← Chapters

ခံစားချက်ဖျက်စီးခြင်းတာအို

Vol. 39 Ch. 544

ခံစားချက်ဖျက်စီးခြင်းတာအို

Vol. 39 Ch. 544

မန်ဟို၏အမူအရာသည် တည်ငြိမ်လျက်ရှိ၏။ ‌အချိန်ဘီး၏ သက်ရောက်မှုများနှင့်ပတ်သက်ပြီး တစ်ခုခုလုပ်ရန် အချိန်မရှိပေ။ သူက တံခွန်အား ၎င်းကို ဖိနှိပ်ထားစေပြီးနောက် ချာခနဲ လှည့်ကာ လက်မြှောက်လိုက်သည်။ သူ၏လက်ညှိုးထိပ်မှာ နီရဲတောက်သွား၏။

၎င်းသည် အနီရောင်သွေးအရုပ် ဆေးမင်ကြောင်ပုံစံ ပြောင်းလာသည်။ ဤသည်မှာ သူ၏ ‌ရေအမျိုးအစားအရုပ်အသွင်ဆောင်ထားသော ကျီမျိုးနွယ်သွေးကိုယ်ပွား ဖြစ်လေသည်။ ၎င်းကို စုပ်ယူပြီး ဉာဏ်အလင်းပွင့်သွားသည်နှင့်နောက်တွင် သွေးကိုယ်ပွားမှာ ပျောက်ကွယ်မသွားခဲ့ပေ။ မန်ဟိုက သူ၏ခန္ဓာကိုယ်ထဲတွင် ၎င်းကို အပြည့်အဝ ဖိနှိပ်ထားခဲ့၏။

ယခုတွင် သူကား တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သွေးကိုယ်ပွားကို လွှတ်ပေးလိုက်လေပြီ။ သွေးအလင်းရောင်က သူ့လက်ချောင်းမှ ဖြာထွက်ကာ လေလယ်သို့ ပျံတက်ပြီး ကျီမျိုးနွယ်သွေးကိုယ်ပွားပုံစံ ပြောင်းသွားသည်။ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်း၏ခန္ဓာကိုယ်မှာ ‌‌ကောင်းကင်ယံအထိ ထိုးတက်သွားသော သွေးရောင်စဉ်တို့ဖြင့် တောက်ပသွား၏။ ၎င်းက မန်ဟို့ကို တိုက်ခိုက်တော့မည့်အလား သူ့ဘက် ခေါင်းလှည့်လာသည်။ ထိုအခိုက်အတန့်တွင် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်၏။

နှာမှုတ်သံက သွေးကိုယ်ပွား၏ ကိုယ်တစ်လျှောက် လှိုင်းထသွားစေသည်။ သွေးကိုယ်ပွားမှာ မတည်ငြိမ်တော့သယောင် ဖြစ်လာ၏။ အမှန်တွင် မန်ဟိုသည် ‌ကိုယ်ပွားကို သူ၏ခန္ဓာကိုယ်အတွင်း၌ ဖိနှိပ်ထားခဲ့စဉ်တုန်းကလည်း တားမြစ်မန္တန်တစ်ပုံတစ်ခေါင်းဖြင့် ၎င်းကို တံဆိပ်ခတ်ခဲ့သေးလေသည်။

သွေးကိုယ်ပွား၏ မျက်နှာပေါ်တွင် ရုန်းကန်တွန်းလှန်နေသော အမူအရာပေါ်လာသည်။ တခဏကြာသော် ၎င်းသည် ဟိန်းဟောက်ရင်း ခေါင်းဆောင်ကြီးဟုရန်ဆီသို့ ပြေးထွက်သွားတော့၏။ ၎င်းမှာ မန်ဟို့နှင်ပတ်သက်ပြီး မ‌ကျေနပ်မှုများကို ခေါင်းဆောင်ကြီးဟုရန်အပေါ် ပုံချရန် ပြင်နေသည့်အလားပင်။

သွေးကိုယ်ပွား ပေါ်လာရာတွင် ခေါင်းဆောင်ကြီးဟုရန်မှာ ထိတ်လန့်သွားရပြန်၏။ သူ့မှာ မန်ဟို၏ အံဖွယ်သရဲနည်းလမ်းကို ဆက်တိုက်ဆိုသလို မြင်တွေ့နေရသဖြင့် စိတ်ထဲတွင် မတုန်လှုပ်မိဘဲ မနေတော့ပေ။ ပထမ ...သူ၏ ကြောက်မက်ဖွယ် ခုနစ်ထွေဝိညာဉ်ခန္ဓာပြောင်းလဲခြင်း၊ ထို့နောက် အချိန်ဓားဝင်္ကပါနှင့် တံခွန်။ နောက်ဆုံး သည်သွေးကိုယ်ပွား။ ခေါင်းဆောင်ဟုရန်တစ်ယောက် မတုန်လှုပ်မိဘဲ နေမည်လော။

သွေးကိုယ်ပွားက ‌အနားရောက်လာစဉ် အော်လိုက်သည်။ ၎င်းသည် သွေးခွေးကြီးနှင့်အတူ ခေါင်းဆောင်ကြီးဟုရန်ကို ဘက်နှစ်ဖက်မှ ဝိုင်းလိုက်၏။ ခေါင်းဆောင်ကြီးဟုရန် မျက်နှာပျက်သွားလေပြီ။ သူက ညာလက်ကို မြှောက်ပြီး အရှေ့ကို လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် သွေးကိုယ်ပွား ပေါက်ကွဲသွားသော်လည်း တခဏကြာသော် ပြန်ဖြစ်တည်လာ၏။

"သေစမ်း ၊ ဒီဟာမှာလည်း မသေခြင်းစိတ်ဆန္ဒတစ်ခုရှိနေတာပဲဟ" သွေးခွေးကြီးက နောက်မှ ခုန်အုပ်လိုက်သဖြင့် ခေါင်းဆောင်ကြီးဟုရန် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူ့မှာ ရှောင်‌နိုင်သည့်အနေအထားတွင် မရှိပေ။ သွေးခွေးကြီး၏ သင်တုန်းဓားတမျှ ချွန်ထက်နေသော အစွယ်ကြီးများက သူ၏ခန္ဓာကိုယ်အတွင်း နစ်ဝင်သွားလေပြီ။ အသားတို့စုတ်ပြဲပြီး သွေးများ အတားအဆီးမရှိ ပန်းထွက်လာ၏။

တစ်ပြိုင်တည်းမှာပင် မန်ဟိုက လှုပ်ရှားလိုက်သည်။ သူ ချဉ်းကပ်လာစဉ် နတ်ဘုရားစွမ်းရည်တစ်ခု ရုတ်တရက် ပေါ်လွင်လာ၏။

"မျက်နှာမဲ့ ၊ စကားတစ်ခွန်း၊ စစ်ပွဲမီးတောက် ပေါင်းစည်းစေ" ဧရာမမျက်နှာကြီး ခြောက်ဆယ်ကျော် ထွက်လာသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခုထပ်ကာ (၆၄)ခုသော မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာများ၏ စွမ်းအားမှ အားဖြည့်ပေးထားသည့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်လာသည်။

မျက်နှာကြီး၏ မျက်လုံးများက ပွင့်နေပြီး ၎င်း၏ပါးစပ်က လှုပ်ရှားသွားသည်။ တဂျိန်းဂျိန်း ထစ်ချုန်းသံများ ခေါင်းဆောင်ကြီးဟုရန်၏ စိတ်ထဲတွင် ညံသွား၏။ အနက်ရောင်အငွေ့တန်းများ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ လွင့်လူတက်‌လာသည်။ အငွေ့တန်းများက စုစုပေါင်း (၆၄) တန်းရှိသည်။ ၎င်းတို့ တထောင်းထောင်း ထနေစဉ် မန်ဟို၏နတ်ဘုရားစွမ်းရည်က နီးကပ်လာလေပြီ။

လူတစ်ယောက် ၊ ကိုယ်ပွားတစ်ခု ၊ ခွေးတစ်ကောင် ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို တိုက်ခိုက်နေသည်။

‌တဝုန်းဝုန်း ပေါက်ကွဲသံများ ထပ်ဆင့်ပဲ့တင်ရိုက်သွား၏။ ခေါင်းဆောင်ကြီးဟုရန်၏အရှိန်အဝါက ဖြာထွက်လာကာ မန်ဟို၊ သွေးခွေးကြီးနှင့် ကိုယ်ပွားကို ဝင်တိုက်လိုက်သော ဧရာမဝဲကြီးတစ်ခု ဖြစ်သွားသည်။

ထစ်ချုန်းသံများ ပတ်ဝန်းကျင်တွင် ပြည့်နှက်နေပြီး ဧရာမလှိုင်းလုံးကြီးက ခရမ်းပင်လယ်ရေပြင်တစ်လျှောက် မို့မောက်မြင့်တက်လာသည်။ လေထုပင် အက်ကွဲသွားတော့မည့်ပုံပင်။

ခေါင်းဆောင်ကြီးဟုရန် မခံချိမခံသာ ဖြစ်နေ၏။ သူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ပြီးကတည်းက ယခုလို အရေးမနိမ်ခဲ့ဖူးပေ။ သူ၏စိတ်ဝိညာဉ်အာရုံမှာ ကြေမွသွားခဲ့ပြီး အချိန်ဘီးကြီးလည်း အလုခံလိုက်ရလေပြီ။ ထို့အပြင် သူ့ရန်သူကား.... အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်သာ။ မန်ဟို့တွင် အင်မိုတယ်သားရဲကြီးရှိနေလျှင်တောင်မှ၊ ထူးဆန်းသော သွေးကိုယ်ပွားတစ်ကိုယ် ရှိနေလျှင်တောင်မှ ခေါင်းဆောင်ကြီးဟုရန်အတွက်တော့ မျက်နှာထားစရာမရှိအောင် အရှက်ကွဲစရာကြီး ဖြစ်ချေသည်။

"ငါ့တာအို ... " ခေါင်းဆောင်ကြီးဟုရန်က ပြောသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ ခံစားချက်အလုံးစုံကို ပျောက်ကွယ်သွားစေလိုက်သည်။ သူကား လုံးဝ တည်ငြိမ်သွား၏။

"ငါ့ရဲ့ ခံစားချက်ဖျက်စီးခြင်း တာအို ....

"လူ့ခံစားချက်‌တွေ ပြောကြတဲ့အခါ မိသားစုအပေါ် ချစ်ခြင်းမေတ္တာဟာ အင်အားအကြီးမားဆုံးတဲ့။ ဒါကြောင့် မိသားစုသံယောဇဉ်ကို ဖြတ်တောက်ပြီးတော့ တစ်သက်တာတာအိုကို ဖျက်စီးနိုင်တယ်" ခံစားချက်မရှိသော အအေးဓာတ်တို့ ခေါင်းဆောင်ကြီးဟုရန်ဆီမှ ထွက်လာသည်။ ဤအအေးဓာတ်မှာ .... စိတ်ခံစားချက်ခုနစ်ခုနှင့် အာရုံခြောက်ပါးတို့ ချုပ်ငြိမ်းရာ ဈာပနကဲ့သို့ အသက်မရှိပေ။

"ငါ ငယ်ငယ်တုန်းက ငါ့မိဘတွေ ကွယ်လွန်သွားခဲ့တယ်" ခေါင်းဆောင်ကြီးဟုရန်က ရေရွတ်လိုက်သည်။ "အဲ့ဒါကြောင့် သူတို့ကို ဖြတ်တောက်လို့မရဘူး။ ငါ့မိန်းမအတွက် ငါ့ခံစားချက်တွေကလည်း အဲ့ဒီလောက်အရေးမပါတာမလို့ ဖြတ်တောက်‌နေလည်း အကြောင်းမထူးဘူး.... ငါ့သားအတွက် ခံစားချက်တွေကပဲ ငါ့ရဲ့ ခံစားချက်ဖျက်စီးခြင်းတာအိုနဲ့ ကိုက်ညီတယ်

"ငါ့ရဲ့ ပထမဆုံးခွဲထွတ်ခြင်းက အဲ့ဒီခံစားချက်တာအိုပဲ။ လူအများကတော့ ငါ့မှာ သားတစ်ယောက်တည်းပဲ ရှိတယ်လို့ သိကြတယ်။ တကယ်က ငါ့မှာ သား စုစုပေါင်းကိုးယောက်ရှိတာ။ ငါ့ရဲ့ခံစားချက်တွေကို ချုပ်ငြိမ်းစေမယ့် တာအိုကို ဖန်တီးဖို့အတွက် ငါ့လက်နဲ့ ငါကိုယ်တိုင် ပထမရှစ်ယောက်ကို သတ်ခဲ့တာပဲ

"ငါ့ရဲ့ နောက်ဆုံးသား ဟုရန်ချင်းအပေါ်မှာ ငါ့ရဲ့ မျှော်လင့်ချက်တွေ အကုန်ပုံအပ်ထားပြီး လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တယ်။ ငါ့ရဲ့ချစ်ခြင်းမေတ္တာတွေအကုန်လုံး သူ့အပေါ်ပေးခဲ့တာ။ အဲ့ဒီအချစ်က အထွတ်အထိပ်ရောက်သွားရင် ငါ သူ့ကို သတ်ပြီး နာကျင်မှုကို ခံစားမယ်။ အဲ့ဒီနာကျင်မှုနဲ့ ပူဆွေးသောကက ... ငါ့ရဲ့ ပထမခွဲထွက်ခြင်းကို ပြည့်စုံစေပြီး...ဘာကိုမှ ခံစားရတော့မှာ မဟုတ်ဘူး

"မင်းက ငါ့သားကို သတ်ပြီး ငါ့တာအိုကို ဖျက်စီးပစ်လိုက်ပြီ။ မင်းကို မုန်းတဲ့ ငါ့အမုန်းကို ဘယ်အရာမှ နှိင်းယှဉ်နိုင်မှာမဟုတ်ဘူး

"ငါ့တာအိုက .... ခံစားချက်ဖြတ်တောက်ခြင်းပဲ" ခေါင်းဆောင်ကြီးဟုရန်၏ အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။

သူ၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်မြေ၊ ပထမခွဲထွက်ခြင်းမှာ... ခံစားချက်ဖြစ်လေသည်။

ထိုခံစားချက်သည် ၁၅၀၀ အချစ်မဟုတ်သလို၊ သူငယ်ချင်းချစ်ခြင်းလည်း မဟုတ်။ ၎င်းကား ခံစားချက်အားလုံးအထဲ အင်အားအကြီးမားဆုံးသော သွေးသားရင်းချာ သားသမီးအပေါ် ချစ်ခြင်းမေတ္တာဖြစ်ချေသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းမတိုင်မီက ခေါင်းဆောင်ကြီးဟုရန်မှာ ခံစားလွယ်ပြီး ချစ်ခင်တတ်သော လူမျိုးဖြစ်ခဲ့သည်။ ထို့နောက်တွင်တော့... သူကား တာအိုအတွက် ကိုယ့်သားတွေကိုပင် ပြန်သတ်ရန် ရွေးချယ်ခဲ့၏။ နောက်ဆုံးတစ်ယောက်တည်း ကျန်ခဲ့သည်ကား ဟုရန်ချင်းပင်။

သူ၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းတာအိုသည် အေးခဲနှင်းမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးဟန်ရွှယ့်၏တာအိုနှင့် အလွန်ဆင်တူသည်။ သို့ရာတွင် အဆုံးသတ်တွင် ခေါင်းဆောင်ကြီးဟန်ရွှယ့်က ဆက်လက်ခွဲမထွက်တော့ရန် ရွေးချယ်ခဲ့ပြီး အခြားတစ်ဖက်တွင် ခေါင်းဆောင်ကြီးဟုရန်မှာ ပို၍ခိုင်မာပြတ်သားလာခဲ့သည်။

သူသည် သားဖြစ်သူ ဟုရန်ချင်းအပေါ် ဖခင်တစ်ယောက်၏ အချစ်တွေအကုန်လုံး ပုံအောပေးခဲ့သည်။ သူကား မိသားစုအပေါ် ထားရှိမည့် မေတ္တာအလုံးစုံကို ဟုရန်ချင်းတစ်ယောက်တည်းကိုသာ စုပုံပေးခဲ့၏။

ဟုရန်ချင်းအတွက် ခေါင်းဆောင်ကြီးဟုရန်သည် မည်သည့်ကိစ္စတွင်ဖြစ်စေ အလိုလိုက်ပြီး သည်းခံခဲ့သည်။ ၎င်းကား အဆုံးမရှိသော ဖခင်မေတ္တာကြီးဖြစ်ခဲ့လေသည်။

ထိုနည်းဖြင့်သာ နာကျင်မှုကို ဖျက်စီး၊ သူ၏နှလုံးသားကို စွန့်လွှတ်ကာ ပထမခွဲထွက်ခြင်းကို ပြီးမြောက်နိုင်လေမည်။ မိသားစုသံယောဇဉ်ကို ချုပ်ငြိမ်းစေခြင်းဖြင့် သူကား... ခံစားချက်ချုပ်ငြိမ်းတာအိုကို ဖော်ဆောင်နိုင်လေသည်။

သို့သော် ဟုရန်ချင်းမှာ တခြားတစ်ယောက်၏လက်ချက်ကြောင့် သေဆုံးခဲ့လေပြီ။ ခေါင်းဆောင်ကြီးဟုရန်ကိုယ်တိုင် သူ့ကို သတ်ခဲ့ခြင်း မဟုတ်သောကြောင့် ပထမခွဲထွက်ခြင်းမှာ အချိန်နောက်ပြန်မဆုတ်သရွေ့ ပြီးပြည့်စုံစွာ မအောင်မြင်နိုင်တော့ပေ။

အလွယ်ကူဆုံးနည်းလမ်းမှာ ဟုရန်ချင်းကို သတ်ခဲ့သော တရားခံကို သုတ်သင်ပြီး ကလဲ့စားချေရန်ပင်။

သို့သော် ထိုမျှနှင့် မလုံလောက်သေး။ သူလိုအပ်သည်မှာ သူ၏ဖခင်မေတ္တာအကုန်လုံးကို ဖော်ပြပြီး... လောကီခံစားချက်များမှ လွတ်မြောက်စေနိုင်မည့် သွေးမိုးကိုဖြစ်သည်။

"ခံစားချက်မဲ့စေ" သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ အရာအားလုံး အတိုင်းထက်အလွန် အေးခဲလာ၏။ ခံစားချက်မဲ့သောနယ်မြေမှာ ‌သူ့ဆီမှ ပေါ်ထွက်လာခဲ့လေပြီ။

ဤသည်ကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းရည်ဖြစ်သော နယ်မြေပင်။

ခေါင်းဆောင်ကြီးဟုရန်၏နယ်မြေမှာ ခံစားချက်မဲ့သော အရာများသာ တည်ရှိနိုင်သည့်နေရာမျိုးဖြစ်သည်။ အထဲတွင် မည်သည့်ခံစားချက်မဆို၊ မည်သည့်စိတ်အားထက်သန်မှုမဆို ချက်ချင်း ချုပ်ငြိမ်းကာ ပျောက်ကွယ်သွားရပေမည်။ နယ်မြေ ပြန့်ကားလာစဉ် သွေးကိုယ်ပွားတုန်ရီသွား၏။ သို့သော် တခဏသာ ကြာလိုက်ပြီး သက်ရောက်မှု သိပ်မရှိပေ။ ၎င်းမှာ... နဂိုကတည်းက ခံစားချက်မရှိသော သတ္တဝါတစ်ကောင်မဟုတ်ပါလော။

သို့သော် သွေးခွေးကြီးမှာမူ ပြင်းပြင်းထန်ထန် တုန်ရီလာ၏။ ၎င်းကို ခြံရံနေသော သွေးအလင်းရောင်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။ မသေခြင်းစိတ်ဆန္ဒက အားကုန်ပြန်တွန်းလှန်နေသော်လည်း သိသိသာသာပင် ပြိုင်ဘက်မဟုတ်ပေ။ ၎င်းသည် ပိုပို၍ တုန်ရီလာပြီး ဟိန်းဟောက်ညည်းတွားနေရလေပြီ။

သို့သော် အားလုံးအထဲ အခံရဆုံးမှာတော့ မန်ဟိုပင်။

မန်ဟို၏စိတ်မှာ ထစ်ချုန်းသံများဖြင့် ပြည့်နေသည်။ သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများ စီးကျလာသည်။ သူ၏မျက်လုံးများမှာ တွေဝေငေးကြောင်နေ၏။ ရုတ်တရက် သူ့စိတ်တွင် ပုံရိပ်တို့ ထင်ဟပ်လာသည်။ သူ၏ ကလေးဘဝ၊ မိဘနှစ်ဦး။ ဖက်တီးနှင့်အခြားသူများနှင့် ဆက်ဆံရေး။ သူနှင့် ရှုချင်၊ သူနှင့် ချူယွီယန်တို့အကြား၌ ရှိနေသော ဝိုးတိုးဝါးတားခံစားချက်။ သူ့ဆရာ‌ ဆေးလုံးမိစ္ဆာအပေါ် ခံစားရသည့် ဆရာနှင့်တပည့်သံယောဇဉ်။

ဤအရာအားလုံးသည် သူ၏စိတ်ထဲဝယ် ဓားသွားကြီးတစ်လက်ဖြစ်လာ၏။

ရှေးဆန်သောအသံတစ်သံအား သူ့စိတ်ထဲတွင် ကြားယောင်လိုက်ရသည်။

"အသက်ရှည်ရှည်နေရ‌အောင် ခံစားချက်တွေကို ဖျက်စီးပစ်လိုက်....

"ခံစားချက်တွေက မင်းရဲ့အသက်မီးတောက်ကို ဝါးမြိုနေတဲ့ အတားအဆီးတွေ.....

"ဖျက်စီးပစ်လိုက်....

"ဖျက်စီးပစ်လိုက်...

အသံကြီးသည် ထူးခြားဆန်းကြယ်သော အားတစ်ရပ်ကို သယ်ဆောင်လာသယောင်ပင်။ ၎င်းက မန်ဟို့တစ်ကိုယ်လုံးကို တုန်ရီသွားစေသည်။ သူ့မှာ ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲပစ်နေသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် နာနာကျင်ကျင် မအော်မိဘဲ မနေတော့ပေ။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲရှိ ပုံရိပ်အားလုံး၊ လူအားလုံး ပုံပျက်ရှုံ့တွလာသည်။ ၎င်းတို့သည် မန်ဟို့စိတ်ကို မီးလောင်တိုက်သွင်းနေသော အနက်ရောင်မီးတောက်များဖြစ်လာ၏။ သူ နာကျင်သည်.....

မိဘနှစ်ပါး‌ သေဆုံးနေသည်ကို မကယ်နိုင်ဘဲ ကြည့်နေရသော နာကျင်မှုမျိုး။

ကိုယ့်ချစ်သူက ကိုယ့်ကို ကျောခိုင်းပြီး တခြားတစ်ယောက်၏ရင်ခွင်ထဲ ဝင်ရောက်သွားသည်ကို ကြည့်နေရသော နာကျင်မှုမျိုး။

နောက်ကျောဓားနှင့်ထိုးနေသော သူငယ်ချင်း၏အပြုံးကို ကြည့်နေရသော နာကျင်မှုမျိုး။

နာကျင်မှုသည် အမျိုးမျိုးသော ခံစားချက်များမှ ဖြစ်ပေါ်လာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

ထိုနာကျင်မှုက မန်ဟို၏ဝိညာဉ်ကို မီးလောင်တိုက်သွင်းနေသော အနက်ရောင်မီးတောက်များ ဖြစ်လာသည်။

"ဖျက်စီးပစ်... ခံစားချက်တွေကို ဖျက်စီးပစ်ရင် အသက်ရှင်မယ်။ ငြင်းဆန်ရင်... ဝိညာဉ်ပျက်စီးသွားလိမ့်မယ်" အသံသည် တဆတ်ဆတ်တုန်နေသော မန်ဟို၏ခန္ဓာကိုယ်ထဲတွင် ပဲ့တင်ထပ်နေ၏။ သူ့မှာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုတွင် တည်ရှိနေသော်လည်း ပုံရိပ်ယောင်နှင့် အစစ်အမှန်၏ ကွာခြားမှုကို မဆုံးဖြတ်နိုင်ဖြစ်နေသည့်အလားပင်။

တွေဝေငေးကြောင်မှုတို့က သူ၏မျက်လုံးများတွင် ပြည့်နှက်နေသည်။ သွေးများက သူ့ပါးစပ်မှ ‌စီးကျနေ၏။ သူ့မှာ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ပြီး ခရမ်းပင်လယ်ကြီးထဲ ပြုတ်ကျသွားတော့သည်။

ဤသည်မှာ ခံစားချက်နှင့် နာကျင်မှုများကို ခွဲထုတ်ထားသော ခေါင်းဆောင်ကြီးဟုရန်၏ ခံစားချက်မဲ့နယ်မြေဖြစ်သည်။ ၎င်းသည် ရန်သူ၏ခံစားချက်များကို ဖျက်စီး၍၊ ဝိညာဉ်ကို သုတ်သင်ကာ အပြင်အားကိုယ်ကို ‌ချေမှုန်းပစ်လေသည်။ ခေါင်းဆောင်ကြီးဟုရန်ကို ခံစားချက်များဖြင့် ရင်ဆိုင်လျှင် သေဖို့ရန်သာ ရှိသည်။

နယ်မြေ၏အလိုအတိုင်း လိုက်လျောလိုက်လျှင် ရုပ်သေးရုပ်ဖြစ်လာမည်။ ငြင်းဆန်လျှင် ‌ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ နိဂုံးချုပ်ရမည်ဖြစ်သည်။

မန်ဟို ခရမ်းပင်လယ်ကြီးထဲ ဗွမ်းခနဲ ကျသွားသည်။ ထိုစဉ် သူ၏စိတ်မျက်လုံးထဲတွင် သူ့ဘဝမှ ပုံရိပ်များဖြင့် ပြည့်နှက်သွား၏။ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ ခွဲခွာရမှု ၊ ပြန်လည်ဆုံစည်းမှု၊ နာကျင်မှု၊ သစ္စာဖောက်ခံရမှူ။ ၎င်းတို့အားလုံးမှာ သံသရာလည်နေတော့သည်။

မန်ဟို၏ခန္ဓာကိုယ် ပင်လယ်ကြမ်းပြင်နှင့် ရုတ်တရက် ထိသွားသောအခါ သူ၏ မျက်လုံးများ ပွင့်လာ၏။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် ရှင်းလင်းပြတ်သားနေချေသည်။ သို့‌သော် ပင်ပန်းနွမ်းနယ်မှုတို့လည်း ပြည့်နေ၏။

"ခံစားချက်တွေက ....အတားအဆီးမဟုတ်ဘူး" သူက ရေရွတ်လိုက်သည်။ "ခံစားချက်တွေဆိုတာ ဘဝကို ပြီးပြည့်စုံစေတဲ့ အရာတွေပဲ" သူက မျက်လုံးများ ပိတ်လိုက်၏။ ထိုသို့ပိတ်လိုက်သည့် အခိုက်အတန့်တွင် ခရမ်းပင်လယ်ကြီးသည် အော်မြည်လာပြီး ရေလှိုင်းများ မြင့်တက်လာသည်။ သွေးခွေးကြီးမှာ မျက်လုံးကြီးများနီရဲလျက် တုန်ရီနေ၏။ သွေးကိုယ်ပွားမှာ နည်းနည်းလေးမှ အနှောင့်အယှက်မဖြစ်သော်လည်း ခေါင်းဆောင်ကြီးဟုရန်အနား နီးကပ်သွားသည်နှင့်အမျှ တွေဝေငေးကြောင်မှုတို့ ၎င်း၏မျက်လုံးထဲတွင် ပြည့်နှက်လာသည်။

‌ခေါင်းဆောင်ကြီးဟုရန်သည် သူ၏နယ်မြေကို ပတ်ဝန်းကျင်တစ်ခုလုံး၌ ဖြန့်ကျက်လျက် လေလယ်တွင် ရပ်နေ၏။ ဤအခိုက်အတန့်တွင် ခရမ်းပင်လယ်ကြီးက ဟိန်းဟောက်အော်မြည်လာရာ ခေါင်းဆောင်ကြီးဟုရန် မျက်မှောင်ကြုတ်သွားတော့သည်။

သူ မျက်မှောင်ကြုတ်နေစဉ် ခရမ်းပင်လယ်ရေများက အတူတကွ စုဝေးလာ၏။ ရုတ်တရက် ခေါင်းကြီးလုံး ဘွားခနဲ ထွက်လာပြီး ခြေ‌နှစ်ချောင်းနှင့် ကိုယ်လုံးကြီး လိုက်ပါလာသည်။ မျက်စိတစ်မှိတ်အတွင်း ‌ဧရာမရေဘီလူးကြီးတစ်ကောင်ကား ခရမ်းပင်လယ်ကြီးအတွင်းမှ ထိုးထွက်လာခဲ့လေပြီ။

ဘီလူးကြီးသည် မည်သည့်နေရာမှကြည့်ကြည့် မန်ဟိုနှင့်တူသည်။ ၎င်း၏မျက်လုံးက ဖျတ်ခနဲ ပွင့်လာလေသည်။ ၎င်းတို့သည် စူးရှတောက်ပနေပြီး ၎င်းက ညာလက်ကို မြှောက်လိုက်၏။ ရေများစုဝေးလျက် ဖော်ဆောင်ထားသော ဧရာမလက်ကြီးသည် လက်သီးဆုပ်ပြီးနောက် ခေါင်းဆောင်ကြီးဟုရန်ကို ထိုးချလိုက်လေပြီ။‌

ပင်လယ်ရေပြင်တစ်လျှောက် ပေါက်ကွဲမှုကြီး ရိုက်ခတ်သွား၏။ ခေါင်းဆောင်ကြီးဟုရန် မျက်နှာပျက်သွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူသည် လက်သီးကို ရှောင်လိုက်နိုင်သော်လည်း သူ့နယ်မြေမှာတော့ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ပြီဖြစ်သည်။

"ခံစားချက်မရှိတာလား။ မင်း တကယ် ခံစားချက်မရှိတဲ့သူ ဖြစ်သွားတာလား.... မဟုတ်ဘူး ဒါ မင်းမဟုတ်ဘူး။ ဒါ ခရမ်းပင်လယ်ကြီးလေ။ မင်း... ခ ..ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းဖြစ်နေတာပဲ။ ဒ..ဒါက..." ခေါင်း‌ဆောင်ကြီးဟုရန်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေပြီး မယုံနိုင်ဖြစ်နေသေည်။ ခံစားချက်မရှိသောအရာများသာ သူ၏နယ်မြေအတွင်း၌ တည်ရှိနိုင်သည်။ ဤခရမ်းပင်လယ်ဘီလူးကြီးမှာ ထိုသို့သော ခံစားချက်မဲ့သတ္တဝါကြီးဖြစ်လေသည်။ ခရမ်းပင်လယ်ဆိုသည်မှာ အခြေခံအားဖြင့် သေခြင်းသာ မဟုတ်ပါလော။

သေနေသောအရာ၌ ရုပ်ခန္ဓာသာမက ခံစားချက်လည်း မရှိပေ။

***

All Chapters