← Chapters

ခေါင်းဆောင်ကြီးဟုရန်

Vol. 39 Ch. 540

ခေါင်းဆောင်ကြီးဟုရန်

Vol. 39 Ch. 540

အမှတ် (၁၀) အခြေစိုက်စခန်းမှာ ရန်သူကို ရင်ဆိုင်ရန် မန္တန်အစီအရင်ကို အပြည့်အဝအသက်သွင်းထားရင်း စောင့်နေကြသည်။

ညအချိန် ဖြစ်၍ မန္တန်အစီအရင်၏ အလင်းရောင်မှာ မှေးမှိန်မနေဘဲ ထွန်းလင်းတောက်ပလျက်ရှိ၏။ ‌တဖျတ်ဖျတ်လက်နေသော အလင်းရောင်တို့က ပင်လယ်ရေပြင်ထက်သို့ ဖြာကျနေသည်။ ဤမန္တန်အစီအရင်မှာ တခြားအခြေစိုက်စခန်းများမှ အစီအရင်များထက် များစွာအစွမ်းထက်ကြောင်း ထင်ရှားလေသည်။

အမှန်တွင် နှိုင်းယှဉ်၍ပင် မရပေ။ အမှတ်(၁ဝ) အခြေစိုက်စခန်း၏ မန္တန်အစီအရင်မှာ မယုံနိုင်လောက်အောင် အားကောင်းလှသဖြင့် မန်ဟို့အတွက် ချိုးဖျက်ရခက်မှာ သေချာလေသည်။

မန္တန်အစီအရင်၏အလယ်တွင် ကျင့်ကြံသူများသည် ချီကို ထိန်းချုပ်၍ စိတ်အစဉ်ကို တည်ငြိမ်စေကာ သတိရှိရှိ စောင့်နေကြ၏။

တင်ပျဉ်ခွေတရားထိုင်နေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ (၁၆)ယောက်ရှိလေသည်။ သုံးယောက်မှာ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်တွင် ဖြစ်ကြ၏။ ဤသုံးယောက်သည် မန္တန်အစီအရင်မှ တွန်းကန်အားကို ခံယူလျက် မတူညီသောအရပ်မျက်နှာသုံးခုတွင် ထိုင်နေကြသည်။

မန္တန်အစီအရင်၏ အ‌ထွေထွေလုပ်ဆောင်မှုအပိုင်းကို တာဝန်ယူအားဖြည့်ပေးနေသော ကျင့်ကြံသူအရေအတွက်ကား ပို၍ပင်များပြားသေးသည်။ အခြေစိုက်စခန်းတစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေ၏။

သူတို့သည် ကျန်အခြေစိုက်စခန်းများ ပျက်စီးသွားခြင်းနှင့် မန်ဟို၏ သုတ်သင်ရှင်းလင်းမှုများကို သိကြလေသည်။ အတိုင်းထက်အလွန် ကြောက်စရာကောင်းသော တစ်စုံတစ်ခုကို ရင်ဆိုင်ရတော့မည်ကိုလည်း သူတို့သိသည်။

သို့သော် သူတို့သည် သိပ်ကြောက်လန့်ခြင်းမရှိ။ ‌ခေါင်းဆောင်ကြီးဟုရန် လာနေပြီဖြစ်သည့်အတွက် မန္တန်အစီအရင်ကို ပစ်မထားခဲ့ရန် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။ သူတို့က ၎င်း၏ခံနိုင်ရည်ကို အတော်လေး ယုံကြည်ချက်ရှိလေရာ တစ်စည်းတည်းနေနေသရွေ့ မန်ဟို လျင်မြန်စွာ ချိုးဖျက်နိုင်မည်မဟုတ်ဟု ယုံကြည်ထားကြ၏။

သူတို့အတွက် ခေါင်းဆောင်ကြီးဟုရန် ရောက်မလာမချင်း တောင်ခံထားရုံသာဖြစ်ပြီး ထို့နောက်တွင်တော့ မုန်တိုင်း‌‌ပြီးလျှင် လေပြေလာသည်ဆိုသလို အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်။ မန်ဟိုကတော့ အသတ်ခံရမှာ သေချာလေသည်။

အမှတ်(၁၀) အခြေစိုက်စခန်းရှိ လူတိုင်းနီးပါး ထိုနည်းတူ ခံစားရလေသည်။ မန္တန်အစီအရင်အတွင်းတွင် မြင့်မားသော ရွက်တိုင်ကြီးတစ်တိုင်ရှိပြီး ရွှေကျီးကန်းမျိုးနွယ်ဝင်အလောင်းများအား ချိတ်ဆွဲထား၏။ တစ်ယောက်မှ အသက်မရှိတော့။ အကုန်သေကုန်ကြလေပြီ....

သူတို့မှာ ပြီးခဲ့သည့် ရက်ပိုင်းကမှ သေဆုံးသွားကြခြင်းဖြစ်သည်။ အထူးသတိပြုမိဖွယ်မှာ သေဆုံးနေသော မျိုးနွယ်ဝင်များအကြားရှိ ခန္ဓာကိုယ်ကင်းမဲ့နေသည့် အဘိုးအိုတစ်ယောက်၏ ခေါင်းပြတ်ကြီးပင်။ သူ့မှာ မသေတုန်းက ကျင့်ကြံခြင်းအခြေခံ ဖျက်စီးခံခဲ့ရ၍ သေမျိုးထက် မပိုတော့ပေ။

မန္တန်အစီအရင်ထဲတွင် ဧရာမ ဒူးလေးစစ်ရထားကြီးနှစ်စင်းရှိ၏။ ၎င်းတို့သည် အရောင်အဝါတောက်ပနေပြီး ရက်စက်သောအခိုးအငွေ့များ ထုတ်လွှတ်နေလေသည်။ ကျင့်ကြံသူများက ဒူးလေးများအား အချိန်မရွေး ပစ်လွှတ်ရန် အသင့်ပြင်၍ စစ်ရထားများကို စီးနင်းထားကြ၏။

အချိန်များ ကုန်လွန်သွားသည်။ မကြာမီ ညဉ့်အနက်ဆုံးနာရီပိုင်းသို့ ချဉ်းကပ်လာသည်။ ကောင်းကင်မှာ ပိတ်ပိန်းနေအောင် မှောင်မိုက်နေ၏။ အသံဟူ၍လည်း ညင်သာသော လှိုင်းတက်သံ၊ လှိုင်းကျသံတို့သာ ရှိသည်။ ထိုစဉ် ရုတ်တရက် အလင်းတန်းတစ်တန်း ကောင်းကင်တွင် ပေါ်လာ၏။ ယင်းက ကျင့်ကြံသူအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်လေသည်။

"သူ ရောက်လာပြီ"

"ဒီကောင်မန်ဟို တော်တော် ဇရှိတာပဲ။ ဒါပေမဲ့ သူ ငါတို့ကို တိုက်ခိုက်ရဲလည်း အရေးမကြီးဘူး။ မန္တန်အစီအရင်ကို ဘယ်တော့မှ မချိုးဖျက်နိုင်မှာ သေချာတယ်" လူအတော်များများမှာ ‌အေးစက်စက်ပြုံးရင်း မော့ကြည့်နေကြ၏။ သို့သော် သူတို့ မော့ကြည့်လိုက်သည့်အချိန်မှာပင်...

အခြေစိုက်စခန်းပတ်ပတ်လည်ရှိ ခရမ်းပင်လယ်ကြီးမှာ ဝဲကြီးသဖွယ် တဝေါဝေါ လည်လာ၏။ ဝဲကြီးမှာ မြန်သထက်မြန်လာသဖြင့် အခြေစိုက်စခန်းအတွင်းရှိ လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းသွားလေသည်။ ရေများ အုံကြွလာရာ သင်္ဘောများမှာ နိမ့်ချည်၊ မြင့်ချည် လူးလွန့်နေတော့သည်။ တဝုန်းဝုန်း ရိုက်ခတ်သံများ ဆူညံနေ၏။

ထို့နောက် အလင်းတန်းက အနားရောက်လာပြီး သွေးခွေးကြီး၏ ဧရာမကိုယ်လုံးကြီး မြင်သာလာသည်။ လူအုပ်ကြီးမှာ ၎င်း၏ခေါင်းပေါ်တွင် ရပ်နေသော မန်ဟိုကိုလည်း မြင်လိုက်ရလေသည်။ သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာကား အတိုင်းထက်အလွန် တင်းမာခက်ထန်ကာ ‌သုန်မှုန်လျက်ရှိ၏။ စိတ်နှလုံးချောက်ချားဖွယ် အသတ်အဖြတ်အခိုးအငွေ့များလည်း သူ့အနားတွင် တထောင်းထောင်း ထနေချေသည်။

မန်ဟို၏မျက်လုံးများက အမှတ်(၁၀) အခြေစိုက်စခန်းတစ်လျှောက် ရွေ့လျားသွားပြီး တုံ့ခနဲ ရပ်သွားသည်။ သူသည် ချိတ်ဆွဲခံထားရသော ရွှေကျီးကန်းမျိုးနွယ်ဝင်အလောင်းများကိုကြည့်ပြီး ခေါင်းပြတ်ကို မြင်သွားသည့်အခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။

သူ ရင်ထဲ စူးအောင့်နာကျင်သွားသည်။

ဂုလာ......

"ဟုရန်ယွင်မင်း....." သူက ရေရွတ်လိုက်၏။ "ကောင်းကင်ရှာဖွေမျိုးနွယ်စု" သူ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ပို၍ပြင်းထန်ရက်စက်လာသည်။ သူသည် အမှတ်(၁၀) ‌အခြေစိုက်စခန်းကို ကြည့်ပြီး လက်ညှိုးထိုးလိုက်၏။

ချက်ချင်းပင် အမှတ်(၁၀)အခြေစိုက်စခန်းကို ဝန်းရံထားသော ဝဲကြီးသည် တဝေါဝေါအော်မြည်ရင်း မြင့်တက်လာ၏။။

ဧရိယာမီတာသုံးထောင်ရှိသော ဧရာမပင်လယ်ရေတိုင်လုံးကြီးက အခြေစိုက်စခန်းတစ်ခုလုံး လွှမ်းခြုံလိုက်လေပြီ။ ‌လှိုင်းခတ်သံများ ဆူညံသွားသည်။ အသံမှာ ရေပူစမ်းကြီး ပန်းထွက်လာသကဲ့သို့ပင်။ အခြေစိုက်စခန်း၏ မန္တန်အစီအရင်အနေဖြင့် ထိုကဲ့သို့စွမ်းအားမျိုးကို လုံးဝ ခံနိုင်ရည်မရှိပေ။ ၎င်းမှာ ချက်ချင်း ပေါက်ကွဲသွားတော့၏။

တစ်ချိန်တည်းမှာပင် သင်္ဘောများလည်း စိစိညက်ညက်ကြေကုန်သည်။ အခြေစိုက်စခန်းထဲရှိ ကျင့်ကြံသူများမှာ သနားစဖွယ် အော်ဟစ်နေကြလေသည်။ သူတို့မှာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပင်လယ်ရေထဲ ပြုတ်ကျ‌ကုန်ကြ၏။ ရေကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ပင်လယ်ရေ၏ သေခြင်းစိတ်ဆန္ဒသည် အသက်စွမ်းအားနှင့်ဝင်တိုက်ကာ သုတ်သင်ခြင်းအားတစ်ရပ်အား ပေါက်ကွဲထွက်သွားစေသည်။

မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူတစ်ယောက်မှ နတ်ဘုရားစွမ်းရည်တစ်ခုလေးပင် အသုံးမပြုနိုင်ခင် ‌ခန္ဓာကိုယ်များ တဖောင်းဖောင်း ပေါက်ကွဲကုန်ကြလေသည်။ သူတို့မှာ ပြန်တိုက်ခိုက်နိုင်ဖို့အသာထား၊ တားလည်း မတားနိုင်သလို ၊ရှောင်တိမ်းနိုင်စွမ်းလည်း မရှိပေ။

သူတို့၏စွမ်းအားအလုံးစုံမှာ အပေါ်မှ တိုက်ကွက်များအား ခုခံရာတွင် အပြည့်အဝ ထည့်သွင်းထားရလေသည်။ သူတို့၏ အစီအစဉ်အားလုံးမှာ မန်ဟို၏ကျင့်ကြံအဆင့်နှင့် သွေးခွေးကြီး၏ ရက်စက်ကြမ်းကြုတ်မှုအပေါ် ‌အခြေခံခဲ့ခြင်းဖြစ်၏။ ခရမ်းပင်လယ်ကြီးကိုမူ....ထည့်မတွက်မိခဲ့ပေ။

အနောက်ပိုင်းသဲကန္တာရပျက်သုဥ်းခြင်းသို့ ဆိုက်ရောက်စေခဲ့သော ခရမ်းပင်လယ်ကြီးကို ထိန်းချုပ်နိုင်သူ တကယ်ကြီး ရှိနေလိမ့်မည်ဟု သူတို့မည်သို့ တွေးနိုင်ခဲ့မည်နည်း။

လူတစ်‌ယောက် ခရမ်းပင်လယ်ကြီးထဲ ဝင်သွားသည်ကိုပင် ယုံရခက်ချေသည်။ ဤသို့ဖြင့် အခြေစိုက်စခန်းမြို့၏ အစွမ်းထက်လှပါသည်ဆိုသော မန္တန်ဝင်္ကပါမှာ မဟာအားနည်းချက်ကြီးဖြစ်သွားခဲ့၏။ ၎င်း၏အောက်ခြေမှာ လစ်ဟနေသည် မဟုတ်ပါလော။

အမှတ်(၁၀) အခြေစိုက်စခန်းတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ပျက်စီး နေသဖြင့် တဝုန်းဝုန်းမြည်သံများ ဆူညံနေတော့သည်။ အထူးပြင်ဆင်မှုများလည်း ခရမ်းပင်လယ်ကြီး၏ သောင်းကျန်းမှုအောက်ဝယ် မြက်ခြောက်များပမာ စိစိညက်ကြေကုန်‌၏။ ဒူးလေးစစ်ရထားကြီးနှစ်စင်းမှာ ပင်လယ်ရေ၏ ဖျက်စီးခြင်းမခံရခင် တစ်ချက်လေးပင် မပစ်လွှတ်လိုက်ရပေ။

မန်ဟို တိုက်ကွက်လေးတစ်ကွက်မှ ထုတ်စရာမလိုဘဲ လူပေါင်းများစွာ သေကြေပျက်စီးကုန်ကြသည်။ သူ၏အတွေးလေးတစ်ချက်နှင့် အမှတ်(၁၀) အခြေစိုက်စခန်းမှာ ခရမ်းပင်လယ်‌ရေများအောက်တွင် စုန်းစုန်းမြုပ်သွားခဲ့လေပြီ။

ဤနေရာကား မန်ဟို၏ပိုင်နက်။

ဤနေရာကား မန်ဟို၏ ခရမ်းပင်လယ်ကြီးဖြစ်သည်။

အလောင်းများ နစ်မြုပ်သွားပြီး အပျက်အစီးများ ‌‌ဟိုဟိုသည်သည် ပေါလောပေါ်နေ၏။ အမှတ် (၁၀) အခြေစိုက်စခန်းရှိ လူတစ်ယောက်မှ ခရမ်းပင်လယ်ကြီး၏ သုတ်သင်ခြင်းစွမ်းအားအောက်ဝယ် မတည်ရှိနိုင်ပေ။ အကုန်လုံး....ကိစ္စချောကုန်ကြလေပြီ။

‌တစ်‌ခါတလေ သေဆုံးရသည်က လွန်စွာရိုရှင်းတတ်သလို၊

ရှင်သန်ရသည်ကလည်း ကွဲလွယ်ရှလွယ်တတ်သည်။

သေခြင်းအား တစ်ခါမှ မျက်မြင်ကိုယ်‌တွေ့ မကြုံခဲ့ရဖူးသူများအဖို့ ဤစာကြောင်းနှစ်ကြောင်းကို နားလည်လောက်မည်မဟုတ်ပေ။ သေဆုံးခြင်းပေါင်းများစွာကို မြင်တွေ့ခဲ့ပြီးနောက်မှသာ လူတစ်ယောက်သည် ရှင်သန်ခြင်းဆိုသည်ကို အမှန်တကယ် နားလည်နိုင်၏။

မန်ဟိုသည် လေလယ်တွင် ပျံဝဲရင်း အောက်ရှိ ‌လူသေများကို ငုံ့ကြည့်နေ၏။ သူက ဘာမှမပြောပေ။ မြင့်တက်လာခဲ့သော ခရမ်းပင်လယ်ရေများမှာ ‌ခရမ်းမိုးအသွင်ပြောင်းရင်း အောက်ရှိ အပျက်အစီးများအပေါ်သို့ တဖွဲဖွဲပြန်ရွာကျသွားသည်။

မန်ဟိုက ခေါင်းမော့ပြီး ‌အဝေးသို့ လှမ်းကြည့်လိုက်သည်။

ခရမ်းပင်လယ်ကြီး၏အပေါ်ရှိ ဧရာမလှိုင်းလုံးကြီးထဲတွင် အသက်ရှင်‌ကျန်ခဲ့သော ရွှေကျီးကန်းမျိုးနွယ်ဝင်တစ်ရာကျော် ရှိနေသည်။ ကျန်အရာအားလုံးမှာ... အလောင်းများပင်။

အသက်ရှင်နေသေးသူများမှာ မန်ဟို ကယ်ခဲ့သည့်အတွက်ကြောင့်သာ ရှိနေကြခြင်းဖြစ်သည်။ ရက်နည်းနည်းလေးသာ ထပ်ကြာခဲ့လျှင် တစ်ယောက်မှ အသက်ရှိတော့မည်မဟုတ်။

ဤ အသေအပျောက်ပမာဏမှာ ပြောင်းရွှေ့ကာလတုန်းက သေဆုံးခဲ့သော အရေအတွက်နှင့်ယှဉ်လျှင် မပြောပလောက်ပေ။ သို့သော် ယခုအခြေအနေက မရှောင်လွှဲသာ၍မဟုတ်၊ ရှောင်၍ရသည်။ ထိုမျှသာမက ရွှေကျီးကန်းမျိုးနွယ်စုနှင့်လည်း ဘာမှမသက်ဆိုင်သော ကိစ္စသာ။

မန်ဟိုကိုယ်တိုင်ပင် ဤဖြစ်ရပ်တွင် နစ်နာသူဖြစ်၏။ ယခုတော့ ဖြစ်ရပ်မှန်ကို ခေါင်းဆောင်ကြီးဟုရန် သိထားကြောင်း မန်ဟိုသေချာသွားလေပြီ။

သူသည် ‌ပတ်ဝန်းကျင်ကို အေးတိ‌အေးစက် ကြည့်ရင်း သွေးခွေးကြီး၏အပေါ်၌ တိတ်ဆိတ်စွာ ရပ်နေ၏။

ခေါင်းဆောင်ကြီးဟုရန် ရောက်လာမည်ကို သူစောင့်နေသည်။

သိပ်မကြာခင် မဟူရာညထက်ပင် နက်မှောင်နေသော အနက်ရောင်အလင်းတန်းတစ်တန်း ကောင်းကင်‌တွင် ပေါ်လာလေပြီ။ ၎င်းကြောင့် ကြောက်မက်ဖွယ်ရာ လေမုန်တိုင်းကြီးတစ်လုံး ဖြစ်တည်လာ၏။

လေမုန်တိုင်းထဲတွင် အနက်ရောင်ဝတ်ရုံနှင့် သတ်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ သူက ကျောနောက်လက်ပစ်လျက် လမ်းလျှောက်ထွက်လာသည်။

သူ၏ရှည်လျားသော ဆံပင်များသည် လေတွင် မျောလွင့်နေပြီး သူ၏မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေ၏။ သူထုတ်လွှတ်နေသော အရှိန်အဝါက သူ့ကို ကောင်းကင်နှင့်မြေကြီးဖြင့် တစ်သားတည်းဖြစ်နေသည့်အလား ဖြစ်စေသည်။ ထိုအရှိန်အဝါတွင် ထိုလူ့အား လျှပ်တပြက် ထိုးဖောက်မြင်ရလောက်အောင် ကြည်လဲ့သွားစေသော သဘာဝနိယာမပါဝင်နေသယောင်ပင်။

ရုတ်တရက် ခံစားချက်များကို ထုတ်ဖယ်ထားသော နယ်မြေတစ်ခုက ကောင်းကင်နှင့်မြေကြီးကို နှောင့်ယှက်ကာ အရာတိုင်းတိုင်းအား လွှမ်းခြုံသွားသည်။ မန်ဟို့ပတ်ဝန်းကျင်တွင် နှင်းပွင့်ချပ်များ ကျဆင်းလာ၏။

ဤလူကား ခေါင်းဆောင်ကြီးဟုရန်ဖြစ်သည်။

"မန်ဟို" သူသည် လေထုကို ဖြတ်လျှောက်လာပြီး အေးတိအေးစက် ပြောသည်။ ‌သူ့ခြေထောက်အောက်ရှိ ခရမ်းပင်လယ်ကြီး၏မျက်နှာပြင်ပေါ်တွင် ရေခဲလွှာများ ဖြစ်ပေါ်လာသဖြင့် ခလက်ခလက်အက်သံများ ကြားရလေသည်။

ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် ခေါင်းဆောင်ကြီးဟုရန်၏ အနက်ရောင်‌‌‌နှင်းမုန်တိုင်း‌‌ကြီးကြောင့် ခဲလာသည်။ ‌သောင်းပေါင်းများစွာသောအသံကြီးများ မန်ဟို့နာမည်ကို ‌ခေါ်နေသကဲ့သို့ ‌အသံကြီးတစ်သံ ဟိန်းထွက်လာ၏။

မန်ဟို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော စွမ်းအားကြီးတစ်ရပ် ရုတ်တရက် သက်ရောက်လာသည်။ ၎င်းသည် နယ်မြေအတွင်းရှိ သဘာဝနိယာမတစ်ခုအလားပင်။ ၎င်းသည် မန်ဟို၏စိတ်ထဲတွင် ပေါ်လာပြီး မိုးထစ်ချုန်းသံထက် သာလွန်သော အသံကျယ်ကြီးဖြစ်သွားသည်။

၎င်းသည် တမလွန်မှ ဝိညာဉ်များကို ခေါ်နေသည့်အလား၊ ပျက်စီးသွားပြီးသော စိတ်ဝိညာဉ်များကို စုဆောင်းနေသည့်အလားပင်။ အမှန်တွင် ခေါင်းဆောင်ကြီးဟုရန်၏ နတ်ဘုရားစွမ်းရည်ကို ဤသို့ ဖော်ပြနိုင်၏....

ကြေလွင့်ဝိညာဉ်များ၏ ‌အံ့မခန်းဖွယ်ရာသော ခေါ်သံ။

ပတ်ဝန်းကျင်ရှိ အအေးဓာတ်မှာ ခံစားချက်မဲ့နေ၏။ အသံများ၏ အေးစက်မှုမှာ ‌ကောင်းကင်ဘုံမှ ခွန်အားကြီးတစ်ရပ်ပါဝင်နေသကဲ့သို့ပင် ။ အသံများသည် စုပေါင်း၍ ... လျစ်လျစ်ရှူ၍မရနိုင်သော နိယာမတစ်ရပ်အသွင်ပြောင်းသွားလေပြီ။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဆိုသည်မှာ ဤသို့ဖြစ်၏။ အသံလေးတစ်သံကပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံးကို သုတ်သင်ဖယ်ရှားပစ်နိုင်သည်။ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ပင်လျှင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ၏ရှေ့မှောက်၌ အဆုံးစွန်အထိ သေးသိမ်နေလိမ့်မည်။

ဝုန်း

မန်ဟို၏စိတ်မှာ တုန်ရီနေပြီး ဝိညာဉ်လွင့်တော့မတတ် ခံစားနေရသည်။ သူ၏ အသက်မီးတောက်မှာ ငြိမ်းတော့မည့်အလား တရိပ်ရိပ် လှုပ်ရှားနေချေပြီ။ သို့သော်လည်း... သူကား သာမန်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမဟုတ်။ နတ်ဘုရားအာရုံ ၂၉၉၉၉ မီတာရပ်ဝန်းနှင့် ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားရှိသူဖြစ်၏။

သူ၏ အနုသုခုမရုပ်ခန္ဓာခုနစ်ခုသည် ကျိန်းစက်နေသည့်အလား မျက်လုံးများပိတ်လျက် ဒန်တျန်အတွင်း၌ တင်ပျဉ်ခွေထိုင်နေလေသည်။ ရုတ်တရက် သူတို့၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။

ထိုအခိုက်အတန့်တွင် မန်ဟို့နတ်ဘုရားအာရုံ၏ စွမ်းအားမှာ သူ့ကို တိုက်ခိုက်နေသော နိယာမစွမ်းအားကို တန်ပြန်တိုက်ခိုက်ရင်း သူ၏ကိုယ်အတွင်း၌ ဟုန်းခနဲ ပေါက်ကွဲထွက်ခဲ့လေပြီ။

မန်ဟိုက ‌ဝုန်းခနဲ နောက်ဆုတ်လိုက်၏။ သူသည် ခေါင်းကို မော့လိုက်ပြီး သူ၏မျက်လုံးများမှာ ရှင်းလင်း တောက်ပလာသည်။

"ဆိုတော့ မင်းက ခေါင်းဆောင်ကြီးဟုရန်ပေါ့" သူက ချဉ်းကပ်လာနေသော သက်လတ်ပိုင်းလူကို ကြည့်ရင်း ဖြည်းဖြည်းချင်းပြောသည်။ မန်ဟို၏မျက်လုံးများသည် ‌လင်းလက်တောက်ပနေ၏။ သူ ဤလူ့ကို မြင်ဖူးသည်။ အနက်ရောင်နယ်မြေမှ ထွက်ခွာလာတုန်းက သူ့ကို သတ်ဖို့ကြိုးစားသည့်လူနှင့် တစ်ယောက်တည်းဖြစ်သည်။

စကားပြောလိုက်သည့်အချိန်မှာပင် မန်ဟို၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်

ဆန္ဒတို့ ပေါ်ထွက်လာခဲ့သည်။ ဤလူမှာ... ကိုယ်ပွားသာဖြစ်ကြောင်း ကျင်ရှန်းပြောခဲ့သည်ကို သူကြားခဲ့ဖူး၏။

ခေါင်းဆောင်ကြီးဟုရန်က မန်ဟို သူ၏ နိယာမစွမ်းအားမှ လွတ်မြောက်သွားသည်မှာ အလွန်ထူးဆန်းကြောင်း တွေ့လိုက်ရသည့်အလား မျက်လုံးများတောက်ပသွားသည်။ သူသည် တစ်ချက်လေးပင် မရပ်ဘဲ မန်ဟို့ဆီ ချဉ်းကပ်လာ၏။

ထိုကဲ့သို့အပြုအမူမျိုးသည် သူ၏ကိုယ်ကျင့်စရိုက်နှင့် များစွာပတ်သက်ပြီး ဟုရန်ယွင်မင်း၏ ထူးခြား‌သော တိုက်ခိုက်ပုံဟု ဆိုနိုင်သည်။ သူ တစ်စုံတစ်ယောက်ကို တိုက်ခိုက်တိုင်း ဖိအားကြီးတစ်ခုဖြင့် ရန်သူအပေါ် ဖိနှိပ်ပစ်တတ်လေသည်။

မန်ဟို့အနား ချဉ်းကပ်လာနေစဉ် သူ၏အရှိန်အဝါမှာ ပတ်ဝန်းကျင်နှင့် ခွဲခြားမရအောင် တစ်သားတည်းဖြစ်သွားသကဲ့သို့ ပို၍ပင် အားကောင်းလာသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၏ အင်အားမှာ တော်ရုံတန်ရုံမဟုတ်ပေ။ သူ့ကြောင့်နှင့် ပတ်ဝန်းကျင်မှာ ပြောင်းလဲနေပုံရ၏။

ခေါင်းဆောင်ကြီးဟုရန်က ပင်လယ်ပြင်တွင် မျောနေသော အပျက်အစီးများကို လုံးဝဂရုမစိုက်သည့်အလား လှည့်ပင်မကြည့်ပေ။ "ငါ့ကို ‌ဖြေစမ်း။ ငါ့ရဲ့တစ်ဦးတည်းသောသား ဟုရန်ချင်းကို ဘယ်သူသတ်တာလဲ"

သူက တုံ့ခနဲ လေလယ်တွင် ရပ်လိုက်သည်။ သူ၏အသံမှာ ပဲ့တင်ထပ်နေပြီး သူ၏မျက်နှာထားက တည်ငြိမ်နေသည့်အပြင် ခံစားချက်ကင်းမဲ့နေ၏။ သူက မန်ဟိုကို လှမ်းကြည့်ပြီးနောက် သွေးခွေးကြီးကို ကြည့်သည်။ ထိုအခိုက်တွင် သူ၏သူငယ်အိမ်များ ကျုံ့သွားလေ၏။

***

All Chapters