ရတနာများကို သိမ်းပိုက်ခြင်း
Vol. 39 Ch. 543
ဤအချိန်စွမ်းအားက မန်ဟို့ကို သေစေနိုင်သော အန္တရာယ်အား ခံစားလိုက်ရစေသည်။ သွေးများ သူ့ဆီ နောက်ပြန်ရွေ့လျားလာစဉ် သူ၏မျက်ဝန်းများက ရုတ်တရက် ခရမ်းတောက်သွား၏။ အရှေ့ဆေးဝါးဓာတ်ကူပညာရပ်၊ ချင်းလော်ဂိုဏ်းသားဟန်ပေ့ဆီမှ အချိန်မှော်ပညာနှင့် ကျောက်စိမ်းစာရွက်မှ လေ့လာသိရှိခဲ့သောပညာရပ် သုံးရပ်လုံးသည် မန်ဟို ထိုသွေးလုပ်အပေါ် ထားရှိခဲ့သော တံဆိပ်အမှတ်အသားတွင် အတူတကွပေါင်းစည်းသွား၏။
ဤအရာသည်လည်း အချိန်စွမ်းအားဖြစ်သည်။ သို့သော် အချိန်ကို နောက်ပြန်သွားစေမည့်အစား ဆန့်ကျင်ဘက်ကို လုပ်ဆောင်လိုက်သည်။ ထိုစွမ်းအားသည် အချိန်ဘီးမှ စွမ်းအားကို တန်ပြန်တိုက်ခိုက်ရင်း ပေါက်ကွဲထွက်လာလေပြီ။ ထစ်ချုန်းသံကြီး မြည်ဟည်းသွား၏။ တစ်ချိန်တည်းမှာပင် ခေါင်းဆောင်ကြီးဟုရန်မှာ နေရာရွှေ့ပြောင်းလိုက်သော်လည်း သွေးခွေးကြီး၏လက်သည်းကြီးဖြင့် ကုတ်ခြစ်ခံလိုက်ရပြန်သည်။ မန်ဟို၏ခန္ဓာကိုယ်မှာ လောလောဆယ်တွင် ပြန်လည်သက်သာလာနေ၏။ သူသည် အစိမ်းရောင်အခိုးအငွေ့ပြောင်းပြီး မဟူရာလတစ်စင်းဖြစ်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေပြီ။
ခေါင်းဆောင်ကြီးဟုရန်မှာ 'ဟင်' ခနဲ ရေရွတ်မိသွား၏။ ဤအခိုက်တွင် မန်ဟိုက နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေလျက် လေလယ်တွင် ပြန်ပေါ်လာခဲ့ပြီဖြစ်သည်။ သူ့မှာ သွေးကို သုတ်နေရန် အချိန်မရှိပေ။ သူသည် အသတ်အဖြတ်စိတ်ဆန္ဒ ပြည့်နေသော မျက်လုံးများဖြင့် ခေါင်းဆောင်ကြီးဟုရန်ကို လှမ်းကြည့်လိုက်၏။
"သွေးခွေးကြီး" မန်ဟိုက ဟိန်းဟောက်လိုက်၏။ သူသည် လေပေါ် ပျံတက်ပြီး မုဒြာလက်ကွက်ဖော်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဧရာမမျက်နှာကြီးတစ်ဖက် ပေါ်လာသည်။ တစ်ဆက်တည်းဆိုသလို သွေးခွေးကြီးသည် သွေးမျက်နှာကြီးအတွင်း ဝင်ရောက်ပေါင်းစည်းသွားသော သွေးအလင်းရောင်ဖြစ်သွားလေ၏။
သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်ကို သွေးခွေးကြီး၏စွမ်းအားနှင့် ပေါင်းစည်းခြင်းရလဒ်မှာ..... စစ်မှန်သော သွေးအင်မိုတယ်မှော်ပညာရပ်ပင်။
သွေးခွေးကြီးနိုးထမလာခင်တုန်းက မန်ဟို အသုံးပြုခဲ့သောအရာကို အစစ်အမှန်မှော်ပညာရပ်ဟု သတ်မှတ်မရပေ။ သို့သော် ယခုတွင် သူသည် နတ်ဘုရားစွမ်းရည်အစစ်ကို အသုံးပြုနေပြီဖြစ်၏။
မန်ဟို အချိန်ဘီးကို ရှောင်လိုက်နိုင်ခြင်းက ခေါင်းဆောင်ကြီးဟုရန်ကို အံ့ဩသွားစေပြန်သည်။ အထူးသဖြင့် အချိန်ပြောင်းပြန်ပညာရပ်ကို ရှောင်တိမ်းရန် မန်ဟိုသုံးခဲ့သော နည်းလမ်းမှာလည်း... အချိန်ဖြစ်နေ၍ပင်။
"မင်း နာမည်က မန်မဟုတ်ဘူး ဟန်ပဲ" ခေါင်းဆောင်ကြီးဟုရန်က ပြောသည်။ ဤအခြင်းအရာက မန်ဟို၏သူငယ်အိမ်များကို ကျဉ်းမြောင်းသွားစေပြီး အကြံအသစ်တစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။ ခေါင်းဆောင်ကြီးဟုရန်၏ စကားလုံးများကို မတုံ့ပြန်ဘဲ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏ အတိုက်အခိုက်စွမ်းရည် ထုတ်ဖော်လိုက်၏။ ချက်ချင်းပင် သွေးမျက်နှာကြီးသည် မျက်နှာကြီး ၆၄ အဖြစ် ကွဲထွက်သွားကာ တစ်ခုအပေါ်တစ်ခု ထပ်နေသော သရဲပုံရိပ်များ ဖြစ်လာသည်။ ထို့နောက် ၎င်းတို့က ပေါင်းသွားပြီး ခေါင်းဆောင်ကြီးဟုရန်ဆီ ပြေးဝင်သွား၏။
သွေးရောင်မျက်နှာကြီးများ လေကိုခွင်း၍ သွားနေစဉ် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်ကာ သစ်သားအချိန်ဓားများ ထုတ်လိုက်သည်။ သူသည် ၎င်းတို့၏အချိန်စွမ်းအားကို အသုံးမပြုဘဲ သာမန်ဓားပျံများသဖွယ် အသုံးပြုလိုက်၏။ ၎င်းတို့ကား သွေးရောင်မျက်နှာကြီးကို ထိုးဖောက်ပြီးနောက် ခေါင်းဆောင်ကြီးဟုရန်ထံသို့ ပြေးဝင်သွားကြလေပြီ။
ခေါင်းဆောင်ကြီးဟုရန် မျက်မှောင်ကြုတ်သွား၏။ သူ ဘာဖြစ်နေသည်လဲ အရိပ်အမြွက် သိလိုက်ပြီ။ သူသည် ညာလက်ကို မြှောက်၍ မုဒြာလက်ကွက်ဖော်ကာ အချိန်ဘီးထံ ညွှန်လိုက်သည်။ ချက်ချင်းပင် ရှေးဆန်သော အနက်ရောင်စစ်ရထားဘီးကြီး နောက်တစ်ခေါက် လည်သွားပြီး အချိန်စွမ်းအား ပေါ်ထွက်လာသည်။
အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရ၏။ လှိုင်းဂယက်များက အောက်ရှိ ခရမ်းပင်လယ်ကြီးကို တဖွေးဖွေး လှုပ်သွားစေသည်။ မန်ဟို၏သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည် မျက်နှာကြီး ခြောက်ကပ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ပြာကျသွားလေပြီ။
၎င်းက အချိန်ဓားဝင်္ကပါ ပေါ်ပေါက်လာသော အခိုက်အတန့်ဖြစ်သည်။ ဝင်္ကပါမှာ တွန်းကန်ရင်း တုန်ခါသွားသည်။ အကြောင်းတစ်ခုခုကြောင့် ဝင်္ကပါမှာ အတိတ်တုန်းကနှင့် အတော်လေး ကွဲပြားနေသယောင်ပင်။
ဤ မတူညီသော အချိန်စွမ်းအားအသစ်တစ်ရပ်ကို ရင်ဆိုင်ကြုံတွေ့ရခြင်းက တစ်နည်းနည်းဖြင့် အချိန်ဓားဝင်္ကပါကို ပြောင်းလဲစေခဲ့သည့်အလား ထင်ရသည်။
တစ်ချိန်တည်းမှာပင် ခေါင်းဆောင်ကြီးဟုရန်၏ အချိန်ဘီးကြီးသည် တုံ့ခနဲ ရပ်ပြီး မှေးမှိန်လာ၏။ သို့သော် ၎င်းအတွင်းရှိ အချိန်စွမ်းအားမှာ ပုံမှန်အတိုင်း အကန့်အသတ်မဲ့နေမြဲပင်။ ခေါင်းဆောင်ကြီးဟုရန်က မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီး လက်ညှိုးထိုးလိုက်ရာ အနက်ရောင်ဘီးကြီးကို မန်ဟိုထံသို့ ပျံသန်းသွားစေသည်။
မန်ဟိုက နောက်ဆက်ဆုတ်သွား၏။ သူသည် သွေးတစ်လုပ်ထွေးပြီးနောက် ဆေးလုံးတစ်လုံးထုတ်ကာ ချက်ချင်း စားလိုက်လေသည်။ ထို့နောက် ညာလက်ဖြင့် ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ နတ်ဆိုးလှံ ပေါ်လာသည်။ ၎င်းမှာ ယခင်နှင့်စာလျှင် အလွန်မှေးမှိန်နေပြီဖြစ်သော်လည်း ၎င်း၏မြူထုအတွင်း၌ ဟိန်းဟောက်နေသော မျက်နှာကြီးများ မရေမတွက်နိုင်အောင် ရှိသေးလေသည်။
မန်ဟိုက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နတ်ဆိုးလှံကို အားကုန်ပစ်ကာ နောက်ဆုတ်လိုက်သည်။ ၎င်းက အနက်ရောင်စစ်ရထားဘီးကြီးထံသို့ ဦးတည်သွား၏။
ထို့နောက် မန်ဟို၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာတော့သည်။ သူက ညာဘက်အင်္ကျီလက်စကို ခါပြီး တစ်ချိန်တည်းမှာပင် သူ၏နတ်ဘုရားအာရုံကို သွေးအင်မိုတယ်မျက်နှာဖုံးအတွင်းသို့ ပို့လွှတ်လိုက်သည်။ လောလောဆယ်တွင် သူသည် သတ္တမဝိညာဉ်ခန္ဓာတွင် ဖြစ်ရာ သူ၏နတ်ဘုရားအာရုံ တံခွန်သုံးခုအလံကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အလံမှ ပထမတံခွန်၏ အစစ်အမှန်စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်သွားလေပြီ။
သွေးကဲ့သို့ နီစွေးနေသော တံခွန်တစ်ခု မန်ဟို့လက်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လေထုမှာ တုန်ခါပြီး ပုံပျက်သွားလေ၏။ မန်ဟိုက တံခွန်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းသည် လေတွင် လူးလွန့်သွားပြီး သွေးလေတစ်ချက်အား ရုတ်တရက် တိုက်ခတ်သွားစေသည်။
ဤတစ်ကြိမ်က မန်ဟို တံခွန်သုံးခုအလံကို သုံးခဲ့စဉ်တုန်းက အကြိမ်များနှင့် ကွာခြားလေသည်။ ဤသည်မှာ ပထမတံခွန်၏ စစ်မှန်သော သရုပ်သကန်ဖြစ်ကာ ယခင်တုန်းကလို ပုံရိပ်ယောင်မဟုတ်တော့ပေ။ သွေးရောင်လေမုန်တိုင်းက ခေါင်းဆောင်ကြီးဟုရန်၏မျက်နှာတွင် အံ့ဩတုန်လှုပ်ခြင်းတို့ ပြည့်နှက်သွားစေတော့သည်။
"အဲ့ဒီအလံက ... သေစမ်း။ မင်းမှာ ဘယ်လို အဲ့ဒီလို အင်မိုတယ်ရတနာမျိုး ရှိနေရတာလဲ" ခေါင်းဆောင်ကြီးဟုရန် မယုံနိုင်ဖြစ်နေစဉ်မှာပင် တံခွန်က ပြန့်လာပြီး မန်ဟို့အရှေ့တွင် အောင်လံတော်ကြီးပုံစံ ပြောင်းကာ အချိန်ဘီးကြီးဆီ ဆန့်ထွက်သွား၏။
ဟိုဟိုသည်သည်ရှင်းပြရင်း အချိန်အနည်းငယ်ကြာလိုက်သော်လည်း နတ်ဆိုးလှံနှင့် တံခွန်မှာ စစ်ရထားဘီးကြီးဆီ တမုဟုတ်ချင်း ပြေးဝင်သွားကြခြင်းဖြစ်လေသည်။ ခေါင်းဆောင်ကြီးဟုရန်က တုံ့ဆိုင်းမနေဘဲ လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ ဘီးရတနာကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။
သို့ရာတွင် လက်ကွက် ဖော်နေဆဲအခိုက်အတန့်တွင် သွေးခွေးကြီးက ရုတ်တရက် သူ့ကို ခုန်အုပ်လိုက်သည်။ ၎င်းမှာ သေရမှာကို မြူမှုန်မျှပင် မကြောက်တော့သည်အထိ သွေးရူးသွေးတန်း ဖြစ်နေခဲ့လေပြီ။ ၎င်း နီးကပ်လာစဉ် သွေးရောင်အလင်းမှာ တဖျတ်ဖျတ် လက်လာပြီး ခေါင်းဆောင်ကြီးဟုရန်ကို ပိုင်းချလိုက်သော အမျှင်များ ဖြစ်သွားသည်။
ခေါင်းဆောင်ကြီးဟုရန်မှာ စိတ်ထဲတွင် ကျိန်ဆဲနေ၏။ သူ့မှာ သွေးခွေးကြီးကို ရိုးတွင်းခြင်ဆီထဲမှပင် မုန်းတီးနေလေပြီ။ သည်ခွေးတိရစ္ဆာန်ကောင်ကြောင့်သာ မဟုတ်လျှင် တိုက်ပွဲမှာ သည်လောက်ခက်ခဲနေမည်မဟုတ်ပေ။
ခေါင်းဆောင်ကြီးဟုရန် သွေးခွေးကြီးကြောင့် လှုပ်မရဖြစ်နေစဉ် မန်ဟို၏မျက်လုံးများမှာ အနီတောက်သွား၏။ သူ၏အရှိန်အဝါမှာ ကောင်းကင်ဘုံသို့တိုင် ထိုးတက်သွားတော့သည်။ သူသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄) ဆ အတိုက်အခိုက်စွမ်းရည်နှင့် ၂၉၉၉၉ မီတာရပ်ဝန်း နတ်ဘုရားအာရုံကို အသုံးပြုနေလေ၏။ ၎င်းတို့က အတူတကွ ပေါင်းစည်းပြီး ... နတ်ဘုရားစွမ်းရည်တစ်ခုအား ဖန်တီးပေးလိုက်သည်။
"မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန်" သူ၏ဆံပင်များက မျောလွင့်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ လျင်မြန်စွာ လည်ပတ်နေတော့သည်။ ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများ တလိပ်လိပ် အုံကြွလာစဉ် သူက လက်ကိုမြှောက်၍ လက်ခလယ်ကို ခေါင်းဆောင်ကြီးဟုရန်ဆီသို့ တန်းတန်းမတ်မတ် ညွှန်လိုက်သည်။
မန်ဟို၏ မျက်စိ၊ နား၊ နှာခေါင်းတို့မှ သွေးများ စီးကျလာ၏။ တဖောက်ဖောက်မြည်သံများ ကြားလိုက်ရပြီး သူ၏ဦးနှောက်နှင့်ခန္ဓာကိုယ်တွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။
မန်ဟို၏မျက်ဝန်းတွေမှာ ရူးသွပ်မှုတို့က နေရာယူထားလေပြီ။ သို့သော် ထိုသို့ရူးသွပ်နေသည့်တိုင် တည်ငြိမ်အေးဆေးမှုလည်းရှိနေ၏။ သူချုပ်နှောင်နေသည်ကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ဖြစ်ရာ သေချာပေါက်... တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်။
သို့သော် ထိုအရာက အရေးပါသလော။
ခေါင်းဆောင်ကြီးဟုရန် တစ်ကိုယ်လုံး တုန်ရီသွားသည်။ ပတ်ဝန်းကျင်ရှိ မိစ္ဆာချီမှာ ပင်လယ်ကြီးသဖွယ် အဆုံးမဲ့ပြီး အင်အားကြီးမား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ခေါင်းဆောင်ကြီးဟုရန်ကို ရစ်ပတ်ချုပ်နှောင်လိုက်လေပြီ။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ဖိနှိပ်ခံလိုက်ရပြီး ရုတ်တရက် ... လှုပ်မရပေ။
"ဒါ ဘာ နတ်ဘုရားစွမ်းရည်လဲ" ခေါင်းဆောင်ကြီးဟုရန်မှာ လုံးလုံးလျားလျား တုန်လှုပ်နေတော့သည်။ သွေးခွေးကြီးက ဤအခွင့်အရေးကို အမိဖမ်းကာ ၎င်း၏လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သည်။ ဝုန်းခနဲ အသံကြီး ကြားလိုက်ရပြီး ခေါင်းဆောင်ကြီးဟုရန် ပါးစပ်မှ သွေးများ ပန်းထွက်သွားတော့သည်။ သူ့မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေချေပြီ။
သို့သော် တခဏ ရပ်သွားခြင်းက သူ၏နတ်ဘုရားအာရုံ ဖြတ်တောက်ခံလိုက်ရသကဲ့သို့ အချိန်ဘီးနှင့် အဆက်အသွယ်ပြတ်သွားစေသည်။ ခပ်မျှင်မျှင်လေးသာ ကျန်ရှိတော့၏။ သို့သော် ဤအခိုက်အတန့်တွင် နတ်ဆိုးလှံက အချိန်ဘီးထံသို့ တည့်တည့်ကြီး ဝင်ချလာလေပြီ။ ၎င်းက ဘီးကြီးကို တိုက်ရိုက် ထိုးစိုက်ပစ်လိုက်သဖြင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ လှံမှာ အလွန်အမင်း အားနည်းနေပြီဖြစ်သော်လည်း မြူအမြောက်အမြား ထွက်လာကာ ဘီးကြီးကို ပြင်းပြင်းထန်ထန် တုန်ရီစေလျက် ဘေးသို့ တစ်မီတာ၏သုံးပုံတစ်ပုံခန့် ရွေ့သွားစေလိုက်သည်။
နည်းနည်းသာ ရွေ့သွားခြင်းဖြစ်သော်လည်း ၎င်းက ခေါင်းဆောင်ကြီးဟုရန်နှင့် အချိန်ဘီးရတနာကို ဆက်သွယ်ပေးထားသော နတ်ဘုရားအာရုံမျှင်မျှင်လေးကို ချက်ချင်း အားနည်းသွားစေသည်။ ခေါင်းဆောင်ကြီးဟုရန် မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြန်၏။ ထိုစဉ်မှာပင် တံခွန်က ဘီးကို ဝင်တိုက်လိုက်သည်။ ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားသည်။ မန်ဟိုက ဟိန်းဟောက်ပြီး တံခွန်က.....
ဘီးကြီးကို နေရာလပ်မကျန် ရစ်ပတ်ကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။ ဘီးကြီးသည် မီတာသုံးဆယ်တိတိ လွင့်ထွက်သွားသော အနက်ရောင်အလင်းတန်းဖြစ်သွားလေပြီ။ ရွေ့သွားမှုကြောင့် ခေါင်းဆောင်ကြီးဟုရန်နှင့် ဆက်သွယ်မှုကား အပြီးတိုင် ပျက်စီးသွားတော့သည်။
ဤအရာအားလုံးမှာ မီးတစ်ခတ်စာလေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၏ သက်ရောက်မှုမှာ ခေါင်းဆောင်ကြီးဟုရန်ထံမှ ပျောက်ကွယ်နေပြီဖြစ်သည်။ မန်ဟိုက ဒဏ်ရာရမည်ကို ဂရုမစိုက်ဘဲ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထပ်သုံးလိုက်သည်။
ခေါင်းဆောင်ကြီးဟုရန် နဂိုအတိုင်းပြန်ဖြစ်တော့မည့်အချိန် ရုတ်တရက် ချုပ်နှောင်ခံလိုက်ရပြန်၏။ တစ်ချိန်တည်းမှာပင် သွေးခွေးကြီးမှာ မန်ဟို၏နတ်ဘုရားအာရုံကို တုံ့ပြန်သည့်အနေဖြင့် ဟိန်းဟောက်လိုက်သည်။ သွေးအလင်းရောင်တောက်လာပြီး ၎င်း၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံမှာ တဟုန်ထိုး တက်သွားပြီး ခေါင်းဆောင်ကြီးဟုရန်ဆီ ပြေးထွက်သွားတော့သည်။
ယခုတွင် မန်ဟိုက ခေါင်းဆောင်ကြီးဟုရန်ကို လုံးဝအဖက်မလုပ်တော့ဘဲ အချိန်ဘီးကြီးဆီ ထွက်သွား၏။ တံခွန်ကလည်း နေရာရွှေ့ပြောင်းကာ သူ့နောက်လိုက်လာသည်။
ခေါင်းဆောင်ကြီးဟုရန်၏ မျက်လုံးများ ရက်စက်ကြမ်းကြုတ်သွားတော့သည်။ ဤအခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားမှာ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ သူသည် ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်ရာ မိစ္ဆာချီများ ပြိုကွဲသွား၏။ သူက ချုပ်နှောင်ခံထားရရာမှ လွတ်မြောက်သွားပြီး ကျင့်ကြံခြင်းအခြေခံကို ပြန်လည်ပြုပြင်လိုက်သည်။ သို့သော် ယခုတွင် သွေးခွေးကြီးက သူ့အပေါ် ရောက်လာပြီဖြစ်၍ သူ့မှာ မတိုက်ခိုက်ဘဲ နေမရတော့ပေ။
ခေါင်းဆောင်ကြီးဟုရန်မှာ လွတ်လွတ်ကျွတ်ကျွတ် မလွတ်မြောက်သေးပေ။ သူ၏ဒေါသတို့က မီးတောက်များသဖွယ် တဟုန်းဟုန်းတောက်လာကာ သူ့တစ်ကိုယ်လုံးကို ဝါးမြိုသွားလေပြီ။
မန်ဟိုကမူ အချိန်ဘီးဆီ ရောက်သွားပြီဖြစ်၏။
သူက အင်္ကျီလက်စကို ခါလိုက်ကာ တံခွန်ကို ခေါင်းဆောင်ကြီးဟုရန် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေသော အချိန်ဘီးကို ရစ်ပတ်လိုက်စေသည်... ထို့နောက် ၎င်းကို တံခွန်နှင့်အတူ သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်တော့၏။
သူကား...ခေါင်းဆောင်ကြီးဟုရန်၏ အဖိုးထိုက်ရတနာကို အပိုင်သိမ်းလိုက်ပြီဖြစ်သည်။
စောစောက ခေါင်းဆောင်ကြီးဟုရန် သူ့မျိုးရိုးက ဟန်ဖြစ်မည်ဟူ၍ ကောက်ချက်ချခဲ့သောအခါ မန်ဟို ဟန်ပေ့ကို ချက်ချင်း တွေးလိုက်မိသည်။ အချိန်စွမ်းအားကို ထိန်းချုပ်နိုင်သော ဟန်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးအကြောင်းကိုလည်း တွေးခဲ့မိ၏။
အမျိုးမျိုးသော အချက်အလက်များက အတူတကွပေါင်းစည်းသွားပြီး မန်ဟို့ကို ခေါင်းဆောင်ကြီးဟုရန်၏ ရတနာအား ခိုးယူရန် မဟာအကြံကြီး ရလိုက်စေခြင်းဖြစ်သည်။
ယခုအခိုက်အတန့်အထိ သူ၏လှုပ်ရှားမှုအလုံးစုံမှာ ရတနာကို အလစ်သုတ်ရန်တွင်သာ ရည်ရွယ်ခဲ့လေသည်။ သူက သူ့ကိုယ်သူပင် ထိခိုက်ဒဏ်ရာရစေခဲ့၏။ ထိုကဲ့မျိုး ပစ္စည်းတစ်ခုကို ရလိုက်သည့် အကျိုးကျေးဇူးကား စာဖွဲ့၍ပင်မရပေ။
"မန်ဟို " ခေါင်းဆောင်ကြီးဟုရန် ဟိန်းဟောက်လိုက်သည်။ သူ့၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် နီရဲတွတ်နေတော၏။ မန်ဟို့အနောက်ကို လိုက်ဖမ်းချင်သော်လည်း သွေးခွေးကြီးက သူ့ကို နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြန်သည်။ ခေါင်းဆောင်ကြီးဟုရန်မှ ချောင်ပိတ်ခံထားရ၍ ဒေါသူပုန်ထနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။ သေရမှာကို နည်းနည်းလေးမှ ကြောက်ဟန်မတူသော ဤသွေးခွေးကြီးတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်စွမ်းအားရှိ၏။ ခေါင်းဆောင်ကြီးဟုရန်မှာ ၎င်းကို သတ်ဖြတ်ဖို့အသာထား၊ ချုပ်ပင် မချုပ်နိုင်ပေ။ သူ့မှာ သူ့ရတနာကို အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ကျင့်ကြံသူတစ်ယောက် လုယူသွားသည်ကိုသာ ဆောက်တည်ရာမဲ့စွာ ကြည့်နေရတော့သည်။ သူခံစားနေရသော အရှက်ဒေါသက သူ့ကို ရူးမတတ် ဖြစ်နေစေတော့သည်။
သူသည် ကျင့်ကြံခဲ့သော နှစ်များတစ်လျှောက်လုံး ယခုလို ကျဉ်းထဲကြပ်ထဲ မရောက်ခဲ့ဖူးပေ။ သူ့ဒေါသကား သည့်ထက် မပြင်းထန်နိုင်တော့လေပြီ။
မန်ဟို၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တောက်ပနေသည်။ သူသည် ခေါင်းဆောင်ကြီးဟုရန်ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကတည်းက ပြင်ဆင်မှုများစွာ လုပ်ခဲ့လေသည်။ ဤအခိုက်အတန့်တွင် သူ၏ပြင်ဆင်မှု တစ်ဝက်နီးပါး အသုံးပြုပြီးသွားပြီဖြစ်၏။ သူ့တွင် ဝှက်ဖဲတွေ ရှိသေးလေသည်။ သူ၏ ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသော ဝှက်ဖဲအား ယခုထိ မကစားရသေးပေ။
***