ကံကြွေးမျှင်များ
Vol. 38 Ch. 531
ဤအခိုက်အတန့်တွင် ဘေးဘက်ရှိ အဘိုးကြီးသုံးယောက်မှာ တုန်ရီနေပြီး သူတို့၏မျက်နှာများမှာ မျှော်လင့်ချက်မဲ့ကာ မှင်သက်နေကြတော့သည်။ အကြောက်တရားသည် သူတို့၏နှလုံးအိမ်အား လွှမ်းမိုးသွားလေပြီ။ သူတို့အပေါ်၌ ရစ်ဝဲနေသော သေမင်းအရိပ်ကား ခေါင်းဆောင်ကြီးဟုရန်ပေးခဲ့သော ဝာာဝန်ထက် အဆများစွာ ကျော်လွန်နေတော့သည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးဦးမှာ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ချာခနဲလှည့်ကာ အစွမ်းထက်ဆုံးအပြေးသိုင်းများဖြင့် ခြေကုန်သုတ်ကြတော့သည်။ သူတို့မှာ ဘာမှ မထိမ်ချန်ကြပေ။ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်တစ်ယောက်က လက်ချောင်းနှစ်ချောင်းကြား၌ ခရမ်းရောင်ကျောက်စိမ်းပြားတစ်ပြားကို ချိုးဖျက်လိုက်ရာ ခရမ်းရောင်အလင်းသည် သူ၏ခန္ဓာကိုယ်ကို ဝန်းရံ၍ သူ့အား ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် အားဖြည့်ပေးလိုက်တော့သည်။
နောက်ထပ် အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကျင့်ကြံသူမှာ ဆရာဝု၏ သွေးအပြေးသိုင်း အလုပ်မဖြစ်သည့်အပြင် ၎င်းကြောင့် ဒဏ်ရာပင် ရခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရ၍ ထိုသိုင်းကို မသုံးရဲပေ။ ထိုအစား သူ၏အနုသုခုမရုပ်ခန္ဓာမှ အသက်စွမ်းအားကို ဆင့်ခေါ်လိုက်သည်။ ရလဒ်အနေဖြင့် ၎င်းခြောက်ကပ်လာသည်ကို လျစ်လျူရှုရင်း သူ့မှာ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် အဝေးသို့ ထွက်ပြေးလေတော့သည်။
နောက်ဆုံးကျင့်ကြံသူသည် အားလုံးအထဲအမြင့်ဆုံး အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ဖြစ်၏။ သူက ထွက်ပြေးနေရင်း သိုလှောင်အိတ်ထဲမှ ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ထုတ်ကာ အရှေ့သို့ ပစ်ပေါက်လိုက်သည်။ ၎င်းသည် ချက်ချင်းပင် တောက်ပနေသော အလင်းတန်းသုံးတန်းထုတ်လိုက်ရာ အဆိုပါအလင်းတန်းတို့က အရှေ့ရှိ လေထုအတွင်းသို့ ထိုးစိုက်သွားပြီးနောက်..... အက်ကြောင်းတစ်ကြောင်းအား စုတ်ဖြဲပေးလိုက်သည်။
သူသည် ပြေးရန်ဆိုသော အာရုံကြီးကသာ သူ၏စိတ်ကို စိုးမိုးနေ၍ နောက်ပြန်လှည့်မကြည့်ဘဲ အက်ကြောင်းအထဲသို့ ဒိုင်ဗင်ပစ်ဝင်လိုက်တော့သည်။
သူ့မှာ မန်ဟိုကို သေးထွက်ကျမတတ် ကြောက်လန့်နေလေပြီ။
ဟုရန်ချင်းမှာတော့ ယခုလေးတင် ဖြစ်ပျက်သွားသော အရာအားလုံးကြောင့် ကြက်သေသေနေတော့သည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ၏အသက်ရှူသံမှာ ဟောဟဲလှိုက်လာသည်။ ဦးရေပြားသည်လည်း ထုံကျင်နေပြီး ရင်ထဲတွင်တော့ နောင်တအကြီးအကျယ်ရနေချေပြီ။
မျက်စိရှေ့တွင် ဆရာဝုပေါက်ကွဲသွားခြင်းက သူ၏မျက်နှာကို သွေးဆုပ်ဖြူလျော်သွားစေပြီး ဇောချွေးများ ပြန်လာစေတော့သည်။
မန်ဟိုက အင်္ကျီလက်စကို ခါကာ ဆရာဝု၏ အကြွင်းအကျန် အသားတုံးများကို ဖယ်ရှားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ညာလက်ခလယ်ဖြင့် လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် မတူညီသောလားရာဘက်သို့ လွင့်ထွက်သွားနေသော အသားတုံကြီးမှ သွေးစက်များ သူ့ဆီ ပျံသန်းလာချေသည်။ ၎င်းသည် တလက်လက်တောက်ပနေသော သွေးစက်တစ်စက်အဖြစ် သူ၏လက်ထိပ်တွင် စုစည်းသွားသည်။
ဤသွေးသည် အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ သေဆုံးခြင်းမှ ထုတ်လုပ်ပေးလိုက်သော နှလုံးသွေးဖြစ်၏။ မန်ဟိုက သွေးကို တခဏကြည့်ပြီးနောက် လက်ကို တွန်းထုတ်လိုက်ရာ ၎င်းအား အပိုင်းသုံးပိုင်းကွဲသွားစေပြီး ခရမ်းရောင်အလင်းဖြင့် ခြံရံလျက် ထွက်ပြေးနေသော ကျင့်ကြံသူဆီ ထွက်သွားစေသည်။
သွေးစက်သည် လေကို ခွင်းသွားသော အနီရောင်အတန်းတစ်တန်း ဖြစ်သွား၏။
တစ်ချိန်တည်းမှာပင် မန်ဟိုက ဖမ်းဆုပ်လိုက်သည့် လက်ဟန်လုပ်လိုက်သည်။ နတ်ဆိုးလှံသည် စိတ်လှုပ်ရှားနေသော ဟိန်းဟောက်သံနှင့်အတူ ပေါ်လာ၏။ ချက်ချင်းပင် ကြောက်စရာမျက်နှာအပြည့်ဖြင့် အနက်ရောင်မြူများ တလိပ်လိပ်ထလာသည်။ ထူးဆန်းစွာနှင့် မျက်နှာများမှာ မန်ဟို ရပ်နေသည်ကို မြင်သည်နှင့် တုန်ရီသွားကြပြီး တိခနဲ တိတ်ဆိတ်သွားတော့သည်။
မန်ဟိုက လှံကို မြှောက်ပြီး ပစ်ခွင်းလိုက်သည်။ မြူအတွင်းရှိ ကြောက်စရာမျက်နှာကြီးများက နောက်တစ်ဖန် ဟိန်းဟောက်ရင်း ထွက်ပြေးရန်အလို့ငှာ သူ၏အနုသုခုုမရုပ်ခန္ဓာကို လောင်ကျွမ်းပစ်နေသော ကျင့်ကြံသူဆီ ပြေးဝင်သွားကြသည်။
ဤအခြင်းအရာများ လုပ်ဆောင်ပြီးသော် မန်ဟိုက လေအက်ကြောင်းကြီးအတွင်းသို့ ကိုယ်တစ်ပိုင်း ရောက်နေပြီဖြစ်သော အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။ အက်ကြောင်းမှာ ပိတ်ခါနီးနေလေပြီ။ မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မြစိမ်းရောင်အလင်း လက်သွားသည်။ ရုတ်တရက် သာမန်ငါးမျှားတံတစ်လက် သူ့လက်ထဲတွင် ပေါ်လာ၏။
ငါးမြှားတံကို ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟို၏ အရှိန်အဝါတစ်ခုလုံး ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ လေနှင့် တစ်သားတည်း ဖြစ်သွားသည့်အလား ဝေဝါးလာ၏။ ဟုရန်ချင်း သူ့ကို ကြည့်သောအခါ သူ ဘယ်နည်းနှင့်မှ ခုခံနိုင်မည်မဟုတ်သော ဘီလူးသရဲကြီးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ အေးစက်သော ခံစားချက်ကြီး ရလိုက်လေသည်။
သို့သော်လည်း ဤသည်ကား ဘီလူးသရဲကြီး မဟုတ်။ ဤသည်မှာ အချိန်မရွေး သူ့အသက်ကို နုတ်ယူနိုင်သော၊ သူ့ထက် အဆင့်များစွာမြင့်သော အသက်စွမ်းအားတစ်ခုမှ ချေမှုန်းခြင်းဖိအားကြီး ဖြစ်လေသည်။
ဟုရန်ချင်း ရင်ထဲရှိ ခံစားကို ပြီးပြည့်စုံစွာ ဖော်ပြရန် မဖြစ်နိုင်ပေ။ သူ့မှာ ဟောဟဲလိုက်နေပြီး သူ့တစ်ကိုယ်လုံးမှာ တဆတ်ဆတ်တုန်နေ၏။ သူခံစားနေရသော အကြောက်တရားမှာ သူ့ဘ၀တွင် ခံစားခဲ့ဖူးသည့် မည်သည့် အကြောက်တရားမဆိုထက် များစွာ သာလွန်လေသည်။
သူတစ်ယောက်သာ ထိုမျှ ကြောက်လန့်တုန်လှုပ်နေခြင်း မဟုတ်။ ထွက်ပြေးနေသော အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် အဘိုးကြီးနှစ်ယောက်လည်း တုန်ရီနေပြီး သူတို့အဆင့်ထက် အဆများစွာ သာလွန်သော ဖိအားကြီး သူတို့အပေါ် သက်ရောက်နေသည်ကို အာရုံရလိုက်သည်။ ၎င်းက သူတို့၏ စိတ်နှလုံးကို လျင်မြန်စွာ လွှမ်းခြုံသွား၏။
သူတို့ တစ်ကိုယ်လုံးမှာ တုန်ရီနေပြီး သူတို့၏ ဝိညာဉ်များပင်လျှင် တုန်ရီလာသည်။ သူတို့၏ ကံကြွေးကား ရုတ်တရက် မြင်သာသွားသည့် အလားပင်။
" ဒါက ဘာလဲ "
အားလုံးထက် အကြောက်ဆုံးမှာတော့ အက်ကြောင်းကို ဖြတ်၍သွားနေသော အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင် ဖြစ်သည်။ သူသည် မန်ဟို၏ အခြားတစ်ဖက်၊ မတူညီသော ကမ္ဘာတွင် ဖြစ်သော်လည်း သူ့ဝိညာဉ် တုန်ခါနေခြင်းက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စကားများဖြင့်ပင် ဖော်ပြ၍ မရနိုင်သော၊ ခုခံ၍ မရနိုင်သော အအေးဓာတ်က သူ့ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားသည့် အလားပင်။
" ဒါက ဘာလဲ "
မန်ဟိုသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ငါးမြှားတံကို ကိုင်ထား၏။ ကမ္ဘာကြီးမှာ ရုတ်တရက် ခြားနားသွားပြီး အရောင်အဆင်း ကင်းမဲ့သွားသယောင်ပင်။ သို့သော်လည်း သူ့အရှေ့ရှိ လူများ၏ ခေါင်းထိပ်တွင် တောက်ပနေသော ရောင်စုံအလင်းများအား မြင်ရ၏။
မန်ဟိုက ဟုရန်ချင်းကို လှမ်းကြည့်လိုက်သည်။ ထိုလူ၏ ခေါင်းထိပ်တွင် အတူတကွ စုဝေးနေသော အရောင်အသွေးစုံလင်သော အမျှင်များစွာ ရှိလေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အမျှင်တစ်မျှင်မှာ နီရဲတောက်နေပြီး မယုံနိုင်လောက်အောင် ထူထဲ၏။ ၎င်းသည် အခြားအမျှင်များနှင့် သိသိသာသာ ကွဲပြားလေသည်။
လောလောဆယ်တွင် ဟုရန်ချင်း၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ မန်ဟို့အကြည့်နှင့် အရှိန်အဝါက ယခင်ကထက် အဆပေါင်း ထောင်နှင့်ချီ ကြောက်မက်ဖွယ်ကောင်းလေသည်။ စောစောက သူ၏ အကြည့်မှာ ခြိမ်းခြောက်ရုံလေးသာ ဖြစ်ခဲ့သော်လည်း ဤတစ်ခေါက်တွင်တော့ ဟုရန်ချင်းမှာ သူ၏ ဝိညာဉ်ပင် အေးစက်လာနေကြောင်း ခံစားလိုက်ရသည်။ သူ၏ တစ်ဘ၀လုံး၊ သူ၏ လျို့ဝှက်ချက်အလုံးစုံကို မန်ဟိုက ထိုးဖောက်မြင်ရသည့် အလားပင်။
မန်ဟိုသာ ဆန္ဒရှိလျှင် သူ ချက်ချင်း သေရတော့မည်ဟုသာ ခံစားနေရတော့သည်။ ထိုကဲ့သို့ သေခြင်းမျိုးမှာ သာမန်သေခြင်းမျိုး မဟုတ်ကြောင်း ပြောနိုင်သဖြင့် သူ့မှာ အလွန်အမင်းကို ကြောက်ရွံ့တုန်လှုပ်နေတော့သည်။
သေရမည်ဆိုရုံနှင့်တင် ကြောက်စရာကောင်းနေပြီ ဖြစ်သော်လည်း မန်ဟို့လက်ထဲတွင် သေရခြင်းကား ပို၍ပင် သနားစရာကောင်းမည် ဖြစ်သည်။
မန်ဟိုက ထွက်ပြေးနေသော အခြား အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို လှမ်းကြည့်လိုက်သောအခါ သူတို့လည်း ဟုရန်ချင်းနည်းတူ ခံစားချက်မျိုး ရလိုက်လေသည်။
မန်ဟို သူတို့၏ ခေါင်းထိပ်တွင် နှိပ်စက်နေသော အရောင်အသွေးစုံလင်သည့် အမျှင်များကို မြင်လိုက်ရ၏။ ၎င်းတို့မှာလည်း မယုံနိုင်လောက်အောင် ထူထဲပြီး အခြားသူများနှင့်မတူဘဲ အနီရောင် အမျှင်များ ဖြစ်လေသည်။
ထို ထူထဲသော အမျှင်များက မန်ဟို့မျက်နှာကို မဆိုစလောက်ကလေး ရိပ်ခနဲ ဖြစ်သွားစေသည်။
" ဆိုတော့ ဒါတွေက ကံကြွေးမျှင်တွေပေါ့လေ " မန်ဟိုက ခပ်တိုးတိုး ရွေရွတ်လိုက်သည်။ သူသည် ပျောက်ကွယ်နေသော အက်ကြောင်း၏ အခြားတစ်ဖက်တွင် တုန်ရီနေသော အဖိုးကြီးကို ကြည့်လိုက်၏။
ထိုလူ၏ ခေါင်းထိပ်နှင့် သွယ်ဆက်နေသော ကံကြွေးမျှင်မှာ ပို၍ပင် များပြားသေးလေသည်။
" ဘယ်လောက် နှမြောစရာ ကောင်းလိုက်သလဲ " မန်ဟိုက ခေါင်းခါရင်း ပြောသည်။ " ငါ ကံကြွေးကို နားလည်ရသလောက် ကျီဆယ့်ကိုး လုပ်ခဲ့သလိုမျိုး ကံကြွေးကို မဖြတ်တောက်နိုင်ပေမယ့် " သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်စွာ လက်သွားပြီး သူက ငါးမြှားတံကို အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် ငါးမြှားကြိုးတစ်ကြိုး ပျံထွက်သွား၏။ ၎င်းက အလွန်လျှင်မြန်စွာ ရွေ့လျားသွားသည့်အတွက် နည်းနည်းလေးမှပင် မလှုပ်သည့်အလား ထင်ရလေသည်။ ၎င်းသည် တုန်ရီနေသော အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ၏ အရှေ့တွင် ချက်ချင်း ပေါ်လာ၏။ အဘိုးကြီးမှာ ရုတ်တရက် အဆုံးမရှိတိုင်အောင် ကြောက်စရာကောင်းလှသော အရာတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ ပါးစပ်မှ ထွက်လာသော နှလုံးသွေးပျက်မတက် အော်သံကြီးကို အခြားသူများမကြားရသော်လည်း မန်ဟိုကတော့ ကြားလိုက်ရလေသည်။
ငါးမြှားကြိုးက အဘိုးကြီးကို ရစ်ပတ်သွားသည်ကို မန်ဟိုမြင်လိုက်ရသည်။ သူ ကြိုးကို ပြန်ဆွဲလိုက်သောအခါ အဘိုးကြီး၏ ဝိညာဉ်က သူ၏ ခန္ဓာကိုယ်မှ နှုတ်ယူခံလိုက်ရလေသည်။ အနုသုခုမရုပ်ခန္ဓာမှာ လျင်မြန်စွာ ခြောက်ကပ်ပြီး သေဆုံးသွားကာ သူ၏ ခန္ဓာကိုယ်မှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
ငါးမြှားကြိုး မန်ဟို့ဆီ ပြန်လာသောအခါ သူက လှမ်းပြီး ဝိညာဉ်ကို ဆုပ်ကိုင်ကာ ဖိချေပစ်လိုက်သည်။
ဝိညာဉ် ပျောက်ကွယ်သွားသောအခါ မန်ဟိုစိတ်ထဲတွင် ဟိန်းဟောက်သံကြီးတစ်သံ ပြည့်သွား၏။ ရုတ်တရက် သူသည် မည်သို့မည်ဖုံ ရှင်းပြရမည် မသိသော်လည်း ကံကြွေးအကြောင်းကို လေးလေးနက်နက် နားလည်သွားလေပြီ။
ဟုရန်ချင်း ဖြစ်ပျက်နေသော အရာအားလုံးကို မြင်သောအခါ ကြောက်လန့်တကြားသာ အော်နိုင်တော့သည်။ အခြား အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာလည်း သွေးရူးသွေးတန်း ထွက်ပြေးကြတော့၏။
***