← Chapters

ဆဋ္ဌမဝိညာဉ်ခန္ဓာက ပြစ်ဒဏ်မိုးကြိုးကို တုန်လှုပ်စေခြင်း

Vol. 38 Ch. 526

ဆဋ္ဌမဝိညာဉ်ခန္ဓာက ပြစ်ဒဏ်မိုးကြိုးကို တုန်လှုပ်စေခြင်း

Vol. 38 Ch. 526

"အခုကစပြီး ငါ့ဘဝက နှစ်ပိုင်းကွဲသွားပြီ" မန်ဟိုက ရေရွတ်လိုက်၏။

"ပထမပိုင်းက တာ့ချင်းတောင်အောက်မှာ အရာရှိစာမေးပွဲဖြေဖို့ ကြိုးစားလျှောက်လှမ်းနေခဲ့တဲ့လမ်းကြောင်းပဲ ... ငါ တာ့ချင်းတောင်ပေါ်မှာ ရပ်ခဲ့တုန်းက ငါ့အိပ်မက်ကို ‌ချရေး၊ ဘူးသီးခြောက်ထဲထည့်ပြီးတော့ အောက်က မြစ်ထဲကို ပစ်ချခဲ့တယ်.....

"အဲ့ဒီအခိုက်အတန့်က ငါ့ဘဝဒုတိယအပိုင်းရဲ့ အစကို ကိုယ်စားပြုတယ်

"အဲ့ဒီဒုတိယအပိုင်းက ကျင့်ကြံအားထုတ်ခြင်းပဲ" မန်ဟိုသည် ပြောင်ရှင်းနေသော အစိမ်းရောင်ဝတ်ရုံကို ဝတ်လျက် ခရမ်းပင်လယ်ကြီး၏ မျက်နှာပြင်ပေါ်တွင် ရပ်နေသည်။ သူသည် ပင်လယ်ရေအထဲသို့ နည်းနည်းလေးပင် နစ်မြုပ်သွားခြင်းမရှိပေ။ ထိုအစား အပေါ်ထက်ကောင်းကင်တွင် အနီရောင်မြွေကြီးများသဖွယ် လူးလွန့်ကခုန်နေသော လျှပ်စီးမိုးကြိုးများကို မော့ကြည့်လိုက်သည်။ ၎င်းတို့က အတူတကွ ထွေးယှက်လျက် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို ‌ဖော်ဆောင်နေ၏။

"ဒီကျင့်ကြံအားထုတ်ရင်း ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ငါ သေရေးရှင်ရေးအခြေအနေ‌တွေ ကြုံတွေ့ခဲ့ရတယ်။ ငါဟာ အရင်ကငါ ဘယ်တော့မှ အဆုံးထိ လျှောက်လှမ်းနိုင်မှာမဟုတ်တဲ့ လမ်းတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်

"ပြစ်ဒဏ်မိုးကြိုးကတော့... သူ့ကိုလည်း တစ်ကြိမ်ထက်ပိုပြီး ရင်ဆိုင်ခဲ့ရပြီးပြီ

"ဒီတစ်ကြိမ်တော့ ပြီးပြည့်စုံသောအခြေရဲ့ ပြစ်ဒဏ်မိုးကြိုးကို ရင်ဆိုင်ခဲ့ရတုန်းကလို စိတ်မလှုပ်ရှားတော့ဘူး။ ပြီးပြည့်စုံသောရွှေအမြုတေပြစ်ဒဏ်မိုးကြိုးတုန်းကလိုလည်း သိပ်‌အလေးအနက်ထားစရာ မလိုတော့ဘူး။ ငါ ဒီနေ့ရဲ့ ကောင်းကင်ပြစ်ဒဏ်မိုးကြိုးကို စောင့်နေခဲ့တာ .....ကြာပြီ" ခပ်ရေးရေး အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ရုတ်တရက် ဖြစ်ထွန်းသွားသည်။ သူ ရေရွတ်နေသည့်အချိန်မှာပင် ‌ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များဆီမှ ဂျိန်းခနဲ ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာ၏။ တစ်ချိန်တည်းမှာပင် အနီရောင်မိုးကြိုးတန်းကြီးတစ်တန်း မန်ဟို့ဆီ ထိုးဆင်းလာသည်။

‌၎င်းနီးကပ်လာစဉ် ပို၍ပင်များပြားသော လျှပ်စီးတန်းများက ၎င်းနှင့် ပေါင်းစည်းသွားသည်။ ၎င်း မန်ဟို့ခေါင်းမှ မီတာသုံးဆယ်ကျော်သာ ကွာဝေးတော့သည့်အချိန်တွင် ၎င်းကား လူတစ်ယောက်၏လက်မောင်းအရွယ်ရှိနေပြီဖြစ်သည်။ ၎င်းသည် ကောင်းကင်းပြစ်ဒဏ်၏ တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအားကြီးဖြစ်သည့် ဖျက်စီးပစ်လိုသော စိတ်ဆန္ဒကိုပါ တစ်ပါတည်း သယ်ဆောင်လာ၏။

မန်ဟိုက လာနေသော ပြစ်ဒဏ်မိုးကြိုးကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်ပြီး ၎င်းအား ကောင်းကင်ထံသို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အသက်စွမ်းအားသည် ‌သေခြင်းစိတ်ဆန္ဒဖြင့် ဝင်တိုက်ကာ ‌‌မိုးကြိုးတန်းကြီးဆီ ထိုးတက်သွားသော သုတ်သင်ခြင်းစွမ်းအားတစ်ရပ် အသွင်ပြောင်းသွားလေ၏။

အုန်းခနဲ အသံကြီးက ကောင်းကင်နှင့် ပင်လယ်တွင် ပြည့်နှက်သွား၏။ လက်မောင်းအရွယ်မျှ ရှိသော လျှပ်စီးမိုးကြိုးတန်းကြီးမှာ မန်ဟို၏ ခေါင်းအထက် လေထုထဲတွင် တဖွားဖွား လွင့်စင်ထွက်သွားသော လျှပ်စီးအမှုန်အမွှားများအဖြစ် ပြိုကွဲသွား၏။

" အရင်ကဆိုရင် ဒီပြစ်ဒဏ်မိုးကြိုးက ငါ့ရဲ့ ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ သုတ်သင်ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေမယ့် အခုတော့ ငါ့ရဲ့ ဒုတိယဝိညာဉ်ခန္ဓာအဆင့် ၀င်ရောက်ဖို့တောင် အရည်အချင်း မပြည့်မှီဘူး " ထို့နောက် မန်ဟိုသည် မပြောင်းလဲသော မျက်နှာထားဖြင့် မလှုပ်မယှက် ရပ်နေ၏။ ထို့နောက် သူက ပြစ်ဒဏ်မိုးကြိုးကို ပြန်မော့ကြည့်လိုက်သည်။

မန်ဟို၏ အမူအရာက ပြစ်ဒဏ်မိုးကြိုးကို ဒေါသထွက်သွားစေသယောင်ပင်။ လျှပ်စီးမိုးကြိုးများ ကောင်းကင်တွင် တဂျိန်းဂျိန်း ထစ်ချုန်းသွား၏။ အနီရောင် လျှပ်စီးတန်းကြီး တစ်တန်းပြီးတစ်တန်း ‌အတူတကွ ပေါင်းစည်းသွားပြီးနောက် အောက်သို့ ထိုးဆင်းလာကြသည်။ ဤအခိုက်အတန့်တွင် မိုးကြိုးလေးတန်း ထိုးဆင်းလာ၏။ နားကွဲလုမတက် ထစ်ချုန်းသံကြီး တစ်သံ လေတွင် ပြည့်နှက်သွားပြီး မန်ဟို့ ပတ်ပတ်လည် မီတာသုံးဆယ် ဧရိယာမှာ လျှပ်စီးကန်ကြီးအသွင် ပြောင်းသွားလေသည်။

အနီရောင်မိုးကြိုးတန်းကြီးတစ်တန်းစီတွင် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကို သုတ်သင်ပစ်နိုင်သော စွမ်းအားများ ပါရှိ၏။ ၎င်းတို့ ထိုးဆင်းလာစဉ် မန်ဟိုကား မလှုပ်မယှက် ရပ်နေပြီး အင်္ကျီလက်စကို ခါကာ မိုးကြိုးလေးတန်းအား ပစ်ချခွင့် ပေးလိုက်သည်။

အနီရောင် မိုးကြိုးတန်းကြီးများက မန်ဟို့ ပတ်ပတ်လည်တွင် ကခုန်ကာ ခရမ်းပင်လယ်ကြီးတစ်လျှောက် ဖြာထွက်သွား၏။

မန်ဟိုကမူ မိုးကြိုးပင်လယ်၏ အလယ်တွင် ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လျှပ်ရောင်များဖြင့် တ၀င်း၀င်း တလက်လက် တောက်ပလျက် ရှိ၏။ အလင်းရောင်က  ပျောက်ကွယ်သွားသည်။ အသက်ရှိုက်စာ အနည်းငယ်အတွင်း ၎င်းကား လုံး၀ ပျောက်ကွယ်သွားလေပြီ။ မန်ဟို၏ အမူအရာက ပုံမှန်အတိုင်းသာ။ နည်းနည်းလေးမှပင် ပြောင်းလဲခြင်းမရှိ။

လောလောဆယ်တွင် မန်ဟိုသည် နှောင်းပိုင်းအဆင့်၏ အထွတ်အထိပ်အနုသုခုမရုပ်ခန္ဓာ စွမ်းအားဖြင့် ပြည့်ဝလျက်ရှိသော ဝိညာဉ်ခန္ဓာခြောက်ခုအနက် ပထမဝိညာဉ်ခန္ဓာတွင် ဖြစ်သည်။ ဤသည်မှာ သူ၏ ပုံမှန်အနေအထားပင်။

မိုးကြိုးကြီးမှာ မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး သာမန်မဟုတ်‌သော်လည်း ပထမဝိညာဉ်ခန္ဓာတွင်သာ ရှိနေသေးသည့် သူ့ကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။

မန်ဟိုက သူ၏ အပြင်အားကိုယ်အတွင်းသို့ ၀င်ရောက်လာခဲ့သော လျှပ်စီးစွမ်းအားကို ခံစားရင်း ခြေလက်များကို ခါလိုက်သည်။ သူသည် ပြစ်ဒဏ်မိုးကြိုးကို ရင်ဆိုင်ခဲ့ရတုန်းက ဤ ခံစားချက်မျိုးကို ကြုံတွေ့ခဲ့ဖူးသဖြင့် အံ့အားသင့်ခြင်း မရှိပေ။ သူက မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေလျက် အပေါ်သို့ မော့ကြည့်လိုက်သည်။

တစ်ဆက်တည်းဆိုသလို ဒေါသပုန်ထနေသော ထစ်ချုန်းသံကြီး ကောင်းကင်တွင် ပြည့်နှက်သွား၏။ မိုးကြိုးတန်းရှစ်တန်းကား အပေါ်ဘက် လေထုထဲတွင် အတူတကွ ပေါင်းစည်းလာလေသည်။ ပြစ်ဒဏ်မိုးကြိုးပင်လယ်များက တဖွေးဖွေး လှုပ်လာပြီးနောက် ဖယ်ခွာလာကြ၏။ ဂျိန်းခနဲ မိုးထစ်ချုန်းသံကြီး ပေါက်ကွဲသွားပြီး မိုးကြိုးတန်း ရှစ်တန်းက ထိုးဆင်းလာလေသည်။

ဤ လျှပ်စီးမိုးကြိုး ရှစ်တန်းမှာ သွေးကဲ့သို့ နီရဲတောက်နေ၏။ ၎င်းတို့က အလွန် အားကောင်းသော ဖျက်ဆီးစွမ်းအားဖြင့် ထိုးဆင်းလာလေရာ မန်ဟို့အပေါ်သို့ ဖိအားကြီး တစ်ခုအား သက်ရောက်စေလိုက်သည်။ သို့ရာတွင် ဖိအားကြီးက မန်ဟို့ကို နည်းနည်းလေးမှ နောက်ဆုတ်စေခြင်း မရှိ။ ထိုအစား သူက ရယ်လိုက်သည်။ သူ၏ မျက်လုံးများမှ မိစ္ဆာဆန်သော အလင်းရောင်များ ဖြာထွက်လာ၏။

" ကဲ အခု စိတ်၀င်စားစရာ ကောင်းလာပြီ။ ဒုတိယဝိညာဉ်ခန္ဓာ "

မန်ဟို့ကိုယ်အတွင်းရှိ အနုသုခုမရုပ်ခန္ဓာ ခြောက်ခုအနက် နှစ်ခု ထပ်သွားပြီး အတူတကွ ပေါင်းစည်းလာသည်။ ထိုအခိုက်အတန့်မှာပင် မန်ဟို့ခန္ဓာကိုယ် အတွင်းမှ တဖောက်ဖောက် မြည်သံများ ကြားလိုက်ရ၏။ သူသည် ခေါင်းတစ်၀က်နီးပါး ပိုမြင့်လာပြီး မျက်စိတစ်မှိတ်အတွင်း ယခင်ထက် ပိုထွားလာလေသည်။

သူ၏ ခန့်ညားထည်ဝါသော အရှိန်အဝါက နှစ်ဆ ပေါက်ကွဲထွက်လာသည်။ ယခုတွင် သူသည် နှောင်းပိုင်း အထွတ်အထိပ်အဆင့် အနုသုခုမရုပ်ခန္ဓာနှစ်ခု၏ အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်သွားလေပြီ။ သူ့ပတ်ပတ်လည်ရှိ ခရမ်းပင်လယ်ကြီးတွင် လှိုင်းများ ထလာပြီး အဘက်ဘက်သို့ တအုန်းအုန်း ရိုက်ခတ်နေ၏။ မန်ဟို ဒုတိယဝိညာဉ်ခန္ဓာအဆင့် ၀င်ရောက်သွားသဖြင့် လေဆင်နှာမောင်းကြီး တိုက်ခိုက်လိုက်သည့် အလားပင်။

မန်ဟိုက တဟားဟားရယ်ရင်း နောက်မဆုတ်ဘဲ လေပေါ်သို့ ပျံတက်ကာ မိုးကြိုးတန်း ရှစ်တန်းကို တိုက်ခိုက်လိုက်သည်။

ဤသည်မှာ ရန်သူကို ဇွတ်တိုး တိုက်ခိုက်ခြင်းမဟုတ်။ အသာစီးရရန် လက်ဦးမှု ရယူခြင်း ဖြစ်လေသည်။

မိုးကြိုးတန်း ရှစ်တန်းက သူ့ကို ပစ်ချလိုက်သဖြင့် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။ လျှပ်စီး အမှုန်အမွှားများက မီတာရာပေါင်းများစွာ ရောက်သည်အထိ ဖွားခနဲ လွင့်စင်ထွက်ကုန်၏။ မန်ဟိုက ၎င်းတို့အားလုံး၏ အလယ်တွင်ဖြစ်ပြီး ပြစ်ဒဏ်မိုးကြိုးကို ထိပ်တိုက် ရင်ဆိုင်နေလေသည်။ သူကား မိုးကြိုးတန်း ရှစ်တန်းကြောင့် ပွန်းပဲ့ရာလေးပင် မထင်ဘဲ တဟုန်ထိုး ရှေ့ဆက်တက်သွား၏။ ၎င်းတို့က သူ့ပါးစပ်မှ သွေးအန်စေရန်ပင် အရည်အချင်းမရှိပေ။

လောလောဆယ်တွင် ပြစ်ဒဏ်မိုးကြိုးမှာ အသိစိတ်ရှိနေသည့်အလား ဒေါသပုန် ထနေ၏။ တဂျိန်းဂျိန်း ထစ်ချုန်းသံများ လေထုထဲတွင် ပြည့်နှက်နေသည်။ ဤအချိန်တွင် အနီရောင်မိုးကြိုးတန်း ဆယ့်ရှစ်တန်း‌ ပေါ်လာ၏။ ၎င်းတို့က ဒေါသထွက်နေသော ကြောက်စရာ နဂါးကြီး ဆယ့်ရှစ်ကောင်သဖွယ် ထစ်ချုန်းအော်မြည်လျက် မန်ဟို့ထံ ပြေး၀င်လာ၏။

" တတိယဝိညာဉ်ခန္ဓာ " ယခုတွင် မန်ဟို၏ မျက်လုံးများသည် တိုက်ခိုက်လိုသော စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။

သူ၏ ခန္ဓာကိုယ်က ထပ်ထွားလာ၏။ ယခုတွင် သူသည် ခေါင်းတစ်လုံးတိတိ ထပ်မြင့်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ပို၍ တောင့်တင်းခိုင်မာလာ၏။ စာပေသမား တစ်ယောက်၏ အရှိန်အဝါမှာ မျှင်မျှင်လေးမျှသာ ရှိတော့ပြီး သူ၏ အရှိန်အဝါမှာ မိစ္ဆာပိုဆန်လာလေသည်။

မိုးကြိုးဆယ့်ရှစ်တန်း ထိုးဆင်းလာစဉ် သူက ညာလက်ဖြင့် မုဒြာလက်ကွက်များ ဖော်ရင်း ပျံတက်သွား၏။ ရုတ်တရက် ရောင်စုံအလင်းတန်းတစ်တန်း ဖြာထွက်လာပြီး မိုးကြိုးတန်းဆယ့်ရှစ်တန်းကို ၀င်တိုက်လိုက်သဖြင့် လေထုအား ပုံပျက်သွားစေတော့သည်။

အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီးက အရာအားလုံးကို တုန်ခါသွားစေသည်။ မန်ဟို တဟားဟားရယ်နေစဉ် မီတာသုံးထောင် ဧရိယာမှာ မိုးကြိုးဝဲကြီးတစ်ခု ဖြစ်လာနေလေပြီ။ သို့သော် ၎င်းမှာ သူ၏လမ်းကို မဟန့်တားနိုင်။ သူသည် အပေါ်သို့ ဆက်တက်သွားနေပြီး သူ၏အသံက ပဲ့တင်ထပ်လာ၏။ "စတုတ္ထဝိညာဉ်ခန္ဓာ"

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှာ ဂျိန်းခနဲ ထစ်ချုန်းပြီး ထပ်မံထွားလာသည်။ သူသည် ယခုတွင် ခေါင်းနှစ်လုံးပိုမြင့်ပြီး ပခုံးပိုကျယ်ကာ ခန္ဓာကိုယ်ကျစ်လစ်လာသည့်အပြင် ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးမားလာ၏။ စာပေသမားအရှိန်အဝါသည် အစအနပင် မကျန်တော့ကာ မိစ္ဆာအရှိန်အဝါမှာ ပို၍အားကောင်းလာလေသည်။

သူပုံစံမှာ မိစ္ဆာဘီလူးကြီးတစ်ကောင်အလားပင်။ ပြုံးနေပါသော်လည်း မန်ဟိုမှာ လုံးဝမိစ္ဆာဆန်နေတော့သည်။

အနုသုခုမရုပ်ခန္ဓာလေးခုက တစ်ခုနှင့်တစ်ခုထပ်ပြီး တစ်သားတည်းပေါင်းစည်းကာ မန်ဟို့ကို နှောင်းပိုင်းအထွတ်အထိပ်အဆင့် အနုသုခုမရုပ်ခန္ဓာရှစ်ခု စွမ်းအားဖြင့် အားဖြည့်ပေးနေသည်။ သူသည် လေကိုခွင်းလျက် ကောင်းကင်ထက်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များထံ ဆက်သွားနေ၏။

မန်ဟို အရှိန်တင်လိုက်သည့်အချိန်မှာပင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ တလိပ်လိပ် ထလာသည်။ မိုးကြိုးတန်းနှစ်ဆယ်ကျော် ထိုးဆင်းလာရာ အောက်ရှိ ပင်လယ်ကြီးသာမက အရာရာတိုင်းကိုပင် တုန်ခါနေစေတော့သည်။ ၎င်းတို့က မန်ဟိုကို ဆက်တိုက် ဝင်တိုက်သွားသော်လည်း သူ့အား နည်းနည်းလေးမှ ထိခိုက်စေခြင်းငှာ မစွမ်းနိုင်ပေ။ သူ၏ညာလက်က ရုတ်တရက် အရှေ့တွင် ဖမ်းဆုပ်လိုက်သည့်လှုပ်ရှားမှု လုပ်လိုက်ရာ မိုးပြာရောင်အင်မိုတယ်ဓားတစ်လက် ပေါ်လာသည်။ သူ၏ဘယ်လက်သည် သိုလှောင်အိတ်ကို ပုတ်၍ အရက်အိုးအား ထုတ်လိုက်သည်။

သူက တစ်ကျိုက်သောက်ပြီး ဓားကို ဝှေ့လိုက်သဖြင့် မိုးပြာအလင်းတန်းတစ်တန်း လင်းခနဲ လက်သွားသည်။ မိုးကြိုးတန်းများက မန်ဟို့ကို ဝင်တိုက်ပြီး လျှပ်မီးပွားများ တဖွားဖွား ပျံ့လွင့်သွားသည်။ အနည်းငယ်က မန်ဟို၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။ တဖြေးဖြေးနှင့် မိုးကြိုးစိတ်ဆန္ဒမှာ သူ၏ကိုယ်အတွင်း၌ ဖြစ်တည်လာလေပြီ။

ရုတ်တရက် ပြစ်ဒဏ်မိုးကြိုးမှာ အနီရောင်မဟုတ်တော့။ အရောင်များ ထပ်ပေါ်လာပြီး စုစုပေါင်း ခုနစ်‌ရောင်ဖြစ်သွား၏။ ၎င်းတို့သည် ခုနစ်ရောင်ခြယ်မိုးကြိုးကြီးအဖြစ် အတူတကွ ပေါင်းစည်းသွားသည်။ ၎င်းကား ‌လေထုကို အပိုင်းပိုင်းစုတ်ဖြဲပစ်နိုင်သော ခုနစ်ရောင်နဂါးကြီးတစ်ကောင်သဖွယ် မန်ဟိုထံ ပြေးဝင်လာ၏။

"ပဉ္စမဝိညာဉ်ခန္ဓာ"

သူ့ခန္ဓာကိုယ်မှ တဖောက်ဖောက် မြည်သံကြီးများက ကြောက်စရာကောင်းလောက်အောင် ထွက်လာသည်။ သူသည် ယခုတွင် ခေါင်းနှစ်လုံးနှင့်တစ်ဝက် အရပ်ပိုမြင့်လာလေပြီ။ သူ၏ခန္ဓာကိုယ်မှာလည်း အဆများစွာ အင်အားကြီးမားလာပြီး သူ၏အတိုက်အအခိုက်စွမ်းရည်အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာလေ၏။ သူကား ယခုတွင် နှောင်းပိုင်းအထွတ်အထိပ်အဆင့် အနုသုခုမရုပ်ခန္ဓာဆယ့်ခြောက်ခုနှင့်ညီမျှသော စွမ်းအားကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်မှာ မှေးမှိန်လာပြီး တိမ်တိုက်များ တပွက်ပွက် ဆူလာ၏။

မန်ဟို၏ခန္ဓာကိုယ်သည် မယုံကြည်နိုင်ဖွယ် စွမ်းအားကြီးဖြင့် ပြည့်သျှံနေတော့၏။ သူ၏ ဆံပင်များက တလွင့်လွင့် ပျံ့လွင့်နေပြီး သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့်ပင် တောက်ပနေတော့သည်။ ခုနစ်ရောင်ပြစ်ဒဏ်မိုးကြိုး အနားရောက်လာစဉ် သူ့လက်ထဲရှိ မိုးပြာရောင်အင်မိုတယ်ဓားက ၎င်းထံ လျှပ်တပြက် ပြေးဝင်သွားလေသည်။

နတ်ဆိုးလှံက သွေးဆာနေသော ‌နဂါးကြီးတစ်ကောင်သဖွယ် သူ၏လက်ထဲတွင် မှော်ဆန်ဆန်ပေါ်လာ၏။ ကြောက်စရာမျက်နှာကြီးများနှင့်အတူ အနက်ရောင်မြူများ တထောင်းထောင်းထလာသည်။ ၎င်းက မိုးပြာရောင်အင်မိုတယ်ဓား၏အနောက်မှ ပြစ်ဒဏ်မိုးကြိုးဆီသို့ ပြေးထွက်သွား၏။

အားနှစ်ရပ် တစ်ခုကို တစ်ခု ဝင်တိုက်သွားသောအခါ ‌ပေါက်ကွဲသံအကျယ်ကြီး ထွက်လာသည်။ မိုးပြာရောင်အင်မိုတယ်ဓားမှာ လည်ထွက်သွား၏။ နတ်ဆိုးလှံမှာ တုန်ခါလာပြီး ဖောင်းခနဲ ပေါက်ကွဲကာ မြူငွေ့များအဖြစ် ‌‌တဖွေးဖွေးလှုပ်သွားသည်။ မြူများက နတ်ဆိုးလှံပြန်ဖြစ်လာ၏။

ခုနစ်ရောင်မိုးကြိုး၏ ကြေမွသွားသောအစအနများက ခုနစ်ရောင်မိုးကြိုးမိုး ဖြစ်လာသည်။ ၎င်းတို့က အရပ်မျက်နှာအနှံ့ ရွာကျလာရာ အတော်များများက မန်ဟို၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်ရောက်သွားလေသည်။  သူ၏ကိုယ်အတွင်း၌ မိုးကြိုးများ တဖြေးဖြေး သိပ်သည်းလာနေ၏။

သူ့တစ်ကိုယ်လုံး ဖျဉ်းခနဲ တုန်ရီပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။ သူသည် အပေါ်သို့ မော့ကြည့်ရင်း လေလယ်တွင် ရပ်နေ၏။ ရုတ်တရက် ပြစ်ဒဏ်မိုးကြိုး တိမ်တိုက်များမှာ အလိုလို ကျုံ့လာသယောင်ပင်။ တိမ်တိုက်များက ခုနစ်ရောင်တိမ်တိုက်များ လျင်မြန်စွာ ဖြစ်လာသဖြင့် အရောင်ခုနစ်သွယ်ကား ဖြာထွက်လာလေသည်။ ထိုမျှသာမက ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှ ရုတ်တရက်....

ခုနစ်ရောင်မိုးကြိုးမှ ဖြစ်ပေါ်လာသော ဧရာမလက်ချောင်းကြီးတစ်ချောင်း ထွက်လာသည်။

ဧရာမလက်ချောင်းကြီးမှာ မီတာသုံးထောင်တိတိ ရှည်လျားပြီး ပြိုးပြိုးပြက်ပြက် လက်နေသော ခုနစ်ရောင်မိုးကြိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်လေသည်။ ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းက မန်ဟို့ကို အင်းဆက်လေး‌တစ်ကောင်လို ဖိခြေချင်ပစ်လိုသည့်အလား ဖိအားတစ်ခုအား ထုတ်လွှတ်နေသည်။

လက်ချောင်းကြီး နီးကပ်လာသည့်အချိန်မှာပင် မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူက အော်လိုက်သည်။ "ဆဋ္ဌမ ဝိညာဉ်ခန္ဓာ"

ယခုတွင် သူ၏ကိုယ်အတွင်းရှိ အနုသုခုမရုပ်ခန္ဓာခြောက်ခုလုံး တစ်ခုနှင့်တစ်ခုထပ်ကာ ပေါင်းစည်းသွားသည်။ ခြောက်ရောင် ပေါင်းစည်းသွားခဲ့လေပြီ။

ဝုန်း

သူသည် ရုတ်ခြည်းဆိုသလို ထွားလာပြီး သူ၏ခန္ဓာကိုယ်မှာ ပို၍အစွမ်းထက်လာ၏။ သူ၏ပခုံးနှစ်ဖက်မှာ ပိုမိုကျယ်လာသလို ခန္ဓာကိုယ်မှာ ကျစ်လစ်မာကြောလာသည်။ ယခုတွင် မည်သည့်စာပေသမားအရှိန်အဝါမှ မရှိတော့ပေ။ သူ ပိုင်ဆိုင်သည့် တစ်ခုတည်းသောအရာမှာ .... ရင်သပ်ရှုမောဖွယ်ကောင်းလှသော မိစ္ဆာအရှိန်အဝါကြီးသာ။

သူ၏‌ဖဝါးအောက်တွင် ခရမ်းပင်လယ်ကြီးမှာ တဝုန်းဝုန်း သောင်းကျန်းနေ၏။ ဝဲကြီးသည် တဟူးဟူးလည်လျက် လှိုင်းများ ရိုက်ခတ်နေစေသည်။ ဆဋ္ဌမဝိညာဉ်ခန္ဓာတွင် မန်ဟိုသည် နှောင်းပိုင်းအထွတ်အထိပ်အဆင့်၏ အနုသုခုမရုပ်ခန္ဓာစွမ်းအားထက် အဆသုံးဆယ်ကျော်ကြီးမား‌သော အစွမ်းကို ပိုင်ဆိုင်ထားလေပြီ။ သူကား ယခုတွင် တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံး၌ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဟု ခေါ်ဆိုရန် အပြည့်အဝထိုက်တန်သွားပြီဖြစ်သည်။

မန်ဟိုက လေကို အားမာန်အပြည့်ဖြင့် ဆောင့်နင်းကာ ခုနစ်ရောင်မိုးကြိုးတန်းကြီးထံ တန်းတန်းမတ်မတ် ပျံတက်သွားစဉ် လေထုမှာ ဘန်းခနဲ ‌မြည်သွားပြီး  လှိုင်းဂယက်များထကျန်ခဲ့လေသည်။

သူ၏ညာလက်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လက်ချောင်းကြီး နီးကပ်လာစဉ် ရက်စက်သောအလင်းတစ်ခု သူ၏မျက်လုံးများ၌ လက်သွားသည်။ ထို့နောက် သူကား....

လက်သီးထိုးချလိုက်လေပြီ။

***

All Chapters