← Chapters

ငါပြန်ရောက်ပြီ

Vol. 40 Ch. 549

ငါပြန်ရောက်ပြီ

Vol. 40 Ch. 549

လေလယ်တွင် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးက စစ်မြေပြင်ကို အေးတိအေးစက် ငုံကြည့်နေကြ၏။ သူတို့မှာ ပင်ပန်းနေကြသော်လည်း သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒမှာတော့ တဟုန်းဟုန်း တောက်နေချေသည်။ သူတို့က ကျိုးဝမ်ကျို၏အစီအစဉ်ကို အလွန်သဘောကျနေကြ၏...

ဒီတိုက်ပွဲမကြာခင် ပြီးတော့မယ်" ခေါင်းကိုင်ဖခင်က ပြောသည်။

ကျန်းဝမ်ကျို ထုတ်ပြန်လိုက်သည့်အမိန့်အတိုင်း မျိုးနွယ်စုများသည် ဘက်သုံးဘက်မှ ‌ရွှေကျီးကန်းမျိုးနွယ်စုထံသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သတ်ဖြတ်သံများ ချက်ချင်းဆိုသလို ဆူညံသွားတော့သည်။

မှော်ရတနာများဖြင့် တည်ဆောက်ထားသော စစ်ရထားများသည် ရောင်စုံအလင်းများ ပြိုးပြိုးပြက်ပြက် လက်နေပြီး လမ်းတွင် ရှိရှိသမျှ အရာအားလုံးကို ဝင်တိုက်နင်းခြေရင်း ရွေ့လျားလာသဖြင့် ရွှေကျီးကန်းမျိုးနွယ်စုအား သေမင်းချောက်ကမ်းပါးနားသို့ ရောက်သွားစေတော့သည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ရာကျော်နှင့် အရုပ်ဘိုးဘေးကြီးနှစ်ဆယ်ကျော်၏ အင်အားက အရာအားလုံးအပေါ်သို့ သက်ရောက်နေသော ချေမှုန်းခြင်းဖိအားကြီးအား ထုတ်လွှတ်လျက်ရှိသည်။ ၎င်းမှာ တောင်ပိုင်းဒေသမှ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းနှင့်ပင် ညီမျှသော အင်အားဖြစ်လေ၏။

ရွှေကျီးကန်းမျိုးနွယ်ဝင်များမှာ နောက်ဆုတ်ဆုတ်သွားရတော့သည်။ ဆူးမြို့ရိုးမှာ သွေးရူးသွေးတန်း တိုက်ခိုက်နေပြီး မှော်ပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များ၏ စူးရှတောက်ပသောအလင်းရောင်တို့က အထက်ကောင်းကင်ယံတွင် တဝင်းဝင်း လက်‌နေ၏။

ကြက်တူရွေးမှာ မျက်လုံးကြီးရဲတွတ်နေလျက် လေလယ်တွင် ပျံသန်းနေသည်။ ရွှေကျီးကန်းမျိုးနွယ်ဝင်များ အသေအပျောက်များလာလေလေ၊ ကြက်တူရွေးမှာ ရင်နာရလေလေဖြစ်တော့သည်။ ဖြစ်နေသော အရာအားလုံးက ၎င်းကို အတိတ်မှ နာကျင်စရာမှတ်ဉာဏ်တစ်ခုအား တွေးလိုက်မိစေသည်။

အသားဂျယ်လီမှာလည်း ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း တုန်ရီနေ၏။ ၎င်း၏ခန္ဓာကိုယ်မှာ မပျက်စီးနိုင်သော်လည်း ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သေနေသည်ကို မြင်ရသောအခါ ကြက်တူရွေးနည်းတူ ပူဆွေး‌ဝမ်းနည်းလာတော့သည်။

"ဟေ့ကောင် ငှက်အိုကြီး မင်း ‌ရဲ့ သောက်ချိတ်တံဆိပ်ကို ဖွင့်ပြီး ‌ဒီ‌ရန်သူတွေကို ဘာလို့ မသတ်ပစ်တာတုန်းကွ"

"ဖွင့်မရဘူး ခွေးမသားရ။ ငါလည်းဖွင့်တာပဲ ပွင့်မလာဘူး" ကြက်တူရွေးက ‌တိုက်ခိုက်ရန် ပျံထွက်သွားရင်း လှမ်းအော်သည်။

ရွှေကျီးကန်းမျိုးနွယ်စုမှာ နောက်ဆုတ်သွားရပြန်သည်။ တစ်ခဲနက် ဟစ်ကြွေးသံများ မိုးထိညံသွား၏။ သူတို့မှာ ချီတက်ရန် အတွေးများကို စွန့်ပစ်ခဲ့တာ ကြာလေပြီ။ အကုန်လုံး ခုခံရာတွင်သာ အာရုံစိုက်ထားကြသည်။ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ တပ်ဖွဲ့များက သူတို့ကို ဘက်သုံးဘက်မှ ဝိုင်းထား၏။ ‌အရုပ်ဘိုးဘေးကြီးနှစ်ဆယ်ကျော်နှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ရာကျော်၏ စုစုပေါင်းအင်အားက ဆူးမြို့ရိုးနွယ်များကို ပျက်စီးပြိုကျလာစေတော့သည်။ ကြည့်ရသရွေ့ သူတို့အားလုံး သေဆုံးရန် သိပ်ကြာတော့မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ရုတ်တရက် အဝေးမှ ဂျိန်းခနဲ ထစ်ချုန်းသံကြီးအား ကြားလိုက်ရသည်။ လူငါးယောက်ပေါင်း၍ပင် မဝိုင်းပတ်နိုင်သော အနက်ရောင်တိုင်လုံးကြီးတစ်လုံးကို ထမ်းလျက် ကောင်းကင်ရှာဖွေမျိုးနွယ်ကျင့်ကြံသူ(၁၃) ယောက် ပေါ်လာသည်။

တိုင်လုံးကြီးတွင် မရေမတွက်နိုင်သော အရိုင်းသားရဲကြီးများအား ပုံစံဖော်ထွင်းထားပြီး နှစ်ပေါင်းအသင်္ချေတိုင် တည်ရှိခဲ့သည့်အလား ရှေးကျသော ကမ္ဘာဦးအရှိန်အဝါကို ထုတ်လွှတ်နေ၏။ ကျင့်ကြံသူ (၁၃) ယောက်က တိုင်လုံးကြီးနှင့်အတူ တဖြေးဖြေး ရွေ့လာပြီး သူတို့မျက်နှာများမှာ နီမြန်းနေကာ ချွေးသီးချွေးပေါက်များလည်း ကျနေသည်။ တိုင်လုံးကြီးမှာ မယုံနိုင်လောက်အောင် လေးလံပြီး ဆယ်သုံးယောက်၏ခွန်အားဖြင့်ပင် ပခုံးပေါ်အကြာကြီး ထမ်းရန် ခက်ခဲဟန်တူသည်။

တကယ်တမ်း တိုင်ကြီးတစ်တိုင်သာ စစ်မြေပြင်ထံသို့ ဦးတည်လာခြင်းမဟုတ်။ စုစုပေါင်းသုံးတိုင် ဖြစ်လေသည်။

မီတာသုံးရာခန့် အမြင့်ရှိသော တိုင်ကြီးသုံးတိုင် ရွှေကျီးကန်းမျိုးနွယ်စုဆီ ဦးတည်လျက် အရပ်သုံးမျက်နှာမှ တရွေ့ရွေ့  ချဉ်းကပ်လာလေပြီ။

အပေါ်မှ ကြည့်ပါက အနက်ရောင်တိုင်ကြီးသုံးတိုင်မှာ အနက်ရောင်ချီများ တထောင်းထောင်းထနေသည့် ဧရာမဆူးချွန်ကြီးသုံးခုနှင့်တူသည်။ ၎င်းတို့မှာ မရေမတွက်နိုင်သော အရိုင်းသားရဲကြီးများ၏ ငြိုးမာန်ဒေါသဖြင့် ပြည့်နှက်နေသယောင်ပင်။

လေလယ်ရှိ ကျန်းဝမ်ကျို၏မျက်လုံးများက တောက်ပသွားပြီး ရုတ်တရက် သူ၏အမိန့်‌ပေးသံ ထွက်လာသည်။ "ချေမှုန်းပစ်"

ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်အကုန် ချက်ချင်း ထူးဆန်းသော ဂါထာများ ရွတ်ဆိုလာကြသည်။ သူတို့၏အသံများက အရာအားလုံးကို တုန်ခါသွားစေသော ဟိန်းဟောက်သံကြီးဖြစ်လာကာ အသံလှိုင်းများအသွင် ပြောင်းသွား၏။

၎င်းပဲ့တင်ထပ်နေစဉ် ဧရာမအနက်ရောင်တိုင်ကြီးသုံးတိုင်က ဂါထာအစွမ်းကို တုံ့ပြန်လိုက်သည်။ ၎င်းတို့က ရုတ်တရက် လေပေါ်သို့ မိမိစိတ်ဆန္ဒ‌အလျောက် ပျံတက်သွားကြပြီး လေအလယ်တွင် လွင့်မျော့နေကြသည်။

ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးက လက်ကိုမြှောက်ပြီး နဖူးအပေါ် ဖိချလိုက်၏။ သူတို့၏ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်လာပြီး သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူတို့၏မျက်နှာများက ပုံပျက်ဆင်းပျက် တွန့်လိမ်ရှုံ့တွသွားပြီး ထူးဆန်းသော ဂါထာ၏ နောက်ဆုံးစာလုံးကို ရွတ်လိုက်ကြသည်။ "ဟုန်းမိုရှဲန်း"

ဂါထာက သူတို့၏အသက်စွမ်းအားအနည်းငယ်ကို စုပ်ယူလိုက်သည်။ ထိုအသံသည် စစ်မြေပြင်တစ်ခုလုံး ပြည့်နှက်သွားပြီး ကြားလိုက်ရသူတိုင်းကို ဝိညာဉ်များ ဆောင့်ဆွဲထုတ်ခံလိုက်သကဲ့သို့ မူးဝေသွားစေသည်။

ထို့နောက် ဧရာမအနက်ရောင်ဆူးချွန်ကြီးသုံးခုကား ရုတ်တရက်ကြီး ကျဆင်းလာလေပြီ။ ၎င်းတို့က ဝုန်းခနဲ ‌မြေကြအတွင်းသို့ စိုက်ဝင်သွား၏။

ချက်ချင်းပင် အနက်ရောင်အလင်းစက်ကွင်းတစ်ခုက အနက်ရောင်ဆူးချွန်များချိတ်ဆက်ရင်း ၎င်းတို့အကြား၌ ပေါ်လာပြီး ရွှေကျီးကန်းမျိုးနွယ်စုကို နေရာလပ်မကျန် လွှမ်းခြုံသွားတော့သည်။

ထိုအခိုက်အတန့်တွင် ယောက်ျား၊ မိန်းမ၊ ကလေးလူကြီးမ‌ရွေး ရွှေကျီးကန်းမျိုးနွယ်ဝင်အားလုံးမှာ သူတို့၏ခန္ဓာကိုယ်များအတွင်း၌ ခြောက်ကပ်လာသော လက္ခဏာများပြလာသည်ကို ခံစားလိုက်ရ၏။ ကမ္ဘာသစ်မိစ္ဆာများပင် ပါဝင်သည်။

ထိုစဉ် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် အရုပ်ဘိုးဘေးကြီးများက အဖွဲ့သုံးဖွဲ့ခွဲပြီး အနက်ရောင်ဆူးချွန်တစ်ခုစီကို ဦးတည်ထွက်သွားကြသည်။ ရောက်သည်နှင့် သူတို့သည် ‌‌ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားအလုံးစုံ ထုတ်လွှတ်ကာ ဆူးချွန်များအား ဝင်တိုက်သွားစေသည်။

တစ်ချက်ဝင်တိုက်လိုက်တိုင်း တိုင်ကြီးသုံးတိုင်သည် မြေကြီးထဲ မီတာအနည်းငယ် နစ်နစ်ဝင်သွား၏။ အနက်ရောင်အလင်းစက်ကွင်းမှာ ပို၍အားကောင်းလာပြီး မရေမတွက်နိုင်သော မိုးကြိုးတန်းများ ပေါ်လာသည်။ ရွှေကျီးကန်းမျိုးနွယ်စုမှာ နေရာလပ်မကျန်အောင် လွှမ်းခြုံခံထားရပြီး ခြောက်ကပ်သည့်လက္ခဏာများမှာ ပိုမိုပြင်းထန်လာ၏။ မျိုးနွယ်ဝင်များ၏မျက်နှာများမှာ မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။ ကြည့်ရသရွေ့ ကောင်းကင်ရှာဖွေမျိုးနွယ်စုပြောခဲ့အတိုင်း တစ်မျိုးနွယ်လုံး တစ်ယောက်မကျန် သုတ်သင်ခံရတော့မည့်ပုံပင်။

"ဘဝဝိညာဉ်ချုပ်ငြိမ်းဆူးတိုင်သုံးတိုင်...." ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်က ပြောသည်။ "ဒါက ကောင်းကင်ရှာဖွေမျိုးနွယ်စုရဲ့ အဖိုးထိုက်ရတနာတွေပဲ။ ရွှေကျီးကန်းမျိုးနွယ်စုသာ တစ်ချိန်လုံး ပြန်တိုက်ခိုက်ပြီး အရှုံးမပေးတာကြောင့်မဟုတ်ရင် ငါတို့ ဘယ်တော့မှ သုံးမှာမဟုတ်ဘူး"

"ကံကောင်းစွာနဲ့ ဒီမျိုးနွယ်စုရဲ့ အသက်စွမ်းအားတွေက ခေါင်းဆောင်ကြီးအတွက် နည်းနည်းပါးပါး အသုံးဝင့်လိမ်မယ်" နတ်ဆရာကြီးက ပြောသည်။

သူတို့နှစ်ယောက်က သက်ပြင်းဖွဖွ ချလိုက်ကြ၏။ စစ်ပွဲမှ လဝက်ခန့်ကြာခဲ့သော်လည်း ယခုတော့ နိဂုံးချုပ်ပေတော့မည်။

သူတို့သာ စိတ်သက်သာရာရကာ သက်ပြင်းချနေခြင်းမဟုတ်။ ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်အများစုလည်း ထိုနည်းတူပင်။ သို့သော် ကျိုးဝမ်ကျိုတော့မပါ။ သူ၏မျက်လုံးများက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်တို့က ‌တောက်လောင်နေဆဲဖြစ်၏။

"ဒီကောင်တွေ တကယ်ဇွဲကောင်းတာပဲ။ ဒါပေမဲ့ ရုန်းလေလေ၊ အသက်စွမ်းအား ပိုကုန်ခမ်းလေလေ၊ မြန်မြန်သေလေလေ ဖြစ်မှာ"

ဝုန်းခနဲ ကြားလိုက်ရပြီး ဆူးတိုင်များမှာ ‌မြေကြီးထဲ ထပ်နစ်ဝင်သွားခဲ့လေပြီ။ ရွှေကျီးကန်းမျိုးနွယ်ဝင်များမှာ ခြောက်ကပ်လာကြပြီး ‌မျိုးခြားသားရဲကြီးနှင့် မောင်မွှေးထူပင် ပါဝင်သည်။

ပူဆွေးဝမ်းနည်းမှုများရှိနေသော်လည်း ရုန်းကန်နေသော သူတို့၏မျက်လုံးများမှာ မုန်းတီနာကြည်းမှု၊ ခေါင်းမာမှုတို့ဖြင့် ပြည့်နှက်‌လျက်ရှိသည်။ ၎င်းတို့သည် အတူတကွ ပေါင်းစည်းသွားပြီး ရန်သူ၏သွေးဖြင့်သာ ဆေးကြောနိုင်သော အမုန်းဖြစ်လာ၏။

"ရုန်းကန်စရာမလိုဘူးး" နတ်ဆရာကြီးက ‌သွေးအေးအေး ပြောသည်။

"မင်းတို့ အပြစ်တင်ချင်ရင်" ခေါင်းကိုင်ဖခင်က ပြောသည်။ "မင်းတို့ရဲ့ ကိုးကွယ်ရာဘိုးဘေးကြီးကို အပြစ်တင်။ မသတ်သင့်တဲ့သူကို သတ်ပြီး ရန်မစသင့်တဲ့ ကောင်းကင်ရှာဖွေမျိုးနွယ်စု‌ခေါင်းဆောင်ကြီးကို ရန်စခဲ့တာ သူပဲ။ တကယ်တော့ သူလည်း ခေါင်းဆောင်ကြီးဟုရန်ရဲ့ ကိုယ်ပွားလက်ချက်နဲ့ သေလောက်ပြီ" သူသည် ‌ခနဲ့သလို ပြုံးပြီး ရွှေကျီးကန်းမျိုးနွယ်စုကို ငုံ့ကြည့်လိုက်သည်။

ကြက်တူရွေးက အလင်းစက်ကွင်း‌၏အောက် လေအလယ်တွင် ပျံသန်းနေသည်။ "ဘယ်သူသေမှာလဲ ခွေးမသား။ သေမယ့်သေ သူကတော့ ....ဟင် .... အီးး" ကြက်တူရွေးမှာ ဆဲနေရင်းတန်းလန်း ရုတ်တရက်ကြီး မျက်လုံးပြူးသွား၏။ ၎င်းက ချက်ချင်း စကားအပြောရပ်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

ရွှေကျီးကန်းမျိုးနွယ်စု သေလုမြောပါး ဖြစ်နေသည့်အချိန်၊ ကြက်တူရွေး မျက်ပြူးဆန်ပြူး ဖြစ်နေသည့်အချိန်မှာပင် ပထဝီမြေကြီးသည် တသိမ့်သိမ့် တုန်လာ၏။ တုန်ခါခြင်းကား မြေကြီးထဲ ရိုက်ချခံနေရသော ဆူးတိုင်များကြောင့်မဟုတ်။ ဤတုန်ခါခြင်းက အဆများစွာ ပိုပြင်းထန်သည်။ တစ်ကမ္ဘာလုံးမှာ ပြောင်းပြန်လှန်ခံနေရသည့်အလားပင်။

အဝေးတွင် တစ်‌လောကလုံးကို တသိမ့်သိမ့်တုန်နေစေသည့် ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာနေသော ဧရာမပုံရိပ်ကြီးများကို လှမ်းမြင်လိုက်ရသည်။

မကြာမီ ပင်လယ်ရေနံ့တို့က ရှိရှိသမျှ လူတိုင်း၏ မျက်နှာများကို ဖြတ်တိုက်သွားလေသည်။ လေပြင်းတစ်ချက်က ‌ဖုန်များ တထောင်းထောင်း ထသွားစေသည်။ ကြောက်မက်ဖွယ် အသတ်အဖြတ်စိတ်ဆန္ဒတစ်ခုသည် အဘက်ဘက်သို့ ဖြာထွက်လာ၏။

ကောင်းကင်ရှာဖွေမျိုးနွယ်ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလို တုန်ခါနေသည်ကို ခံစားမိလိုက်ကြသည်။ လေလယ်ရှိ အနုသုခုမရုပ်ခန္ဓာကျင့်ကြံသူ တစ်ရာကျော်နှင့် အရုပ်ဘိုးဘေးနှစ်ဆယ်ကျော် ... တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

သူတို့မြင်လိုက်ရသည်မှာ.... ‌တဝေါဝေါ တိုက်ခတ်နေသော လေပြင်းတစ်ချက်ကိုပင်။

လေသည် ကျောချမ်းဖွယ်ကောင်းပြီး အထဲ၌ ထောင်နှင့်ချီသော တစ္ဆေများကို မြင်ရနိုင်၏။

တစ္ဆေများကို မြင်လိုက်သောအခါ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် အရုပ်ဘိုးဘေးကြီးများ ပင့်သက်ရှိုက်မိသွားကြသည်။ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ကျန်ကျင့်ကြံသူများလည်း အံ့ဩတုန်လှုပ်သွားကြသည်။

တစ်ချိန်တည်းမှာပင် .... တုန်ခါနေခြင်းသည် ပိုမိုပြင်းထန်လာ၏။ နောက်ဆုံးတွင်တော့ ‌ခုန်ပျံကျော်လွှားလာနေသော ဘီလူးကြီးခုနစ်ကောင်ကို ပြတ်ပြတ်သားသား မြင်လိုက်ရလေပြီ။ ၎င်းတို့ လှမ်းလိုက်သည့် ခြေလှမ်းတစ်လှမ်းတိုင်းက ‌မြေကြီးအပေါ်သို့ ဝုန်းခနဲ ကျပြီး ငလျင်လှုပ်သွားစေသည်။ ဤသည်ကား မီတာသုံးထောင်အမြင့်ရှိသော ခရမ်းပင်လယ်ဘီလူးရိုင်းကြီးများပင်။ (တစ်မီတာကို သုံးပေးစွန်းစွန်းပါ။ ဘီလူးကြီးတစ်ကောင်ကို ချင်းတောင်တန်းလောက် မြင့်ပါတယ်)

ပင်လယ်ရေနံ့မှာ ပြင်းသထက် ပြင်းလာသည်။ ဤခရမ်းပင်လယ်ဘီလူးရိုင်းကြီးခုနစ်ကောင် ဘွားခနဲ ပေါ်လာခြင်းက ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်အကုန်လုံးကို ကြက်သေသေသွားစေ‌တော့၏။

"ဘာတွေလဲ...." ကျန်းဝမ်ကျိုမှာ မျက်လုံးအစုံပြူးကျယ်လျက် အံဩမှင်သက်နေတော့သည်။ ထို့နောက် ဘီလူးကြီးများမှာ မည်သည့်အရာမှ ဖြစ်ပေါ်လာကြောင်း သဘောပေါက်လိုက်သဖြင့် သူ့စိတ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွား‌လေပြီ။

ကောင်းကင်ရှာဖွေမျိုးနွယ်စု နတ်ဆရာကြီးက မယုံနိုင်ဖြစ်နေသော အသံဩဩကြီးဖြင့် ပြောလိုက်သည်။ "ခရမ်းပင်လယ်....သူတို့က ခရမ်းပင်လယ်ရေတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘီလူးကြီးတွေပဲ*

"ခရမ်းပင်လယ်ဘီလူးကြီးတွေ...ပြီးတော့ အဲ့ဒီအရှေ့ဆုံးက တစ်ကောင်က လက်ထဲမှာ တစ်ခုခု ကိုင်ထားတယ် ။ အဲ့ဒါက...." အဝေးကို လှမ်းကြည့်နေသော ကောင်းကင်ရှာဖွေမျိုးနွယ်စု ခေါင်းကိုင်ဖခင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤအခိုက်အတန့်တွင် နတ်ဆရာကြီးနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအားလုံး တူညီသောအရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့မှာ ရုတ်တရက် အသက်ရှူရပ်သွားကြတော့၏။

"ရွှေကျီးကန်းမျိုးနွယ်ဝင်တွေ"

"အဲ့ဒါ ငါတို့ဖမ်းပြီး အ‌ခြေစိုက်စခန်းဆယ်ခုကို ပို့လိုက်တဲ့သူတွေ မဟုတ်လား"

ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များ ကြက်သေသေနေကြသည့်အချိန်မှာပင် ချဉ်းကပ်လာနေသော လေထဲတွင် အနီရောင်ပုံရိပ်ကြီးတစ်ခု ပေါ်လာ၏။ ၎င်းသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာနေပြီး ကြောက်မက်ဖွယ် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ မိုးမှောင်ကျလာပြီး တိမ်တိုက်များလည်း ဗြောင်းဆန်လာ၏။ ခေါင်းမွှေးများ ထောင်သွား‌ရလောက်အောင် ပြင်းထန်သော ဖိအားကြီးတစ်ခုက ကောင်းကင်ရှာဖွေမျိုးနွယ်စုကို ရိုက်ခတ်လိုက်သည်။

အဆိုပါဖိအားကြီးမှာ သူတို့အတွက် ကောင်းကင်ဘုံ၏ ခွန်အားကြီးဖြင့် တူလေ၏။

အနီရောင်ပုံရိပ်ကြီးသည် အလွန်ကြီးမားသော သွေးရောင်ခွေးကြီးတစ်ကောင်ဖြစ်၏။ ၎င်းခေါင်းပေါ်တွင်တော့ အစိမ်းရောင်ဝတ်ရုံနှင့် လူတစ်ယောက် ရပ်နေသည်။ သူ့ဆံပင်များက လေတွင် မျောလွင့်နေပြီး မျက်လုံးများကလည်း ရေခဲတမျှ အေးစက်နေ၏။ သူ၏မျက်နှာထားမှာ တင်းမာခက်ထန်နေပြီး ရုတ်တရက် အဆုံးမဲ့သော အသတ်အဖြတ်စိတ်ဆန္ဒတို့ကို ထုတ်ဖော်လိုက်လေသည်။

"မန်ဟို" ကျိုးဝမ်ကျိုတစ်ယောက် အသက်ရှူသံများ ကပေါက်က‌ချောက် ဖြစ်ကုန်သည်။ သူသည် ထိုနေ့တုန်းက မဟူရာဂိတ်တံတိုင်းကြီးအပြင်ရှိ မန်ဟို့ကို သတိထားမိခဲ့သည်။ မန်ဟိုသည် သူ့ကို ထိုစဉ်ကတည်းက အလေးအနက် အထင်ကြီးမိစေခဲ့လေသည်။

ကောင်းကင်ရှာဖွေမျိုးနွယ်စု ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးလည်း မန်ဟို့ကို မှတ်မိသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတချို့လည်း ထိုနည်းတူပင်။ သူတို့ မန်ဟို့ကို မြင်သည်နှင့်တစ်ပြိုင်နက် သူတို့၏စိတ်ထဲတွင် ထစ်ချုန်းသံကြီးဖြင့် ပြည့်နှက်သွားတော့၏။

ခေါင်းဆောင်ကြီး၏ ကိုယ်ပွားကိုယ်တိုင် မန်ဟို့ကို သတ်ဖို့ ထွက်ခဲ့သွားသည်ကို သူတို့ ကောင်း‌ကောင်း သိထားသည်။ သို့သော်.... မန်ဟိုက ယခု ဤနေရာသို့ ရောက်လာလေပြီ။ အဖြေက တစ်ခုတည်းသာရှိပြီး လူတိုင်း ထိုအဖြေကို သိကြ၏။

ဤအခိုက်အတန့်တွင် အနက်ရောင်အလင်းစက်ကွင်းအထဲ၌ တုန်ရီနေသော ရွှေကျီးကန်းမျိုးနွယ်ဝင်များအနက် မျိုးနွယ်စု၏ အိုမင်းနေသောလူကြီးပိုင်းများမှာ သွေးခွေးကြီး၏ ခေါင်းပေါ်တွင် ရပ်နေသော မန်ဟိုကို မြင်လိုက်ကြသည်။ ဤလူများသည် ပြောင်းရွှေ့ခဲ့သော နှစ်တွေတုန်းက မန်ဟို့ကို အဖော်ပြုပေးခဲ့သူများ ဖြစ်၏။

သူက လွန်ခဲ့သောနှစ်တစ်ရာတုန်းကအတိုင်းပင်။ အဘိုးအို၊ အဘွားအိုများမှာ စိတ်လှုပ်ရှားတုန်ရီလာကြ၏။

"ဘိုးဘေးကြီး ပြန်လာတဲ့အတွက် တလေးတစား ကြိုဆိုကြောင်းပါ"

လွန်ခဲ့သောနှစ်တစ်ရာအတွင်းကမှ မွေးဖွားခဲ့သူများနှင့် မျိုးနွယ်စုအထဲ ဝင်ရောက်ခဲ့သူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။ သူတို့ မန်ဟို့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျိုးနွယ်စု၏ အလယ်တည့်တည့်ရှိ ရုပ်တုကြီးနှင့် သူ၏ပုံပန်းသွင်ပြင်ကို ဆက်စပ်မိလိုက်ကြသည်။ သူတို့လည်း စိတ်လှုပ်ရှားနေကြတော့၏။

"ဘိုးဘေးကြီး ပြန်လာတဲ့အတွက် တလေးတစား ကြိုဆိုကြောင်းပါ"

"ဘိုးဘေးကြီး ပြန်လာတဲ့အတွက် တလေးတစား ကြိုဆိုကြောင်းပါ" သူတို့ မျှော်လင့်ချက်အပြည့်ဖြင့် တစ်ခဲနက်ကြွေးကြော်သံများသည် အရပ်ရှစ်မျက်နှာလုံး၌ မြည်ဟည်းသွားတော့သည်။ အသံများ ပဲ့တင်ထပ်နေစဉ် မန်ဟို၏အသံအား ကြားလိုက်ရ၏။

"ငါ ပြန် ရောက် ပြီ "

***

All Chapters