← Chapters

သွေးခွေးကြီး နိုးထလော့

Vol. 39 Ch. 537

သွေးခွေးကြီး နိုးထလော့

Vol. 39 Ch. 537

မန်ဟို့တစ်ကိုယ်လုံး တုန်ရီလာပြီး သူ၏ စိတ်ထဲတွင် ဟိန်းဟောက်သံကြီး ပြည့်နှက်သွားသည်။ နှိုင်းယှဉ်၍မရသော ဒေါသတို့က သူ၏ နှလုံးအိမ်အတွင်းမှ ပေါက်ကွဲထွက်လာ၏။

" ကောင်းကင်ရှာဖွေမျိုးနွယ်စု"

" ဟုရန်ယွင်မင်း "

ခရမ်းပင်လယ်ကြီးမှာ တဝေါဝေါမြည်နေပြီး အအေးဓာတ်တို့က အရပ်မျက်နှာတစ်ခွင်ကို ဖုံးလွှမ်းလာရာ လေထဲတွင် နှင်းပွင့်ချပ်များကိုပါ ကျလာစေတော့သည်။ ‌အခြေစိုက်စခန်းအထဲတွင် ကျင့်ကြံသူအားလုံးမှာ တစ်ကိုယ်လုံး ခိုက်ခိုက်မတုန်အောင် တားဆီးနိုင်စွမ်း မရှိပေ။ မန်ဟို့အနားရှိလူများမှာမူ သူတို့မှာ မန်ဟို့ကို လှမ်းကြည့်ရင်း တုန်ရီနေကြ၏။

အနုသုခုမရုပ်ခန္ဓာကိုးယောက် မန်ဟို့ပတ်ပတ်လည်တွင် ပေါ်လာသည်။ အခြေစိုက်စခန်း၏ တာ၀န်ရှိအဘိုးကြီး နှစ်ယောက်သည်လည်း လေထဲတွင် မြောလွင့်လျက် ပေါ်လာ၏။

ထို့နောက် အခြေစိုက်စခန်းထဲရှိ မန္တန်အစီအရင် အပြည့်အ၀ အသက်၀င်သွားသည်။ အလွန်ကြီးမားသော ဖိအားကြီးတစ်ခုက ပတ်၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံပြီး မန်ဟို့ပေါ် အဆက်မပြတ်ဖိချလိုက်သဖြင့် တဂျိန်းဂျိန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။

" မန်ဟို " အနက်ရောင်၀တ် အဘိုးကြီးက ပြောသည်။ " မင်းက ကောင်းကင်တရားရေးရာ မဟာမတ်အဖွဲ့ရဲ့ သီးသန့်အဖွဲ၀င်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ခုတော့ ဒီ အခြေစိုက်စခန်းမှာ မျက်နှာလာပြ‌ရဲတယ်ပေါ့လေ။ ဒီနေ့ ငါတို့ မင်းရဲခေါင်းကို ဖြတ်ပစ်မယ် " သူ၏ ရယ်သံ မြို့အတွင်းသို့ ပဲ့တင်ထပ်သွားသည့် အချိန်မှာပင် မဟာမိတ်အဖွဲ့၀င် ဒါဇင်ပေါင်းများစွာ ပတ်၀န်းကျင်တွင် ပေါ်လာသည်။ သူတို့သည် မန္တန်အစီအရင်အား လည်စေလျက် တင်ပျဉ်‌ခွေ ထိုင်နေကြသည်။

မန်ဟို၏ မျက်လုံးများက နီရဲတွတ်နေပြီး သူ၏ နှလုံးအိမ်မှာ သွေးတစက်စက် ကျနေလေသည်။ သူက ဟုရန်ချင်းကို မသတ်ခဲ့ပေ။ အမှန်တွင် နားလည်မှုမလွဲစေရန်အတွက် လင်းနို့နက်ကြီးကို သတ်ဖြတ်ပြီး ၎င်း၏ ခေါင်းကိုပင် ဖြေရှင်းဖို့အတွက် ယူလာခဲ့လေသည်။

ဤကဲ့သို့ အစွမ်းအစမျိုးနှင့်  ခေါင်းဆောင်ကြီးဟုရန်က ဟုရန်ချင်း၏ သေဆုံးမှုအကြောင်းရင်းကို မမြင်ဘဲ နေမည်မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။ ယခုတွင် ထိုဟုရန်ယွင်မင်းဆိုသူတွင် အ‌ခြေအနေအား အေးအေးဆေးဆေး ဖြေရှင်းလိုစိတ် မရှိကြောင်း မြင်လိုက်ရပြီ ဖြစ်သည်။

" ခေါင်းဆောင်ကြီးဟုရန် မင်းက ငါ့ကို ဒီကိစ္စကို ဆွဲသွင်းချင်တယ်ပေါ့ ရတယ်လေ။ ဟုရန်ချင်းကို မန်ဟို သတ်တယ်လို့ပဲထားလိုက် " သူသည် ခိုင်မာပြတ်သားစွာဖြင့် အံတင်းတင်းကြိတ်ပြီး သိုလှောင်အိတ်ကို ပုတ်ကာ လင်းနို့နက်ကြီး၏ ခေါင်းကို ထုတ်လိုက်သည်။ သူသည် ယခင်က ဤခေါင်းကို သက်သေဟူ၍ ယုံကြည်သတ်မှတ်ခဲ့လေသည်။ ယခုတော့ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းမှာ ပြာကျသွားတော့သည်။

ခေါင်း ပြာကျသွားစဉ် မန်ဟို၏ မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် မယုံကြည်နိုင်ဖွယ် တဟုန်ထိုး တက်သွား၏။ သူ၏ အရှိန်အဝါမှာ ရေခဲတမျှ အေးစက်လာ၏။

" ကောင်းကင်ရှာဖွေမျိုးနွယ်စု ငါ မန်ဟို ဒီကမ္ဘာမြေပေါ်မှာ အသက်ရှိနေသ၍ မင်းတို့ရဲ့ မျိုးနွယ်စုနဲ့ မင်းတို့ရဲ့ မျိုးဆက် တစ်ယောက်မကျန် သုတ်သင်ပစ်မယ် " ထို့နောက် သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ အလွန်အားကောင်းသော လေတစ်ချက် တိုက်ခတ်သွား၏။ ၎င်းက အပေါ်ရှိ ရွက်တိုင်များ၌ ချိတ်ဆွဲခံထားရသော ရွှေ‌ကျီးကျန်းမျိုးနွယ်စုများကို ပွေ့ပြီး မြေကြီးပေါ် ချပေးလိုက်လေသည်။

ထို့နောက် လေသည် ဝူလင်းနှင့် အခြားသူများကို အားဖြည့်ပေးပြီး သူတို့ကို ပြန်ကျန်းမာလာစေသော အသက်စွမ်းအားအသွင် ပြောင်းသွား၏။ သေဆုံးသွားသော မျိုးနွယ်၀င်များ အတွက်မူ လုပ်ပေးနိုင်သည့်အရာ မရှိတော့ပေ။

ဝူလင်းအပါအဝင် မန်ဟိုနှင့်အတူ ခရီးနှင်လာခဲ့ဖူးသော မူလမျိုးနွယ်၀င် လေးငါးယောက် ရှိသည်။ သူတို့ မန်ဟို့ကို မြင်သောအခါ သူတို့၏ ခန္ဓာကိုယ်များ တုန်ရီသွားပြီး သူတို့၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုနှင့်အတူ ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်သွားလေသည်။ သူတို့သည် ချက်ချ‌င်း ဒူးထောက်ပြီး မန်ဟို့ကို အရိုအသေပေးလိုက်၏။

သူတို့က နှလုံးအိမ်ထဲတွင် ကိန်းအောင်းနေခဲ့သော ဖိအားများနှင့် မျှော်လင့်ချက်အလုံးစုံကို ဖော်ပြပြီး အော်နိုင်သမျှ အော်လိုက်ကြသည်။

" ဂါ၀ရပြုပါတယ် ဘိုးဘေးကြီး "

အခြား မျိုးနွယ်၀င်များမှာ လွန်ခဲ့သည့် နှစ်ရာဂဏန်းကမှ မွေးဖွားလာခဲ့သူများ ဖြစ်လေသည်။ သူတို့သည် မန်ဟို့ကို ယခင်က မမြင်ဖူးခဲ့သော်လည်း မန်ဟို၏ ရုပ်တုကိုတော့ မြင်ဖူးခဲ့၏။ ယခုတွင် စီနီယာမျိုးနွယ်စု၏ ဝါအရင့်ဆုံးမျိုးနွယ်များ တုန်ရီနေကြသည်ကို သူတို့မျက်စိဖြင့် မြင်တွေ့လိုက်ရလေပြီ။ သူတို့၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်လာကြပြီး အားနည်းနေသော ခန္ဓာကိုယ်များကို လျစ်လျူရှုကာ ဒူးထောက်၍ အရိုအသေပေးလာကြသည်။ သူတို့လည်း အော်လိုက်ကြ၏။

" ဂါ၀ရပြုပါတယ် ဘိုးဘေးကြီး "

သူတို့၏ အသံများသည် အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။ သေမျိုးစစ်တပ်တစ်တပ်ကို ရင်ဆိုင်နေရသကဲ့သို့ ပြောခဲ့သော အနက်ရောင်၀တ်ရုံနှင့် လူ၏ စကားများကို ထည့်ပေါင်းလိုက်သောအခါ အမှတ်(၇) အခြေစိုက်စခန်းရှိ ကျင့်ကြံသူအားလုံးမှာ စိတ်နှလုံး တုန်လှုပ်လာကြလေသည်။ သူတို့သည် မန်ဟို့ကို မျက်လုံးကြီးပြူးလျက် ကြည့်နေကြ၏။ ယခုတွင် သူတို့ တွေးကြည့်သောအခါ လွန်ခဲ့သော နှစ်တစ်ရာက မန်ဟို့အကြောင်း ဒဏ္ဍာရီများကို ပြန်ကြားယောင်မိလိုက်ကြလေသည်။

ဒဏ္ဍာရီများအရ မန်ဟိုသည် သူ၏ မျိုးနွယ်စုကို အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းမှ တစ်ယောက်တည်း ဦးဆောင်၍ ခေါ်လာခဲ့၏။

" ဒါက တကယ်ပဲ မန်ဟိုလား "

" ရွှေကျီးကန်းမျိုးနွယ်စုရဲ့ ကိုးကွယ်ရာဘိုးဘေးကြီး။ ဆိုတော့ ဒါက သူပေါ့လေ "

မန်ဟို့အရှိန်အဝါက တဟုန်းဟုန်း မြင့်တက်လာနေပြီး ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများ သူ မည်သူဖြစ်သည်လဲ သတိထားမိသွားသည့် အချိန်တွင် အလန့်တကြားအော်သံများ ကြားလိုက်ရ၏။ ကောင်းကင်တရားရေးရာ မဟာမိတ်အဖွဲ့မှ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ ကိုးယောက်နှင့်အတူ အဘိုးကြီးနှစ်ယောက်၏ မျက်နှာများ ချက်ချင်းပြောင်းသွားသည်။ သူတို့သည် အံတင်းတင်းကြိတ်ပြီး မန်ဟို့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်ကာ တိုက်ခိုက်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် မန္တန်အစီအရင်၏ စွမ်းအားသည် မန်ဟို့အပေါ် သက်ဆင်းလာ၏။ ပြင်းထန်သော ဖိအားတစ်ခုက သူ၏ ကျင့်ကြံခြင်းအခြေခံကို အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် ရောက်သည်အထိ ကန့်သတ်ရင်း အားနည်းသွားစေသယောင်ပင်။

ဤသည်မှာ ကောင်းကင်တရားရေးရာ မဟာမိတ်အဖွဲ့၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးတစ်ဦး တည်ဆောက်ခဲ့သော မန္တန်အစီအရင်၏ စွမ်းအားအပြည့် ဖြစ်လေသည်။ ၎င်း၏ စွမ်းအားက သာမန်မဟုတ်ပေ။ ထို့အတွက်ကြောင့်သာ မဟုတ်လျှင် ၎င်းသည် အကြီးဆုံး အခြေစိုက်စခန်း၏ အထွတ်အထိပ် လက်နက်အဖြစ် တပ်ဆင်ခံထားရမည် မဟုတ်ပေ။

အနုသုခုမရုပ်ခန္ဓာ မဟာစက်၀န်းအဆင့် တစ်စုံတစ်ယောက်ပင်လျှင် ဤ မန္တန်အစီအရင်၏ ပြင်းထန်သော ဖိအားကြောင်း ဆိုးဆိုးဝါးဝါး အားနည်းသွားနိုင်သည်။ ၎င်းသည် ဤနေရာတွင် တာ၀န်ကျသော အဘိုးကြီးနှစ်ယောက်အတွက် မန်ဟို့ကို တိုက်ခိုက်နိုင်မည်ဟု အလွန်ယုံကြည်ချက် ရှိစေသော အကြောင်းအရင်းလည်း ဖြစ်၏။

မန္တန်အစီအရင်၏ စွမ်းအား သက်ဆင်းလာသည့် တစ်ချိန်တည်းမှာပင် မန်ဟို့အနား၌ အသတ်အဖြတ်စိတ်ဆန္ဒ အပြည့်ဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ ဆယ့်‌တစ်ယောက် ပေါ်လာ၏။ မှော်ပစ္စည်းများ၊ နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာရပ်များနှင့် အရုပ်အားလုံးက တိုက်ခိုက်လိုက်သည့် အလင်းရောင်များ ၀င်းခနဲ လက်သွားလေသည်။

" မင်းက အရုပ်ဘိုးဘေးကြီး ဖြစ်ပေမယ့် မင်း ငါတို့ အခြေစိုက်စခန်းရဲ့ မန္တန်အစီအရင်ထဲ ၀င်ရောက်တာနဲ့ မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသွားပြီ။ မင်း သေချာပေါက် သေရလိမ့်မယ် " အေးစက်စက် ရယ်သံများမှာ မန်ဟို့ထံမှ ပေါက်ကွဲထွက်လာသော အံ့မခန်းလိလိ ဟိန်းဟောက်သံကြီး၏ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။

အသံကြီး ဟိန်းထွက်နေစဉ် မန်ဟို၏ သွေးအေးရက်စက်ပြီး အသတ်အဖြတ်စိတ်ဆန္တတို့ဖြင့် ပြည့်နှက်နေသည့် အသံအား ကြားလိုက်ရ၏။ " တတိယ ဝိညာဉ်ခန္ဓာ "

သူ၏ အသံကြားလိုက်သည့် တစ်ချိန်တည်းမှာပင် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ ဆယ့်တစ်ယောက်၏ တိုက်ကွက်များ ပေါ်လာသည်။ ဤလူများမှာ မန်ဟို့ကို အစွမ်းကုန် တိုက်ခိုက်နေကြလေသည်။ ထို့နောက်တွင် သူတို့၏ မျက်နှာများမှာ ချက်ချင်း ရိပ်ခနဲ ဖြစ်သွားပြီး သူတို့၏ နှလုံ့းသားထဲ၌ တစ်ခါမှ မခံစားရဖူးသော အကြောက်တရားအား ခံစားလိုက်ရ၏။ ဤ ခံစားချက်ကြောင့် သူတို့မှာ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်ရလေသည်။

သူတို့ နောက်ဆုတ်သွားစဉ် အမျိုးမျိုးသော နတ်ဘုရားစွမ်းအင်များနှင့်  မှော်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသော အလင်းရောင်မှာ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး မန္တန်အစီအရင်၏ အလယ်တည့်တည့်တွင် နတ်ဆိုးကြီးတစ်ကောင်နှင့် တူသော လူတစ်ယောက် ပေါ်လာ၏…. မန်ဟို

သူ၏ ဆံပင်များက တလွင့်လွင့် မျောလွင့်နေ၏။ ယခုတွင် သူသည် တတိယ ဝိညာဉ်ခန္ဓာအဆင့်တွင် ဖြစ်၍ အနုသုခုမရုပ်ခန္ဓာ မဟာစက်၀န်းအဆင့် ကျင့်ကြံသူ လေးယောက်၏ စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ သူ့ကို လွှမ်းခြုံနေသည့် မန္တန်အစီအရင်မှာ ယခင်က မမြင်ရခဲ့သော်လည်း ယခုတွင် အုပ်ဆောင်းပိုက်ကွန်ကြီးတစ်ခု အသွင်ဖြင့် မြင်သာလာပြီ ဖြစ်သည်။

အုပ်ဆောင်းပိုက်ကွန်ကြီးက တလက်လက် တောက်ပ‌နေပြီး အားတစ်ခု သက်ရောက်ခံနေရသည့်အလား ညည်းတွားသံများ ပြုနေ၏။ တဖောက်ဖောက်သံများ ကြားလိုက်ရပြီး အက်ကြောင်းများ ပေါ်လာသည်။ အက်ကြောင်းများ ပျံ့နှံ့သွားသည့် အခိုက်အတန့်တွင် မန်ဟို၏ အရှိန်အဝါမှာ ကြောက်စရာကောင်းလောက်အောင် ပေါက်ကွဲထွက်လာ၏။ အရှိန်အဝါက မြို့ထဲရှိ ကျင့်ကြံသူ အားလုံးကို ကြက်သေ သေသွားစေတော့သည်။

အထူးသဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြ့သူ ဆယ့်တစ်ယောက်ဖြစ်၏။ သူတို့၏ မျက်နှာများမှာ မယုံနိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားပြီး ပင့်သက်ရှိုက်မိလိုက်ကြ၏။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် မန္တန်အစီအရင်ကို ပြန်တိုက်ခိုက်နိုင်လောက်သည်အထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကြည့်ရသ၍ မန္တန်အစီအရင်မှာ သူ့ကို အချိန်ခဏလေးသာ ထိန်းချုပ်ထားနိုင်တော့မည့်ပုံ ရသည်။

သူတို့အတွက် ကံဆိုးစွာဖြင့် ခန့်မှန်းချက်များက မမှန်ကန်ပေ။ သူတို့ မျက်နှာပျက်ပြီး မန်ဟို မန္တန်အစီအရင်ကို သိပ်ကြာကြာ ထိန်းထားနိုင်မည် မဟုတ်ဟု ထင်နေကြသည့် အချိန်မှာပင် ဧရာမပိုက်ကွန်ကြီးကား အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကာ ပျောက်ကွယ်သွားခဲ့လေပြီ။ ‌

ပိုက်ကွန်ကြီး ပျောက်ကွယ်သွားသည်နှင့် မြို့တစ်မြို့လုံး ရုတ်တရက် တုန်ခါသွားသည်။ မန္တန်အစီအရင်ကို အားဖြည့်ပေးနေခဲ့သော မဟာမိတ်မျိုးနွယ်၀င် ဆယ်ယောက်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာ၏။ တစ်ခဏကြာသော် သူတို့၏ ခန္ဓာကိုယ်မှာ သွေးသားအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားလေတော့သည်။

မန္တန်အစီအရင်မှာ မန်ဟို့ကို ချုပ်နှောင်ရန် အရည်အချင်းမရှိပေ။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

မန္တန်အစီအရင်ဖျက်ဆီးခံလိုက်ရသည့် အခိုက်အတန့်တွင် မန်ဟိုက အရှေ့သို့ လျှောက်လာပြီး အံ့အားသင့်နေသောအနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ ဆယ့်တစ်ယောက်ဆီသို့ လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ၏ လက်ဝှေ့ယမ်းခြင်းက မဟာစက်၀န်းအဆင့် အနုသုခုမရုပ်ခန္ဓာ၏ လေးဆ အတိုက်အခိုက်စွမ်းရည်ကို ထွက်ပေါ်လာစေသည်။ ၎င်းသည် တအုန်းအုန်း တိုက်ခတ်နေသော လေနှင့် တစ်သားတည်း ဖြစ်သွားပြီး ပေါက်ကွဲထွက်လာ၏။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ ဆယ့်တစ်ယောက်မှာ တောင်ကြီးဖြင့် ရိုက်ချလိုက်သလိုမျိုးအားကြီးကို ရှောင်တိမ်းနိုင်စွမ်း မရှိသဖြင့် အော်ဟစ်သံများ ပျံ့လွင့်သွားတော့သည်။ သူတို့‌မှာ မရှောင်နိုင်သလို ခုခံနိုင်ခြင်းလည်း မရှိပေ။ လေက သူတို့၏ အရိုးများမှ အသားကို လှီးထုတ်ပြီး သူတို့၏ ထွက်ပြေးနေသော အနုသုခုမရုပ်ခန္ဓာများကို ရှင်းပစ်လိုက်သည်။

ကိုးယောက်ကား ပွဲချင်းပြီး သေဆုံးသွားခဲ့လေပြီ။

အစွမ်းထက်ဆုံး ကျင့်ကြံသူဖြစ်သည့် အဘိုးကြီးနှစ်ယောက်၏ သွေးများ ပန်းထွက်သွားပြီး သူတို့မှာ နောက်သို့ လွင့်ထွက်သွား၏။

" သူက ဘယ်လို ကျင့်ကြံသူမျိုးလဲ "

" သူက  သာမန် အနုသုခုမရုပ်ခန္ဓာ မဟာစက်၀န်းအဆင့် ကျင့်ကြံခြင့်‌အခြေခံ မဟုတ်ဘူး။ အဲ့တာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းတစ်ပိုင်းအဆင့်ပဲ "

သူတို့ နောက်သို့ လွင့်ထွက်သွားစဉ် သူတို့၏ အပြင်အားကိုယ်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး အနုသုခုမရုပ်ခန္ဓာများသာ ကျန်ရစ်ခဲ့၏။ အနုသုခုမရုပ်ခန္ဓာများမှာ နောင်တကြီးစွာဖြင့် အော်ဟစ်ရင်း ကြောက်လန့်တကြား ထွက်ပြေးသွားကြလေသည်။

မြင်ကွင်းကြီးကား မြို့ထဲရှိ ကျင့်ကြံသူများအား တုန်လှုပ်ချောက်ချားသွားစေ၏။ သူတို့မှာ တုန်ရီလာပြီး သူတို့၏ မန်ဟို့ကို ကြည့်နေသာ အကြည့်များတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်နေ၏။

မန်ဟိုသည် ဆံပင်များ လေတွင် မျောလွင့်နေလျက် အရှိန်အဝါက အဆုံးအစွန်ထိအောင် ကြောက်မက်ဖွယ်ကောင်းစွာဖြင့် မားမားမတ်မတ်ရပ်နေ၏။ အင်မိုတယ်နတ်ဆိုးကြီး တစ်ကောင်၏ ဒေါသသူပုန်ထနေသော အရှိန်အဝါသည် အသတ်အဖြ‌တ်စိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။ သူ၏ အမျက်ဒေါသသည် သတ်ဖြတ်လိုစိတ် ဖြစ်လာခဲ့လေပြီ။ သတ်ဖြတ်လိုစိတ် အားလုံးက တစ်ခုတည်းအပေါ် အာရုံစိုက်ထား၏။

ကောင်းကင်ရှာဖွေမျိုးနွယ်စု တစ်စုလုံးကို အမြစ်မကျန် သုတ်သင်ဖယ်ရှားပစ်ရန်။

မင်း ငါ့လူ တစ်ယောက်ကို သတ်ရင် ငါ မင်းတို့လူ အယောက်တစ်ရာ ပြန်သတ်ပစ်မယ်။ မင်း ငါ့လူ အယောက်တစ်ရာကို သတ်ရင် မင်းတို့ အကုန်လုံးကို တစ်ယောက်မကျန် သုတ်သင်ပစ်မယ်။

ငါ မတိုက်ခိုက်ချင်ဘူး။ ငါ ဒီပြဿနာကို ‌ဖြေပဲဖြေရှင်းချင်တာ။ အဲဒီ ရည်ရွယ်ချက်အတွက်နဲ့ ငါက ဒီနေရာကို လင်းနို့နက်ကြီးရဲ့ ခေါင်းကို ယူလာခဲ့တယ်။ ဒါပေမယ့် မင်းက မင်းကိုယ်မင်း အထင်ကြီးတယ်။ မင်းက မင်းကို ဘယ်သူမှ မကျော်လွှားနိုင်ဘူးဆိုပြီး ယုံကြည်တယ်။ မင်းက ငါနဲ့ အကျိုးသင့်ကြောင်းသင့် ဆွေးနွေးဖို့ မရှိခဲ့ဘူး။ အဲ့ဒါကြောင့် ငါလည်း မင်းကို တိုက်ခိုက်ရလိမ့်မယ်။

မန်ဟို၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေပေါ်  ပျံတက်သွား၏။ သူက နီရဲနေသော မျက်လုံးကြီးများဖြင့် ထွက်ပြေးနေသော အဘိုးကြီးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူက သူတို့နောက် မလိုက်ပေ။ ထိုအစား သူ၏ မျက်လုံးများကို ပိတ်လိုက်၏။ သူ၏ ဒေါသ၊ သူ၏ သတ်ဖြတ်လိုစိတ်၊ သူ၏ ခိုင်မာပြတ်သားသော စိတ်ဆန္ဒအားလုံးတို့သည် ပြင်းပြသော လှုံ့ဆော်ချက်‌တစ်ခု ပြောင်းသွား၏။ ၎င်းသည် သူ၏ သိုလှောင်အိတ်အတွင်းတွင် ရှိနေသော ‌သွေးမျက်နှာဖုံးအတွင်းသို့ ရေလှိုင်းများသဖွယ် စီး၀င်သွားသော လှုံ့ဆော်ချက်တစ်ခု ဖြစ်၏။ ထိုလှုံ့ဆော်ချက်က အတွင်းသို့ ၀င်ရောက်သွားပြီး နှစ်ပေါင်းနှစ်ရာနီးပါး အိပ်ပျော်နေခဲ့သော သွေးခွေးကြီးကို ထိလိုက်သည်။

၎င်းမှာ အလွန်ကြာမြင့်စွာ အိပ်ပျော်နေခဲ့ပြီး ယခုတော့ နိုးထရန် အဆင်သင့်ဖြစ်နေလေပြီ။ ၎င်း နိုးထတော့မည့် အာရုံက ကောင်းကင်ပြစ်ဒဏ်မိုးကြိုးပြီးနောက်ပိုင်း  ပိုပို၍ အားကောင်းလာခဲ့သည်။ ထိုအချိန်တုန်းက သူသည် လှုံ့ဆော်ခြင်းမပါလျှင်ပင် သွေးခွေးကြီး လအနည်းငယ်အတွင်း နိုးထလာတော့မည်ဟု ခံစားနေရ၏။

" ငါ မင်းကို လိုအပ်တယ်။ ငါ့ရဲ့ သွေးခွေးကြီး

"  နိုးထလော့ ငါ့သွေးခွေးကြီး။ ငါတို့ အတူတူ ကောင်းကင်ရှာဖွေမျိုးနွယ်စုကို တိုက်ခိုက်ကြမယ်

" သွေးခွေးကြီး နိုးထလော့ "

ထိုအခိုက်အတန့်တွင် သိုလှောင်အိတ်အတွင်းရှိ သွေးမျက်နှာဖုံးမှာ တုန်ခါလာသည်။ သွေးခွေးကြီးသည် မန်ဟို၏ အမျက်ဒေါသကို အာရုံရနေ၏။ ‌သူ ကောင်းကင်ရှာဖွေမျိုးနွယ်စုကို မည်မျှ သတ်ဖြတ်ချင်နေသည်လဲ ၎င်း ခံစားနေရလေသည်။ မန်ဟို ၎င်းကို လိုအပ်နေကြောင်း သွေးခွေးကြီး ပြောနိုင်၏။

ထိုအခိုက်အတန့်တွင် သွေးခွေးကြီး၏ တစ်ကိုယ်လုံး တုန်ရီသွားသည်။ နှစ်ပေါင်းနှစ်ရာနီးပါး ပွင့်မလာခဲ့သော သူ၏ မျက်လုံးကြီးများက ရုတ်တရက် ဖျတ်ခနဲ ပွင့်လာ၏။

သွေးခွေးကြီး နိုးထလာခဲ့လေပြီ။

၎င်း၏မျက်လုံးများ ဖွင့်လာသည်နှင့်တစ်ပြိုင်နက် အကန့်အသတ်မဲ့သော သွေးရောင်အလင်းမှာ မန်ဟိုထံမှ ဖြာထွက်လာသည်။ ၎င်းသည် ကောင်းကင်တစ်ပြင်လုံး ပြည့်နှက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ထွက်ပြေးနေသော အနုသုခုမရုပ်ခန္ဓာနှစ်ခုမှာ သိပ်ဝေးဝေးလံလံ မပြေးနိုင်ခင် သွေးရောင်အလင်း၏ လွှမ်းခြုံခြင်း ခံလိုက်ရလေသည်။ စူးစူးဝါးဝါး အော်သံများနှင့်အတူ အနုသုခုမရုပ်ခန္ဓာများမှာ ဘာမှမကျန်တော့အောင် အရည်ပျော်ကျသွားတော့၏။

"အနာမခံ အသာမစံ" ဆိုသလို "အနာခံပြီး နိဋ္ဌိတံ" သွားနိုင်သည်။

***

All Chapters