ဟုရန်ချင်း၏ သေဆုံးမှု
Vol. 38 Ch. 532
ထို့နောက်တွင် သွေးစက်များမှာ သူတို့၏ပစ်မှတ်ကို မှီသွား၏။ ၎င်းတို့က ကျင့်ကြံသူကို ထိုးဖောက်သွားပြီး ထိုလူ၏ခန္ဓာကိုယ်နှင့်အတူ ပေါက်ကွဲသွားတော့သည်။
နောက်ကျင့်ကြံသူတစ်ယောက်မှာမူ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားသည့်တိုင် နတ်ဆိုးလှံထက် မြန်အောင် မသွားနိုင်ပေ။ ၎င်းသည် လေကို ခွင်းလာပြီး သူ့ကို စိုက်ဝင်သွား၏။ ချက်ချင်းပင် အနက်ရောင်မြူများက သူ့ကို လွှမ်းခြုံသွားတော့သည်။ စိတ်လှုပ်ရှားနေသော ကြောက်စရာမျက်နှာကြီးများက ခုန်အုပ်လိုက်ကြပြီး သွေးပျက်မတတ် အော်ဟစ်သံကြီး လေတွင် ပြည့်နှက်သွား၏။ ၎င်း တစတစ တိုးညှင်းပျောက်ကွယ်သွားသောအခါ အရိုးစုသာ ကျန်ရစ်ခဲ့လေသည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ်တမ်း အဘိုးကြီးသုံးယောက် စတင်ထွက်ပြေးသည့်အခိုက်အတန့်မှစ၍ သေသွားသည့်အချိန်အထိ အသက်ဆယ်ရှိုက်သာ ကြာလိုက်လေသည်။
မန်ဟိုက ငါးမျှားတံကို သိမ်းပြီး ဟုရန်ချင်းကို ပြန်လှည့်ကြည့်သည်။
မန်ဟို၏အကြည့် သူ့အပေါ် ကျရောက်လာသောအခါ ဟုရန်ချင်းမှာ ကတုန်ကယင်နှင့် နောက်ဆုတ်သွား၏။ သူ့မှာ ဝေါယောဉ်၏နောက်ကို ချက်ချင်း မှီလိုက်လေသည်။
"အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်" မန်ဟိုက အေးတိအေးစက်ပြောသည်။ "နှမြောစရာပဲ" ဤသည်မှာ သူမြင်ဖူးသမျှထဲ အားအနည်းဆုံး အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ဖြစ်၏။ "ကောင်းပြီး မင်းအဖေက ဘယ်သူလဲ" သူက ပုံမှန်မျက်နှာထားဖြင့် ဆက်မေး၏။ သူသည် စိတ်လိုက်မာန်ပါလုပ်တတ်သော မရင့်ကျက်သည့်ကောင်လေးမဟုတ်တော့ပေ။ ဤလူတွင် ထိုမျှအစွမ်းထက်သော အစောင့်များရှိထားသည်ဆိုကတည်းက သူ၏နောက်ခံမှာ နယ်နယ်ရရမဟုတ်ကြောင်း ပြောနိုင်လေသည်။
ထိုမျှသာမက ဤလူများ၏ခေါင်းတွင် ချိတ်ဆက်နေသော ခပ်ထူထူ အနီရောင်ကြိုးမျှင်များက မေးခွန်းထုတ်စရာပင်။ ထို့အပြင် စောစောက ဤလူသည် ထိုအနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ကျင့်ကြံသူ၏မန္တန်ဝင်္ကပါကို သူ့အဖေကိုယ်တိုင် ချီးကျူးခဲ့သည်ဟု ဆိုခဲ့သည်။ ထိုအချက်ကို မာန်အပြည့်ဖြင့် ကြွားဝါနေရင်း အမှုမဲ့အမှတ်မဲ့ ပြောခဲ့ခြင်းဖြစ်လေသည်။ သို့သော် မန်ဟိုကား အပိုင်းအစများကို အလွယ်တကူ ဆက်စပ်စဉ်းစားနိုင်၏။ ငုပ်လျှိုးနေသော အဓိပ္ပာယ်ကို သူ နားမလည်ဘဲ ရှိမည်လော။
ဟုရန်ချင်းက အထိတ်တလန့် ကြည့်လိုက်သည်။ အစက သူ့အဖေ၏ဂုဏ်ကို ဖော်ရင်း မန်ဟို့အား ခြောက်လှန့်ရန် သူကြံစည်ထားခဲ့လေသည်။ မန်ဟိုက ဦးစွာ မေးလိမ့်မည်ဟု သူမည်သို့ တွေးနိုင်ခဲ့မည်နည်း။
"ငါ့..." ဟုရန်ချင်းမှာ ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်နေတော့သည်။ သို့သော် သူကား အော်လိုက်သေး၏။ "ငါ့အဖေက အနက်ရောင်နယ်မြေမှာရှိတဲ့ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့က ကောင်းကင်ရှာဖွေမျိုးနွယ်စုရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး ဟုရန်ယွင်မင်း။ မင်း ငါ့ကို သတ်ရဲရင် ငါ့အဖေ မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး။ မင်း ဘယ်ကပဲလာလာ၊ ဘယ်သူပဲဖြစ်ဖြစ် မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲရင် မင်း သေမှာ မလွဲဧကန်ပဲ" သူ ကြောက်ချေးပန်းပြီး လျှောက်ပြောနေစဉ် စကားလုံးများက လျောလျောလျူလျု ထွက်လာ၏။ ဤသည်မှာ သူ မန်ဟို့ကို စောစောက ပြောရန် ကြံထားခဲ့သည့့်အတိုင်းဖြစ်လေသည်။ မန်ဟို သူ့ကို အရင်ဆုံးမေးလိုက်ခြင်းက သူ့၏အသံနေအသံထားကို အတန်ငယ် ကပေါက်တိကပေါက်ချာ ဖြစ်သွားစေ၏။
"ငါ မင်းကို သတ်ဖို့ အစီအစဉ်မရှိဘူး" မန်ဟိုက တစ်ချက်ရယ်ကာ ပြောလိုက်သည်။ "ထွက်သွားလို့ရပြီ" အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းက အသေးအဖွဲသာဖြစ်ပြီး ဤလူ့တွင် သူနှင့် ရန်ငြိုးမရှိပေ။ သူ့ကို သတ်ရတန်မည်မဟုတ်။
ထို့အပြင် သူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်တစ်ဦး၏ အမွေဆက်ခံသူဖြစ်သည်။ အသက်ကယ်မှော်ပစ္စည်းများ ရှိလိမ့်မည်မှာ အသေအချာပင်။ မန်ဟို သူ့ကို သတ်ဖို့ ကြိုးစားလျှင် ဒုက္ခများမည်သာမက သူ၏သရုပ်မှန်ကိုလည်း သေချာပေါက် စုံစမ်းခံရလိမ့်မည်။ မန်ဟိုအတွက် ကျင့်ကြံခြင်းလောကကို ယခုမှ ဝင်ရောက်လာခြင်းမဟုတ်၍ ဟုရန်ချင်းသေလျှင် ခေါင်းဆောင်ကြီးဟုရန်အနေဖြင့် သေချာပေါက် သူ့အား မြေလှန်ရှာပြီး သတ်ပစ်မည်ကို ကောင်းကောင်းသိသည်။ ခေါင်းဆောင်ကြီးဟုရန်ကို ရှောင်ကောင်းရှောင်နိုင်သော်လည်း သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်တော့မည်မဟုတ်ပေ။
ထိုသို့ဖြစ်ပျက်သောအခါ ရွှေကျီးကန်းမျိုးနွယ်စုတစ်စုလုံး အန္တရာယ်တွင်းထဲ ကျရောက်မည်ဖြစ်လေရာ မန်ဟို ထိုသို့ဖြစ်ခွင့်မပေးနိုင်ပေ။
ထို့ကြောင့် ဆရာဝုနှင့် အခြားသူများကို ထွက်သွားခွင့်ပေးရန် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ကံဆိုးစွာနှင့် ဟုရန်ချင်းမှာ ဘယ်အရာက သူ့အတွက်အကောင်းဆုံးလဲ မသိ၍ သူ၏အစွမ်းထက်အစောင့်များကို မန်ဟို့အား တိုက်ခိုက်စေခဲ့သည်။ မန်ဟိုသည် သူတို့အား တမုဟုတ်ချင်း သတ်ဖြတ်ခဲ့ပြီး ယခုတော့ ဟုရန်ချင်းမှာ တစ်ယောက်တည်း ကျန်ခဲ့ပြီဖြစ်ရာ ဆင်ခြင်တတ်သွားလောက်ပေမည်။
မန်ဟိုပင်လျှင် တချို့လူများမှာ ရန်စ,စရာမဟုတ်ကြောင်း သိ၏။
မန်ဟိုသည် သူ ဤလူ့ကို မသတ်ဘဲ လွှတ်ပေးလိုက်ပြီဖြစ်၍ ဟုရန်ချင်းအနေဖြင့် မကျေမချမ်း ဖြစ်တော့မည်မဟုတ်ဟု ထင်ထားလေသည်။ ဟုရန်ချင်းမှာ စောစောက မြင်ကွင်းကြောင့် သေချာပေါက် တုန်လှုပ်သွားခဲ့လေသည်။
ထို့အပြင် မန်ဟိုသည် ဟုရန်ချင်းအပေါ်၌ နတ်ဘုရားအာရုံမျှင်တစ်မျှင် ချန်ထား၏။ သူ သူ့အဖေ၊ ခေါင်းဆောင်ကြီးဟုရန်ဆီ ပြန်ရောက်သည်နှင့် နတ်ဘုရားအာရုံကို ရှာတွေ့ကာ ဖြေရှင်းချက် အလုံးစုံပေးလိမ့်မည်။
အတိုင်းထက်အလွန် ဉာဏ်အမြော်အမြင်ရှိသူများသာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဖြစ်လာနိုင်သည်။ ထိုလူအနေဖြင့် အဖြစ်အပျက်ကို အေးအေးဆေးဆေး လက်ခံကာ ဒေါသူပုန်ထမည်မဟုတ်ကြောင်း မန်ဟို ယုံကြည်၏။
"မင်း ငါ့ကို မသတ်ဘူးလား" ဟုရန်ချင်းက တအံ့တဩ မေးသည်။ ရုတ်တရက် သူသည် ဤလူ သူ့ကို မသတ်ရသည့် အကြောင်းရင်းကို ရေရေရာရာမသိသော်လည်း သူ့အဖေကို ကြောက်၍မဟုတ်ကြောင်း ခံစားလိုက်ရ၏။ သူကား တစ်ချက်လေးပင် တုံ့ဆိုင်းမနေတော့ဘဲ အံကြိတ်၍ ပြေးတော့သည်။ ထိုသို့ပြေးနေစဉ် သူသည် ကျောက်စိမ်းပြားတစ်ပြားထုတ်ပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များကို အလျင်အမြန် ဆင့်ခေါ်လိုက်၏။
မန်ဟိုက ဟုရန်ချင်းထွက်သွားသည်ကို အဖက်မလုပ်ပေ။ သူသည် နောက်တစ်ဖန် တင်ပျဉ်ခွေထိုင်ပြီး တိတ်ဆိတ်စွာ တရားထိုင်နေ၏။ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကို သွားဖို့ ကျင်ရှန်းနှင့် မတွေ့ခင် ဤနေရာတွင် အေးအေးဆေးဆေး စောင့်နေရန် သူ ဆုံးဖြတ်ထားလေသည်။
သူ တရားထိုင်ပြီး အနုသုခုမရုပ်ခန္ဓာခုနစ်ခုကို စစ်ဆေးနေစဉ် အတင့်ရဲသောအကြံတစ်ခု သူ၏ခေါင်းထဲတွင် ပေါ်လာသည်။
"အခု ငါ့မှာ အနုသုခုမရုပ်ခန္ဓာခုနစ်ခုရယ် ၊ ၂၉၉၉၉ မီတာရပ်ဝန်း နတ်ဘုရားအာရုံရယ် ရှိပြီ။ မီတာ ၃၀၀၀ဝ က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရပ်ဝန်းပဲ.... အကယ်လို့ ရှစ်ခုမြောက် အနုသုခုမရုပ်ခန္ဓာကို ဖန်တီးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ကိုးဆိုရင်ရော..... နတ်ဘုရားအာရုံအဆင့်တက်ပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နဲ့ ယှဉ်နိုင်သွားမလား... အဲ့ဒါက ငါ စိတ်ဝိညာဉ်ခွဲထုတ်ရာမှာ အထောက်အကူ ဖြစ်နိုင်လား" အတွေးရထားကြီး ဤဘူတာဆိုက်သော် မန်ဟို အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။ သူ၏မျက်လုံးများ ရုတ်တရက် တလက်လက် တောက်ပလာ၏။ သို့သော် အတန်ကြာသော် ၎င်းမှာ သိပ်ယုတ္တိမရှိကြောင်း သူ သဘောပေါက်လိုက်လေသည်။
"ငါ ဒီကိစ္စကို သေသေချာချာ တွေးကြည့်ဖို့ လိုတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြံလေးဘာလေး ပေါ်ရင် ပေါ်လာလောက်မှာ။ တစ်ရောင်ဝိညာဉ်ရယူဆေးလုံးက တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ ဒဏ္ဍာရီတွေအရဆိုရင် တစ်ခါပဲ ဆေးစွမ်းပြတာတဲ့။ ဒါပေမဲ့ ငါ့အတွက်တော့ နှစ်ခါအလုပ်ဖြစ်ခဲ့တယ်" သူသည် အစောပိုင်းတုန်းက ဤကိစ္စကို တွေးခဲ့ပြီး ဖြစ်နိုင်ချေများ စဉ်းစားခဲ့ပြီးဖြစ်လေသည်။
တကယ်တမ်း သူ တည်ဆောက်ခဲ့သော အခြေခံမှာ ရှေးယခင်တုန်းကပင် အရှားဆုံးဖြစ်လောက်သည်။ သူသည် စဦးချီဖွဲ့စည်းမှု အဆင့် (၁၃) ၊ တာအိုမဏ္ဍိုင်ဆယ်ခုဖြင့် ပြီးပြည့်စုံသောအခြေ၊ ရွှေအမြုတေမဟာစက်ဝန်းအဆင့်ရောက်ရှိခဲ့သည့်အပြင် ဓာတ်ငါးပါးကိုလည်း အောင်အောင်မြင်မြင် ပေါင်းစည်းခဲ့ပြီးလေပြီ။ လုံးလုံးလျားလျား မကြုံဖူးသောအရာဟု မပြောနိုင်သော်လည်း ထို့လောက်နီးနီးဖြစ်၏။
"ဒါ့အပြင် ရှေးဆေးလုံးသုံးလုံးကလည်း ရှားပါးတယ်။ ရှေးခေတ်တုန်းကတောင် တစ်လုံး စားနိုင်တဲ့သူ မရှိသလောက် ရှားခဲ့တာ။ တစ်ရောင်ဝိညာဉ်ရယူခြင်းဆေးလုံးကတော့ တကယ်တမ်း နှစ်လုံးစားတာက တစ်လုံးစားတာနဲ့ သိပ်မထူးခြားဘူး။ အများကြီးစားမှ အာနိသင်တွေ တစ်ခါတည်းပြုံပြတာ။ ရှေးကျင့်ကြံသူတွေအနေနဲ့ ဒီလောက်ထိ မဖြုန်းနိုင်တော့ တစ်လုံးစားမှ ဆေးစွမ်းပြတယ်လို့ ထင်ကြတာပဲ။ ဟုတ်တာပေါ့ သူတို့ အဲ့ဒီလိုထင်လို့ ဒဏ္ဍာရီတွေ ဖြစ်လာတာပေါ့လေ" မန်ဟိုသည် အတွေးထဲ နစ်မြောလျက် ဆက်ထိုင်နေ၏။
ဟုရန်ချင်းတစ်ယောက် ရက်ပေါင်းများစွာ မရပ်မနားပြေးနေခဲ့သည်။ ယခုတွင် သူသည် သူ့ထံသို့ အပြေးအလွှားလာနေကြသော ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များထံမှ ပြန်စာများ ရထားပြီးလေပြီ။ အမွှေးတိုင်တစ်တိုင်ထွန်းစာအတွင်း သူတို့ ရောက်လာတော့မည်ဖြစ်သည်။
ဤအခိုက်အတန့်မှ ဟုရန်ချင်း ရင်ထဲက အလုံးကြီးကျသွားတော့သည်။ မန်ဟို သူ့ကို အမှန်တကယ် အလွှတ်ပေးထားကြောင်း သူ သိလိုက်၍ မန်ဟို၏ကြောက်စရာကောင်းပုံကို ပြန်တွေးပြီး သူ ခါးသက်သက် ရယ်လိုက်မိသည်။ မကျေမချမ်းဖြစ်လာသော်လည်း မန်ဟိုကြောင့် ခံစားခဲ့ရသော အကြောက်တရားကို ပြန်စဉ်းစားရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။
"ငါ မေ့လိုက်တာပဲ ကောင်းမယ်ထင်ပါတယ်" သူက တွေးလိုက်သည်။ "အမှန်အတိုင်းပြောရရင် သူ့ကို ရန်သွားစတာ ငါလေ။ သူကတော့ အလွှတ်ပေးချင်ခဲ့ပေမယ့် ငါ အဲ့ဒီတုန်းကလို ရှေ့ဆက်ပြုမူနေရင် ငါ့ကို တကယ်သတ်မယ့်သူနဲ့ တွေ့ရလိမ့်မယ်။ ငါ့အဖေ နောက်ပိုင်း ကလဲ့စားသွားချေရင်တောင်မှ ငါက ပြန်ရှင်လာမှာမှ မဟုတ်တော့တာ .... ဒီကိစ္စသာ ဟုရန်ချင်းရဲ့ ဘဝမှာ အချိုးအဆစ်တစ်ခုပဲပေ။ အခုကစပြီး ငါ ဘယ်တော့မှ အဲ့ဒီလို ထပ်မလုပ်တော့ဘူး။ ငါ ထင်ပေါ်ကျော်ကြားလာစေရမယ်"
သူ စိတ်ပိုင်းဖြတ်လိုက်စဉ် သူ၏မျက်လုံးများ၌ ခေါင်းမာသောအလင်းတစ်ခု ပြည့်နှက်သွား၏။ သူ မျိုးနွယ်စုကို ပြန်ရောက်လျှင် တံခါးပိတ်ကျင့်ကြံမည်။ သူ၏ မောက်မာထောင်လွှားသော ပင်ကိုယ်စရိုက်ကို ပြောင်းလဲပြီး ကျင့်ကြံခြင်းအခြေခံအဆင့်မြှင့်တင်ရာတွင် အာရုံစိုက်မည်။ နောက်နောင် ထိုကဲ့သို့ ကြောက်စရာအဖြစ်အပျက်မျိုးနှင့် သူ့ကိုယ်သူ ကြုံတွေ့ခွင့်မပေးနိုင်တော့ပေ။
သို့သော် ဟုရန်ချန်း ပွစိပွစိရေရွတ်ပြီး စိတ်ပိုင်းဖြတ်လိုက်စဉ်မှာပင် ကျောနောက်မှ သွေးအေးအေးရယ်သံကြီး ကြားလိုက်ရ၏။
သူ လှည့်ကြည့်လိုက်သည့်အခိုက်တွင် မျက်နှာထား ရိပ်ခနဲ ဖြစ်သွားလေသည်။ အနောက်တွင် မြင်လိုက်ရသည်မှာ အနက်ရောင်ဝတ်လူငယ်တစ်ဦးဖြစ်၏။ ဟုရန်ချင်း ထိုသူ၏မျက်နှာကို မြင်လျှင်ချင်း အသတ်အဖြတ်စိတ်ဆန္ဒတို့ သူ၏မျက်လုံးထဲ လင်းလက်သွားလျက် အသံဩဩကြီးဖြင့် အထစ်ထစ် အငေါ့ငေါ့သာ ပြောနိုင်တော့သည်။ "မင်း .... မင်း ပြောတော့ ငါ့ကို အလွှတ်ပေးမယ်ဆို"
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဝတ်လူက ဟုရန်ချင်း၏ ဂုတ်ကို ဆွဲပြီး ရက်ရက်စက်စက် ချိုးချလိုက်သည်။
ဂျွတ်ခနဲ အသံအား ကြားရနိုင်၏။ ဟုရန်ချင်း၏မျက်လုံးများ ပြူးထွက်သွားပြီး တွေဝေမှုနှင့် နောင်တတို့ဖြင့် ပြည့်နှက်နေလေသည်။ သူ့မှာ အလွှတ်ပေးခံလိုက်ရသော်လည်း ဘာကြောင့် ယခုလို ခြေရာခံပြီး တိုက်ခိုက်ခံရသည်လဲ နားမလည်ပေ။
သူ့အဖေပေးထားသည့် အသက်ကယ်ရတနာများ ဘာကြောင့် အသက်ဝင်မလာသည်လဲ နားမလည်.....
သူ၏မျက်လုံးများ ဝေဝါးလာသည်နှင့်အမျှ သေခြင်းသည် နီးကပ်လာပြီး အလင်းရောင်များ မှေးမှိန်လာသည်။ ရုတ်တရက် သူ့အရှေ့ရှိ ဤလူမှာ စောစောက ကြောက်စရာကျင့်ကြံသူနှင့် မတူကြောင်း သဘောပေါက်လိုက်သည်။
ချွတ်စွပ်တူသော်လည်း အမှန်တွင် ကွဲပြားခြားနားမှုများ ရှိနေသည်။
သို့သော် သူ့မှာ ထိုအတွေးများကို ထုတ်မပြောနိုင်တော့ပေ။ ဖောင်းခနဲ သူ၏ခန္ဓာကိုယ်သည် သွေးအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားတော့သည်။
အနက်ရောင်ဝတ်လူက ပြုံးလိုက်ပြီး သူ၏မျက်ဝန်းများက အနီရောင်တောက်သွား၏။ သူ ထွက်သွားတော့မည့်အချိန်မှာပင် ခြေထောက်အောက်ရှိ ခရမ်းပင်လယ်ကြီးမှာ ရုတ်တရက် လှိုင်းထန်လာ၏။ ပင်လယ်ရေအတွင်းမှ လာနေသော ဒေါသတကြီးဟိန်းဟောက်သံကြီးကို ကြားလိုက်ရလေသည်။
"သေစ်း ဒီလောက်ဝေးတာတောင် အာရုံခံနိင်သေးတယ်လား။ ဒါဆို စောစောက သူ မိစ္ဆာဝိညာဉ်ကူးပြောင်းနေခဲ့တာပေါ့လေ" လူငယ် မျက်နှာပျက်သွားပြီး ရင်တဒိန်းဒိန်းခုန်လာသည်။ သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်သွား၏။ သို့သော် သူပျောက်သွားသည်နှင့် ခရီးသုံးရက်နှင်ရမည့် အကွာအဝေးတွင် မန်ဟိုသည် ဒေါသမီးတဟုန်းဟုန်းတောက်လျက် ပင်လယ်ရေမျက်နှာပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူက ရုတ်တရက် ဒဏ္ဍာရီလာသိမ်းငှက်ကြီးစွမ်းအားနှင့်အတူ လေပေါ် ထိုးတက်သွားသည်။ ထို့နောက် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရှေ့သို့ ထွက်သွားလေသည်။ သူ အနက်ရောင်ဝတ်လူငယ်ထံ ဦးတည်သွားစဉ် အသံလှိုင်းများက တဖောင်းဖောင်းမြည်လျက် နောက်တွင် ကျန်ခဲ့လေသည်။
"မင်း ငါ့ကို ချောက်ချရဲတယ်ပေါ့လေ"
***