← Chapters

အခြေစိုက်စခန်းများကို ဖျက်စီးခြင်း

Vol. 39 Ch. 539

အခြေစိုက်စခန်းများကို ဖျက်စီးခြင်း

Vol. 39 Ch. 539

မန်ဟို၏အသံသည် ‌ဆောင်လေအေးပမာ အဘက်ဘက်သို့ တွန်းထိုးတိုက်ခတ်သွား၏။ သူက ညာလက်ခလယ်ကို ညွှန်လိုက်ကာ ‌ခရမ်းရောင်ချီများကို အ‌ရှေ့တွင် စုဝေးသွားစေပြီး ဓားသွားကြီးအား ဖော်ဆောင်လိုက်သည်။ ၎င်းသည် ယခုလေးတင် စကားပြောခဲ့သော အနုသုခုမရုပ်ခန္ဓာ‌ နှောင်းပိုင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေပြီ။

မန်ဟို၏ ‌ပဲ့ထပ်နေသော အေးတိအေးစက်စကားလုံးများကို ကြားသော် ကျင့်ကြံသူ၏မျက်နှာ ပျက်ယွင်းသွားသည်။ သူ့မှာ ထူပူသွားပြီး လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်များဖော်ရင်း ‌အလန့်တကြား နောက်ဆုတ်လိုက်၏။ မှော်ပစ္စည်းများအမြောက်အမြား ပေါ်ထွက်လာပြီး သူ့ကို လွှမ်းခြုံသွားလေသည်။

သို့ရာတွင် သူ၏အကာအကွယ်အားလုံးမှာ မန်ဟို၏ခရမ်းရောင်ချီခေါင်းဖြတ်စက်နှင့် ‌ဆုံတွေ့သောအခါ ၎င်း၏ တိုက်ကွက်လေးတစ်ကွက်လေးကိုတောင် မခံနိုင်လောက်အောင် အားနည်းလွန်းကြောင်း ပေါ်လွင်သွားသည်။ တစ်ခုပြီးတစ်ခု ခွမ်းခနဲ ခွမ်းခနဲ ကွဲကြေကုန်၏။ ခရမ်းရောင်ချီခေါင်းဖြတ်စက်ကား ကျင့်ကြံသူ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်ချလိုက်လေပြီ။

‌သွေး‌တို့ လွင့်စင်ထွက်သွားသည်။ ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များမှာ ကတုန်ကယင်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ ထိုသူ၏ခန္ဓာကိုယ် နှစ်ပိုင်းတိတိပြတ်ထွက်သွားသည်ကို မြင်လိုက်ရ၏။ သူ၏အနုသုခုမရုပ်ခန္ဓာပင်လျှင် ဖျက်စီးခံလိုက်ရသည်။

နှစ်ပိုင်းပြတ်အလောင်းကြီးသည် ခရမ်းပင်လယ်ကြီးတွင်းသို့ ပြုတ်ကျသွားပြီး သွေးခွေးကြီးက ထပ်မံဟိန်းဟောက်လိုက်သည်။ အ‌ခြေစိုက်စခန်းရှိ ကောင်းကင်ရှာဖွေမျိုးနွယ် မြို့စောင့်များ၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများစီးကျလာ၏။ တစ်ယောက်ပြီးတစ်ယောက် ကျင့်ကြံခြင်းအ‌ခြေခံအဆင့် မည်သို့ပင်ရှိစေကာမူ ‌လဲကျသေဆုံးကုန်ကြလေသည်။

မြို့ထဲရှိ တခြားကျင့်ကြံသူများကိုမူ မန်ဟိုက မသတ်ပေ။

သူသည် သွေးခွေးကြီးအပေါ်မှ ဆင်းကာ တွဲလောင်းဆွဲခံထားရသော ရွှေကျီးကန်းမျိုးနွယ်ဝင်ငါးဆယ်၏ အရှေ့တွင် ရပ်လိုက်သည်။

နှစ်ဆယ်ကျော်မှာ သေဆုံးနေကြလေပြီ။ ကျန်ရှိသူများက မှိုင်းညို့နေသော မျက်ဝန်းများကို ဖွင့်လိုက်ကြသည်။ အရှေ့တွင် မန်ဟိုကို မြင်သောအခါ သူတို့အားလုံး အသက်ရှူမြန်သွားကြ၏။

အဖွဲ့ကြားထဲတွင် ခန္ဓာကိုယ်များ တုန်ရီလာကြသော အဘိုးအိုနှစ်ဦးရှိသည်။ သူတို့၏မျက်လုံးများတွင် နက်ရှိုင်းလှသောခံစားချက်များဖြင့် ပြည့်နှက်နေချေသည်။

"ဘိုးဘေးကြီး..."

"ဘိုးဘေးကြီးလား...."

ဤအဘိုးအိုနှစ်ယောက်သည် ‌ပြောင်းရွှေ့ကာလအတောအတွင်းတုန်းက မန်ဟိုကို အဖော်ပြုကာ ကျီးနတ်မင်းမျိုးနွယ်စစ်ပွဲတွင် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ဖူး၏။ သူတို့မှာ ကိုယ့်မျက်စိကိုယ် မယုံရဲသေး။ မသေခင် ဘိုးဘေးကြီးကို နောက်တစ်ခေါက် ထပ်‌တွေ့ရလိမ့်မည်ဟု ဘယ်တော့‌မှ စိတ်မကူးခဲ့ဖူး၍ပေ။

မန်ဟိုက သူတို့ကို ပြန်ကြည့်ပြီး မျက်နှာအမူအရာ နူးညံ့နွေးထွေးသွားသည်။ "ငါပဲ... ငါပြန်လာပြီ"

သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လေ‌ညင်းတစ်ချက်က ‌‌ရွှေကျီးကန်းမျိုးနွယ်ဝင်များကို သယ်ဆောင်ပြီး မြေပြင်သို့ အသာအယာချပေးလိုက်သည်။ လေသည် သူတို့ကို အားပြည့်သွားစေသော အသက်စွမ်းအားကိုပါ ဆောင်ယူလာခဲ့၏။ လှိုင်းလုံးကြီးနှင့်အတူ လိုက်ပါစီးနင်းလာသည့် ဝူလင်းနှင့်အခြားသူများက ကပျာကယာ ပြေးလာကြသည်။

ရွှေကျီးကန်းမျိုးနွယ်ဝင်များမှ စိတ်လှုပ်တရှား ‌ကြွေးကြော်သံများ ‌ကြားလိုက်ရသည်။ ဤလူ‌အတော်များများမှာ မန်ဟို၏ရုပ်တုမှလွဲ၍ သူ့ကို ကိုယ်တိုင်မမြင်ဖူး‌ခဲ့ပေ။ သို့သော် သူ၏စကားလုံးများကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် စကားလုံးများဖြင့် ဖော်ပြရခက်သော ခံစားချက်များက ရှိရှိသမျှလူတိုင်း၏ နှလုံးသားကို စိုးမိုးသွား၏။ "ဘိုးဘေးကြီး.... ကျွန်တော်/ကျွန်မတို့ လေးစားစွာ ဂါဝရပြုကြောင်းပါ"

အရင်လူများမှာတော့ အတိတ်တုန်းက အခက်အခဲများကို ပြန်ပြောင်းတွေးတောမိသွား၏။

မန်ဟိုလည်း ထိုနည်းတူတွေးရင်း သူတို့ကို ကြည့်နေသည်။ သို့သော် အသက်မရှိတော့သော မျိုးနွယ်ဝင်များ၏ အလောင်းတို့က သူ၏နှလုံးသားကို ဓားချွန်ချွန်နှင့် ထိုးနေသကဲ့သို့ စူးဆောင့်သွားစေသည်။ သူ၏ ကောင်းကင်ရှာ‌ဖွေမျိုးနွယ်စုဒေါသမှာ ပို၍သာ ပြင်းထန်လာတော့၏။

"ငါ မင်းတို့ကို ငါ့နဲ့အတူခေါ်သွားပြီး .... သွေးကြွေးချေဖို့ ပြန်လာပြီ" သူသည် လှည့်ပြီး လေပေါ်ပျံတက်လိုက်၏။ ခရမ်းပင်လယ်ကြီးက အော်ပြီး မျိုးနွယ်ဝင်များကို ပွေ့ယူလိုက်သည်။ ထို့နောက် အတူတကွ ရှေ့ဆက်သွားကြတော့သည်။

တခဏကြာသော်.....

သွေးခွေးကြီးကား အမှတ် (၁) အခြေစိုက်စခန်းထံသို့ ဟိန်းဟောက်ပြေးဝင်သွား၏။ ဧရာမလက်ဝါးကြီးက မြောက်တက်လာပြီး မန္တန်အစီအရင်ကို တိုက်ခိုက်လိုက်သည်။ ၎င်းမှာ စိစိညက်ကြေသွားတော့သည်။ ၎င်းကို အသက်သွင်းပေးနေသော ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ဝင်များအားလုံး ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ပျက်စီးခြင်းသို့ ဆိုက်ရောက်လေ၏။

မန်ဟို ပေါ်လာသည်နှင့်တစ်ပြိုင်နက် အစုလုံအပြုံလိုက် သတ်ပွဲကြီး စ‌တင်တော့သည်။ အမြုတေဖြစ်တည်မှု၊ အနုသုခုမရုပ်ခန္ဓာ၊ မည်သည့်ကျင့်ကြံခြင်းအခြေခံနှင့်ဖြစ်စေ.. ‌အခြေစိုက်စခန်းဆယ်ခုရှိ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ဝင် တစ်ကောက်မကျန်.... မန်ဟို၏သုတ်သင်ကွပ်မျက်ခြင်း ခံလိုက်တော့သည်။

အမှတ်(၁) အခြေစိုက်စခန်း၏ တာဝန်ရှိမျိုးနွယ်စုမှာ အရိုင်းမီးတောက်မျိုးနွယ်စု ဖြစ်သည်။ သူတို့အားလုံးသည် ပါးစပ်အဟောင်းသားနှင့်သာ ကြည့်နေကြတော့၏။ အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံများဖြင့် အဘိုးကြီးနှစ်ယောက်က မန်ဟိုကို သတိထားမိသွားပြီး သူ၏ ကောင်းကင်ရှာဖွေမျိုးနွယ်စုအပေါ် မုန်းတီးမှုနှင့် သုတ်သင်ပစ်လိုစိတ်ကို သိလိုက်ကြသည်။ သူတို့မှာ တစ်ချက်လေးပင် မတုံ့ဆိုင်းဘဲ ‌တစ်ချိုးဝာည်း လှည့်ပြေးလိုက်ကြတော့သည်။

သို့သော် သူတို့ ဝေးဝေးမသွားနိုင်မီ ခရမ်းပင်လယ်အတွင်းမှ ရုတ်တရက် ဧရာမလက်ကြီးနှစ်ဖက် ထိုးတက်လာသည်။ သူတို့မှာ လှမ်းဆွဲခံလိုက်ပြီး ရက်ရက်စက်စက် ကြိတ်ခွဲခံလိုက်ရသည်။ သွေးပျက်မတတ်အော်သံများ ထွက်လာသော်လည်း ခဏအတွင်း ပြတ်တောက်သွား၏။

သွေးတို့က အခြေစိုက်စခန်း၏ သစ်သားပြားများတစ်လျှောက် ‌ပြေးလွှားပြီး ခရမ်းပင်လယ်ကြီးအတွင်းသို့ စီးကျလေသည်။

မန်ဟိုသည် ရွှေကျီးကန်းမျိုးနွယ်ဝင်များကို ကယ်တင်ပြီးနောက် အကုန်လုံးကို အမှတ်(၃) အခြေစိုက်စခန်းသို့ ခေါ်ဆောင်သွား၏။ ထို့နောက် အမှတ်(၄) နှင့် (၅).....

သူသွားသည့်နေရာတိုင်း အလောင်းတို့ ပုံကျန်ခဲ့သည်။ သို့သော် ....ဘယ်လောက်သတ်ရသတ်ရ မန်ဟိုမှာ ဒေါသမပြေနိုင်၊ ပို၍ပင် ထိန်းသိမ်းမရအောင် ဖြစ်လာသေးသည်။

အဘယ်ကြောင့်‌ဆိုသော် သူ ရောက်လာသော အခြေစိုက်စခန်းတိုင်းတွင် ရွှေကျီးကန်းမျိုးနွယ်ဝင်များ၏ အလောင်းတွေ ပိုပိုများလာကာ၊ အသက်ရှင်သန်သူ နည်းပါးလာခြင်းကြောင့်ပင်။ အမှတ်(၈) အခြေစိုက်စခန်းတွင်ဆိုလျှင် လူငါးဆယ်လုံး အသက်မရှိ‌တော့ပေ။ အလောင်းများမှာ ပုပ်ပင်ပုပ်နေကြချေပြီ။

ထိုမြင်ကွင်းက မန်ဟို့ကို တုန်ရီလာစေသည်။ သူ့မှာ တစ်ကိုယ်လုံး မီးပုံထဲ ရောက်နေသလို ခံစားနေရ၏။ သေဆုံးသွားသော မျိုးနွယ်ဝင်များအကြားတွင် သူ မှတ်မိသူများရှိလေသည်။ သူတို့မှာ မျက်လုံးပွင့်လျက် သေဆုံးနေကြပြီး ထိုမျက်လုံးများအထဲ၌ မကျေမချမ်းနိုင်သော မုန်းတီးမှုတို့နှင့် ကလဲ့စားချေလိုစိတ်ကို တွေ့မြင်နိုင်သည်။

သူတို့ကား မျက်လုံးပိတ်မည်မဟုတ်သလို၊ မန်ဟိုကလည်း ပိတ်အောင် လုပ်မည်မဟုတ်။ ဤသေဆုံးသွားသော ရွှေကျီးကန်းမျိုးနွယ်ဝင်များအား ကောင်းကင်ရှာဖွေမျိုးနွယ်စု သုတ်သင်ခံရသည်ကို သူကြည့်ခိုင်းမည်။

ထိုမှသာလျှင်....သူတို့အနေဖြင့် မျက်စိမှိတ်ကာ အေးအေးချမ်းချမ်း အနားယူနိုင်လိမ့်မည်။

မန်ဟိုက အင်္ကျီလက်စကို ခါလိုက်ပြီးနောက် အမှတ် (၉) အခြေစိုက်စခန်းသို့ ဦးတည်ထွက်သွား၏။

ယခုတွင် ရင်အနည်းငယ်ကြာဖြစ်ရာ သူရောက်လာခြင်းကို တချို့တချို့သောလူများ သတိထားမိမှာ သေချာသည်။ မန်ဟို့အထင်မှန်လျှင် ဟုရန်ယွင်မင်း မကြာမီ ရောက်လာပေတော့မည်။

ယင်းက မန်ဟို စောင့်နေသောအရာပင်။ ဟုရန်ယွင်မင်းသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်သော်လည်း...... သောက်ဂရုစိုက်စရာလော။

သွေးခွေးကြီးလည်း ရှိနေပြီ မန်ဟိုကိုယ်တိုင်က ခရမ်းပင်လယ်ကြီး၏အရှင်သခင်ဖြစ်လေရာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် တိုက်ခိုက်နိုင်ချေသည်။ မတိုက်ဘဲ သူမနေနိုင်။ မတိုက်ခိုက်လျှင် သူ့စိတ်အေးမည်မဟုတ်။ ထို့ကြောင့် တိုက်ခိုက်မှဖြစ်မည်။

မင်းက ငါ့ကို ဒီကိစ္စထဲ ဆွဲသွင်းချင်တယ်မလား။ အေး ... တိုက်ပွဲကို ရှောင်လွှဲမရမှတော့ ငါ ရှင်းပြနေလည်း သောက်ပိုပဲ။ မင်းဖြစ်ချင်တဲ့အတိုင်း ....တိုက်ခိုက်ကြတာပေါ့

ဟုရန်ယွင်မင်း ၊ ငါ မင်းကို ခရမ်းပင်လယ်မှာ စောင့်နေတယ်

မန်ဟိုအတွက် ခရမ်းပင်လယ်ကြီးသည် တိုက်ခိုက်ဖို့ တစ်ပန်းအသာဆုံး နေရာဖြစ်၏။ ထိုအကြောင်းကြောင့် အခြေစိုက်စခန်းများရှိ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ဝင်များကို သုတ်သင်ပစ်ခဲ့ခြင်းပင်။ သူသည် တိုက်ပွဲကို အနက်ရောင်နယ်မြေအစား ခရမ်းပင်လယ်မှာ ဆင်နွဲချင်၏။

"မင်းက ငါ့ကို တိုက်ခိုက်ရအောင် ဖိအားပေးတယ် ဟုရန်ယွင်မင်း။ ငါလည်း မင်းကို ငါ့ရဲ့ပိုင်နက်မှာ လာတိုက်ခိုက်ရအောင် ဖိအားပေးမယ်" အမျက်ဒေါသတို့က ကောင်းကင်ဘုံကို ပြာချပစ်နိုင်လောက်အောင် တောက်လောင်နေသည့်တိုင် မန်ဟိုသည် ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးလျက်ရှိ၏။ သူ၏လက်ရှိအပြုအမူများက ခေါင်းဆောင်ကြီးဟုရန် နားသို့ လျင်မြန်စွာ ရောက်ပြီး ထိုလူကိုယ်တိုင် မကြာခင် ရောက်လာလိမ့်မည်ကို သူသိသည်။

နတ်ဆိုးလှံသည် မန်ဟို၏လက်ထဲတွင် ပေါ်လာ၏။ သူက ၎င်းကို ပစ်လိုက်ရာ မြူခိုးများဝေသွားပြီး အမှတ်(၉) အခြေစိုက်စခန်းသို့ ‌ပြေးထွက်သွားဝော့သည်။ ဤအခိုက်အတန့်တွင် မန်ဟို နတ်ဆိုးလှံကို ပိုင်ဆိုင်ခဲ့သည်မှာ နှစ်တစ်ရာကျော်ကြာပြီဖြစ်၏။ တံခါးပိတ်ကျင့်ကြံအားထုတ်နေသော်လည်း လှံကတော့ ဆက်လက်မှေးမှိန်ပျောက်ကွယ်လာခဲ့သည်။

သို့စေကာမူ နှစ်ပေါင်းတစ်ရာတိုင်ပြီးနောက်တွင်ပင် ၎င်းမှာ အပြီးတိုင် မပျောက်ကွယ်သေးပေ။

လှံစွမ်းအားက ‌အမှတ်(၉) အခြေစိုက်စခန်း၏ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ဝင်ကျင့်ကြံသူများ ခင်းကျင်းအသက်သွင်းပေးနေသော မန္တန်အစီအရင်ကို ဝင်တိုက်လိုက်၏။

ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ မည်သို့မည်ဖုံ သွေးဆောင်လိုက်သလဲမသိ၊ အဖွဲ့ဝင်မဟုတ်သော ကျင့်ကြံသူများပင် အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်ဖော်လျက် မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်နေကြချေသည်။ သူတို့၏မျက်လုံးများတွင် လောဘရိပ်လည်း သမ်းနေ၏။ စုစုပေါင်း လူခုနစ်ထောင်ရှိပြီး အကုန်လုံးက မန်ဟိုကို သတ်ဖြတ်ချင်နေကြလေသည်။ ကောင်းကင်တရား‌ရေးရာမဟာမိတ်အဖွဲ့မှ မန်ဟိုကို သတ်ပေးလျှင် စွဲမက်ဖွယ် ဆုလာဘ်‌များ ချီးမြှင့်မည်ဟူ၍ ကတိပေးထားကြောင့် သိသာထင်ရှားသည်။

နတ်ဆိုးလှံ နီးကပ်လာစဉ် အခြေစိုက်စခန်းအတွင်းမှ‌ တင်စီးသောအသံ‌တစ်သံ ဟိန်းထွက်လာသည်။

"မန္တန်အစီအရင်ထဲ စွမ်းအားအပြည့် ဖြည့်ကြစမ်း။ ခေါင်းဆောင်ကြီးဟုရန် ဒီငမိုက်သား ဒီရောက်နေတာ သိလို့ လာနေပြီ"

ဘန်း

အသံ မန္တန်အစီအရင်အတွင်း၌ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် ပေါက်ကွဲသံကြီးက အသံကို ပြတ်တောက်သွား၏။ မန္တန်အစီအရင်မှာ ပြင်းပြင်းထန်ထန် ယိမ်းထိုးလှုပ်ရမ်းသွားသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်မြူများက မန္တန်အစီအရင်ကို တိုက်စားရင်း ပျံ့နှံ့လာသည်။ တွေ့မြင်သမျှ အကုန်ကိုက်ဝါးနေသော ကြောက်စရာမျက်နှာကြီးများကိုလည်း မြင်နိုင်၏။

အသက်ရှုချိန်အနည်းငယ်လေးအတွင်း နတ်ဆိုးလှံ၏ တိုက်စားမှုကြောင့် မန္တန်အစီအရင်မှာ မယုံနိုင်လောက်အောင် အားနည်းသွားလေပြီ။ မျက်နှာကြီးများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရုတ်တရက် ကျင့်ကြံသူခုနစ်ထောင်ကို ခုန်အုပ်လိုက်တော့သည်။ မချိတင်ကဲ အော်သံများ၊ ငိုသံများ ဆူညံပွက်လောရိုက်သွား၏။

နတ်ဆိုးလှံစိုက်သွား‌သော နေရာမှာ အပေါက်ကြီး ဖြစ်သည့်တိုင်အောင် တိုက်စားခံလိုက်ရသည်။ အနက်ရောင်မြူများသည် ထိုနှစ်တုန်းက နတ်ဆိုးမနော၏မျက်နှာနှင့် တစ်ထေရာတည်းတူသော မျက်နှာကြီးအဖြစ် စုဝေးလာကြ၏။

သွေး‌ဆာ‌နေသော မျက်နှာကြီးကား နတ်ဆိုးမြူထုကြီးအသွင်ပြောင်းရင်း အမှတ်(၉) အခြေစိုက်စခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ‌ရွှေကျီးကန်းမျိုးနွယ်ဝင်များ ရှိနေသောနေရာသာလျှင် ကွက်ကျန်ခဲ့၏။

မန်ဟိုသည် လေလယ်တွင် မျောလွင့်နေ၏။ ယခုဖြစ်ရပ်က သူ့အတွက် စခန်းတစ်ခုလုံးကို တစ်ယောက်မှမကျန်အောင် ပထမဆုံး ရှင်းပစ်ခြင်းပင်။ ဤကျင့်ကြံသူများမှာ လောဘဇောနှင့် ကိုယ့်သေတွင်းကိုယ်တူးခဲ့ကြခြင်းသာ ဖြစ်လေသည်။

အနက်ရောင်နတ်ဆိုးလှံမြူများမှာ တဖွေးဖွေးလှုပ်လျက်ရှိ၏။ ‌ကူပါ၊ ကယ်ပါအော်သံများက အချိန်အနည်းငယ်ကြာသည်အထိ ဆူညံနေသည်။ ရုတ်တရက် အတွင်းမှ ပုံရိပ် ခုနစ်ခု၊ ရှစ်ခု ပျံတက်လာ၏။ မန်ဟိုက လက်ကို ဝှေ့ယမ်းကာ သူတို့အားလုံးကို မချိတင်ကဲအော်ရင်း ပေါက်ကွဲသွားစေသည်။

ခရမ်းပင်လယ်ကြီးက လှိုင်းလုံးကြီးများဖြင့် မို့မောက်မြင့်တက်လာပြီး စခန်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်။ အနက်ရောင်မြုူများသည် ပြန်ကျုံ့လာပြီး ရွှေကျီးကန်းမျိုးနွယ်များကို ဝန်းရံကာ မန်ဟို့ဆီ သယ်ဆောင်သွား၏။

အသက်ရှင်သေးသူသူ၍ ရှစ်ယောက်သာ ကျန်တော့သည်။ မန်ဟိုမှာ သူတို့၏ဒဏ်ရာများကို ကုသပေးရင်း သတ်ဖြတ်ပစ်ချင်စိတ်တို့ ပိုမိုပြင်းထန်လာ၏။

သူက ချာခနဲ လှည့်ပြီး သွေးခွေးကြီးခေါင်းပေါ်တွင် ရပ်လိုက်သည်။ ခရမ်းပင်လယ်မှ လှိုင်းလုံးကြီးတစ်လုံး မြင့်တက်လာကာ ရွှေကျီးကန်းမျိုးနွယ်ဝင်များကို သယ်ဆောင်၍ နောက်ဆုံးအခြေစိုက်စခန်းသို့ ဦးတည်သွားကြလေပြီ။

မန်ဟို ထွက်သွားသည့်အခိုက်အတန့်မှာပင် အနက်ရောင်အလင်းတန်းတစ်တန်း အနက်ရောင်နယ်မြေအနားတွင် ဖျတ်ခနဲ ပေါ်လာ၏။ ၎င်းသည် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ထက် အဆများစွာ ကျော်လွန်သော အမြန်နှုန်းဖြ့င့် ရွေ့လျားလာနေလေသည်။

အနက်ရောင်အလင်းတန်းထဲတွင် အနက်ရောင်ဝတ်ရုံနှင့် ယောက်ျားတစ်ယောက်ရှိ၏။ ဤသည်မှာ ခေါင်းဆောင်ကြီးဟုရန်၏ ကိုယ်ပွားမှတစ်ပါး အခြားမဟုတါပေ။

သူ၏မျက်နှာထားက တင်းမာခက်ထန်နေ၏။ သူသည် နေရာရွှေ့ပြောင်းလိုက်ပြီး အမှတ်(၁၀) အခြေစိုက်စခန်းနှင့် ပို၍ပင် နီးကပ်လာသည်။

"ချင်းအာ" သူက ရေရွတ်လိုက်သည်။ "ဒီနေ့ အဖေ သားအတွက် ကလဲ့စား တစ်ဝက်ပဲချေနိုင်လိမ့်မယ်။ သိပ်မကြာခင် သားကို တကယ် သတ်ခဲ့တဲ့ တရားခံကို ရှာပြီး အသေဆိုးနဲ့ သေစေရမယ်

"ချင်းအာ ကမ္ဘာပေါ်က ဘယ်ကောင်မှ သားကို သတ်ခွင့်မရှိဘူး။ အဖေ့မှာပဲ...အဲ့ဒီလိုလုပ်ပိုင်ခွင့်ရှိတယ်" သူ၏မျက်လုံးများသည် ကြင်နာမှုဖြင့် ပြည့်နေ၏။ သို့သော် အကြောင်းတစ်ခုခုကြောင့် ထိုကြင်နာမှုမှာ ထူးဆန်းနေသည်။ ၎င်းကို မြင်လိုက်‌သည့် မည်သူမဆို ကျောချမ်းသွားပြီး ခေါင်းမွှေးထောင်သွားရပေလိမ့်မည်။

***

All Chapters