← Chapters

ပြစ်ဒဏ်မိုးကြိုး မတွေ့ရတာကြာပြီ

Vol. 38 Ch. 525

ပြစ်ဒဏ်မိုးကြိုး မတွေ့ရတာကြာပြီ

Vol. 38 Ch. 525

ဓာတ်ငါးပါး ပေါင်းစည်းသွားသောအခါ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံက မပြောင်းလဲသွားသော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်မှာ ချက်ချင်း နှစ်ဆ တိုးသွား၏။ ပထမက သူ့တွင် နှောင်းပိုင်းအဆင့်၏ အထွတ်အထိပ် အနုသုခုမရုပ်ခန္ဓာတစ်ခုစွမ်းအားသာ ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ယခု သူ့တွင် ဆယ့်ခြောက်ဆနှင့် ညီမျှသော စွမ်းအားရှိသွားပြီ ဖြစ်၏။

ထိုကဲ့သို့ အတိုက်အခိုက်စွမ်းရည်မှာ အနုသုခုမရုပ်ခန္ဓာ‌ နှောင်းပိုင်းအဆင့်၏ အတိုင်းအတာထက် ကျော်လွန်လေသည်။ အနုသုခုမရုပ်ခန္ဓာ မဟာစက်၀န်းအဆင့် တစ်စုံတစ်ယောက်ပင်လျှင် မန်ဟို၏ ဆယ့်ခြောက်ဆ အထွတ်အထိပ်နှောင်းပိုင်းအဆင့် အနုသုခုမရုပ်ခန္ဓာ စွမ်းအား အရှေ့တွင် မြက်ခြောက်များသဖွယ်သာ ဖြစ်နေပေလိမ့်မည်။

ထိုသည်မှာ ပြီးပြည့်စုံသော နယ်ပယ်၏ မယုံကြည်နိုင်ဖွယ်ကောင်းသော ကြောက်စရာ စွမ်းအားကြီးတစ်ခု ဖြစ်လေ၏။

သို့သော် မန်ဟို့အတွက် ထိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားမျိုး ရရှိအောင် သက်တမ်းဖြင့် ပေးဆပ်ထားရလေသည်။ သူသည် ထိုကဲ့သို့ စွမ်းအားမျိုးအား ‌ဆုပ်ကိုင်ထားဖို့ ဆိုလျှင် သက်တမ်းမှာ နှစ်တစ်ရာတင် မဟုတ်ဘဲ နှစ်ခြောက်ရာ လျော့ကျသွားလိမ့်မည်။

သူသည် ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာကို သမားရိုးကျနည်းလမ်းအစား အခြားနည်းလမ်းများဖြင့် ရယူခဲ့သည် မဟုတ်ပါလော။ သို့သော် ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာ တစ်ခုပင်လျှင် ဤ အံ့ဖွယ်သရဲစွမ်းအားဖြင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။

မန်ဟိုသည် ကိုယ်တိုင်ဖောက်ထားသော ဤအနုသုခုမရုပ်ခန္ဓာ လမ်းစဉ်အသစ်အပေါ်တွင် ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာ၏ စွမ်းအားထက်ပင် သာလွန်သော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ သူသည် လက်တွေ့ သုတေသနများဖြင့် မဟုတ်ဘဲ ခန့်မှန်းချက်များဖြင့်သာ လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့် အဆုံးသတ်ရလဒ်က မည်သို့မည်ဖုံ ဖြစ်လိမ့်မည်ကို မသိခဲ့ပေ။ သို့သော်လည်း သူ့ကိုယ်တွင်းရှိ အတိုက်အခိုက် စွမ်းရည်ကို အာရုံခံပြီးနောက်တွင်တော့ သူ၏ လမ်းစဉ်မှာ အံ့ဖွယ်သရဲဖြစ်ကြောင်း သဘောပေါက်သွားလေပြီ။

သူက ပွင့်ချပ်ငါးချပ်ရှင်သန်ခြင်းနှင်းပန်းအား တန်ပြန်တိုက်ခိုက်လိုက်သဖြင့် အတိုက်အခိုက်စွမ်းအားသည် ပေါက်ကွဲထွက်လာကာ သူ၏အရှိန်အဝါမှာလည်း ရက်စက်ကြမ်းကြုတ်သွား၏။ သူ၏ခန္ဓာကိုယ်မှာ အားနှစ်ရပ် ပြေးဝင်တိုက်လိုက်သော စစ်မြေပြင်ပမာဖြစ်ချေသည်။

၎င်းတို့ ဝင်တိုက်သွားသည်နှင့်တစ်ပြိုက်နက် ရှင်သန်ခြင်းနှင်းပန်း၏ စူးစူးဝါးဝါး အော်သံကြီး ထွက်လာသည်။ ငါးခုမြောက်ပွင့်ချပ် ထွက်လာခဲ့သည့်တိုင် မန်ဟို၏ ကြောက်မက်ဖွယ်ရာ အတိုက်အခိုက်စွမ်းရည်အောက်ဝယ် တိုက်ကွက်လေးတစ်ကွက်ကိုပင် ခံနိုင်ရည်မရှိပေ။

မန်ဟို၏တိုက်ခိုက်မှု‌ကြောင့် ရှင်သန်ခြင်းနှင်းပန်းမှာ လဲကျသွားသဖြင့် အကောင်အထည်မရှိသော ပေါက်ကွဲလှိုင်းများ ရိုက်ခတ်သွားသည်။ ၎င်းမှာ အဆက်မပြတ် ထိုးနှက်ခံလိုက်ရ၍ ‌အသားစီးမှုရရှိနေသော အခြေအနေမှာ လုံးဝ နောက်ဆုတ်သွားရလေပြီ။ ယခုတွင် ၎င်းသည် ‌ထကြွရန် အကြံအစည်ဟူသမျှ လက်လျှော့ပြီး မန်ဟို ထပ်မံမတိုက်ခိုက်စေရန် ဆုတောင်းရင်း ခြေဖျားလက်ဖျားများတွင် ချောင်ကုပ်နေတော့သည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ‌သူ၏ခေါင်းအနားတွင် ပျံဝဲနေသော ခြောက်ခုမြောက် လေအနုသုခုမရုပ်ခန္ဓာကို မော့ကြည့်လိုက်သည်။

အချိန်တခဏ‌ကြာသော် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပသွား၏။

"ငါ အစွမ်းထက်တဲ့သူ ဖြစ်ဖို့ စိတ်ပိုင်းထားပြီးပြီဆိုတော့ ပြိုင်ဘက်ကင်း အထွတ်အထိပ်စွမ်းအားကိုလည်း ရယူမယ်" သူသည် တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ ညာလက်ကို မြှောက်ကာ လေအနုသုခုမရုပ်ခန္ဓာကို လက်ညှိုးထိုးလိုက်သည်။ ၎င်းသည် လင်းခနဲ လက်ပြီး မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာသည်။ ‌အသေးစား‌နေရာရွှေ့ပြောင်းခြင်းမဟုတ်၊ ထို့ထက် မြန်၏။ ၎င်းသည် မန်ဟို၏ ကိုယ်တွင်း၌ လျှပ်တပြက် ပြန်ပေါ်လာကာ ကျန်အနုသုခုမရုပ်ခန္ဓာများနှင့် ပေါင်းစည်းသွားလေသည်။

ဝုန်း

ဓာတ်ငါးပါးမဟာစက်ဝန်း ၊ ခြောက်ရောင်ခြယ်အနုသုခုမရုပ်ခန္ဓာ။

ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သော အတိုက်အခိုက်စွမ်းရည်သည် နောက်တစ်ဖန် နှစ်ဆတက်သွားပြန်၏။ အထွတ်အထိပ်နှောင်းပိုင်းအဆင့်အနုသုခုမရုပ်ခန္ဓာ (၃၂) ခုနှင့် ညီမျှသော အံ့မခန်းလိလိအရှိန်အဝါကြီးက ဝုန်းခနဲ ပေါက်ကွဲထွက်လာကာ ခရမ်းပင်လယ်ကြီးအား တသိမ့်သိမ့် တုန်ခါသွားစေတော့သည်။ အရာအားလုံး ယိမ်းထိုးလှုပ်ရမ်းလာ၏။ ဤသည်မှာ .... ခြောက်ရောင်စဉ် ပါရာဂွန်ပင်။

မန်ဟိုသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအလုံးစုကို ရှင်းလင်းဖယ်ရှားပစ်နိုင်၏။ သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ ‌အတန်ငယ် ‌ဝေးကွာသေးသည့်တိုင် တောင်ကောင်းကင်ဂြိုဟ်တစ်ဝန်းလုံးတွင် သေချာပေါက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် .... နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်ချေသည်။

သူ၏ ကျင့်ကြံခြင်း အခြေခံသာ အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်မှ မဟာစက်၀န်းအဆင့်သို့ ဖောက်ထွက်သွားလျှင် ပုံမှန်ထက် (၃၂) ဆ အစွမ်းထက်သော အတိုက်အခိုက်စွမ်းရည်ဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် အားနည်းတော့မည် မဟုတ်ပေ။ သူကား သူ့ကိုယ်သူ ကာကွယ်နိုင်သည်အထိ အစွမ်းထက်သွားပြီဟု ဆိုနိုင်၏။

သိပ်ပြီး ဘ၀င်ကျစရာမကောင်းသော်လည်း စိတ်ဝိညာဉ်ခွဲထွက်ခြင်း အဆင့်မှာ ပိုင်းခြားစည်းဟူ၍ သတ်မှတ်နိုင်သော အဆင့်တစ်ခု ဖြစ်လေသည်။ စဦးချီဖွဲ့စည်းမှု၊ ချီ‌အခြေတည်၊ အမြုတေဖြစ်တည်မှု၊ အနုသုခုမရုပ်ခန္ဓာ .... ဤအဆင့်များမှာ တကယ်တမ်း သေမျိုးအဆင့်သာ ရှိသေးချေသည်။

အမှန်တော့ ဘဝအသစ်တစ်ခုသို့ ရောက်ရှိဖို့အတွက် မယုံကြည်နိုင်ဖွယ် စွမ်းအားများကို အသုံးပြုရင်း အရှိန်တည်ဆောက်ရခြင်းသာ။

စိတ်ဝိညာဉ် ခွဲထွက်ခြင်းအဆင့်၊ တာအိုရှာဖွေအဆင့်နှင့် အင်မိုတယ်တက်လှမ်းခြင်းအဆင့် ဟူသော အဆင့်သုံးဆင့်ကို တန်ခိုးရှင်အဆင့်များဟု သတ်မှတ်နိုင်၏။

သေမျိုးလူသားများနှင့် တန်ခိုးရှင်အကြား ခြားနားမှုမှာ သေမျိုးလောကမှ တစ်စုံတယောက်သည် တန်ခိုးရှင်လောကမှ အင်အားကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦးကို ခုခံနိုင်သည်ဆိုသော သတင်းသာ ပျံ့နှံ့သွားခဲ့လျှင် တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဆူညံပွက်လောရိုက်သွားမည်အထိ ဖြစ်သည်။

ပြောရလျှင် ထိုကဲ့သို့ ခုခံနိုင်ဖို့ဆိုတာ အဖိုးထိုက်ရတနာများ၏အကူအညီပါမှသာလျှင် ဖြစ်နိုင်လေသည်။ အပြင်အားကိုယ်အပေါ်တွင်သာ မှီခိုအားထား၍မရပေ။

ဤအခိုက်အတန့်တွင်တော့ မန်ဟို့အတွက် ဖြစ်နိုင်သွားလေပြီ။

မန်ဟို ခြောက်ရောင်ခြယ်မဟာစက်ဝန်းသို့ ရောက်ရှိသောအခါ သူ၏ခန္ဓာကိုယ်အတွင်းရှိ ရှင်သန်ခြင်းနှင်းပန်း တုန်ရီလာသည်။ သို့သော် ၎င်း သိပ်ကြာကြာပင် မတုန်ရသေးမီ မန်ဟိုက ၎င်းကို ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံဖြင့် ရိုက်ချလိုက်၏။

မိုးကြိုးများ ဆက်တိုက်ထစ်ချုန်းသွားသကဲ့သို့ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသော ပေါက်ကွဲသံကြီး မန်ဟို၏ ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်သွားသည်။ ရှင်သန်ခြင်းနှင်းပန်းသည် ငယ်သံပါအောင် အသံကုန် အော်ဟစ်လိုက်၏။ ၎င်း၏အကာအကွယ်အားလုံးမှာ မန်ဟို၏ အတိုက်အခိုက်စွမ်းရည်နှင့် ၎င်းအမြုတေအထဲထိ ထိုးဖောက်ဝင်ရောက်လာသော နတ်ဘုရားအာရုံကို ခုခံနိုင်စွမ်းမရှိသဖြင့် ကြေမွပျက်စီးကုန်လေသည်။

၎င်းမှာ ငယ်သံပါအောင် အော်ရင်း ထိတ်လန့်တုန်ရီနေ၏။ ၎င်းသည် ကိုယ်ပိုင်အသိစိတ်ရှိပြီး ၎င်း၏မှတ်ဉာဏ်ထဲတွင် ယခုကဲ့သို့ ကူကယ်ရာမဲ့နေသော ခံစားချက်မျိုးကို မမှတ်မိပေ။ မူလအစက ၎င်းသည် သက်ရှိသတ္တဝါအားလုံး၏ အထက်တွင် ရှိခဲ့၏။ မန်ဟိုဆိုသည်မှာ ၎င်းအတွက် ကပ်တွယ်ရာခန္ဓာကိုယ်ထက် မပို‌ခဲ့ပေ။ သို့ရာတွင် ယခုတော့ ၎င်းမှာ အနိုင်ယူခံလိုက်ရကာ.... မန်ဟို၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနေလေပြီ။

၎င်း ဘာမှမတတ်နိုင်။ မန်ဟို၏ နှောင်းပိုင်းအဆင့် အထွတ်အထိပ် အနုသုခုမရုပ်ခန္ဓာ (၃၂) ခု၏ အတိုက်အခိုက်စွမ်းရည်မှာ ရှင်သန်ခြင်းနှင်းပန်းအတွက် ၎င်း၏အမြုတေအထဲသို့ နတ်ဘုရားအာရုံ ထိုးဖောက်ဝင်ရောက်လာသည်ကိုသာ ကြည့်နေ‌ရသည်အထိ ဖြစ်တော့သည်။ ယခုတွင် ၎င်း၏ရှင်ခြင်း‌သေခြင်းမှာ မန်ဟို၏လက်ထဲကရေ ဖြစ်သွားလေပြီ။

သို့သော် မန်ဟိုက ရှင်သန်ခြင်းနှင်းပန်းကို မသတ်ပေ။ ထိုအစား ၎င်း၏အသိစိတ်ကို သူ၏ ချုပ်နှောင်တံဆိပ်ဖြင့် ခတ်နှိပ်လိုက်သည်။

"ဒီချုပ်နှောင်တံဆိပ်ကို ဖျက်စီးလို့ မရဘူး။ အခုကစပြီး နောက်နှစ်တစ်ရာနေလို့မှ ခြောက်ခုမြောက်ပွင့်ချပ်ပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှာမတွေ့ရင် မင်းကို ငါ သုတ်သင်ပစ်မယ်"

"ခြောက်ခုမြောက်ပွင့်ချပ်ပေါ်လာခဲ့ရင်တော့ ချုပ်နှောင်တံဆိပ် ပျက်ပြယ်သွားပြီး မင်းကို ငါ့ခန္ဓာကိုယ်ကို အပိုင်စီးနိုင်ဖို့ အခွင့်အရေးထပ်ပေးမယ်။ အဲ့ဒီအချိန်ကျရင် ... မင်းမှာ ငါ့ကို တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မှီသွားပြီ" မန်ဟို၏ သွေးအေးသော စကားလုံးများက ရှင်သန်ခြင်းနှင်းပန်း၏ အသိစိတ်အပေါ် ခတ်နှိပ်ထားသော ချုပ်နှောင်တံဆိပ်အတွင်းတွင် ပဲ့တင်ရိုက်နေသည်။ ၎င်းမှာ မန်ဟို့ကို ကြောက်ရွံ့ရိုသေနေသလို၊ မပေါင်းစည်းလိုသဖြင့် ရန်လည်းရန်လိုနေသည်။ နောက်ဆုံးတွင်တော့ ၎င်းသည် အရိုင်းဆန်နှလုံးသားကို ဖိနှိပ်ရင်း တဖြေးဖြေး စိတ်တည်ငြိမ်လာ၏။

ရှင်သန်ခြင်းနှင်းပန်းကို ဖိနှိပ်ပြီးနောက် မန်ဟိုသည် တင်ပျဉ်ခွေထိုင်ကာ သူ၏ကျင့်ကြံခြင်းအခြေခံကို လေ့လာလိုက်သည်။ သူ၏သက်တမ်းမှာ ယခုအတိုင်း ဆက်ရှိနေမည်ဆိုလျှင် နောက်ထပ်သုံးနှစ်၊ ထို့ထက်အနည်းငယ်လောက် ခံဦးမည်ဖြစ်၏။

" ငါ့မှာ ခုနစ်ခုမြောက် အနုသုခုမရုပ်ခန္ဓာ မရှိတာ ဆိုး၀ါးလွန်းတယ်။ အဲ့ဒီဟာသာ ရှိသွားရင် သက်တမ်းက တစ်နှစ်ပဲ ကျန်တော့ပေမယ့်လို့ ခုနစ်ခုမြောက် အနုသုခုမရုပ်ခန္ဓာနဲ့ဆိုရင် ငါ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို တိုက်ခိုက်နိုင်မလား မသိဘူး " သူ၏ မျက်လုံး‌များ လင်းခနဲ တောက်ပသွားသည်။

ရုတ်တရက် သူသည် သိုလှောင်အိတ်ကို ပုတ်ကာ ‌သစ်သားဘူးတစ်ဘူး ထုတ်လိုက်၏။

သူသည် ဘူးကို ကြည့်ရင်း သူ့ဆရာ ဆေးလုံးမိစ္ဆာကို တွေးလိုက်မိသည်။ ဤဘူးကို ဆေးလုံးမိစ္ဆာမှ လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ရှင်သန်ခြင်းနှင်းပန်းကို ဖိနှိပ်နိုင်သည်သာမက သူ့အား ကျင့်ကြံခြင်းအခြေခံ တိုးတက်စေနိုင်သော ဆေးလုံးတစ်လုံး ပါရှိလေသည်။ ၎င်းကား သူ၏ သက်တမ်းကိုလည်း ဆွဲဆန့်ပေးနိုင်၏။

ကုန်လွန်ခဲ့သည့် နှစ်များတစ်လျှောက်လုံး မန်ဟိုသည် တစ်လုံးမှပင် မစားခဲ့ပေ။ သို့သော် ယခုတွင် သူက တုံ့ဆိုင်းခြင်း အလျင်းမရှိဘဲ ဆေးလုံးတစ်လုံး ထုတ်ကာ ပွားပြီးနောက် သူ့ပါးစပ်ထဲ တစ်လုံး ထည့်လိုက်လေသည်။ ဆေးလုံးအရည်ပျော်သွားစဉ် သူသည် တင်ပျဉ်ခွေထိုင်လျက် တရားထိုင်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ပို၍ပင် တည်ငြိမ်လာပြီး သူ၏ အသက်စွမ်းအားမှာ ပို၍ များပြားလာသည်။ များပြားလာသည့် စွမ်းအားကား သူ၏ ခြောက်ရောင်ခြယ် အနုသုခုမရုပ်ခန္ဓာနှင့် ပေါင်းစည်းကာ သူ၏ သက်တမ်းကို ပြည့်တင်းလာစေ၏။

ဆေးလုံးအား အလုံးစုံ စုပ်ယူပြီးနောက် အချိန်အနည်းငယ်ကြာသော် သူသည် နောက်ထပ် အနည်းငယ်ပွားပြီးနောက် စတင်စားတော့သည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် သူ၏ မျက်လုံးများသည် တရားထိုင်နေရာမှ ပြန်ပွင့်လာ၏။ ၎င်းတို့သည် အံ့ဩတုန်လှုပ်ဖွယ်ရာ အလင်းရောင်တို့ဖြင့် ပြည့်နှက်နေ၏။ သူ၏ အသက်စွမ်းအားမှာလည်း ယခုတွင် နှစ်ခြောက်ဆယ်စက်၀န်း၏ တစ်၀က်ခန့်အထိ ပြန်လည် အားပြည့်သွားလေပြီ။

သူ၏ သိုလှောင်အိတ်မှာတော့ ဝိညာဉ်ကျောက်တုံးများ ပြောင်သလင်းခါနေပြီဖြစ်ပြီး စားခဲ့ရသည့်ဆေးလုံးများလည်း နည်းနည်းနောနော မဟုတ်ပေ။ သို့သော် သူ၏ သက်တမ်းကို‌တော့ နှစ်တစ်ထောင်နီးပါး ထပ်ပေါင်းလိုက်နိုင်၏။ ကံဆိုးစွာနှင့် ဆေးလုံး၏ ထိရောက်မှုမှာ အားနည်းသထက် အားနည်းလာခဲ့လေရာ နောက်ဆုံးတွင် လုံး၀ အလုပ်မလုပ်တော့ပေ။ သက်တမ်းဆွဲဆန့်ဆေးလုံးအားလုံး ထိုအတိုင်းသာ ဖြစ်လေ၏။

သက်တမ်းမှာ နှစ်တစ်ထောင်ထက် မကျော်နိုင်သည် မဟုတ်ပါလော။ ထိုစည်းမျဉ်းအား ဘယ်တော့မှ ပြောင်းလဲ၍ မရသလို သေမျိုးစွမ်းအားမျိုးဖြင့် ၎င်းအား တိုက်ခိုက်၍ မရပေ။

"နှစ်သုံးဆယ်လောက် ထင်ရပေမယ့် ငါ အနုသုခုမရုပ်ခန္ဓာကို ပုံမှန်အခြေအနေမှာ ခွဲထုတ်ပြီး အထူးအခြေအနေမှာ ပြန်ပေါင်းစည်းရင်တော့ သက်တမ်းပြဿနာ ‌ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်" ယခု မန်ဟိုသည် သက်တမ်းအား စိတ်ပူစရာမလိုတော့၍ သက်ပြင်းအရှည်ကြီးချလိုက်သည်။ ခုနစ်မြောက်အနုသုခုမရုပ်ခန္ဓာသာရှိလျှင်.... သည့်ထက် ပိုကောင်းပေမည်။

မန်ဟို ထရပ်လိုက်သည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်မှ တဖျောက်ဖျောက် မြည်သံများ ထွက်လာ၏။ သူသည် ယခုတွင် ယခင်ထက် ခေါင်းသုံးလုံးတိတိ မြင့်သွားလေပြီ။ ပခုံးလည်း ပိုကျယ်လာပြီး ခန္ဓာကိုယ်မှာ ပို၍ပင် ကျစ်လစ်လာလေသည်။

ကြက်သားအဖုအထစ်များ ထွက်မလာသော်လည်း ယခင်ထက် သိသိသာသာ တောင့်တင်းခိုင်မာနေပြီဖြစ်၏။ သူ၏အသွေးအသားအလုံးစုံသည် ကြောက်ခမန်းလိလိ စွမ်းအားဖြင့် ပြည့်နှက်နေချေသည်။ သွေးကြောပြာကြီးများ ဖောင်းကြွလာပြီး နှလုံးတစ်ချက်‌ခုန်လိုက်တိုင်း ‌ပူ‌နွေးနေသော သွေးများက သူ့ကိုယ်အနှံ့အပြား စီးဆင်းသွားတတ်သည်။

သူ၏အပြင်အားကိုယ်လည်း သူမတူအောင် ‌မာကြောလာ၏။

လောလောဆယ်တွင် သူသည် ဆွဲငင်အားတစ်ရပ်ကို ထုတ်လွှတ်နေလျက် ထူးဆန်းသော ပုဂ္ဂိုလ်ထူးအသွင်ဆောင်နေသည်။ သူသည် ‌လူ့လောကနှင့်မအပ်စပ်သကဲ့သို့ ခံညားထည်ဝါနေတော့သည်။

ရုတ်တရက် သူ၏ညာလက်မှ လာနေသော တချွတ်ချွတ် အက်ကွဲသံများကို ကြားလိုက်ရ၏။ မန်ဟို ငုံ့ကြည့်လိုက်ရာ အလွန်ပါးလွှာသော ဖန်မျိုးနွယ်လက်အိတ်မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲလာသည်ကို မြင်လိုက်ရသည်။

မန်ဟို့လက်သီး၏စွမ်းအားက ထိုလက်အိတ်ထက် ကျော်လွန်သွားလေပြီ။

မန်ဟိုသည် လက်အိတ်၏အပိုင်းအစများကို အလျင်အမြန် စုဆောင်းပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

"ဒါဆို ဒီစိတ်ဆန္ဒကို အခု ငါ့ရဲ့နတ်ဘုရားစွမ်းရည်တွေထဲက တစ်ခု …. ခြောက်ထွေဝိညာဉ်ခန္ဓာပြောင်းလဲခြင်းအဖြစ် သတ်မှတ်လို့ရမယ်။ ပုံမှန်အခြေအနေမှာတော့ ပထမဝိညာဉ်ခန္ဓာရဲ့စွမ်းအားကိုပဲ ဖော်ပြထားရမယ်" သူ၏မျက်လုံးများမှာ တလက်လက်တောက်ပနေပြီး သူ၏ကိုယ်အတွင်းရှိ ခြောက်ရောင်ခြယ်အနုသုခုမရုပ်ခန္ဓာ တုန်ရီသွားသည်။ သရဲပုံရိပ်များ ဖြစ်ပေါ်လာ၏။ အသက်ရှိုက်စာအနည်းငယ်ကြာသော် ၎င်းတို့သည် ပျောက်ကွယ်သွားပြီး အနုသုခုမရုပ်ခန္ဓာခြောက်ခု ကွဲသွားလေသည်။ ၎င်းတို့က မန်ဟို၏ ဒန်တျန်နယ်ပယ်တွင် တင်ပျဉ်ခွေလျက် တရားအားထုတ်နေကြ၏။

မန်ဟို၏အရှိန်အဝါမှာ ချက်ချင်း တစ်ဝက်လျော့ကျသွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် နောက်တစ်ဖန် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်၏အထွတ်အထိပ်သို့ ပြန်ရောက်သွားလေပြီ။ ခန္ဓာကိုယ်လည်း ပြောင်းလဲသွား၏။ အရပ်လည်းမရှည်တော့သလို၊ ခံညားထည်ဝါသောအသွင်ကိုလည်း မဆောင်တော့။ ပုံမှန်အရပ်သို့ ပြန်ရောက်သွားပြီး အသွေးအသားများထဲရှိ စွမ်းအားသည်လည်း ပုံမှန်ပြန်ဖြစ်သွားလေပြီ။ ယခုတွင် သူ၏ခန္ဓာကိုယ်မှ စာပေသမားဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေတော့သည်။

သူ၏နည်းလမ်း မှန်မမှန် ‌နှင့်  သက်တမ်းပြဿနာကို ဖြေရှင်းပြီး‌ကြောင်း အတည်ပြုရန် ‌ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးပြီးသည့်နောက် သူက ခရမ်းပင်လယ်ကြီးကို မော့ကြည့်လိုက်သည်။ သူ့အတွက် နတ်ဘုရားအာရုံ ထုတ်လွှတ်ရန် မလိုအပ်ပေ။ ခရမ်းပင်လယ်ကြီးတစ်ခုလုံးက သူ၏မျက်လုံးများ ဖြစ်၏။ ခရမ်းပင်လယ်ကြီး၏အထက်ရှိ ပြိုးပြိုးပြက်ပြက်လက်နေသော မုန်တိုင်းကြီးကို သူမြင်လိုက်သည်။ လျှပ်စီးများ ကခုန်နေပြီး ပြစ်ဒဏ်မိုးကြိုးများ သောင်းကျန်းနေချေသည်။

သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွား၏။  သူ၏ပတ်ပတ်လည်ရှိ ခရမ်းပင်လယ်ကြီးသည် ဝဲပုံစံ လည်လာရာ တဝုန်းဝုန်းရိုက်ခတ်နေသံကြီးများအား အဘက်ဘက်မှ ကြားနေရတော့သည်။

သူ၏ခန္ဓာကိုယ်သည် ခရမ်းပင်လယ်ကြီး၏အောက်ခြေမှ မျက်နှာပြင်ပေါ်သို့ တဟုန်ထိုး တက်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွား၏။

သူ အပေါ်တက်သွားစဉ် ဝဲကြီးသည် ပို၍ကြီးလာရာ ပင်လယ်မျက်နှာပြင်တွင် လှိုင်းလုံးကြီးများ တလိပ်လိပ် မြင့်တက်လာစေတော့သည်။ ခရမ်းပင်လယ်ကြီးတစ်ခုလုံးမှာ ‌ကောင်းကင်ဘုံသို့တိုင် ရိုက်ခတ်သည်အထိ အော်ဟစ်ရင်း မန်ဟို တက်လာသည်ကို ကြိုဆိုနေသည့်အလားပင်။

ဤသည်မှာ မန်ဟို့အတွက် နှစ်တစ်ရာကျော်ကြာမှ ....ပထမဆုံးအကြိမ် အပြင်လောကသို့ ထွက်လာခြင်းဖြစ်ပေသည်။

ဗွမ်း

လှိုင်းလုံးကြီးများက အဘက်ဘက်သို့ ရိုက်ခတ်နေလျက် ခရမ်းပင်လယ်ကြီးမှာ အော်ဟစ်နေတော့သည်။ မန်ဟိုသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်ရင်း ကောင်းကင်အထက်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို မော့ကြည့်လိုက်သည်။

အကန့်အသတ်မဲ့သော မိုးကြိုးများ ‌ထစ်ချုန်းမြည်ဟည်းသွား၏။ ပြစ်ဒဏ်မိုးကြိုးမှာ မန်ဟို့ကို ရှာတွေ့သွားသဖြင့် ‌ဒေါသတကြီး ‌အော်ဟစ်လိုက်သယောင်ပင်။

မန်ဟိက ပုံမှန်အတိုင်း အေးတိအေးစက်ပြောလိုက်သည်။ " ပြစ်ဒဏ်မိုးကြိုး.... မတွေ့ရတာကြာပြီ"

***

All Chapters