ခေါင်းဆောင်ကြီး အစွမ်းကုန်ထုတ်ခြင်း
Vol. 39 Ch. 546
စိတ်ဝိညာဉ်ခွဲထွက်ခြင်းလှိုင်းများ အရပ်မျက်နှာအနှံသို့ ခွဲဖြာရိုက်ခတ်နေသည်။ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံမှာ မြင့်တက်သွားပြီဖြစ်၏။
အဆိုပါစိတ်ဝိညာဉ်စွမ်းအားမှာ သူ့အပိုင်မဟုတ်ပေ။ သူ့အနေဖြင့် ၎င်းကို ခဏတဖြုတ်သာ အသုံးပြနိုင်သည်။ နယ်မြေပင်လျှင် သူနှင့်မသက်ဆိုင်ဘဲ သွေးအင်မိုတယ်၏နယ်မြေဖြစ်သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံသို့ တက်ရောက်ပြီးနောက် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ဧရိယာကမ္ဘာတစ်ခု မန်ဟို့ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။ သူ၏စိတ်ထဲတွင် သွေးအင်မိုတယ်၏နယ်မြေကိုလည်း ခပ်ရေးရေး အာရုံရနေသည်။
သို့သော် ၎င်းတို့ကို အသုံးမပြုနိုင်ပေ။ သည်အတိုင်း ခပ်ရေးရေးလေး အာရုံရနေခြင်းသာ ဖြစ်၏... နယ်မြေမှာ တကယ်တမ်း သွေးနှင့်လားလားမှ မသက်ဆိုင်။ ထူးဆန်းစွာနှင့် စောင့်ဆိုင်းနေသော ခံစားချက်အပြင် ခမ်းနားကြီးကျယ်သော လေ့လာလိုက်စားမှုလည်း ပါဝင်နေသည်။ ၎င်းမှာ ပွင့်လန်းနေသော သွေးရောင်ပန်းတစ်ပွင့်နှင့်တူ၏....
မန်ဟို စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအားကို ငှားယူလိုက်သည့်အခိုက်အတန့်တွင် သူ၏ပတ်ပတ်လည်ရှိ နှင်ထုတ်အားမှာ တစ်ဝက်ကျော် အားနည်းသွားလေသည်။ လေလယ်ရှိ ဝဲကြီးမှာလည်း အစအနမကျန် ပျောက်ကွယ်သွား၏။
မယုံနိုင်ဖြစ်သော အမူအရာကြီးမှာ ခေါင်းဆောင်ကြီးဟုရန်၏မျက်နှာအပေါ်တွင် ပေါ်လာတော့သည်။ တိုက်ပွဲမှာ ယခုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူမထင်ထားခဲ့သလို၊ မန်ဟို့ကြောင့် ဖိန့်ဖိန့်တုန်နေရမည်ဟုလည်း စိတ်မကူးခဲ့ဖူးပေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘာလို့ သူက ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ... မဟုတ်မှ ဒီကောင် တာအိုရှာဖွေခြင်းအသိအမြင် ရသွားတာလား။ ဒါမှမဟုတ် လူသားကိုယ်ထဲရောက်နေတဲ့ အင်မိုတယ်တစ်ယောက်ရဲ့ ဝိညာဉ်လား" ခေါင်းဆောင်ကြီးဟုရန် တုန်လှုပ်ချောက်ချားနေသည့်အချိန်မှာပင် မန်ဟိုက ခေါင်းမော့လာသည်။ သူသည် ကိုယ်ခန္ဓာအတွင်း၌ တရိပ်ရိပ်လှုပ်ရှားနေသော စွမ်းအားကြီးတစ်ရပ်ကို ခံစားနေရ၏။ သို့ရာတွင် ထိုစွမ်းအားကို သူကြာကြာ မထိန်းထားနိုင်၊ အလွန်ဆုံးမှ ဆယ့်နှစ်ရှိုက်သာ ခံပေလိမ့်မည်။
ထို့ကြောင့် သူသည် မတုံ့ဆိုင်းပေ။ သူက ညာလက်ကို မြှောက်ပြီး မုဒြာလက်ကွက်ဖောက်ကာ အရှေ့သို့ လက်ညှိုးထိုးလိုက်သည့်အတွက် သူ့ပတ်ဝန်းကျင်တွင် သွေးရောင်တောက်သွားတော့သည်။
"ကွဲကွာနေတဲ့ တိမ်တိုက်တွေ၊ သွေးမိုး၊ ကောင်းကင်အပြည့် ပင်လယ်တွေ"
သွေးအင်မိုတယ်အမွေအနှစ်၏ နတ်ဘုရားစွမ်းရည်သုံးခု။ သွေးအင်မိုတယ်၏ ခန္ဓာကိုယ်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံ။ ဤအခိုက်အတန့်တွင် ဤအရာအားလုံး၏စွမ်းအားမှာ ပေါက်ကွဲထွက်လာခဲ့ချေပြီ။
ကောင်းကင်တစ်ပြင်လုံး သွေးရောင်လွှမ်းသွား၏။
အနီရောင်အလင်းအောက်တွင် ခရမ်းပင်လယ်ကြီးမှာ နက်မှောင်သွားသည်။
အဝေးမှကြည့်လျှင် အနက်ရောင်ပင်လယ်ကြီးတစ်စင်းနှင့် အနီရောင်ကောင်းကင်ကြီးကို မြင်ရပေလိမ့်မည်။ ထိုနှစ်ခုအကြား၌ မှုန်ဝါးဝါး ခရမ်းရောင်အလင်းအား မြင်သည်ဆိုရုံကလေး မြင်ရ၏။ ပန်းချီပညာရှင်တစ်ဦးအတွက်ပင် ထိုမြင်ကွင်းမှာ သရုပ်ဖော်ရခက်လောက်သည်။
ကောင်းကင်တွင် တိမ်တိုက်များရှိ၏... ကွဲကွာနေသော တိမ်တိုက်များ။
မိုးလည်း ရွာကျနေသည် ... သွေးမိုး။
သွေးပင်လယ်တစ်စင်းမှာလည်း ကောင်းကင်ဘုံသို့ ပျံတက်ချင်နေသည့်အလား လှိုင်းလုံးကြီးများဖြင့် သောင်းကျန်းနေသည်။ သွေးပင်လယ်သည် ခရမ်းပင်လယ်ကြီးနှင့် ပေါင်းစည်းပြီး နက်မှောင်နေသောသွေးများ ဖြစ်လာ၏။
ကွဲကွာနေတဲ့ တိမ်တိုက်တွေ၊ သွေးမိုး၊ ကောင်းကင်အပြည့် ပင်လယ်တွေ။ ဤအရာသုံးခုသည် ခမ်းနားကြီးကျယ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်များ ဖြစ်ပေသည်။
ဤကွဲကွာနေသော တိမ်တိုက်များ လှုပ်ရှားလာပြီး ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ် ပတ်ပတ်လည်တွင် အခိုးအငွေ့များ တထောင်းထောင်း ထစေလိုက်သည်။ သိပ်သည်းထူထပ်နေသော တိမ်တိုက်များအတွင်းထဲမှ... ကွဲကွာခြင်း ထွက်လာသည်။
ဖောင်းခနဲ မြူများ ပေါက်ကွဲသွား၏။ ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်မှာ စူးစူးဝါးဝါး အော်လိုက်လေသည်။ ၎င်းမှာ ရှောင်တိမ်း၍မရသလို ၊ ပြန်တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့နေကြောင်း တွေ့လိုက်ရသဖြင့် အံ့ဩတုန်လှုပ်နေတော့သည်။ ကမ္ဘာလောက၏ သဘာဝနိယာမမှာ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သယောင်ပင်။
ဤနိယာမများမှာ သူ့အပိုင်မဟုတ်ဘဲ မန်ဟိုနှင့်သက်ဆိုင်နေသည်။ သို့မဟုတ်... မန်ဟို့အနောက်ရှိ အရိုးပလ္လင်ကြီးအပေါ်တွင် ထိုင်နေသောအမျိုးသမီး ဖြစ်ကောင်းဖြစ်နိုင်၏။
ကွဲကွာနေသော တိမ်တိုက်များမှာ အဆုံးမဲ့မရှိ ဖွေးဖွေးလှုပ် အုံကြွလာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အား ကွဲကွာခြင်းလေပြင်းမှ အားဖြည့်ပေးနေသည့်အတွက်ပင်။ တဝုန်းဝုန်း တဝေါဝေါ မြည်ဟည်းနေပြီး အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်မှာ အကြိမ်များစွာ ထိုးနှက်ခံနေရတော့သည်။ သူ့မှာ နောက်သို့ မီတာရာပေါင်းများစွာ တွန်းထုတ်ခံလိုက်ရ၏။ တဖောင်းဖောင်း ပေါက်ကွဲမှုများ၊ တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်မှာ ဖျက်စီးခံရတော့မည့်ပုံပေါ်လေသည်။
သူ့မှာ သေစေနိုင်သောအန္တရာယ်ကြီးကို အာရုံရလိုက်သဖြင့် အံ့ဩမယုံနိုင်ဖြစ်ကာ ထိတ်လန့်သွားတော့၏။
ဤအခိုက်အတန့်တွင် သွေးမိုးသည် ကွဲကွာနေသော တိမ်တိုက်များအကြား ရွာကျလာ၏။ ၎င်းက နောက်ထပ်နှင်ထုတ်ခြင်းစွမ်းအားတစ်ရပ်ကို သယ်ဆောင်လာသည်။ မိုးရေစက်များက အရပ်မျက်နှာအနှံမှ ခေါင်းဆောင်ကြီးဟုရန်ဆီ ဦးတည်လျက် ရွာကျလာသည်။
သွေးပျက်မတတ် အော်သံကြီးတစ်သံ ကြားလိုက်ရ၏။ ခေါင်းဆောင်ကြီးဟုရန်မှာ လန့်ဖျပ်ကာ ကြောက်ဒူးတုန်နေတော့သည်။ သူ၏ခန္ဓာကိုယ်မှာ ဖောင်းခနဲ ကွဲထွက်သွားတော့သည်။ သူသည် ၎င်းကို အလျင်အမြန် ပြန်စုလိုက်သော်လည်း ပို၍များပြားသော သွေးမိုးပေါက်များကိုသာ ရွာကျလာစေလေသည်။ ဤအခိုက်အတန့်တွင် တစ်ကမ္ဘာလုံး၊ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ သွေးမိုးကမ္ဘာဖြစ်လာခဲ့လေပြီ။
ထိုကမ္ဘာအတွင်းတွင် သက်ရှိအရာအားလုံးမှာ သွေးမိုးထဲတွင် နစ်မြှုပ်သေဆုံးရပေလိမ့်မည်။
သို့သော် ... ဤသည်က အကြီးမားဆုံးအန္တရာယ်ကြီးမဟုတ်သေး။ တကယ့်အန္တရာယ်ကြီးကား... အနက်ရောင်ပင်လယ်ကြီးဖြစ်ချေသည်။
ပင်လယ်ကြီးသည် ကောင်းကင်ထက်သို့ မြောက်တက်လာ၏။ တစ်ခါက ခရမ်းရောင်သမ်းခဲ့သော ပင်လယ်ကြီးသည် သွေးမိုးနှင့် ပေါင်းစည်းကာ နက်မှောင်သွားခဲ့လေပြီ။
အနက်ရောင်ပင်လယ်ကြီးကြောင့် မည်သည်က ကောင်းကင်၊ မည်သည်က ပင်လယ်လဲ ဆုံးဖြတ်ရခက်နေလေပြီ။ တစ်လောကလုံး ဇောက်ထိုးဖြစ်သွားပြီး အရာအားလုံး လည်သွားခဲ့သယောင်ပင်။
တဝေါဝေါ တဝုန်းဝုန်း မြည်ဟည်းနေသံများအကြားတွင် ကွဲကွာနေသော တိမ်တိုက်များ၊ သွေးမိုး၊ အနက်ရောင်ပင်လယ်တို့ကား.... သွေးသေမင်းဖြစ်လာတော့သည်။
ခေါင်းဆောင်ကြီးဟုရန်မှာ အန္တရာယ်အာရုံကြီးကြောင့် ခေါင်းနပန်းကြီးနေတော့၏။ သူ ယခုချက်ချင်း တစ်ခုခုမလုပ်လျှင် သေချာပေါက် သေဆုံးတော့မည်ကို ကြိုသိနေလေပြီ။
ယခင်က လူတစ်ယောက်သာ မန်ဟို့လက်ချက်ကြောင့် သူသေရလိမ့်မည်ဟု ဗေဒင်ဟောခဲ့လျှင် ထိုလူ့အား လှောင်ပြောင်ရယ်မောခဲ့မည်ဖြစ်သည်။ သို့သော် ယခုတော့ ....သူ့မှာ နဖူးတွေ့ဒူးတွေ့ ကြုံနေရပြီဖြစ်၏။ သို့သော် ဤအခိုက်အတန့်တွင် ကြောက်ချီးပန်းနေရန် အချိန်မရှိ။ သူက ရင်တဒိန်းဒိန်းခုန်လျက် ကောင်းကင်ကို ရုတ်တရက် မော့ကြည့်ကာ ဟိန်းဟောက်လိုက်တော့သည်။
"တာအိုရောင်ရင်းတို့၊ ခင်ဗျားတို့ သုံးယောက် ကျေးဇူးပြုပြီး ဒီလူ့ကို ကူသတ်ပေးပါ။ အောင်မြင်ရင်ပဲ ဖြစ်ဖြစ်၊ မအောင်မြင်ရင်ပဲ ဖြစ်ဖြစ် ကျုပ် သေချာပေါက် ထိုက်ထိုက်တန်တန် ကျေးဇူးပြန်ဆပ်ပါ့မယ်"
ဤစကားကို ကြားသော် နတ်ဘုရားအာရုံစီးကြောင်းများမှာ ချက်ချင်းပင် လင်းထိန်တောက်ပလာ၏။ ၎င်းတို့က မဆိုင်းမတွ ဆွေးနွေးတိုင်ပင်ကြတော့သည်။
"တိုက်ပွဲကို ဆက်ပြီး စောင့်ကြည့်နေစရာ မလိုဘူး" တိမ်ကောင်းကင်မျိုးနွယ်စုမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ပြောသည်။ "ကိုယ်ပွားက သေဖို့ကံပြီးသား။ ဒီမန်ဟိုဆိုတဲ့လူက သူ့ရဲ့စိတ်ဆန္ဒကို ခရမ်းပင်လယ်ကြီးနဲ့ ပေါင်းစည်းထားတယ်။ အသာအယာလေး သွားရန်စလို့ရတဲ့သူ မဟုတ်ပေဘူး" သူ၏စကားလုံးများမှာ လေးနက်သော အဓိပ္ပာယ်ပါရှိပြီး ဘာကိုဆိုလိုသည်လဲ သိသာသည်။
"တာအိုရောင်ရင်း ယွင်လန် ၊ မစိုးရိမ်ပါနဲ့။ ကျုပ်တို့က မဟာမိတ်တွေလေ အဲ့ဒီတော့ တစ်ယောက်ကိုတစ်ယောက် ကူညီပါ့မယ်ဆိုတဲ့စကားကို ပြန်ရုပ်သိမ်းလို့မရဘူး။ ဒါပေမဲ့ အကောင်းဆုံးကတော့ ခေါင်းဆောင်ကြီးဟုရန် ကမ်းလှမ်းတာကို လျစ်လျူရှုပြီး မန်ဟို ကျုပ်တို့အပေါ် ကျေးဇူးအကြွေးတင်အောင် လုပ်တာပဲ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်မဟုတ်ပေလား"
"အမှန်ပဲ ။ ခေါင်းဆောင်ကြီးဟုရန်က ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်ချင်တာလေ။ သူ့အပြစ်နဲ့သူပဲ။ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့အနေနဲ့ ကောင်းကင်ရှာဖွေမျိုးနွယ်စုကို ဆုံးရှုံးရရင်တောင်မှ တိမ်ကောင်းကင်မျိုးနွယ်စုကို ထည့်လိုက်ရင် ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ ဖြစ်နေဦးမှာပဲ"
ဆွေးနွေးပြီးနောက် နတ်ဘုရားအာရုံစီးကြောင်းသုံးကြောင်းမှာ လူယုတ်မာရယ်သံကြီးဖြင့် ရယ်လိုက်ကြသည်။ လေဟာနယ်ထဲမှ ပုံသဏ္ဌာန်သုံးခု ဖြစ်တည်လာ၏။ မျက်စိတစ်မှိတ်အတွင်း ပုံရိပ်သုံးခုကို မြင်လိုက်ရလေပြီ။
တစ်ယောက်မှာ ဆံဖြူအဘိုးကြီးဖြစ်၏ ။ အခြားတစ်ယောက်က မုတ်ဆိတ်မွှေးထူထူနှင့် သက်လတ်ပိုင်းအရွယ်လူဖြစ်သည်။ တတိယမြောက်ကတော့ အနီရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးပင်။
သူတို့က ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်လိုက်ကြသည်။ ဤသည်မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတိုင်း ပိုင်ဆိုင်သော ကိုယ်ပွားများဖြစ်၏။ သူတို့သည် မြင်ရခဲသော အမျိုးအစားဖြစ်သည့် ခေါင်းဆောင်ကြီးဟုရန်၏ ကိုယ်ပွားနှင့်တော့ မတူပေ။
အချိန်အနည်းငယ်ကြာသော် ပုံရိပ်သုံးခု ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာအရှေ့တွင် ပေါ်လာသည်။ သူတို့က တစ်ချက်လေးပင် မရပ်ဘဲ မန်ဟို့ဆီ ပြေးထွက်သွား၏။
ဤကိုယ်ပွားတစ်ခုစီတွင် ကိုယ်အစစ်၏ ကျင့်ကြံခြင်းအခြေခံ၏ စွမ်းအားသုံးဆယ်ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားကြလေသည်။ သို့သော် သုံးဆယ်ရာခိုင်နှုန်းကပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကို ချေမှုန်းရန် လုံလောက်၏။ သူတို့သည် မန်ဟို၏ ခမ်းနားကြီးကျယ်သော သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်သုံးခုထံ ဦးတည်ထွက်သွားသော အလင်းတန်းသုံးတန်း ချက်ချင်းဖြစ်သွားလေပြီ။
မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ ဤလူသုံးယောက်လှုပ်ရှားခြင်းက မထင်မှတ်ထားသောအရာမဟုတ်ပေ။ သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်၏။ ကွဲကွာနေသော တိမ်တိုက်များ တဝုန်းဝုန်း မြည်သွားပြီး သွေးမိုးက ဟိန်းဟောက်လိုက်ကာ အနက်ရောင်ပင်လယ်ကြီးမှာ တဝေါဝေါ သောင်းကျန်းသွားတော့သည်။ အားသုံးရပ်သည် ကိုယ်ပွားသုံးခုကို ဝင်တိုက်ပစ်လိုက်၏။
"ဒီလူက မယုံနိုင်စရာပဲ။ အခု ကျုပ်ကိုယ်တိုင် ဒီလူ့ စွမ်းအားကို ရင်ဆိုင်ကြည့်မှ ရပ်ကြည့်နေတုန်းက ထင်ခဲ့တာထက် ပြင်းထန်တာ သိတော့တယ်"
"ကျုပ်တို့ကိုယ်ပွားတွေနဲ့ပဲ သူ့ကို ရင်ဆိုင်ပြီး သူသာ အစွမ်းကုန်ထုတ်လိုက်ရင် ကျုပ်တို့ကို သုတ်သင်ပစ်ဖို့ သူ့အတွက် နည်းနည်းလောက်ပဲ လှုပ်ရှားစရာလိုမှာ"
သုံးယောက်သား အကြည့်ချင်းထပ်မံဖလှယ်လိုက်ကြပြီး မုဒြာလက်ကွက်များ ဖော်လိုက်ရာ သူတို့၏နတ်ဘုရားစွမ်းရည်များကို မန်ဟို၏ အင်မိုတယ်နတ်ဘုရားစွမ်းရည်သုံးခုဆီသို့ ပြေးဝင်ဆောင့်သွားစေသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ပေါက်ကွဲသံများ ရိုက်ညောင်းသွား၏။ ကိုယ်ပွားသုံးခုမှာလည်း ဖျက်စီးခံလိုက်ရသည်။
သူတို့ လုံးလုံးလျားလျား ပျောက်ကွယ်မသွားခင် မန်ဟို့ကို အဓိပ္ပါယ်ပါပါ ကြည့်သွားခဲ့ကြ၏။
ခေါင်းဆောင်ကြီးဟုရန်မှာ မျက်လုံးပြူးသွားပြီး တုန်ရီလာသည်။ သူက ခေါင်းမော့ပြီး မချိတင်ကဲ ဟိန်းဟောက်လိုက်၏။ ထိုကလိမ်ကကျစ်မြေခွေးသုံးကောင်၏လုပ်ရပ်ကို သူအနေဖြင့် မည်ကဲ့သို့ မမြင်ဘဲနေမည်နည်း။
ထိုသုံးယောက်မှာ အမှန်တကယ် တိုက်ခိုက်လိုခဲ့ခြင်းမဟုတ်ပေ။ သူ ကတိပေးခဲ့သည့်အတိုင်း ရတနာရဖို့အတွက် ဆင်ခြေပေးရန်သာ လုပ်ခဲ့ခြင်း ဖြစ်လေသည်။
ခေါင်းဆောင်ကြီးဟုရန်ကား ရူးမတတ် ဒေါပွနေလေပြီ။
"ငါ သေရမယ်ဆိုရင် ဘယ်နည်းနဲ့မှ ဒီကောင်လက်ချက်နဲ့ မသေချင်ဘူး" သူက ဟိန်းဟောက်လိုက်၏။
"အရုပ်တွေ ပေါင်းစည်းစေ..." သူက အော်လိုက်သည်။ ရုတ်တရက် သူ၏အနုသုခုမနတ်ခန္ဓာအတွင်းတွင် အရုပ်ငါးရုပ်နှင့် တစ်ပိုင်းပေါ်လာပြီး ပျံထွက်လာသည်။ တစ်ပိုင်းအရုပ်ထဲတွင် ခေါင်းဆောင်ကြီးဟုရန်နှင့် ရုပ်ဆင်သော ဝိညာဉ်များအား မြင်နိုင်၏။ ၎င်းတို့က အတူတကွ စုပေါင်းပြီး ... ခေါင်းဆောင်ကြီးဟုရန်ကိုယ်တိုင် သတ်ဖြတ်ခဲ့သော သားရှစ်ယောက်ဖြစ်လာသည်။
ကံဆိုးစွာနှင့် ဟုရန်ချင်းမှာ သူများလက်ချက်နှင့် ကိစ္စချောသွားသည်ဖြစ်ရာ အရုပ်မှာ မပြည့်စုံပေ။
ဤအရုပ်များပေါ်လာသည်နှင့် ခေါင်းဆောင်ကြီးဟုရန်၏မျက်နှာအမူအရာမှာ ရုတ်ခြည်းဆိုသလို တည်ကြည်ပြတ်သားသွား၏။
"ဘိုးဘေးနိုးထခြင်း စတင်" ခေါင်းဆောင်ဟုရန် ဟိန်းဟောက်လိုက်သဖြင့် အရုပ်ငါးရုပ်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး မရေမတွက်နိုင်သောအပိုင်းအစများက အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားသည်။ ခေါင်းဆောင်ကြီးဟုရန်၏ ဟိန်းဟောက်သံကြီးမှာ ဆွဲဆွဲငင်ငင် ငိုသံကြီးသဖွယ် ဖြစ်လာကာ အနုသုခုမနတ်ခန္ဓာသည် ဝေဝါးလာပြီး ရုတ်တရက် ပေါက်ကွဲသွားလေ၏။
ပေါက်ကွဲသွားသော အပိုင်းအစများမှာ လူ့အသားတုံးများနှင့် အလွန်တူလေသည်။ ၎င်းတို့သည် လွင့်စင်ထွက်သွားသော်လည်း လျင်မြန်စွာ ပြန်စုစည်းသွားပြန်သည်။ မျက်စိတစ်မှိတ်အတွင်း ဖော်ပြမတတ်နိုင်လောက်အောင် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာ၏။
တစ်ချိန်တည်းမှာပင် ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာသည်လည်း ပြန်စုစည်းကာ မရေမတွက်နိုင်သော အသားတုံးများမှ ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ကြီးဖြစ်လာသည်။
၎င်းမှာ အသားတုံးများအား အတူတကွ အပ်နှင့်တွဲချုပ်ထားသည့်အလား၊ မရေမတွက်နိုင်သော ကင်းခြေများတို့ ဖုံးလွှမ်းသည့်အလားပင်။ ၎င်း၏ပုံစံမှာ အရုပ်ဆိုးလွန်းပြီး အထူးသဖြင့် နဖူးကြီးဖြစ်သည်။ ထိုနေရာတွင် ရွှေရောင်အလင်းများ ဖြာထွက်နေသည့် ရွှေအကြေးခွံကြီးသုံးခုကို မြင်နိုင်၏။
ထိတ်လန့်စက်ဆုပ်ဖွယ်အရှိန်အဝါမှာ ကိုးရို့ကားယားနှင့် ရွံစရာကောင်းသော ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်ကြီးဟုရန်၏ ဘိုးဘေးနိုးထခြင်းခန္ဓာ၊ သူ့ကိုယ်ပွား ထုတ်လွှတ်နိုင်သမျှ အစွမ်းအထက်ဆုံး နတ်ဘုရားစွမ်းရည်ဖြစ်ချေသည်။
ခေါင်းကြီးမှာ မည့်သည့်အင်္ဂါရပ်မှ ရှိမနေ။ ရွှေအကြေးခွံကြီးသုံးခုကသာ မျက်လုံးကြီးများသဖွယ် ရှိနေသည်။ ၎င်းတို့သည် တဖျပ်ဖျပ်လက်နေသော ရွှေအလင်းရောင်ဖြင့် တောက်ပနေရင်း ဧရာမဝဲကြီးပုံစံ ပြောင်းလာသည်။
ဝဲကြီးက လေထုကိုပင် ကြေမွသွားစေနိုင်သော အားကြီးဖြင့် လည်ပြီးရင်း လည်နေသည်။ ၎င်း ပြန့်ကားလာစဉ် မီတာထောင်ပေါင်းများစွာအကွာအဝေးအထိ ရှိသမျှအရာအားလုံး ရုတ်ခြည်း တစစီဖြစ်စပြုလာတော့သည်။
ကွဲကွာတိမ်တိုက်များ အပိုင်းပိုင်းပြတ်ထွက်ကုန်ပြီး သွေးမိုးလည်း လွင့်စင်ပျောက်ကွယ်ကာ အနက်ရောင်ပင်လယ်ကြီးပင် ဖျက်စီးခံလိုက်ရလေပြီ။ မန်ဟို၏ သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်သုံးခုလုံး လွင့်ပြယ်သွားတော့၏။
ခေါင်းဆောင်ကြီးဟုရန်က သူ၏အသက်စွမ်းအားကို လောင်ကျွမ်းပစ်နေသည်။ သူ၏ကျင့်ကြံအဆင့်မှာ ဝေဝါးနေပြီး သူ၏ပုံပန်းသွင်ကား ဤဘိုးဘေးနိုးထခြင်းပုံစံဖြင့် ချောက်ချားဖွယ်ကောင်းနေ၏။ ၎င်းမှာ မည်သည့်အရာကိုမဆို ခြွင်းချက်မရှိ ဖျက်စီးပစ်နိုင်ပုံပင်။
သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်များ ဖျက်စီးခံလိုက်ရပြီးနောက် ခေါင်းဆောင်ကြီးဟုရန်၏ ထူးဆန်းသောခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ မန်ဟို၏အရှေ့တည့်တည့်သို့ ရောက်နေလေပြီ။ သူက လက်ကိုမြှောက်ပြီး တွန်းထုတ်လိုက်၏။
မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူက အင်္ကျီလက်စကို ခါကာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအားကို ငှားယူရင်း နောက်ဆုတ်လိုက်သည်။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအားမကုန်ုန်ခင် ငါ အသက်ခုနစ်ရှိုက်ပဲ အချိန်ရတော့တယ်"
သူ၏မျက်ဝန်းများ အေးစက်သွားသည်။ သူသည် အံတင်းတင်းကြိတ်ရင်း ခေါင်းဆောင်ကြီးဟုရန်ကို မမှိတ်မသုန် စိုက်ကြည့်လိုက်၏။ ခေါင်းဆောင်ကြီးဟုရန်၏ ဤပုံစံမှာ အသိမရှိဘဲ အလိုလိုပြုမူနေပုံရသည်။ အဆိုပါထူးဆန်းသော နတ်ဘုရားစွမ်းရည်အနေဖြင့် အသက်စွမ်းအားကုန်ခမ်းမသွားခင်အထိ အချိန်အတိုင်းအတာတစ်ခုသာ ခံပေလိမ့်မည်။
"အစွမ်းကုန်ထုတ်လိုက်ပြီပေါ့လေ" မန်ဟို အေးတိအေးစက် ရယ်ကာ ပြောလိုက်သည်။ "ကံဆိုးစွာနဲ့ ငါ့မှာ ဝှက်ဖဲတွေ ရှိသေးတယ်"
***