← Chapters

ဘာလို့မလာတာလဲ

Vol. 40 Ch. 552

ဘာလို့မလာတာလဲ

Vol. 40 Ch. 552

"ခေါင်းဆောင်ကြီး လာနေပြီ"

"ခေါင်းဆောင်ကြီး ငါတို့ကို လာကယ်လိမ့်မယ်"

"နည်းနည်းလောက်လေးပဲ ထပ်တောင့်ခံကြ"

ကောင်းကင်ရှာဖွေမျိုးနွယ်စုခေါင်းကိုင်ဖခင် သေဆုံးသွားခြင်းက ကျန်ရှိသောမျိုးနွယ်ဝင်များကို မျှော်လင့်ချက်မဲ့သွားစေသည်။ သူတို့ကို မပြိုလဲသွားစေသည့် တစ်ခုတည်းသောအရာမှာ ခေါင်းဆောင်ကြီးဟုရန် သူတို့ကို လာကယ်လိမ့်မည်ဆိုသော မျှော်လင့်ချက်ပင်။

ခေါင်းဆောင်ကြီးဟုရန် သူတို့ကို လာကယ်လိမ့်မည်ဟု သူတို့ တထစ်ချ ယုံကြည်သည်။

ဟုရန်ယွင်မင်းသည် သူတို့၏ ခေါင်းဆောင်ကြီးဖြစ်၏။

‌တိုက်ပွဲမှာ နောက်တစ်ဖန် ပြင်းထန်လာသည်။ သတ်ဖြတ်သံများက မိုးထိညံလျက်ရှိ‌လေသည်။ မန်ဟိုသည် စစ်မြေပြင်တွင် အမြင့်ဆုံးအင်အားဖြစ်၏။ ကောင်းကင်ရှာဖွေမျိုးနွယ် ကျင့်ကြံသူတစ်ယောက်မှ သူ့အနားမကပ်ရဲပေ။ သူ သွားသည့်နေရာတိုင်း ရန်သူကျင့်ကြံသူများ ချက်ချင်း ဖရိုဖရဲ ထွက်ပြေးကုန်ကြသည်။

နောက်ဆုံးတွင် မန်ဟို၏အကြည့်သည် ကျန်းဝမ်ကျိုအပေါ် ကျရောက်လာ၏။ ထိုအခိုက်အတန့်တွင် ကျန်းဝမ်ကျိုမှာ တုန်ရီလာပြီး ကပျာကယာ နောက်ဆုတ်လိုက်သည်။ သူ့စိတ်မှာ ‌ချာချာလည်မူးဝေနေပြီး သူ ထွက်ပြေးလိုက်သည့်အခိုက်အတန့်မှာပင် မန်ဟိုသည် အစိမ်းရောင်အခိုးအငွေ့အသွင်ပြောင်းပြီးနောက် သူ့ဘေးတည့်တည့်တွင် ပေါ်လာတော့သည်။

"ငါ ရွှေကျီးကန်းမျိုးနွယ်စုကို အရှုံးပေးတယ်" ကျန်းဝမ်ကျိုက အော်လိုက်သည်။ မန်ဟိုထံမှ သူ့အဖော်သက်ရောက်နေသော ဖိအားမှာ သေစေနိုင်သော အန္တရာယ်ကြီးကို ခံစားလိုက်ရသည်အထိ ပြင်းထန်လွန်းလေသည်။ မန်ဟို မယုံမှာစိုး၍ သူ့မှာ အကာအကွယ်အားလုံးကို ချက်ချင်း လွှတ်ချလိုက်တော့သည်။

"ငါ အညံ့ခံတယ်" သူက အမောတကော ပြောသည်။ "ငါ ကောင်းကင်ရှာဖွေမျိုးနွယ်စုရဲ့ ရွေးချယ်ခံ။ ငါ ရွှေကျီးကန်းမျိုးနွယ်စုကို ဝင်ရရင် မင်းကို..." သူ စကားဆက်မပြောနိုင်ခင် မန်ဟို့လက်က လျှပ်တပြက် သူ၏လည်ပင်းကို ဖြစ်လိုက်သည်။

"ငါ မင်းကို သိတယ်" မန်ဟိုက ပြောသည်။ "အဲ့ဒီနှစ်တုန်းက မဟူရာဂိတ်တံတိုင်းကြီးရဲ့ အပေါ်မှာ မင်းရှိနေခဲ့တယ်"

ကျန်းဝမ်ကျို တုန်ရီသွားပြီး သူ၏မျက်နှာတွင် ကြောက်လန့်မှု ထင်သပ်လာ၏။

" ကံဆိုးစွာနဲ့ " မန်ဟိုက ပြောသည်။ " ရွှေကျီးကန်းမျိုးနွယ်စုမှာ သာပေါင်းညာစားတွေ မလိုဘူး "  ထို့နောက် သူက လက်ကို ဖြစ်လိုက်၏။ ကျန်း၀မ်ကျိုသည် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ဤမျိုးဆက်မှ ရွေးချယ်ခံဖြစ်သည်။ သူသည် အနုသုအနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့် ရောက်သည်အထိ နှစ်နှစ်ရာကျော် ကျင့်ကြံအားထုတ်ခဲ့ရလေသည်။ ယခုတော့ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ အနုသုခုမရုပ်ခန္ဓာမှာ‌ ကြေမွသွားကာ သူ့မှာ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ သေဆုံးသွားလေတော့သည်။

မန်ဟိုက ဆုပ်ကိုင်ထားသည်ကို ဖြေပြီး လှည့်လာသည်။ လောလောဆယ်တွင် ကောင်းကင်ရှာဖွေမျိုးနွယ်၀င် တစ်ထောင်သာ ကျန်ရှိတော့၏။ စောစောက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ တစ်ရာကျော်အဖွဲ့တွင်မူ နှစ်ဆယ်သာ ကျန်ရှိတော့လေသည်။

အရုပ်ဘိုးဘေးကြီးများမှာတော့ ငါးကောင်သာ ကျန်ရှိတော့၏။

ကောင်းကင်ရှာဖွေမျိုးနွယ်စုမှာ ပျက်ဆီးသွားပြီဟူ၍ သတ်မှတ်နိုင်မည် ဖြစ်သည်။ သို့သော် ခေါင်းဆောင်ကြီးဟုရန် ရှိနေသေးသ၍ သူတို့ကို မျိုးနွယ်စုကြီးအဖြစ် သတ်မှတ်နိုင်လေသည်။

နတ်ဆရာကြီး၏ ဦးဆောင်မှုအောက်တွင် ကောင်းကင်ရှာဖွေမျိုးနွယ်၀င်များက အတူတကွ တစ်စုတစ်စည်းတည်း နေနေကြ၏။ ယခုတွင် သူတို့မှာ စောစောက ရွှေကျီးကန်းမျိုးနွယ်စု၏ အခြေအနေနှင့် တူသွားလေပြီ။ သူတို့ကို ရန်သူမျိုးနွယ်၀င်များ၊ ထောင်ပေါင်းများစွာသော တစ္ဆေများနှင့် ခရမ်းပင်လယ်ဘီလူးကြီး ခုနစ်ကောင်က ဝိုင်းထား၏။

ကောင်းကင်ရှာဖွေမျိုးနွယ်စုမှ အဖွဲ့၏ အလယ်တည့်တည့်တွင် နတ်ဆရာကြီးရှိသည်။ သူက မျက်နှာတွင် ပူဆွေးသောကတို့ ပြည့်နှက်နေလျက် တောင်ဝှေးကြီးကို ခန့်ညားစွာ ကိုင်ကာ မြေကြီးသို့ ဆောင့်ချလိုက်သည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူက ‌တင်ပျဉ်ခွေ ထိုင်ချလိုက်၏။

သူက စူးစူးဝါးဝါး အော်လိုက်သည်။ " ခေါင်းဆောင်ကြီး ဘာလို့ မလာသေးတာလဲ

" ကောင်းကင်ရှာဖွေမျိုးနွယ်စု ပျက်ဆီးတော့မယ်။ မျိုးနွယ်၀င်ရှစ်သောင်းမှာ တစ်သောင်းပဲ ကျန်တော့တယ်။ ခေါင်းဆောင်ကြီး ဘာ... ဘာလို့ မလာသေးတာလဲ "

သူ မိုးထိညံအောင် ဟိန်းဟောက်လိုက်သည့် အချိန်မှာပင် သူ့အရှေ့ရှိ တောင်ဝှေးသည် ကောင်းကင်ယံအထိ ထိုးတက်သွားသေ အဖြူရောင်အလင်းတန်းဖြင့် တောက်ပလာ၏။ ၎င်းက သွေးခွေးကြီး၏ အနီရောင်အလင်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားလေသည်။ သို့သော် ပျောက်ကွယ်သွားသည့်တိုင် ၎င်းသည် အထူးသွေးဆက်နည်းလမ်းကို သုံး၍ အပြင်လောကသို့ ထိုးဖောက်ထွက်နိုင်သွား၏။ ၎င်းက ကောင်းကင်ရှာဖွေမျိုးနွယ်စု တည်ရှိရာသို့ တင်ပျဉ်ခွေထိုင်နေသည့် ခေါင်းဆောင်ကြီးဟုရန်၏ စိတ်ထဲသို့ ရောက်ရှိသွားလေသည်။

ထိုစဉ် မန်ဟိုသည် မြင်ကွင်းကို လှမ်းကြည့်ရင်း လေလယ်တွင် ရပ်နေ၏။ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ချုပ်ငြိမ်းဆူးတိုင် သုံးတိုင် ပေါ်လာသည်။ သူက သူ၏ နတ်ဘုရားအာရုံကို ဆူးတိုင်များအတွင်း စေလွှတ်ပြီးနောက် သွေးခွေးကြီး၏ စွမ်းအင်ကို ငှားယူကာ ၎င်းတို့၏ တံဆိပ်များကို ဖယ်ရှားပြီး သူ၏ တံဆိပ်ဖြင့် အစားထိုးလိုက်သည်။

" မင်းတို့ ရွှေကျီးကန်းမျိုးနွယ်စုကို ဘာလုပ်ခဲ့လဲ " သူက အေးတိအေးစက် ပြောသည်။ " မန်ဟိုလည်း မင်းတို့ကို ပြန်လုပ်တယ်။ ဒါက မျှမျှတတပဲ " ထို့နောက် သူက အနက်ရောင်ဆူးတိုင်တစ်တိုင်ကို လေထဲ ပစ်လိုက်ရာ ၎င်းသည် အရွယ်အစား လျင်မြန်စွာ ကြီးထွားလာ၏။ မန်ဟို လက်ကိုဝှေ့ယမ်းလိုက်စဉ် ဂျိမ်းခနဲ ထစ်ချုန်းသံ ကြားလိုက်ရပြီး ဆူးတိုင်ကြီးတစ်တိုင်က မြေကြီးတွင်းသို့ တစ်၀က်၀င်သွားလေသည်။

ချက်ချင်းပင် အနက်ရောင်အလင်းစက်ကွင်းက ကောင်းကင်ရှာဖွေမျိုးနွယ်စုကို လွှမ်းခြုံရန် ပျံ့ကားလာ၏။

ထို့နောက် ဒုတိယ ဆူးတိုင်ကြီးက မတူညီသောဘက်သို့ ပျံထွက်သွားပြီး မြေကြီးကို စိုက်၀င်သွားသည်။ အလင်း၏စက်ကွင်းမှာ ပို၍ အားကောင်းလာပြီး ကောင်းကင်ရှာဖွေမျိုးနွယ်၀င်များမှာ တုန်ရီပြီး ခြောက်ကပ်လာကြသည်။

တတိယဆူးတိုင်ကြီး စိုက်၀င်သွား၏။ ဝိညာဉ်ချုပ်ငြိမ်းဆူးတိုင် မန္တန်အစီအရင်မှာ အပြည့်အ၀ အသက်၀င်သွားပြီ ဖြစ်၍ ‌ကောင်းကင်ရှာဖွေမျိုးနွယ်၀င်များ ယခုတွင် ရွှေကျီးကန်းမျိုးနွယ်၀င်များ ရှိခဲ့သည့် အခြေအနေနှင့် တူသွားလေပြီ။ သူ၏ အသွေးအသားများ ခြောက်ကပ်လာပြီး သူတို့၏ အသက်စွမ်းအင်မှာ လျင်မြန်စွာ ကုန်ခမ်းလာနေကြ၏။

သူတို့သည် တုန်ရီနေလျက် မျှော်လင့်ချက်မဲ့နေသော အမူအရာများဖြင့် နတ်ဆရာကြီးကို လှမ်းကြည့်လိုက်ကြသည်။ နတ်ဆရာကြီးက ကောင်းကင်ကို ပြန်မော့ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်ခြောက်ကပ်နေပြီး သူ၏အသံမှာ ဆောက်တည်ရာမဲ့စွာဖြင့် နောက်တစ်ဖန် ဟိန်းထွက်လာသည်။

" ခေါင်းဆောင်ကြီး လာကယ်လေဗျာ

" ခေါင်းဆောင်ကြီး ဘာလို့ လာမကယ်သေး‌တာလဲ။ ကျွန်တော်တို့ကို စွန့်ပစ်လိုက်ပြီလား"

မန်ဟိုသည် ထိုမြင်ကွင်းကို အပေါ်က ကြည့်နေရင်း ဘာမှ မပြောပေ။ သူက အဝေးသို့ အတွေးနက်နေသော မျက်နှာထားဖြင့် လှမ်းကြည့်နေ၏။

ရွှေကျီးကန်းမျိုးနွယ်၀င်များက တိတ်ဆိတ်စွာ ကြည့်နေသည်။ သူတို့သည် ပင်ကိုယ်အားဖြင့် သတ်ရသည်ကို နှစ်ခြိုက်သူများ မဟုတ်သော်လည်း ကောင်းကင်ရှာဖွေမျိုးနွယ် ကျင့်ကြံသူများ၏ မျက်နှာပေါ်က မျှော်လင့်ချက်မဲ့နေမှုများကို မြင်သောအခါ စောစောက သူတို့၏ အခြေအနေကို မတွေးမိဘဲ မနေတော့ပေ။

မန်ဟိုသာ ရောက်မလာခဲ့လျှင် သူတို့လည်း ကောင်းကင်ရှာဖွေမျိုးနွယ်စုနည်းတူ အော်ဟစ်နေရလောက်သည်။

အချိန်များ ကုန်လွန်သွားသည်။ အနက်ရောင်အလင်းစက်ကွင်း အတွင်းတွင် ခြောက်ကပ်နေသော ကောင်းကင်ရှာဖွေမျိုးနွယ်၀င်များ၏ အသက်စွမ်းအားများမှာ မှိတ်တုတ်မှိတ်တုတ် ငြိမ်းသေတော့မလို ဖြစ်လာ၏။ သူတို့သည် ဘုန်းခနဲ မြေကြီးပေါ်သို့ လဲကျသွားသော အလောင်းများဖြစ်သွားကြလေသည်။ သူတို့ သေဆုံးသွားစဉ် သူတို့ အသက်စွမ်းအားများမှာ မန္တာန်အစီအရင်၏ အပြည့်အ၀စုပ်ယူခြင်းခံလိုက်ရပြီး အဖြူရောင် ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

မျိုးနွယ်၀င်များ အလောင်းဘ၀သို့ ရောက်သွားသည်နှင့်အမျှ နတ်ဆရာကြီးမှာလည်း အားနည်းလာသည်။ သူသည် ယခုတွင် သင်္ချိုင်းဂူထဲမှ တွားသွားပြီး ထွက်လာသော အလောင်းကောင်ကြီးကဲ့သို့ သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေ၏။ သို့ထိတိုင် သူကား ကောင်းကင်ကို အသက်မပါသလို ကြည့်နေဆဲပင်။ သူ့အသံက ဆက်လက်ဟိန်းထွက်နေသည်။

" ခေါင်းဆောင်ကြီး ကျွန်တော်တို့ အမှားလုပ်မိတာလား

" ခေါင်းဆောင်ကြီး ကျေးဇူးပြုပြီး တုံ့ပြန်ပါဦး။ ခေါင်းဆောင်ကြီး ဘာလို့မလာသေးတာတုန်း "

တစ်ထောင်၊ သုံးထောင်၊ ငါးထောင် နောက်ဆုံးတွင် မျိုးနွယ်၀င် တစ်သောင်းလုံး ခြောက်ကပ်နေသော အလောင်းများဖြစ်လာပြီး မြေကြီးပေါ်တွင် အတုံးအရုံး သေဆုံးနေကြလေသည်။ မကြာမီ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများနှင့် အရုပ်ဘိုးဘေးကြီးများသာ ကျန်ရှိတော့၏။ သူတို့သည် တုန်ရီနေပြီး ဆောက်တည်ရာမဲ့စွာ အော်ဟစ်ငိုယိုနေကြ၏။ နတ်ဆရာကြီးမှာ ခါးသက်သက် ရယ်လိုက်သည်။

ရယ်သံကြီးက မကျေမနပ်ချက်များနှင့် ပြည့်နှက်‌လာသည့်တိုင်အောင် ၀မ်းနည်းလာ၏။

" ခေါင်းဆောင်ကြီး ဘာလို့ မလာသေးတာတုန်း "

သူ၏ မကျေနပ်သော အသံကြီး ဟိန်းထွက်လာသည့် အချိန်မှာပင် ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများက ခေါင်းမော့ပြီး သူတို့ အသက်ထွက်သည်အထိ အော်ဟစ်လိုက်ကြသည်။

" ဘာလို့....မလာသေးတာလဲ "

ဖောင်း

အလင်းစက်ကွင်းထဲရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ ယခုတွင် ‌အလောင်းခြောက်ကြီးများ ဖြစ်ကုန်လေပြီ။ အရုပ်ဘိုးဘေးကြီးများလည်း သေဆုံးသွားကြပြီဖြစ်၏။ နတ်ဆရာကြီးသာ တစ်ယောက်တည်း ကျန်ခဲ့တော့သည်။ သူက အသက်စွမ်းအားအလုံးစုံ ကုန်ခမ်းသွားသည်အထိ မုန်းတီးနာကြည်းစွာ ရယ်‌နေခဲ့လေသည်။

သူတို့အားလုံး သေဆုံးပြီးနောက် အနက်ရောင်အလင်းစက်ကွင်းထဲ၌ မျောလွင့်နေသော အဖြူရောင်ဆိုင်ကလုန်းမုန်တိုင်းသည် အဖြူရောင်ပုလဲတစ်လုံး ဖြစ်လာ၏။ မန်ဟိုက ပုလဲကို ပျောက်ကွယ်သွားမည်ထင်ခဲ့သော်လည်း ၎င်းက ပျောက်ကွယ်မသွားပေ။ ပုလဲသည် ရွှေကျီးကန်းမျိုးနွယ်ဝင်များ လာမယူမချင်း လေထဲတွင် မျောလွင့်နေ၏။

မြင်ကွင်းက မန်ဟို့ကို မျက်မှောင်ကြုတ်သွားစေပြီး အဝေးသို့ လှမ်းကြည့်မိလိုက်စေသည်။

"ဟုရန်ယွင်မင်း ... မင်း ဘာကြံနေတာလဲ" သူက တွေးလိုက်သည်။ တခဏကြာသော် သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။ သူသည် ဟိုးအရင်နှစ်တွေတုန်းက တံတားပျက်နယ်ပယ်မှာ ရရှိခဲ့သော သိုလှောင်အိတ်ထဲရှိ မိစ္ဆာစိတ်ဝိညာဉ်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းသည် ယခုတွင် လင်းလက်တောက်ပနေ၏။

အလင်းမှာ ပိုပိုအားပြင်းလာပြီး ဆွဲအားတစ်ခုကို ထုတ်လွှတ်လာတော့သည်။

မန်ဟို၏မျက်လုံးများ ဝင်းလဲ့သွားသည်။ ရက်ကို တွက်ကြည့်ပြီးနောက် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ မကြာခင် ဖွင့်တော့မည်ဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။

"ဟုရန်ယွင်မင်း မင်း ဘာကြံနေလဲ ငါ သောက်ဂရုမစိုက်ဘူး။ ‌မင်းနဲ့ငါ့ကြားက တိုက်ပွဲက ရှောင်လွှဲလို့မရဘူး"

သူသည် ရွှေကျီးကန်းမျိုးနွယ်ဝင်များကို လှမ်းကြည့်လိုက်၏။ မောင်မွှေးထူလည်း ရှိနေသည်။ ဘီလူးရိုင်းကြီးလည်း ရှိနေသည်။ နောက်ဆုံးတွင် သူက လက်ကို ဝှေ့ယမ်းကာ အနီရောင်အလင်းအကာအကွယ်ကို ကျုံ့သွားစေပြီး သွေးခွေးကြီးအဖြစ် ပြန်ပြောင်းစေလိုက်သည်။

သူက သွေးခွေးကြီး၏ ခေါင်းပေါ်တွင် ရပ်ပြီး အဝေးကို ကြည့်နေ၏။

ထို့နောက်တွင် ရွှေကျီးကန်းမျိုးနွယ်ဝင်များကို ပြန်ကြည့်လိုက်ပြီး သူတို့ကလည်း သူ့ကို မျှော်လင့်ချက်များဖြင့် ရွှန်းရွှန်းစားစား ပြန်ကြည့်ကြသည်။ ပတ်ဝန်းကျင်ရှိ အားကောင်းသော ကိုးကွယ်စွမ်းအားများကို မန်ဟို သိသိသာသာ ခံစားနေရ၏။ "ကောင်းကင်ရှာဖွေမျိုးနွယ်စုကို သွားမယ်။ မင်းတို့.... ငါ့နောက်လိုက်လာစရာ မလိုဘူး"

ကိုးကွယ်စွမ်းအားက မန်ဟိုပတ်ပတ်လည်တွင် လည်ပြီး သူ့ကိုယ်ပေါ် ထပ်သွားသော သရဲပုံရိပ်များ ဖြစ်လာသည်။ ၎င်းသည် မှော်ပညာရပ်သုံးစရာမလိုသော နည်းလမ်းဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံအတွင်း စိမ့်ဝင်ရောက်ကာ ပျံ့နှံ့သွား၏။

မန်ဟိုက ‌လေလယ်တွင် ပျံဝဲနေသော မောင်မွှေးထူကို လှမ်းကြည့်ပြီး အားပေးသောအရိပ်အယောင် ပြလိုက်သည်။ မောင်မွှေးထူက တအီအီအော်ရင်း ပြန်တုံ့ပြန်၏။

ဆူးမြို့ရိုးနွယ်များမှာ မန်ဟို ထွက်သွားရန် ပြင်နေသည်ကို လှမ်းကြည့်နေသည့်အလား လေထဲတွင် ဘေးဘယ်ညာ ယိမ်းနွဲ့နေ‌လေသည်။

မန်ဟိုက ချာခနဲလှည့်ပြီး စကြဝဠာအိတ်ကို ဖွင့်ကာ ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်အလောင်းများကို စုပ်ယူလိုက်သည်။ ထို့နောက် သူနှင့် သွေးခွေးကြီးသည် လေပေါ်ပျံတက်သွား၏။

သူ့အနောက်တွင် မျိုးနွယ်ဝင်အကုန်လုံး လက်ယှက်ပြီး အရိုအသေပေးလိုက်ကြသည်။ ဝူချိန်နှင့် ဝူလင်းလည်း ရှိနေ၏။ သူတို့မှာ ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့် ကြည့်နေကြသည်။ နောက်ဆုံးတွင် ဝူချိန်က ပြောလိုက်သည်။ သူ၏ မန်ဟို့အပေါ် ‌ကျေးဇူးတင်မှုမှာ အခြားသူများနှင့် ကွဲပြားလေသည်။

"ဘိုးဘေးကြီး.... ပြန်လာမှာလားဟင်"

"...အင်း" တိုးညှင်းသော အဖြေဖြစ်သည်။

ပြောင်းရွှေ့ကာလအတောအတွင်း မန်ဟိုကို အဖော်ပြုပေးခဲ့သော လူဟောင်းများမှာ အတိတ်ကို ပြန်ပြောင်း သတိရမိနေကြတော့သည်။ သူတို့ သူ့ကို နောက်တစ်ခေါက် မြင်တွေ့ရဖို့ နှစ်တွေအကြာကြီးကြာဦးမည်ကို သူတို့သိကြ၏။ ထိုအချိန်တွင် သူတို့မှာ အသက်ပင်ရှိလောက်တော့မည် မဟုတ်ပေ။

မန်ဟို တဟုန်ထိုးထွက်သွားစဉ် ကြက်တူရွေးနှင့် အသားဂျယ်လီက သူ့ပခုံးပေါ်မှနေ၍ ရွှေကျီးကန်းမျိုးနွယ်ဝင်များအကြား ရပ်နေသော မျိုးခြားသားရဲကြီးကို ပြန်လှည့်ကြည့်လိုက်ကြသည်။

သူတို့ ထပ်မံဆုံတွေ့ရဖို့ နှစ်ပေါင်းရာချီ ကြာလိမ့်မည် သို့မဟုတ် ထို့ထက် ကြာရှည်နိုင်သေးကြောင်း နိမိတ်ရလိုက်ကြသည်.... သို့သော် ဤအခိုက်အတန့်တွင် ကြက်တူရွေးမှာ ရမ္မက်ခိုးဝေနေသော မျက်လုံးရွဲကြီးများဖြင့် သွေးခွေးကြီးကို ရုတ်တရက် ကြည့်လိုက်၏။ အသားဂျယ်လီ အာရုံရလိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

သွေးခွေးကြီးလည်း ၎င်းကို ခံစားလိုက်ရ၍ ကြက်တူရွေးကို ကြည့်လိုက်သည်။ ကြက်တူရွေးက ရုတ်တရက် ရင်ကို ခံ့ခံ့ညား‌ညား ကော့ပြီး သွေးခွေးကြီးကို ပြုံးပြလိုက်၏။ ၎င်းမှာ မျိုးခြားသားရဲကြီးကိုလည်း အလိုလို လှည့်ကြည့်မိလိုက်သည်။ မျိုးခြားသားရဲကြီး၏ ဝမ်းနည်းနေသောအမူအရာက ကြက်တူရွေးကို ဟင်းခနဲ သက်ပြင်းချလိုက်မိစေ၏။

ထိုစဉ် အလွန့်အလွန်ဝေးကွာသော အနောက်ပိုင်းသဲကန္တာရ ခရမ်းပင်လယ်ကြီးအပေါ်ရှိ လေအလယ်တွင် အက်ကြောင်းတစ်ခု ပွင့်လာသည်။ ပန်းရောင်ဂါဝန်လေးနှင့် မိန်းမလှလေး တစ်ယောက် ထွက်လာ၏။ သူမမှာ စိတ်တိုနေလေသည်....

"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ပွင့်နေပြီ။ နေရာရွှေ့ပြောင်းခြင်းစွမ်းအားလည်း အားကောင်းတယ်။ မိစ္ဆာစိတ်ဝိညာဉ်ရှိတဲ့သူတိုင်း ဝင်ရ‌တော့မှာ" ဤမိန်းကလေးမှာ ကျင်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။ သူမက အံတကြိတ်ကြိတ်နှင့် ခရမ်းပင်လယ်ကြီးကို ငုံ့ကြည့်လိုက်သည်။

"မန်ဟို ဒီမှာလေ နင်မေ့နေတဲ့ လူဆိုးမကြီးရောက်နေပြီ။ ဟင် မိစ္ဆာဝိညာဥ်ကူးပြောင်းခြင်း ရပ်သွားတာလား" သူမမှာ မျက်ခုံးလေးပင့်လျက် တခဏ အံ့ဩသွားပြီး ပျော်ရွှင်သွားလေသည်။

"ဒီတော့ နင့် အသိတရားရှိနေသေးတာပဲ။ နင် ငါ့အပေါ် အကြွေးတင်နေတယ်‌နော် မမေ့နဲ့" သူမက ဟွန့်ခနဲ နှာမှုတ်ရင်း ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ပွင့်လာမည်ကို စောင့်ရန် တောင်ကျွန်းတစ်ကျွန်းကို ရွေး၍ တရားထိုင်နေလိုက်သည်။

အနက်ရောင်နယ်မြေတွင်လည်း နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို သတိထားမိပြီး စောင့်နေကြသော အင်အားစုများ ရှိလေသည်။

***

All Chapters