အကင်းပါးသော သွေးခွေးကြီး
Vol. 39 Ch. 542
မန်ဟိုသည် မီတာသုံးရာဧရိယာမှ ဖိအားကို ရင်ဆိုင်နေရစဉ် သူ၏ဆဋ္ဌမဝိညာဉ်ခန္ဓာစွမ်းအားအလုံးစုံကို လက်နှစ်ဖက်သို့ ပေးပို့လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို မြှောက်ပြီး လေထုကို စုတ်ဖြဲလိုက်သည်လှုပ်ရှားမှု လုပ်လေသည်။
သူ့အရှေ့ရှိ လေထုမှာ ပုံပျက်သွားပြီး ဗြိခနဲ အသံကြားလိုက်ရသည်။ ပုံသဏ္ဌာန်မရှိသော အတားအဆီးတစ်ခုခု ရုတ်တရက် ၏ စုတ်ဖြဲခံလိုက်ရပုံပင်။ မန်ဟို၏ခန္ဓာကိုယ်မှာ မမြင်ရသောဖိအားတစ်ခုမှ ကင်းလွှတ်သွားသည့်အလား ချက်ချင်းဆိုသလို သက်တောင့်သက်သာ ဖြစ်သွား၏။
"သွေးခွေးကြီး" မန်ဟိုက ရှေ့တက်လာရင်း ပြောသည်။ သွေးခွေးကြီးက ဟိန်းဟောက်လိုက်ရာ ၎င်း၏ မီတာနှစ်ရာ့ငါးဆယ်ဧရိယာကို မန်ဟို့အား ဝန်းရံစေလိုက်သည်။ မန်ဟိုက သွေးခွေးကြီးနှင့်အတူ ခေါင်းဆောင်ကြီးဟုရန်ဆီ ပြေးထွက်သွား၏။
မန်ဟိုကြောင့် ခေါင်းဆောင်ကြီးဟုရန်၏ မျက်နှာအမူအရာမှာ ဒုတိယအကြိမ် ပြောင်းသွားရပြန်သည်။
သူက အေးစက်စက် နှာမှုတ်လိုက်၏။ မန်ဟိုနှင့် သွေးခွေးကြီး နီးကပ်လာစဉ် သူသည် ညာလက်ကို မြှောက်၍ အင်္ကျီလက်စကို အရှေ့တွင် ခါလိုက်သည်။ မည်သည့် မှော်ပစ္စည်းမှ ပေါ်မလာသလို၊ မည်သည့်နတ်ဘုရားစွမ်းရည်မှလည်း မဟုတ်။ လက်စသည် ပုံမှန်ခါလိုက်သလို ခါသွားခြင်းသာ။ သို့သော် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ယောက်အတွက်တော့ အင်္ကျီလက်စလေးတစ်ချက် သာမန်ကာလျှံကာ ခါလိုက်ခြင်းက မယုံကြည်နိုင်ဖွယ်စွမ်းအားကြီးကို ပေါက်ကွဲသွားစေ၏။
မီတာသုံးရာဧရိယာမှာ မီတာတစ်ရာ့ငါးဆယ်သာ ရှိတော့သည်အထိ ကျုံ့သွားပြီး ၎င်း၏အင်အားကို နှစ်ဆတိုးသွားစေသည်။ ဧရိယာသည် နတ်ဘုရားစွမ်းရည်အလုံးစုံကို စိစိညက်ညက် ခြေပစ်နိုင်သော ဖိအားကြီးဖြင့် အရာအားလုံးအပေါ် ဖိနှိပ်လိုက်လေ၏။ ၎င်းက မီတာတစ်ရာ့ငါးဆယ်အမှတ်တွင် မန်ဟိုနှင့် သွေးခွေးကြီးအား ဝင်တိုက်ပစ်လိုက်လေပြီ။
ပေါက်ကွဲသံများ မိုးထိညံသွား၏။ မန်ဟို၏ညာလက်က လက်သီးဆုပ်ပြီး ထိုးချလိုက်သည်။ ဤလက်သီးမှာ တောင်တန်းများကိုပင် ဖြိုချပစ်နိုင်သည့်အလား သူ့ကိုယ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားတော့သည်။ သွေးများ နှုတ်ခမ်းထောင့်မှ စီးကျလာသော်လည်း သူ၏မျက်လုံးကတော့ အေးစက်စက် တောက်ပနေမြဲပင်။ ဤတိုက်ပွဲ၏ကျေးဇူးကြောင့် သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို ယခင်ထက်ပို၍ ကောင်းကောင်း နားလည်လိုက်လေပြီ။
သွေးခွေးကြီးသည် ရက်စက်ကြမ်းကြတ်မှုတို့ ဆတိုးလျက် တစ်ကိုယ်လုံး တုန်ရီလာသည်။ ၎င်းထံမှ သွေးရောင်အလင်းက မီတာတစ်ရာ့ငါးဆယ်ဧရိယာအတွင်း ထိုးဖောက်ဝင်ရောက်သွား၏။ ၎င်းကိုယ်တိုင်လည်း ကြောက်မက်ဖွယ် စွမ်းအားကြီးကို ထုတ်ဖော်လျက် မန်ဟိုကို ဝန်းရံလိုက်ကာ သူ့ကား ထိန်းမနိုင်သိမ်းမရသော အားတစ်ရပ်ဖြင့် ရှေ့သို့ တွန်းပို့လိုက်သည်။
မန်ဟိုကား ခေါင်းဆောင်ကြီးဟုရန်ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားလေပြီ။ သူသည် မီတာတစ်ရာ့ငါးဆယ်ဧရိယာကို အောင်အောင်မြင်မြင်ထိုးဖောက်ကာ ခေါင်းဆောင်ကြီးဟုရန်နှင့် အမှန်တကယ် ထိတွေ့ဝင်တိုက်သွားတော့၏။
ဘန်းးးး
ခေါင်းဆောင်ကြီးဟုရန်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ့မျက်လုံးထဲရှိ အလင်းရောင်မှာ ပို၍စူးရှလာသည်။ သူ၏ မီတာတစ်ရာ့ငါးဆယ်ဧရိယာမှာ ၎င်းကို တိုက်ခိုက်လိုက်သော စွမ်းအား၏အောက်ဝယ် ကျုံ့သွား၏။ ၇၅ မီတာအထိ ကျုံ့ဝင်သွားသည့်နောက်မှ မန်ဟိုနှင့်သွေးခွေးကြီး၏တိုက်ခိုက်မှုကို ထိန်းညှိနိုင်သွားလေသည်။
"ဒီအင်မိုတယ်သားရဲက ဉာဏ်နီဉာဏ်နက်များတယ်။ တကယ့်စွမ်းအားကို ဖုံးကွယ်ထားခဲ့တာကိုး" ခေါင်းဆောင်ကြီးဟုရန်၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များ ပြည့်သွားသည်။ သူ၏အမူအရာသည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာ၏။ သို့သော် စိတ်ထဲတွင်တော့ တုန်လှုပ်နေချေသည်။ သူ၏စိတ်ဝိညာဉ်ခွဲထွက်ခြင်း ဧရိယာကို ယခုလို တုန်လှုပ်စေနိုင်သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကြုံတွေ့ရခြင်းက သူ၏မန်ဟို့ကို သတ်ဖြတ်လိုစိတ်အား ပို၍အားကောင်းလာစေသည်။ မန်ဟို နောက်မဆုတ်နိုင်ခင် ခေါင်းဆောင်ကြီးဟုရန်က သူ၏ ၇၅ မီတာ ဧရိယာနှင့်အတူ ရှေ့တက်လာ၏။
"မင်းကို သတ်ပြီးရင် ဒီသားရဲကို အရေခွံစုတ်ပစ်မယ်" သူက တည်ငြိမ်သောလေသံနှင့် ပြောသည်။ သူ၏စကားလုံးများတွင် စွမ်းအားလှိုင်းများ မပါဝင်သော်လည်း အသတ်အဖြတ်စိတ်ဆန္ဒမှာတော့ သိသာပေါ်လွင်နေ၏။
၇၅ မီတာ ဧရိယာသည် တားမြစ်နယ်မြေနှင့်တူသည်။ ၎င်းအတွင်း ဝင်ရောက်လိုက်လျှင် ဒဏ်ရာအပြင်းအထန် ရပေလိမ့်မည်။ ၎င်းရှေ့သို့ ရွေ့လျားလာစဉ် လေထုမှာ တုန်ရီလာ၏။ ဧရိယာ မန်ဟို့အနား ရောက်တော့မည်ကို မြင်သော် သွေးခွေးကြီးက ဟိန်းဟောက်လိုက်ပြီး ၎င်း၏မျက်ဝန်းတွေမှာ ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်သွားလေပြီ။ ၎င်းသည် မန်ဟိုနှင့်အတူ ကြီးပြင်းလာခဲ့သည့်အတွက် လူများကို ကလိမ်ကျရာနှင့်ပတ်သက်လျှင် သူ့သခင်ဆီမှ အမွေရထားသည်ဟုပင် ဆိုနိုင်သည်။
၎င်း၏ ကိုယ်ပိုင်ဧရိယာမှာ ကျုံ့သွားပြီး ရှေ့သို့ ရွေ့လျားသွား၏။ ၎င်းကိုယ်တိုင်လည်း လက်ဖဝါးနှစ်ဖက်ကို မြှောက်ရင်း ခုန်တက်လိုက်သည်။
၎င်း၏လက်သည်းကြီးများမှာ အတိုင်းထက်အလွန် ချွန်ထက်နေချေသည်။ ၎င်းတို့က ခေါင်းဆောင်ကြီးဟုရန်၏ ရွေ့လျားလာသောဧရိယာထံသို့ ရွယ်ရင်း လေကို ပိုင်းချလိုက်သည်။ တဝုန်းဝုန်း ပေါက်ကွဲသွားပြီး ခေါင်းဆောင်ကြီးဟုရန် တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူက တုံ့ခနဲ ရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သွေးခွေးကြီးလည်း တုန်ရီသွားပြီး အသက်ချီတစ်လုပ် ထွေးထုတ်လိုက်သည်။ ထို့နောက် သေရမှာကို နည်းနည်းလေးမှ မကြောက်ရွံ့ဘဲ နောက်တစ်ခေါက် ပြေးတက်သွားလေသည်။
ဤတစ်ကြိမ်တွင် လက်သည်းများဖြင့် မတိုက်ခိုက်။ သွားကိုလည်း မသုံး။ ထိုအစား ခေါင်းကြီးဖြင့် ပြေးတိုက်လိုက်လေသည်။ ဤသည်ကား မန်ဟို၏သွေးခွေးကြီးဖြစ်၏။ အသက်ပေးရလျှင်တောင်မှ မန်ဟို့ကို ကာကွယ်ပြီး ရန်သူကို သတ်ဖြတ်ပစ်မည့် သွေးခွေးကြီးပင်။
ဒုန်း
ခေါင်းဆောင်ကြီးဟုရန် ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ နောက်သို့ တွန်းထုတ်လိုက်ရပြန်သည်။ သူသည် ပိုပို၍ ရက်စက်ကြမ်းကြုတ်လာသော သွေးခွေးကြီးကို ကြည့်ပြီး သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာ၏။ ထို့အပြင် မန်ဟိုကိုလည်း မနာလိုဖြစ်မိလေသည်။
"ငါ့လူးမ သားရဲ ... စွမ်းအားတွေကို လျှို့ဝှက်ထားတာပဲ။ ဒီလိုကောင်ကြီးမျိုးက တော်တော် တွေ့ရခဲတယ်"
ခေါင်းဆောင်ကြီးဟုရန် သူ့ကိုယ်သူ ကာကွယ်လိုက်ရပြန်သည့်အချိန်မှာပင် မန်ဟို၏အေးတိအေးစက်အသံက နောက်တစ်ဖန် ဟိန်းထွက်လာ၏။
"သတ္တမဝိညာဉ်ခန္ဓာ"
ဝုန်း
မန်ဟို၏ခန္ဓာကိုယ်မှာ တမုဟုတ်ချင်း ထွားလာပြန်သည်။ ဒေါသူပုန်ထနေသော လေမုန်တိုင်းကြီးက သူ၏ပတ်ပတ်လည်တွင် တဝေါဝေါ တိုက်ခတ်နေ၏။ ကောင်းကင်မှာ မှေးမှိန်လာပြီး အရာအားလုံး တုန်ခါလာသည်။ သူ၏အပြင်အားကိုယ်မှာ အံ့ဩတုန်လှုပ်ဖွယ်ရာအတိုင်းအတာအထိ ကျစ်လစ်တောင့်တင်းလာလေပြီ။ သူသည် ယခုတွင် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၃၂ ခုထက် များစွာပို၍ အစွမ်းထက်သွားပြီဖြစ်၏။ တိတိကျကျဆိုရလျှင် .... ၆၄ ဆ ဖြစ်လေသည်။
ယခုလို အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်သည် သမိုင်းတွင် ပြိုင်ဘက်ကင်းတုနှိုင်းမဲ့၏။ နောက်နောင်တွင်လည်း ထိုကဲ့သို့လူမျိုး ဘယ်တော့မှ ရှိလာလောက်မည် မဟုတ်ပေ။ မန်ဟို၏ဆံပင်များမှာ လေတွင် လွင့်မျောလျက်ရှိသည်။ သူက ခိုင်မာတောင့်တင်းသော အပြင်အားကိုယ်၊ ပြောင်မြောက်သော အတိုက်အခိုက်စွမ်းရည်နှင့် ကြောက်မက်ဖွယ်အရှိန်အဝါတို့က ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါရမ်းပစ်နိုင်သည်။
ယခုအခိုက်အတန့်တွင် သူကား အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအနက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအအဆင့်ကို တိုက်ခိုက်နိုင်သော အစွမ်းထက်ဆုံးကျင့်ကြံသူ ဖြစ်သွားလေပြီ။
သူသည် မူလအရပ်ထက် မီတာဝက်နီးပါ မြင့်မားလာပြီး ပခုံးလည်း ပိုကျယ်လာ၏။ ကျစ်လစ်သော ကိုယ်ခန္ဓာနှင့် မားမားမတ်မတ် ရပ်နေသော သူ၏ပုံစံမှာ လူတကာကို အသက်ရှူမှားသွားစေနိုင်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် နတ်ဆိုးကြီးတစ်ကောင်နှင့်တူလေသည်။ သူ၏မျက်လုံးများက အရာအားလုံးကို ရေခဲပစ်နိုင်သည့်အလား အေးစက်စူးရှနေချေ၏။
"မဖြစ်နိုင်ဘူး" ခေါင်းဆောင်ကြီးဟုရန် မျက်စိမျက်နှာပျက်သွားသည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် ခေါင်းဆောင်ကြီးဟုရန်အတွက် အဆင့်တူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင်သာ မြင်ရမည့်ဖိအားမျိုးကို ထုတ်လွှတ်နေလေပြီ။
ခေါင်းဆောင်ကြီးဟုရန်၏ ၇၅ မီတာဧရိယာ နီးကပ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက တုံ့ဆိုင်းခြင်းမရှိ ရှေ့တက်လိုက်သည်။ သူသည် အပြင်အားကိုယ်ခွန်အားကိုသာ အားပြုရင်း ၇၅မီတာဧရိယာအတွင်းသို့ တန်းတန်းမတ်မတ် ပြေးတက်သွားလေသည်။
ဖောင်း
လှိုင်းတွန့်များ ၇၅ မီတာဧရိယာတစ်လျှောက် ဖြာထွက်သွားသည်။ ၎င်းမှာ မီတာ ၃၀ ရောက်သည်အထိ ကျုံ့သွားလေသည်။ မန်ဟိုက နတ်ဆိုးကြီးတစ်ကောင်အလား တုန်လှုပ်နေသော ခေါင်းဆောင်ကြီးဟုရန်ထံမှ မီတာ ၃၀ အကွာတွင် ပြန်ပေါ်လာသည်။ ထို့နောက် လက်သီးဆုပ်ပြီး ထိုးချလိုက်၏။
ဤသည်မှာ နတ်ဘုရားစွမ်းရည်မဟုတ်သလို၊ မှော်ပညာရပ်လည်းမဟုတ်။ မှော်ပစ္စည်းတွေလည်း မပါ။ သူ၏အပြင်အားကိုယ်ခွန်အားသက်သက်သာ ဖြစ်သည်။ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄)ခု၏ အတိုက်အခိုက်စွမ်းရည်များ အတူတကွ ပေါင်းစည်းသွားသည်။ ၎င်းကား .... ကျင့်ကြံခြင်းလောက၏ အနုသုခုမရုပ်ခန္ဓာအဆင့်တွင် တစ်ခါမှ မမြင်ခဲ့ဖူးသော လက်သီးကြီးဖြစ်၏။
ဝုန်းးးးးးး
မန်ဟို၏လက်သီးကြီးက မီတာ ၃၀ ဧရိယာကို ရစရာမရှိအောင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေတော့သည်။ အပိုင်းအစများက အရပ်ရှစ်မျက်နှာသို့ လွင့်စင်ထွက်ကုန်၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်း ဧရိယာကား ကွဲကြေသွားခဲ့လေပြီ။
ထိုအခိုက်အတန့်မှာပင် သွေးခွေးကြီးသည် ဟိန်းဟောက်ပြီး လျှပ်စီးလို ပြေးဝင်သွား၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်း ဧရိယာ ပျက်စီးသွားသည်နှင့် ၎င်းက ခေါင်းဆောင်ကြီးဟုရန်ဆီ ခုန်အုပ်ပြီး ကြောက်စရာအစွယ်ကြီးများဖြင့် ရက်ရက်စက်စက် ကိုက်ချလိုက်သည်။
ခေါင်းဆောင်ကြီးဟုရန်က ခုခံရန် လက်နှစ်ဖက်လုံး ဝှေ့ယမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး အံ့သြမယုံကြည်နိုင်သောမျက်နှာထားဖြင့် နောက်လွင့်ထွက်သွားတော့သည်။ သူ၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းဧရိယာမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားလိမ့်မည်ဟု သူ တစ်ခါမှ စိတ်ပင်မကူးခဲ့ဖူးပေ။
သူ့မှာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို ကောင်းကောင်း မယုံကြည်နိုင်သေးပေ။ ယခုတွင် သူ၏ မန်ဟို့ကို သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။ အမှန်တော့ သူ့မှာ မန်ဟို့ကို ရန်စခဲ့မိသည်ကို နောင်တရစပြုနေပြီဖြစ်၏။
ယခုကဲ့သို့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို ပြန်တိုက်ခိုက်နိုင်သော အနုသုခုမရုပ်ခန္ဓာအဆင့် အစွမ်းထက်ပညာရှင်မျိုးမှာ မည်သည့်ကျင့်ကြံသူမဆိုအတွက် အိပ်မက်ဆိုးကြီးဖြစ်သည်။ သူသာ မသေလျှင် မျိုးနွယ်စုတစ်စုလုံး မျိုးပြုတ်ပေလိမ့်မည်။
"မင်း ဒီနေ့ သေရမယ်" ခေါင်းဆောင်ကြီးဟုရန်က ဟိန်းဟောက်လိုက်သည်။ သူသည် လောလောဆယ်တွင် သွေးခွေးကြီး၏အနောက်၌ ရပ်နေသော မန်ဟို့ကို ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွား၏။ မန်ဟို၏ သူမတူသော အပြင်အားကိုယ်က ခေါင်းဆောင်ကြီးဟုရန်ကို မနာလိုဖြစ်မိသွားစေသည်။ သူသည် ညာလက်ဖြင့် ရုတ်တရက် မုဒြာလက်ကွက်ဖော်ကာ ဧရာမဘီးကြီးတစ်လုံး၏ပုံရိပ် သူ့အရှေ့တွင် ပေါ်လာစေလိုက်၏။
ဤအခိုက်အတန့်တွင် မန်ဟိုက လေကိုခွင်းကာ နောက်တစ်ချက် ထိုးချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သူသည် ခေါင်းဆောင်ကြီးဟုရန်အနား ရောက်သွားပြီဖြစ်၏။
"အချိန်ဘီး ၊ စကြဝဠာသေဆုံးခြင်း ။ ပထမဆုံးအလှည့် ၊ အချိန်ဖျက်စီး" သူက နောက်ဆုံးလက်ကွက်ကို ဖော်ပြီးနောက် လက်ကို အရှေ့သို့ တွန်းထုတ်လိုက်၏။ သူ့အရှေ့တွင် ပုံရိပ်ယောင်တစ်ခု ရုတ်တရက်ရှင်းလင်းလာသည်။ ၎င်းသည် အနက်ရောင်စစ်ရထားဘီးကြီးဖြစ်၏ ။
၎င်းက ရှေးကျသော အချိန်အငွေ့အသက်ကို ထုတ်လွှတ်နေပြီး မရေမတွက်နိုင်သောမှော်သင်္ကေတများ ရေးထိုးထား၏။ မှော်သင်္ကေတများသည် မှိတ်တုတ်မှိတ်တုတ်လက်လာပြီး ဘီးကြီးကား စလည်လာလေပြီ။
မန်ဟို၏လက်သီးကြီး ကျဆင်းလာပြီး ဘီးကို ဝင်တိုက်တော့မည့်အချိန် အန္တရာယ်အာရုံကြီးတစ်ခု ရလိုက်၏။ သွေးခွေးကြီးက ဆောလျင်စွာ အာရုံရလိုက်၍ သူ့ကို ပါးစပ်ဖြင့် လှမ်းကိုက်ချီပြီး နောက်သို့ တဟုန်ထိုး ဆုတ်ခွာလိုက်သည်။
တစ်ချိန်တည်းမှာပင် ဘီးမှ အကန့်အသတ်မဲ့အချိန်စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ဤစွမ်းအားမျိုးမှာ မန်ဟိုကိုင်စွဲသော အမျိုးအစားနှင့် ကွဲပြား၏။ ဆန့်ကျင်ဘက်ဟု ဆိုရမည်။ မန်ဟိုမှာ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် သူ ဖျက်စီးခဲ့သော ဧရိယာမှာ အကောင်းတိုင်းပြန်ဖြစ်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရလေသည်။ မီတာခြောက်ဆယ်ကျော် ဆုတ်ပြီးနောက် မန်ဟို၏ သတ္တမဝိညာဉ်ခန္ဓာမှာ အားပြန်လျော့လာပြီဖြစ်သည်။
ခေါင်းဆောင်ကြီးဟုရန်က အေးတိအေးစက်ရယ်ပြီး သူ၏မျက်လုံးများက အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက ဖျတ်ခနဲ ပျောက်သွားပြီး မန်ဟို၏အနောက်တည့်တည့်တွင် ပြန်ပေါ်လာပြီး ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။ သွေးခွေးကြီးက ဟောင်လိုက်ရာ အနီရောင်အလင်းသည် လက်ချောင်းတိုက်ကွက်ကို ခုခံရန် ထွက်သွား၏။
ခေါင်းဆောင်ကြီးဟုရန် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် ကျိန်ဆဲကာ တိုက်ကွက်ကို အပြီးသတ်လိုက်သည်။ အနီရောင်အလင်းမှာ တခွမ်းခွမ်း ကြေမွသွား၏။ လာနေသော သွေးခွေးကြီးနှင့် ၎င်း၏ပါးစပ်ကြီးကို လျစ်လျုရှုရင်း ခေါင်းဆောင်ကြီးဟုရန်က သူ၏လက်ချောင်းကို မန်ဟို၏ကျောထံသို့ ဆက်လက်ထိုးချလိုက်သည်။
လက်ချောင်းတိုက်ကွက်က ကျဆင်းသွားပြီး ထစ်ချုန်းသံကြီး ကြားလိုက်ရ၏။ သို့သော် ၎င်းထိသွားသည်ကား မျက်လုံးမဲ့ပိုးချည်လွှာများပင်။ ပိုးချည်က တိုက်ကွက်၏ ကိုးဆယ်ရာခိုင်နှုန်းကို မန်ဟို့အား မထိခိုက်အောင် ဟန့်တားလိုက်နိုင်၏။
ကျန်ဆယ်ရာခိုင်နှုန်းက မန်ဟို့ကို ဝင်ဆောင့်လိုက်သဖြင့် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ သူ ရှေ့သို့ လွင့်ထွက်သွားသည့်နောက်ကို ခေါင်းဆောင်ကြီးဟုရန် လိုက်တော့မည့်ဆဲဆဲ သွေးခွေးကြီးက ကိုက်ချလိုက်လေပြီ။ ခေါင်းဆောင်ကြီးဟုရန် တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ့မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၍ မန်ဟို့နောက်လိုက်ရန်အတွေးများကို စွန့်လွှတ်လိုက်ရလေသည်။
"ငလူးမသားလေး" ခေါင်းဆောင်ကြီးဟုရန်က အံကြိတ်ထားသည့်ကြားမှ ပြောသည်။ သူ့မှာ သွေးခွေးကြီး၏ ကိုက်မြှောက်ခံထားရ၍ မန်ဟိုထွက်သွားသည်ကိုသာ ကြည့်နေရတော့သည်။ သူက မလိုက်နိုင်တော့သဖြင့် အေးစက်စက် နှာမှုတ်လိုက်သည်။ အချိန်စွမ်းအားသည် မန်ဟိုကို လွှမ်းခြုံထားဆဲဖြစ်သည့်အတွင် ဘယ်နည်းနှင့်မှ လွတ်မည်မဟုတ်ကြောင်း သူသိလေသည်။
"ဒီလိုဆိုမှတော့" ခေါင်းဆောင်ကြီးဟုရန်က မုဒြာလက်ကွက် ဖော်လိုက်ကာ "မင်းရဲ့ ဒီ ခွေးတိရိစ္ဆာန်ကောင်ကို သတ်ရုံပဲ ရှိတော့တာပေါ့" သွေးခွေးကြီး၏ ဧရိယာ ဖောင်းခနဲ ပေါက်ကွဲသွား၏။ သို့သော် ၎င်း၏ခန္ဓာကိုယ်မှ ဖြာထွက်နေသော အနီရောင်အလင်းသည် ရုတ်တရက် ခေါင်းဆောင်ကြီးဟုရန်ဆီသို့ ပြေးဝင်သွားသော ဆူးချွန်များ ဖြစ်သွား၏။ နှစ်ယောက်ကြားတိုက်ပွဲမှာ ချက်ချင်း ပြင်းထန်သွားလေပြီ။ တစ်ချိန်တည်းမှာပင် ခေါင်းဆောင်ကြီးဟုရန်က မန်ဟိုကို သတ်ရန် အခွင့်အရေးရှာနေ၏။
ဤအရာအားလုံးမှာ မီးတစ်ခတ်မျှကြာချိန်လေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။ လွင့်ထွက်သွားစဉ် မန်ဟို့ပါးစပ်မှ ပန်းထွက်လာခဲ့သော သွေးမှာ ရုတ်တရက် သူ့ပါးစပ်ထဲ ပြန်ဝင်တော့ခါနီးလေပြီ။
***