လိုက်ပြီး သတ်
Vol. 40 Ch. 553
ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များ အနက်ရောင်အလင်းစက်ကွင်းအတွင်း၌ ပူဆွေးသောကများဖြင့် အတုံးအရုံး သေဆုံးနေကြစဉ် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ပင်မဘုရားကျောင်းထဲတွင် ခေါင်းဆောင်ကြီးဟုရန်သည် တားမြစ်ထားသော တစ်နေရာ၌ တင်ပျဉ်ခွေထိုင်နေ၏။ နောက်ဆုံးမျိုးနွယ်ဝင် သေဆုံးသောအခါ သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။
ခံစားချက်မဲ့သောအလင်းရောင်အား ထိုအတွင်းတွင် မြင်ရနိုင်သည်။
သူ၏ပတ်ပတ်လည်တွင် ပူဆွေးသောကများမှ ဖြစ်ပေါ်လာသော ဝိညာဉ်များ ပေါ်လာသည်။ ဤသည်မှာ အဓိကဝိညာဉ် ပျက်စီးသွားခဲ့ပြီဖြစ်သော လေလွင့်ဝိညာဉ်များဖြစ်၏။ ၎င်းတို့မှာ ဘုရားကျောင်းထဲ၌ ကျန်ရှိခဲ့သော စိတ်ဆန္ဒအပိုင်းအစလေးများသာ ဖြစ်လေသည်။
အနှိပ်စက်ခံဝိညာဉ်များက ခေါင်းဆောင်ကြီးဟုရန်၏ပတ်ပတ်လည်တွင် အသံမထွက်သော အော်သံများပြုရင်း မျောလွင့်နေ၏။ ခေါင်းဆောင်ကြီးဟုရန်က အနှိပ်စက်ခံဝိညာဉ်များကို အေးဆေးတည်ငြိမ်စွာ ကြည့်သည်။ အမှန်အားဖြင့် ၎င်းတို့မှာ သူ့အတွက် အင်မတန် အရေးကြီး၏။
"ငါ မင်းတို့ကို လာမကယ်ချင်တာ မဟုတ်ဘူး... မင်းတို့ သေပေးဖို့ လိုအပ်လို့ပဲ။ မင်းတို့ အသေဆိုးနဲ့သေမှ ငါ ခံစားချက်မဲ့လာမှာ။ မင်းတို့ ပူဆွေးသောက ရောက်လေလေ... ငါ့တာအိုက ပိုခိုင်မာလေလေဖြစ်တာကြောင့်မလို့ပဲ
"ချင်းအာ သေသွားတော့ ငါ့တာအိုက ရာနှုန်းပြည့် မပြီးမြောက်နိုင်တော့ဘူး ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ငါ အခု လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ချင်းအာနေရာမှာ တစ်စုံတစ်ယောက်ကို အစားထိုးဖို့ပဲရှိတယ်။ မင်းတို့ ကောင်းကင်တရားမျိုးနွယ်စုရဲ့ မျိုးနွယ်ဝင် ရှစ်သောင်းက.... အဲ့ဒီနေရာဝင်လိုက်ရတာပဲ
"ငါ မင်းတို့ကို ကယ်နိုင်ရဲ့သားနဲ့ မကယ်ဘဲ မင်းတို့သေတာ ကြည့်နေခဲ့တယ်။ မင်းတို့ သေတာ ၊ မင်းတို့ အကူအညီတောင်းနေတာကို ကြည့်ပြီး ငါ နာကျင်ရတယ်။ ဒါပေမဲ့ နာကျင်ရလေလေ၊ ခံစားချက်တွေကို ဖျက်စီးလို့ရလေလေ မဟုတ်ဘူးလား
"မင်းတို့ သေတာ အလဟဿမဖြစ်စေရဘူး။ မင်းတို့ကြောင့် ငါ့တာအို.... ပထမခွဲထွက်ခြင်းရဲ့ အထွတ်အထိပ်ကို ရောက်စေရမယ်
"မျိုးနွယ်စုကတော့.... ငါအသက်ရှင်နေသရွေ့ မျိုးနွယ်စုတစ်စုကတော့ ရှိနေဦးမှာပဲ" ခေါင်းဆောင်ကြီးဟုရန်၏မျက်လုံးများ ပြန်ပိတ်သွားသည်။
ထိုစဉ် ပြေးလာနေသော ခရမ်းပင်လယ်ဘီလူးကြီးများ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အနက်ရောင်နယ်မြေတစ်လျှောက် တအုန်းအုန်း မြည်ဟည်းလျက်ရှိ၏။ အဝေးမှကြည့်လျှင် အကန့်အသတ်မရှိသော စွမ်းအင်များကို ထုတ်လွှတ်ရင်း တလိပ်လိပ် ထနေသော ခရမ်းပင်လယ်ကြီးအလားပင်။ မန်ဟိုက သွေးအရောင်အဝါတို့ ထုတ်လွှတ်နေသော သွေးခွေးကြီးအပေါ်တွင် ရပ်နေချေသည်။
သူတို့၏ ဦးတည်ရာမှာ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ဘုရားကျောင်းမှတစ်ပါး အခြားမဟုတ်။
သူတို့ သွားနေကြစဉ် မန်ဟို၏မျက်နှာမှာ မတိုင်းထက်အလွန် တင်းမာခက်ထန်နေ၏။ သူ့မှာ မျက်ခုံးလှုပ်နေပြီး တစ်ခါတလေ မသိလိုက်ဘဲ တဂျွတ်ဂျွတ် မြည်သံများ ထွက်သည်အထိ လက်သီးဆုပ်မိတတ်သည်။ အကြောင်းရင်းမှာ ခေါင်းဆောင်ကြီးဟုရန်နှင့် မသက်ဆိုင်ဘဲ ... ကြက်တူရွေးကြောင့်ဖြစ်သည်။
"ဟေး... မွှေးဖွားလေး ကိုယ့်ကို သခင်ငါးလို့ ခေါ်လို့ရတယ်နော် ဟဲဟဲ ... တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ကြတာပေါ့... နော်" ကြက်တူရွေးသည် လူကြီးလူကောင်းပုံစံဖမ်းရင်း အလွန်ခံ့ညားတင့်တယ်သောဟန်ဖြင့် သွေးခွေးကြီး၏အရှေ့တွင် ပျံနေလေသည်။ သို့သော် မည်သို့ပင် ကြည့်ပါစေ၊ နှာဘူးရုပ်က နှာဘူးရုပ်ပင်။ လောလောဆယ်တွင် ၎င်းသည် သွေးခွေးကြီးကို မျက်လုံးရွဲကြီးများဖြင့် အမြတ်တနိုး ကြည့်နေ၏။
သွေးခွေးကြီးကတော့ ကြက်တူရွေးကို နားမလည်သလို ပြန်ကြည့်သည်။
၎င်း၏အကြည့် ကြက်တူရွေးအပေါ် ကျရောက်သောအခါ ကြက်တူရွေးမှာ ၎င်းကိုယ်၎င်း မထိန်းချုပ်နိုင်တော့ပုံပင်။ ၎င်းသည် ခြေသည်းများကို ရင်ဘတ်ရောက်သည်အထိ ကုပ်ပြီး အားပါးတရ အော်လိုက်၏။
"ဒါပဲ.... ငါ့တစ်ဘဝလုံး စောင့်နေခဲ့ရတဲ့ အချစ်စစ်ဆိုတာ ဒါပဲ။ အမွှေးတွေကို ကြည့်စမ်း ငါ့နှယ် ဆွဲဆောင်မှုရှိလိုက်တာကွာာာာာာ.... အဲ့မျက်နှာထားလေးကို တစ်ချက်ရှိုးလိုက် ဘယ်လောက်ဖြူစင်လိုက်သလဲ.. ကိုယ်လုံးလေးကိုလည်း ကြည့်ဦး သိပ်လှချက်ပဲ
"အချစ်စစ်ဆိုတာ ဒါပဲကွ" ကြက်တူရွေးက အချစ်စိတ်မွှန်နေသော မျက်လုံးကြီးများဖြင့် သွေးခွေးကြီးကို ကြည့်ရင်း မျက်ရည်ဝဲလာ၏။
"လှလိုက်တဲ့ အချစ်တုံးလေးရေ ... ကိုယ့်အကြောင်း ထပ်မိတ်ဆက်ပေးရပါစေ" ၎င်းသည် မျက်လုံးကြီးများ တဖျပ်ဖျပ် တောက်ပနေလျက် အာကျယ်အာကျယ် ပြောသည်။ "ကိုယ့်ကို သခင်ငါးလို့ခေါ်လို့ရတယ် သိလား။ အခုကစပြီး သဲလေးက ကိုယ့်ကောင်မလေး ဖြစ်သွားပြီ။ အခုကစပြီး သဲလေးကလေ...."
ဤအခိုက်အတန့်တွင် အံကြိတ်ထားသည့်ကြားမှ တင်းမာခက်ထန်စွာ ပြောလိုက်သော မန်ဟို၏ အသံအား ကြားလိုက်ရသည်။
"ဖယ်စမ်း"
အသံက ကြက်တူရွေးကို ဂစ်ခနဲ အော်ရင်း နောက်လွင့်ထွက်သွားစေ၏။ သို့သော် ၎င်းက မန်ဟို့ကို အမဲဖြတ်တော့မတတ် ကြည့်ရင်း ခပ်သုတ်သုတ် ပြန်ပျံသန်းလာသည်။ အနက်ရောင်အဝတ်စတစ်ခုက ၎င်း၏ခြေသည်းများအကြားတွင် မည်သည့်နေရာကမှန်းမသိ ပေါ်လာပြီး ၎င်းက ထိုအဝတ်နှင့် မျက်လုံးတစ်ဖက်ကို ရစ်ပတ်လိုက်သည်။ ၎င်း၏အရှိန်အဝါသည် ရုတ်ခြည်းဆိုသလို မြင့်တက်သွား၏။
"ငါနဲ့ တစ်ပွဲနွှဲချင်တယ်ပေါ့လေ" ကြက်တူရွေးက ဒေါနှင့်မောနှင့် ပြောသည်။ "ဟိုလေး ... လာလေ လာ တိုက်မယ် အခု။ သခင်ငါးနဲ့ တိုက်ခိုက်ကြတာပေါ့။ နိုင်တဲ့သူဘယ်သူမဆို ဒီအချစ်တုံးလေးကို ရမယ်" အချစ်စိတ်မွှန်နေသော ကြက်တူရွေး၏ပုံစံမှာ မောက်မာဝင့်ကြွားသော အသွင်ကိုဆောင်နေ၏။ ၎င်းမှာ အချစ်ကြောင့် ရူးတော့မည့်ပုံပင်။ မန်ဟို့ကို စိန်ခေါ်လျှင် အချစ်တုံးလေး ၎င်းကို စိတ်ဝင်စားလာလိမ့်မည်ဟု အမှန်အကန် ယုံကြည်နေတော့သည်။။
မန်ဟိုတစ်ယောက် သွေးတက်ချင်လာသည်။ ခေါင်းလည်း တော်တော် ကိုက်လှပြီ။ ကြက်တူရွေး၏ ဝါသနာကို သူ မေ့ခဲ့ကြောင်း ဝန်ခံရမည်။ သွေးခွေးကြီးကို ကြည့်ပြီးနောက် ကြက်တူရွေးအတွက် ၎င်းမှာ အလွန်စွဲမက်ဖွယ်ကောင်းနေမည်ကို သူ ဝန်ခံရလိမ့်မည်။
"ဒါ အထီးကြီးကွ" သူက အားတင်းပြုံးရင်း ရှင်းပြလိုက်သည်။
ကြက်တူရွေးမှာ နာကျင်သွားသယောင်ပင်။ "ဒီမယ် ဟေ့ကောင် အထီးဖြစ်ဖြစ် ၊ အမဖြစ်ဖြစ် အရေးမကြီးဘူး။ သခင်ငါးက အချစ်စစ် အတွက် အသက်ရှင်နေတာ" သူက ဟိန်းဟောက်လိုက်သည်။ ၎င်း၏ရောင်စုံအမွှေးများမှာ အဆုံးထိ ထောင်နေရာ တိုက်ကြက်ဖကြီးတစ်ကောင်နှင့် တူနေတော့သည်။ သို့ရာတွင် ၎င်းက ကိုယ့်ကိုယ်ကို ဂုဏ်ယူကျေနပ်နေ၏။ ၎င်း၏အမြင်တွင် ၎င်းမှာ အတိုင်းထက်အလွန် ကြော့မော့ခံညားနေသည်ဖြစ်သည်။ ၎င်းက သွေးခွေးကြီးကို မျက်လုံးထောင့်မှ မသိမသာ လှမ်းအကဲခတ်လိုက်၏။
မန်ဟိုက ဘာမှမပြောပေ။ သူ့မှာ ပို၍ ခေါင်းကိုက်လာတော့သည်။ ကြက်တူရွေးကို နာနာလေးရိုက်ပြီး ဆုံးမဖို့ လိုနေလေပြီ။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ လေပြင်းတစ်ချက်ကို ဖြစ်ပေါ်လာစေပြီး ၎င်းကို ဝန်းရံလိုက်စေသည်။
လေပြင်းထဲတွင် ကြက်တူရွေးက ရုန်းကန်းပြီး ဟိန်းဟောက်လိုက်သည်။ "ဒါက အချစ်စစ်ကွ။ အချစ်စစ်ဆိုတာ ဘယ်တော့မှ မရှုံးနိမ့်ဘူး"
"သွားစမ်း" မန်ဟိုက လှမ်းငေါက်ရင်း အင်္ကျီလက်စကို ထပ်မံခါလိုက်ပြန်ပြီး ခေါင်းကိုက်ဝေဒနာကို လျစ်လျူရှုဖို့ ကြိုးစားလိုက်သည်။ လေက ဝေါခနဲ တိုက်ခတ်သွားသော်လည်း ကြက်တူရွေး၏ ဇွဲနပဲကြီးသောအသံက ထွက်လာပြန်သည်။
"မန်ဟို .. သောက်ရှက်မရှိတဲ့ကောင်။ မင်း မစားရ အညှော်ခံရမယ့်ကောင်။ မင်းက ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတရားကို ခွဲနေတာပဲ"
မန်ဟို၏မျက်နှာကြီး မည်းသွား၏ ။ နောက်ဆုံးတွင် သူက ပခုံးတွန့်ပြီး လက်သီးထိုးချလိုက်တော့သည်။ ကြက်တူရွေးထံမှ အသံပြဲကြီးထွက်လာ၏။
"သခင်ငါးရဲ့ အချစ်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ သခင်ငါးအချစ်က ထာဝရတည်မြဲနေမှာ" ကြက်တူရွေးက အဆုတ်ကွဲမတတ် ဟိန်းဟောက်ကြုံးဝါးလိုက်သည်။ ထို့နောက် ၎င်းမှာ နာနာကျင်ကျင်အော်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီးနောက် သွေးခွေးကြီးကို မြတ်မြတ်နိုးနိုးကြည့်ပြီး အော်သည်။ "အချစ်တုံးလေး ၊ သခင်ငါးလေ အချစ်အတွက်ဆိုရင် ဓားတောင်ကိုပဲ ကျော်ရကျော်ရ၊မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ စွန့်စားရဲတယ်။ သခင်ငါးနဲ့အတူ ခိုးပြေးကြရအောင် နော်" ၎င်း၏မျက်လုံးများမှာ ရမ္မက်ခိုးဝေနေတော့သည်။
သွေးခွေးကြီးမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်၍ အတော်လေး အသိဉာဏ်ရှိလေသည်။ ပထမတွင် ၎င်းမှာ မည်သည်တို့ဖြစ်ပျက်နေသည်လဲ နားမလည်ခဲ့ပေ။ သို့ရာတွင် ယခုတော့ သွေးခွေးကြီးမှာ ကြက်တူရွေးကို ကြည့်ရင်း တဆတ်ဆတ် တုန်သွား၏။ ရုတ်တရက် ၎င်း၏ဒေါသကား ငယ်ထိပ်ထိ ဆောင့်တက်သွားခဲ့လေပြီ။ ၎င်းမှာ အမဟု အထင်မှားခံရခြင်းက အရှက်ခွဲခံရသလို ၊ ရန်စခံရသလို ခံစားရလေသည်။ ထိုကဲ့သို့ ဆတ်ဆတ်အထိမခံသော ရန်စမှုမျိုးက သွေးခွေးကြီးအား မိုးမီးလောင်သွားစေတော့သည်။
၎င်းက ဟောင်ပြီး ကြက်တူရွေးဆီ ပြေးဝင်ကာ ၎င်း၏လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သည်။
ဖောင်းခနဲ ကြက်တူရွေးခမျာ နောက်လွင့်ထွက်သွားတော့သည်။ အချိန်အနည်းငယ်ကြာသော် ၎င်းက ဇွဲကောင်းကောင်းနှင့် ပြန်ပျံသန်းလာ၏။
"အချစ်အတွက်ဆို ကမ္ဘာမြေတစ်ဆုံး ခရီးနှင်မယ်။ ငါ အသက်ရှင်နေတာ အချစ်စစ်အတွက်။ ငါက အစွမ်းထက်ပြီး အချစ်ကြီးတဲ့ တစ်မိုးအောက်သခင်ငါး"
အချစ်အတွက်ဆိုလျှင် ဘာမဆို လုပ်မည်ဟု အသံဆိုးကြီးဖြင့် ကြက်တူရွေးတစ်ကောင် ကြေညာနေစဉ် သွေးခွေးကြီး ပျောက်ကွယ်သွား၏။ ၎င်းသည် ကြက်တူရွေး၏အရှေ့တည့်တည့်တွင် ပြန်ပေါ်လာကာ ကြက်တူရွေးကိုလက်ဝါးကြီးလက်နှစ်ဖက်ဖြင့် လှမ်းဆွဲဖြစ်ညစ်ပြီး ခြိမ်းခြောက်ရန် ပါးစပ်ကြီးဟလိုက်သည်။ သွေးခွေးကြီး၏ ဧရာမခေါင်းကြီးနှင့်ယှဉ်လျှင် ကြက်တူရွေးမှာ လျစ်လျူရှု၍ရလောက်သည်အထိ သေးငယ်လှလေသည်။
ကြက်တူရွေးက ရုန်းရန် ပြင်လိုက်သော်လည်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖိအားက ၎င်းကို ငြိမ်ကျသွားစေသည်။ သွေးခွေးကြီး၏ မျက်နှာကြီး နီးကပ်လာသည့်အခါ ကြက်တူရွေး မျက်လုံးကြီးပြူးသွား၏။ ၎င်းမှာ ချစ်စိတ်တို့ကို မထိန်းချုပ်နိုင်တော့သည့်အလား နှုတ်သီးကြီးကို ဆန့်ပြီး ... သွေးခွေးကြီးကို အသာအယာလေး နမ်းလိုက်တော့သည်။
သွေးခွေးကြီးခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ မန်ဟိုလည်း ကြက်သေသေသွားသည်။ အသားဂျယ်လီပင်လျှင် ဆွံ့အနေ၏။
သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။
ကြက်တူရွေးက သွေးခွေးကြီးကို ရွှန်းရွှန်းစားစား ကြည့်လိုက်သည်။ "သခင်ငါး အချစ်တုံးလေးရဲ့ အစွမ်းကို ချစ်တယ်" ၎င်းက အသံကျယ်ကြီးဖြင့် ပြောသည်။ "အချစ်တုံးလေး အစွမ်းထက်လေလေ ၊ ပြန်တိုက်ခိုက်နိုင်လေလေ ၊ သခင်ငါး ပိုချစ်လေလေပဲ"
သွေးခွေးကြီးက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်တော့သည်။ ၎င်း၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။ ၎င်းက မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် ကြက်တူရွေးကို ကိုက်ပြီး တစစီဖြစ်အောင် စုတ်ဖြဲလိုက်တော့သည်။ သို့သော် အချိန်အနည်းငယ်ကြာသော် ကြက်တူရွေးသည် ပြန်ပေါ်လာပြီး အရှက်မရှိ အော်လိုက်ပြန်သည်။
"အချစ်အတွက် ကမ္ဘာမြေတစ်ဆုံး ခရီးနှင်မယ်။ သခင်ငါးကို အကြိမ်တစ်ထောင်သတ်ရင် သခင်ငါးအချစ်က ပိုခိုင်မာလာလေလေပဲ။ မင်းလေးအတွက် သခင်ငါးရဲ့ အချစ်က ... ထာဝရ"
ဂရားးးး
သွေးခွေးကြီးက ဟိန်းဟောက်ပြီး ကြက်တူရွေးကို တစစီ စုတ်ဖြဲပစ်လိုက်ပြန်သည်။ ထို့နောက် ကြက်တူရွေးက ပြန်ပေါ်လာ၊ သွေးခွေးကြီးက ပြန်စုတ်ဖြဲ....
မန်ဟိုက နှာဖျားကို ပွတ်ပြီး ခါးသက်သက်ရယ်လိုက်သည်။ အသားဂျယ်လီမှာ သူ၏ပခုံးပေါ်တွင် နေရာယူထားပြီးဖြစ်သည်။ ၎င်းတွင် လက်တစ်ဖက်ပေါ်လာပြီး မန်ဟိုနည်းတူ နှာဖျားကို ပွတ်လိုက်လေသည်။ ၎င်း၏မျက်တိမျက်နှာထားမှာလည်း မန်ဟိုနှင့် တစ်ထေရာတည်းပင်။
"ကဲ အခု မင်းမြင်ပြီမလား သခင်သုံး သူ့ကို ပြောင်းလဲပေးဖို့အတွက် ဘာကြောင့် တစ်သက်လုံးကြာမှာလဲဆိုတာ" အသားဂျယ်လီက တည်ကြည်လေးနက်စွာ ပြောသည်။ ၎င်းက မန်ဟို့ကို "ငါ ဘာကိုဆိုလိုလဲ မင်းသိတယ်မလား"ဆိုသော မျက်နှာထားဖြင့် ကြည့်နေ၏....
"အင်း သိပါပြီ" မန်ဟိုက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။ ထိုအခိုက်အတန့်တွင် အမှားကြီးကြီးလုပ်မိလိုက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ သူ့မှာ.... အသားဂျယ်လီနှင့် စကားစခဲ့မိလေပြီ။
အသားဂျယ်လီ၏မျက်လုံးကြီးများ တောက်ပသွားပြီး စကားပြောလိုစိတ်များ ပြင်းထန်လာတော့သည်။
"မင်း သိပြီလား။ မင်း တကယ်သိပြီပေါ့။ မင်း တကယ် တကယ် သိသွားပြီပေါ့လေ။ မင်း အခု ငါ့ကို နားလည်သွားပြီပဲ။ ဒါဆို လွန်ခဲ့တဲ့ နှစ်သုံးသောင်းက အဖြစ်အပျက်တစ်ခုအကြောင်း ပြောကြစို့လား။ အဲ့ဒါကြီးကွာ သိပ်ဆိုးလွန်းတာ။ စိတ်တိုစရာကြီးသိလား။ ဟာ နေဦး။ အဲ့ဒီမတိုင်ခင် လွန်ခဲ့တဲ့ နှစ်ခုနစ်သောင်းက ရာသီဥတုလေူအကြောင်း ပြောကြစို့...."
အသားဂျယ်လီမှာ စိတ်လှုပ်ရှားစွာဖြင့် ပေါက်ပေါက်ဖောက်နေတော့သည်။ ၎င်း၏စကားသံများက မန်ဟို့နားထဲတွင် ဗုံတီးနေသလို ဆူညံနေတော့၏။ မန်ဟိုမှာ သွေးခွေးကြီး ကြက်တူရွေးကို ဆော်ပလော်တီးနေသည်ကို ကြည့်ပြီး အသားဂျယ်လီ၏အသံဆိုးကြီးကို နားထောင်နေရလေသည်။
ရုတ်တရက်ကြီး မန်ဟို့မှာ ရူးချင်သွား၏။ ကြက်တူရွေး၊ အသားဂျယ်လီတို့နှစ်ကောင်နှင့် အချိန်အကြာကြီး အတူနေရလျှင် မည်သူမဆို သေချာပေါက် ရူးသွားပေလိမ့်မည်။
သူ့မှာ လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ဆိုင်းမဆင့်ဗုံမဆင့် သနားမိသွား၏။
မန်ဟို သက်ပြင်းချလိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်တော့သည်။ သူက ဘာမှမပြောဘဲ အသားဂျယ်လီကို စကားဆက်ပြောစေနေကာ သွေးခွေးကြီးကိုလည်း ကြက်တူရွေးအား ဆုံးမခွင့်ပြုထားလိုက်သည်။ ကြက်တူရွေးက တစ်ချက်အဆော်ခံရတိုင်း ပြန်ပြန်ရောက်လာပြီး အချစ်ဋီကာ ဖွင့်နေ၏။ မန်ဟို့မှာ မကြာချင်းလည်း ကြားနေရရာ နောက်ဆုံး မဖြုံတော့ပေ။
ဤသို့ဖြင့် အချိန်မှာ နှေးကွေးစွာ ကုန်ဆုံးသွားလေတော့သည်.....
နေ့ဝက်ကြာသော် ကြက်တူရွေးတစ်ကောင် ခါးခါးသီးသီး ငြင်းဆန်နေသော သွေးခွေးကြီးကို ဆက်လက် ဖွန်ကြောင်နေစဉ် အရှေ့၌ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ဘုရားကျောင်း ပေါ်လာတော့သည်။
ဘုရားကျောင်းသည် အလွန်ကြီးမားသော ရေထည့်ဘူးသီးခြောက်သဖွယ် တောင်ကြီးတစ်လုံးဖြစ်၏။ ကျောက်သားနှင့် ပြုလုပ်ထားသော ရေထည့်ဘူးသီခြောက်တစ်လုံးအား မြေမျက်နှာပြင်ပေါ်တွင် တင်ထားသည့်အတိုင်းပင်။ မဖြစ်ထွန်းသော တောင်ကတုံးများက ၎င်းကို ဝန်းရံလျက်ရှိ၏။ တစ်ခုတည်းသော ဝင်ပေါက်မှာ တောင်၏ထိပ် ဘူးသီးခြောက်၏နှုတ်ခမ်းတွင် ဖြစ်လေသည်။
ရေထည့်ဘူးသီးခြောက်တောင်ကို မြင်မှ မန်ဟိုမှာ စိတ်ပေါ့သွားသလို ခံစားလိုက်ရ၏။ သူသည် ဘူးသီးခြောက်တောင်ထိပ်သို့ တန်းတန်းမတ်မတ် ပျံတက်သွားပြီး အနားရောက်သည့်အခါ မယုံကြည်နိုင်လောက်အောင် အားကောင်းသော တားမြစ်မန္တန်တစ်ခုကို ခံစားလိုက်ရ၏။
တောင်နှုတ်ခမ်းဝမှာ မီးတောင်ဝနှင့်တူပြီး မီတာသုံးရာမျှ အကျယ်ရှိလေသည်။
ဧရာမမှော်သင်္ကေတကြီးတစ်ခုက အပေါက်ဝအပြည့်နေရာယူကာ လေလယ်တွင် မျောလွင့်နေလျက် လူပုဂ္ဂိုလ်သော်လည်းကောင်း၊ နတ်ဘုရားအာရုံစီးကြောင်းသော်လည်းကောင်း ဝင်မလာနိုင်အောင် ဟန့်တားထား၏။ အံဖွယ်ကောင်းစွာနှင့် ဘူးသီးခြောက်အပေါက်ဝကြီး၏အလွန်တွင် တခြားကမ္ဘာတစ်ခုကို မန်ဟို မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။
***