လိုက်ဖမ်းပြီး သတ်
Vol. 38 Ch. 533
မန်ဟို၏ အသံကြီးက ခရမ်းပင်လယ်ထံမှ ဟိန်းထွက်လာသည်။ ၎င်းသည် စိတ်နှလုံးတုန်လှုပ်ဖွယ် မိုးခြိမ်းသံကြီးပမာ ဟိန်းထွက်လာရာ အနက်ရောင်ဝတ်လူငယ်ကို ချက်ချင်း မျက်စိမျက်နှာပျက်သွားစေ၏။ သူက ချာခနဲ လှည့်ပြီး အဝေးသို့ ထွက်သွားသော အနက်ရောင်အတန်းတစ်တန်း ဖြစ်သွားလေသည်။
"သူ ငါ့ကို မြင်မယ်ဆိုတာ သိခဲ့ရင် နည်းနည်း သည်းခံပြီး စောင့်ပါတယ်" အနက်ရောင်ဝတ်လူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ "သေစမ်း.... အခွင့်အကောင်းတစ်ခု လွတ်သွားပြီ။ အခုတော့ ထင်တာထက်ပိုပြီး ငါ့အကြောင်းသိသွားပြီ တောက်" သူ တတ်နိုင်သမျှ အမြင့်ဆုံးအရှိန်ဖြင့် ထွက်ပြေးနေစဉ် သူ၏မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွား၏။
ဤသည်မှာ လူအသွင်ဖန်ဆင်းထားသော လင်းနို့နက်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။
လွန်ခဲ့သောနှစ်များက သူသည် မန်ဟို၏ မိစ္ဆာဝိညာဉ်ကူးပြောင်းခြင်းစိတ်ဆန္ဒကြောင့် အလန့်တကြား ထွက်ပြေးခဲ့ရလေသည်။ ထို့နောက်ပိုင်း မန်ဟို ပြန်ရောက်လာသည်ကို အာရုံရခဲ့သော် ၎င်းက သူ၏အာရုံကို မဆွဲဆောင်မိရန် ဆင်ဆင်ခြင်ခြင်နေခဲ့၏။
လင်းနို့နက်ကြီးမှာ ကိုယ့်အစွမ်းအစကိုသာ ကိုယ်မှီခိုလျှင် မန်ဟို့လက်ထဲမှ အစစ်အမှန်စိတ်ဝိညာဉ်ဓားအား လုယူရခက်ခဲမည်ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် ၎င်းသည် တစ်ယောက်ကို ဖယ်ရှားဖို့ တစ်ယောက်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့၏။ ရလဒ်မှာ ဟုရန်ချင်း၏သေဆုံးခြင်းဖြစ်လေသည်။
"သူ ငါ့ကို မြင်သွားရင်တောင်မှ ... ငါ့အစီအစဉ် အလုပ်ဖြစ်သေးတယ်။ ခေါင်းဆောင်ကြီးဟုရန် သေချာပေါက် သူ့သားသေတာကို အာရုံရမှာပဲ" အနက်ရောင်ဝတ်လူသည် မျက်လုံးများတောက်ပနေလျက် ပို၍ပင်မြန်အောင် ကိုယ်ကို တွန်းပို့လိုက်သည်။
သူထွက်ပြေးသွားသည့်အချိန်မှာပင် မန်ဟို၏မျက်နှာမှာ အတိုင်းထက်အလွန် တင်းမာခက်ထန်နေ၏။ ဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင်၏စွမ်းအားသည် သူ၏ပတ်ပတ်လည်တွင် ပေါက်ကွဲလာကာ အလွန်လျင်မြန်သော အမြန်နှုန်း ဖြစ်လာတော့သည်။ တဝုန်းဝုန်း ပေါက်ကွဲသံများလည်း နောက်တွင် ပဲ့တင်ထပ်ကျန်ခဲ့လျက် သူကား အနက်ရောင်ဝတ်လူငယ်၏တည်နေရာသို့ သွားနေချေသည်။
သူ နေရာအတိအကျ သိရသည့် အကြောင်းရင်းမှာ ခရမ်းပင်လယ်ကြီးအပြင် .... ဟုရန်ချင်းအပေါ် ချန်ရစ်ထားသော နတ်ဘုရားအာရုံမျှင်ဖြင့် ပတ်သက်လေသည်။ အနက်ရောင်ဝတ်လူမှာ အတော်လေး ဝေးကွာသော်လည်း သူကား မန်ဟို၏မြင်ကွင်းတည့်တည့်တွင် ရှိနေသေး၏။
"ဒီလူက ဘယ်သူလဲ" မန်ဟိုက မျက်နှာကြီးမည်းမှောင်နေလျက် တွေးလိုက်သည်။ "ဘာလို့ ငါနဲ့ ဒီလောက်တူနေတာလဲ။ ရုပ်ဖျက်ထားတဲ့ပုံလည်း မပေါ်ဘူး။ သူ့ရဲ့ တကယ့်ရုပ်သွင်အတိုင်းပဲ...." မန်ဟိုက နေရာရှာဖွေပညာရပ်၏ စွမ်းအားကို အသုံးပြုရင်း လူငယ်ကို လေ့လာနေတော့သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။
"လင်းနို့နက်"
လင်းနို့နက်ကြီးသည် ယခင်ကထက်စာလျှင် အများကြီး ပြောင်းလဲသွားခဲ့သော်လည်း ၎င်းအပေါ်တွင် မန်ဟို ခတ်နှိပ်ခဲ့သော တံဆိပ်မှာ ရှိနေသေးပြီး ဖယ်ရှား၍မရပေ။
မန်ဟို၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပသွား၏။ ဟုရန်ချင်းကို သတ်ခြင်းက မျက်နှာပြောင်တိုက်၍ သူ့ကို ချောက်ချရန် ကြိုးစားခြင်းဖြစ်လေရာ ဖြေရှင်းရခက်ပေမည်။ ၎င်းတို့အားလုံးက ခေါင်းဆောင်ကြီးဟုရန် မည်သိုတုံ့ပြန်မည်လဲအပေါ် မူတည်၏။
မန်ဟို၏မျက်နှာ မည်းမှောင်သွားပြီး သူ၏မျက်လုံးများ၌ ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ ပြည့်နှက်သွားသည်။ သူသည် ဟုရန်ချင်းကိစ္စကို တွေးရင်း အချိန်မဖြုန်းရန် ဆုံးဖြတ်လိုက်၏။ ထိုအစား သူ၏အသတ်အဖြတ်စိတ်ဆန္ဒအလုံးစုံကို အနက်ရောက်ဝတ်လူငယ်အပေါ်တွင်သာ အာရုံစိုက်ထားတော့သည်။
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေး ကျုံ့သထက် ကျုံ့လာသည်။ မန်ဟို၏အမြန်နှုန်းကား အကန့်အသတ်မရှိပေ။ အနက်ရောင်ဝတ်လူငယ်လည်း မယုံနိုင်လောက်အောင် မြန်သော်လည်း မန်ဟိုနှင့်တော့ ယှဉ်မရ။
"ငါ အစီအစဉ်ပြောင်းရမယ်..." သူက တွေးသည်။ "အနောက်ပိုင်းသဲကန္တာရမှာ နေလို့မဖြစ်တော့ဘူး။ ဘယ်လိုနေနေ သူ ငါ့ရဲ့ ချောက်ချမယ့်အစီအစဉ်ကို သိသွားရင်တောင်မှ သူ ဘယ်လောက်မြန်မြန် ငါ့ကို နောက်တစ်ရက်အထိ မှီမှာမဟုတ်ဘူး။ အခုကစပြီး တစ်ရက်နေရင် ငါ အနောက်ပိုင်းသဲကန္တာရကနေ ထွက်ပြီ" တဟုန်ထိုး သွားနေရင်းတန်းလန်း အနက်ရောင်ဝတ်လူငယ်က တုံ့ခနဲ ရပ်သွား၏။ သူသည် ကောက်ကျစ်စွာ ပြုံးရင်း ညာလက်ဖြင့် တစ်ခုခုကို တွက်ချက်နေသည့်အလား ဘေးဘီဝဲယာကို အကဲခတ်လိုက်၏။
"ဒီနားမှာပဲ။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒီတစ်ကြောမှာ နဂါးငွေ့တန်းပင်လယ်ကို ဦးတည်နေတဲ့ နေရာရွှေ့ပြောင်းအက်ကြောင်းကို ငါတွေ့ခဲ့တယ်။ အဲ့ဒါ နည်းနည်းလေး ရွေ့သွားတယ်ဆိုဦး၊ သိပ်ဝေးဝေး ရွေ့မှာမဟုတ်ဘူး" သူ၏ခန္ဓာကိုယ်သည် ဟိုဟိုသည်သညိ လက်ခနဲ ရွေ့လျားရင်း ပတ်ဝန်းကျင်တွင် ရှာဖွေနေတော့သည်။
အမွှေးတိုင်နှစ်တိုင်ထွန်းစာကြာသော် သူ၏မျက်လုံးများတွင် ဝမ်းမြောက်ပျော်ရွှင်သွားသောအမူအရာတစ်ခု ပြည့်နှက်သွား၏။ သူသည် လေလယ်တွင် ရပ်ကာ လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်၍ အရှေ့တည့်တည့်သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် သူ၏အရှေ့ရှိ လေထုသည် လှိုင်းများအထပ်ထပ်ဖြာထွက်ကာ ခပ်မှိန်မှိန် မီးခိုးရောင်အက်ကြောင်းတစ်ကြောင်းကို ဖော်ပြလိုက်သည်။
အက်ကြောင်းမှာ သိပ်ထူးထူးခြားခြားမဟုတ်ပေ။ ၎င်းကား ချိတ်ပိတ်ခံထားရပုံပင်။ မြင်သာလာသော်လည်း ၎င်းမှာ မတည်ငြိမ်သည့်အလား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏။
"သေစမ်း အက်ကြောင်းက ပျောက်ကွယ်တော့မှာပဲဟ။ အထဲမဝင်ခင် တည်ငြိမ်အောင်လုပ်ဖို့ အချိန်နည်းနည်းလိုတယ်.... ငါ မှတ်မိတာမှန်ရင် အနောက်ပိုင်းသဲကန္တာရမှာ ဒီလို နေရာရွှေ့ပြောင်းအက်ကြောင်းသုံးကြောင်းရှိတယ်။ အနီးဆုံးတစ်ခုက ခုနစ်ရက်လောက် သွားရမှာ။ အချိန်မလောက်ဘူး...." အနက်ရောင်ဝတ်လူငယ်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက အံတင်းတင်းကြိတ်လိုက်သည်။ သူ၏တွက်ချက်မှုများအရ မန်ဟိုအနေဖြင့် သူ့ကို တစ်ရက်အတွင်း လိုက်မှီမည်မဟုတ်ပေ။ ဤအက်ကြောင်းကို ပြင်လျှင် ဆယ်နာရီခန့် ကြာလိမ့်မည်။
အနက်ရောင်ဝတ်လူငယ်မှာ မျက်လုံးများ တလက်လက် တောက်ပနေလျက် အက်ကြောင်းဘေးတွင် ချက်ချင်း တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူသည် အက်ကြောင်းအား တံဆိပ်ခတ်နှိပ်ရန် အပြာရောင်သွေးတစ်လုပ်ထွေးထုတ်လိုက်သည်။ သွေးသည် မှော်သင်္ကေတများအသွင်ပြောင်းသွားပြီး အက်ကြောင်းအပေါ် ကျရောက်သွားသောအခါ ၎င်းနှင့်ပေါင်းစည်းပြီး စတင်ပြုပြင်တော့သည်။
မန်ဟိုသည် ခရမ်းပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တရိပ်ရိပ် ပြေးနေ၏။ သူ၏ပစ်မှတ် ရပ်သွားသည်ကို အာရုံရလိုက်သည်နှင့်တစ်ပြိုင်နက် သူ မျက်မှောင်မကြုတ်မိဘဲ မနေပေ။
အနက်ရောင်ဝတ်လူငယ်၏ ပတ်ဝန်းကျင်တွင် နေရာရွှေ့ပြောင်းခြင်းစွမ်းအား ရှိနေ၏။ မန်ဟို မျက်လုံးများ တောက်ပသွားသည်။ တစ်ခုခုမဖြစ်သရွေ့ နေရာရွှေ့ပြောင်းရေးမုခ်ဝတစ်ခု သိပ်မကြာခင် ပွင့်လာပေတော့မည်။
"ဒုတိယ ဝိညာဉ်ခန္ဓာ"
ဘုန်း
မန်ဟို၏ အနုသုခုမရုပ်ခန္ဓာနှစ်ခု တစ်ခုအပေါ်တစ်ခု ထပ်သွားသဖြင့် သူ၏အတိုက်အခိုက်စွမ်းရည်ကို ခုန်တက်သွားစေပြီး သူ၏ခန္ဓာကိုယ်ကို သန်မာတောင့်တင်းလာစေ၏။ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာနှစ်ခု၏ စွမ်းအားက သူ၏အရှိန်ကို နှစ်ဆမြန်သွားစေသည်။
ထိုကဲ့သို့အမြန်နှုန်းနှင့် သိမ်းငှက်ကြီး၏လေစွမ်းအားက မန်ဟို ရင်သပ်ရှုမောဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားစေတော့သည်။
"တတိယဝိညာဉ်ခန္ဓာ"
"စတုတ္ထဝိညာဉ်ခန္ဓာ" မန်ဟိုက ကြောက်ခမမ်းလိလိ အမြန်နှုန်းဖြင့် လေကိုခွင်းလာရင်း ဟိန်းဟောက်လိုက်သည်။ သူသည် ပိုမြန်လာပြီး သူ၏ခန္ဓာကိုယ်က ပိုသန်မာလာကာ အတိုက်အခိုက်စွမ်းရည်မှာ အထွတ်အထိပ်နီးပါး ရောက်သွား၏။
ဓာတ်ငါးပါးပေါင်းစည်းခြင်းက သူနှင့် အနက်ရောင်ဝတ်လူငယ်အကြား သုံးရက်ကြာမည့်ခရီးကို ဆယ့်လေးနာရီအထိ လျှော့ချပေးခဲ့လေသည်။
သို့သော် ယင်းက မန်ဟို့အတွက် မလုံလောက်သေး။ ကုန်လွန်သွားသည့်အချိန်တိုင်းက သူ၏သားကောင် ထွက်ပြေးရန် အချိန်ဖြစ်လေသည်။ မန်ဟိုက မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် အေးတိအေးစက်တောက်ပနေလျက် ဆဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်၏။
ဂျိန်းခနဲ အသံကြီးနှင့်အတူ မန်ဟို၏ခန္ဓာကိုယ်မှာ ထပ်မံထွားကြိုင်းလာသည်။ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၃၂ ခု၏ အတိုက်အခိုက်စွမ်းရည်မှာ သူကို ဖြတ်စီးသွားကာ သူ၏အမြြန်နှုန်းကား နှစ်ဆထပ်တိုးသွားပြန်လေပြီ။
သူ၏ပတ်ပတ်လည်ရှိ လေထုသည် ခလွမ်းခနဲ ကြေမွသွား၏။ သူရွေ့လျားသော အမြန်နှုန်းမှာ ဖော်ပြမတတ်နိုင်အောင်ပင်။ မျက်စိတစ်မှိတ်အတွင်း သူကား မီတာထောင်နှင့်ချီ ရောက်သွားသည်။ ယခုတွင် သူသည် သူ၏ပစ်မှတ်မှ ခြောက်နာရီသာ ကွာဝေးတော့သည်။
"ငါ ထပ်မြန်မြန်သွားလို့ရသေးတယ် ၊ သတ္တမဝိညာဉ်ခန္ဓာ" သူက လက်ကိုဝှေ့ယမ်းရင်း သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်လိုက်သည်။ ချက်ချင်း သူ၏ပုံစံမှာ အင်မိုတယ်နတ်ဆိုးကြီးတစ်ကောင်ပုံစံဖြစ်လာတော့သည်။ ယခု သူ့တွင် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ခုနှင့် ညီမျှသော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်သွားလေပြီ။ သူ၏အမြန်နှုန်းကား နောက်တစ်ဖန် တဟုန်ထိုး မြင့်တက်သွားပြန်၏။
သတ္တမဝိညာဉ်ခန္ဓာ၏အမြန်နှုန်းမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နီးနီးဖြစ်သည်။ နှစ်နာရီသာ ကြာသေးသည်၊ မန်ဟိုမှာ အနောက်ပိုင်းသဲကန္တာရ ခရမ်းပင်လယ်ကြီး၏ ရေပြင်တစ်လျှောက် နေရာရွှေ့ပြောင်းသွားနေသည့်အလား ဖြတ်သွားနေ၏ ။ ရုတ်တရက် သူသည် အနက်ရောင်ဝတ်လူငယ်ရှိရာ နယ်ပယ်တွင် ပေါ်လာလေပြီ။
သူရောက်သည့်အချိန်တွင် အနက်ရောင်ဝတ်လူမှာ နေရာရွှေ့ပြောင်းအက်ကြောင်းအား နှစ်ဆယ်ရာခိုင်နှုန်းသာ ပြုပြင်ရသေးလေသည်။ ရုတ်တရက် ဝေါခနဲ လေတိုက်သွားလိုလို သူကြားလိုက်ရသည်။ အောက်ရှိ ခရမ်းပင်လယ်ကြီးမှာ အော်မြည်လာပြီး စုပ်ဝဲကြီးတစ်ခု လည်လာ၏။ သေစေနိုင်သောအန္တရာယ်အာရုံကြီးက လူငယ်၏စိတ်အစဉ်ကို စိုးမိုးသွားပြီး သူ့မှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သူသည် အနောက်ကို လှည့်ပင်မကြည့်ဘဲ လှစ်ခနဲ အဝေးသို့ ထွက်သွား၏။
"ဘယ်သူ ငါ့နောက်လိုက်နေတာလဲ။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးဟုရန်တော့ မဟုတ်ဘူးမလား။ ငါ ဟုရန်ချင်းကို သတ်ခဲ့တုန်းက ရှေးဟောင်း အချိန်ကန့်သတ်ပညာရပ်ကို အသုံးပြုခဲ့တာမလို့ ခေါင်းဆောင်ကြီးဟုရန်အနေနဲ့ သူ့သားသေတာကို နှစ်ရက်အတွင်း သိမှာမဟုတ်ဘူးလေ"
အနက်ရောင်ဝတ်လူမှာ ရင်ဒိန်းခနဲ ဒိန်းခနဲ ခုန်နေပြီး မျက်စိမျက်နှာပျက်နေတော့သည်။ တဝေါဝေါ အော်မြည်နေသော လေမုန်တိုင်းကြီးက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် အနောက်မှ သူ့ဆီသို့ ဦးတည်လာနေလေပြီ။ လေထဲတွင် နတ်ဆိုးကြီးတစ်ကောင်နှင့်တူသော အရပ်မြင့်မြင့် ပုံရိပ်တစ်ခုရှိသည်။ သူသည် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ရွေ့လျားလာပြီး မျက်စိတစ်မှိတ်အတွင်း အနက်ရောင်ဝတ်လူငယ်၏အပေါ် ရောက်လာသည်။ အနက်ရောင်ဝတ်လူငယ် ခေါင်းလှည့်ကြည့်လိုက်သည်တွင် သူ၏ခန္ဓာကိုယ်အပေါ်ရှိ အမွှေးအမျှင်များအားလုံး အဆုံးထိ ထောင်တက်သွား၏။ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ၏သူငယ်အိမ်ထဲတွင် တင်းမာခက်ထန်နေသည့်မျက်နှာနှင့်အတူ ပြေးဝင်လာနေသော လက်သီးတစ်လုံး ရောင်ပြန်ဟပ်နေသည်ကို မြင်ရလေသည်။
မန်ဟို့မျက်နှာကို မြင်သည်နှင့် အနက်ရောင်ဝတ်လူငယ်က အထိတ်တလန့် အော်သည်။ "မဖြစ်နိုင်ဘူး"
ဘန်း
မန်ဟို၏လက်သီးက လူငယ်၏ဗိုက်ကို ဝင်ဆောင့်သွား၏။ ၎င်းသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏ အတိုက်အခိုက်စွမ်းရည်ဖြင့် အားဖြည့်ပေးထားသော သတ္တမဝိညာဉ်ခန္ဓာအဆင့် လက်သီးတစ်လုံး ဖြစ်လေသည်။ စွမ်းအားက အနက်ရောင်ဝတ်လူငယ်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။
အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ လူငယ်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ စုတ်ပြဲလာသည်။ သူ့ဗိုက်မှာ အသားများလန်လျက် ချိုင့်ဝင်နေချေသည်။ သူ့တစ်ကိုယ်လုံးမှာ နောက်သို့ လွင့်ထွက်သွားပြီး သွေးအလုပ်များစွာ အန်လိုက်ရသည်။ သူ့မှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် အံ့ဩမယုံနိုင်ဖြစ်နေတော့သည်။
မန်ဟို့ထံမှ သူအာရုံရလိုက်သော စွမ်းအားမှာ မည်သည့်အရာကိုမဆို ချေမှုန်းဖျက်စီးနိုင်သောစွမ်းအားမျိုးဖြစ်၏။ ၎င်းသည် သူ့ကို ကြောက်ဒူးတုန်သွားစေသော ကြောက်စရာ အရှိန်အဝါကြီးဖြစ်လေသည်။
"ဘာက မဖြစ်နိုင်တာလဲ ခွေးမသား" မန်ဟိုက အနက်ရောင်ဝတ်လူ၏ အရှေ့တွင် ဖျတ်ခနဲ ပြန်ပေါ်လာပြီး ပြောသည်။ "မင်း ငါ့ကို ချောက်ချရဲတယ်ပေါ့လေ" သူ၏ညာလက်က လက်သီးထပ်ဆုတ်လိုက်ပြန်သည်။
ဘန်းးးး
အနက်ရောင်ဝတ်လူငယ်မှာ သွေးပျက်မတတ် အော်၍ လွင့်ထွက်သွားပြန်သည်။ ဤတစ်ကြိမ်တွင် သူ့ဗိုက်မှာ ရုပ်ပျက်ဆင်းပျက် ပေါက်ကွဲသွားပြီး အောက်တစ်ပိုင်းလုံး ပြတ်ထွက်သွားလေပြီ။
သူ၏ ရင်ဘတ်ပိုင်းသာ ကျန်ခဲ့တော့၏။ ရုတ်တရက် သူ၏ ကျောကုန်းကြီး ကွဲအက်ပြီး ဧရာမလင်းနို့တောင်ပံကြီးနှစ်ဖက် ပြန့်ကားလာသည်။ သူက ဖျတ်ခနဲ ခတ်ရင်း ထွက်ပြေးလေသည်။
"ပြေးချင်တယ်လား" မန်ဟိုက သတ္တမဝိညာဉ်ခန္ဓာအဆင့်တွင် ဆက်နေရင်း မီးဝင်းဝင်းတောက်နေသော မျက်လုံးကြီးများဖြင့် နှာမှုတ်လိုက်သည်။ နှာမှုတ်သံက အနက်ရောင်ဝတ်လူငယ်ကို သွေးထပ်အန်လိုက်ရစေ၏။ ရုတ်တရက် မန်ဟိုက ပျောက်ကွယ်သွားပြီး သူ့အနောက်တည့်တည့်တွင် ပေါ်လာလေသည်။ မန်ဟိုက လှမ်းဆွဲလိုက်သဖြင့် သူ့မှာ ရင် ဒိန်းခနဲ တုန်သွားတော့သည်။
အနက်ရောင်ဝတ်လူငယ်မှာ သံကုန်အော်လိုက်သည်။ သူက လှည့်မလာဘဲ မန်ဟို့ကို တားဆီးရန် တောင်ပံနှစ်ဖက်ကို စုလိုက်၏။ မန်ဟိုက သတ်ဖြတ်လိုသော မျက်လုံးကြီးများဖြင့် တောင်ပံနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဆောင့်ဆွဲလိုက်လေသည်။
တောင်ပံနှစ်ဖက်လုံး ခန္ဓာကိုယ်မှ စုတ်ဖြဲခံလိုက်ရသဖြင့် အသည်းခိုက်မတတ် နာကျင်နေသော အော်သံကြီး ထွက်လာသည်။ လူငယ်၏ပါးစပ်မှ သွေးများ ရေတံခွန်သဖွယ် ပန်းထွက်သွား၏။ သူက ရိပ်ခနဲ အဝေးတွင် ပြန်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ ပြတ်ထွက်နေပြီး တောင်ပံနှစ်ဖက်လည်း စုတ်ဖြဲခံထားရလေသည်။ သူကား သေရေးရှင်ရေး အခြေအနေတွင် ဖြစ်၏။ သို့သော် ဤအခိုက်အတန့်တွင် သူ၏ဘယ်မျက်လုံးအတွင်း၌ အလောင်းတစ်လောင်း၏ပုံရိပ် ဖျတ်ခနဲ ပေါ်လာသည်။
"မင်း ဘာလို့ ဒီလောက် အစွမ်းထက်ရတာလဲ" သူက မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ပြောသည်။ "မဖြစ်နိုင်ဘူး" သူသည် ပြောရင်းဆိုရင်း မုဒြာလက်ကွက်များ ဖော်လိုက်၏။ ရုတ်တရက် သရဲပုံရိပ်တစ်ခု သူ့အနားတွင် ဖြစ်တည်လာသည်။
မန်ဟိုက တောင်ပံနှစ်ဖက်ကို လွှင့်ပစ်ပြီးနောက် အနက်ရောင်ဝတ်လူငယ်ကို အေးတိအေးစက်ကြည့်သည်။
"နောက်ကျောဓားနဲ့ထိုးတဲ့ ခွေးမသား" မန်ဟိုက ပြောသည်။ "အဲ့ဒီနှစ်တုန်းက မင်း ချိတ်ပိတ်ခံထားရတာကို ကူညီပြီး ပြန်သက်သာလာအောင် စွမ်းအားပေးခဲ့တာ ဘယ်သူလဲ။ ဒါတောင် မင်းက ငါ့ကို အကောက်ကြံရဲတယ်ပေါ့လေ" ထို့နောက် မန်ဟိုက ဝုန်းဒိုင်းကြဲ အရှေ့တက်သွားသည်။ သူသည် မြင်ပင် မမြင်ရလောက်အောင် အလွန်လျင်မြန်စွာ ရွေ့လျားသွား၏။ မြင်ရသည့်တစ်ခုတည်းသောအရာမှာ အနက်ရောင်ဝတ်လူငယ် နောက်သို့ ဒလိမ့်ခေါက်ခွေးလွင့်ထွက်သွားခြင်းသာ ဖြစ်လေသည်။
***