← Chapters

အခု ဘယ်သူက တံငါသည်လဲ

Vol. 39 Ch. 534

အခု ဘယ်သူက တံငါသည်လဲ

Vol. 39 Ch. 534

လင်းနို့နက်ကြီးသည် ရှေးခေတ်မှ ဖြစ်စေကာမူ မန်ဟို၏ သတ္တမဝိညာဉ်ရုပ်ခန္ဓာရှေ့မှောက်တွင် တန်ပြန်တိုက်ခိုက်ခြင်းပင် မပြုနိုင်ပေ။ ၎င်း နောက်ဆုတ်သွားစဉ် ၎င်း၏ခန္ဓာကိုယ်သည် ရုတ်တရက် ‌အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကာ ထောင်‌ပေါင်းများစွာသော လင်းနို့‌များ ဖြစ်သွားတော့သည်။

လင်းနို့များက အရပ်ရှစ်မျက်နှာသို့ ပြောက်တိပြောက်ကျား ပျံထွက်သွားကြ၏။

မန်ဟိုမှာ လောလောဆယ်တွင် မည်းမည်းမြင်ရာမှန်သမျှ သတ်ဖြတ်ပစ်ချင်နေလေသည်။ သူက အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်၏။ သူ့အရှေ့တွင် နတ်ဆိုးလှံပေါ်လာသည်။ သူသည် ၎င်းကို ရိုက်၍ သူ၏ကျင့်ကြံခြင်းအခြေခံမှစွမ်းအားကို အတွင်းသို့ ပို့လွှတ်လိုက်သည်။ လှံမှာ ဟုန်းခနဲ တောက်သွားတော့သည်။

ဖြစ်ပေါ်လာသော အနက်ရောင် မြူခိုးများက ကြောက်စရာမျက်နှာတွေအပြည့်ဖြင့် ပြန့်ကားလာပြီး ထွက်ပြေးနေသော လင်းနို့များအား ကိုက်ဖဲ့စားသောက်ကြကုန်သည်။

မျက်စိတစ်မှိတ်အတွင်း စူးစူးဝါးဝါး အော်သံများ ဆူညံပွက်လောရိုက်သွား၏။ အသက်အရှိုက်အနည်းငယ်ကြာသော် ထောင်ချီသောလင်းနို့များအနက်မှ ရာဂဏန်းမျှသာ ကျန်‌ရှိတော့လေသည်။

ကျန်လင်းနို့များမှာ လျင်မြန်စွာ ပြန်လည်စုဝေးလာ၏။ ထို့နောက် ဖောက်ခနဲ ရုပ်ခန္ဓာတစ်ခုအသွင် ပြောင်းသွားတော့သည်။ ဤတစ်ကြိမ်တွင် ၎င်းသည် အနက်ရောင်ဝတ်လူငယ်နှင့်မတူတော့၊ ဧရာမအနက်ရောင်လင်းနို့ကြီးဖြစ်သွားလေပြီ။

လင်းနို့နက်ကြီး၏မျက်လုံးများတွင် အကြောက်တရားတို့ ပြည့်နှက်နေ၏။ ၎င်းမှာ ပြန်ပေါ်လာလျှင်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း မန်ဟိုက လှစ်ခနဲ ၎င်း၏အရှေ့တည့်တည့်တွင် ပြန်ပေါ်လာလေသည်။ လင်းနို့နက်ကြီး ဆောက်တည်ရာမဲ့စွာ အော်လိုက်သည့်အချိန်တွင် မန်ဟိုသည် လက်ကိုမြှောက်ပြီး လက်ချောင်းတစ်ချောင်းအား ၎င်း၏နဖူးအပေါ်သို့ ဖိချလိုက်၏။ သုတ်သင်ခြင်းစွမ်းအား ပေါက်ကွဲထွက်လာသည်။ ဖျက်စီးလှိုင်းအထပ်ထပ်က လင်းနို့နက်ကြီး၏ခန္ဓာကိုယ်တစ်လျှောက် ရိုက်ခတ်သွားသယောင်ပင်။

တဖောင်းဖောင်း ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟည်းနေစဉ် လင်းနို့နက်ကြီးက စူးစူးဝါးဝါး အော်နေတော့သည်။ ၎င်း၏ခန္ဓာကိုယ်မှာ အဘက်ဘက်သို့ ပျံ့နှံ့သွားသော သွေးတိမ်တိုက်အဖြစ် တိုက်ရိုက်ပေါက်ကွဲသွားလေပြီ။ ခေါင်းသာလျှင် ကျန်ရစ်ခဲ့ပြီး မန်ဟိုက ‌လှမ်းဆွဲကာ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

သေဆုံးခြင်းဖြစ်ပွားပြီးနောက် ပတ်ဝန်းကျင်မှာ ‌‌‌တဖြေး‌ဖြေး တိတ်ဆိတ်ငြိမ်သက်လာသည်။

ထိုစဉ် အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်း၊ တစ်နှစ်နီးပါးခရီးနှင်ရမည့် အကွာအဝေးတွင် ပင်လယ်ကြမ်းပြင်အောက်၌ အလောင်းတစ်လောင်း တင်ပျဉ်ခွေထိုင်နေသည်။

၎င်းမှာ လူတိုင်း၊ သားရဲတစ်ပိုင်းဖြစ်၏။ ဤသည်မှာ လွန်လေပြီးသောနှစ်များက ကျီးနတ်မင်းအထွတ်အမြတ်နယ်‌မြေတွင် မန်ဟို တတိယသစ်သားဓားကို ရယူခဲ့သော သတ္တဝါကြီးဖြစ်၏။ ၎င်းသည် အနက်ရောင်ဝတ်ရုံနှင့်လူငယ် ဘယ်မျက်လုံးအတွင်းသို့ စုပ်ယူပြီး ဖိနှိပ်ထားခဲ့သော သတ္တဝါကြီးလည်း ဖြစ်လေသည်။

သို့သော် ယခုတွင် အလောင်းကြီးမှာ ယခင်နှင့် ကွဲပြားနေ၏။ ၎င်း၏ကျောမှ လင်းနို့တောင်ပံကြီးနှစ်ဖက် သိသိသာသာ ‌ထိုးထွက်နေလေသည်။ ၎င်းသည် ပင်လယ်ကြမ်းပြင်တွင် ဘေးပတ်ဝန်းကျင်ရှိ ခရမ်းပင်လယ်ရေများနည်းတူ သေခြင်းအရှိန်အဝါအပြည့်ဖြင့် အသက်မဲ့လျက် မလှုပ်မယှက်ထိုင်နေချေသည်။

ရုတ်တရက် အလောင်း၏ ဗလာကျင်းနေသော မျက်လုံးကြီးများ စူးရှတောက်ပသွားသည်။ အသက်အရှိန်အဝါတစ်ခု ၎င်း၏ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ‌ဖြစ်တည်လာသဖြင့် အလင်းရောင်မှာ ပိုပို၍ ထင်ရှားလာသည်။ ၎င်းက ရုတ်တရက် လည်ပင်းကို ရွေ့လျားလိုက်သဖြင့် တဂျွတ်ဂျွတ်အသံများအား ကြားရနိုင်၏။

၎င်း၏ပုပ်ပွပျက်စီးနေသော နှုတ်ခမ်းများက သွေးအေးသောအပြုံးတစ်ခုအသွင် ကွေးညွတ်သွားသည်။

"မဖြစ်စလောက်ကျင့်ကြံသူကများ" အလောင်းက သံ,သံချင်းပွတ်တိုက်သံကြီးဖြင့် ပြောသည်။ "သူ့ကိုယ်သူ လိမ္မာပါးနပ်တယ်ထင်နေပေမယ့် ငါ့လို စိတ်ဝိညာဉ်တစ်ခုနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်တဲ့ကောင်ပဲ။ သူ တစ်ယောက်တည်း အောင်ပွဲခံနေတဲ့အချိန်မှာ သူ့မျက်စိရှေ့မှာပင် အလစ်ထွက်လာနိုင်ခဲ့ပြီ

"ဒါပေမယ့် အဲ့ဒီကောင် သေချာပေါက် အစွမ်းထက်တယ်။ ကံကောင်းထောက်မလို့ အစစ်နဲ့ခွဲမရအောင်တူတဲ့ ဒုတိယကိုယ်တစ်ခု ပြင်ဆင်ထားလို့သာပေါ့။ အဲ့ဒီကိုယ်ရဲ့စိတ်ဆန္ဒကတောင် ငါ ပြင်ဆင်ထားတာကို ကောင်းကောင်းမသိဘူး။ အသတ်ခံလိုက်ရတာ တကယ်နှမြောစရာပဲ

"ဒါပေမဲ့ ကောင်းတယ်လို့လည်း ဆိုရမယ်။ အဲ့ဒီကောင်လေး ငါသေသွားပြီထင်သွားတာကြောင့်မလို့ သူနဲ့ ခေါင်းဆောင်ကြီးဟုရန်အကြား ဖြစ်လာမယ့် တိုက်ပွဲတွေကို ငါ တိတ်တိတ်လေး စောင့်ကြည့်နိုင်ပြီ

"ကြိုးကြာနဲ့ ခုံးကောင် တိုက်ခိုက်ရင် အမြတ်ထွက်တာ တံငါသည်လေ။ အဲ့ဒီတော့ ငါက.... တံငါသည်ပဲ" အလောင်းကြီး၏အပြုံးမှာ ပို၍အေးစက်ပြီး ကောက်ကျစ်လာသည်။

ဤအလောင်းကမှ တကယ့် လင်းနို့နက်ကြီးဖြစ်လေသည်။ ၎င်း ပင်လယ်ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်နေသည့်အချိန်မှာပင် မန်ဟိုမှာ အနက်ရောင်ဝတ်လူငယ်ကို သတ်လိုက်သောနေရာတွင် မျက်မှောင်ကြုတ်လျက် ရှိသည်။

အရာအားလုံးမှာ ခလုတ်မထိ ဆူးမငြိဘဲ အလွန် ချောချောမွေ့မွေ့ ဖြစ်ပျက်သွားခဲ့လေသည်။ အမှန်တိုင်းဆိုရလျှင် ဘာဆိုဘာမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။ မန်ဟို့ကျင့်ကြံခြင်းအ‌‌ခြေခံ၏ နက်နဲမှုက အရာအားလုံးမှာ အလွယ်ကြီးလွယ်သွားစေခဲ့၏။

သို့သော်လည်း မန်ဟိုမှာ တစ်ခုခုက မူမမှန်သလို ခံစားနေရဆဲပင်။

သူသည် တစ်ယောက်တည်း ရေရွတ်နေရင်း မျက်လုံးများ လင်းခနဲ လက်သွားပြီး ကျီမျိုးနွယ်စုငါးမျှားတံကို ထုတ်လိုက်၏။ ငါးမျှားတံကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် တောက်ပသွားသည်။ သူကြည့်နေစဉ် ပြန့်ကြဲထွက်သွားသော လင်းနို့နက်ကြီး၏ အကြွင်းအကျန် အသွေးအသားတုံးတို့မှာ ရုတ်တရက် ရွေ့လျားနေခြင်း ရပ်သွား၏။

အသားတုံးတစ်တုံးစီ၏ အပေါ်တွင် ကံကြွေးမျှင်များကို မြင်ရလေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ကံကြွေးမျှင်အားလုံးမှာ လားရာတစ်ခုတည်းသို့ ဦးတည်နေ၏။ ၎င်းတို့သည် ‌မြောက်ပိုင်းသို့ ဆက်လက် ရွေ့လျားသွားပြီး ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိကာ နောက်ဆုံးတွင် မထီမဲ့မြင်ပြုံးနေသော အလောင်းကို မြင်လိုက်ရလေပြီ။

သူ၏အကြည့် အလောင်းအပေါ် ကျရောက်သွားသည်နှင့် ၎င်း၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး မယုံကြည်နိုင်စွာဖြင့် မော့ကြည့်သည်။

တစ်ချိန်တည်းမှာပင် မန်ဟို၏စိတ်ဆန္ဒသည် ကံကြွေးမျှင်များမှ ပျောက်ကွယ်သွား၏။ သူသည် ပုံမှန်အခြေအနေပြန်ရောက်သွားပြီး သုန်မှုန်နေလျက် ငါးမျှားတံကို ပြန်သိမ်းလိုက်သည်။

"ဆိုတော့ အဲ့ဒီလို ဖြစ်နေတာကိုး" သူသည် သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် အနောက်ပိုင်းသဲကန္တာရ‌မြောက်ပိုင်းကို လှမ်းကြည့်ရင်း ပြောလိုက်၏။

မြောက်ပိုင်းတွင်တော့ လင်းနို့နက်ကြီး၏မျက်လုံးများမှာ ထူးခြားဆန်းကြယ်သော အလင်းရောင်ဖြင့် တောက်ပနေသည်။ ၎င်း၏အမူအရာမှာ ကြောက်လန့်နေသော ပုံစံမှ သံသယဝင်သွားသောပုံစံပြောင်းသွား၏။ နောက်ဆုံးတွင် ၎င်းသည် ပို၍ပင် တင်းမာခက်ထန်လာတော့သည်။

"ဒီ‌လူ့ကို လျှော့တွက်လို့မရဘူး။ ဘာနည်းသုံးလိုက်လို့ ငါ့ကို ဒီလောက်လွယ်လွယ်ကူကူ ရှာနိုင်ရတာလဲ။ ‌ခံစားချက်က တော်တော်ထူးဆန်းတာပဲ" ၎င်းမှာ အတွေးနက်နေရင်း ထရပ်ကာ ခရမ်းပင်လယ်ကြီးအတွင်းမှ ပျံတက်လာ၏။

"အဲ့ဒါအရေးမကြီးဘူး။ ငါ ဒီနေရာမှာ ထပ်နေလို့ မဖြစ်တော့ဘူး။ နဂါးငွေ့တန်းပင်လယ်မှာ သွားပုန်းမှ ဖြစ်မယ်။ ဒီကောင်မန်ဟိုက .... ထူးဆန်းလွန်းတယ်" ၎င်း၏ခန္ဓာကိုယ်သည် ရိပ်ခနဲ အဝေးသို့ ပျံထွက်သွားတော့၏။

တစ်နှစ်ခရီးအကွာအဝေးတွင် မန်ဟိုက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး ခရမ်းပင်လယ်ကြီးထဲ ပြန်ဆင်းလာသည်။ သူသည် သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်လျက် ပင်လယ်ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။

"ဝေးကောင်းဝေးနေပေမယ့်... ငါ့မှာ မင်းကို သတ်ဖို့နည်းလမ်းတွေ ရှိတယ်" သူက မျက်လုံးများပိတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် သူ၏စိတ်ဆန္ဒကို ထုတ်လွှတ်ကာ ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းဖြစ်စေလိုက်၏။

ယခုတွင် မန်ဟိုသည် မိစ္ဆာဝိညာဉ်ကူးပြောင်းခြင်းခုလတ်မှာတုန်းကကဲ့သို့ ခရမ်းပင်လယ်ကြီးအဖြစ် ပြန်လည်မွေးဖွားနေလေပြီ။ သည်တစ်ခေါက်တော့ သူ့ကိုယ်သူ မဆုံးရှုံးရအောင် နိုးနေပေလိမ့်မည်။

သို့သော် ထိုအခြင်းအရာကြောင့် သူ့အနေဖြင့် ခရမ်းပင်လယ်ကြီး၏ စွမ်းအားအပြည့်အဝကို အသုံးချနိုင်မည်မဟုတ်ပေ။

မန်ဟို၏ စိတ်ဆန္ဒ ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းဖြစ်သွားသည့် အခိုက်အတန့်တွင် ပင်လယ်ပြင်တစ်ခုလုံးတွင် ဧရာမလှိုင်းလုံးကြီးများ ဆိုင်းမဆင့်ဗုံမဆင့် မို့မောက်မြင့်တက်လာပြီး ထစ်ချုန်းသံကြီးများ မြည်ဟည်းလာသည်။ အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းတွင် အလောင်းမှာ တရိပ်ရိပ် သွားနေ၏။ ရုတ်တရက် သွေးအစင်းကြောင်းများ ၎င်း၏ခန္ဓာကိုယ်အပေါ်တွင် ပေါ်လာသည်။ အောက်ရှိ ခရမ်းပင်လယ်ကြီးမှာ တဝေါ‌ဝေါ အော်မြည်ရင်း ဝဲကတော့ကြီးဖြစ်လာ၏။ အလောင်း ချက်ချင်း မျက်စိမျက်နှာပျက်သွားသည်။

တစ်ချိန်တည်းမှာပင် ဝဲကြီးအတွင်းမှ အားကောင်းလှသော ဟိန်းဟောက်သံကြီးတစ်သံအား ကြားလိုက်ရ၏။

"မင်းက မန်ဟိုကို ချောက်ချပြီး လွတ်အောင် ပြေးချင်တယ်ပေါ့လေ။ ငါတော့ မထင်ဘူး" အသံကြီးမှာ မိုးထစ်ချုန်းသံကြီးသဖွယ် ဖြစ်လာရာ အလောင်းကို ပို၍ပင် မျက်နှာအိုစာသွားစေတော့သည်။ ၎င်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ထို့နောက် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးတော့သည်။

၎င်း ပြေးနေစဉ် အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းရှိ ခရမ်းပင်လယ်ကြီး၏မျက်နှာပြင်ထက်တွင် ရေများ အတူတကွ စုပေါင်းလာသည်။ ရေနက်ပိုင်းထဲမှ ဧရာမလက်ကြီးတစ်ဖက် ရုတ်တရက် ဆန့်ထွက်လာ၏။ လက်ကြီးက အလောင်းဆီ ပြေးဝင်သွားသည်။

လက်ကြီး အလောင်းကို ထိလိုက်သည့်အခိုက်တွင် အလောင်းက ပါးစပ်ဟ၍ နားလည်ရခက်သော ထူးထူးဆန်းဆန်းစကားလုံးများကို ပြောလိုက်၏။ စကားလုံးများသည် ရှေးကျမှုအပြည့်ဖြင့် တခြားကမ္ဘာမှ လာပုံရသော စွမ်းအားတစ်ရပ် ဖြစ်လာသည်။

ဝုန်း

စကားလုံးများ၏ ကြောက်မက်ဖွယ် စွမ်းအားက လှိုင်းဂယက်များအား အလောင်းကို ဝန်းရံလိုက်စေသည်။ လှိုင်းများအတွင်းတွင် ရှေးလွန်လေပြီးသော အတိတ်က ရှေးဟောင်းကမ္ဘာတစ်ခု၏ ‌ပုံရိပ်များကို မြင်ရလေသည်။ မြင်ကွင်းမှာ ရှေးဆန်သော်လည်း ထစ်ချုန်းသံကြီးတစ်သံ လေတွင် ပြည့်နှက်သွားသေး၏။

ခရမ်းပင်လယ်လက်ကြီး ပြိုကွဲသွားသည်။ အလောင်း၏အရှိန်အဝါလည်း သိသိသာသာ အားနည်းသွားခဲ့လေပြီ။

၎င်းက တုံ့ဆိုင်းမနေဘဲ အမြန်နှုန်းဖြင့် ခြေကုန်သုတ်သည်။ သို့သော် ထိုအချိန်မှာပင် နောက်ထပ်လက်ကြီးရှစ်ဖက်က ရုတ်တရက် ခရမ်းပင်လယ်ကြီး၏မျက်နှာပြင်ထက်မှ ဆန့်ထွက်လာကာ ထွက်ပြေးနေသော အလောင်းဆီ ပြေးဝင်လာသည်။

ပေါက်ကွဲသံများ ကောင်းကင်ယံအထိ ရိုက်ညောင်းသွားပြီး ပင်လယ်ရေမျက်နှာပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ အလောင်းမှာ အံဩမှင်သက်လျက် အသက်ချီတစ်လုပ် ထွေးထုတ်လိုက်၏။ ၎င်းသည် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်လိုက်ရာ သက်ဝင်လှုပ်ရှားနေသော စွမ်းအားတစ်ရပ်အား ဖြစ်ပေါ်လာစေသည်။ ယင်းက မန်ဟို တစ်ခါမှ မမြင်ဖူးသော မှော်ပညာရပ်တစ်ခုဖြစ်၏။

စွမ်းအားသည် မရေမတွက်နိုင်သော ထူးထူးဆန်းဆန်း မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မှော်သင်္ကေတတစ်ခုစီမှာ ခရမ်းပင်လယ်ကြီး မတွန်းလှန်နိုင်သော ပြိုင်ဘက်ကင်းစွမ်းအားတစ်မျိုး သက်ဝင်နေသယောင်ပင်။

အောက်ရှိ ခရမ်းပင်လယ်ကြီးထဲတွင် မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ လင်းနို့နက်ကြီး တစတစ အားနည်းလာသည့်အချိန်မှာပင် ပင်လယ်ရေပြင်ထက်မှ ဧရာမမျက်နှာကြီးတစ်ဖက် ဗွမ်းခနဲ တိုးထွက်လာသည်။

မျက်နှာကြီးကား မန်ဟို၏မျက်နှာကြီးဖြစ်၏။

မန်ဟိုသည် ပင်လယ်ကြမ်းပြင်တွင် ငုပ်လျှိုးနေသော်လည်း သူ၏စိတ်ဆန္ဒမှာ လင်းနို့နက်အလောင်းကြီးဖြင့် အကြိတ်အနယ် တိုက်ခိုက်နေလေသည်။

ထိုစဉ် အနက်ရောင်နယ်မြေ၊ မက်မွန်ပန်းများ အပြည့်ပွင့်နေသော တောင်ကြားတစ်ခုတွင် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ဧရာမဘုရားကျောင်းမုခ်ဝကြီးရှိ၏။

တောင်ကြားသည် ငှက်တေးသီသံများ၊ သင်းပျံ့မွှေးကြိုင်သော ပန်းရနံ့များဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ တန်ခိုးရှင်တို့ စံမြန်းရာအလားပင်။ တစ်ခုသော နားနေဆောင်တွင် သက်လတ်ပိုင်းလူနှစ်ယောက်ရှိ၏။

တစ်ယောက်က တရားထိုင်နေပြီး တစ်ယောက်က မတ်တပ်ရပ်နေသည်။ တစ်ယောက်၏ ဝတ်ရုံက အနက်ရောင်ဖြစ်ကာ ကျန်တစ်ယောက်က အဖြူရောင်ဖြစ်၏။

သို့ရာတွင် သူတို့၏မျက်နှာသွင်ပြင်မှာတော့ တစ်ထေရာတည်းပင်။

အဖြူရောင်ဝတ်ရုံနှင့်လူသည် မလှုပ်မယှက် တရားထိုင်နေ၏။ သူ၏စိတ်ဆန္ဒမှာ လောကကြီးနှင့် ထာဝရတစ်သားတည်းဖြစ်နေသည့်သယောင်ပင်။ ကောင်းကင်ရှာဖွေမျိုးနွယ်စုကို ထိခိုက်နိုင်သော ကြီးကြီးမားမား အဖြစ်အပျက်ကြီးမဖြစ်ပွား‌သရွေ့ သူကား ထိုနေရာတွင် မလှုပ်မယှက် ရှိနေမည်သာဖြစ်သည်။

သူသည် ပထမစိတ်ဝိညာဉ်ကို ခွဲထွက်ပြီးနောက်ပိုင်း သူ၏ကိုယ်တွင်းဒဏ်ရာများကို ကုသရန် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့လေသည်။

ပြောရလျှင် နိစ္စဓူဝကိစ္စဆောင်တာများကို သူ၏ကိုယ်ပွားမှ ကိုင်တွယ်ဖြေရှင်း၏။ မှန်ပါသည်။ ၎င်းမှာ သူ၏မျက်နှာချင်းဆိုင်တွင် ရပ်နေသော အနက်ရောင်ဝတ်ရုံနှင့်လူမှတစ်ပါး အခြားမဟုတ်ပေ။

အနက်ရောင်ဝတ်ရုံနှင့်လူမှာ လက်ထဲတွင် ကွဲကြေနေသော ကျောက်စိမ်းပြားကို ငုံ့ကြည့်ရင်း မျက်နှာထား တင်းမာခက်ထန်နေ၏။ သူ၏မျက်လုံးများမှာ ဝမ်းနည်းပူဆွေးနေပြီးနောက်တွင် .... ဒေါသမီး တဝင်းဝင်းတောက်လာတော့သည်။

"တစ်ယောက်ယောက် ငါ့တစ်‌ဦးတည်းသောသားကို သတ်လိုက်ပြီ... ငါ့သားလေးက မောက်မာပြီး အနေအထိုင်မတတ်ပေမယ့် ငါ့ရဲ့ နှစ်ယောက်မရှိတဲ့ တစ်ဦးတည်းသောသားလေး ဟုရန်ချင်းပဲ။ သူ ဘာပဲလုပ်လုပ်၊ သတ်ဖို့အသာထား ဘယ်သူ့မှ သူ့ကို ဝေဖန်ပိုင်ခွင့်မရှိဘူး"

တရားထိုင်နေသည့် ဝတ်ရုံဖြူနှင့်လူမှာ ဟုရန်ချင်း၏အဖေ၊ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ တစ်ယောက်တည်းသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ခေါင်းဆောင်ကြီးဟုရန် မှတစ်ပါး အခြားမဟုတ်ပေ။

အနက်ရောင်ဝတ်ရုံနှင့်လူ၊ နတ်ဘုရားကိုယ်ပွားမှာလည်း ထိုနှစ်တုန်းက မိစ္ဆာစိတ်ဝိညာဉ်လုယူရန်အတွက် မန်ဟို့နောက်သို့ ဟုရန်ယွင်မင်းစေလွှတ်ခဲ့သော ထိုးဖောက်မြင်ရသည့်ပုံရိပ်ဖြစ်သည်။

"ဟုရန်ယွင်မင်းရဲ့ မျိုးဆက်ကို ဖြတ်တောက်ရင် ငါလည်း မင်းတို့ တစ်မျိုးနွယ်လုံး အပြတ်ရှင်းပစ်မယ်" အနက်ရောင်ဝတ်ရုံနှင့်လူက အင်္ကျီလက်စကို ခါပြီး ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ အနက်ရောင်နယ်မြေအထက်ရှိ လေအလယ်တွင် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်က ရိပ်ခနဲ ဖြစ်သွားပြီး မဟူရာဂိတ်တံတိုင်းကြီး၏အပြင် ရောက်သွားလေပြီ။ အံ့ဩဖွယ်ကောင်းစွာနှင့် သူသည် နေရာရွှေ့ပြောင်းလိုက်ပြန်ရာ ခရမ်းပင်လယ်ကြီး၏အထက် လေအလယ်သို့ ရောက်သွားတော့၏။

သူ၏နတ်ဘုရားအာရုံက တဟုန်ထိုး ထွက်လာပြီး တစ်နေရာလုံးကို လွှမ်းခြုံကာ ဟုရန်ချင်း အသတ်ခံခဲ့ရသည့်နေရာနှင့် လူသတ်သမားကို ရှာဖွေနေတော့သည်။

နာရီအနည်းငယ်ကြာသော် နေရာကို တွေ့သွား၏။ သူ လေလယ်တွင် ပျံဝဲနေစဉ် သူ၏မျက်နှာမှာ တင်းမာသထက် တင်းမာလာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟုရန်ချင်း၏ အသက်ကျောက်စိမ်းပြားအား ပြာကျသွားစေလိုက်သည်။ ပြာမှုန့်များက ပတ်ဝန်းကျင်တွင် မျောလွင့်ရင်း တောက်ပလာ၏။

မှိန်ဖျော့ဖျော့ တောက်ပနေသော အလင်းရောင်များက တစ်ခုနှင့်တစ်ခု ထွေးယှက်ကာ မျက်နှာပြင်တစ်ခုအား ဖန်တီးလိုက်သည်။ မျက်နှာပြင်အပေါ်တွင် မြင်ရသည်ကား အနက်ရောင်ဝတ်ရုံနှင့် လူငယ်မှတစ်ပါး အခြားမဟုတ်ပေ။

***

All Chapters