← Chapters

အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ

Vol. 39 Ch. 536

အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ

Vol. 39 Ch. 536

မန်ဟိုသည် သိုလှောင်အိတ်ကို ‌ဖြေးညင်းစွာ လှမ်းပုတ်လိုက်၏။ ချက်ချင်းပင် ခေါင်းတစ်ခေါင်း သူ့လက်ထဲ၌ ပေါ်လာသည်။ ဤသည်မှာ လင်းနို့နက်ကြီးဖန်ဆင်းထားသော အနက်ရောင်ဝတ်လူငယ်၏ ခေါင်းပြတ်ဖြစ်၏။

ဤအခိုက်အတန့်တွင် ၎င်းသည် လူတစ်ကောင်နှင့် မတူတော့ဘဲ လင်းနို့တစ်ကောင်နှင့်ပိုတူ၏။ ၎င်း၏မျက်လုံးများမှာ ကြောက်ရွံထိတ်လန့်မှုအပြည့်ဖြင့် ငေးကြောင်နေချေသည်။ ၎င်းကို ကြည့်လိုက်သည့် မည်သူမဆို သေချာပေါက် ပြင်းပြင်းထန်ထန် စိတ်နှလုံးတုန်လှုပ်သွားမည်ဖြစ်၏ ။

မန်ဟိုသည် မလိုလားအပ်သော အငြင်းပွားစရာများ မဖြစ်ရစေရန် ရည်ရွယ်ချက်ဖြင့် ခေါင်းပြတ်ကို တမင်သိမ်းထားခဲ့ခြင်းပင်။ ဟုရန်ချင်း၏သေဆုံးမှုမှာ သူ့ကို ချောက်ချလိုသော လင်းနို့နက်ကြီးကြောင့် ဖြစ်ခဲ့သည်။ မန်ဟိုအနေဖြင့် ခေါင်းဆောင်ကြီးဟုရန်တစ်ယောက် သဲလွန်စများမှတစ်ဆင့် အဖြစ်မှန်ကို မြင်နိုင်မည်လား မသိနိုင်ပေ။ ထို့ကြောင့် သူသည် မေးခွန်းအာလုံးကို ဖြေနိုင်ရန် ခေါင်းပြတ်အား သိမ်းထားခြင်းဖြစ်၏။

သူသည် သူ၏အသိစိတ်‌ ခရမ်းပင်လယ်ကြီးနှင့် ပေါင်းစည်းသွားစဉ်တုန်းက သတိပြုမိခဲ့သော အနောက်ပိုင်းသဲကန္တာရ၏ အ‌ခြေစိုက်စခန်းဆယ်ခုထဲမှ တစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။

အနီးဆုံးမှာ အမှတ် (၇) အခြေစိုက်စခန်းဖြစ်၏။

"အခြေစိုက်စခန်းအကုန်လုံးကို အနက်ရောင်နယ်မြေကျင့်ကြံသူတွေ စောင့်ကြတယ်။ သိသိသာသာပဲ ဒီလောက်အဆင့်အတန်းမြင့်တဲ့ အခြေစိုက်စခန်းတွေကို တည်ဆောက်နိုင်တဲ့သူတွေရဲ့နောက်ခံက ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ ဖြစ်မှာပဲ

"ငါ ခေါင်းကို အဲ့ဒီကို ပို့မယ်။ အဲ့ဒီမှာ ခေါင်းဆောင်ကြီးဟုရန်ဆီကို ပို့ပေးနိုင်တဲ့လူတွေ သေချာပေါက်ရှိမှာပဲ" မန်ဟိုသည် သုံးရက်တိုင်တိုင် အမြင့်ဆုံးအရှိန်ဖြင့် သွားနေ၏။ တစ်နေရာရောက်သော် ရေပေါ်တွင် လေသင်္ဘောကဲ့သို့အရာများကို အတူတကွတုပ်ချည်နှောင်၍ တည်ဆောက်ထားသော အကြမ်းထည်အခြေစိုက်စခန်းမြို့တစ်မြို့ကို လှမ်းမြင်လိုက်ရသည်။

သင်္ဘောများအပေါ်တွင် သစ်သားအဆောက်အအုံအတော်များများ တည်ဆောက်ထားပြီး ကျင့်ကြံသူအရေအတွက်အားဖြင့် တစ်ထောင်ကျော်ရှိမည်ထင်ရသည်။ ဟေးလားဝါးလား စကားပြောသံများက ရေပြင်တစ်လျှောက် ပဲ့တင်ထပ်လာရာ မြင်ကွင်းတစ်ခုလုံးကို စိတ်အားတက်ကြွဖွယ် ကောင်းနေစေတော့သည်။

စခန်းပတ်ပတ်လည်တွင် ခံစားချက်မဲ့သော မျက်နှာအမူအရာများဖြင့် ကင်းလှည့်နေသော ကျင့်ကြံသူတစ်စုရှိ၏။ သူတို့သည် တိမ်လွှာများအတွင်း၌ ပျံဝဲနေသော လိပ်ပြာလေးများပုံစံ တန်ဆာဆင်ထားသော အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားလေသည်။ ဤလူများကား မြို့စောင့်များဖြစ်၏။

ကုန်စည်ကူးသန်းရောင်းဝယ်ရန်အတွက် ဤနေရာသို့ ကျင့်ကြံသူများ မကြာခဏ ရောက်လာတတ်သည်။ အနက်ရောက်နယ်မြေရှိ အင်အားစုများက လာမည့်နှစ်များတွင် ထိုကဲ့သို့ နေရာများတိုးချဲ့တည်ဆောက်ရင်း အခြေခံအုတ်မြစ်အဖြစ် ဤအခြေစိုက်စခန်းများကို သုံးရန် ကြံစည်ထားလေသည်။

မှန်ပါသည်။ စခန်းအတွင်းသို့ နတ်ဘုရားအာရုံများ ဝင်ရောက်မလာအောင် ကာကွယ်ပေးထားသော မန္တန်အစီအရင်များရှိ၏။ မန်ဟိုအနေဖြင့် ပထမဝိညာဉ်ခန္ဓာအဆင့်ထက် မကျော်သရွေ့ နတ်ဘုရားအာရုံကို အထဲသို့ ဖြန့်ကျက်ရခက်မည်ဖြစ်သည်။

နေ့လည်မရောက်တရောက်တွင် မန်ဟို မြို့နှင့် နီးကပ်လာသည်။ သူ ချဉ်းကပ်လာခြင်းက စခန်းအတွင်းရှိ ကျင့်ကြံသူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်၏။ အထူးသဖြင့် မြို့စောင့်များမှာ မျက်လုံးပြူးနေကြလေပြီ။ မန်ဟို၏ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်က သူတို့ကို နိုးနိုးကြားကြား ဖြစ်သွားစေသည်။ သူတို့သည် သူ့လမ်းကို မဟန့်တားဘဲ လျောလျောလျူလျူ ဝင်ခွင့်ပေးလိုက်၏။

မြို့ထဲဝင်ဝင်ချင်း မန္တန်အစီအရင်၏စွမ်းအားမှာ နတ်ဘုရားအာရုံနည်းတူ သူ့ကို လွှမ်းခြုံသွားသည်ကို မန်ဟို ခံစားလိုက်ရလေသည်။ ၎င်းသည် သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီးနောက် သူ့အား လှုပ်မရအောင် ချုပ်တော့မည့်အလား ရုတ်တရက် ရပ်သွား၏။

မန်ဟို၏အမူအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူ ဤနေရာကို ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့အတွက် ရောက်လာခဲ့ခြင်းပင်။ ဤနေရာရှိ လူများ သူ့ကို ရှာ‌ဖွေနေလျှင် ဟုရန်ချင်း၏သေဆုံးမှုကြောင့် ခေါင်းဆောင်ကြီးဟုရန် အထူးပြင်ဆင်မှုများလုပ်ထားသည်ဟု ဆိုလိုသည်။ သူအနေဖြင့် မန်ဟို၏သရုပ်မှန်ကိုလည်း သိနေပြီဟု အဓိပ္ပါယ်ရ၏။

ဘယ်သူမှ သူ့ကို အထူးတလည် ရှာဖွေမနေလျှင်တော့ ‌တွေးစရာပင်။

မန်ဟိုရောက်လာသည့်အချိန်မှာပင် စခန်းမြို့အဖြစ် ဖွဲ့စည်းထားသော လေသင်္ဘောများအနက် ‌အခမ်းနားဆုံးသင်္ဘောကြီးတစ်စင်းတွင် အဘိုးကြီးနှစ်ယောက် တရားထိုင်နေ၏။

တစ်ယောက်သည် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ဖြစ်သည်။ သူ့ဘေးရှိ အဘိုးကြီးတစ်ယောက်မှာ အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး သူ၏မျက်နှာပေါ်တွင် အရောင်အဝါတောက်ပနေသော အရုပ်ဆေးမင်ကြောင်တချို့ရှိ၏။ သူ၏မျက်လုံးများက ပိတ်ထားပြီး မဟာစက်ဝန်းအနားကပ်နေပြီဖြစ်သော်လည်း အတန်ငယ် ဝေးကွာသေးသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြခြင်းအခြေခံအခိုးအငွေ့များကို ထုတ်လွှတ်နေ၏။

ဤလူနှစ်ယောက်သည် ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့မှ ဤနေရာသို့ စေလွှတ်ထားသည့်အထဲ အစွမ်းထက်ဆုံးပညာရှင်များ ဖြစ်လေသည်။

မန်ဟို အ‌ခြေစိုက်စခန်းမြို့အတွင်း ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တလက်လက်တောက်ပနေသော အလင်းမျက်နှာပြင်တစ်ခု အဘိုးကြီးနှစ်ယောက်၏အရှေ့တွင် ‌ဖျတ်ခနဲ ပေါ်လာသည်။

သူတို့နှစ်ယောက်လုံးက မျက်နှာပြင်ကို ကြည့်ရန် မျက်လုံးများ ဖွင့်လိုက်ရာ မန်ဟို့ကို မြင်လိုက်ရ၏။

မျက်နှာပြင်အပေါ်ရှိ မန်ဟို့ကို လှုပ်ရှားသက်ဝင်နေသော အနီရောင်အလင်းများက ဝန်းရံသည်။ အလင်းရောင်များမှာ မန်ဟို့ဆီမှ လာခြင်းမဟုတ်ဘဲ အခြေစိုက်စခန်းမြို့၏ မန္တန်အစီအရင်မှဖြစ်ချေသည်။ ၎င်းတို့က သူ၏‌ နေရာကို ရှာ‌ဖွေနေကြလေ၏။

"အလိုရှိစာရင်းမှာ အနီအဆင့်တဲ့လား... ဒီပုဂ္ဂိုလ်က...."

"သူပဲ။ ဟိုရက်ပိုင်းတုန်းက ခေါင်းဆောင်ကြီးဟုရန်ကိုယ်တိုင် အလိုရှိစာရင်းထဲ ထည့်ခဲ့တဲ့လူ" အဘိုးကြီးနှစ်ယောက်မှာ မျက်လုံးကြီးပြူးလျက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးတွင် လေးနက်သော အမူအရာများရှိကြ၏။

"ငါ မှတ်မိရသလောက် အလိုရှိစာရင်းပေါ်က အချက်အလက်အရ ခေါင်းဆောင်ကြီးဟုရန်ကို အသိပေးရင် သူကိုယ်တိုင် ဖန်တီးထားတဲ့ မှော်ပစ္စည်းချီးမြှင့်ခံရလိမ့်မယ်။ ပြီးတော့ အသက်ရှင်ရက် ဖမ်းနိုင်ရင် ခေါင်းဆောင်ကြီးဟုရန်က ကျေးဇူးအကြွေးဆပ်မယ်တဲ့"

လူနှစ်ယောက်၏မျက်လုံးများထဲ၌ မျှော်လင့်ခြင်းမီးတောက်များ တဟုန်းဟုန်းတောက်လောင်လာသည်။ သူတို့ အကြံတူနေကြောင်း သိသာ၏။

သူတို့က တစ်ယောက်နှင့်တစ်ယောက် တခဏကြည့်နေပြီး သူတို့၏မျက်နှာများတွင် ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ ပြည့်နှက်သွားသည်။ ကျင့်ကြံသူများဖြစ်သည့် သူတို့အနေဖြင့် အန္တရာယ်ကို မကြောက်ပေ။ သူတို့ကြောက်သည်ကား အန္တရာယ်ကို ရင်ဆိုင်ရဲသည့် သတ္တိမရှိမည်ကိုပင်။ အနာခံမှ အသာစံရမည်မဟုတ်ပါလော။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး၏ ကျေးဇူးအကြွေးတင်ခံရသည်မှာ သေချာပေါက် စွန့်စားရတန်လေသည်။ ဤကျင့်ကြံသူတွင် အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိလျှင်တောင်မှ သူတို့တွင် အခြားအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအပြင်၊ မန္တန်ဝင်္ကပါလည်း ရှိသေးသည်။ ၎င်းမှာ မဖြစ်နိုင်သောအလုပ် မဟုတ်ပေ။

"မန္တန်အစီအရင်ကို အသက်သွင်း"

"အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတို့ လှုပ်ရှားဖို့ အချိန်ကျပြီ"

အမှတ် (၇) အခြေစိုက်စခန်းမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံး အဘိုးကြီးနှစ်ယောက်ထံမှ ‌အကြောင်းကြားစာ ရလိုက်ကြသည့်အချိန်နှင့် တစ်ချိန်တည်းဆိုသလို မန်ဟိုသည် လူအုပ်ကြားထဲတွင် လမ်းလျှောက်နေ၏။ သူက မိန်းမောတွေဝေလျက် ‌စည်ကားသိုက်မြိုက်နေသော မြင်ကွင်းကို ကြည့်နေသည်။ ယခု တွေးကြည့်မှ သူ့မှာ နှစ်‌ပေါင်းတစ်ရာကျော် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ခြင်းဖြစ်ပေသည်။

"နှစ်ပေါင်းတစ်ရာကျော်..." သူက သက်ပြင်းဖွဖွ ချလိုက်၏။ အမှတ်တရများက ‌လှိုငလုံးကြီးသဖွယ် ‌ဖြေးညင်းစွာ မို့မောက်တက်လာသည်။ ရုတ်တရက် သူ ခရမ်းပင်လယ်ကြီးဖြစ်နေခဲ့စဉ်တုန်းက မြင်ခဲ့ရသော ရင်းနှီးသည့်မျက်နှာအားလုံးကို မှတ်မိသွားသည်။

ထိုမျက်ရည်စက်အကြောင်းကိုလည်း သူတွေးနေမိသည်။

သူသည် အတိတ်ကို ပြန်ပြောင်းတွေးတောနေလျက် စခန်းမြို့၏ အစွန်းနားရောက်သည့်တိုင်အောင် လျှောက်လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူ တုံ့ခနဲ ရပ်သွားပြီး မော့ကြည့်လိုက်၏။

သူ၏အရှေ့တွင် ရွက်တိုင်မှ တွဲလောင်းကျနေသော.... လူငါးဆယ်ကျော် ရှိလေသည်။

လူငါးဆယ်ကျော်။ အတော်များများမှာ အသက်မနည်းရှူနေရပြီး သေခါနီးဆဲဆဲ ဖြစ်နေကြ၏။ တကယ်တော့ တစ်ဝက်ကျော်မှာ သေပင်သေနေလေပြီ။ သူ၏အလောင်းများမှာ သေခြင်းအခိုးအငွေ့တို့ လှိုင်လှိုင်ထွက်လျက် အသားစိမ်းငါးစိမ်းသဖွယ် ‌ချိတ်ဆွဲခံထားရ၏။

သူတို့၏ခန္ဓာကိုယ်များမှာ ဒဏ်ရာ၊ ဒဏ်ချက်များ ၊ အမာရွတ်များ ဖုံးနေသည်။  ညှင်းပန်း‌နှိပ်စက်မှုဒဏ်မည်မျှ သူတို့သည်းခံခဲ့ရသည်ဘဲ စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။ မသေသေး‌သော လူများမှာ အဝေးကြီးရှိ တစ်စုံတစ်ခုကို မျှော်ကြည့်နေကြသည့်အလား ငေးငိုင်လျက်ရှိသည်။

တစ်ယောက်မှ အော်ဟစ်ငိုယိုခြင်းမရှိ။ တိတ်ဆိတ်စွာ နေနေကြသည်သာ။

သူတို့အထဲက တစ်ယောက်သည် အဘွားအိုတစ်ဦးဖြစ်၏။ သူမမှာ ပါးရေတို့တွန့်နေပြီး ခန္ဓာကိုယ်မှာ ပိန်ချုံးချည့်နဲ့နေကာ ကျာပွတ်ရာတို့ဖြင့် ဖုံးနေသည်။ သူမတစ်ခေါင်းလုံးမှာလည်း ဆွတ်ဆွတ်ဖြူလျက်ရှိ၏။ သို့ရာတွင် ဤအဘွားအိုသည် ငယ်ရွယ်စဉ်တုန်းက လှပခဲ့မည်ဖြစ်ကြောင်း ပြောနိုင်ပေသည်။

သူမသည် မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများဖြင့် အဝေးကို ငေးကြည့်နေသည်။ သူမ ဘာတွေးနေလဲ မသိပေ။ သိူ့သော် သူမ၏နှလုံးသားမှာတော့ ထာဝရလောင်ကျွမ်းနေသော အသက်စွမ်းအားဖြင့် ‌ ‌တဟုန်းဟုန်းတောက်နေချေသည်။ သူမ၏နှလုံးသားမှာ အမုန်းတရားတို့ ပြည့်နေသယောင်ပင်။

မန်ဟိုစိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားပြီး တစ်ခါမှမမြင်ဖူးလောက်အောင် သူ့မျက်နှာထားမှာ အေးစက်သွား၏။ လင်းနို့နက်ကြီးကို တိုက်ခိုက်ခဲ့စဉ်တုန်းက ဒေါသပင်လျှင် မန်ဟို၏ ယခုခံစားချက်နှင့် မယှဉ်နိုင်ပေ။

သူ၏ဒေါသမှ သူထိန်းချုပ်မရတော့သည့် အထွတ်ထိပ်သို့ ရောက်ရှိသွားသဖြင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။ သူ၏သွေးကြောများမှ အအေးဓာတ်တို့ ထုတ်လွှတ်စပြုလာ၏။ သူ့ခြေထောက်အောက်ရှိ သစ်သားပြားများပေါ်တွင် ရေခဲများ ဖုံးလာပြီး စခန်းမြို့၏အပြင် ခရမ်းပင်လယ်ကြီး၏မျက်နှာပြင်တစ်လျှောက် လှိုင်းလုံးကြီးများ ရိုက်ခတ်လာသည်။

သူ၏စိတ်အာရုံတွင် အတိတ်မှ မှတ်ဉာဏ်များဖြင့် ပြည့်နှက်သွား၏။

"စီနီယာကြီး ဒါ ကျွန်တော့်အစ်မ ဝူလင်းတဲ့"

"ငါ့ မောင်လေးကို နှပ်ချရဲရင် နင် သေတဲ့အထိ အေးအေးချမ်းချမ်း အနားမယူစေရဘူး"

"စီနီယာကြီး ကျွန်မ၊ ဝူလင်း မောင်လေးအတွက် ဘာမဆို လုပ်ပေးဖို့ အသင့်ပါပဲ ဘာမဆိုပါ။ စီနီယာကြီးရဲ့ ..." သူ၏ခေါင်းထဲတွင် ပဲ့တင်ထပ်နေသော အသံသည် သူ့မျက်စိရှေ့ရှိ အဘွားအိုအသွင် ပြောင်းသွားယောင်ပင်။

သူမသည် တစ်ချိန်က မိန်းမလှလေးဖြစ်ခဲ့သော်လည်း ဇရာကြောင့် အလှတရားမှာလည်း အိုမင်းခဲ့လေပြီ။

မန်ဟိုမှာ ဤအဘွားအိုက ... ဝူလင်းဖြစ်သည်ကို ယခုမှ မှတ်မိသွား၏။

ရွက်တိုင်များ၌ ချိတ်ဆွဲခံထားရသူများကိုမူ မန်ဟို လေးငါးယောက် မှတ်မိသည်။ သူတို့ကား.... ရွှေကျီးကန်းမျိုးနွယ်ဝင်များမှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟို ရွှေကျီးကန်းမျိုးနွယ်ဝင်များကို ကြည့်နေစဉ် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများလည်း ကြည့်ပြီး သက်ပြင်းချလိုက်ကြ၏။ သူတို့သည် တွဲလောင်းကျနေသော ရွှေကျီးကန်းမျိုးနွယ်ဝင်များကို ကြည့်ပြီး တီးတိုးပြောလာကြ၏။

"အဲ့ဒါ အခြေစိုက်စခန်းဆယ်ခုလုံးမှာ ချိတ်ဆွဲခံထားရတဲ့ ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စုတွေပေါ့။ ကောင်းကင်ရှာဖွေမျိုးနွယ်စုနဲ့ ခေါင်းဆောင်ကြီးဟုရန်ကို ရန်မစခဲ့သင့်ဘူး"

"အပြစ်တင်ရမယ့်သူကတော့ သူတို့ရဲ့ အရင်ကိုးကွယ်ရာဘိုးဘေးကြီးပဲ။ သူက ခေါင်းဆောင်ကြီးဟုရန်ရဲ့သားကို သတ်ခဲ့တာလေ။ အဲ့ဒါ ရန်စတာမဟုတ်လို့ ဘာလဲ။ အဲ့သတင်းကြားတုန်းကဆိုရင် အနက်ရောင်နယ်မြေတစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြတာ"

"ဟီးဟီး အလောင်းတွေနဲ့ မသေမရှင်ဖြစ်နေတဲ့ ကျင့်ကြံသူတွေက ‌ရွှေကျီးကန်းမျိုးနွယ်စု အရင်ဘိုးဘေးကြီး လူလုံးထွက်ပြအောင် လုပ်ဖို့ပဲ။ ငါ မှတ်မိတာ မှန်ရင် သူ့နာမည်က မန်ဟို ဟုတ်တယ်မလား"

"မန်ဟို ပေါ်မလာတဲ့ရက်တိုင်း ရွှေကျီးကန်းမျိုးနွယ်ဝင်တစ်ရာကို သတ်ပစ်လို့ ကောင်းကင်ရှာဖွေမျိုးနွယ်စုက အမိန့်ထုတ်ထားတယ် ကြားတယ်"

ထိုစကားလုံးများက မန်ဟို၏ နှလုံးသားကို ဓားချွန်ချွန်များနှင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ စူးအောင့်သွားစေသည်။ သူ့နှလုံးသားအား တစစီစုတ်ဖြဲလိုက်သလို ခံစားလိုက်ရ၏။ သူ၏မျက်နှာ ဖြူဖျော့သွားပြီး ခြေထောက်အောက်ရှိ ရေခဲများ ပို၍ထူထပ်လာသည်။

သူ၏အသက်ရှူသံသည် မြန်ဆန်လာပြီး သူ့မျက်လုံးမှာ သွေးကြောများဖြင့် ပြည့်သွားပြီး နီရဲလာ၏။

ဤမျှ အကြင်နာမဲ့သော လုပ်ရပ်မျိုးကို ခေါင်းဆောင်ကြီးဟုရန် လုပ်ရက်လိမ့်မည်ဟု မန်ဟို မထင်ထားခဲ့ပေ။ ထိုအပြုအမူများက သူ မန်ဟို့ကို လျှော့တွက်ထားကြောင်း သက်သေထူနေသည်။ ဤသည်မှာ သူ့ကိုယ်သူ အလွန်အစွမ်းထက်သည်ဟု ခံယူထားသော လူတစ်ယောက်၏လုပ်ရပ်ဖြစ်သည်။ မန်ဟိုက တရားခံမဟုတ်ကြောင်း သူသိသည့်တိုင် အပြစ်မဲ့သူများကို ဆွဲသွင်းခဲ့သေးသည်။

"ကျီးနတ်မင်းမျိုးနွယ်စု..." ခရမ်းပင်လယ်ကြီး၏ဟိန်းဟောက်သံမှာ ပို၍ပြင်းထန်လာသည်။ ကျင့်ကြံသူအတော်များများ အထိတ်တလန့် လှမ်းကြည့်လိုက်ကြ၏။ မန်ဟိုနှင့်ပတ်သက်ပြီး တစ်ခုခုက မူမမှန်ကြောင်း သတိထားမိသူများပင် ရှိသည်။

တွဲလောင်းချိတ်ခံထားရသော လူငါးဆယ်ကျော်အနက် ဝူလင်းမှာ တစ်ခုခုကို အာရုံရလိုက်သယောင်။ သူမသည် အားမနည်းတင်း၍ ခေါင်းလှည့်လိုက်ရာ...မန်ဟိုကို မြင်သွား၏။

သူ့ကို မြင်လိုက်သည့်အခိုက်အတန့်တွင် အံ့အားသင့်သောအမူအရာက သူမမျက်နှာကို ဖုံးလွှမ်းသွားသည်။

တ‌ဖြေးဖြေး အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။ မန်ဟိုက သူမကို အပြစ်ရှိသောအမူအရာဖြင့် ကြည့်နေသော်လည်း ထိန်းချုပ်မရသော ‌ဒေါသက ပေါ်လွင်နေသေးသည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်တွင် ဆူညံနေသော စကားသံများမှာ ‌သောင်းကျန်းနေသောခရမ်းပင်လယ်ကြီးကြောင့် နစ်မြုပ်သွားသည်။ သို့သော် စကားနှစ်ခွန်းက မန်ဟို၏နားထဲတွင် မြည်ဟည်းသွားသေး၏။

"ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စုက ဒီကိစ္စကြောင့် နှစ်ခြမ်းကွဲသွားတာပဲ။ နဂါးနက်မျိုးနွယ်စုက အခွင့်ကောင်းယူပြီး တစ်သီးပုဂ္ဂလရပ်တည်တယ်လေ။ ကျီးနတ်မင်းမျိုးနွယ်စုခမျာ ကပ်ဘေးကျတော့မလို့ သီသီလေးပဲတဲ့။ ငါကြားတာတော့ ကောင်းကင်ရှာဖွေမျိုးနွယ်စုက သူတို့နဲ့ စစ်ဖြစ်တယ်။ အခုလည်း စစ်ဖြစ်နေတုန်းပဲ။ အနိုင်ရသူဆိုပြီး မရှိပေမယ့် ကောင်းကင်ရှာဖွေမျိုးနွယ်စုက ရွှေကျီးကန်းမျိုးနွယ်ဝင်ငါးရာကျော်ကို ဖမ်းလာနိုင်ခဲ့တယ်"

"ဒါပေမဲ့ ရွှေကျီးကန်းမျိုးနွယ်စုက တကယ် လက်ဖျားခါစရာပဲ။ သူတို့ ကောင်းကင်ရှာဖွေမျိုးနွယ်စု ခန့်မှန်းထားတာထက်တောင် အင်အားတောင့်တင်းသေးတယ်။ ကောင်းကင်ရှာဖွေမျိုးနွယ်စုလည်း တော်တော် အထိအခိုက်များခဲ့လို့ တစ်မျိုးနွယ်စုလုံးကိုတောင် စစ်တိုက်ဖို့ စေလွှတ်ခဲ့တယ်တဲ့"

ဤစကားများကြားသော် စခန်းမြို့အပြင်ရှိ ဟိန်းဟောက်နေသော ခရမ်းပင်လယ်ကြီးက ရုတ်တရက် ဝုန်းခနဲ  ပေါက်ကွဲသွားသည်။ မန်ဟို့ခြေထောက်အောက်ရှိ အအေးဓာတ်က အဘက်ဘက်သို့ ဖြာထွက်လာပြီး တစ်မြို့လုံးကို လွှမ်းခြုံသွား၏။

အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။

***

All Chapters