အစွမ်းအထက်ဆုံး
Vol. 39 Ch. 545
လောလောဆယ်တွင် လေထဲ၌ အင်အားကြီးသော နတ်ဘုရားအာရုံစီးကြောင်းသုံးကြောင်းသည် အောက်ရှိ တိုက်ပွဲကို သေသေချာချာ အာရုံစိုက်နေကြ၏။
ဤနတ်ဘုရားအာရုံစီးကြောင်းများမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ထက် အဆများစွာ ကျော်လွန်၏။ တစ်ကြောင်းစီတွင် မတူညီသော သဘာဝနိယာမများနှင့် နယ်မြေများ ပါရှိနေသယောင်ပင်။ အံဩဖွယ်ကောင်းစွာနှင့် ယင်းတို့က.... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများနှင့် သက်ဆိုင်ပေ၏။
နတ်ဘုရားအာရုံစီးကြောင်းများမှာ အောက်ရှိ တိုက်ပွဲကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ငုံ့ကြည့်ရင်း အံ့လည်းအံ့ဩနေကြသည်။
"ခေါင်းဆောင်ကြီးဟုရန်ရဲ့ ကိုယ်ပွားက အစွမ်းကုန်တိုက်နေတာပဲ"
"အဲ့ဒီကလေး ပိုင်ဆိုင်ထားတဲ့ အတိုက်အခိုက်စွမ်းရည်က ပုံမှန်မဟုတ်ဘူး။ ခေါင်းဆောင်ကြီးဟုရန်ရဲ့ ကိုယ်ပွားက ငါတို့ကိုယ်ပွားတွေနဲ့ ကွဲပြားတယ်။ ငါတို့က ကိုယ်အစစ်ရဲ့ အတိုက်အခိုက်စွမ်းရည်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ ပိုင်ဆိုင်တာ။ ဒါပေမယ့် ခေါင်းဆောင်ကြီးဟုရန်ရဲ့ကိုယ်ပွားကတော့..... သူ့ကိုယ်ပိုင် အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဥ်ရှိတယ်။ သူက ကိုယ်အစစ်ရဲ့ အတိုက်အခိုက်စွမ်းရည် ခုနစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားကိုယ်ပွားပဲ။ ဒုတိယခေါင်းဆောင်ကြီးဟုရန်လို့တောင် ပြောလို့ရတယ်။ ဒီလို သူ့အသက်နဲ့တောင် လဲလို့ရတဲ့ဟာမျိုး ဖန်တီးဖို့ဆိုရင် နှစ်ပေါင်းများစွာ သန့်စင်ဖို့လိုမှာ"
"ခုနစ်လွှာထပ်ခြင်း... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အင်မိုတယ်သားရဲ...ခရမ်းပင်လယ်ရဲ့စိတ်ဆန္ဒ။ ဒီကလေးကတော့ လက်ဖျားခါလောက်ပါပေတယ်"
နတ်ဘုရားအာရုံစီးကြောင်းသုံးကြောင်းသည် ဆက်လက်ဆွေးနွေးနေသည်နှင့်အမျှ ပိုပို၍ လေးနက်လာတော့သည်။
အောက်ရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါက်ကွဲမှုများက တဝုန်းဝုန်း ရိုက်ညောင်းနေသည်။ ခရမ်းပင်လယ်ဘီလူးကြီး မန်ဟိုက လက်သီး ထပ်ဆုတ်လိုက်၏။ သူသည် လေကို ထိုးချလိုက်ရာ အလွန်ကြီးမားသော လေမုန်တိုင်းကြီးအား ပတ်ဝန်းကျင်ရှိ နယ်မြေအားလုံးကို ဖျက်စီးလိုသော စွမ်းအားကြီးဖြင့် အဘက်ဘက်သို့ လှဲကျင်းတိုက်ခတ်သွားစေသည်။
သွေးခွေးကြီးက ဟိန်းဟောက်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်မှ သွေးအလင်းရောင်များ ဖြာထွက်လာကာ ခေါင်းဆောင်ကြီးဟုရန်ဆီ တန်းတန်းမတ်မတ် ပြေးထွက်သွားသော ဆူးချွန်ကြီး (၁၈) ခု ဖြစ်လာသည်။ ၎င်းတို့မှာ လေထုကို အပေါက်ကြီးများ ဖြစ်အောင် စုတ်ဖြဲပစ်နိုင်ပုံပင်။
ဝုန်းခနဲ ကြားလိုက်ရပြီး ခေါင်းဆောင်ကြီးဟုရန်ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ့မှာ နောက်ထပ်ဆုတ်လိုက်၏။ ထိုအချိန်မှာပင် ဘီလူးကြီးမန်ဟိုက လင်းနို့နက်ကြီးကို သတ်ခဲ့စဉ်ကအတိုင်း လက်နှစ်ဖက်ကို ရိုက်လိုက်သည်။
ထို့နောက် ခရမ်းပင်လယ်ကြီးအတွင်းမှ နောက်ထပ်ဘီလူးကြီးတစ်ကောင် ထိုးထွက်လာလေသည်။ ထို့နောက် သုံးကောင်မြောက်၊ လေးကောင်မြောက်၊ ငါးကောင်မြောက်၊ ခြောက်ကောင်မြောက်....
စုစုပေါင်း မီတာထောင်ချီ မြင့်မားပြီး အဆုံးအစွန်အထိ ကြောက်စရာကောင်းသော ဘီလူးကြီးခုနစ်ကောင် ခရမ်းပင်လယ်ကြီးထံမှ ထလာခဲ့လေပြီ။
ဘီလူးကြီးများက မန်ဟိုနှင့် ချွတ်စွပ်တူသည်။ ၎င်းတို့က ပေါ်လာလျှင်ချင်း ခေါင်းဆောင်ကြီးဟုရန်ဆီ ပြေးထွက်သွား၏။ ဤသည်မှာ.... ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းဖြစ်စေပြီးနောက် မန်ဟိုအသုံးပြုနိုင်သော နတ်ဘုရားစွမ်းရည်တစ်မျိုးဖြစ်သည်။
ဘီလူးကြီးခုနစ်ကောင်က ဟိန်းဟောက်လိုက်၏။ သွေးခွေးကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ စွမ်းအားအလုံးစုံဖြင့် ပေါက်ကွဲထွက်လာသည်။ သွေးကိုယ်ပွားမှာ တုန်ရီသွားပြီးနောက် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်ဖော်လိုက်၏။ အကုန်လုံး ခေါင်းဆောင်ကြီးဟုရန်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားကြလေပြီ။
သူတို့ အနားရောက်လာသည်နှင့် အဖျက်အစီးစွမ်းအား ဖြစ်တည်လာသည်။ သုတ်သင်ခြင်းစွမ်းအားမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ၏။ ခေါင်းဆောင်ကြီးဟုရန်၏ နယ်မြေမှာ ထိရောက်မှုမရှိတော့ဘဲ ခရမ်းပင်လယ်ကြီးကို အသုံးပြုနေသော မန်ဟိုကြောင့် တစစီ ကြေမွသွားတော့သည်။ ခေါင်းဆောင်ကြီးဟုရန်၏ မျက်လုံးများမှာ နီရဲနေပြီး ဆံပင်များ ဖွာလန်ကြဲနေ၏။ သူ့မှာ ဆောက်တည်ရာမဲ့စွာ ဟိန်းဟောက်လိုက်တော့သည်။
ချက်ချင်းပင် နတ်ဘုရားစွမ်းရည်တစ်ခု ပုံစံပေါ်လာသည်။ ၎င်းသည် မီတာ သုံးထောင်ရှည်သော နတ်ဓားရှည်ကြီးတစ်လက်အသွင်ဆောင်လိုက်၏။ ဓားကြီးက အောက်သို့ ပိုင်းချလိုက်သဖြင့် တဂျိန်းဂျိန်း ထစ်ချုန်းသွားလေသည်။ ရေဘီလူးကြီးခုနစ်ကောင်အနက် လေးကောင် ပေါက်ကွဲသွားသည်။ သွေးခွေးကြီးထံမှ ခေါင်းဆောင်ကြီးဟုရန်ဆီ လာနေသော ဆူးချွန်များအနက် ငါးခု ကြေမွသွားသည်။ ကျန်အရာအားလုံးက ခေါင်းဆောင်ကြီးဟုရန်ကို ဝင်တိုက်ပစ်လိုက်၏။
ခေါင်းဆောင်ကြီးဟုရန်တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ သူ့မှာ အံ့အားသင့်သွားပြီး မျက်လုံးများ၌ ရူးသွပ်မှုတို့ ပြည့်နှက်နေလျက် ဆံပင်စုတ်ဖွားနှင့် နောက်ဆုတ်သွားလေသည်။
"တော်တယ် မန်ဟို... ငါ့ကို ဒီအတိုင်းအတာအထိ တိုက်ခိုက်နိုင်တယ်ဆိုတာ မင်း အမှန်တကယ် အစွမ်းထက်တာကို သက်သေပြလိုက်တာပဲ
"ဒါပေမယ့် ... မင်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မဟုတ်ဘူး။ အခုထိ မဟုတ်သေးဘူး။ မင်းမှာ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်လည်း မရှိဘူး။ မင်းတော့ သေပြီပဲ.... မင်း ငါ့ကို မသတ်နိုင်ဘူး.... အဲ့ဒီအစား မင်း ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ
"စိတ်ဝိညာဉ်ခွဲထွက်ခြင်း" ခေါင်းဆောင်ကြီးဟုရန်က ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံကြီးနှင့်အတူ သူ၏အရှိန်အဝါသည် တဟုန်ထိုးမြင့်တက်သွားရင်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံစွမ်အားကို ထုတ်ဖော်လိုက်သည်။ ဤသို့ဖြစ်ပျက်သွားသောအခါ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ ညှိုးခြောက်လာပြီး ပျောက်ကွယ်လာလေပြီ။
ချက်ချင်းပင် သူ၏ခန္ဓာကိုယ်သည် ပြာကျပြီး ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သို့သော် အသွေးအသားကိုယ် ပျောက်ကွယ်သွားစဉ် ၎င်း၏နေရာ၌ ပေါ်လာသည်မှာ စိတ်ဝိညာဉ်ကိုယ်တစ်ခုဖြစ်၏။
၎င်းသည် အနုသုခုမရုပ်ခန္ဓာနှင့်တူသော်လည်း အခြေခံအားဖြင့် ကွဲပြားလေသည်။ ၎င်းက ထိုးဖောက်မြင်ရပြီး အင်မိုတယ်စိတ်ဆန္ဒကို ပိုင်ဆိုင်ထားလေသည်။
ဤအရာမှာ ခေါင်းဆောင်ကြီးဟုရန်၏ ကိုယ်ပွား ၏ အင်မိုတယ်စိတ်ဝိညာဉ်ဖြစ်သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းဟူသည် လူ့ဘဝမှခွဲထွက်ခြင်းဟု ဆိုနိုင်သည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက်ရှိ အရာအားလုံးမှာ သေမျိုးလူသားများဖြစ်၏။ သို့သော် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့်အထက်ကို မသေမျိုးအင်မိုတယ်ဟု သတ်မှတ်နိုင်သည်။ လူ့ဘဝမှခွဲထွက်ပြီးနောက်တွင် အနုသုခုမရုပ်ခန္ဓာပျောက်ကွယ်ပြီး အနုသုခုမနတ်ခန္ဓာအဖြစ် ပြောင်းလဲသွားသည်။ ဤအရာကို အင်မိုတယ်စိတ်ဝိညာဥ်ဟုလည်း ညွှန်းဆိုနိုင်ပေသည်။
ဤအနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်မှာ အလွယ်တကူ ထုတ်ဖော်နိုင်သည့်အရာမျိုးမဟုတ်ပေ။ အသွေးအသားကိုယ်ကို စွန့်ပစ်မှသာလျှင် ပေါ်ထွက်လာမှာ ဖြစ်သည်။ တကယ်တမ်း အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်တစ်ခုသာ လူတစ်ယောက်၏ ကိုယ်ပွားနှင့်မဟုတ်ဘဲ အပြင်အားကိုယ်နှင့် အမှန်တကယ် ဆက်သွယ်နိုင်လေသည်။
ထို့ကြောင့် ကိုယ်ပွား၏ အပြင်အားကိုယ်ကို စွန့်ပစ်လိုက်ခြင်းဖြင့် အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနတ်ဘုရားစွမ်းရည်များကို အမှန်တကယ် အသုံးပြုနိုင်မည်ဖြစ်၏။
တောက်ပနေသော အလင်းရောင်များ ဘီလူးကြီးမန်ဟို၏ မျက်လုံးများတွင် ပေါ်ပေါက်လာသည်။ သူက ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်ကို စိုက်ကြည့်နေ၏။ မန်ဟိုမှာ ဤတိုက်ပွဲတစ်လျှောက်လုံး အတော်လေး အမြတ်ရခဲ့သည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့်ပတ်သက်ပြီး သူ၏အသိအမြင်မှာ ယခုတွင် လွန်စွာနက်ရှိုင်းနေလေပြီ။
"ဆိုတော့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှာ အနုသုခုမရုပ်ခန္ဓာမဟုတ်ဘဲ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ် ဖြစ်ပေါ်လာတာပေါ့" မန်ဟိုမှာ အသိအမြင်နက်ရှိုင်းလာသဖြင့် မျက်လုံးများ တောက်ပလာသည်။ ဤတိုက်ပွဲ၏ကျေးဇူးကြောင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းလမ်းစဉ်မှာ သူ၏စိတ်ထဲ၌ ယခင်ထက် များစွာ ရှင်းလင်းပြတ်သားနေလေပြီ။
ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်က ညာဘက်ညှိုးဖြင့် ဘယ်လက်မ၊ ဘယ်ညှိုးဖြင့် ညာလက်မကို ထိရင်း လက်ကွက်ဖော်လိုက်သည်။ ဤအခြင်းအရာက ထောင်မှန်စတုဂံတစ်ခုပုံစံဖော်လိုက်ကာ မန်ဟို၏ပုံရိပ်ကို ဝန်းရံလိုက်၏။ "စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင်ဒဏ်" ၎င်းက အော်လိုက်သည်။
၎င်းပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီးတွင် မိုးထစ်ချုန်းပြီး မိုးမှောင်ကျလာ၏။ ဘီလူးကြီးပုံစံမန်ဟို တုန်ရီလာ၏။ ကောင်းကင်နှင့်မြေကြီးမှ သူ့ကို နှင်ထုတ်တော့မည့် စွမ်းအားကြီးတစ်ရပ် ဖြစ်ပေါ်လာနေသည့်အလားပင်။
ထိုကဲ့သို့ နှင်ဒဏ်က တစ်ကမ္ဘာလုံး၊ တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံးအား မန်ဟို့ကို ရန်သူအဖြစ် မြင်သွားစေသည်။ ဤအခိုက်အတန့်တွင် သက်ရှိများ၊ အပင်များသာမက ဖြစ်တည်မှုအားလုံးမှာ မန်ဟို့ကို နှင်ထုတ်ဖယ်ရှားပစ်ချင်နေကြလေပြီ။
ရုတ်တရက် ပွစိပွစိရေရွတ်နေသော အသံများက စုပေါင်းသွားပြီး အော်သံကြီးအဖြစ် ပဲ့တင်ထပ်သွား၏။
"ထွက်သွားစမ်း"
အသံမှာ တစ်ကမ္ဘာလုံး၏စိတ်ဆန္ဒများ မန်ဟို့ကို သုတ်သင်ဖယ်ရှားပစ်ရန်တွင်သာ အာရုံစိုက်ထားသကဲ့သို့ ဖြစ်သည်။
မန်ဟို၏ ဘီလူးပုံစံကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ကျန်ဘီလူးကြီးများလည်း ထိုနည်းတူပင်။ သွေးခွေးကြီး၏ ခန္ဓာကိုယ်တွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွားပြီး အသက်စွမ်းအားလည်း လျင်မြန်စွာ ကုန်ခမ်းလာသဖြင့် ၎င်းမှာ တအီအီ ငြီးတွားနေတော့သည်။ သို့သော်လည်း ၎င်းကား ပေါက်ကွဲမသွားပေ။ ၎င်းမှာ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မဟုတ်ပါလော။
ထိုကဲ့သို့ နှင်ထုတ်မှုမျိုးကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သာလျှင် ခုခံနိုင်၏။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် မည်သည့်အရာမဆို ဤနှင်ဒဏ်ကြောင့် အသက်ဆုံးရှုံးရပေလိမ့်မည်။ ယင်းက အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်၏ စွမ်းအားဖြစ်ချေသည်။
သွေးကိုယ်ပွားမှာ ပေါက်ကွဲသွားသော်လည်း လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာကာ နောက်တစ်ဖန် ပေါက်ကွဲသွားပြန်သည်။ ခရမ်းပင်လယ်ကြီးမှာ လှိုင်းထန်နေ၏။ ရေမျက်နှာပြင်အောက်ရှိ မန်ဟို၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သက်ရှိအရာအားလုံး ဟိန်းဟောက်နေသည်ကို သူကြားနေရလေသည်။
"ထွက်သွားစမ်း"
သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြန်၏။ သူ ရေထဲမှ အပေါ်တက်သွားစဉ် တဖောက်ဖောက်မြည်သံများ သူ၏ခန္ဓာကိုယ်မှ ထွက်နေတော့သည်။ အသံများက သူ့နားထဲတွင် ပဲ့တင်ထပ်လျက်ရှိ၏။
"ထွက်သွားစမ်း..စမ်း....စမ်း"
"ဒီနေရာက ထွက်သွားး။ ဒီမြေက ထွက်သွား။ တောင်ကောင်းကင်ကနေ ထွက်သွာာာာာားးးးးး...."နှင်ဒဏ်၏ ကြောက်မက်ဖွယ်စွမ်းအားကြီးက မန်ဟိုကို အမြန်ဆုံး နောက်ဆုတ်သွားစေသည်။ သူ့မှာ ဆက်တိုက်ဆိုသလို သွေးအန်နေရ၏။ ဤနတ်ဘုရားစွမ်းရည်မှာ အတိုင်းထက်အလွန် အင်အားကြီးမားပြီး မန်ဟို စိတ်ကူးနိုင်သည်ထက် အဆများစွာ ကျော်လွန်သည်။
နှင်ဒဏ်စွမ်းအားမှာ ပြင်းထန်သထက် ပြင်းထန်လာရာ လေလယ်တွင် ဧရာမဝဲကြီးတစ်ခု ဖြစ်လာတော့သည်။ ဝဲကြီး၏ စုပ်အားက မန်ဟို့အပေါ် သက်ရောက်လာပြီး သူ့ကို တောင်ကောင်းကင်ဂြိုဟ်မှ အပြီးတိုင် နှင်ထုတ်ဖယ်ရှားပစ်ချင်နေပုံပင်။
"ငါက တောင်ကောင်းကင်မှာ နေတာ" မန်ဟိုက ပြောသည်။ "ဒါက ငါ့အိမ်။ မင်းက မလောက်လေးစား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူလေး တစ်ယောက်သာသာပဲ။ မင်းက ဘာလုပ်ပိုင်ခွင့်နဲ့ ငါ့ကို နှင်ထုတ်ချင်တာလဲ" သူသည် သိုလှောင်အိတ်ကို ပုတ်၍ သွေးမျက်နှာဖုံးကို ထုတ်လိုက်စဉ် သူ၏မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒ ပြည့်နှက်သွားသည်။
သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက်တွင် မန်ဟို့အတွက် တကယ်တမ်း မျက်နှာဖုံးမလိုအပ်ပေ။ သို့သော် ယခုတွင် သွေးခွေးကြီး နိုးထလာခဲ့ပြီဖြစ်၍ မန်ဟိုက မျက်နှာဖုံးအတွင်းရှိသော .... အံ့မခန်းလိလိ နတ်ဘုရားစွမ်းရည်တစ်ခုကို အာရုံရထားလေသည်။
အစတုန်းက မန်ဟိုသည် ဤနတ်ဘုရားအာရုံကို ဝှက်ဖဲအဖြစ် သိမ်းထားရန် ကြံစည်ခဲ့သော်လည်း ယခုတော့ ရွေးချယ်စရာမရှိတော့ပေ။
သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မျက်နှာဖုံးကို မျက်နှာအပေါ် တင်လိုက်သည်။ ထိုအခါ သူ၏အစိမ်းရောင်ဝတ်ရုံသည် ချက်ချင်း သွေးရောင်ပြောင်းသွားပြီး ဆံပင်လည်း ထိုနည်းတူပင်။ မျက်စိတစ်မှိတ်အတွင်း သွေးအလင်းရောင်တို့ သူ့ထံမှ ဖြာထွက်လာတော့သည်။
"သွေးခွေးကြီး၊ ငါ့ရဲ့ သွေးအင်မိုတယ်စိတ်ဝိညာဉ်... ငါ့ရဲ့ တာအိုစောင့်ရှောက်သူ ... ဒီကမ္ဘာဦးသွေးအင်မိုတယ်နိယာမကို ဒီမျက်နှာဖုံးနဲ့ ပေါင်းစည်းပြီး မင်းရဲ့ကျင့်ကြံခြင်းအခြေခံကို ... ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံဖြစ်အောင်လုပ်လိုက်
"နယ်မြေကို ပြောင်းလဲ၊ ကမ္ဘာဦးအသွင်ဆောင်ပြီး သွေးအင်မိုတယ်ရဲ့ ပုံရိပ်ကို ... ဖော်ဆောင်လော့" မန်ဟိုစကားပြောနေစဉ် သူ၏စကားလုံးများက ရှေးဆန်းသောစိတ်ဆန္ဒကို သယ်ဆောင်လာသယောင်ပင်။ သွေးခွေးကြီးမှာ တုန်ရီသွားပြီး ထူးဆန်းသောအလင်းရောင်တစ်ခု ၎င်း၏မျက်လုံးများတွင် တောက်ပလာ၏။ ၎င်းကား တစ်ချက်လေးပင် မတုံ့ဆိုင်းဘဲ မန်ဟို့ဆီ ပြေးဝင်သွားလေပြီ။ ၎င်း၏ခန္ဓာကိုယ်မှာ အနီရောင်အလင်းအသွင်ပြောင်းသွား၏။ ၎င်းမှာ လျှပ်စီးသဖွယ် မန်ဟိုဆီ ပြေးဝင်သွားပြီးနောက် ... မျက်နှာဖုံးနှင့် ပေါင်းစည်းသွားသည်။
သွေးခွေးကြီး မျက်နှာဖုံးနှင့် တစ်သားတည်းဖြစ်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ သူ၏အရှိန်အဝါ ရုတ်တရက် ဖြာထွက်လာပြီး သူ၏ဆံပင်များမှာ ပျံ့လွင့်နေတော့သည်။ သူ၏ဝတ်ရုံမှာလည်း တဖတ်ဖတ် လွင့်နေ၏။
သူ၏နတ်ဘုရားအာရုံမှာ ရုတ်တရက် .... မီတာ ၂၉၉၉၉ မဟုတ်တော့ဘဲ ... မီတာ ၃၀၀၀၀ ဖြစ်သွားလေပြီ။
၎င်းသည် တစ်မီတာလေးသာ တိုးလာခြင်းဖြစ်သော်လည်း ထိုမီတာက... ယခင် ၂၉၉၉၉ မီတာနှင့်စာလျှင် အလုံးစုံပြောင်းလဲသွား၏။ ထိုတစ်မီတာအဟလေးက သေမျိုးလူသား နှင့် မသေမျိုးအင်မိုတယ်အကြား ကွဲပြားမှုကို ကိုယ်စားပြုလေသည်။
မန်ဟို၏ကျင့်ကြံခြင်းအခြေခံ ရုတ်တရက် ဝုန်းခနဲ ထိုးတက်သွားတော့သည်။ အံ့ဖွယ်ကောင်းစွာနှင့် သွေးပုံရိပ်တစ်ခု သူ့အနောက်တွင် ပေါ်လာသည်။ ၎င်းသည် ဆံနွယ်များ လေတွင် လွင့်မျောနေလျက်၊ မျက်နှာဖုံးတစ်ခုကို ဝင်ဆင်ထားပြီး အရိုးပလ္လင်ပေါ်တွင် ထိုင်နေသည့် ပုံရိပ်ဖြစ်သည်။ ထို့အပြင် ၎င်းကား အမျိုးသမီးတစ်ယောက် ဖြစ်၏။
အမျိုးသမီးသည် .. ကံကြမ္မာဆိုးမျိုးနွယ်စု၏ သွေးအင်မိုတယ်မှတစ်ပါး အခြားမဟုတ်ပေ။
ဤအခိုက်အတန့်တွင် မန်ဟိုသည် သွေးခွေးကြီး၏ ကျင့်ကြံခြင်းအခြေခံနှင့် တစ်သားတည်းဖြစ်နေသည်။ သူ၏ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံအပြင် သူ့အပိုင်မဟုတ်သော ကျင့်ကြံခြင်းအခြေခံနောက်တစ်ခုလည်း ပေါ်လာသည်။ ၎င်းသည် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ပေါင်းစည်းလိုက်ရာ သူ၏ခန္ဓာကိုယ်တွင် မိုးထစ်ချုန်းသံများ ပြည့်နှက်သွားစေတော့သည်။ သူ၏အရှိန်အဝါသည် .... စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအားနှင့်အတူ ပေါက်ကွဲထွက်လာတော့သည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် ရုတ်တရက် တစ်ခုခုကို သိလိုက်ပုံပင်။ သူကား ကောင်းကင်ကို မော့ကြည့်ပြီးနောက် အကြည့်ကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်၏။
"သူ ငါတို့ကို မြင်သွားပြီ။ ဒီကောင်လေး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရဲ့ စွမ်းအားကို တကယ် ငှားယူနိုင်မယ် မထင်ထားဘူး"
"ခေါင်းဆောင်ကြီးဟုရန်ရဲ့ ကိုယ်ပွားတော့ ကိစ္စတုံးတော့မယ်ထင်တယ်"
"ဒီကလေး... မဟုတ်သေးဘူး အဲ့ဒီလိုမခေါ်သင့်ဘူး။ ဒီတာအိုရောင်ရင်းမန်ဟိုက ငါတို့နဲ့ မရင်းနှီးပေမယ့် ငါတို့နှင့် တစ်ဝိုင်းတည်းအတူထိုင်ဖို့ အရည်အချင်းပြည့်မှီတယ်"
ယခုတွင် သူတို့သုံးယောက်သည် မန်ဟို့ကို အထူးတလည် စိတ်ဝင်တစား အာရုံစိုက်နေကြ၏။
***