အိပ်မက်ဆိုး
Vol. 38 Ch. 528
သတ္တမဝိညာဉ်ခန္ဓာတွင် မန်ဟို၏စွမ်းအားမှာ လုံးလုံးလျားလျား ပြိုင်ဘက်ကင်းချေသည်။ သူ၏ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလောက်အောင် မာကြောပြီး သန်မာလျက်ရှိ၏။ ကျယ်သော ပခုံး၊ ကျစ်လစ်သောခန္ဓာဖြင့် သူကား သုံးမီတာမျှ မြင့်မားလေသည်။ အဆိုပါအသွင်အပြင်များက သူ့အား နတ်ဆိုးကြီးတစ်ကောင်နှင့် တူနေစေတော့သည်။
ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် သူ့ထံမှ ထွက်ပေါ်လာကာ မမြင်နိုင်သော လေပွေကြီးတစ်ခုအသွင်ပြောင်းရင်း အရာအားလုံးကို တဝုန်းဝုန်း ယိမ်းထိုးလှုပ်ရမ်းနေအောင် တိုက်ခတ်လျက်ရှိ၏။ ခရမ်းပင်လယ်ကြီးသည် တလိပ်လိပ်ထလာပြီး ကောင်းကင်မှာ မှောင်မိုက်လာလေသည်။
ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ လူပုံစံမိုးကြိုးတန်းကြီးကို မွေးဖွားပေးပြီးနောက် ပျောက်ကွယ်သွား၏။ ထိုမိုးကြိုးက လေကို ခွင်းလျက် မန်ဟို့ဆီ ပြေးဝင်လာသည်။ မန်ဟို ၎င်းကို မော့ကြည့်လိုက်စဉ် ဆံပင်များမှာ အကြမ်းပတမ်း မျောလွင့်လျက်ရှိ၏။ သူ၏ပုံပန်းသွင်ပြင်တွင် မည်သည့်သက်ရှိအရာမှ မလွန်ဆန်နိုင်ပုံရသော ဆွဲအားတစ်ရပ် ပါရှိနေသယောင်ပင်။ သူက ရုတ်တရက် ခြေဆောင့်နင်းလိုက်၏။
ဗွမ်း
ခရမ်းပင်လယ်ကြီးတစ်ခုလုံး မြောက်တက်သွားပြီး မန်ဟို၏ ခြေထောက်အောက်တွင် မီတာသုံးထောင်ခန့်ကျယ်သော အက်ကြောင်းကြီးတစ်ကြောင်း ပေါ်လာ၏။ မန်ဟို အပေါ်သို့ တဟုန်ထိုး တက်သွားစဉ် ပင်လယ်ရေများက မို့မောက်တက်ကာ အဘက်ဘက်သို့ ရိုက်ခတ်သွားလေသည်။
မန်ဟို၏ မျက်လုံးများမှာ သွေးအေးနေပြီး သူ၏အမူအရာက မာန်အပြည့်ဖြင့် ခက်ထန်နေ၏။ ဤအခိုက်အတန့်တွင် သူသည် ခန္ဓာကိုယ်အနှံ့အပြားသို့ ခွဲဖြာစီးဆင်းနေသော မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏ အတိုက်အခိုက်စွမ်းရည်ဖြင့် တစ်ခါမှ ကြားပင်မကြားဖူးသော စွမ်းအားကြီးကို ခံစားနေရလေသည်။
ထိုကဲ့သို့ စွမ်းအားမျိုးမှာ နှောင်းပိုင်းအဆင့်၏ အထွတ်အထိပ် အနုသုခုမရုပ်ခန္ဓာ ၆၄ ခုနှင့်ပင် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။ ယခုတွင် သူသည် အရာအားလုံးထက် သာလွန်ပြီး.... တောင်ကောင်းကင်ဂြိုဟ်တစ်ခွင်ရှိ ဂိုဏ်အလုံးစုံ၊ မျိုးနွယ်စုအလုံးစုံ၊ ရွေးချယ်ခံအလုံးစုံအနက် ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် နံပါတ်တစ်ပုဂ္ဂိုလ်ဟူ၍... အမှန်အကန် ခေါ်ထိုက်သွားလေပြီ။
လိုရင်းတိုရှင်း ပြောရလျှင် ... သူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေပြီဟု ဆိုရမည်။
"ဝိညာဉ်ခန္ဓာ ခုနစ်ခု ပေါင်းစည်း။ အနုသုခုမရုပ်ခန္ဓာ ခုနစ်ခု ပေါင်းစည်းစမ်း...." သူ ရှေ့ထွက်သွားစဉ် သူ၏အမူအရာသည် အေးစက်ခက်ထန်လျက်ရှိ၏။ သူကား မည်သည့်နတ်ဘုရားစွမ်းရည်မှ မသုံးဘဲ၊ မည်သည့်မှော်ပညာရပ်မှ မသုံးဘဲ လူပုံစံမိုးကြိုးဆီသို့ ချဉ်းကပ်သွားလေပြီ။ သူ လုပ်လိုက်သော လှုပ်ရှားမှုတိုင်းမှာ တိကျပြီး အကွက်ကျသည်။ လူပုံစံမိုးကြိုးနှင့် နီးကပ်လာသည့်အခါ မန်ဟိုက လက်မြှောက်ပြီး လက်ညှိုးထိုးလိုက်၏။
လက်ညှိုးထိုးလိုက်ခြင်းက ဂျိန်းခနဲ ထစ်ချုန်းသံကြီး မြည်ဟည်းသွားစေသည်။ လူပုံစံမိုးကြိုးမှာ ကြောက်မက်ဖွယ်အားကြီးတစ်ရပ်ဖြင့် ဝင်ဆောင့်ခံလိုက်ရအလား နောက်သို့ နှစ်ဆယ်ငါးမီတာမျှ လွင့်ထွက်သွားပြီးနောက် ဖောင်းခနဲ ပေါက်ကွဲသွားလေသည်။ အချိန်အနည်းငယ်ကြာသော် ၎င်းသည် မီတာသုံးဆယ်ခန့်အကွာတွင် ပြန်ပေါ်လာ၏။ သို့ရာတွင် ယခင်ထက် ပို၍မထင်ရှား ဝေဝါးသွားလေပြီ။
တစ်ချိန်တည်းမှာပင် မန်ဟို၏ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သောမိုးကြိုးများက ဖျစ်ဖျစ်ဖြောက်ဖြောက် ပေါက်ကွဲကာ သူ၏အရေပြားပေါ်တွင် လူးလွန့်ကခုန်နေတော့သည်။ မန်ဟိုက ရုတ်တရက် ထရယ်သည်။
"ဒါ အကုန်ပဲလား" သူက မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်ပနေလျက် ပြောသည်။ သတ္တမဝိညာဉ်ခန္ဓာတွင် သူသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားရှိ၏။ သူကား ဤကဲ့သို့မိုးကြိုးမျိုးပင် အန္တရာယ်မပေးနိုင်သည့်တိုင်အောင် အစွမ်းထက်လေသည်။
သူ စကားပြောလိုက်သည့်အချိန်မှာပင် လူပုံစံမိုးကြိုးက ပြန်ပေါ်လာပြီဖြစ်သည်။ မန်ဟိုသည် ရှေ့သို့ ဆက်လက် ရွေ့လျားသွားပြီး သူ၏ခန္ဓာကိုယ်မှာ ဂျိန်းခနဲ ပျောက်ကွယ်သွားလေ၏။ ပြန်ပေါ်လာသောအခါ ၎င်းသည် လူပုံစံမိုးကြိုး၏ အရှေ့တည့်တည့်တွင် ဖြစ်ချေသည်။ သူရွေ့လျားသွားသောအမြန်နှုန်းမှာ မယုံကြည်နိုင်ဖွယ်ကောင်းပြီး မျက်စိတစ်မှိတ်လေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။
မန်ဟိုသည် သွေးအေးသော မျက်ဝန်းများဖြင့် ညာလက်ကို လက်သီးဆုပ်ကာ လူပုံစံမိုးကြိုး၏ ရင်ဘတ်တည့်တည့်သို့ ထိုးချလိုက်သည်။
ဘန်း
လူပုံစံမိုးကြိုးခန္ဓာမှာ ပေါက်ကွဲစပြုလာ၏။ သို့သော် ၎င်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်မသွားခင် ၎င်းလက်ကြီးက သိမ်းငှက်လက်ကြီးသဖွယ် ထိုးထွက်လာကာ မန်ဟို၏ရင်ဘတ်ကို ရက်ရက်စက်စက် ကုတ်ခြစ်ပစ်လိုက်သည်။
သတ္တုအချင်းချင်း ပွတ်တိုက်သွားသံကြီး ထွက်လာသည်။ မန်ဟို၏အဝတ်အစားများမှာ စုတ်ပြတ်သပ်သွားပြီး လက်ကြီးက သူ၏အရေပြားကို စုတ်ဖြဲလိုက်၏။ သို့သော် ၎င်းမှာ ထို့ထက် ဆက်မသွားနိုင်။ သူ့ကို ပွန်းပဲ့သွားရုံလေးသာ တတ်နိုင်လေသည်။
လူပုံစံမိုးကြိုးက အထိတ်တလန့် စိုက်ကြည့်နေ၏။ ထို့နောက် အုန်းခနဲ ပေါက်ကွဲကာ လျှပ်လှိုင်းများ ပြိုးပြိုးပြက်ပြက် ဖြာထွက်သွားတော့သည်။ ၎င်းတို့က မီတာသုံးဆယ်အကွာတွင် အတူတကွ ပေါင်းစည်းသွားပြန်၏
မန်ဟိုက ဒဏ်ရာကို တစ်ချက်ပင် ငုံ့မကြည့်ပေ။ သူ့အတွက်တော့ ထိုသို့အသားပွန်းသွားရုံလေးမှာ မဖြစ်စလောက်သာ။ သူ၏ခန္ဓာကိုယ်မှာ ရိပ်ခနဲ ပျောက်ကွယ်သွားလေသည်။ အချိန်အနည်းငယ်ကြာသော် သူသည် လူပုံမိုးကြိုး၏အပေါ် လေထုထဲတွင် ပြန်ပေါ်လာ၏။
"အဆုံးသတ်ဖို့ အချိန်ကျပြီ" သူက လေလယ်တွင် ပျံဝဲနေလျက် အေးတိအေးစက် ပြောသည်။ ထို့နောက် လက်ကို မြှောက်၍ အောက်သို့ ပိုင်းချလိုက်သည်။
ခရမ်းရောင်ချီ ခေါင်းဖြတ်စက်။
ဤသည်မှာ ခရမ်းရောင်ချီများကို မီတာရာပေါင်းများစွာ ရှည်လျားသော ဓားကွေးကြီးတစ်လက်သဖွယ် စုစည်းသွားစေသော သာမန်မှော်ပညာရပ် ဖြစ်၏။ ၎င်း ပိုင်းချလိုက်စဉ် လူပုံစံမိုးကြိုးမှာ သေစေနိုင်သော အန္တရာယ်အာရုံကြီးကို ခံစားလိုက်ရလေသည်။ ချက်ချင်းပင် ၎င်း၏ခန္ဓာကိုယ်သည် လင်းခနဲ ပေါက်ကွဲသွား၏။ ထို့နောက် အလင်းသည် ဧရာမလျှပ်စီးလုံးကြီးသဖွယ် ပြန်စုဝေးလာသည်။
လျှပ်စီးလုံးကြီး ပေါ်လာသည်နှင့် ခရမ်းရောင်ချီခေါင်းဖြတ်စက်က ၎င်းကို ပိုင်းဖြတ်ချလိုက်တော့သည်။ ထိုအခိုက်တွင် မရေမတွက်နိုင်သော မိုးကြိုးများ ဟိန်းဟောက်ကြုံးဝါးလိုက်သကဲ့သို့ လျှပ်စီးလုံးကြီးထံမှ တဖျစ်ဖျစ် မြည်သံများ ကြားလိုက်ရ၏။ သို့သော် ၎င်းမှာ ... ပိုင်းဖြတ်မခံရအောင် ဟန့်တားနိုင်စွမ်း ကင်းမဲ့နေချေသည်။
အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ဧရာမလျှပ်စီးလုံးကြီး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသဖြင့် လေထဲတွင် တဖောင်းဖောင်းမြည်သံများ ပြည့်နှက်နေတော့သည်။ လူပုံစံမိုးကြိုးမှာ ယခုတွင် ထိုးဖောက်မြင်ရသည်အထိ ဝေဝါးသွားလေပြီ။ ၎င်း လှုပ်ပင် မလှုပ်နိုင်ခင် ခရမ်းရောင်ချီခေါင်းဖြတ်စက်မှာ ၎င်း၏ခေါင်းအပေါ်တည့်တည့်သို့ ရောက်လာကာ ၎င်း၏ခန္ဓာကိုယ်အား ပိုင်းချလိုက်တော့သည်။
ဂျလိန်း ဂျလိန်း
နှစ်ပိုင်းပိုင်းခံလိုက်ရသော လူပုံစံမိုးကြိုးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး လျှပ်စီးတစ်ချက်လက်ကာ ပျောက်ကွယ်သွားတော့သည်။
လူပုံစံမိုးကြိုး ပျောက်ကွယ်သွားသောအခိုက်အတန့်တွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ လွင့်စင်ပြိုကွဲသွားခဲ့ပြီဖြစ်ပြီး ကောင်းကင်မှာလည်း ပုံမှန်ပြန်ဖြစ်သွားလေပြီ။
မန်ဟိုလည်း ယခုတွင် သတ္တမ ဝိညာဉ်ခန္ဓာ မှ ပထမ ဝိညာဉ်ခန္ဓာ သို့ ပြန်ရောက်သွား၏။ သူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့မှာ အတိုင်းထက်အလွန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
"သတ္တမ ဝိညာဉ်ခန္ဓာ က ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ သက်တမ်းအပေါ်မှာ တော်တော် သက်ရောက်မှုကြီးတာပဲ။ ဒီအဆင့်မှာ အထိအခိုက်မရှိဘဲ အကြာကြီး နေလို့မရဘူး" သူသည် ခရမ်းပင်လယ်ကြီး၏ မျက်နှာပြင်မှ အောက်သို့ ဆင်းလာကာ တင်ပျဉ်ခွေထိုင်ပြီး အသက်ပြင်းပြင်းရှူသွင်းရင်း သူ၏ခန္ဓာကိုယ်ကို ကုသလိုက်သည်။
"ငါရဲ့ သတ္တမ ဝိညာဉ်ခန္ဓာ နဲ့ ယှဉ်ရင် ဆဋ္ဌမ ဝိညာဉ်ခန္ဓာ ကဖြင့် တော်သေးတယ်။ ငါ ပေါင်းစည်းတဲ့ အနုသုခုမရုပ်ခန္ဓာ အရေအတွက် နည်းလေလေ၊ အလေအလွင့် နည်းလေလေဖြစ်ပြီးတော့ ငါ လျစ်လျုရှုနိုင်လေလေ ဖြစ်တယ်
"ကဲ အခုတော့ ဒါတွေက ငါ့ရဲ့ ခုနစ်ထွေဝိညာဉ်ခန္ဓာပြောင်းလဲခြင်း ပဲ" သူ၏ မျက်လုံးများ စူးရှတောက်ပသွားသည်။ ရှင်သန်ခြင်းနှင်းပန်းနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်း၊ ပြစ်ဒဏ်မိုးကြိုးနှင့်တိုက်ပွဲ၊ ခုနစ်ထွေဝိညာဉ်ခန္ဓာပြောင်းလဲခြင်းကို ဖန်တီးခြင်း၊ ဖြစ်ပျက်သွားခဲ့သော အရာအားလုံးက သူသည် အမှန်တကယ် အစွမ်းထက်သော ပညာရှင်တစ်ယောက်၏ လမ်းကြောင်းအပေါ်သို့ ခြေချလိုက်ပြီဟူသော သက်သေပင် ဖြစ်သည်။
"အခုကစပြီး တောင်ကောင်းကင်ဂြိုဟ်မှာ ငါ မိုးမြေတစ်ဆုံး၊ ပင်လယ်တစ်ဆုံး ခရီးနှင်နိုင်ပြီ။ မန်ဟို .... သွားချင်တဲ့နေရာ သွားလို့ရပြီ" သူသည် အရှေ့ဘက်နယ်မြေနှင့် ကြီးမြတ်သောတန်နိုင်ငံရှိရာသို့ လှမ်းမျှော်ကြည့်လိုက်၏။
အတိတ်တုန်းက သူ၏အိပ်မက်သည် အရှေ့ဘက်နယ်မြေ၏ တန်နိုင်ငံတော်သို့ ခရီးနှင်ရန် ဖြစ်ခဲ့ပြီး ဘယ်တော့မှ မေ့မရခဲ့ပေ။
လောလောဆယ်တွင် သူကား နဂါးငွေ့တန်းပင်လယ်ကို ဖြတ်၍ ထိုနေရာသို့ အလည်သွားရန် အရည်အချင်း ပြည့်မှီသွားလေပြီ။
မန်ဟို ရုတ်တရက် ရင်ခုန်သွားသည်။ သူ၏နတ်ဘုရားအာရုံသည် သွေးမျက်နှာဖုံးအတွင်းသို့ စိမ့်ဝင်ကာ သွေးခွေးကြီး၏အနားတွင် စုစည်းသွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံ အဆင့်တက်လာသည်နှင့်အမျှ သွေးခွေးကြီးလည်း နိုးထခါနီးလာပြီကို တွေ့လိုက်ရသဖြင့် အတော်လေး ကျေနပ်အားရသွားလေသည်။
၎င်း သွေးမျက်နှာဖုံးကမ္ဘာမှ ထွက်ခွာပြီး တောင်ကောင်းကင်ဂြိုဟ်၏ နယ်မြေများတွင် ရပ်တည်နိုင်ရန် သိပ်ကြာတော့မည်မဟုတ်ကြောင်း မန်ဟိုပြောနိုင်၏။
မန်ဟို နတ်ဘုရားအာရုံကို ပြန်နုတ်လိုက်သည်။ သူက ပြုံးရင်း အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် မျက်လုံးများ မှိတ်ကာ သူ၏ကျင့်ကြံခြင်းအခြေခံကို ဆက်၍ ပြုပြင်ထိန်းညှိလိုက်သည်။ ကောင်းကင်ပြစ်ဒဏ်မိုးကြိုးကို နှိမ်နင်းသည့်ဖြစ်စဉ်အတောအတွင်း သူ့မှာ အတွင်းဒဏ်ရာတချို့ ရခဲ့လေသည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက အနောက်ပိုင်းသဲကန္တာရ၏ အထက်ကောင်းကင်ယံမှာ အမြဲ အုံ့မှိုင်းညိုမည်းလျက်ရှိခဲ့သည်။ ယခုမူ ပြစ်ဒဏ်မိုးကြိုးကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ကောင်းကင်မှာ အချိန်အတော်လေးကြာမှ ပထမဆုံးအကြိမ် နေသာပြီး တောက်ပလာသည်။
လင်းရောင်ခြည်တို့က တိမ်တိုက်များကို ထိုးခွဲပြီး ခရမ်းပင်လယ်ကြီးအပေါ်သို့ ဖြာကျလာ၏။ မြင်ကွင်းမှာ တုနှိုင်းစရာမရှိလောက်အောင် လှပလေသည်။ မန်ဟိုသည် ပင်လယ်ရေမျက်နှာပြင်၏အပေါ်၊ ၎င်းတို့အားလုံး၏ အလယ်တွင် ထိုင်နေသည်။ သူ၏ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလောက်အောင် သန်မာတောင့်တင်းမနေတော့ပေ။ ထိုအစား စာပေသမားတစ်ယောက်၏ အရှိန်အဝါသည် သူ့ထံမှ ဖြာထွက်လာ၏။ သူက မျက်လုံးများပိတ်လျက် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေချေသည်။
ဤအခိုက်အတန့်တွင် တစ်ကမ္ဘာလုံးမှာ ရှုမငြီးအောင်လှပပြီး အေးချမ်းနေလေသည်။ နူးညံ့ပျော့ပျောင်းစွာ တအိအိလေး လှုပ်ရှားနေသော လှိုင်းလုံးများကိုသာ မြင်ရနိုင်၏....
ကံဆိုးချင်တော့ ရက်အနည်းငယ်ကြာသော် မဖိတ်ခေါ်သော ဧည့်သည်တချို့က ဆိတ်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်လိုက်လေသည်။
အတုအယောင်နှင့် အစစ်အမှန်အကြား လမ်းခုလတ်တွင် တည်ရှိနေသည့်အလား အတော်လေး ပုံပျက်ရှုံ့တွနေသော အနက်ရောင်ဝတ်လူလေးယောက် သယ်ဆောင်ထားသည့် ဝေါယာဉ်တစ်ခု ပေါ်လာသည်။ ဝေါယာဉ်၏ လိုက်ကာမှာ အချိန်အတော်ကြာကတည်းက ပွင့်နေခဲ့ပြီးဖြစ်ပြီး အထဲ၌ အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်နိုင်လေသည်။
သူသည် လောလောဆယ်တွင် အကောင်းစားအရက်တချို့ သောက်နေ၏။ သူ့ဘေးတွင် ခြောက်ကပ်နေသော အလောင်းတစ်လောင်း လဲလျောင်းနေသည်။ အလောင်းမှာ ကိုယ်တုံးလုံးဖြစ်ပြီး အုတ်ဂူထဲမှ ယခုလေးတင် တူးထွက်လာသည့်အလား အိုမင်းနေလေ၏။ သို့သော် အနီးကပ်ကြည့်လျှင် ဤရွတ်တွနေသော အလောင်းမှာ တစ်ချိန်က မိန်းမလှလေးတစ်ဦးဖြစ်ခဲ့ကြောင်း တွေ့ရပေမည်။
ယခုတွင် သူမ၏အသက်စွမ်းအားမှာ ကုန်ခမ်းနေပြီဖြစ်၏။ သူမလည်ပင်းအပေါ်၌ မည်းနက်နေသော ဒဏ်ရာကြီးတစ်ခုကို မြင်နိုင်သည်။ လည်တိုင်မှာလည်း ထူးဆန်းစွာ လိမ်ဖယ်ရွဲ့စောင်းနေရာ မြင်ကွင်းကြီးမှာ နှလုံးသွေးပျက်ဖွယ်ကောင်းနေတော့သည်။
သူမကို သတ်ခဲ့သူကတော့ လောလောဆယ်တွင် သူမအလောင်းကို မှီလျက် အကောင်းစားအရက်ကို သောက်၍ သူမကို တယုတယ ပွတ်သပ်ပေးနေ၏။
"ဘယ်လောက်ထူးဆန်းလိုက်သလဲ" သူက ပြောသည်။ "အံ့ဖွယ်မိုးကြိုးက ဒီနေရာမှာ သိသိသာသာ စုဝေးနေခဲ့တာပဲ။ ဒါပေမဲ့ အခုမရှိတော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ ပေါ်လာတာကို ဘယ်လိုလုပ်ပြီး ဒီပတ်ဝန်းကျင်မှာ တစ်ခုမှ မရှိတော့တာလဲ" ဤသက်လတ်ပိုင်းလူကား အမှတ် (၃) အခြေစိုက်စခန်း မှ ထွက်လာခဲ့သော ဟုရန်ချင်းမှတစ်ပါး အခြားမဟုတ်ပေ။ သူသည် ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ရှိ အဓိကအင်အားစုကြီးသုံးစုအနက်မှ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး ဟုရန်ယွင်မင်း၏ တစ်ဦးတည်းသား ဖြစ်လေသည်။
ဝေါယာဉ်၏ပတ်ပတ်လည်တွင် တိတ်ဆိတ်စွာ လိုက်ပါလာသော အဘိုးကြီးခုနစ်ယောက်ရှိသည်။ ခုနစ်ယောက်အနက် အစွမ်းထက်ဆုံးမှာ အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ဖြစ်သော အဘိုးအိုဝုပင်။ ထိုကဲ့သို့ ကျင့်ကြံခြင်းအခြေခံမျိုးမှာ သူ့ကို မည်သည့်နယ်ပယ်တွင်မဆို အထင်ကြီးစဖွယ် အားတစ်ရပ် ဖြစ်စေပေလိမ့်မည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများပင်လျှင် အဆိုပါပုဂ္ဂိုလ်မျိုးကို အထူးတလည် အရေးထားပြီး သူတို့၏သစ္စာခံမှုရအောင် ကြိုးစားတတ်ကြ၏။
ဟုရန်ချင်း၏ စကားလုံးများကို ကြားသော် အဘိုးအိုတစ်ယောက်က ဟက်ခနဲ ရယ်ပြီး အားပေးစကားပြောလိုက်သည်။
"သခင်လေး မစိုးရိမ်ပါနဲ့။ ဒီ ပင်လယ်ပိုင်းမှာ ဘယ်သူမှ မရှိဘူး။ အဖိုးထိုက်ရတနာတစ်ခု တကယ်ပေါ်လာခဲ့ရင် သခင်လေးအပြင် ဘယ်သူက ရလိမ့်မှာတုန်း"
"ဟုတ်တယ်။ ဒါ့အပြင် ကျုပ်တို့ ရောက်လာတုန်းက ပတ်ဝန်းကျင်ကို စစ်ဆေးပြီး မန္တန်အစီအရင်ဘာညာ ချခဲ့တယ်လေ။ ပြစ်ဒဏ်မိုးကြိုးလှိုင်းတွေ ပျောက်ကွယ်သွားတာ ကျုပ်တို့ ဝင်လာခဲ့တဲ့အချိန်ဆိုတော့.... ကျုပ်တို့က ဒီပတ်ဝန်းကျင်ကို စစ်ဆေးဖို့ ပထမဆုံးရောက်လာတဲ့သူတွေဆိုတာ သေချာတယ်"
စကားမပြောသူဟူ၍ အဘိုးအိုဝုသာ ရှိသည်။ သူက မျက်မှောင်ကြုတ်လျက် ဘေးဘီဝဲယာကို ကြည့်နေ၏။ ဤနေရာသို့ ဝင်လာပြီးနောက် မည်သည့်အတွက်ကြောင့် စိတ်တထင့်ထင့်ဖြစ်နေခဲ့မှန်း သူမသိပေ။ ဤပတ်ဝန်းကျင်မှာ အန္တရာယ်သင်္ချိုင်းဂူကြီးအလား၊ ကြောက်စရာသတ္တဝါကြီးတစ်ကောင်ကောင် ကျက်စားနေသည့်အလားပင်။
ခံစားချက်သည် ဝေဝါးပြီး ထူးဆန်းသည်။ သို့သော် ဆရာဝုက ထိုအကြောင်းတွေးနေသည်ကို ရပ်လိုက်သည်။ အဖွဲ့ ပုံမှန်အတိုင်း ဆက်သွားနေစဉ် ရုတ်တရက် တုံ့ခနဲ ရပ်သွား၏။
မျက်လုံးအားလုံး အဝေးရှိ လူငယ်တစ်ယောက်အပေါ် ကျရောက်သွားသည်။ သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရေပြင်ထက်တွင် တင်ပျဉ်ခွေလျက် တရားထိုင်နေလေသည်။
သူကား လူသားများကိုသော်လည်းကောင်း၊ တိရစ္ဆာန်များကိုသော်လည်းကောင် အန္တရာယ်ဖြစ်စေမည့် လူစားမျိုးမဟုတ်သယောင်ပင်။ သူသည် သန့်ရှင်းစင်ကြယ်ပြီး အေးချမ်းတည်ငြိမ်လျက်ရှိကာ မလှုပ်မယှက် တရားထိုင်နေချေသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ပထမဆုံးတစ်ချက်ကြည့်လျှင် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ဖြစ်သော်လည်း သေသေချာချာ ကြည့်ပြန်လျှင် အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့် ဖြစ်ဟန်တူသည်။ ထို့နောက် အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်သို့ ခုန်တက်သွားပြန်သည်။ တခဏရပ်ပြီး ကြည့်ပါက မဟာစက်ဝန်းအဆင့်ဖြစ်သယောင်ပင်။
ထိုမြင်ကွင်းက ဆရာဝုကို နိုးနိုးကြားကြား ဖြစ်သွားစေ၏။ အမှန်တွင် မန်ဟိုကို ကြည့်ခြင်းက သူ့အား လည်ချောင်းထဲ၌ ငါးရိုးဆူးနေသလို ခံစားရစေသည်။ ထိုခံစားချက်က သူ၏မျက်လုံးများကို တောက်ပသွားစေ၏။
အကြောင်းပြချက်တစ်ခုခုကြောင့် သူ့မှာ ဤပုဂ္ဂိုလ်နှင့်ပတ်သက်ပြီး တစ်ခုခုက မူမမှန်သလို ခံစားရလေသည်။
ကျန်အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူအားလုံးမှာ အံ့အားသင့်သွားပြီး လေးနက်သွားကြသည်။ ဤကဲ့သို့ သဘာဝလွန်နေရာတစ်နေရာတွင် ထူးထူးဆန်းဆန်းကျင့်ကြံသူတစ်ယောက်ပေါ်လာခြင်းကား သူတို့ကို သေချာပေါက် အသိနှင့်သတိကပ်သွားစေမည်ဖြစ်၏။
***