← Chapters

အနက်ရောင်နယ်မြေသို့ အပြန်

Vol. 40 Ch. 548

အနက်ရောင်နယ်မြေသို့ အပြန်

Vol. 40 Ch. 548

လီမျိုးနွယ်စုခေါင်းဆောင်ကြီးသည် မန်ဟို၏ ပထမဆုံးမိုးကြိုးဝိညာဉ်ဆိုသော ဘွဲ့ကို ပိုင်ဆိုင်ထား၏။ သူကား အတော်လေး လွတ်လပ်ရေးရနေပြီး သွေးအင်မိုတယ်မျက်နှာဖုံးထဲတွင် အိုကေစိုပြေနေတော့သည်။ မိုးကြိုးအပစ်မခံရသရွေ့၊ သို့မဟုတ် အသားဂျယ်လီ၏ ညှင်းပန်းနှိက်စက်ခြင်းမခံရသရွေ့ သူ့အတွက်တော့ နေ့ရက်တိုင်းက ပျော်စရာအတိပင်။

လီမျိုးနွယ်ဝင်များ သူ့လာကယ်မည်ကိုလဲ မမျှော်လင့်တော့တာ ကြာလေပြီ။ ထိုသို့မျှော်လင့်ချက်ထားနေခြင်းက နုံလွန်းသည်ဟု သူခံစားရသည်။ ယခု‌တလော သူ ဝမ်းသာပီတိဂွမ်းဆီထိကာ ပျော်ရွှင်အူမြူးရသည့်အကြောင်းရင်းကတော့ ကျီဆယ့်ကိုးကို ညှင်းပန်းနှိပ်စက်နေရ၍ပင်။

မိမိခံခဲ့ရသည့်အတိုင်း သူတစ်ပါးကို နာကျင်အောင် ပြန်နှိပ်စက်ရခြင်းက လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ‌သူ့ဘဝတွင် အပျော်ဆုံးဖြစ်နေစေတော့သည်။

ကျီဆယ့်ကိုးမှာ ဒုတိယမိုးကြိုးဝိညာဉ်ဖြစ်လာခဲ့သော်လည်း မန်ဟိုက သူ့စိတ်နှင့်သူလုပ်ပေးခဲ့၍မဟုတ်ပေ။ အမှန်တွင် ကျီဆယ့်ကိုးကို ထိုသို့ကောင်းချီးပေးရန်အတွက် လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ မန်ဟို့အပေါ် ဖျောင်းဖျနားချမှုများမှာ အတော်လေး အရာရောက်ခဲ့၏.....

တတိယမိုးကြိုးဝိညာဉ်မှာတော့ မှန်ပါသည်၊ လောလောလတ်လတ်ကမှ သွေးမျက်နှာဖုံးအတွင်းသို့ အတင်းအဓမ္မ ဆွဲထည့်ခံခဲ့ရပြီး ပျောက်ကွယ်တော့မတတ် ဖြစ်နေသော ခေါင်းဆောင်ကြီးဟုရန်ပင်။

လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ခေါင်းဆောင်ကြီးဟုရန်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်တရာ စိတ်လှုပ်ရှားလာပြီး သူ၏ခန္ဓာကိုယ်မှာ မိုးကြိုးများဖြင့် ဖျစ်ဖျစ်ဖျောက်ဖျောက် မြည်လာတော့သည်.... ဘယ်နည်းနှင့်မှ လျှော့ပေါ့ပေးမည်မဟုတ်သော ညှင်းပန်းနှိပ်စက်မှုကြီးကား နောက်တစ်ဖန် စတင်ခဲ့လေပြီ။

သူ၏အနုသုခုမရုပ်ခန္ဓာများမှ တောက်ပနေသော အချိန်ဘီးကို သန့်စင်ပေးပြီးနောက်တွင် မန်ဟိုသည် ဒန်တျန်မှ နတ်ဘုရားအာရုံကို ပြန်ုနုတ်ယူလိုက်သည်။ သူက လေလယ်တွင် ပျံဝဲနေပြီး သွေးခွေးကြီးမှာတော့ ၎င်း၏ဒဏ်ရာများကို လျက်ရင်း သူ့ဘေးတွင် ဖြစ်၏။ ၎င်း၏မျက်လုံးများ ရက်စက်ကြမ်းကြုတ်နေဆဲရှိသည်။ မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒမှာ မမှေးမှိန်သွားဘဲ သူတို့ တိုက်ခိုက်သတ်ဖြတ်နေစဉ်အတောအတွင်း ပိုပို၍သာ အားကောင်းလာခဲ့‌သည်ကို ၎င်းခံစားနေရလေသည်။

မန်ဟို၏အကြည့်က ခရမ်းပင်လယ်ကြီးတစ်လျှောက် ဖြတ်ပြေးသွားသည်။ ခေါင်းဆောင်ကြီးဟုရန်၏ကိုယ်ပွားမှာ သိုလှောင်အိတ်မရှိပေ။ ပထမတွင် ဘာကြောင့်လဲ မန်ဟို နားမလည်ခဲ့။ သို့သော် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်စွမ်းအားကို ငှားယူပြီးနောက် ရုတ်ခြည်း သဘောပေါက်ခဲ့၏။

တချို့စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များက သိုလှောင်အိတ် သုံးကောင်းသုံးတတ်‌သော်လည်း အများစု၏အနုသုခုမနတ်ခန္ဓာထဲတွင် အာကာသတစ်ခုရှိလေသည်။ ယင်းက သေမျိုးနှင့် မသေမျိုးတွေအကြား ခြားနားမှုနောက်တစ်ချက် ဖြစ်သည်။

သို့သော် မန်ဟိုက အခြေစိုက်စခန်းဆယ်ခုလုံးကို ဖျက်စီးပစ်ခဲ့ပြီး ကျင့်ကြံသူအမြောက်အမြား သတ်ဖြတ်ခဲ့သည်။ သူ စုဆောင်းရရှိခဲ့သော သိုလှောင်အိတ်များထဲတွင် ပစ္စည်းတစ်ပုံတစ်ခေါင်းရှိလေရာ သတ္တမဝိညာဉ်ခန္ဓာကို ရရှိဖို့ စွန့်လွှတ်ခဲ့ရသမျှအကုန် ပြန်လည်ရရှိသွားလေသည်။

ရွှေကျီးကန်းမျိုးနွယ်ဝင်များ ချဉ်းကပ်လာသဖြင့် အသံများ ကြားလိုက်ရသည်။ သူတို့သည် မန်ဟို့ကို စိတ်လှုပ်ရှားနေသောအမူအရာများဖြင့် ကြည့်နေကြ၏။ သူတို့မှာ တိုက်ပွဲဖြစ်ပွားရာနှင့် ခပ်လှမ်းလှမ်းတွင် နေခဲ့သည့်အတွက် ဖြစ်ပျက်သွားခဲ့သည်ကို မမြင်ရခဲ့ပေ။ သို့သော် မှော်တိုက်ပွဲ၏ထိတ်လန့်အံ့ဩဖွယ်ကောင်းမှုကိုတော့ ခံစားရခဲ့၏။

"‌ခေါင်းဆောင်ကြီးဟုရန်ရဲ့ကိုယ်ပွားက တကယ့်ကျင့်ကြံအဆင့်ရဲ့ ဘယ်လောက်ရာခိုင်နှုန်းပိုင်ဆိုင်ထားလဲ မသိပေမယ့် ...." မန်ဟိုက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "သာမန်ကိုယ်ပွားနဲ့ သိသိသာသာ မတူဘူး" သူက ပြုံးလိုက်သည်။ ကိုယ်ပွားတွင် စွမ်းအားရာခိုင်နှုန်း မည်မျှရှိလဲ၊ ခေါင်းဆောင်ကြီးဟုရန်၏ ကိုယ်အစစ် မည်မျှပိုင်ဆိုင်ထားလဲ အရေးမကြီး။ မန်ဟိုသည် ရန်သူ အစွမ်းထက်နေသည့်အကြောင်းပြချက်လေးနှင့် နောက်တွ့န်သွားမည့်လူမျိုးမဟုတ်ပေ။

"အဲ့ဒီစိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တွေက စိတ်ဝင်စားစရာပဲ။ ခေါင်းဆောင်ကြီးဟုရန် သူတို့ကို တိုက်ခိုက်ခိုင်းရတဲ့ အကြောင်းရင်းတစ်ခုခုရှိလိမ့်မယ်။ အင်း... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တွေက တကယ်ကို ဉာဏ်နီဉာဏ်နက်များတဲ့အပြင် လိမ္မာပါးနပ်တာပဲ။ ငါ အထင်သေးလို့မဖြစ်ဘူး"

တခဏတွေးပြီးနောက် သူက အောက်ရှိ ရွှေကျီးကန်းမျိုးနွယ်ဝင်များကို ငုံ့ကြည့်ပြီး မျက်လုံးများ တောက်ပသွားသည်။

"ငါတို့ကို အနက်ရောင်နယ်မြေဆီ ပို့ပေး" သူက ပြောရင်း ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းပင်လယ်တစ်စင်းလုံးကို ဂျိန်းခနဲ ထစ်ချုန်းသွားစေသည်။ ဧရာမခရမ်းပင်လယ်ဘီလူးကြီးတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာ၏။ ရေများက ၎င်း၏မျက်နှာပြင်ပေါ်မှ ပင်လယ်ရေပြင်ထက်သို့ တဝေါဝေါကျနေသည်။ ထို့နောက်တွင် နှစ်ကောင်၊ သုံးကောင်....

မျက်စိတစ်မှိတ်အတွင်း ခုနစ်ကောင် ဖြစ်သွားလေပြီ။ ‌မီတာသုံးထောင်စီ အမြင့်ရှိသော ခရမ်းပင်လယ်ဘီလူးကြီးခုနစ်ကောင်။ ၎င်းတို့၏မျက်နှာသွင်ပြင်မှာ အတော်လေး မထင်ရှားသော်လည်း မန်ဟိုနှင့်တူကြောင်း သိသာသည်။

"သွားစို့"

မန်ဟိုက လေကိုခွင်း၍ ပျံထွက်သွားသော သွေးခွေးကြီးအပေါ် တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ခရမ်းပင်လယ်ဘီလူးကြီးများက ရွှေကျီးကန်းမျိုးနွယ်ဝင်များကို သယ်ဆောင်ရင်း အနက်ရောင်‌နယ်မြေကို ဦးတည်၍ ပြေးလိုက်ကြသဖြင့် အလွန်ကြီးမားသော လှိုင်းလုံးကြီးများ မို့မောက်တက်လာတော့သည်။

အဝေးမှကြည့်လျှင် ခရမ်းပင်လယ်ကြီးသည် မန်ဟို၏စိတ်ဆန္ဒနှင့်အညီ ‌‌တဖွေးဖွေးလှုပ်နေကြောင်း မြင်နိုင်ပေ၏။

လှိုင်းလုံးကြီးတစ်လုံးက ခရမ်းပင်လယ်တစ်လျှောက် ရှပ်ပြေးသွားကာ ရေမျက်နှာပြင်ထက်တွင် တစ္ဆေများ ‌မရေမတွက်နိုင်အောင် ပေါ်လာစေသည်။ အဆိုပါလှိုင်းလုံးကြီး မဟူရာဂိတ်တံတိုင်းဆီသို့ ရောက်သည့်အခါတွင် အရေအတွက်မှာ ထောင်နှင့်ချီနေခဲ့လေပြီ။

ခရမ်းပင်လယ်ဘီလူးကြီးများ အနက်ရောင်‌နယ်‌မြေသို့ ချီတက်နေကြစဉ် တစ္ဆေတချို့မှာ ၎င်းတို့၏အနားတစ်ဝိုက်တွင် စုပြုံစပြုနေပြီဖြစ်သည်။

ဘီလူးကြီးများသည် မည့်သည့်အရာကိုမဆို စိစိညက်ညက်ခြေ နင်းခြေပစ်နိုင်သော စွမ်းအားကြီးဖြင့် ပြေးနေကြသည်။ ဘယ်သူမှ ၎င်းတို့လမ်းကို မပိတ်နိုင်ပေ။ တဒုန်းဒုန်းမြည်သံကြီးက အနက်ရောင်နယ်မြေတစ်ခုလုံး အလန့်တကြားဖြစ်သွားစေသည့်တိုင်အောင် အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ ထိုနေရာရှိ အင်အားစုမှာအားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြသည်။

ခရမ်းပင်လယ်ဘီလူးကြီးခုနစ်ကောင် အဝေးတွင် ပေါ်လာသောအခါ မဟူရာဂိတ်တံတိုင်းအပေါ်ရှိ ကျင့်ကြံသူအပေါင်းမှာ သရဲသဘတ်ကြီးကို မြင်နေရသည့်အလား ကြက်သေသေကုန်ကြ၏။ အောက်ရှိပင်လယ်ရေမျက်နှာပြင်တွင်လည်း ဧရာမလှိုင်းလုံးကြီးများ အုံကြွလာသည်။

ဤအခိုက်အတန့်တွင် လွန်စွာကြီးမားလှသော ‌လှိုင်းလုံးကြီးတစ်လုံးက မဟူရာဂိတ်တံတိုင်းကို အရှိန်အဟုန်ဖြင့် ဝင်ဆောင့်လိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသံကြီးက မိုးထိညံသွားပြီး မဟူရာဂိတ်တံတိုင်းကြီးတစ်ခုလုံး လှုပ်ရမ်းသွားတော့၏။ တောင်များလည်း တုန်ခါသွားပြီး ကျောက်တုံးများ ပြိုကျလာသည်။ မဟူရာဂိတ်တံတိုင်းအပေါ်တွင် စုဝေးနေကြသူများ ထိတ်လန့်ကုန်ကြလေသည်။

တစ်ချိန်တည်းမှာပင် သွေးခွေးကြီးသည် ၎င်းအပေါ်၌ တင်ပျဉ်ခွေလျက်ထိုင်နေသော မန်ဟို့ကို သယ်ဆောင်ရင်း တဟုန်ထိုးလာနေ၏။ ကျင့်ကြံသူအနည်းငယ်က လမ်းပိတ်ရန် ပျံတက်သွားကြသည်။

သို့သော် သူတို့ ပေါ်လာသည်နှင့် သွေးခွေးကြီးက ဟောင်လိုက်သည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါနှင့်အတူ ဧရိယာတစ်ခု ပေါ်လာ၏။ ‌တ‌‌ဖောင်းဖောင်း အသံများနှင့်အတူ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ ဒါဇင်များစွာမှာ သွေးအန်ရင်း လွင့်ထွက်သွားကြလေသည်။ သူတို့၏ မယုံကြည်နိုင်မှုနှင့် ကြောက်လန့်မှုမှာ သည့်ထက်မပြင်းထန်နိုင်တော့ပေ။

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကမ္ဘာသစ်မိစ္ဆာ"

"အဲ့ဒါ .... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် သားရဲကြီးပဲ"

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ နောက်ဆုတ်သွားကြသည့်အချိန်မှာပင် သွေးခွေးကြီးက ထပ်မံ ဟိန်းဟောက်လိုက်ပြီး မဟူရာဂိတ်တံတိုင်းကြီး၏ ဂိတ်ပေါက်ကြီးမှ ဖြတ်သွားတော့သည်။ တစ်ဆက်တည်းမှာပင် ခရမ်းပင်လယ်ဘီလူးကြီးခုနစ်ကောင်သည်လည်း ရေလှိုင်းများအတွင်းမှ ခုန်ထွက်ကာ ဂိတ်ပေါက်ကြီးကိုဖြတ်၍ အနက်ရောင်နယ်မြေသို့ ဝင်ရောက်သွားတော့သည်။

"ဘာကောင်ကြီးတွေတုန်း..... ခရမ်းပင်လယ်က ရေဘီလူးကြီးတွေလား"

"သူ....သူက ခရမ်းပင်လယ်ကို တကယ်ကြီး ထိန်းချုပ်နေတာဟ"

"မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ်ခရမ်းပင်လယ်ကို ထိန်းချုပ်လို့ရမှာတုန်း ...နေဦး နေဦး ငါ သူ့သိတယ်။ အဲ့ဒါက ရွှေကျီးကန်းမျိုးနွယ်စုရဲ့ ကိုးကွယ်ရာဘိုးဘေးကြီးပဲ....."

ဘီလူးကြီးခုနစ်ကောင် အနက်ရောင်နယ်မြေအပေါ်သို့ ‌ခြေချလိုက်သောအခါ တစ်လောကလုံး ငလျင်လှုပ်သွားသည်။ မဟူရာဂိတ်တံတိုင်းအပေါ်ရှိ အနက်ရောင်နယ်မြေကျင့်ကြံသူများ ဆူညံပွက်လောရိုက်နေသည့်အချိန်မှာပင် မန်ဟို၏အသံက ပဲ့တင်ထပ်လာ၏။

"ငါက ရွှေကျီးကန်းမျိုးနွယ်စုရဲ့ ဘိုးဘေးကြီးပဲ။ ကောင်းကင်ရှာဖွေမျိုးနွယ်စုက ငါ့ရဲ့ရွှေကျီးကန်းမျိုးနွယ်စုကို အမြစ်ဖြုတ်သုတ်သင်ချင်ခဲ့တယ်။ အဲ့ဒါက ဒီနေ့ ငါ အနက်ရောင်နယ်မြေကို ရောက်လာရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းပဲ။ ကောင်းကင်ရှာဖွေမျိုးနွယ်စု ... ငါ မင်းတို့ကို တစ်ယောက်မကျန် သတ်ပစ်မယ်

"ငါ ခေါင်းဆောင်ကြီးဟုရန်ရဲ့ ကိုယ်ပွားကို သုတ်သင်ပြီးပြီ။ မျိုးနွယ်စုတစ်စုစု ငါ့လမ်းကို ပိတ်ရဲရင် ခရမ်းပင်လယ်ကြီးကို အနက်ရောင်နယ်မြေတစ်ခုလုံး ဖုံးသွားစေရမယ်" သူ၏အသံကို တုံ့ပြန်သည့်အနေဖြင့် မဟူရာဂိတ်တံတိုင်း၏အပြင်ဘက် ခရမ်းပင်လယ်ရေပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများ မြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် ထောင်နှင့်ချီသောတစ္ဆေများက ‌တရွှီးရွှီးထွက်လာပြီး ကောင်းကင်အပြည့်နေရာယူသွားသည်။ ဤအခြင်းအရာအားလုံးက ‌ကျင့်ကြံသူများကို ပင့်သက်ရှိုက်မိသွားစေ၏။ တစ်ယောက်မှ မန်ဟို့ကို မတားရဲတော့ပေ။

သူတို့မှာ .... မတားနိုင်ခြင်းသာ ဖြစ်၏။ ခရမ်းပင်လယ်ဘီလူးကြီးခုနစ်ကောင်၊ ထောင်နှင့်ချီသော တစ္ဆေများ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သားရဲကြီး သို့မဟုတ် မဟူရာဂိတ်တံတိုင်းကြီးကို ဝါးမြိုရန် အုပ်မိုးနေသော ခရမ်းပင်လယ်ကြီး.... မည်သည့်အရာဖြစ်စေ သူတို့အတွက် ခုခံနိုင်စွမ်းမရှိသည်သာ။

အထူးသဖြင့် မန်ဟို့ပြောစကားကြောင့်ဆိုလျှင် ပိုမှန်သည်။ ခေါင်းဆောင်ကြီးဟုရန်၏ ကိုယ်ပွားကို သူသတ်ခဲ့ပြီးပြီဆိုသော စကားသံက သူတို့၏စိတ်နှလုံးထဲတွင် ပြည့်နှက်သွားသော ထစ်ချုန်းသံကြီးဖြစ်လာသည်။ အတော်များများမှာ... ကိုယ့်နားကိုယ် မယုံနိုင်သေးပေ။

မည်သို့ဖြစ်စေ တစ်ယောက်မှ မန်ဟို့လမ်းကို မပိတ်ကြပေ။ ကျင့်ကြံသူထောင်ပေါင်းများစွာမှာ ဖြစ်ကြောင်းကုန်စင်ကို သက်ဆိုင်ရာအဖွဲ့အစည်းများဆီ အလျင်အမြန် သတင်းပေးပို့လိုက်ကြ၏။ မျိုးနွယ်စုတစ်စု ၏တုံ့ပြန်မှုက ထိုမျိုးနွယ်စု၏ ခေါင်းဆောင်ပိုင်းအပေါ် မူတည်ပေမည်။

ထို့နောက် ဖြစ်ပျက်သွားသည်က လူတိုင်းကို အံ့အားသင့်သွားစေ၏။ မျိုးနွယ်စုတစ်စုမကျန် ရွှေကျီးကန်းမျိုးနွယ်စုနှင့် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ပြဿနာအကြား ဝင်မပါခိုင်းသည့် အမိန့်စာများ ချက်ချင်း ပြန်လည်ပေးပို့ခဲ့ကြလေသည်။

မန်ဟိုသည် ‌ရှေ့ဆက်သွားနေစဉ် မည်သည့်ဆူးငြောင့်ခလုတ်မှ မတွေ့ရပေ။ အနက်ရောင်နယ်မြေမျိုးနွယ်စုများက သူ့အတွက် လမ်းဖယ်ပေးထားကြ၏။ ခရမ်းပင်လယ်ဘီလူးကြီး ပြေးလွှားနေသဖြင့် တဒုန်းဒုန်းမြည်သံကြီးများက ပဲ့တင်ထပ်နေတော့သည်။

ထောင်နှင့်ချီသော တစ္ဆေများသည်လည်း ကောင်းကင်ကို ပိတ်ဖုံးကွယ်လျက် လိုက်ပါပျံသန်းလာကြသည်။ သွေးခွေးကြီးကမူ ၎င်းဖြတ်သွားသည့်နေရာတိုင်း၌ ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ခု ဖြာထွက်သွားတတ်၏။ ယနေ့တွင်.... မန်ဟို၏နာမည်ကား အနက်ရောင်‌နယ်မြေတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့လေပြီ။

ဝူလင်း၏လမ်းညွှန်မှုအတိုင်း မန်ဟိုက စစ်ဖြစ်နေသော ရွှေကျီးကန်းမျိုးနွယ်စု၏တည်နေရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

နဂါးနက်မျိုးနွယ်စု ခွဲထွက်သွားသဖြင့် တစ်ခါက ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စု၏အင်အားမှာ သုံးဆယ်ရာခိုင်နှုန်းအထိ လျှော့ကျသွားခဲ့၏။ ရွှေကျီးကန်းမျိုးနွယ်စု၏ အတိုက်အခိုက်စွမ်းရည်မှာ သိသိသာသာ ကျဆင်းသွားခဲ့သည်သာမက သူတို့ တိုက်ခိုက်နေရသည်မှာလည်း လဝက်ကျော်ခဲ့လေပြီ။

၎င်းကြောင့် ရွှေကျီးကန်းမျိုးနွယ်စု၏ အဖွဲ့ဝင်ငါးသောင်းအနက်မှ အကုန်လုံးနီးပါး စစ်ထွက်တိုက်ရ၏။ ကမ္ဘာမိစ္ဆာ‌အမြောက်အမြားမှာ ရက်ရက်စက်စက် သတ်ဖြတ်နေကြသည်။ မောင်မွှေးထူနှင့် အခြားအရုပ်ဘိုးဘေးကြီးများမှာလည်း ပင်ပန်းနေသည်ကိုပင် သတိမထားသည့်အလား အပြင်းအထန် တိုက်ခိုက်နေကြ၏။

ကောင်းကင်ရှာဖွေမျိုးနွယ်စုကမူ အင်အားအကုန်လုံးနီးပါး စေလွှတ်ခဲ့သည်။ အရုပ်ဘိုးဘေးကြီးများ၊ ကမ္ဘာသစ်မိစ္ဆာအုပ်များနှင့်အတူ ကျင့်ကြံသူတစ်သိန်းကျော် ရှိလေသည်။ တစ်ဖက်နှင့်တစ်ဖက် ရက်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်နေခဲ့ရသဖြင့် နှစ်ဖက်လုံး အထိအခိုက်၊ အသေအပျောက်များခဲ့လေသည်။

ရွှေကျီးကန်းမျိုးနွယ်စုသာဆိုလျှင် ပြိုင်ဘက်ဖြစ်မည်မဟုတ်ပေ။ သို့သော် ဆူးမြို့ရိုးသည် ဟိုးလွန်လေပြီးသောနှစ်များက မန်ဟို ပေးအပ်ခဲ့သော တာဝန်ကို ဆက်လက်လိုက်နာနေဆဲဖြစ်၏။ ၎င်းသည် ရွှေကျီးကန်းမျိုးနွယ်စုကို ဝန်းရံရင်း ဆူးများကို ဖြန့်ကျက်ထား၏။ ၎င်းမှာ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ပြင်းထန်သောတိုက်ကွက်များကို ထပ်တလဲလဲ တားဆီး‌ပိတ်ဆို့ပေးခဲ့လေသည်။

‌သွေးများက မြေတွင် အိုင်ထွန်းနေ၏။ မျိုးနွယ်စုနှစ်စုကြားက တိုက်ပွဲမှာ အထွတ်အထိပ်သို့ တဖြေးဖြေး ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တဝုန်းဝုန်း တဖောင်းဖောင်း ဆူညံနေပြီး တစ်ယောက်‌ပြီးတစ်ယောက် သေနေကြတော့သည်။

ရွှေအလင်းဘုရားကျောင်း၏ မန္တန်အစီအရင်မှာ ရွှေကျီးကန်းမျိုးနွယ်စု သည်မျှတောင့်ခံထားနိုင်သော ‌အကြောင်းရင်းနောက်တစ်ခုဖြစ်သည်။ ကြက်တူရွေး၊ အသားဂျယ်လီနှင့် မျိုးခြားသားရဲကြီးတို့၏ တိုက်ကွက်များကလည်း ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ စစ်မြေပြင်ကို သွေးချောင်းစီးစေခဲ့သည်။

နှစ်ဖက်လုံးသည် သွေးချင်းနီသော မျက်လုံးကြီးများဖြင့် တိုက်ခိုက်လျက်ရှိသည်။ ကမ္ဘာသစ်မိစ္ဆာများသည်လည်း လေလယ်အတွင် တစ်ကောင်နှင့်တစ်ကောင် ‌လုံးထွေးသတ်ပုတ်နေကြ၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရွှေကျီးကန်းမျိုးနွယ်စု၏ အခြေအနေမှာ ချောက်ထဲကျကျလာသည်။

လောလောဆယ်တွင် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသည် ချေမှုန်းခြင်းဖိအားတို့ကို ထုတ်လွှတ်လျက် လေတွင် ပျံဝဲနေကြ၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မဟုတ်ဘဲ အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်သာ ဖြစ်သည့်တိုင် အလွန်အရာအင်အားကြီးမားသော အရုပ်ဘိုးဘေးကြီးအကောင်နှစ်ဆယ်ကျော်လည်း ရှိ‌သေးသည်။

သာမန်ကျင့်ကြံသူများနှင့် ဟိန်းဟောက်နေသော ကမ္ဘာသစ်မိစ္ဆာများကိုပါ ထည့်ပေါင်းလိုက်လျှင် ကောင်းကင်ကြီးကို မှောင်မိုက်သွားစေတော့သည်။

ကောင်းကင်ရှာဖွေမျိုးနွယ်စုမှာ ပေါများသောအရင်းအမြစ်များဖြင့် အကြီးစားမျိုးနွယ်စုကြီးမဟုတ်ပါလော။ မျိုးနွယ်စုတစ်စုလုံးလည်း စစ်ချီတက်လာခဲ့ရာ ရွှေကျီးကန်းမျိုးနွယ်စုမှာ သူတို့အတွက် ပြိုင်ဘက်မဟုတ်ပေ။ ရွှေကျီးကန်းမျိုးနွယ်ဝင်များမှာ ဆူးမြို့ရိုးရပ်ဝန်းထဲသို့ တဖြေးဖြေး ဆုတ်ဆုတ်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ကမ္ဘာသစ်မိစ္ဆာများနှင့်ကျင့်ကြံသူများမှာ အလွန်ပင်ပန်းနေကြသော်လည်း စိတ်ပျက်အားငယ်နေခြင်းအလျဉ်းမရှိပေ။

မျိုးနွယ်စု၏ နယ်နိမိတ်အတွင်း၌ မျိုးနွယ်ဝင်များသည် မန်ဟို၏ ရုပ်တုအနားတစ်ဝိုက်တွင် စုဝေးကာ ဘိုးဘေးကြီးကို တိုင်တည်နေကြ၏။ ယခုအချိန်တွင် သူတို့မှာ သွေးများ တပွက်ပွက်ဆူနေသည်ကို ခံစားနေရ၏။ ပြောင်းရွှေ့ကာလအတောအတွင်း မျိုးနွယ်စု၏ခေါင်းဆောင်များဖြစ်နေပြီဖြစ်သော လူဟောင်းများ ခံစားခဲ့သည့်အတိုင်း သူတို့ခံစားနေရလေပြီ။

သို့သော် အခြေအနေမှာ ဆက်လက်ဆိုးဝါးလာသည်။ ‌‌အကာအကွယ်ဆူးမြို့ရိုးမှာ ပျက်စီးတော့မည့်လက္ခဏာများ ပြစပြုလာသော်လည်း.....ဆက်ပြီးတောင့်ခံထားသေး၏။

‌မောင်မွှေးထူနှင့် ဘီလူးရိုင်းကြီးမှာ သေရမှာကို မကြောက်ဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသည်။ သူတို့သည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ‌အပြင်းအထန် တိုက်ခိုက်နေကြပြီး မန်ဟို ပေးအပ်ခဲ့သော တာဝန်ကိုလည်း မမေ့နိုင်ပေ။ အသက်သေဆုံးရလျှင်တောင်မှ ရွှေကျီးကန်းမျိုးနွယ်စုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

မောင်မွှေးထူမှာ သွေးအလိမ်းလိမ်းနှင့် ဟိန်းဟောက်လိုက်၏။ ဘီလူးရိုင်းကြီးမှာ မျက်လုံးတစ်ဖက်မရှိတော့သော်လည်း ရက်စက်ကြမ်းကြုတ်မှုက တစ်ပြားသားမှ မလျော့ပေ။

ထိုစဉ် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ တပ်ဖွဲ့များကြားမှ ကျန်းဝမ်ကျိုသည် စစ်မြေပြင်ကို အေးတိအေးစက် ကြည့်နေ၏။ ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းကာ ရွှေကျီးကန်းမျိုးနွယ်ဝင်တစ်ယောက်ကို လည်ပင်းမှ ဆုပ်ကိုင်လိုက်ပြီး ရက်ရက်စက်စက် ဖြစ်ချလိုက်၏။ ဂျွတ်ခနဲ လည်ပင်းမှာ ကျိုးကြေသွားတော့သည်။

သူက ရုတ်တရက် အော်သည်။ "မျှော်စင်ဖြိုမျိုးနွယ်စု၊ တိမ်တိုက်တောင်မျိုးနွယ်စု၊ နဝရတ်သလင်းမျိုးနွယ်စု။ မင်းတို့ သုံးစုက ညာတောင်ပံက တိုက်

"တိမ်ပျံမျိုးနွယ်စု၊ ‌တောင်ကျယ်မျိုးနွယ်စု၊ ပန်းလိုင်မျိုးနွယ်စု ဘယ်တောင့်ပံက တိုက်

"ဒီတိုက်ပွဲ ပြီးခါနီးပြီ။ ပင်မကောင်းကင်ရှာဖွေမျိုးနွယ်ရဲ့ အဖွဲ့ဝင်တို့ အလယ်က တိုက်.... ရွှေကျီးကန်းမျိုးနွယ်စုကို ချေမှုန်းပစ်ကြ။ ယောက်ျား၊ မိန်းမ ၊ ကလေး၊ လူကြီး... တစ်ယောက်မှ အရှင်မထားနဲ့" ကျန်းဝမ်ကျို၏မျက်လုံးမျာ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တရိပ်ရိပ် တောင်လောင်နေသည်။ မှန်၏။ သူကား စစ်ပွဲ၏ခေါင်းဆောင်နေရာယူထားသော ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ရွေးချယ်ခံပင်။

***

All Chapters