← Chapters

သေခြင်းကို ထပ်တလဲလဲ ရှာဖွေခြင်း

Vol. 38 Ch. 529

သေခြင်းကို ထပ်တလဲလဲ ရှာဖွေခြင်း

Vol. 38 Ch. 529

သူတို့သည် သတိရှိနေကြသည့်တိုင် ဤလူတွင် မြင့်မားသော ကျင့်ကြံခြင်းအခြေခံ ရှိနေသေးသည် ဆိုဦးတော့ သူတို့မှာ လူခုနစ်ယောက် မဟုတ်ပါလော။ တစ်ယောက်က အနုသုခုမရုပ်ခန္ဓာ မဟာစက်၀န်းအဆင့်ဖြစ်ပြီး နှစ်ယောက်က အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ဖြစ်ကာ လေးယောက်က အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် ဖြစ်လေသည်။ ထိုကဲ့သို့ အင်အားမျိုးကိုကား ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးမားသည်ဟု ဆိုနိုင်လေသည်။

ထို့အတွက်ကြောင့်သာ မဟုတ်လျှင် ဟုရန်မင်းအနေဖြင့် သူ၏ တစ်ဦးတည်းသော သားကို အပြင်လောကသို့ လိုက်ပါပို့ဆောင်ပေးရန် သူတို့အား အဘယ်ကြောင့် လွှတ်မည်နည်း။

သို့သော် သူတို့မှာ တစ်ခုခုမူမမှန်သည်ကို အာရုံရနေသော်လည်း  ဘာမှန်းမသိသည့် အလားပင်။

" ဟေး ဟေး ဟေး အဲဒီက တစ်ယောက်က တရားထိုင်နေတာပေါ့ " ဟုရန်ချင်းက ခနဲ့တဲ့တဲ့ ရယ်ပြီး ပြောသည်။ သူက အမျိုးသမီး၏ အလောင်းကိုမှီရင်း မန်ဟို့ကို လှမ်းကြည့်နေ၏။ " ငါ့ကို ကြည့်စမ်း။ ငါ့ကိုကြည့်။ ငါ့ကို မော့ကြည့်ပြီး မင်းနာမည်ပြောစမ်း။ ပြီးတော့ မင်းရဲ့  သိုလှောင်အိတ်ကိုလဲထုတ်။ ကြည့်ရတာ အံ့ဖွယ်မိုးကြိုးက မင်းဆီမှာ ရှိနေတာ ဖြစ်မယ် "

သူသည် မန်ဟို၏ ကျင့်ကြံခြင်းအခြေခံကို မမြင်ရသော်လည်း သူ့ဘ၀တစ်လျှောက်လုံးတွင် တခြားလူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကို ဘယ်တော့မှ မကြည့်ခဲ့ဘူးပေ။ အဘယ့်ကြောင့်ဆိုသော် ကြည့်ဖို့ မလိုအပ်သည့် အတွက်ပင်။ ၎င်းကား လိုကိုမလိုအပ်သည်သာ ဖြစ်သည်။ သူ၏ ဖခင်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးဖြစ်၏။ ထိုတစ်ချက်တည်းနှင့် လုံလောက်နေလေပြီ။

သူ့တစ်ဘ၀လုံးတွင် ဘယ်သူနှင့် ရင်ဆိုင်ရ ရင်ဆိုင်ရ ၊ သူသည် ထိုလူ၏ ကျင့်ကြံခြင်းအခြေခံကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ပေ။ သူ့ဖခင်၏ အဆင့်ကြောင့် သူ့ကို ရန်စရဲသည့် မည်သူမဆိုပါ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ သေဆုံးခြင်းဖြင့် အဆုံးသတ်ရမည်သာ ဖြစ်သည်။

ထိုအချက်ကား မရေမတွက်နိုင်အောင် သက်သေပြပြီးလေပြီ။ ၎င်းကြောင့်လည်း ဟုရန်ချင်းမှာ ယခုကဲ့သို့ အောက်ခြေလွတ်နေခြင်း ဖြစ်လေသည်။

သို့သော်လည်း သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည့်အချိန်မှာပင် ဆရာဝု၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။ သူသည် မည်သည့်အတွက်ကြောင့် ယခုလို ထူးဆန်းသော ခံစားချက်ကြီး ရနေကြောင်း သဘောပေါက်သွားလေသည်။

" ဒီ လူငယ်လေးက ခရမ်းပင်လယ်ကြီး‌အပေါ်မှာ တင်ပျဉ်ခွေထိုင်နေတာပဲ "

ဆရာဝု ပင့်သက်ရှိုက်သွားပြီး သူ၏ စိတ်နှလုံး ထိတ်လန့်တုန်ရီသွား၏။ စောစောက သူသည် တစ်ခုခုက မူမမှန်ဖြစ်နေသည်ဟု ခံစားခဲ့ရပါသော်လည်း ခရမ်းပင်လယ်ကြီးကို အမှုမဲ့ အမှတ်မဲ့ ဖြစ်ခဲ့သည်။ ယခုတွင် ရုတ်တရက်ကြီး ဤလူငယ်ကား သိပ်သည်းနေသော သေခြင်းအရှိန်အဝါများပေါ်‌တွင် ထိုင်နေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်၏။ သူကိုယ်တိုင်ပင်လျှင် ပင်လယ်ကို ထိရန် ကြောက်ရွံ့ပြီး အချိန်အကြာကြီး ထိုသို့ ဆက်လုပ်နိုင်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် အခြား အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူခြောက်ယောက်လည်း မျက်စိမျက်နှာ ပျက်သွားကြလေသည်။ သူတို့သည် မန်ဟို မည်မျှကြောက်စရာကောင်းပြီး ထူးဆန်းကြောင်း သဘောပေါက်လိုက်ကြလေသည်။

သူတို့ခုနစ်ယောက် သဘောပေါက်လိုက်သည့် အခိုက်တန့်မှာပင် မန်ဟို့မျက်လုံးများက ဖျပ်ခနဲ ပွင့်လာ၏။ သူကား လူအုပ်ကို လှမ်းကြည့်လိုက်ပြီး သူ့အကြည့်သည် နောက်ဆုံး၌ ဟုရန်ချင်းအပေါ်  ကျရောက်လာသည်။

ဆရာဝုကလွဲပြီး အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူခုနစ်‌ယောက်လုံး စိတ်နှလုံး တုန်ရီသွားကြ၏။ မန်ဟို၏ အကြည့်မှာ သူတို့၏ စိတ်နှလုံးအထဲသို့ ထိုးစိုက်၀င်ရောက်သွားသည့် ဓားထက်ထက်တစ်လက် အလားပင်။

ဆရာဝုပင်လျှင် လေးနက်သွား၏။

"အနုသုခုမရုပ်ခန္ဓာ မဟာစက်၀န်းအဆင့် "

" သူက မဟာစက်၀န်းအဆင့်ပဲ " အနုသုခုမရုပ်ခန္ဓာအ‌ဆင့် ကျင့်ကြံသူ ခြောက်ယောက်လုံး မန်ဟို၏ ကျင့်ကြံခြင်းအခြေခံကို သဘောပေါက်သွားသောအခါ တုံ့ပြန်မှုမှာ အတူတူပင်ဖြစ်သည်။ သူတို့မှာ ရင်ထဲတွင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။

အနုသုခုမရုပ်ခန္ဓာ၏ မဟာစက်၀န်းအဆင့်ဆိုသည်မှာ သူတို့ ‌မကြောက်သောအရာ ဖြစ်သည်။ ဆရာဝုလည်း မဟာစက်၀န်းအဆင့် ဖြစ်လေသည်။ ထိုမျှသာမက သူတို့၏ နောက်ခံမှာ ကောင်းကင်ရှာဖွေမျိုးနွယ်စုခေါင်းဆောင်ကြီးဖြစ်သည့် ဟုရန်ယွင်မင်းဖြစ်လေသည်။

မန်ဟို၏အကြည့် ဟုရန်ချင်းအပေါ် ကျရောက်လာသည်နှင့်တစ်ပြိုင်နက် ထိုလူ၏ စိတ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွား၏။ သု့လက်ထဲတွင် ကိုင်ထားသည့် ဝိုင်ခွက်မှာ ကြမ်းပြင်ပေါ်သို့ ခွမ်းခနဲ ကျသွားပြီး အရက်တွေ အကုန်လုံး ဖိတ်စင်ကုန်လေသည်။ အလောင်းကို ပွတ်သပ်ပေးနေခဲ့သော လက်မှာလည်း ရုတ်တရက် တုန်ရီလာ၏။

မန်ဟိုက ထိုအဖွဲ့ကို လျစ်လျူရှုပြီး အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူက စကားတစ်ခွန်းကိုသာ အေးတိအေးစက် ပြော၏။ " မင်းတို့ ရှာနေတာ ဒီမှာ မဟုတ်ဘူး။ သွားကြ "

မန်ဟိုသည် ဤအဖွဲ့ကို မရောက်ခင်ကတည်းက အာရုံရနေခဲ့ပြီးဖြစ်၏။ သူတို့၏ ဤနေရာကို လာရသည့် ရည်ရွယ်ချက်မှာ ထင်ရှားသည်။ သူ စောစောက သူတို့ကို ပေးခဲ့သည့် အကြည့်မှာ ခြိမ်းခြောက်ပြီး သတိပေးခြင်းသာ ဖြစ်လေသည်။ သူက စကားပြောပြီးသည်နှင့် မျက်လုံးများ ထပ်ပိတ်သွား၏။

ယခုတွင် မန်ဟိုက အကြည့်ကို ပြန်ရုပ်သိမ်းခဲ့ပြီ ဖြစ်၍ ဟုရန်ချင်း၏ အသိစိတ် ပြန်၀င်လာသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး နောက်ဆုံးတစ်ချက် တုန်ခါသွားပြီးနောက် မျက်လုံးကြီးများ ပြူးပြီး မန်ဟို့ကို မုန်းတီးရွံရှာသလို စိုက်ကြည့်လိုက်သည်။ " ရာရာစစ " သူက အော်လိုက်သည်။

မန်ဟိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုတစ်ခုကို ရင်ဆိုင်ရသည့် အခါတွင် တချို့လူများသည် ရှောင်ရှားသွားကြမည်သာ ဖြစ်၏။ သို့သော် အချို့သူများမှာ နောက်ခံကြောင့် ထိုကဲ့သို့ ခြိမ်းခြောက်ခံရသည်ကို လက်မခံနိုင်ကြပေ။ ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသော်လည်း မောက်မာထောင်လွှား‌သော လူများအဖို့ မာနထိခိုက်သည်ဟု ဆိုရနိုင်လေသည်။

ဟုရန်ချင်းကား ထိုကဲ့သို့ လူမျိုး ဖြစ်၏။ စောစောက အရှက်တရားက သူ၏ ဒေါသကို လောင်စာဖြည့်ပေးလိုက်သည်။ သူသည် တကယ်တမ်း ကြောက်ရွံ့ထိတ်လန့်နေသည့်တိုင် ခြိမ်းခြောက်ခံရသည်ကို လုံး၀လက်မခံနိုင်ပေ။ သူကား ခေါင်းဆောင်ကြီး ဟုရန်၏ တစ်ဦးတည်းသော သားဖြစ်၏။ သူသည် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ မြင့်မြတ်သော ရွေးချယ်ခံတစ်ဦး ဖြစ်သည်။ အနောက်ပိုင်းသဲကန္တာရရှိ မည်သူမှ သူ့ကို လက်ဖျားဖြင့်ပင် တို့ရဲမည်မဟုတ်ပေ။ မည်သည့်နေရာကိုသွားသွား သူသည် လူတိုင်း  ကြည်ညိုလေး‌စားရသည့် နေတစ်စင်းပမာ ဖြစ်၏။

သို့သော်လည်း ယနေ့တွင်တော့ ဤနေရာ၌ သူကား ကျင့်ကြံသူတစ်ယောက်၏ အကြည့်တစ်ချက်ဖြင့် ခြိမ်းခြောက်ခံလိုက်ရလေသည်။ ဟုရန်ချင်း၏ မာနကား ခြိမ်းခြောက်ခံခဲ့ရလေပြီ။

သူ ငယ်စဉ်ဘ၀မှ ယခုအရွယ်ထိတိုင် သူ့အပေါ်သို့ မည်သည့်ကျင့်ကြံသူတစ်ယောက်မှ ရန်ပင် မလိုရဲခဲ့ပေ။ မန်ဟို၏ အပြုအမူက သာမန်လူတစ်ယောက်အတွက် ပုံမှန်သာဖြစ်သော်လည်း ဟုရန်ချင်းအတွက်တော့ ရိုင်းပြမှုကြီး ဖြစ်နေ၏။

နှစ်ပေါင်းများစွာတစ်လျှောက်လုံး သူသည် လူတကာထက် သာလွန်သော နေရာတွင် ရပ်တည်ခဲ့၏။ ဘယ်သူမှ သူ့ကို ထိုသို့ အကြည့်ရဲခဲ့သလို သူ့စိတ်ကို တုန်ရီအောင်လည်း မလုပ်ရဲခဲ့ပေ။ သူ့မှာ ယခုလို အရှက်ခွဲခံရသည်ကို လက်မခံနိုင်ဖြစ်နေတော့သည်။

"သတ်ပစ်၊ အဲ့ဒီကောင်ကို အခုချက်ချင်း သတ်ပစ်" သူ ထရပ်ရင်း မန်ဟို့ကို အမဲဖြတ်တော့မတတ် ကြည့်သည်။ "ဘယ်သူမှ ငါ့အရှေ့မှာ ဒီလိုဂျိုမကြွရဲဘူး။ မင်းတော့ သေပြီသာမှတ်"

ဆရာဝု မျက်နှာပျက်သွားပြီး စိတ်ထဲတွင် မေတ္တာပို့နေတော့သည်။ သူသည် ဟုရန်ချင်း ဘယ်တော့မှ ချောက်မှန်းကမ်းမှန်း နားမလည်သည့်အပြင် မောက်မာပြီး အာဏာရှင်ဆန်ကြောင်း သိ၏။ သို့သော်လည်း ဤမျှ ဖျင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဟုရန်ချင်းအတွက် ထိုကဲ့သို့တောင်းဆိုမှုမျိုး လုပ်ရန် အကြောင်းပြချက်ကောင်းကောင်းမရှိပေ။ ယခု ဤလူမှာ သူတို့ကို ကြည့်ရုံလေးသာ ကြည့်ပြီး ခြိမ်းခြောက်စကားဟုမဆိုနိုင်သော စကားများသာ ပြောခဲ့ရသေးသည်။ သူကား အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ဖြစ်သည်ကို စဉ်းစားကြည့်လျှင် သူ၏‌‌ဇဝေဇဝါစကားလုံးများက သာမန်မဟုတ်ပေ။

ဆရာဝုက စကားပြောတော့မည့်အချိန် ရုတ်တရက် ဟုရန်ချင်းအနားရှိ အနက်ရောင်ဝတ်လူများ၏မျက်လုံးတို့မှာ အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။ ချက်ချင်းဆိုသလို ထိုလူများ ပျောက်ကွယ်သွား၏။ သူတို့ ပြန်ပေါ်လာသောအခါ မန်ဟိုကို ဝိုင်းလိုက်ကြလေပြီ။ အနက်ရောင်ဝတ်လူများ၏ လက်ထဲတွင် တလက်လက်တောက်ပနေသော ဓားပျံတစ်လက်စီ ရှိလေသည်။ သူတို့က အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် မန်ဟို့ဆီ ပြေးဝင်လာသည်။

မန်ဟိုက သက်ပြင်းဖွဖွချလိုက်‌၏။ သူ့တွင် ယနေ့ သတ်ဖြတ်လိုစိတ်မရှိပေ။ သူ့မှာ ဆိတ်ငြိမ်အေးချမ်းမှု လိုချင်သော သစ်ပင်ကြီးတစ်ပင်ပမာဖြစ်သော်လည်း လေကား အဆက်မပြတ် တိုက်ခတ်နေချေသည်။

"ဒီလိုဆိုမှတော့ မင်းတို့တွေ လွတ်မယ်မထင်နဲ့" မန်ဟိုက အေးတိအေးစက် ပြောသည်။ သူ၏မျက်လုံးများက ပွင့်လာသော်လည်း လာနေသော ဓားပျံများကို လုံးဝလျစ်လျူရှုထားလေသည်။

သူ၏မျက်လုံးများ ပွင့်လာသည့်အခိုက်အတန့်တွင် ဖော်ပြမတတ်နိုင်သော အသတ်အဖြတ်စိတ်ဆန္ဒသည် ကောင်းကင်ယံအထိ ထိုးတက်သွား၏။ ၎င်းက မယုံကြည်နိုင်ဖွယ် ပြင်းအားကြီးဖြင့် ပေါက်ကွဲထွက်လာရာ တိမ်တိုက်များကို တလိပ်လိပ်ထသွားစေပြီး အရာအားလုံးကို မှေးမှိန်မှောင်မိုက်သွားစေသည်။ သူသည် ချောက်နက်ကြီးအတွင်းမှ ကုပ်ဖဲ့တက်လာသည့် ကမ္ဘာဦးသားရဲကြီးတစ်ကောင်အလားပင်။

အသတ်အဖြတ်စိတ်ဆန္ဒမှာ ထူထဲသိပ်သည်းပြီး မမြင်ရသော်လည်း ၎င်း ထွက်လာသည်နှင့် အနက်ရောင်ဝတ်လူလေးယောက် မျက်နှာပျက်ယွင်းသွားသည်။ သူတို့သည် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်နိုင်သော သွေးအေးကျင့်ကြံသူများဖြစ်၏။ နှစ်ပေါင်းများစွာ တစ်လျှောက်လုံး သူတို့သည် လက်‌ချိုးရေ၍မရအောင် သတ်ဖြတ်ခဲ့လေသည်။ ပုံမှန်အားဖြင့် သူတို့မှာ သွေးအေးပြီး အကြင်နာမဲ့၏။ သို့သော် ယခုကဲ့သို့ မန်ဟို၏ အသတ်အဖြတ်စိတ်ဆန္ဒအား ရင်ဆိုင်ရသောအခါ သူတို့၏မျက်နှာများ ပျက်ယွင်းသွားကြလေပြီ။

မန်ဟိုနှင့် နှိုင်းယှဉ်လျှင် သူတို့၏ လေးယောက်ပေါင်း အသတ်အဖြတ်စိတ်ဆန္ဒမှာ ပိုးစုန်းကြူးများသဖွယ်ဖြစ်ကာ.... မန်ဟိုကတော့ လပြည့်ဝန်းကြီးဖြစ်ပေလိမ့်မည်။

သူတို့မသိသေးသည်ကတော့ ဤသည်မှာ တကယ်တမ်း မန်ဟို့ အသတ်အဖြတ်စိတ်ဆန္ဒ၏ ဆယ်ပုံတစ်ပုံသာ ရှိသေးသည်ကိုပင်။

ဖောင်း

ဓားပျံလေးလက်မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကာ မီးလောင်ပြာကျသွားသည်။ အနက်ရောင်ဝတ်လူများး တစ်ကိုယ်လုံး တုန်ရီလာပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ အလွန်ကြီးမားသော ဖိအားကြီးတစ်ခုက သူတို့၏စိတ်များကို ဂျုံနှဲသလို ဖိနှိပ်နေလေသည်။ သူတို့မှာ နောက်ဆုတ်လိုက်သော်လည်း မီတာသုံးဆယ်ပင် မကျော်မီ ရုတ်တရက် သူတို့ခေါင်းများ ပေါက်ကွဲကုန်၏။

သူတို့၏ ရုပ်ပျက်ဆင်းပျက်ခန္ဓာကိုယ်ကြီးများက ခရမ်းပင်လယ်ကြီးအထဲသို့ ပြုတ်ကျကာ လှိုင်းလုံးကြီးများအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့လေပြီ။

အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွား၏။ ဟုရန်ချင်း၏ မျက်လုံးများ ပြူးထွက်နေပြီး မယုံနိုင်ဖြစ်နေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ ခုနစ်‌ယောက်၏မျက်နှာမှာ မလေးနက်စဖူး အလွန်လေးနက်နေ၏။ ရွှစ် ....ရွှစ် ....ရွှစ်။ ခြောက်ယောက်က ဟုရန်ချင်းကို ဝန်းရံလိုက်သည်။ ဆရာဝုက သူတို့အားလုံး၏ အရှေ့တွင် ပေါ်လာပြီး တင်းမာခက်ထန်စွာဖြင့် မန်ဟို့ကို ကြည့်‌နေသည်။

"တာအိုရောင်ရင်း" ဆရာဝုက လက်နှစ်ဖက်ယှက်၍ ပြောသည်။ " ကျုပ်တို့က အနက်ရောင်နယ်မြေမှာရှိတဲ့ ကောင်းကင်တရားရေးရာ မဟာမိတ်အဖွဲ့ရဲ့ ကောင်းကင်ရှာဖွေမျိုးနွယ်စုက လာတာပါ။ စောစောက နားလည်မှုလွဲတာပါ တာအိုရောင်ရင်း။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

မန်ဟိုသည် သူ့ကို အေးတိအေးစက်ကြည့်ပြီး သူ့အနောက်က လူများကို ကြည့်လိုက်သည်။ အနက်ရောင်နယ်မြေရှိ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့မှာ လာကြောင်းကြားလျှင်ချင်း ရွှေကျီးကန်းမျိုးနွယ်စုကို ရုတ်တရက် သူတွေးလိုက်မိ၏။ ထို့နောက် သူက ခေါင်းကို ဖြေးညင်းစွာ ညိတ်လိုက်သည်။ "နားလည်မှုလွဲတာလေးပဲဆိုတော့ ဒီအတိုင်းထားလိုက်ကြတာပေါ့။ ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားပေးပါ"

ဆရာဝုမှာ စိတ်သက်သာရာရသွားပြီး ဟင်းချနိုင်တော့သည်။ သူသည် အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ဖြစ်သည့်တိုင် သူ မန်ဟိုထံမှ ခံစားနေရသော ဖိအားမှာ အံ့ဩမှင်သက်ဖွယ်ကောင်း‌နေ၏။ သူ့မှာ သူ့ကို တိုက်ခိုက်လိုစိတ်မရှိပေ။

သို့သော် ဆရာဝု လက်ဆုတ်ပြီး နောက်ဆုတ်တော့မည့်အချိန်မှာပင် ဟုရန်ချင်း၏မျက်လုံးများမှာ ရုတ်တရက် ရန်လိုသွား၏။

"ဒီကောင်က တကယ်တော့ ကျားယောင်ဆောင်ထားတဲ့ လဖွတ်ပဲကိုး" ဟုရန်ချင်းမှာ မန်ဟို သူ၏အနက်ရောင်ဝတ်ကိုယ်ရံတော်လေးယောက်ကို သတ်ပစ်လိုက်သည့်အချိန်တွင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားခဲ့၏။ သို့သော် သူတို့က ကောင်းကင်ရှာဖွေမျိုးနွယ်စုမှဖြစ်ကြောင်းကြားသော် ညှိနှိုင်းလိုပုံရ‌သော မန်ဟို၏ပုံစံက သူ့ရင်ထဲတွင် လူယုတ်မာအတွေးများ ပြည့်နှက်သွားစေတော့သည်။

"သူ့ကို သတ်လို့ ပြောတယ်လေ" သူ၏အသံက မာထန်နေ၏။ "မင်းတို့အားလုံး သူ့ကို သွားသတ်ကြစမ်း" သူက အေးစက်စက် ရယ်သည်။ "ဆရာဝု၊ ကျုပ်တို့ခရီးစဉ်အတောအတွင်း ကျုပ် အထိအခိုက်မရှိစေရဘူးလို့ ခင်ဗျား အဖေ့ကို ကတိပေးခဲ့တယ်နော်။ ကျုပ်ရဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီး ကူညီပေးမယ်လို့လည်း ကတိပေးထားတယ်မလား။ ဒီလူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သေချာပေါက် အံ့ဖွယ်ပဲ။ ကျုပ် သဘောကျတယ်။ သွားသတ်ပေးပါ။ သူမသေခင် ကျုပ် သူ့ကို စားပစ်မယ်"

သူသည် စူးရှတောက်ပနေသော မျက်လုံးများဖြင့် လက်ကိုမြှောက်ကာ အမိန့်ဆွဲပြားတစ်ပြား ထုတ်လိုက်သည်။ "ခင်ဗျားတို့အားလုံးကို အမိန့်ပေးတယ် ။ အဲ့ဒီကောင်ကို သတ်ပေး"

မန်ဟို၏အမူအရာမှာ တစ်ချက်လေးပင် ပြောင်းမသွားပေ။ သူသည် ဖြစ်ပျက်နေသော မြင်ကွင်းကို အေးအေးလူလူ ကြည့်နေ၏။ အမိန့်ဆွဲပြားပေါ်လာသောအခါ ဆရာဝုနှင့် ကျန် အဘိုးကြီးခြောက်ယောက် ချက်ချင်း မျက်နှာပျက်သွား၏။ အချိန်အနည်းငယ်ကြာသော် လေးယောက်သည် အသေးစား‌နေရာရွှေ့ပြောင်းရင်း သူ့အနား ကပ်လာကြသည်။ မန်ဟို့အတွက် သူတို့က ပြိုင်ဘက်မဟုတ်စေကာမူ .. သူ့ကို လှုပ်မရအောင် ချုပ်ထားရုံသာလို‌ကြောင်း သူတို့သိထား၏။ တကယ်သတ်မည်လူကတော့ ဆရာဝုပင်။

"ကောင်းပြီလေ" ဆရာဝုက သက်ပြင်းချလိုက်သည်။ "ဒီလူ ကံဆိုးတယ်ပဲ ပြောရမှာပေါ့" သူက အံတင်းတင်းကြိတ်ရင်း မန်ဟို့ဘက် လှည့်လိုက်ကြသည်။ ရုတ်တရက် သူ၏ အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်၏ ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါက်ကွဲထွက်လာသည်။

"မင်းတော့ သေပြီ" ဟုရန်ချင်းက ဝါးလုံးကွဲမတတ် အော်ရယ်လိုက်၏။

အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် ကျင့်ကြံသူများ အနားရောက်လာသောအခါ မန်ဟို၏မျက်လုံးကား သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်သွားလေသည်။ ဤတစ်ခေါက် သူ၏ခန္ဓာကိုယ်မှ ထုတ်ဖော်လိုက်သော အသတ်အဖြတ်စိတ်ဆန္ဒမှာ သုံးဆယ်ရာခိုင်နှုန်းဖြစ်၏။ သူက အေးတိအေးစက် ပြောလိုက်သည်။ "သေချင်လား"

ပေါက်ကွဲထွက်လာသော အသတ်အဖြတ်စိတ်ဆန္ဒက အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်အဘိုးကြီးလေးယောက်၏မျက်နှာတွင် အံ့ဩတုန်လှုပ်ခြင်းတို့ စိုးမိုးသွားစေသည်။ မန်ဟိုကား သရဲတစ်ကောင်လို လျှပ်တပြက် ပျောက်သွားချေပြီ။ သူ ပြန်ပေါ်လာသောအခါ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်၏အနောက်တွင် ဖြစ်သည်။ သူသည် ညာလက်ကို မြှောက်ပြီး အဘိုးကြီးအား ဖိလိုက်စဥ် သူ၏မျက်နှာထားက သွေးအေးလျက်ရှိပြီး သူ့ဆံပင်များက တဖျပ်ဖျပ် လွင့်‌သွားသည်။

သေခြင်းအရှိန်အဝါနှင့်အသက်စွမ်းအားတို့ ရောယှက်သွားပြီး ကြောက်စရာ သုတ်သင်ခြင်းစွမ်းအား ဖြစ်လာသည်။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူအဘိုးကြီးမှာ ခုခံနိုင်စွမ်းမရှိ၍ တမုဟုတ်ချင်း ပေါက်ကွဲသွားတော့၏။

***

All Chapters