေခံ စွမ်းအားသည် ရှင်သန်ခြင်းနှင်းပန်းကို ချေမှုန်းရန် ပေါက်ကွဲထွက်လာ၏။

ရှင်သန်ခြင်းနှင်းပန်းမှာ ဒေါသထွက်သွားသဖြင့် အသံမဲ့စွာ ဟိန်းဟောက်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟို့၏ အနောက်တွင် မျက်စိကျိန်းမတက် တောက်ပနေသော လေးရောင်ခြယ် ရှင်သန်ခြင်းနှင်းပန်းက ဒေါသတကြီး ရှေ့နောက် ယိမ်းထိုးလျက် ပေါ်လာလေသည်။

ဤ အခိုက်အတန့်တွင် ရှင်သန်ခြင်းနှင်းပန်းသည် မန်ဟို၏ ခြေထောက်များကို သိမ်းပိုက်လိုက်၏။၎င်း သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် မန်ဟိုမှာ သူ၏ ခြေထောက်များကို ခံစား၍ မရတော့ပေ။ ထိုခံစားချက်သည် သူ၏ လက်များအထိ လျင်မြန်စွာ ပျံ့နှံ့လာ၏။

ရှင်သန်ခြင်းနှင်းပန်းသည် ထူးဆန်းသောပုံစံကြီးဖြင့် ရှေ့နောက်ယိမ်းထိုး‌နေ၏။ ၎င်းမှာ မန်ဟို့ကို ယခုကဲ့သို့ အလစ်တိုက်ရန်အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသည့် အလားပင်။ ၎င်း လှုပ်ရှားသောအခါ ၎င်းသည် အကြင်နာမဲ့စွာဖြင့် တိုက်ခိုက်မည် ဖြစ်သည်။

" ငါ မင်းကို ချီးကျူးရမယ်။ မင်း ဒီတစ်ခေါက် အရင်ကထက် ပိုပြီးတော့ တော်လာတယ် " ဤတစ်ကြိမ်တွင် သူသည် ရှင်သန်ခြင်းနှင်းပန်းနှင့် အလွန် ရင်းနှီးနေပြီ ဖြစ်၍ ၎င်းတွင် အသိရှိကြောင်း သူသိလေသည်။

သူ စကားပြောလိုက်သည့် အချိန်မှာပင် သစ်သားအနုသုခုမရုပ်ခန္ဓာသည် အစိမ်းရောင်အလင်းကို ထုတ်လွှတ်ကာ မန်ဟို့၏ ခေါင်းထိပ်အတွင်းသို့ စိမ့်ဝင်သွား၏။ ၎င်းသည် သူ၏ ဒန်တျန်နယ်ပယ်သို့ လျင်မြန်စွာ ရောက်ရှိသွားကာ မန်ဟိုက တုံ့ဆိုင်းခြင်းမရှိဘဲ သတ္တုအနုသုခုမရုပ်ခန္ဓာ အပေါ်သို့ ထပ်လိုက်သည်။ နှစ်ခုသည် တစ်သားတည်း ဖြစ်သွား၏။

အနုသုခုမရုပ်ခန္ဓာနှစ်ခု တစ်သားတည်း ဖြစ်သွားသည်နှင့် မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည်။ သူသည် သူ၏ ကျင့်ကြံခြင်းအခြေခံ လျင်မြန်စွာ မြင့်တက်လာသည်ကို ချက်ချင်းခံစားလိုက်ရ၏။

သူက အနုသုခုမရုပ်ခန္ဓာ နှောင်ပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။ အဆင့်တစ်ခုလုံး တက်မသွားသေးသော်လည်း သူ၏ အတိုက်အခိုက်စွမ်းရည်မှာ ယခင်ကထက် နှစ်‌ဆ သို့မဟုတ် ထို့ထက်ပို၍ တိုးတက်သွားသည်ကို အာရုံရလိုက်၏။

လောလောဆယ်တွင် မန်ဟိုက မအံ့ဩပေ။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ အဆင့်တူထက် သာလွန်စေသော ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာ၏ စွမ်းအား ဖြစ်သည် မဟုတ်ပါလော။

သို့သော် အတိုက်အခိုက်စွမ်းရည် တဟုန်ထိုး တက်သွားသလို၊ သူ၏ သက်တမ်းကို တိုက်စားနေမှုမှာလည်း ပို၍ပင် များပြားလာကြောင်း မန်ဟိုခံစားနိုင်လေသည်။

ရှင်သန်ခြင်းနှင်းပန်းက အပြင်းအထန်ရုန်းကန်ရင်း အသံမဲ့စွာ အော်ဟစ်လိုက်ပြန်သည်။ စောစောက ၎င်းသည် အသာစီးရခဲ့ပြီး ယခုတော့ မန်ဟို့ကို ခုခံရန် ကြိုးစားနေရတော့သည်။ ၎င်းကား ၎င်းပိုင်ဆိုင်ထားပြီး ဖြစ်သော မန်ဟို၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို ပြန်ယူခွင့် ‌မပေးလိုပေ။

" ဒါက အနုသုခုမရုပ်ခန္ဓာနှစ်ခု ရဲ့ တစ်သားတည်းဖြစ်တာပဲ ရှိသေးတယ် " မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပလျက် ပြောသည်။ ရုတ်တရက် ရေအနုသုခုမရုပ်ခန္ဓာသည် အနီရောင် အလင်းကို ထုတ်လွှတ်လျက် ပျံဆင်းလာကာ သူ၏ ခေါင်းထိပ်အတွင်းသို့ စိမ့်ဝင်သွား၏။ အချိန် အနည်းငယ်ကြာသော် ၎င်းသည် သူ၏ ဒန်တျန်နယ်ပယ်တွင် ပြန်ပေါ်လာကာ သတ္တုနှင့် သစ်သား အနုသုခုမရုပ်ခန္ဓာများ အပေါ် ထပ်သွားသည်။ ၎င်းတို့သည် အတူတူ ပေါင်းစည်းသွားပြီး အနုသုခုမရုပ်ခန္ဓာ သုံးခုကား တစ်သားတည်း ဖြစ်သွားလေသည်။

ဂျိန်း

သူ၏ အတိုက်အခိုက်စွမ်းရည်မှာ အနုသုခုမရုပ်ခန္ဓာနှစ်ခု ကနဦးပေါင်းစည်းသွားခြင်း၏ အခြေခံမှ မယုံကြည်နိုင်ဖွယ် ပြင်းအားကြီးဖြင့် တဟုန်ထိုး မြင့်တက်လာကြောင်း မန်ဟို ရှင်းရှင်းလင်းလင်း အာရုံရလိုက်သည်။

မူလက သူသည် အနုသုခုမရုပ်ခန္ဓာတစ်ခုတည်းနှင့် ညီမျှသော စွမ်းအားကိုသာ ပိုင်ဆိုင်ခဲ့၏။ သို့ရာတွင် ဤ အခိုက်အတန့်တွင် သူ၏ စွမ်းအားသည် နှောင်းပိုင်းအဆင့် အထွတ်အထိပ် အနုသုခုမရုပ်ခန္ဓာလေးခုနှင့် ညီမျှသွားလေသည်။ ထို့အပြင် သူ၏ သက်တမ်း လျော့နည်းသွားခြင်းမှာလည်း ပို၍ တိုးလာ၏။

ဤသည်မှာ ကျင့်ကြံခြင်းအခြေခံ တိုးတက်ခြင်း မဟုတ်ဘဲ အတိုက်အခိုက်စွမ်းရည် မြင့်တက်လာခြင်း ဖြစ်သည်။ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုနိုင်သည့် စွမ်းအားမှ ပေါက်ဖွားလာသော သဘာ၀ခွန်အား ဖြစ်၏။ ဤ တိုးတက်မှုက ပုလင်းထဲရှိ ရေများ သဖွယ်ပင်။ ပုလင်းကား ထပ်မကြီးနိုင်သော်လည်း ရေများ ပုလင်းထဲသို့ ထပ်ထည့်လျှင် သာလွန်သော ဖိအားတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

ရှင်သန်ခြင်းနှင်းပန်းကား စူးစူးဝါးဝါး အော်ဟစ်နေ၏။ ၎င်း၏ အသံကို အပြင်လူ မကြားရဘဲ မန်ဟိုတစ်ယောက်သာ ရှင်းရှင်းလင်းလင်း ကြားနေရ၏။ ရှင်သန်ခြင်းနှင်းပန်းသည် မန်ဟို၏ ပေါင်းစည်းထားသော ဓာတ်သုံးပါးစွမ်းအားကို မခုခံနိုင်ပေ။ ၎င်းမှာ ချက်ချင်းပင် မန်ဟို၏ လက်နှစ်ဖက်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး မန်ဟို၏ ခြေထောက်အတွင်းရှိ ၎င်းနေရာသို့ ပြန်ဆုတ်ခွာသွားရ၏။

" မင်းကို ဖိနှိပ်ဖို့အတွက် ငါ ဒီလောက်အထိ အားထုတ်စရာမလိုဘူး " မန်ဟိုက အေးစက်စွာ ပြောသည်။ " ဒါက ထိပ်တိုက်တွေ့တာလေးပဲ။ မင်းက ငါ့အတွက် ပြိုင်ဘက် ဖြစ်ဖို့တောင် မထိုက်တန်ဘူး။ ငါ့ကို အပိုင်စီးဖို့ ကြိုးစားရလောက်တဲ့အထိ မင်းကိုယ်မင်း ဘယ်လောက် အရည်ချင်းရှိတယ် ထင်နေတာတုန်း။

"မင်းက ငါ ဒါပေမယ့်… ငါက မင်း မဟုတ်ဘူး " မီးအနုသုခုမရုပ်ခန္ဓာမှ မီး‌တောက်များ တဟုန်းဟုန်းတောက်လာပြီး ၎င်းက ပျံဆင်းလာက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွား၏။ ထို့နောက် ၎င်းသည် သူ၏ ဒန်တျန်နယ်ပယ်တွင် ပြန်ပေါ်လာကာ သတ္တု၊ သစ်သားနှင့် ရေအနုသုခုမရုပ်ခန္ဓာများနှင့် ပေါင်းစည်း သွားလေသည်။

ကြောက်ခမန်းလိလိ ထစ်ချုန်းသံကြီးများက မန်ဟို့တစ်ကိုယ်လုံးကို တုန်ရီနေစေတော့သည်။ သွေးများက အရှိန်အဟုန်ပြင်းစွာ တ‌ဝေါဝေါ စီးဆင်းလာနေသဖြင့် သွေးကြောပြာကြီးများ‌ ဖောင်းပွလာသည်။ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ကားထွက်လာ၏။ သူ့မှာ အရပ်ပိုရှည်လာသယောင်ပင်။ သူသည် ပိန်ပိန်ပါးပါး‌ဖြစ်နေသေးသော်လည်း သူ၏အသွေးအသားအလုံးစုံမှာ ထိတ်လန့်ဖွယ်ရာစွမ်းအားကြီးဖြင့် ပေါက်ကွဲ‌ထွက်ခါနီးနေလေပြီ။

သူ၏အတိုက်အခိုက်စွမ်းရည်မှာ... နှစ်ဆတိုးသွားပြန်၏။

ဤအခိုက်အတန့်တွင် သူသည် နှောင်းပိုင်းအဆင့်၏ အထွတ်အထိပ်ရှိ အနုသုခုမရုပ်ခန္ဓာရှစ်ခုနှင့် တူညီသောစွမ်းအားကို ပိုင်ဆိုင်သွားလေပြီ။ ပေါင်းစည်းထားသော ဓာတ်လေးပါးစွမ်းအား ပေါက်ကွဲထွက်လာရာ ရှင်သန်ခြင်းနှင်းပန်းကို တွန့်လိမ်လူးလွန့်၍ စူးစူးဝါးဝါး ‌အော်လိုက်ရစေသည်။ ၎င်းမှာ နောက်တစ်ဖန် တွန်းထုတ်ခံလိုက်ရဖြင့် မန်ဟို၏ ခြေထောက်ကို မထိန်းချုပ်နိုင်တော့ဘဲ အစွန်ကျဆုံး‌‌ ‌‌ခြေဖျားအထိ ရောက်သွားတော့သည်။

သို့သော် ဆုတ်နိုင်သမျှ ဆုတ်သွားသော အခိုက်အတန့်မှာပင် ရှင်သန်ခြင်းနှင်းပန်းမှ မန်ဟို၏သူငယ်အိမ်များကို ကျဉ်းမြောင်းသွားစေသောအရှိန်အဝါတစ်ခု ထွက်လာသည်။

အရှိန်အဝါသည် အားကောင်းသထက် အားကောင်းလာပြီး တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးမှ အကြွင်းအကျန်တချို့ပင် ပါရှိနေပုံရသည်။ ရုတ်တရက် မန်ဟို ဖိနှိပ်ခဲ့သော လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းကား တောက်ပလာပြီး...

ငါးရောင်မြောက်အရောင် ဖြစ်တည်လာလေပြီ။

ငါးရောင်မြောက်ပေါ်လာသောအခါ မန်ဟို စိတ်နှလုံးတုန်ရီသွား၏။ သို့သော်လည်း သူ၏မျက်လုံးများက ဝမ်းသာအံ့ဩသွားသော အလင်းဖြင့် တောက်ပသွားသည်။ ဤရှင်သန်ခြင်းနှင်းပန်းမှာ မပြည့်စုံ၍ ခုနစ်ရောင်ခြယ်ပွင့်လန်းကာ အင်မိုတယ်အဆင့်သို့ ဘယ်တော့မှ တက်မည်မဟုတ်ကြောင်း သူသိသည်။ သုံးရောင်ကား အလွန်ဆုံးပင်။ ၎င်းက လေးရောင်မြောက်ကို အံ့ဖွယ်ရာအဖြစ်မှတစ်ဆင့် ပိုင်ဆိုင်ခဲ့သည်။ သို့သော် .... ယခု ငါးရောင်မြောက်ကား အမှန်တကယ် ပေါက်ဖွားလာခဲ့လေပြီ။

ဤငါးရောင်မြောက်သည် မန်ဟို၏ အနုသုခုမရုပ်ခန္ဓာ ဖော်စပ်ခြင်း၊ တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးအပြင် ပြီးပြည်စုံသောနယ်ပယ်သို့ ရောက်ရှိသွားခြင်းနှင့် သိသိသာသာ ပတ်သက်နေလေသည်။ ဤအကြောင်းမျိုးစုံကြောင့် ရှင်သန်ခြင်းနှင်းပန်းမှာ တဟုန်ထိုး မြင့်တက်နိုင်သွားလေသည်။

ငါးရောင်မြောက် ပွင့်ချပ် ရှင်သန်ခြင်းနှင်းပန်းအပေါ်တွင် ပေါ်လာသောအခါ ၎င်းက ရန်လိုစွာ အော်ပြီး ချောင်ကပ်နေသောနေရာမှာ ထွက်လာသည်။ ၎င်းသည် မန်ဟို့တစ်ကိုယ်လုံးကို မောင်ပိုင်စီးရန် ကြီးထွားပြန့်ကားလာလေပြီ။ ၎င်းက မန်ဟို့ကို ထိန်းချုပ်၍ သူ့အား ၎င်းကြိုးဆွဲရာကရမည့် ရုပ်သေးရုပ်ဖြစ်လာစေချင်နေသည်။

မန်ဟို ရှင်သန်ခြင်းနှင်းပန်း၏ အမျက်ဒေါသကို ခံစားလိုက်ရ၍ ပြုံးလိုက်မိသည်။ ၎င်းအား သည့်ထက်ပို၍ သူ အစွမ်းထက်လာစေချင်သည်။ အဘယ်ကြောင့်ဆိုသော် နောင်တစ်ချိန် အင်မိုတယ်အဆင့်တက်ဖို့ အရေးကြီးသောအခိုက်အတန့် ရောက်ရှိသည့်အခါ ဤရှင်သန်ခြင်းနှင်းပန်းကို အသုံးပြုရန် ဆုံးဖြတ်ထားခဲ့သည့်အတွက်ကြောင့်ပင်။

ရှင်သန်ခြင်းနှင်းပန်း အစွမ်းကုန် ပေါက်ကွဲလာသည့်အချိန်မှာပင် မန်ဟိုက ခေါင်းမော့လိုက်သည်။ မြေအနုသုခုမရုပ်ခန္ဓာသည် ရုတ်ခြည်း ‌အရိုးခိုက်မတတ် အေးစက်မှုဖြင့် ပေါက်ကွဲထွက်လာတော့၏။ ၎င်းသည် မန်ဟို့နဖူးမှတစ်ဆင့် ဝင်ရောက်သွားပြီး အချိန်အနည်းငယ်ကြာသော် သူ၏ဒန်တျန်နယ်ပယ်တွင် ပြန်ပေါ်လာသည်။ ဓာတ်ငါးပါး တစ်ခုအပေါ် တစ်ခု ထပ်သွားပြီး ......ဓာတ်ငါးပါး ပေါင်းစည်းသွားလေပြီ။

(T/N: အနုသုခုမရုပ်ခန္ဓာ တစ်ခုထပ်ပေါင်းတာနဲ့ မန်ဟိုရဲ့အတိုက်အခိုက်စွမ်းရည်က နှစ်ဆတိုးပါတယ်။

အနုသုခုမရုပ်ခန္ဓာတစ်ခု - အတိုက်အခိုက်စွမ်းရည် ၁ ဆ

အနုသုခုမရုပ်ခန္ဓာနှစ်ခု   - အတိုက်အခိုက်စွမ်းရည် ၂ ဆ

အနုသုခုမရုပ်ခန္ဓာသုံးခု  - အတိုက်အခိုက်စွမ်းရည်  ၄ ဆ (၂ x ၂)

အနုသုခုမရုပ်ခန္ဓာလေးခု- အတိုက်အခိုက်စွမ်းရည် ၈ ဆ (၄ x ၂)

အနုသုခုမရုပ်ခန္ဓာငါးခု   - အတိုက်အခိုက်စွမ်းရည် ၁၆ ဆ (၈ x ၂) )

***

All Chapters