တာအိုစောင့်ရှောက်သူ သွေးခွေးကြီး
Vol. 39 Ch. 538
အနုသုခုမရုပ်ခန္ဓာနှစ်ခု သေသွားသည့်အချိန်မှာပင် မီတာသောင်းပေါင်းများစွာသော ဧရိယာတစ်ခုလုံး ဖြာထွက်နေခဲ့သည့် အနီရောင်အလင်းသည် အနီရောင်မြူများအသွင်ပြောင်သွား၏။ မြူများမှာ တဖွေးဖွေးလှုပ်လာပြီး ကြောက်မက်ဖွယ်ရာ ပုံစံကြီးဖြင့် မြင့်တက်လာသည်။
၎င်း ပြောင်းလဲသွားသည်။ ၎င်းသည် ကျယ်ပြီး ပြားမနေတော့ဘဲ လုံးဝန်းလာသည်။ အဝေးမှကြည့်လျှင် ၎င်းကား...ဧရာမမျက်လုံးနီနီကြီးနှင့် တူ၏။
ထိုမျက်လုံးကြီးကို ကြည့်လိုက်သည့် မည်သူမဆို အတိုင်းထက်အလွန် တုန်လှုပ်ချောက်ချားပြီး တွေးတောနိုင်စွမ်းပင် ကင်းမဲ့သွားလောက်မည်။ မြင်ကွင်းကြီးက ဉီးနှောက်ထဲတွင် ထစ်ချုန်းမြည်ဟည်းသံများ ပြည့်နှက်သွားစေ၏။ လူတစ်ယောက်မှာ သွေးပင်လယ်၏အလယ်တည့်တည့်သို့ရောက်နေပြီး လွတ်အောင် ရုန်းထွက်မရသကဲ့သို့ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သက်ရှိအားလုံးမှာ သွေးရောင်ဖြစ်လာသည်။
မျက်လုံးကြီးသည် မယုံနိုင်လောက်အောင် အသက်ဝင်ပြီး ထူးဆန်းသော မိစ္ဆာအငွေ့အသက်များဖြင့် ပြည့်နှက်နေသယောင်ပင်။ အနီရောင်မြူများမှာ မျက်လုံးကြီး မျက်တောင်ခတ်နေသည့်အလား လှုပ်ရှားနေ၏။ အသည်းအူကျွမ်းပြန်အောင် ကြောက်စရာကောင်းလှသော ဧရာမမျက်လုံးအိမ်ကြီး၏ အလယ်တည့်တည့်တွင် ဝဲတစ်ခုပေါ်လာသည်။ ၎င်းသည် လျင်မြန်စွာ လည်လာရင်း တွင်းနက်ကြီးတစ်ခုဖြစ်လာ၏။
တွင်းနက်ကြီးမှာ မည်သည့်အရာကိုမဆို စုပ်ယူဝါးမြိုပစ်နိုင်သယောင်ပင်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာပြီး အလင်းရောင်အလုံးစုံလည်း စုပ်ယူခံနေရပုံပေါ်သည်။ ဤမြင်ကွင်းကြီးကို မြင်လိုက်ရသည့်မည်သူမဆို ချောက်ချားသွားမည်ဖြစ်၏။
ဝဲကြီး လည်နေသည်နှင့်အမျှ တွင်းနက်ကြီးမှာ ကြီးသထက်ကြီးလာသည်။ မီတာ ၃၀။ မီတာ ၁၅၀။ မီတာ ၃၀၀... မီတာ ၉၀၀။ အဆုံးသတ်တွင် ၎င်းသည် မီတာ သုံးထောင်ထက်မနည်း အပြင်သို့ကားထွက်လာ၏။
မီတာသုံးသောင်းအကျယ် မျက်လုံးနီကြီး။ သူငယ်အိမ်သဖွယ် မီတာသုံးထောင်အကျယ် တွင်းနက်ကြီး။ ရေဝဲကြီးကား သူငယ်အိမ်နှင့် မျက်လုံးအကြားက ဘောင်ပင်။
ဤအခြင်းအရာက အခြေစိုက်စခန်းထဲရှိ လူတိုင်းကို အံ့ဩမှင်သက်သွားစေ၏။ မြို့ခံကျင့်ကြံသူများမှာ ကိုယ့်မျက်စိကိုယ်မယုံနိုင်သော အမူအရာများဖြင့် ကြောက်ဒူးတုန်နေကြလေသည်။
"အဲ့ဒါ ဘာကြီးလဲ"
"ခဏလေးနဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတွေ အကုန်သေသွားပြီ။ ဒီလူမန်ဟိုက...သူ့မှာ ဘယ်ကျင့်ကြံအဆင့် ရှိနေတာလဲ"
"ဘယ်လိုကြောက်စရာ သတ္တဝါကြီးကို သူ ဆင့်ခေါ်နေတာလဲ"
ဇောချွေးများ ရှိရှိသမျှလူတိုင်း၏ နဖူးမှ စီးကျလာပြီး သူတို့၏အသက်ရှူသံများမှာ မြန်တစ်ချက် နှေးတစ်ချက်ဖြစ်လာတော့၏။ သေစေနိုင်သော အန္တရာယ်အာရုံကြီးက သူတို့၏စိတ်နှလုံးကို စိုးမိုးနေချေပြီ။ ဤအခိုက်အတန့်တွင် သူတို့မှာ မန်ဟိုကို ကြောက်သည်ထက်ပင် ပိုနေတော့၏။ သူတို့မှာ နိုးထမရသော အိပ်မက်ဆိုးကြီးအထဲတွင် ပိတ်မိနေသည့်အလား၊ သူတို့၏ဝိညာဉ်အပေါ်တွင် အမြဲစွဲထင်ကျန်တော့မည့်အလားပင်။
ပတ်ပတ်လည်ရှိ ခရမ်းပင်လယ်ကြီးမှာလည်း ဧရာမလှိုင်းလုံးကြီးများဖြင့် တဝုန်းဝုန်း ရိုက်ခတ်နေတော့သည်။ ဧရာမမျက်လုံးကြီးအိမ်အထဲရှိ တွင်းနက်ကြီးထံမှ ဟိန်းဟောက်သံတစ်သံအား ကြားလိုက်ရသည်။
အာာာဝူးးး
ဟိန်းဟောက်သံကြီးမှာ သားရဲကြီးတစ်ကောင်၏ ဟိန်းသံကြီးအလားပင်။ အရာအားလုံး ယိမ်းထိုးလှုပ်ရမ်းလာပြီး လေလှိုင်းများ ထလာသည်။ ဧရာမမျက်လုံးနီကြီးအတွင်းရှိ သူငယ်အိမ်မှာ ကျုံ့ပြီးနောက် လျင်မြန်စွာ ပြန့်ကားလာ၏။ အရာအားလုံး ပုံပျက်ရှုံ့တွလာပြီး အခြေစိုက်စခန်းထဲရှိ လူအုပ်ကြီးမှာ ရင်တဒိန်းဒိန်းခုန်နေသည်ကို ခံစားနေရတော့သည်။
၎င်းသည် ဟိန်းဟောက်သံတစ်သံသာ ဖြစ်သော်လည်း မိုးခြိန်းသံကြီးပမာ ကြောက်မက်ဖွယ် ကောင်းလှ၏။ ၎င်း အပြင်လောကသို့ ပဲ့တင်ရိုက်လာစဉ် အခြေစိုက်စခန်းအတွင်းရှိ လူတစ်ဝက်ကျော်၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နှင့် နားတို့မှ သွေးများ စီးကျလာကာ သတိလစ်မေ့မြောကုန်ကြသည်။
သူတို့မှာ သူတို့၏ စိတ်နှလုံးအတွင်း၌ တုန်ခါလှိုင်းများဖြင့် ပြည့်နှက်သွားစေနိုင်သော ကျင့်ကြံခြင်းအခြေခံစွမ်းအား ပါဝင်နေသည့် ဟိန်းဟောက်သံကြီးကို ခုခံနိုင်စွမ်းမရှိပေ။ အသံလေးတစ်သံတွင်ပင် လူပေါင်းများစွာအား သတိလစ်သွားစေနိုင်သော ဖိအားကြီး ပါရှိနေချေသည်။
အခြေစိုက်စခန်းမြို့အဖြစ် ဖွဲ့စည်းထားသော လေသင်္ဘောများနှင့် သစ်သားပြားများမှ အက်သံများ ထွက်လာသည်။ အဆောက်အအုံကြီးတစ်ခုလုံး နစ်မြုပ်လာ၏။ ခရမ်းပင်လယ်ကြီးမှာလည်း အနီရောင်မျက်လုံးကြီးမှ လာနေသော ဟိန်းဟောက်သံကို တုံပြန်သည့်အနေဖြင့် အုံကြွသောင်းကျန်းနေချေသည်။
သတိမလစ်သေးသော ကျန်ကျင့်ကြံသူအားလုံး၌ ထူးခြားပြောင်မြောက်သော ကျင့်ကြံခြင်းအခြေခံများရှိ၏။ သို့သော် သူတို့မှာ အစွမ်းကုန်တောင့်ခံနေရသဖြင့် မျက်နှာများမှာ ဖြူဆုပ်နေကြလေသည်။ သူတို့သည် အပေါ်ရှိ မြင်ကွင်းကြီးကို မော့ကြည့်ရင်း ကျင့်ကြံခြင်းအခြေခံများအား လှည့်ပတ်ကာ ဟောဟဲလှိုက်နေကြတော့သည်။
ဟိန်းဟောက်သံကြီးအား ကြားလိုက်ရသည့်အခိုက်အတန့်တွင် ဧရာမတိရိစ္ဆာန်လက်ဝါးကြီးတစ်ခု တွင်းနက်ကြီးထဲမှ ဆန့်ထွက်လာသည်။။ ၎င်းတွင် သင်တုန်းဓားကဲ့သို့ ချွန်မြနေသော လက်သည်းများ၊ လှပသော အမွှေးရှည်ရှည်များ ရှိ၏။ လက်ဝါးကြီးသည် ဆက်လက်ဆန့်ထွက်လာကာ ခြေတစ်ချောင်းလုံးကို ဖော်ပြလိုက်သည်။
အမွှေးရှည်ရှည်များက လျော့ရဲရဲကျဆင်းနေပြီး အရိုင်းဆန်သောအငွေ့အသက်တစ်ခုဖြင့် ပြည့်နှက်နေသည်။ လက်သည်းများမှာ လေထုကို စုတ်ဖြဲပစ်နိုင်သယောင်ပင်။ တွင်းနက်ကြီးထဲမှ နောက်ထပ် နားကွဲလုမတတ်ဟိန်းဟောက်သံကြီးအား ရုတ်တရက် ကြားလိုက်ရ၏။
ဒုတိယတိရစ္ဆာန်လက်ဖဝါးကြီး တွင်းနက်ကြီးထဲ၌ ပေါ်လာပြီ.... ထို့နောက် ဧရာမခေါင်းကြီးတစ်လုံး။ ဟိန်းဟောက်သံကြီးက အရာအားလုံးကို တသိမ့်သိမ့် တုန်ခါသွားစေသည်။
ခေါင်းကြီးမှာ... အဆမတန် ကြီးမား၏။
အနီရောင်အမွှေးများ၊ ကြောက်စရာအစွယ်ကြီးများနှင့် ပေါက်ကွဲထွက်လာသော အရိုင်းဆန်သည့်အရှိန်အဝါ။
ခေါင်းကြီးကား သိသိသာသာ ခွေးခေါင်းကြီး ဖြစ်ချေသည်။
၎င်းသည် တွင်းနက်ကြီးထဲမှ ထွက်လာရန် အစွမ်းကုန်ကြိုးစားနေသည့်အလား ရှေ့နောက် ယိမ်းထိုးခါရမ်းနေလေသည်။ ၎င်းကား ကောင်းကင်ဘုံကိုပင် တုန်ခါသွားစေနိုင်သော ဟိန်းဟောက်သံကြီးနှင့်အတူ တစ်ကောင်လုံး ထွက်လာခဲ့လေပြီ။
မြင်မြင်ရသမျှအားလုံးမှာ တွင်းနက်ကြီးအတွင်းမှ ထွက်လာသော အနီရောင်အလင်းတန်းကြီးသာ။ အနီရောင်မြူများ ထောင်းခနဲ ထသွားပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ ထိုသို့ ပျောက်ကွယ်သွားသောအခါ ခံ့ညားထည်ဝါစွာ မားမားမတ်မတ် ရပ်နေသော ဧရာမအနီရောင်ပုံရိပ်ကြီးအား မြင်ရနိုင်လေသည်။
၎င်းသည် အမွှေးဖားဖားများဖုံးလျက် လွန်စွာကြီးမား၏။ အရိုးဆူးချွန်များက ၎င်း၏ခန္ဓာကိုယ်တစ်လျှောက် ထိုးထွက်နေရာ ၎င်း၏ပုံပန်းသွင်ပြင်အား ပို၍ပင် ရက်စက်ကြမ်းကြုတ်နေစေတော့သည်။ ၎င်းအကြည့်သည် ချီလင်နဂါးကြီးတစ်ကောင်လို၊ သွေးခြင်္သေ့ကြီးတစ်ကောင်လို သွေးဆာနေမှုဖြင့် ပြည့်နေ၏။ ၎င်းထုတ်လွှတ်နေသော ရက်စက်ကြမ်းကြုတ်မှုအဆင့်မှာ ဖော်ပြဖို့ရန်ပင် ခက်ခဲလေသည်။
ဤအကောင်ကြီးကား.... သွေးခွေးကြီးပင်။
၎င်းပေါ်လာသည်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့်ညီမျှသော အရှိန်အဝါတစ်ခုက ၎င်း၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး နယ်မြေတစ်ခုကဲ့သို့သော ခံစားချက်မျိုးကိုပင် ထုတ်လွှတ်နေတော့သည်။ ဤနယ်မြေမှာ သွေးခွေးကြီး၏အပိုင်မဟုတ်ဘဲ သွေးဆက်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် သွေးအင်မိုတယ်မှ ၎င်းအပေါ် ခတ်နှိပ်ထားခဲ့သော သွေးအင်မိုတယ်အမွေအနှစ်ဖြစ်လေသည်။
ထိုကဲ့သို့ တံဆိပ်အမှတ်အသားမျိုးသည် သွေးဝိညာဉ်အာလုံးတွင် တည်ရှိ၏။ သို့သော်လည်း ၎င်းသည် ထူးခြားစွာ ပေါင်းစည်းခဲ့သောကြောင့် ထိုနယ်မြေကို အပြည့်အဝ ဖော်ဆောင်နိုင်လေသည်။ ယင်းက သွေးခွေးကြီး နှစ်နှစ်ရာနီးပါး အိပ်ပျော်နေခဲ့သော အကြောင်းရင်းလည်းဖြစ်သည်။ သို့သော် ယခုတော့ ၎င်း နိုးထလာခဲ့လေပြီ။
သွေးခွေးကြီးသည် ခေါင်းနောက်လှန်ပြီး ဟောင်လိုက်၏။ အသံကြီးက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။ ကောင်းကင်သည် မှောင်မိုက်သွားပြီး အရာအားလုံး လှုပ်ရမ်းလာ၏။ ခရမ်းပင်လယ်ကြီး တဖွေးဖွေးလှုပ်လာသည်။ သတိမလစ်သေးသော ကျင့်ကြံသူအလုံးစုံ မေ့မြောသွားကြလေပြီ။
မန်ဟိုက သွေးခွေးကြီးနှင့် ၎င်း၏ဧရာမကိုယ်လုံးကြီး၊ ရက်စက်ကြမ်းကြုတ်သော ပုံပန်းသွင်ပြင်နှင့် အစွမ်းထက်ကျင့်ကြံခြင်းအခြေခံကို ကြည့်လိုက်သည်။ သို့သော်လည်း သွေးခွေးကြီး မည်မျှရက်စက်ပြီး ကြုမ်းကြုတ်နေစေကာမူ မန်ဟို့အတွက်တော့ ထိုနှစ်တုန်းက သူ့ဘေးတွင် တကောက်ကောက်ပြေးလိုက်နေခဲ့သော အမွှေးဖွားဖွားခွေးပေါက်လေးသာ ဖြစ်သည်။
၎င်းသည် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတုန်းက သူ့နှင့်အတူ တိုက်ခိုက်ခဲ့ပြီး သူ့ကို မထားရစ်ခဲ့သော မိတ်ဆွေတစ်ဦးဖြစ်၏။
၎င်းသည် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတုန်းက အထီးကျန်တောင်ထိပ်ပေါ်တွင် သူ့အား စောင့်ရှောက်ပေးခဲ့သော သွေးခွေးကြီးဖြစ်၏။ မည်မျှပင်ပန်းသည်ဖြစ်စေ၊ မည်မျှဒဏ်ရာရသည်ဖြစ်စေ၊ သေခါနီးတောင်မှ ၎င်းသည် သူ့အား ပစ်မထားခဲ့ပေ။ ၎င်းက အသက်နှင့်လဲပြီး မန်ဟိုကို ကာကွယ်ခဲ့သည်။ ပင်ပန်းလွန်း၍ သေအံ့ဆဲဆဲအခိုက်အတန့်တွင် ၎င်းလိုချင်ခဲ့သည်မှာ မန်ဟိုလက်မြှောက်ပြီး ၎င်းခေါင်းလေးအား ပွတ်သပ်ပေးခြင်းကိုသာ ဖြစ်၏။
မန်ဟို ထိုအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့နိုင်ပေ။ သူ့မှာ သွေးခွေးကြီး တစ်ကိုယ်လုံး စုတ်ပြတ်သပ်ပြီး သူ့ဆီ တွားသွားလာကာ သူ့လက်ကို လျက်ဖို့လေးအတွက် ရှိရှိသမျှ အားအင်အကုန်ထုတ်ခဲ့သည်ကို ကြည့်နေခဲ့ရ၏။
ထို့နောက် လီမျိုးနွယ်ခေါင်းဆောင်ကြီး သူ့ကို တံခါးအပြင်သို့ လွင့်ထွက်သွားအောင် လုပ်ခဲ့တုန်းက ၎င်း သူ့ကို မည်သို့ကယ်ခဲ့သည်လဲ တွေးလိုက်မိသည်။ မရေမတွက်နိုင်သောလက်များ ထိုးထွက်လာပြီး ၎င်းကို ရွှံ့နွံတောအထဲသို့ ဆွဲချခဲ့သည်။ ၎င်းမှာ ပျောက်ကွယ်ခါနီးဆဲဆဲ၌ လျှာကလေးထုတ်ပြီး သခင့်ကို နောက်ဆုံးအကြိမ် လျက်ရန် ကြိုးစားခဲ့လေသည်။
မန်ဟို သည်အရာများကို .... မည်သို့ မေ့နိုင်မည်နည်း။
"သွေးခွေးကြီး" သူက ကြောက်စရာကောင်းသော ဧရာမသွေးခွေးကြီးကို ကြည့်ရင်း နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ ထိတ်လန့်ဖွယ် အချွန်ကြီးများနှင့် ၎င်းထုတ်လွှတ်နေသော အံ့မခန်းလိလိအရှိန်အဝါကို သူမြင်နေရလေသည်။
သူ့အသံက တိုးညှင်းသော်လည်း ၎င်း သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သွေးခွေးကြီး ဆတ်ခနဲ တုန်သွား၏။ ၎င်းက ခေါင်းလှည့်ပြီး မန်ဟို့ကို ကြောင်တောင်တောင်လေး ကြည့်သည်။ ထို့နောက် ၎င်း၏အမူအရာမှာ သိမ်မွေ့သွားပြီး ပျော်ရွင်မှုတို့ပင် ပေါ်ပေါက်လာ၏။ ၎င်းက ခေါင်းငုံ့ပြီး မန်ဟို့အား ၎င်း၏နှာခေါင်းကို ပွတ်သပ်စေသည်။ ၎င်းသည် လျှာကြီးကို ဂရုတစိုက် ထုတ်ပြီး မန်ဟို့လက်ကို လျက်လိုက်၏။
မန်ဟို ၎င်း၏နှာခေါင်းအား ပွတ်သပ်ပေးနေစဉ် ၎င်းမှာ ပေါက်စလေးတုန်းကအတိုင်း ပျော်ရွှင်နေသောအသံလေးပြုလိုက်၏။
မန်ဟိုက သွေးခွေးကြီးကို နူးညံ့ညင်သာစွာ ပွတ်သပ်ပေးရင်း ပြုံးလိုက်၏။ သူသည် ပြန်လည်မွေးဖွားခြင်းဂူအပြင်မှာတုန်းက သွေးခွေးကြီး အိပ်ပျော်နေခဲ့သော်လည်း ခြေဖဝါးတစ်ဖက် ထုတ်ရန် အစွမ်းကုန်ကြိုးစားပေးခဲ့သည်ကို တွေးလိုက်မိသည်။
"ကောင်လေး ... မတွေ့တာ နှစ်တစ်ရာကျော်ကြာပြီ...." သူက နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။ "အဲ့ဒီ ဦးနှောက်မရှိတဲ့ ကောင်းကင်ရှာဖွေမျိုးနွယ်စုကို သွားရှင်းပစ်ကြစို့" သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် ရုတ်တရက် တပွက်ပွက်ဆူလာ၏။ တစ်ချိန်တည်းမှာပင် သွေးခွေးကြီး၏ အသတ်အဖြတ်စိတ်ဆန္ဒသည်လည်း ကောင်းကင်ယံအထိ ရိုက်ခတ်သွားတော့သည်။ ၎င်းက မိုးထစ်ချုန်းသံကဲ့သို့ အသံကြီးဖြင့် ဟိန်းဟောက်လိုက်၏။ မန်ဟိုက လေပေါ်ခုန်ပြီး သွေးခွေးကြီး၏ ခေါင်းပေါ် ပျံတက်လိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမလှိုင်းလုံးကြီးတစ်လုံး မြောက်တက်လာစေပြီး ရွှေကျီးကန်းမျိုးနွယ်ဝင်များနှင့် ကျန်အလောင်းများကို ပွေ့သယ်လိုက်သည်။
မန်ဟို၏ထိန်းချုပ်မှုအောက်တွင် ခရမ်းပင်လယ်ကြီး၏ သုတ်သင်ခြင်းစွမ်းအားမှာ ရွှေကျီးကန်းမျိုးနွယ်ဝင်များ အန္တရာယ်မဖြစ်အောင် ကန့်သတ်ခံထားရလေသည် ။
မန်ဟိုက ဝူလင်းနှင့်အခြားသူများကို ကြည့်လိုက်သည်။ "ငါတို့ အတူသွားကြမယ်။ ဒါက သွေးနဲ့ပဲ ပြန်ပေးဆပ်ခိုင်းရမယ့်...သွေးကြွေးပဲ"
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သွေးခွေးကြီးက ထပ်ဟောင်လိုက်ပြီးနောက် မန်ဟို့ကို သယ်ဆောင်ရင်း ကောင်းကင်သို့ ပျံတက်သွားသည်။ ဝူလင်းနှင့် အရင်လူများမှာ အတိတ်ကနေ့ရက်များအတိုင်း သွေးဆူလာသည်ကို ခံစားလိုက်ရ၏။ သူတို့သည် ကျန်မျိုးနွယ်ဝင်များနှင့်အတူ လှိုင်းအတွင်းမှ လိုက်ပါကြတော့သည်။
သူတို့က အနက်ရောင်နယ်မြေဆီ ထွက်မသွား၊ ထိုအစား အနီးဆုံး အမှတ် (၉) အခြေစိုက်စခန်းဆီ သွားလိုက်ကြသည်။
ခေါင်းဆောင်ကြီးဟုရန်၏အမိန့်အောက်တွင် ကောင်းကင်ရှာဖွေမျိုးနွယ်စုသည် မန်ဟို မနေနိုင်ဘဲ ထွက်လာအောင် ရွှေကျီးကန်းမျိုးနွယ်စုနှင့် စစ်ပွဲဆင်နွှဲခဲ့သည်။ ရလဒ်အနေဖြင့် အတော်များများ ပေးဆပ်ခဲ့ရသော်လည်း ပထမဆုံးတိုက်ပွဲတွင် သူတို့သည် သုံ့ပန်းငါးရာ ဖမ်းဆီးနိုင်ခဲ့၏။ ထိုအဖမ်းဆီးခံသုံ့ပန်းများမှာ နည်းလမ်းမျိုးစုံဖြင့် တရစပ် ညှင်းပန်းခံခဲ့ရသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများ ဖျက်စီးခဲ့ရပြီး အနောက်ပိုင်းသဲကန္တာရပင်လယ်ကြီးရှိ အခြေစိုက်စခန်းဆယ်ခုတွင် ချိတ်ဆွဲခံရရန် ပေးပို့ခံခဲ့ရလေသည်။
သူတို့မှာ လဟာပြင်တွင် တွဲလောင်းချခံထားရသည်။ ရည်ရွယ်ချက်မှာ.... မန်ဟိုမြင်သွားအောင်ပင်။ ခေါင်းဆောင်ကြီးဟုရန်၏တွက်ချက်မှုအရ မန်ဟို မြင်သည်နှင့် မတတ်သာဘဲ ထွက်လာရလိမ့်မည်ဖြစ်သည်။
သူထွက်မလာလျှင် သူ၏အရုပ်များ ဆိုးဆိုးဝါးဝါး အားနည်းသွားပြီး ကိုးကွယ်စွမ်းအား လျော့ကျသွားလိမ့်မည်။ တကယ်တော့ မန်ဟိုမှ ထိုအစွမ်းအား မလိုအပ်သည့်အဆင့်အထိ ရောက်နေခဲ့လေပြီ။ သူသည် သူ၏အနုသုခုမရုပ်ခန္ဓာကို အောင်အောင်မြင်မြင် ဖန်တီးပြီးပြီဖြစ်၏။ သို့ဖြစ်၍ သူကား ကိုးကွယ်ရာဘိုးဘေးကြီးတစ်ဦး ဟုတ်လည်း ဟုတ်သလို... ဟုတ်လည်းမဟုတ်ပေ။
မည်သို့ဆိုစေ ခေါင်းဆောင်ကြီးဟုရန်မှာ အတွက်အချက်မှားသွားခဲ့သည်။ မန်ဟို သေချာပေါက် ပေါ်လာခဲ့သည်။
သို့သော် အကြောင်းရင်းမှာ ခံစားချက်ကြောင့်၊ ရွှေကျီးကန်းမျိုးနွယ်စုကြောင့် ဖြစ်၏။
"ငါတို့ရဲ့ သတ်ပွဲကြီးကို ... ခရမ်းပင်လယ်ထဲက အခြေစိုက်စခန်းဆယ်ခုနဲ့ စမယ်"
သွေးခွေးကြီးက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၏ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တဟုန်ထိုး ထွက်သွားရင်း ဟိန်းဟောက်လိုက်သည်။ မန်ဟိုက ၎င်း၏ခေါင်းပေါ်တွင် ရပ်နေကာ လေကြောင့် သူ၏ဝတ်ရုံမှာ တဖတ်ဖတ်လွင့်လျက်ရှိ၏။ သူ၏မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပိုပို၍ ပြင်းထန်လာပြီး သူ၏ ကောင်းကင်ရှာဖွေမျိုးနွယ်စုကို အမြစ်ဖြတ်သုတ်သင်ပစ်မည့် ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာလာသည်။
ဝုန်း
မကြာမီ အမှတ် (၂) အခြေစိုက်စခန်းအား လှမ်းမြင်လိုက်ရ၏။ ကျီးနတ်မင်းမျိုးနွယ်စု၏ လူဟောင်းများနှင့် တိုင်ပင်ပြီးနောက် ဤ အမှတ် (၁၀) အခြေစိုက်စခန်းမှာ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့အပိုင်ဖြစ်သော်လည်း ကောင်းကင်ရှာဖွေမျိုးနွယ်စုကသာ အများဆုံးထိန်းချုပ်ကြောင်း သူ သိလိုက်ပြီဖြစ်သည်။
အမှတ် (၂) ၊ အမှတ် (၅) နှင့် အမှတ် (၉) အခြေစိုက်စခန်းအားလုံးလည်း ထိုနည်းတူပင်။ မန်ဟို ဖျက်စီးခဲ့သော အမှတ် (၇)အခြေစိုက်စခန်းအတွက်မူ သူ့ကို သတ်ဖို့ ကြိးစားခဲ့သော အဘိုးကြီးနှစ်ယောက်ကိုသာ အပြစ်တင်ရမည်။
"မင်းတို့ ဘယ်မျိုးနွယ်စုကဖြစ်ဖြစ် ငါ သောက်ဂရုမစိုက်ဘူး" မန်ဟို၏မျက်လုံးများက သွေးအေးသွားသည်။ "ငါ့ ရွှေကျီးကန်းမျိုးနွယ်ကို လာရှုပ်ရဲတဲ့ကောင်မှန်သမျှ.... သေရမယ်"
မန်ဟို အမိန့်ပေးစရာပင် မလို။ သွေးခွေးကြီး၏မျက်လုံးများမှာ အမှတ် (၂) အခြေစိုက်စခန်းအနားရောက်သည်နှင့် သွေးအလင်းရောင် တောက်ပသွားသည်။
အာဝူးးးးးးး
ဟိန်းဟောက်သံကြီးက မမြင်နိုင်သောစွမ်းအားတစ်ရပ်အား ဖြာထွက်သွားစေသည့် အသံလှိုင်းကြီးတစ်ခု ဖန်တီးလိုက်သည်။ ၎င်းသည် အမှတ်(၂) အခြေစိုက်စခန်းကို ဝင်တိုက်လိုက်သဖြင့် မန္တန်အစီအရင် အသက်ဝင်သွားလေသည်။ သို့သော် ၎င်းမှာ အသက်တစ်ရှိုက်သာ ခံလိုက်ပြီး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားတော့သည်။
တစ်ချိန်တည်းမှာပင် အခြေစိုက်စခန်းအတွင်းမှ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ကျင့်ကြံသူများ ထိတ်ထိတ်ပျာပျာ ပျံထွက်လာကြသည်။ သူတို့ တုံ့ပင် မတုံ့ပြန်နိုင်ခင် လေပြင်းကြီးတစ်ချက်က သူတို့ကို ခပ်ကြမ်းကြမ်း ဆောင့်တိုက်သွား၏။ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီတိုင်း အပိုင်းပိုင်းပြတ်ကာ ခန္ဓာရော ဝိညာဉ်ပါ သေဆုံးကုန်ကြလေသည်။
ဆောက်တည်ရာမဲ့စွာဖြင့် သွေးရူးသွေးတန်း အော်လိုက်သံကြီး အခြေစိုက်စခန်းအတွင်းမှ ထွက်လာသည်။ ၎င်းသည် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်၏ အထွပ်အထိပ်ရှိ ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့ပတ်ပတ်လည်တွင် သွေးညှီနံများ ပျံ့လွင့်နေလေသည်။ မျက်စိရှေ့မှောက်တွင် လူတစ်ပြုံကြီး သတ်ဖြတ်ခံလိုက်ရခြင်းမှာ အိပ်မက်ဆိုးကြီးတစ်ခုအလားပင်။
တစ်ခါလေး ဟိန်းဟောက်လိုက်ရုံနှင့် ဤသို့ဖြစ်သွားစေသည်မှာ... သူ ရင်ဆိုင်နေရသူက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်ကြောင်း သေချာသွားစေသည်။
"လူကြီးမင်းက ဘယ်သူပါလဲ။ ကျွန်တော်တို့က ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ရဲ့ ကောင်းကင်ရှာဖွေမျိုးနွယ်စုက ကျင့်ကြံသူတွေပါ"
"ငါက ရွှေကျီးကန်းမျိုးနွယ်စုရဲ့ အရုပ်ဘိုးဘေးကြီး မန်ဟို။ ငါ့လူတွေကို ကယ်ပြီး ကောင်းကင်ရှာဖွေမျိုးနွယ်စုကို တစ်ယောက်မကျန် သုတ်သင်ပစ်ဖို့ ဒီကို လာတာပဲ"
***