စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို ချုပ်နှောင်လေပြီ
Vol. 39 Ch. 547
ခေါင်းဆောင်ကြီးဟုရန် အစွမ်းကုန်ထုတ်သုံးနေခြင်းက မန်ဟို၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ တောက်လောင်လာစေသည်။ ခေါင်းဆောင်ကြီးဟုရန်သည် အသိစိတ်မရှိသော အခြေအနေတွင် ဖြစ်ပါသော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်မှာ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ယခင်နှင့်လုံးဝ မတူတော့ပေ။
ခေါင်းဆောင်ကြီးဟုရန် ထိုကဲ့သို့ အခြေအနေအထဲ ဝင်ရောက်လိုက်သည်ကို စဉ်းစားကြည့်လျှင် မန်ဟို့အတွက် တိုက်ကွက်များကို ရှောင်ရင်းတိမ်းရင်း ခေါင်းဆောင်ကြီးဟုရန်၏ ဤပုံစံ အလိုလို လွင့်ပျယ်ပျောက်ကွယ်သွားသည်ကိုသာ စောင့်နေနိုင်သည်။ သို့သော် တိုက်ခိုက်လိုစိတ်က မန်ဟို၏မျက်ဝန်းများတွင် အပြည့်အဝနေရာယူထား၏။ ဤသည်မှာ လက်တွေ့အသုံးပြုခြင်းမှတစ်ဆင့် သူ၏နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များ၏ လျှို့ဝှက်ဆန်းကြယ်မှုအပြင် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သက်သေပြမည့် တိုက်ပွဲဖြစ်သည်။
မန်ဟို့အတွက် ဤတိုက်ပွဲမှာ သာလွန်၍ ပြီးပြည့်စုံလာအောင် သူ့ကိုယ်သူ ထိန်းချုပ်ပြီး အသိအမြင်ရရှိရန် နည်းလမ်းတစ်ခုပင်။ ယခု ရင်ဆိုင်နေရသည်မှာ ခေါင်းဆောင်ကြီးဟုရန်၏ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်ဖြစ်၍ မန်ဟိုသည် ....တွန့်ဆုတ်လိုစိတ် လုံးဝ(လုံးဝ) မရှိပေ။ သူ တိုက်ကို တိုက်ခိုက်ပေမည်။
တိုက်ခိုက်လိုစိတ်တို့ မန်ဟို၏မျက်ဝန်းများမှ ပြည့်သျှံထွက်လာသည့်အချိန်မှာပင် ခေါင်းဆောင်ကြီးဟုရန်၏ ခန္ဓာကိုယ်က နောက်တစ်ဖန် ပြေးတက်လာပြန်၏။ မန်ဟို၏နှုတ်ခမ်းများတွင် ရက်စက်သောအပြုံးတစ်ခု ဖြစ်ထွန်းသွားပြီး သူက နောက်မဆုတ်ဘဲ တန်ပြန်တိုက်ခိုက်လိုက်၏။
နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ဝင်တိုက်လိုက်ပြီး နောက်ဆက်တွဲ တိုက်ကွက်များက ပတ်ဝန်းကျင်တွင် ပေါက်ကွဲသံများ ဆူညံနေစေတော့သည်။ ခရမ်းပင်လယ်ကြီးမှာ လှိုင်းလုံးကြီး တလိပ်လိပ် အုံကြွနေပြီး လေထုမှာ ပုံပျက်ရှုံ့တွနေတော့သည်။ တိုက်ပွဲဆက်လက် ဖြစ်ပွားနေစဥ် မန်ဟို၏ ခန္ဓာကိုယ်အတွင်းမှ တဖောက်ဖောက်မြည်သံများ ထွက်လာ၏။ ရုတ်တရက် သူ နောက်လွင့်ထွက်သွားသည်။ သူ၏ငှားယူထားသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအားမှာ မတည်ငြိမ်စပြုလာလေပြီ။ သူ၏တွက်ချက်မှုများအရ ၎င်းပျောက်ကွယ်မသွားခင် သူ့အတွက် အသက်သုံးရှိုက်သာ အချိန်ရတော့၏။
နောက်ဆုံးသော သေရေးရှင်ရေး အခိုက်အတန့်တွင် မန်ဟိုက ဝုန်းခနဲ လေပေါ်ပျံတက်သွားသည်။ သူသည် ခရမ်းပင်လယ်ရေမျက်နှာပြင်ထက်မှ သူ့ဆီသို့ ဦးတည်လာနေသော ခေါင်းဆောင်ကြီးဟုရန်ကို ငုံ့ကြည့်လိုက်၏။
"ငါ ဒီတိုက်ပွဲကနေ အကျိုးကျေးဇူးတွေ ရခဲ့တယ်။ ဒါ့ကြောင့် မင်းကို မြှုပ်နှံပစ်ဖို့... ငါ တလောကမှ တတ်မြောက်ထားတဲ့ ဝှက်ဖဲကို သုံးမယ်" စကားပြောနေစဉ် မန်ဟို၏ မျက်လုံးများက ထူးဆန်စွာ တောက်ပနေချေသည်။ ငှားယူထားသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအား ပျောက်ကွယ်တော့မည့် နောက်ဆုံးအခိုက်အတန့်တွင် သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ မှော်သင်္ကေတစ်ခု၏ ပုံရိပ်သည် သူ၏မျက်လုံးနှစ်ဖက်ထဲ၌ လင်းခနဲ လက်သွားလေသည်။
သူ့တစ်ကိုယ်လုံး ဘာမှန်းမသိသောအခြေအနေတစ်ခုအတွင်း ဝင်ရောက်သွားသယောင်ပင်။ သူက ညာလက်ကို မြှောက်လိုက်ရာ သူ့အနောက်တွင် အလွန်ကြီးမားသော ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်လာသည်။ အဆိုပါပုံရိပ်ကား... မှော်သင်္ကေတတစ်ခုဖြစ်၏။
၎င်းသည် မထင်ရှားမပြတ်သားသော်လည်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခရမ်းပင်လယ်ကြီးမှာ တွန်းထုတ်လိုက်ရ၏။ ပုံသဏ္ဌာန်မဲ့ဖိအားတစ်ရပ်က ၎င်းကို တွန်းထုတ်ရင်း အောက်တွင် အက်ကြောင်းကြီးတစ်ကြောင်းကို ပေါ်လာစေသည်။
လေထုမှာ တွန့်လိမ်ရှုံ့တွနေ၏။ တစ်လောကလုံးတွင် ဤမှော်သင်္ကေတမှတစ်ပါး ဘာဆိုဘာမှ မတည်ရှိတော့သည့်အလားပင်။
သင်္ကေတ၏ ဇာတိသည် မန်ဟို့မျက်လုံးနှင့် နှလုံးသားဖြစ်၏။ ဤသည်မှာ မန်ဟို နှစ်တွေ အကြာကြီးကြာသည်ထိ ဉာဏ်အလင်းရအောင် အားထုတ်နေခဲ့သော မှော်သင်္ကေတဖြစ်သည်။ ၎င်းကား ... အနက်ရောင်နယ်မြေ ကောင်းကင်မြေကြီး မှတစ်ပါး အခြားမဟုတ်။
၎င်း၏ ဇာတိအစစ်မှာ .... ဖျက်စီးခံလိုက်ရ၍ အနက်ရောင်နယ်မြေသို့ ကျဆင်းလာကာ အနက်ရောင်မှော်သင်္ကေတများအသွင် ပြောင်းသွားခဲ့သော ကောင်းကင်ဘုံမှ အဆောင်စက္ကူဖြစ်ချေသည်။
တကယ်တော့ မန်ဟိုမှာ ဉာဏ်အလင်းအပြည့်အဝ မရသေးပေ။ ၎င်းကို အသုံးပြုဖို့ သူ၏ကျင့်ကြံခြင်းအခြေခံကို အလွန်အားစိုက်ထည့်ရ၏။ သို့သော် ယခုတော့ သွေးခွေးကြီး၏ ငှားယူထားသောစွမ်းအားဖြင့် လွယ်လင့်တကူ အသုံးပြုနိုင်သွားလေပြီ။
မန်ဟို၏ အမူအရာမှာ အာရုံခံစားနိုင်စွမ်းကင်းမဲ့သွားသကဲ့သို့ ငေးကြောင်ကြောင်ဖြစ်သွားသည်။ သို့သော် သူ၏ စိတ်မျက်လုံးထဲတွင် အနန္တစကြဝဠာတစ်ခုကို မြင်လိုက်ရ၏။ ၎င်း၏အလယ်တည့်တည့်တွင် တန်ခိုးရှင်တစ်ပါးသဖွယ် ပုံရိပ်တစ်ခုရှိနေသည်။
ပုံရိပ်သည် တောင်ကောင်းကင်ဂြိုဟ်၏အပေါ်တွင် ရပ်ကာ လက်ချောင်းကို ဝှေ့ယမ်းရင်း အဆောင်စက္ကူကို ဆင့်ခေါ်လိုက်၏။ ပုံရိပ်က စက္ကူပေါ်တွင် စာရေးပြီးနောက် မုန်းတီးမှုအပြည့်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး အဆောင်စက္ကူကို တောင်ကောင်ကင်းဂြိုဟ်ထံ ထိုးဆင်းသွားစေသည်။
အဆောင်စက္ကူ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် တောင်ကောင်းကင်ရှိ တစ်နေရာမှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ နှစ်ခုသည် တစ်ခုကို တစ်ခု ဝင်တိုက်လိုက်ကာ အာကာသတစ်လျှောက် တုန်ခါလှိုင်းများ ဖြာထွက်သွားစေပြီး တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံးတွင် ထစ်ချုန်းသံအကျယ်ကြီး မြည်ဟည်းသွားလေ၏။
ထစ်ချုန်းသံကြီးနှင့်အတူ အဆောင်စက္ကူမှာ မီးလောင်ပြာကျသွားတော့သည်။ ပြာများက ကျဆင်းလာပြီး အနက်ရောင်နယ်မြေအသွင်ပြောင်းလေသည်။ အကြွင်းအကျန်ပြာများထဲတွင် ကောင်းကင်အဆောင်စက္ကူတစ်ခု၏ စိတ်ဆန္ဒပါရှိနေချေသည်။
မန်ဟိုက လေလယ်တွင် ပျံဝဲနေရင်း ညာလက်ကို အောက်သို့ ဝှေ့ယမ်းလိုက်သည်။ သူ့အနောက်ရှိ မှော်သင်္ကေတသည် နက်မှောင်သွားပြီး မန်ဟို့ခန္ဓာကိုယ်ကို ဖြတ်ကာ ခေါင်းဆောင်ကြီးဟုရန်ဆီသို့ ထိုးဆင်းသွားတော့သည်။
ထိုအခိုက်အတန့်တွင် မန်ဟိုမှာ ထိုနှစ်တွေတုန်းက အင်မိုတယ်ကြီးဖြစ်လာခဲ့ပုံပင်။ သူ၏လက် ကျဆင်းသွားသည်နှင့် မှော်သင်္ကေတက ဂျိန်းခနဲ မြည်ဟည်းသွားသည်။ တစ်ချိန်တည်းမှာပင် သွေးမျက်နှာဖုံးကား သူ့မျက်နှာမှ ကွာကျသွားလေပြီ။ သွေးခွေးကြီး ပျံထွက်လာပြီး မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ မူလအဆင့်သို့ ပြန်လည်လျှောကျသွား၏။
ခေါင်းဆောင်ကြီးဟုရန် တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့နဖူးပေါ်ရှိ အကြေးခွံသုံးခုမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာ၏။ ဤအန္တရာယ်ကြီးကြောင့် သူကား အသိစိတ် အနည်းငယ် ပြန်ဝင်သွားပုံရသည်။ဝင်သွားပုံရသည်။
သို့သော် သူ အာရုံခံစားနိုင်စွမ်း ပြန်ရသွားသည့်အချိန်မှာပင် မှော်သင်္ကေတသည် ထစ်ချုန်းအော်မြည်ရင်း သူ့အနားရောက်လာ၏။ ၎င်းက ခေါင်းဆောင်ကြီးဟုရန်ကို ဝင်တိုက်လိုက်ရာ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးအား မိုးထိညံသွားစေတော့သည်။ မှော်သင်္ကေတက သူ့ကို ခရမ်းပင်လယ်ကြီးအတွင်းသို့ တွန်းပို့လိုက်သဖြင့် ခေါင်းဆောင်ကြီးဟုရန်ထံမှ စိတ်ပျက်လက်ပျက် ဟိန်းဟောက်လိုက်သံကြီး ကြားလိုက်ရသည်။
ရေများက ဗွမ်းခနဲ အရပ်မျက်နှာတစ်ခွင် လွင့်စင်သွား၏။ မှော်သင်္ကေတကြီးက ပင်လယ်ကြမ်းပြင်နှင့် ဆုံတွေ့သည်အထိ ထိုးဆင်းသွားသည်။
အရာအားလုံး တုန်ခါသွား၏။ ခေါင်းဆောင်ကြီးဟုရန်၏ အရှိန်အဝါမှာ အပ်ချည်မျှင်လေးတစ်မျှင်ထက် မပိုတော့သလို၊ သူ၏ခန္ဓာကိုယ်မှာလည်း ခရမ်းပင်လယ်ကြမ်းပြင်တွင် ချုပ်နှောင်ခံထားရသဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်ပေတော့မည်။
သူ၏ဘိုးဘေးနိုးထခြင်းခန္ဓာကိုယ်မှာ တစတစ ပျောက်ကွယ်လာပြီး အနုသုခုမနတ်ခန္ဓာ တဖြည်းဖြည်း မြင်သာလာသည်။ ၎င်းက ရုန်းကန်နေရင်း ခရမ်းပင်လယ်ကြီးအတွင်း လွင့်ပါးပျောက်ကွယ်ကုန်သော အလင်းစက်များ ဖြစ်စပြုလာ၏။
သို့သော် အနုသုခုမနတ်ခန္ဓာ ပျောက်ကွယ်တော့မည့်အချိန်မှာပင် မန်ဟိုက ခရမ်းပင်လယ်ကြီးထံသို့ ဖမ်းဆုပ်သည့်လက်ဟန် လုပ်လိုက်သည်။ ချုပ်နှောင်စွမ်းအားတစ်ရပ် ပေါ်လာ၏။ ၎င်းက ခေါင်ဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာကို မသေခင် ချိတ်ပိတ်ကာ သွေးမျက်နှာဖုံးအတွင်းမှ ထွက်မရအောင် ချုပ်နှောင်လိုက်လေပြီ။
"သေချင်လားး အဲ့ဒီလောက် မလွယ်ဘူး" မန်ဟိုက ၎င်းကို ချိတ်ပိတ်ကာ အေးတိအေးစက် ပြောလိုက်သည်။ "ဒီလိုအနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်ကို ပျောက်ကွယ်ခွင့်ပေးလိုက်ရင် သိပ်နှမြောစရာကောင်းမှာ။ ငါ့ရဲ့ တတိယမိုးကြိုးဝိညာဉ်ဖြစ်အောင်လုပ်ရင် ကောင်းမယ်ထင်တယ်"
ထို့နောက် သူက ဆေးလုံးတချို့ထုတ်ကာ ချက်ချင်း စားလိုက်သည်။ သူသည် အတန်ကြာသည်အထိ မျက်လုံးမှိတ်ရင်း လေလယ်တွင် ရပ်နေ၏။ အချိန်အနည်းငယ်ကြာသော သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး စူးရှတောက်ပနေတော့သည်။ သူက ရုတ်တရက် သွေးမျက်နှာဖုံးကို ဖျတ်ခနဲ ပုတ်လိုက်၏။
တံခွန်သုံးခုအလံ နှင့် စစ်ရထားဘီးပုံသဏ္ဌာန်ရှိသော တောက်ပနေသည့် အနက်ရောင်ဘီးကြီးတစ်ဘီး မန်ဟို့လက်ထဲတွင် ပေါ်လာသည်။
ပတ်ဝန်းကျင်အခြေအနေများ နဂိုအတိုင်းပြန်ဖြစ်သွားစဉ် မန်ဟိုက ဘီးကြီးကို တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေ၏။ ထို့နောက် သူသည် နတ်ဘုရားအာရုံကို ၎င်းအထဲသို့ ပို့လွှတ်ကာ သူ့အပိုင်ဖြစ်အောင် တံဆိပ်အထပ်ထပ် ခတ်နှိပ်လိုက်သည်။
၎င်းသည် ထူးခြားကောင်းမွန်သော ရတနာတစ်ပါးဖြစ်၏။ ခေါင်းဆောင်ကြီးဟုရန်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည့်တိုင် မန်ဟို့အတွက် ၎င်းကို တံဆိပ်ခတ်ရာတွင် တွန်းလှန်မှုအနည်းငယ် ကြုံတွေ့ရသေးလေသည်။ သူက ဟမ့်ခနဲ နှာမှုတ်၍ အချိန်ဓားဝင်္ကပါကို ဆင့်ခေါ်ကာ ပြင်းထန်သောဖိအားများ ထုတ်လွှတ်စေလိုက်သည်။ သူကိုယ်တိုင်လည်း သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်ကာ မီတာ ၃၀၀၀၀ရောက်ရန် ဆံခြည်မျှင်မျှသာ လိုတော့သော နတ်ဘုရားအာရုံကို အချိန်ဘီးထဲ ထိုးဖောက်သွားစေလိုက်သည်။
မန်ဟိုသည် အသက်ပြင်းပြင်းရှူသွင်းပြီး ဆက်တိုက်တံဆိပ်ခတ်ခြင်းဖြင့် အချိန်ဘီးကို ကျုံ့သွားစေသည်။ ၎င်း အနက်ရောင်အလင်းဖန်လုံးဖြစ်သွားသော် မန်ဟိုက မြိုချလိုက်သည်။ ၎င်းသည် သူ၏ ဒန်တျန်အထိ လျှောဆင်းသွားပြီးနောက် ထိုနေရာရှိ အနုသုခုမရုပ်ခန္ဓာခုနစ်ခု၏ ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။
ထိုစဉ် အနက်ရောင်နယ်မြေ၌....
မန်ဟို ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာအင်မိုတယ်စိတ်ဝိညာဉ်ကို ချုပ်နှောင်လိုက်သည့်အခိုက်အတန့်တွင် ခေါင်းဆောင်ကြီးဟုရန်၏ ဝတ်ဖြူစင်ကြယ်နှင့် ကိုယ်အစစ်သည် တင်ပျဉ်ခွေတရားထိုင်လျက်ရှိခဲ့၏။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။
သူ့မျက်နှာမှာ နီလာပြီး မျက်လုံးများတော့ ပွင့်မလာသော်လည်း သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရလေသည်။
သူ သွေးအန်လိုက်ရစဉ် မျက်နှာပုံပန်းသွင်ပြင် ပြောင်းလဲသွားလေသည်။ ယခင်က သူသည် သက်လတ်ပိုင်းအရွယ်နှင့်တူခဲ့၏။ ယခုတော့ အသက်ပိုကြီးလာကာ ဆံပင်များ မီးခိုးရောင်ဖြစ်သွားပြီး ပါးရေတွန့်နေလေပြီ။ ဆွေးမြည့်ပျက်စီးနေသောအခိုးအငွေ့များ သူ့ထံမှ ရုတ်တရက် ထွက်လာ၏။
အခိုးအငွေ့များမှာ ပြင်းထန်ပြီး ခေါင်းဆောင်ကြီးဟုရန်၏ အသက်စွမ်းအားမီးတောက်ကိုပင် အတော်လေး မှောင်မိုက်သွားစေသည်။
ကိုယ်ပွား ချုပ်နှောင်ခံလိုက်ရ၍ သူနှင့် ၎င်းအကြား ဆက်သွယ်မှု ပြတ်တောက်သွားခြင်းက ခေါင်းဆောင်ကြီးဟုရန်ကို အတွင်းဒဏ်ရာအမြောက်အမြား ရစေခဲ့သည်။ သာမန်ကိုယ်ပွားဆိုလျှင် သိပ်အရေးမကြီး။ ထိုကဲ့သို့ကိုယ်ပွားများမှာ မရှိလျှင် ဖြစ်သေးသည်။ သို့သော် ဤနတ်ဘုရားကိုယ်ပွားကတော့ မတူ။ ၎င်းသည် သူ့အတွက် ဒုတိယအသက်တစ်ချောင်းနှင့်တူသည်။ ဤအခိုက်အတန့်တွင် သူ၏ သက်တမ်း လျှော့ကျသွားခဲ့ပြီး ကျင့်ကြံအဆင့်လည်း ကျဆင်းသွားလေပြီ။ ၎င်းမှာ ယခင်လို အထွတ်အထိပ်မဟုတ်တော့၍ တူညီသော စွမ်းအားကို အသုံးမပြုနိုင်တော့ပေ။
သူ့မျက်နှာမှာ ဖျော့ဖပ်နေ၏။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်စဉ် သူ့တစ်ကိုယ်လုံးတုန်ရီသွားသည်။ ဒဏ်ရာများကို ကုသရန် ပြင်တော့မည့်အချိန်မှာပင် နောက်တစ်ဖန် တုန်ရီသွားရပြန်ရာ သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာတော့သည်။
ဤသည်မှာ သူ နှစ်တစ်ရာတိုင် တံခါးပိတ်ကျင့်ကြံနေသည့်အတောအတွင်း ပထမဆုံးအကြိမ် မျက်လုံးဖွင့်လိုက်ခြင်းဖြစ်လေသည်။ ၎င်းတို့သည် အောင်မြင်သောအရိပ်အယောင်ဖြင့် တောက်ပနေရန် ပွင့်လာခြင်းမဟုတ်။ နှစ်တစ်ရာလုံးလုံး တရားထိုင်နေခဲ့ရခြင်းမှာ သဲထဲရေသွန်ဖြစ်သွားခဲ့သဖြင့် သူ ၎င်းတို့ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မုန်တိုင်းကြီးတစ်လုံး ထိုမျက်လုံးများထဲတွင် ဖြစ်တည်လာသည့်အလားပင်။
သူသည် ပုံရိပ်သုံးခု ပေါ်ပေါက်လာသော သူ့အရှေ့ရှိ နေရာကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။ ပုံရိပ်သုံးခုအနက် တစ်ယောက်သည် အဘိုးကြီးဖြစ်ပြီး တစ်ယောက်က မုတ်ဆိတ်မွှေးထူထူဖြစ်ကာ တတိယမြောက်မှာတော့ အနီရောင်ဝတ်ရုံနှင့် လူငယ်ဖြစ်၏။
"ဆိုတော့ တာအိုရောင်ရင်းဟုရန် ရတနာတွေ ဘယ်မှာလဲခင်ဗျာ" အနီရောင်ဝတ်ရုံနှင့်လူငယ်က ခေါင်းဆောင်ကြီးဟုရန်ကို ပြုံးပြရင်း မေးသည်။
ခေါင်းဆောင်ကြီးဟုရန်မှာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ဒေါသကို ထိန်းလိုက်၏။ ဤသုံးယောက်က တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်ကြောင်း သိသာသည်။ မဟုတ်လျှင် မျိုးနွယ်စု၏အကာအကွယ်များကို ကျော်ဖြတ်လာနိုင်စရာ အကြောင်းမရှိ။ ခေါင်းဆောင်ကြီးဟုရန်သာ တံခါးပိတ်ကျင့်ကြံနေရာမှ မျက်လုံးမဖွင့်လိုက်လျှင် သူတို့ အကောက်ကြံမလား ၊ မကြံလား ပြောနိုင်မည်လော....
သူတို့က သူနှင့် မဟာမိတ်များ ဖြစ်ပုံပေါ်ခဲ့သည့်တိုင် အကုန်လုံးမှာ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်ခဲ့သည်။ သူ၏နတ်ဘုရားကိုယ်ပွားမှာ ဖျက်စီးခံခဲ့ရပြီး ကျင့်ကြံခြင်းအခြေခံလည်း အထွတ်အထိပ်အဆင့်မှ ကျဆင်းခဲ့လေပြီ။ သူတို့က သူနှင့်တိုက်ခိုက်ရန် ဤနေရာသို့ လာခဲ့ခြင်းမဟုတ်သော်လည်း သေချာပေါက် အကျိုးအမြတ်ရဖို့အတွက် သူ့ကို ခြိမ်းခြောက်ရန် တွေးထားမည်ဖြစ်သည်။
ခေါင်းဆောင်ကြီးဟုရန်က မျက်နှာထားတင်းမာခက်ထန်စွာဖြင့် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အလင်းတန်းသုံးတန်းက သုံးယောက်ဆီသို့ ပြေးဝင်သွား၏။ တစ်တန်းက ဓား၊ တစ်တန်းက သစ်ကိုင်းဖြစ်ကာ တတိယမြောက်က ဆေးပုလင်းဖြစ်၏။
အနီရောင်ဝတ်ရုံနှင့်လူငယ်က ဆေးပုလင်းကို လက်ခံရသူပင်။ ၎င်းသည် လှိုင်းထနေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး အခြားနှစ်ခုနှင့် သိသိသာသာကွဲပြား၏။
ခေါင်းဆောင်ကြီးဟုရန်က မှော်ပစ္စည်းများကို ပစ်ပေးကာ မာထန်ထန် ပြောလိုက်သည်။ "ဒီနေ့ကစပြီး ကောင်းကင်ရှာဖွေမျိုးနွယ်စု ... ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ကနေ နှုတ်ထွတ်တယ်။ ဒါပေမယ့်... ငါ မန်ဟို့လက်ချက်နဲ့ သေလိမ့်မယ်ဆိုပြီး မင်းတို့သုံးယောက် တကယ်ပဲ သေချာနေတာလား"
အနီရောင်ဝတ်ရုံနှင့်လူငယ်၏ မျက်လုံးများ ဝင်းလက်သွား၏။ ကျန်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ တစ်ယောက်မှ ဘာမှမပြောပေ။ သုံးယောက်သား လှည့်ထွက်ကာ ပျောက်ကွယ်သွားကြပြီး လေထဲ၌ လှိုင်းများသာ ကျန်ရစ်စေခဲ့၏။
သူတို့ပျောက်ကွယ်သွားပြီးနောက် ခေါင်းဆောင်ကြီးဟုရန်က တံခါးပိတ်ကျင့်ကြံခြင်းအား အဆုံးသတ်လိုက်ရခြင်းအတွက် တန်ကြေးအဖြစ် သွေးတစ်လုပ်အန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ တခဏ ဝါးတားသွားပြီး သူ့မှာ ပို၍ပင် အသက်ကြီးသွားလေပြီ။ သူ၏မျက်လုံးများက အေးစက်လာ၏။
"နေရာရဖို့အတွက် ငါတို့ ကောင်းကင်ရှာဖွေမျိုးနွယ်စုကို တိမ်ကောင်းကင်မျိုးနွယ်စုခေါင်းဆောင်ကြီး လာမတိုက်ခိုက်အောင် မဟာမိတ်အဖွဲ့ကနေ ငါ့သဘောနဲ့ငါ နှုတ်ထွက်မှာကို သူတို့ ပြောကို ပြောနိုင်လိမ့်မယ်။ ဒါ့အပြင် အဲ့ဒီရတနာတွေကို ပေးလိုက်ပြီဆိုတော့ အရိုင်းမီးတောက်နဲ့ မိစ္ဆာလိပ်ပြာမျိုးနွယ်စုနှစ်စု မန်ဟို့ကို အကူအညီပေးမှာမဟုတ်တော့ဘူး" ခေါင်းဆောင်ကြီးဟုရန်သည် လိမ္မာပါးနပ်သူဖြစ်၏။ မန်ဟိုနှင့် တိုက်ခိုက်နေတုန်းက သူသာ တစ်ယောက်တည်းဆိုလျှင် ပြိုင်ဘက်မဖြစ်နိုင်ကြောင်း မြင်ခဲ့သည်။ မန်ဟို သေချာပေါက် သူ့ကို ရှာရန် အနက်ရောင်နယ်မြေသို့ ရောက်လာမည်ကိုလည်း သူ ပြောနိုင်သည်။ သူ၏အဓိကရည်ရွယ်ချက်မှာ ရတနာသုံးပါးပေးဖို့ အကြောင်းပြချက်ရှာပြီး ထိုသုံးယောက်အား ဘက်မပြောင်းစေရန်ဖြစ်သည်။
မှန်သည်၊ လူတိုင်း ဤအချက်ကို သဘောပေါက်သည်။ ပေါ်တင်ပြောရန် မလိုအပ်။
"မန်ဟို" ခေါင်းဆောင်ကြီးဟုရန်က အံတင်းတင်းကြိတ်ရင်း ရေရွတ်လိုက်သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ မျက်လုံးများပြန်ပိတ်သွား၏။ မန်ဟိုနှင့် တိုက်ခိုက်ဖို့အတွက် သူ၏ စွမ်းအားကို အထွတ်အထိပ်သို့ရောက်နေအောင် ပြန်လည်ဖြည့်တင်းဖို့ လိုလေသည်။
ယခုတွင် သူသည် မန်ဟို့ကို ရိုးတွင်းခြင်ဆီထဲအထိ မုန်းသည်သာမက ..... မကြောက်စဖူး ကြောက်နေမိလေပြီ။
***