အစီအရင်ကို ချိုးဖျက်ခြင်း
Vol. 40 Ch. 550
မန်ဟိုပြောလိုက်သော ရိုးရိုးတန်းတန်းစကားသံလေးက စစ်မြေပြင်တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များ ကြားသောအခါ ပင့်သက်ရှိုက်သံများ ထွက်လာ၏။ ရွှေကျီးကန်းမျိုးနွယ်ဝင်များမှာမူ အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာကြတော့သည်။
ထိုစကားသံတွင် အပြစ်ရှိသောခံစားချက်နှင့်အတူ ကောင်းကင်ရှာဖွေမျိုးနွယ်စုကို ဦးတည်သည့် အသတ်အဖြတ်စိတ်ဆန္ဒလည်း ပါရှိနေသည်။ စကားလုံးများ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် မန်ဟို့မျက်လုံးများက သွေးအလိမ်းလိမ်းနှင့် ပင်ပန်းနွမ်းနယ်နေသော မောင်မွှေးထူအပေါ် ကျရောက်သွားသည်။
ထို့နောက် တုန်ရီနေသော ဘီလူးရိုင်းကြီးနှင့် ပြောင်းရွှေ့စဉ် ကာလအတွင်း သူ မျက်မှန်းတန်းမိခဲ့သော မျက်နှာများကိုလည်း မြင်လိုက်ရသည်။
ဝူချိန်... သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်... ရွှေအလင်းဘုရားကျောင်းသားများ။ ပုံရိပ်များစွာသည် သူ၏စိတ်ထဲတွင် လင်းလက်တောက်ပနေ၏။ နှစ်တစ်ရာကျော် ကွဲကွာနေရခြင်းက မန်ဟို့အတွက် သိပ်မကြာသယောင် ထင်ရသော်လည်း ရွှေကျီးကန်းမျိုးနွယ်စုအတွက်တော့ ကမ္ဘေကမ္ဘာနှင့်ကို ကြာခဲ့သည့်အလားပင်။
" ငါ ...ပြန်ရောက်ပြီ" သူ ရေရွတ်လိုက်သည်။ သူနှင့် ရွှေကျီးကန်းမျိုးနွယ်စုအကြား တည်ရှိသော ကံကြွေးမှာ ဖြတ်တောက်မရပေ။ သူတို့၏ သနားစဖွယ် အခြေအနေကို မြင်သောအခါ သူ့မျက်နှာပေါ်ရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပို၍ပြင်းထန်လာတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ အသက်ရှူသံမြန်နေသော မျိုးနွယ်ဝင်များအကြားတွင် ခေါင်းကိုင်ဖခင်၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာ၏။
"ဒီတော့ မင်းက ခေါင်းဆောင်ကြီးကို ရှောင်နိုင်ခဲ့တယ်ပေါ့" ကောင်းကင်ရှာဖွေမျိုးနွယ်စုခေါင်းကိုင်ဖခင်က ပြောသည်။ "ဘယ်ဆိုးလို့တုန်း။ ဒါပေမဲ့ မင်းခြေထောက်နဲ့မင်း ဒီရောက်လာမှတော့ ဒီနေ့က မင်းသေရမယ့်နေ့ပဲ
"ကောင်းကင်ရှာဖွေမျိုးနွယ်ကျင့်ကြံသူတို့ ၊ ဒီလူ့ကို သတ်လော့၊ ရွှေကျီးကန်းမျိုးနွယ်စုကို သုတ်သင်လော့" ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များ သူ၏စကားကို ကြားသော် တစ်ခဲနက် ဟိန်းဟောက်ကြွေးကြော်လိုက်ကြသည်။
ကျန်းဝမ်ကျို၏မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်သွားသည်။
"ဒီတော့ မင်း ထပ်ပေါ်လာပြီပေါ့။ ဒီတစ်ခေါက် ... ငါတို့ တိုက်ခိုက်ကြစို့" ကျန်းဝမ်ကျိုသည် ထိုနှစ်တုန်းက မန်ဟိုကို လေးလေးနက်နက် အထင်ကြီးခဲ့၏။ ယခုတွင် သူ၏တိုက်ခိုက်လိုစိတ်မှာ ပေါက်ကွဲထွက်လာခဲ့လေပြီ။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ရာကျော်နှင့် အရုပ်ဘိုးဘေးကြီးနှစ်ဆယ်ကျော်ထံမှ အသတ်အဖြတ်စိတ်ဆန္ဒများ ဟုန်းဟုန်းတောက်လာသည်။ သူတို့ ချီတက်လာတော့မည့်အချိန် သွေးခွေးကြီးက သူတို့ကို အထင်သေးသလို ကြည့်ပြီး ဟောင်လိုက်သည်။
ဟောင်သံကြီးကို သွေးခွေးကြီး၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အရှိန်အဝါက အားဖြည့်ပေးထား၏။ ၎င်း ပေါ်ထွက်လာစဉ် မမြင်ရသော လေမုန်တိုင်းကြီးတစ်ခုက သွေးခွေးကြီးကို ဗဟိုပြုလျက် ဖြစ်တည်လာသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် ဘိုးဘေးကြီးများအပါအဝင် အရှိန်အဝါနှင့် ထိမိလိုက်သည့် ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်အားလုံးမှာ အံ့အားသင့်သွားကြလေသည်။ သူတို့၏ မျက်နှာများ ပျက်ယွင်းကုန်၏။ အမှန်ကို သူတို့မယုံနိုင်သေးပေ။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်း"
"အဲ့ဒါက ... အဲ့ဒါက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကမ္ဘာသစ်မိစ္ဆာတစ်ကောင်လား"
တစ်ချိန်တည်းမှာပင် ခရမ်းပင်လယ်ဘီလူးကြီးခုနစ်ကောင်ကား ပထဝီမြေကြီးကို တသိမ့်သိမ့် တုန်ခါနေစေသော အမြန်နှုန်းကြီးဖြင့် ပြေးလာရင်း စစ်မြေပြင်သို့ ရောက်ရှိလာခဲ့လေပြီ။
တစ္ဆေများလည်း ရန်လိုသော အငွေ့အသက်များဖြင့် အနားရောက်လာပြီဖြစ်သည်။ စစ်မြေပြင်တစ်ခုလုံးမှာ ရုတ်တရက် အရိုးခိုက်မတတ် အေးစက်သွား၏။
သွေးခွေးကြီးက ရွှေကျီးကန်းမျိုးနွယ်စုကို လွှမ်းခြုံနေသော အနက်ရောင်အလင်းစက်ကွင်းဆီသို့ တဟုန်ထိုးထွက်သွားသော ကြက်သွေးရောင်အလင်းတန်းတစ်တန်း ဖြစ်သွားလေပြီ။
မန်ဟို၏ခန္ဓာကိုယ်က ဖျတ်ခနဲ အစိမ်းရောင်အခိုးအငွေ့နှင့် မဟူရာလတစ်စင်းအသွင်ပြောင်းသွားသည်။ အချိန်အနည်းငယ်ကြာသော် သူသည် အနက်ရောင်ဆူးတိုင်ကြီးတစ်တိုင်၏ဘေးတွင် ပြန်ပေါ်လာ၏။ ထိုအချိန်မှာပင် တတိယဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်သည်။
ကြက်တူရွေးနှင့်အသားဂျယ်လီသည် ချက်ချင်း ရွှီးခနဲ ပျံထွက်လာပြီး မန်ဟို့က ပခုံးပေါ်တွင် နားလိုက်ကြသည်။ ၎င်းတို့နှစ်ကောင်မှာ ကျောထောက်နောက်ခံကို ရှာတွေ့သွားသည့်အလား ပတ်ဝန်းကျင်ကို မတူမတန်သလို မောက်မာဝင့်ကြွားစွာ ကြည့်လိုက်ကြ၏။
"ငါလေ ခွေးမသားတွေ ဘာလုပ်နေတာလဲ ။ ဘာလဲ ကြောက်ချီးပန်းနေပြီလား
... မင်းတို့ကများ ငါကိုယ်တော်သခင်ငါးကို ရာရာစစ ရန်စရဲရတယ်လို့၊ ဟိုလေး သူတို့ကို သွားစမုံတုံးပစ်လိုက်စမ်း"
"ဟွန့် ငါကိုယ်တော်သခင်သုံး မင်းတို့ကောင်တွေကို မပြောင်းလဲတော့ဘူး။ သေအောင် ရိုက်သတ်ပစ်မယ် မင်းတို့တွေကို။ ဟိုလေး သူတို့ကို သွားစမုံတုံးပစ်လိုက်စမ်း"
မန်ဟိုသည် ကြက်တူရွေးနှင့် အသားဂျယ်လီကို လျစ်လျူရှုထားရင်း မျက်နှာထားတင်းမာခက်ထန်နေ၏။ ယခုတွင် တတိယဝိညာဉ်သို့ ဝင်ရောက်လိုက်ပြီဖြစ်၍ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာလေးခု၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ပေါက်ဖွားလာကာ လှိုင်းများအား အဘက်ဘက်သို့ ဖြာထွက်သွားစေသည်။
ဘန်း
သူက ညာလက်ခလယ်ကို ဝှေ့ယမ်းလိုက်သည်။ ၎င်းမှာ သာမန်လှုပ်ရှားမှုလေးတစ်ခုဟု ထင်ရသော်လည်း ရုတ်တရက် ခရမ်းရောင်ချီများ တလိပ်လိပ်ထလာ၏။ ဤအရာကား မန်ဟို၏ ခရမ်းရောင်ချီခေါင်းဖြတ်စက်မှတစ်ပါး အခြားမဟုတ်ပေ။
ဓားသွားက ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်တစ်ယောက်၏ ခန္ဓာကိုယ်အပေါ် ကျဆင်းသွားသည်။ ထိုလူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ဖောင်းခနဲ နှစ်ပိုင်းပိုင်းခံလိုက်ရတော့သည်။
"စမုံတုံးပစ် စမုံတုံးပစ်" ကြက်တူရွေးမှာ ဒေါသအနည်းငယ်ဖြေလိုက်နိုင်သဖြင့် စိတ်လှုပ်ရှားတရှား အော်ဟစ်နေတော့သည်။
မန်ဟိုက ဝုန်းခနဲ ရှေ့ဆက်သွားသည်။ တစ်ချိန်တည်းမှာပင် သွေးခွေးကြီး၏ အနီရောင်တောက်နေသော ကိုယ်လုံးကြီးမှ အနီရောင်အမွှေးများက ရုတ်တရက် လေတွင် ပေါ်လာသည်။ ၎င်းတို့သည် သွေးခွေးကြီး၏ ပတ်ပတ်လည်တွင် စလည်လာပြီး အနီရောင်လေဆင်နှာမောင်းကြီးတစ်ခု ဖြစ်လာ၏။ ၎င်းက ၎င်းလမ်းကြောင်းပေါ်တွင် ရှိနေသော အရာအားလုံးကို မြက်ခြောက်များသဖွယ် နင်းခြေရင်း ရှေ့သို့ ရွေ့လျားလာသည်။ အရုပ်ဘိုးဘေးကြီးဖြစ်စေ၊ အနုသုခုနရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဖြစ်စေ၊ လေမုန်တိုင်းကြီးနှင့် ထိမိသွားလျှင်ချင်း ငယ်သံပါအောင် အော်ရင်း ပေါက်ကွဲကုန်ကြကာ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးသွားရတော့သည်။
ဤသည်မှာ တိုက်ပွဲမဟုတ်တော့၊ အစုလိုက်အပြုံလိုက် သတ်ပွဲကြီး ဖြစ်နေလေပြီ။
ထောင်နှင့်ချီသော တစ္ဆေများကမူ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ သာမန်ကျင့်ကြံသူများအပေါ် ခုန်အုပ်လိုက်ကြသည်။ သူတို့မှာ အသက်စွမ်းအားများ ခမ်းခြောက်နေစဉ် တုန်ရီနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။
အားလုံးအထဲ တုန်လှုပ်စရာအကောင်းဆုံးမှာတော့ ခရမ်းပင်လယ်ဘီလူးကြီးခုနစ်ကောင်ဖြစ်သည်။ ၎င်းတို့က စစ်မြေပြင်သို့ ခြေချလိုက်သည်နှင့် ဝုန်းဒိုင်းကြဲ တိုက်ခိုက်တော့သည်။ ၎င်းတို့၏လက်သီးကြီးများ မြေကြီးနှင့် မိတ်ဆက်လိုက်သောအခါ ဧရာမအက်ကြောင်းကြီးများ ပေါ်လာ၏။ ပို၍ပင် အံ့ဩစရာကောင်းသည်မှာ ၎င်းတို့ကိုယ်အတွင်း၌ ရှိသော သုတ်သင်ခြင်းစွမ်းအားဖြစ်သည်။ ၎င်းတို့ ထိလိုက်သော မည်သည့်သက်ရှိသတ္တဝါမဆို သုတ်သင်ခံလိုက်ရလေသည်။
စစ်မြေပြင်မှာ ရုတ်ခြည်းဆိုသလို ဖရိုဖရဲ ဖြစ်ကုန်တော့သည်။
ရုတ်တရက်ကြီး ပြောင်းလဲသွားခြင်းက ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးကို အသက်ရှူသံများ မြန်ဆန်လျက် မယုံနိုင်ဖြစ်နေစေသည်။ ကျန်းဝမ်ကျိုမှာလည်း ဘာဆိုဘာမှ မတွေးနိုင်တော့ဘဲ မျက်လုံးကြီးပြူးထွက်နေသည်။ အစက သူသည် မန်ဟိုနှင့် တိုက်ခိုက်ချင်ခဲ့သော်လည်း ယခုတော့ မန်ဟို အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်နေသည်ကိုသာ ကြည့်နေနိုင်တော့၏။ ဘယ်သူမှ အသက်တစ်ရှိုက်ပင် မခံလိုက်ပေ။ လောလောဆယ်တွင် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် အကြီးအကဲတစ်ဦးမှာ လက်ချောင်းတစ်ချောင်းတိုက်ကွက်လေးကြောင့် ပေါက်ကွဲသွားလေပြီ။ ထိုလူ၏ သွေးပျက်မတတ် အော်သံကြီးက ကျန်းဝမ်ကျို၏ နားတွင် ပဲ့တင်ထပ်နေရာ သူ့မှာ မန်ဟိုနှင့် နှစ်ယောက်တည်း တိုက်ခိုက်ရန် အတွေးမှန်သမျှ ခေါင်းထဲက ထုတ်လိုက်တော့သည်။
"သူတို့ကို ဝိညာဉ်ချုပ်ငြိမ်းဆူးတိုင်တွေကို မဖယ်အောင် တားကြ" သူက အော်လိုက်သည်။
ကောင်းကင်ရှာဖွေမျိုးနွယ်ကျင့်ကြံသူများမှာ ထိတ်လန့်တုန်ရီနေကြသည့်တိုင် ဟိန်းဟောက်ပြီး မန်ဟို့ဆီ ပြေးတက်သွားကြ၏။ လောလောဆယ်တွင် မန်ဟို့ကို အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ အယောက်သုံးဆယ်နှင့် အရုပ်ဘိုးဘေးခုနစ်ယောက်၊ ရှစ်ယောက် ဝိုင်းထားကြသည်။ သူတို့အားလုံးက သူ့ကို အနက်ရောင်ဆူးတိုင်ကြီးအနားမကပ်နိုင်အောင် တားဆီးဖို့ ကြိုးစားနေကြလေသည်။
"ဖယ်စမ်း" သူက မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ဆူပွက်နေလျက် အော်လိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာတွင် လေပြင်းတစ်ချက်က တစ်ချက်က မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာလေးခု၏ စွမ်းအားအပြည့်ဖြင့် တိုက်ခတ်သွားသည်။ သူ့အရှေ့ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ ရှစ်ယောက်ကျော်မှာ ပါးစပ်မှ သွေးများပန်းထွက်ရင်း လွင့်ထွက်သွားတော့၏။ နှစ်ယောက်မှာ ငယ်သံပါအောင်ပင် အော်ပြီး တိုက်ရိုက်ပေါက်ကွဲသွားကြလေသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။ သူ့လက်ထဲတွင် နတ်ဆိုးလှံ ပေါ်လာပြီး သူက နောက်ပြန်ပစ်လိုက်၏။ ၎င်းသည် ကြောက်စရာမျက်နှာအပြည့်ဖြင့် အနက်ရောင်မြူများ ဖြစ်သွားကာ လာနေသော ရန်သူရှစ်ယောက်ကျော်ကို အစိမ်းလိုက်စားကြတော့သည်။
မန်ဟိုက တခဏလေးပင် ရပ်မသွားဘဲ ကြံ့ပုံသဏ္ဌာန် အရုပ်ဘိုးဘေးကြီးတစ်ကောင်၏အရှေ့တွင် ပေါ်လာသည်။ သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် တဖျပ်ဖျပ် လက်နေပြီး သူ၏ညာလက်သီးက ထိုးဆင်းလာ၏။
ဖောင်း
မသေခင် အရုပ်ဘိုးဘေးကြီး၏မျက်နှာမှာ အံ့ဩမယုံနိုင်မှုတို့ဖြင့် ပြည့်နှက်သွားလေသည်။ မန်ဟိုက ၎င်း၏ ပေါက်ကွဲသွားသော အသားစိုင်များကြားမှ တိုက်ရိုက်ဖြတ်သွား၏။ မန်ဟို့ကို တားဖို့ ကြိုးစားနေသော ကျန်အနုသုခုမရုပ်ခန္ဓာရှစ်ယောက်ကျော်မှ ပင့်သက်ရှိုက်သံများ ကြားလိုက်ရသည်။ သူတို့မှာ အတိုင်းအလွန် ထိတ်လန့်နေကြပြီး ချာချာလည်နေကြလေပြီ။ သူတို့သည် တုံ့ခနဲ ရပ်လိုက်ကြပြီး မန်ဟို့လမ်းကို မပိတ်ရဲတော့ပေ။
မန်ဟိုသည် မြက်ခြောက်များအပေါ်မှ နင်းသွားနေသည့်လား ရှေ့ဆက်သွားနေ၏။ မျက်စိတစ်မှိတ်အတွင်း သူကား အနက်ရောင်ဝိညာဉ်ချုပ်ငြိမ်းဆူးတိုင်ကြီးအပေါ်တည့်တည့်သို့ ရောက်သွားလေပြီ။ သူသည် ၎င်းကို လှမ်းပြီး ဆွဲထုတ်လိုက်၏။
ဆူးတိုင်ကြီးမှာ ဂျိန်းခနဲ မြည်သွားပြီး တဖြေးဖြေး မြောက်တက်လာသည်။ သို့သ်ော ဤအခိုက်အတန့်တွင် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင် ချဉ်းကပ်လာ၏။ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် ပြည့်နှက်နေသည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ၊ ဝိညာဉ်ချုပ်ငြိမ်းဆူးတိုင်ကြီးကို ဆွဲထုတ်ခွင့်ပေး၍မဖြစ်သည်ကို သူသိသည်။ ခွင့်ပေးလိုက်လျှင် ရွှေကျီးကန်းမျိုးနွယ်ဝင်များ ထွက်လာလိမ့်မည်။ ၎င်းက တစ်ပူပေါ်နှစ်ပူဆင့်ကာ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်ချေမည်။
"ဖင်လေးမနေနဲ့ သူ့ကို တားကြ" ခေါင်းကိုင်ဖခင်က ဟောက်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အနုသုခုခမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများမှာ အံတင်းတင်းကြိတ်ပြီး အရုပ်ဘိုးဘေးကြီးရှစ်ကောင်ကျော်နှင့်အတူ မန်ဟို့ဆီ ပြေးတက်သွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း သူတို့က သူ့ဆီ တည့်တည့် ပြေးဝင်လာနေကြပြီဖြစ်၏။ သို့သော် မန်ဟိုက သွေးအေးအေးပြုံးလိုက်သည်။
"စတုတ္ထဝိညာဉ်ခန္ဓာ"
ဝုန်း
သူကား စတုတ္ထဝိညာဉ်ခန္ဓာသို့ ဝင်ရောက်သွားလေပြီ။ မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာ ရှစ်ခုနှင့် ညီမျှသော အတိုက်အခိုက်စွမ်းရည်မှာ မန်ဟို့ကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာ၏။ သူ၏ရန်သူများမှာ လွန်စွာအားကောင်းလှသော အရှိန်အဝါ၏ တိုးဝှေ့ရိုက်ခတ်ခြင်း ခံလိုက်ရတော့သည်။
ပတ်ပတ်လည်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံးနှင့် အရုပ်ဘိုးဘေးကြီးများ၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ ကောင်းကင်ရှာဖွေမျိုးနွယ်စု ခေါင်းကိုင်ဖခင်မှာ သွေးအန်လိုက်ရပြီး ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားတော့၏။ သူ၏မျက်နှာအပေါ်၌ ထိတ်လန့်တုန်လှုပ်မှုဟူ၍ ရေးသားထားလေသည်။
သူ မျက်လုံးကြီးပြူးလျက် ကြည့်နေစဉ် မန်ဟိုမှာ နောက်တစ်ကြိမ် အားစိုက်ဆွဲထုတ်လိုက်၏။ ဝုန်းခနဲ ဆူးတိုင်ကြီးမှာ မြေကြီးမှ လုံးဝဆွဲနုတ်ခံလိုက်ရလေပြီ။ ၎င်းသည် မန်ဟို့ လက်တစ်ကိုင်စာအထိ လျင်မြန်စွာ ကျုံ့သွားတော့သည်။
ယခုတွင် ဆူးတိုင်တစ်တိုင် လျှော့သွားပြီဖြစ်ရာ ရွေကျီးကန်းမျိုးနွယ်စုကို လွှမ်းခြုံထားသော အနက်ရောင်အလင်းစက်ကွင်းမှာ ပုံပျက်ရှုံ့တွလာတော့သည်။ အနက်ရောက်စက်ကွင်းကြီး ခိုးယူခဲ့သော အသက်စွမ်းအားတချို့မှာ ယခုတွင် ရွှေကျီးကန်းမျိုးနွယ်စု၏ စိတ်လှုပ်ရှားနေသော မျိုးနွယ်ဝင်များဆီသို့ ပြန်လည်သက်ဆင်းစပြုနေလေပြီ။
ထိုမြင်ကွင်းက ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များကို ထိတ်လန့်တုန်လှုပ်သွားစေ၏။
"ဒီလူက... ဘယ်ကျင့်ကြံအဆင့်မှာလဲ"
"ဒါ အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်မဟုတ်ဘူး။ ဒါ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းတစ်ပိုင်းအဆင့်ပဲ"
လူတိုင်းလူတိုင်း အံ့ဩတုန်လှုပ်မှုကို ဖော်ပြနေသည့်အချိန်မှာပင် နောက်ထပ်ထစ်ချုန်းသံကြီးအား ဒုတိယ ဝိညာဉ်ချုပ်ငြိမ်းဆူးတိုင်ကြီးရှိရာဘက်မှ ကြားလိုက်ရပြန်သည်။ ငလျင်လှုပ်ခတ်နေစဉ် သွေးခွေးကြီးက ၎င်းလမ်းကို ပိတ်ခဲ့သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် အရုပ်ဘိုးဘေးကြီးများကို ရှင်းပစ်ပြီးသွားလေပြီ။ ထို့နောက် သွေးခွေးကြီးက ဆူးတိုင်ကို ၎င်း၏လက်ဝါးကြီးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ ရိုက်ချက်ကြောင့် ဆူးတိုင်ကြီးမှာ မြေကြီးမှကျွတ်ထွက်သွားပြီး ချောက်နက်ကြီးတစ်ခုသာ ချန်ရစ်ခဲ့သည်။
ဆူးတိုင်နှစ်တိုင် လျော့သွား၍ အနက်ရောင်အလင်းစက်ကွင်းမှာ ယခုတွင် လှိုင်းတွန့်များထနေတော့သည်။ ၎င်းမှာ အသက်စွမ်းအားများ မစုပ်ယူနိုင်တော့ဘဲ ပြန်ပေးနေရလေပြီ။ အချိန်တခဏလေးအတွင် ၎င်း ခိုးယူခဲ့သော အသက်စွမ်းအားအလုံးစုံ ပိုင်ရှင်အသီးသီးဆီ ပြန်ရောက်ရှိသွားတော့၏။
ဆူးတိုင်ကြီး ပျံထွက်သွားစဉ် မန်ဟို၏ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး ညာလက်ခလယ်ကို ဝှေ့ယမ်းလိုက်သည်
ချက်ချင်းပင် ဆူးတိုင်ကြီးမှာ တုန်ခါသွားပြီး ကျုံ့လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက မန်ဟို့၏လက်ဝါးအပေါ် သက်ဆင်းလာသည်။
မန်ဟိုက မရပ်ဘဲ တတိယဆူးတိုင်ကြီးဆီ ဆက်သွား၏။ သူ့လမ်းကို လူတစ်ယောက် တားဖို့ကြိုးစားတိုင်း သွေးရောင်အလင်းက သူတို့ဆီ ပြေးဝင်လာတတ်သည်။ သွေးခွေးကြီးပေါ်လာကာ ၎င်း၏လက်ဖဝါးကြီးဖြင့် ရိုက်ချပစ်မည်ဖြစ်သည်။
မှန်ပါသည်။ သွေးခွေးကြီး၏ လက်ဖဝါးကြီးဖြင့် မိတ်ဆက်သွားရသူများအဖို့ တစစီပေါက်ကွဲသွားရုံအပြင် မရှိပေ။
ဖောင်း
မန်ဟိုက တတိယ အနက်ရောင်ဆူးတိုင်ကြီး၏ မျက်နှာပြင်အပေါ် သို့ ရိုက်ချလိုက်သည်။ တိုင်ကြီးမှာ ဖောင်းခနဲ မြေကြီးထဲမှ ကျွတ်ထွက်သွားတော့၏။
အနက်ရောင်အလင်းစက်ကွင်းမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ရွှေကျီးကန်းမျိုးနွယ်ဝင်များ အားပြန်ပြည့်သွားကြလေပြီ။ သူတို့က ကောင်းကင်ဘုံထိတိုင် ရိုက်ခတ်နေသော အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ပြေးထွက်လာကြတော့သည်။
"သတ်ပစ်"
***