တိုက်ပွဲ
Vol. 39 Ch. 541
ခေါင်းဆောင်ကြီးဟုရန်၏စကားကို ကြားပြီးနောက်တွင် မန်ဟို၏အမူအရာမှာ ယခင်အတိုင်းသာဖြစ်သည်။ ယင်းက သူ၏ပင်ကိုယ်စရိုက်ပင်။ သူ လူသတ်ချင်လေလေ၊ စကားနည်းလေလေ ဖြစ်၏။ စောစောက ခေါင်းဆောင်ကြီးဟုရန်၏ပြောစကားအရ တကယ့်အဖြစ်အပျက်ကို ထိုလူသိထားကြောင်း ပေါ်လွင်သည်။
"ဘာလို့ အပိုစကားတွေ ပြောပြီး လေကုန်ခံနေမလဲ" မန်ဟိုက အေးတိအေးစက် ပြန်ပြောသည်။ "တိုက်ခိုက်ချင်တယ်မလား၊ တိုက်ခိုက်ကြတာပေါ့" သူက ညာလက်ကို မြှောက်၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်လိုက်သည်။ ချက်ချင်းပင် သူ့လက်ထဲတွင် နတ်ဆိုးလှံ ပေါ်လာ၏။ သူက ၎င်းကို အားကုန်ပစ်လိုက်ရာ လှံသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ဂျိန်းခနဲ ထွက်သွားတော့၏။
လေကို ခွင်းလျက်သွားနေသော လှံမှ ဟိန်းဟောက်သံများ ထွက်လာပြီး အကန့်အသတ်မရှိသော အနက်ရောင်မြူခိုးများဝေသွားသည်။ မြူများအတွင်းတွင် ကြောက်စရာမျက်နှာကြီးများရှိ၏။ ၎င်းတို့၏သွေးဆာနေသောအပြုံးကြီးများမှာ လောဘရိပ်သမ်းနေချေသည်။
ခပ်လှမ်းလှမ်းက ကြည့်လျှင် မြူများသည် တကယ်တမ်း ဧရာမဦးခေါင်းကြီးတစ်ခေါင်းအသွင်ဖြစ်သယောင် ထင်ရ၏။ ၎င်းကား... နတ်ဆိုးမနော၏ ခေါင်းကြီးပင်။
နတ်ဆိုးလှံသည် ယခုတွင် နတ်ဆိုးမနော၏ ကြောက်မက်ဖွယ်ရာစွမ်းအားကြီးအား အပြည့်အဝ ထုတ်လွှတ်လိုက်ပြီဖြစ်သည်။ ၎င်းက တရွှီးရွှီးအော်မြည်လျက် လေကို ခွင်းသွား၏။
လှံမှာ မန်ဟို၏ကျင့်ကြံအဆင့်နှင့် ဘာမှမသက်ဆိုင်ပေ။ ၎င်း၏အင်အားမှာ ကိုယ်ပိုင်အင်အားဖြစ်သည်။ သို့သော် ၎င်းသည် တကယ့်မိစ္ဆာလက်နက်အစစ် အဖော်မဲ့သင်္ချိုင်းနှင့် နှိုင်းယှဉ်၍ပင်မရသော နတ်ဆိုးမနောစိတ်မျှင်တစ်မျှင်လေးထက် မပိုသေးပေ။
သို့ထိတိုင် နတ်ဆိုးလှံကား အစွမ်းထုတ်ဖော်လိုက်လျှင် မည်သည့်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုမဆို သတ်ဖြတ်ရန် လုံလောက်၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကိုမူ မန်ဟိုမသေချာ။ ထို့ကြောင့် စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
"ဧရိယာ" ခေါင်းဆောင်ကြီးဟုရန်က မပြောင်းလဲသော အမူအရာဖြင့် ခံစားချက်မဲ့စွာ ဆိုသည်။ သူသည် ညာလက်ကို မြှောက်ပြီး အရှေ့သို့ ညွှန်လိုက်၏။ ချက်ချင်းပင် မီတာသုံးရာဧရိယာမှာ သူ၏ကိုယ်ပိုင် ဧရိယာကမ္ဘာဖြစ်သွားလေပြီ။
ဤနတ်ဘုရားစွမ်းရည်သည် သဘာဝနိယာမနှင့် အတန်ငယ် ကွဲပြား၏။ ၎င်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သာ ပိုင်ဆိုင်သော နတ်ဘုရားစွမ်းရည်တစ်မျိုးဖြစ်သည်။ ဧရိယာကမ္ဘာသည် သိပ်မကျယ်၊ မီတာသုံးရာရှိသည်။ သို့သော် ထိုကမ္ဘာအတွင်းတွင် ခေါင်းဆောင်ကြီးဟုရန်သည် အထွပ်အထိပ်စွမ်းအားကို ပိုင်ဆိုင်၏။ မည်သည့်နတ်ဘုရားစွမ်းရည်မှ ၊ မည်သည့်မှော်ပညာရပ်မှ ဧရိယာကို ထိုးဖောက်ကာ သူ့အား အန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။
ဤသည်မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းကို အနုသုခုမရုပ်ခန္ဓာထက် မြင့်စေသော အရာပင်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တွင် နတ်ဘုရားစွမ်းရည်များသည် သဘာဝနိယာမဖြစ်လာ၏။
မီတာသုံးရာအတွင်းရှိ မည်သည့်အရာမှ ထူးထူးခြားခြားဖြစ်သွားပုံမပေါ်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ခေါင်းဆောင်ကြီးဟုရန်သည် သူ၏ပတ်ဝန်းကျင်ကို သူ့ကိုယ်ပိုင်ကမ္ဘာအဖြစ် ပြောင်းလိုက်ပြီဖြစ်ကြောင်း မန်ဟို အာရုံရလိုက်၏။
ပေါက်ကွဲသံတစ်သံ ကြားလိုက်ရသည်။ နတ်ဆိုးလှံမှာ မီတာသုံးရာအတွင်း ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ပြန်ကန်ပြီး အနက်ရောင်မြူများဖြစ်သွား၏။ မြူများက ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသော်လည်း တကယ်တော့ ထိုကမ္ဘာကို တန်ပြန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မန်ဟို ပြောနိုင်လေသည်။
ထိုကဲ့သို့ အထင်ကြီးဖွယ်ကောင်းမှု၊ ထိုကဲ့သို့သဘာဝနိယာမကို အသုံးပြုခြင်းမျိုးမှာ မန်ဟို့အတွက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၏ အင်အားကို ပထမဆုံးအကြိမ် ကိုယ်တိုင်မြင်ဖူးခြင်းဖြစ်လေသည်။ မှီခိုရာဂိုဏ်းချုပ်တုန်းက မတိုက်ခိုက်ဘဲ ထွက်ပြေးသွားခဲ့သည်။ သန့်စင်နှင်းမြို့တော်မှာတုန်း သူသည် ချီနန်အမွေအနှစ်နှင့် ပေါင်းစည်းထားခဲ့၏။
မဟူရာဂိတ်တံတိုင်းကြီးအပြင်တွင်လည်း ကျင်ရှန်းက ကူညီခဲ့လေသည်။
ဤသည်မှာ မန်ဟို့အတွက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို ပထမဆုံးအကြိမ် အမှန်တကယ် ရင်ဆိုင်ရခြင်းဖြစ်သည်။
"ကလေးဆန်တယ်" ခေါင်းဆောင်ကြီးဟုရရန်က ပြောသည်။ သူက ရှေ့သို့လျှောက်လာရာ ဖိအားကို ပို၍ပင် ပြင်းထန်သွားစေသည်။ သူကား တိုက်ပင် မတိုက်ခိုက်ဘဲ ရှေ့သို့ တက်လာခြင်းသာ ဖြစ်လေသည်။ နတ်ဆိုးလှံမြူများမှာ ကမ္ဘာ၏ဖိနှိပ်ခြင်းခံထားရပုံပင်။ တဖောက်ဖောက် မြည်သံများ ကြားနေရပြီး ၎င်းမှာ အလိုလိုကျုံ့လာ၏။ မရေမတွက်နိုင်သောမျက်နှာများမှာ အတွင်းသို့ စုပ်ယူခံရကာ နတ်ဆိုးမနော၏ခေါင်းကြီးအသွင်ပြောင်းသွားတော့သည်။
၎င်း၏မျက်နှာထားမှာ မလေးနက်စဖူး လေးနက်နေ၏။ ဤဖိအားအောက်တွင် ၎င်းက ဟိန်းဟောက်လိုက်သည်။ ထို့နောက် နောက်ဆုတ်လာပြီး ပျက်စီးတော့မည့်အလား မှေးမှိန်ပျောက်ကွယ်လာသည်။ ခေါင်းဆောင်ကြီးဟုရန်က ၎င်းအနားကပ်သွားပြီး ဤအခိုက်အတန့်တွင် နတ်ဆိုးမနောက တဟုန်ထိုး လှုပ်ရှားလိုက်သည်။ ရုတ်တရက် ဘက်ပေါင်းစုံမှ မိစ္ဆာချီများက ၎င်းဆီ တိုးဝင်လာကာ ဧရိယာကမ္ဘာကို တိုက်ခိုက်လိုက်သော လှိုင်းများဖြစ်သွားပြီး နတ်ဆိုးမနောအား အောင်အောင်မြင်မြင် ရုန်းထွက်နိုင်လိုက်စေသည်။
၎င်းသည် ဟိန်းဟောက်ကြုံးဝါးရင်း မန်ဟို့ဆီ ပြန်လည်ရောက်ရှိလာသည်။ အနက်ရောင်မြူများမှာ လုံးပါးပါးတော့မည့်အလား အတိုင်းထက်အလွန် မှေးမှိန်နေလေပြီ။ မန်ဟိုက ၎င်းကို ပြန်သိမ်းလိုက်သည်။ ဤအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးဟုရန်သည် မန်ဟိုထံမှ မီတာသုံးရာခန့် ဝေးကွာနေ၏။
မန်ဟိုက နောက်ဆုတ်လိုက်သည်။ ဤမီတာသုံးရာအကွာအဝေးမှပင်လျှင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်၏ ကြောက်စရာကောင်းပုံကို မန်ဟို ရှင်းရှင်းလင်းလင်း ခံစားနေရသေးလေသည်။
"သိပ်ခံပြင်းနေစရာမလိုပါဘူး" ခေါင်းဆောင်ကြီးဟုရန်က မန်ဟို့ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောသည်။ "ကံ ကံရဲ့အကျိုးကို ငါသိတယ်။ မင်း အပြစ်တင်ချင်သပဆိုရင် မင်းရဲ့ ဆိုးရွားတဲ့ကံကိုသာ အပြစ်တင်"
ဤအခိုက်တွင် သွေးခွေးကြီးသည် ခေါင်းထောင်ပြီး အရာအားလုံးကို တုန်ခါသွားစေသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်၏။ ရုတ်တရက် စွမ်းအားများ ထွက်ပေါ်လာပြီး ၎င်း၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အရှိန်အဝါကို ဖော်ပြလိုက်လေသည်။
အရှိန်အဝါ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်ကြီးဟုရန်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ သူက သွေးခွေးကြီးကို အလေးအနက် လှမ်းကြည့်၏။
တစ်ချိန်တည်းမှာပင် သွေးအလင်းရောင်မှာ သွေးခွေးကြီး၏မျက်လုံးများမှ ဖြာထွက်လာလေသည်။ ထို့နောက် ၎င်းကား လှစ်ခနဲ ခေါင်းဆောင်ကြီးဟုရန်၏ မီတာသုံးရာ ဧရိယာ အတွင်း ဝင်ရောက်သွားသည်။ ၎င်း ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဧရိယာမှာ ပုံပျက်ရှုံ့တွလာတော့သည်။
၎င်းက ဟိန်းဟောက်လိုက်ပြန်ရာ ၎င်း၏ခန္ဓာကိုယ်မှ အနီရောင်လှိုင်းများ ဖြာထွက်လာပြီး ခေါင်းဆောင်ကြီးဟုရန်၏ ဧရိယာ နှင့် ဝင်တိုက်သွားလေသည်။ ခေါင်းဆောင်ကြီးဟုရန်၏မျက်နှာမှာ တစ်ကိုယ်လုံးရှိ သွေးအားလုံး ပြောင်းပြန်စီးသွားသည့်အလား ဖြူဆုပ်သွားတော့သည်။
ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်ခု သူ၏မျက်လုံးများမှ တောက်ပလာသည်။ တစ်ချိန်လုံး သူသည် ရှေ့သို့ ရွေ့လျားလာခဲ့သော်လည်း ယခုတွင် ရပ်လိုက်လေပြီ။
သူက သွေးခွေးကြီးကို အနီးကပ်ကြည့်ပြီးနောက် ဖြေးညှင်းစွာပြောသည်။ "ပဋိညာဉ်ပြုဖို့ ငါ့သွေးအဆီအနှစ် ဆယ်ရာခိုင်နှုန်းကုန်မယ်တဲ့လား။ ဒီအင်မိုတယ်သားရဲက မဆိုးဘူးပဲ။ သူ့ဘာသာသူ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရောက်ခဲ့တာမဟုတ်ဘဲ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အမွေအနှစ်ကနေ ဉာဏ်အလင်းရတာဖြစ်မယ်။ ဒါပေမဲ့...အဲ့ဒီလို မသေခြင်းစိတ်ဆန္ဒမျိုးက တကယ် ရှားမှ ရှားပဲ"
သွေးခွေးကြီးတစ်ကိုယ်လုံး တုန်ရီသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် တွန်းထုတ်ခံလိုက်ရ၏။ ၎င်းက ခေါင်းဆောင်ကြီးဟုရန်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး မာန်ဖီလိုက်သည်။
သွေးခွေးကြီး၏ ဧရိယာ မှာ ခေါင်းဆောင်ကြီးဟုရန် ပြောခဲ့သည့်အတိုင်းပင်။ ၎င်းအား ကိုယ်ပိုင်အသိအမြင်မှ မဟုတ်ဘဲ အမွေအနှစ်မှတစ်ဆင့် ရခဲ့ခြင်းဖြစ်သည်။ သို့သော် သွေးအင်မိုတယ်၏ အမွေအနှစ် ဧရိယာ မှာ နယ်နယ်ရရမဟုတ် ... မသေခြင်းစိတ်ဆန္ဒဖြစ်၏။
ပထမခွဲထွက်ခြင်းမှာ သွေးကို ဖျက်စီးခြင်းဖြစ်သည်။ ခန္ဓာကိုယ်ထဲရှိ သွေးအလုံးစုံ ဖျက်စီးခံရလေသည်။
သွေးသည် ရှင်ခြင်းကို ကိုယ်စားပြု၏။ သို့ဖြစ်၍ သွေးကို ဖျက်စီးခြင်းမှာ ရှင်ခြင်းကို ဖျက်စီးလိုက်ခြင်းနှင့်တူသည်။ မသေဘဲ ရှင်သန်နေခြင်းကား.... မသေခြင်းသာဖြစ်ပေမည်။
ထို့ကြောင့် ဤမသေခြင်းနယ်မြေသည် သဘာဝနိယာမပေါ် သက်ရောက်မှုရှိပြီး သွေးအား တားမြစ်ကန့်သတ်ထားသော ကမ္ဘာတစ်ခုအား ဖန်တီးပေးလိုက်လေသည်။
သွေးခွေးကြီးနှင့် ခေါင်းဆောင်ကြီးဟုရန်တို့ အပြန်အလှန် တွန်းလှန်နေသော အခိုက်အတန့်တွင် မန်ဟို၏ မျက်လုံးများ တောက်ပသွား၏။ ခေါင်းဆောင်ကြီးဟုရန်၏ ခွန်အားကို အကဲစမ်းပြီးနောက်တွင် သူ့အနေဖြင့် သူနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အကြား ခြားနားချက်များကို ရှင်းလင်းပြထားသော ပုံရိပ်တစ်ခုအား စိတ်ထဲတွင် မြင်ယောင်နိုင်လိုက်သည်။
"ငါ ...ဒီလူ့ကို တိုက်ခိုက်နိုင်တယ်" သူက ရှေ့နှစ်လှမ်းတက်လိုက်သည်။ ဤခြေလှမ်းများနှင့်အတူ ဒုတိယဝိညာဉ်အဆင့်သို့ ဝင်ရောက်လိုက်၏။ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာနှစ်ခု၏စွမ်းအား သူ့ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာသည်။
သူ၏အရှိန်အဝါမှာ ဝဲကဲ့သို့ ဖြာထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ အရပ်ပိုရှည်ပြီး ပိုမိုကျစ်လစ်လာ၏။ သူက သုံးလှမ်းမြောက် ခြေလှမ်းလှမ်း၍ ခုနစ်ထွေဝိညာဉ်ပြောင်းလဲခြင်းမှ တတိယဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်လိုက်လေပြီ။ အနုသုခုမရုပ်ခန္ဓာသုံးခုပေါင်းစည်းသွားမှုက မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာလေးခုနှင့် ညီမျှသော အတိုက်အခိုက်စွမ်းရည်ကို ထုတ်ဖော်ပေးလေသည်။ သူသည် အရပ်ပိုရှည်လာပြီး ပို၍ပင် အင်အားကြီးမားလာ၏။
"မင်းမှာ ယာယီစွမ်းအားမြှင့်နိုင်တဲ့နည်းလမ်းတစ်ခုခုရှိနေရင်တောင်မှ" ခေါင်းဆောင်ကြီးဟုရန်က အေးတိအေးစက်ပြောသည်။ "မင်းကိုယ်မင်း... အထင်ကြီးနေသေးတာပဲ" သူသည် အင်္ကျီလက်စကို ခါလိုက်ရာ မီတာသုံးရာနယ်မြေမှ သွေးခွေးကြီးဆီသို့ လှိုင်းများဖြာထွက်သွားစေသည်။ သွေးခွေးကြီးလည်း ဟိန်းဟောက်မာန်ဖီလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်မှာ သွေးရောင်တောက်လာ၏။ ၎င်းလည်း မီတာ ၂၅၀သာရှိသော ဧရိယာကမ္ဘာတစ်ခုကို ဖော်ဆောင်လိုက်သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တိုက်ပွဲများမှာ အနုသုခုမရုပ်ခန္ဓာအဆင့်တိုက်ပွဲများနှင့် ကွဲပြားသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူအားလုံး၌ ဧရိယာကမ္ဘာများရှိလေသည်။ ဧရိယာကမ္ဘာကို မဖျက်စီးနိုင်လျှင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူအား အန္တရာယ်ပြုမရပေ။
သွေးခွေးကြီးနှင့် ခေါင်းဆောင်ကြီးဟုရန်အကြားတွင် ဧရိယာကမ္ဘာနှစ်ခုမှာ တစ်ခုကိုတစ်ခုကို ဆန့်ကျင်တိုက်ခိုက်နေသည်။ မန်ဟို၏ နှင်းလေအေးတို့က တိုက်ခတ်နေပြီး သူ၏အရှိန်အဝါမှာ မြင့်တက်လာနေ၏။ သူက လေးလှမ်းမြောက်အား လှမ်းလိုက်လေပြီ။
အနုသုခုမရုပ်ခန္ဓာလေးခု ပေါင်းစည်းသွား၏။ တဖောက်ဖောက်မြည်သံများ ထွက်လာပြီး မန်ဟို၏ခန္ဓာကိုယ်မှာ ပိုထွားလာပြန်သည်။ ယခုတွင် စာပေသမားအငွေ့အသက်မှာ ပျောက်ကွယ်သွားပြီး အင်မိုတယ်နတ်ဆိုးကြီးတစ်ကောင်၏ အခိုးအငွေ့များ ထလာ၏။ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာရှစ်ခု၏ အတိုက်အခိုက်စွမ်းရည် ပေါက်ကွဲထွက်လာသည်။
ထိုကဲ့သို့အတိုက်အခိုက်စွမ်းရည်၊ ထိုကဲ့သို့စွမ်းအားမျိုးက ပတ်ဝန်းကျင်ရှိလေများအား မန်ဟို့ကို ဗဟိုပြု၍ ဝဲကဲ့သို့ လည်လာစေသည်။ ဤအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးဟုရန်ပင်လျှင် ထိုအစွမ်းအစမျိုးကြောင့် သိသိသာသာ မအံ့ဩမိဘဲ မနေတော့ပေ။
ခေါင်းဆောင်ကြီးဟုရန်မှာ မန်ဟိုလို အစွမ်းထက်သော အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
"မင်းမှာ သာမန်မဟုတ်တဲ့ ယာယီစွမ်းအားမြှင့်နည်းလမ်း ရှိနေတာပဲ..." သူက မျက်လုံးများ ကျဉ်းမြောင်း၍ တွေးဆဆပြောသည်။
ဤအခိုက်အတန့်တွင် မန်ဟိုက ခေါင်းဆောင်ကြီးဟုရန်ကို မမှိတ်မသုန်ကြည့်ရင်း ငါးလှမ်းမြောက်ကို လှမ်း၍ ခေါင်းဆောင်ကြီးဟုရန်၏ ဧရိယာကမ္ဘာထဲ ဝင်ရောက်လိုက်လေပြီ။
ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟိုသည် သူ့အပေါ် သက်ရောက်လိုက်သော ဧရိယာကမ္ဘာ၏ မယုံကြည်နိုင်ဖွယ်ဖိအားကြီးကို ခံစားလိုက်ရ၏။ ရုတ်တရက် တောင်ကြီးတစ်လုံး သူ့အပေါ် ကျလာသကဲ့သို့ဖြစ်လေသည်။ ထိုဖိအားကြီး သက်ရောက်လိုက်သည့်အခိုက်အတန့်မှာပင် အရောင်ငါးရောင် ပေါင်းစည်းပြီး ပဉ္စမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်လိုက်သဖြင့် မန်ဟို၏ ခန္ဓာကိုယ်မှ ဂျိန်းခနဲ ထစ်ချုန်းသွားလေ၏။
ပဉ္စမဝိညာဉ်ခန္ဓာနှင့်အတူ မဟာစက်ဝန်းအနုသုခုမရုပ်ခန္ဓာတစ်ခု၏ (၁၆)ဆ အတိုက်အခိုက်စွမ်းရည် လိုက်ပါလာသည်။ ထိုကဲ့သို့ ကြောက်ခမန်းလိလိ စွမ်းအားမျိုးက မီတာသုံးရာ ဧရိယာ မှ ထုတ်လွှတ်နေသော ဖိအားကို တိုက်ခိုက်လိုက်သည့်အတွက် လှိုင်းတွန့်များထသွားလေသည်။
ထိုမြင်ကွင်းက ခေါင်းဆောင်ကြီးဟုရန်အား တုန်လှုပ်သွားစေ၏။
မီတာသုံးရာ ဧရိယာ ဆိုသည်မှာ မည်သည့်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမဆို ဦးညွတ်သွားစေမည့် အရာမျိုးဖြစ်သည်။ ခေါင်းဆောင်ကြီးဟုရန် တစ်ချက်ကလေး တွေးလိုက်ရုံနှင့် ထိုလူမှာ စိစိညက်နင်းခြေခံရမည်သာဖြစ်၏။
သို့ရာတွင် မန်ဟိုကား အံ့ဖွယ်သရဲနည်းလမ်းတစ်ခုကိုသုံး၍ စွမ်းအားကို မြှင့်တင်ရင်း ဤမီတာသုံးရာ ဧရိယာ ကို ပြန်တိုက်ခိုက်နေလေပြီ။
"ဒီကောင့်ကို အသက်ချမ်းသာပေးလို့မဖြစ်ဘူး" ခေါင်းဆောင်ကြီးဟုရန်က တွေးသည်။ "သူက အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်မှာပဲ ရှိသေးပေမယ့် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေပြီ။ သူ့ရဲ့ စိတ်ဝိညာဉ်ကိုသာ ခွဲထွက်လိုက်ရင်တော့...."
ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် အခြေအနေကို အလေးအနက်ထားဖူးခြင်း ဖြစ်လေသည်။ သူ၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ပြင်းထန်လာပြီး သူက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူသည် သွေးခွေးကြီးကို ခုခံနေသော မီတာသုံးရာဧရိယာ၏ တစ်စိတ်တစ်ပိုင်းကို ချက်ချင်းယူကာ မန်ဟို့အပေါ် သက်ရောက်လိုက်စေ၏။
"မင်း အချိန်မရွေး နောက်ဆုံးအခြေအနေရောက်တော့မှာမဟုတ်လား။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရဲ့ ရှေ့မှောက်မှာ ... မင်းရဲ့ အနုသုခုမရုပ်ခန္ဓာ ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ မင်းက ပိုးမွှားလေးတစ်ကောင်ထက် မပိုပေဘူး"
ခေါင်းဆောင်ကြီးဟုရန် ဧရိယာဖိအားကို မန်ဟိုအပေါ် သက်ရောက်စေလိုက်သည့်အခိုက်အတန့်မှာပင် မန်ဟိုက အံတင်းတင်းကြိတ်လိုက်၏။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်လာသည်။
"ဆဋ္ဌမဝိညာဉ်ခန္ဓာ"
ဝုန်း
ခြောက်ရောင်ပေါင်းစည်းသွား၏။ မန်ဟိုသည် အရပ်ပိုရှည်လာပြီး အင်မိုတယ်နတ်ဆိုးကြီးတစ်ကောင်အတိုင်းဖြစ်လာသည်။ ရဲစွမ်းသတ္တိရှိသော အငွေ့အသက်များ ပျံ့လွင့်လာ၏။ သူကား ယခုတွင် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၃၂)ခု နှင့်ညီမျှသော ကျင့်ကြံအဆင့်ကို ပိုင်ဆိုင်သွားလေပြီ။ ဤသည်မှာ ကျင့်ကြံခြင်းလောကတွင် တစ်ခါမှ မမြင်ခဲ့ဖူးသော အနုသုခုမရုပ်ခန္ဓာစွမ်းအားအဆင့် ဖြစ်လေ၏။
***