သူက ဘယ်သူလဲ
Vol. 40 Ch. 555
မိစ္ဆာလိပ်ပြာမျိုးနွယ်စု…. ပလ္လင်တစ်ခုပေါ်တွင် တလက်လက်တောက်ပနေသော မျက်နှာပြင်ပေါ်လာသည်။ မျက်နှာပြင်ပေါ်တွင် ခေါင်းဆောင်ကြီးဟုရန်၏ ကိုယ်အစစ်နှင့် တိုက်ခိုက်နေသော မန်ဟို့ပုံရိပ်ကို မြင်ရနိင်၏။
သောလန်က ဖြစ်ပျက်နေသမျှ အရာအားလုံးကို တည်ငြိမ်အေးဆေးစွာ ရပ်ကြည့်နေလေသည်။ သူမ၏မျက်ဝန်းလေးများမှာ အထူးသဖြင့် မန်ဟို့အပေါ် အာရုံစိုက်နေပြီး ရွှန်းလဲ့တောက်ပလျက်ရှိချေသည်။
တစ်ချိန်တည်းမှာပင် အရိုင်းမီးတောက်မျိုးနွယ်စုတွင်လည်း ထိုကဲ့သို့ မျက်နှာပြင်မျိုးကို မြင်ရနိုင်၏။ တိမ်ကောင်းကင်မျိုးနွယ်စုတွင်လည်း ကျိုးဒယ်ခွန်နှင့်အခြားသူများမှာ အဖြစ်အပျက်များကို စောင့်ကြည့်နေကြ၏။
အနက်ရောင်နယ်မြေတစ်ကြောလုံးရှိ မျိုးနွယ်စုအသီးသီးမှ အစွမ်းထက်ပညာရှင် ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါး တိုက်ပွဲကို အနီးကပ်ကြည့်ရှုနေကြ၏။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးအကုန်နီးပါးလည်း တိုက်ပွဲကို စောင့်ကြည့်ရန် ကောင်းကင်ရှာဖွေမျိုးနွယ်စုအနားတစ်ဝိုက်တွင် နတ်ဘုရားအာရုံများ ထုတ်လွှတ်ထားကြလေသည်။ သူတို့ အထူးစိတ်ဝင်စားကြသည်မှာ မန်ဟို အသုံးပြုနေသော နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များဖြစ်ချေသည်။
ပေါက်ကွဲသံများက အုန်းအုန်းဒိုင်းဒိုင်း မြည်ဟည်းနေသည်။ မန်ဟို၏ ဧရာမလေဆင်နှာမောင်းကြီး ခေါင်းဆောင်ကြီးဟုရန်၏ ညတိမ်တိုက်များကို ထိတွေ့နိုင်သည်အထိ ပြန့်ကားလာသောအခါတွင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားလေ၏။ အနက်ရောင်တိမ်တိုက်များ တစစီ စုတ်ပြဲသွားပြီး လေဆင်နှာမောင်းကြီး ပျက်စီးသွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးဟုရန် ရုတ်တရက် ပေါ်လာသည်။ သူ၏မျက်နှာမှာ ဇရာကြောင့် အိုမင်းရင့်ရော်နေပြီး သက်လတ်ပိုင်းအရွယ် ကိုယ်ပွားပုံစံနှင့် တခြားစီပင်။
သူ၏အဝတ်အစားများက အစက်အပြောက်ကင်းမဲ့လျက် ဖြူဖွေးနေလေသည်။ သူ မန်ဟို့ကို ကြည့်နေစဉ် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်၏ အရှိန်အဝါက သူ့ဆီမှာ ဖြာထွက်လာသည်။
မန်ဟိုက ခေါင်းဆောင်ကြီးဟုရန်ကို ပြန်လှည့်ကြည့်လိုက်သည်။ စောစောက ကောင်းကင်ရှာဖွေမျိုးနွယ်စုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခဲ့သည့်အတောအတွင်း မန်ဟိုသည် မျိုးနွယ်ဝင်များဆီမှ သွေးတချို့ တိတ်တဆိတ် ထုတ်ယူခဲ့လေသည်။ သွေးက မျိုးဆက်ငါးဆက်စာ ရှိသည်ဖြစ်ရာ မန်ဟို့အတွက် သွေးကိုယ်ပွားဖန်တီးရန် လုံလောက်လေသည်။ ခေါင်းဆောင်ကြီးဟုရန်ထံမှ သွေးတချို့ ထုတ်ယူနိုင်လျှင်တော့ ကောင်းကင်ရှာဖွေမျိုးနွယ်စု မျိုးဆက်ခြောက်ဆက် သွေးကိုယ်ပွားကို ဖန်ဆင်းနိုင်လိမ့်မည်။
ကျီမျိုးနွယ်သွေးကိုယ်ပွားမှာ အစွမ်းထက်သော်လည်း ဤအခွင့်အရေးက မကြာခဏ ဆုံတွေ့ရမည့်အရာမျိုး မဟုတ်ပေ။ မန်ဟို အမိအရဖမ်းဆုပ်မည်မှာ မလွှဲဧကန်ပင်။ သူသည် မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေလျက် သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄)ခု၏ စွမ်းအားကို ထုတ်ဖော်လိုက်တော့သည်။ ထို့နောက် ခေါင်းဆောင်ကြီးဟုရန်၏ အနား ချဉ်းကပ်သွားစဉ် ညာလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။
"သတ္တု"
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် စူးရှတောက်ပနေသော ရွှေအလင်းရောင်သည် ညအမှောင်ထုကို ဖြိုခွင်းသွားလေ၏။ မန်ဟို့ ပတ်ပတ်လည်ရှိ ဧရိယာမှာ သတ္တုဓာတ်စွမ်းအားနှင့်အတူ ဖြာထွက်လာသော ရွှေအလင်းရောင်ဖြင့် တောက်ပနေတော့သည်။ ၎င်းက ချက်ချင်းလက်ငင်း ခေါင်းဆောင်ကြီးဟုရန်ဆီ ပြေးဝင်သွားလေပြီ။
ခေါင်းဆောင်ကြီးဟုရန်က စကားတစ်ခွန်းမဆို။ သူ၏မျက်နှာမှာ တင်းမာခက်ထန်လျက်ရှိပြီး သူ၏မျက်လုံးများတွင် ခံစားချက်မဲ့သော အလင်းရောင်တစ်ခု မြင်ရနိုင်သည်။ သူသည် လက်ကို မြှောက်၍ ရွှေရောင်အလင်းထံသို့ ပိုင်းချလိုက်၏။
ပိုင်းချလိုက်သော လှုပ်ရှားမှုကြောင့် သူ့အရှေ့ရှိ လေထုတွင် အင်မတန်ပြင်းထန်သော အအေးဓာတ်တို့ ပြည့်နှက်သွားသည်။ ဤတိုက်ကွက်ကား ခေါင်းဆောင်ကြီးဟုရန်၏ ခံစားချက်ဖျက်စီးခြင်းနယ်မြေမှတစ်ပါး အခြားမဟုတ်။
မန်ဟို၏မျက်လုံးများကတော့ တည်တည်ငြိမ်ငြိမ်သာ။ သို့ရာတွင် သူ၏အနားပတ်ဝန်းကျင်ရှိ ခရမ်းပင်လယ်ဘီလူးကြီးခုနစ်ကောင်က ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်ကြ၏။ ချက်ချင်းပင် ၎င်းတို့၏ခန္ဓာကိုယ်များ ပြိုကွဲသွားပြီး မန်ဟို့ဆီ တလိပ်လိပ် ရွေ့လျားသွားသော ခရမ်းပင်လယ်ကြီးတစ်စင်းဖြစ်သွားသည်။ ၎င်းက သူ့ကို လွှမ်းခြုံရင်း ကျုံ့သွားပြီးနောက် သူ၏အရေပြား၌ ကပ်ကာ ခံစားချက်ဖျက်စီးခြင်းနယ်မြေကို ကာကွယ်လိုက်သော ရေဒိုင်းဖြစ်လာသည်။
တစ်ချိန်တည်းမှာပင် ညအမှောင်ထုက မန်ဟို၏ ရွှေအလင်းရောင်ကို ဝါးမြိုလိုက်လေရာ ရွှေအလင်းမျှင်တစ်မျှင်ပင် မကျန်တော့ပေ။ မန်ဟိုက ညာလက်ကို မြှောက်ပြီး လက်ညှိုးထပ်ထိုးလိုက်ပြန်သည်။
"ရေ"
သူ၏ပါးစပ်မှ စကားလုံးများ ထွက်သွားသည့်အခါ သွေးနှင့် ပင်လယ်ရေ ၊ ရှင်ခြင်းနှင့် သေခြင်း၊ အသတ်အဖြတ်စိတ်ဆန္ဒတို့သည် သူ၏ပတ်ပတ်လည်၌ ဖြစ်တည်လာ၏။ ခေါင်းဆောင်ကြီးဟုရန်က နှာမှုတ်လိုက်ပြီးနောက် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူသည် တစ်ဖက် လက်ညှိုးဖြင့် တစ်ဖက်လက်မကို ထိကာ ထောင့်မှန်စတုဂံတစ်ခုပုံစံ ဖော်ပြီးနောက် ရှေ့သို့ တွန်းပို့လိုက်သည်။
ချက်ချင်းပင် အလွန်တရာ အားကောင်းလှသော နှင်ထုတ်အားတစ်ရပ် တဟုန်ထိုး ထွက်သွား၏။
"ထွက်သွားစမ်း"
တခြားကမ္ဘာမှ လာသကဲ့သို့ နှင်ထုတ်အားက ပဲ့တင်ရိုက်ကာ မန်ဟို့ထံ တည့်တည့်ပြေးဝင်လာသော တိုက်ကွက်အသွင်ပြောင်းသွားသည်။ ၎င်းက သူ့ကို ဝင်ဆောင့်ကာ နောက်သို့ တွန်းထုတ်လိုက်သည်။ တဝုန်းဝုန်း မြည်သံများ ထပ်ဆင့်ကဲ ရိုက်ခတ်သွားပြီး သူ့မှာ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရလေသည်။ နောက်ဆုံး သူ ခေါင်းပြန်မော့လာသောအခါ သူ၏မျက်ဝန်းတို့က စူးရှနေချေသည်။
ခေါင်းဆောင်ကြီးဟုရမ်၏ ကိုယ်အစစ်မှာ ကိုယ်ပွားထက် အတော်လေး အစွမ်းပိုထက်ကြောင်း သူပြောနိုင်သည်။ ကိုယ်ပွားအတွက် ထုတ်ဖော်ရန် အချိန်ယူရသည့် နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာရပ်များကို ကိုယ်အစစ်က ပုံမှန်အတိုင်း အသုံးပြုနိုင်လေသည်။
"ဒါပေမယ့် မင်းရဲ့ကိုယ်ပွားနဲ့ တိုက်ခိုက်နေတုန်းက မသုံးခဲ့တဲ့ စွမ်းအား ငါ့မှာရှိသေးတယ်" မန်ဟိုက ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် နောက်ပြန်ဆုတ်ရင်း တွေးသည်။ သူသည် လက်နှစ်ဖက် မုဒြာလက်ကွက် လျင်မြန်စွာ ဖော်ပြီးနောက် လက်နှစ်ဖက်လုံးကို အရှေ့သို့ တွန်းလိုက်သည်။
"သတ္တု သစ်သား ရေ မီး မြေကြီး ... ဓာတ်ငါးပါးအရုပ်။ လေ မိုးကြိုး အသက်ဝင်...ခုနစ်မျိုးအရုပ်ကို ဖော်ဆောင်လော့" သူစကားပြောနေစဉ် လေအလယ်တွင် အစိမ်းရောင်အပင်ကြီးတစ်ပင်၊ ခရမ်းသွေးရောင်ပင်လယ်တစ်စင်း၊ အနန္တရွှေလက်နက်များ၊ တဟုန်းဟုန်းတောက်လောင်နေသော မီးပင်လယ်တစ်စင်းနှင့် နှင်းရေခဲပြင်ကြီးတစ်ခု ပေါ်လာသည်။
ထို့နောက် ဒဏ္ဍာရီလာသိမ်းငှက်တစ်ကောင် မှော်ဆန်ဆန် ပေါ်လာလေသည်။ အမှောင်ထု၏အပေါ်ထက်တွင်လည်း ငွေရောင်လျှပ်ပန်းလျှပ်နွယ်များ ကခုန်နေ၏။ မိုးကြိုးတန်းတို့က ငွေရောင်မှ အနီရောင်ပြောင်းကာ လေလယ်တွင် စုစည်းလာကြလေပြီ။
ဤသည်ကား မန်ဟိုအတွက် သဟဇာတအဖြစ်ဆုံး၊ သူကိုယ်တိုင် ဖန်တီးခဲ့သော ... ခုနစ်မျိုးဝိညာဉ်အရုပ်အသွင်ပြောင်းခြင်း ဖြစ်ပေသည်။
၎င်းတို့သည် သူ၏သတ္တမဝိညာဉ်ခန္ဓာနှင့် ချို့ယွင်းချက်မရှိ လိုက်ဖက်၏။ မန်ဟိုက အသွင်ခုနစ်မျိုးလုံးကို ထုတ်လွှတ်ပြီးသည်နှင့် လက်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ ၎င်းတို့အား ခေါင်းဆောင်ကြီးဟုရန်ဆီ ပြေးဝင်သွားသော အလင်းတန်းခုနစ်တန်း ဖြစ်သွားစေသည်။
ခေါင်းဆောင်ကြီးဟုရန် မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး တုံ့ခနဲ ရပ်သွား၏။ သူက လက်ကွက်တစ်ကွက်ဖော်ကာ သူ၏အရှေ့လေထဲတွင် စက်ဝိုင်းကြီးတစ်ဝိုင်း ရေးဆွဲလိုက်သည်။
"စိတ်ခံစားချက် ခုနစ်မျိုးနဲ့ အာရုံ ခြောက်ပါး။ (၁၃)မျိုးသော ဝိညာဉ်ကူးပြောင်းခြင်းတာအို
"သောမနဿ ၊ ဒေါသ၊ သောက ၊ မောဟ ၊ ပရိဒေဝ ၊ ဘယ ၊ ဘီတ ။ ခံစားချက်ခုနစ်သွယ်ကူးပြောင်းခြင်းတာအို" စက်ဝိုင်းတစ်ခုလုံးအပြည့် ဆွဲပြီးသောအခါ ၎င်းသည် ကြေမွသွားပြီး အပိုင်း ခုနစ်ပိုင်း ကွဲသွား၏။
တစ်ပိုင်းစီသည် အရောင်တစ်ရောင်စီ ဖြစ်ပြီး စူးရှတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လျက် လေတွင် မျောနေသည်။ ခေါင်းဆောင်ကြီးဟုရန်က အရှေ့သို့ ညွှန်လိုက်ရာ ခံစားချက်စက်ဝန်းပိုင်းခုနစ်ပိုင်းသည် မန်ဟို၏ အရုပ်ခုနစ်ရုပ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့၏။
မန်ဟို၏ သူငယ်အိမ်များ ကျုံ့သွား၏။ ဤသည်မှာ ခေါင်းဆောင်ကြီးဟုရန်၏ကိုယ်ပွား အသုံးမပြုခဲ့သော နတ်ဘုရားစွမ်းရည်ပင်။ သို့သော် မန်ဟိုကား တုန်လှုပ်မသွား။ ခေါင်းဆောင်ကြီးဟုရန်သည် ဉာဏ်များသော မြေခွေးတစ်ကောင် ဖြစ်၍ မန်ဟို့နည်းတူ အကွက်များလျှိုထားခဲ့မှာ သေချာသည်။ သူအနေဖြင့် သေချာပေါက် ကောင်းကောင်း ပြင်ဆင်ထားပေလိမ့်မည်။
ခုနစ်မျိုးဝိညာဥ်အရုပ်အသွင်ပြောင်းခြင်း။ ခံစားချက်ခုနစ်သွယ်ကူးပြောင်းခြင်းတာအို။
ဤ အလွန်ကွဲပြားသော စွမ်းအားနှစ်ရပ်သည် လေလယ်တွင် တစ်ခုဆီတစ်ခု ပြေးဝင်သွားနေကြ၏။ ပြောရလျှင် အနုသုခုမရုပ်ခန္ဓာအဆင့်၌ ခုနစ်မျိုးဝိညာဉ်အရုပ်အသွင်ပြောင်းခြင်းမှာ အစွမ်းထက်ဆုံးဟု ဆိုရနိုင်သည်။ အထူးသဖြင့် အသွင်ပြောင်းခြင်းတစ်ခုစီကို မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ၏စွမ်းအားမှ အားဖြည့်ပေးထားသည့် အချက်ကြောင့်ပင်။ ထိုအကြောင်းကြောင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအားကိုပင် ၎င်းအတွင်း၌ အာရုံခံရနိုင်ချေသည်။
ခံစားချက်ခုနစ်သွယ်ကူးပြောင်းခြင်းတာအိုကမူ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်၏။ စွမ်းအားနှစ်ရပ် ဝင်တိုက်သွားသောအခါ ဝုန်းခနဲ ရိုက်ညောင်းသွားပြီး မြေငလျင်တို့ လှုပ်ခတ်သွားလေသည်။ ညအမှောင်ထုမှာ စုတ်ဖြဲခံလိုက်ရပြီး မန်ဟိုကတော့ သွေးတစ်ပွက်အန်လိုက်ရသည်။ မန်ဟိုသည် ခေါင်းပြန်မော့ပြီး လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ အရှေ့သို့ ညွှန်လိုက်လေ၏။
"အရုပ်ခုနစ်မျိုး ပေါင်းစည်းလော့"
အရုပ်ခုနစ်မျိုးက အတူတကွ ပေါင်းစည်းသွားပြီး ကမ္ဘာဦးအရုပ်တစ်ရုပ်ဖြစ်လာသည်။ ၎င်းတွင် မည်သည့်အဆင်းသဏ္ဌာန်မှ မပါသယောင်ထင်ရသော်လည်း သေသေချာချာကြည့်ပြန်လျှင် မရေမတွက်နိုင်သော အဆင်းသဏ္ဌာန်များမှ ဖြစ်ပေါ်လာသည့်အလားပင်။
အနုသုခုမရုပ်ခန္ဓာများကို ပေါင်းစည်းပြီး သတ္တမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်သည့်အခါ အရုပ်ခုနစ်မျိုးပေါင်းစည်းလိုက်ခြင်းမှာ သူ့အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း မန်ဟို သိလေသည်။
သူ့ကိုယ်တွင်းတွင် ပေါင်းစည်းထားသော အနုသုခုမရုပ်ခန္ဓာခုနစ်ခု ရှိသည်။ ကိုယ်အပြင်တွင် တစ်သားတည်း ဖော်ဆောင်ထားသော အရုပ်ခုနစ်ရုပ်ရှိသည်။ ယခုတွင် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏ စစ်မှန်သော အတိုက်အခိုက်စွမ်းရည်အား အပြည့်အဝ ခင်းကျင်းပြသနိုင်လေပြီ။
ချီနန် သို့မဟုတ် ယိမ်းနွဲ့ဓားချီအပြင် ဤအရာသည် မန်ဟို၏ ဝှက်ဖဲတစ်ချက် ဖြစ်၏ ။
ယခုအကြိမ်က အဆိုပါမှော်ပညာရပ်ကို သူ ပထမဆုံးအကြိမ် ထုတ်ဖော်လိုက်ခြင်းလည်း ဖြစ်သည်။ သူ့မှာ စိတ်ဖြင့် ကြိုလေ့ကျင့်ထားခဲ့သော်လည်း ယခုတွင် ၎င်းကား အမှန်တကယ် ထုတ်ဖော်လိုက်ပြီဖြစ်ရာ ထစ်ချုန်းသံကြီးတစ်သံသည် မိုးထိတိုင်အောင် ညံသွားလေ၏။
အဆင်းလက္ခဏာခုနစ်ရပ်နှင့် အရုပ်တစ်ရုပ်
ဤအခိုက်အတန့်တွင် အရုပ်ခုနစ်ရုပ်ပေါင်းစည်းခြင်းမှာ အတော်လေး မတည်ငြိမ်ကြောင်း သတိထားမိလိုက်သဖြင့် မန်ဟို့ မျက်လုံးအစုံ ပြူးကျယ်သွားလေည်။
"ဒါက ငါ ပထမဆုံးအကြိမ် ထုတ်သုံးတာဆိုပေမယ့် စိတ်နဲ့သုံးကြည့်ခဲ့ပြီးတာလေ။ ပြီးတော့ ငါက အခု သတ္တမဝိညာဉ်ခန္ဓာအဆင့်မှာဆိုတာ ထည့်တွက်ရင် အရုပ်တွေပေါင်းစည်းထားတာက ဘယ်နည်းနဲ့မှ မတည်ငြိမ်ဘဲ မနေနိုင်ဘူး" သူ၏ ဓာတ်ငါးပါးမှာ မဟာစက်ဝန်းအဆင့်ဖြစ်သော်လည်း လေနှင့်မိုးကြိုးကို ထည့်ပေါင်းလိုက်သောအခါ အရောအနှောက မဟာစက်ဝန်းအဆင့်မဟုတ်တော့ပေ။ ယင်းက မတည်ငြိမ်ဖြစ်ခြင်းနှင့် ဟန်ချက်မညီခြင်း၏ အဓိကတရားခံပင်။
မန်ဟို သတ္တမဝိညာဉ်ခန္ဓာကို စိတ်နှင့်ကြိုလေ့ကျင့်ခဲ့တုန်းက ဤအချက်ကို အမှုမဲ့ အမှတ်မဲ့ ဖြစ်ခဲ့သည်။ ယခုတော့ အရုပ်များ ပေါင်းစည်းပြီးသည်နှင့် ၎င်းမှာ သိသာလာလေပြီ။
ထို့နောက် ထင်ထားသလို မဟုတ်ဘဲ လေနှင့်မိုးကြိုးက ရုတ်တရက်ကြီး ပြောင်းလဲသွားလေ၏။ ၎င်းတို့က တည်ငြိမ်သွားလေရာ မန်ဟို့ကို ထိတ်လန့်သွားစေတော့သည်။ ကြည့်ရပုံထောက်လျှင် ဓာတ်ငါးပါးအရုပ်အသွင်ပြောင်းလဲမှုများမှာ လေနှင့်မိုးကြိုး၏ လှုံ့ဆော်ခြင်းခံခဲ့ရပုံပင်။
ဤသို့ဖြင့် အရုပ်ခုနစ်ရုပ်ပေါင်းစည်းခြင်းသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမည့် အသွင် ၊ လုံးဝမထင်မှတ်ထားသော အသွင်တစ်ခုကို ပြောင်းလဲပေးလိုက်ခြင်းဖြစ်ပေသည်။
ရုတ်တရက် မန်ဟို၏ စိတ်မှာ ဓားထိပ်များဖြင့် ထိုးခံနေရသကဲ့သို့ နာကျင်လာတော့သည်။ သူ့၏စိတ်မှာ ချာချာလည်နေပြီး ခေါင်းဆောင်ကြီးဟုရန်နှင့် တိုက်ခိုက်နေသောခုလတ်မှာပင် တွေဝေငေးကြောင်သွားသော အရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာလေသည်။
မရေမတွက်နိုင်သော အလောင်းများ တောင်ပုံရာပုံနေသော၊ သွေးချောင်းစီးနေသော စစ်မြေပြင်တစ်ခုကို အရှေ့တွင် လျှပ်တပြက် သူမြင်လိုက်ရသည်။ ဤနေရာတွင် နှစ်ပေါင်းမည်မျှကြာအောင် စစ်တိုက်ခဲ့သည်လဲ ပြောမရသည့်တိုင် အလောင်းတွေကတော့ အဆုံးမရှိပြန့်ကြဲနေ၏ ။
မြေပြင်ပေါ်တွင် လူသေများမှာ မျက်စိတစ်ဆုံး ပြွတ်သိပ်ကြပ်နေချေသည်။
သူ့အရှေ့တွင် တခြားအရာများနှင့် ကွဲပြားနေသော အရာတစ်ခုရှိသည်... ဧရာမခေါင်းတလားကြီး။ ၎င်းအရှည်မှာ မီတာသုံးသောင်းပင် ကျော်ကောင်းကျော်နိုင်ပြီး ပိတ်ပိတ်ပိန်းနေအောင် နက်မှောင်လျက်ရှိသည်။ မန်ဟို ဤခေါင်းတလားကြီးနှင့် ရင်းနှီးသည်။ ကျိုးပြည်၊ တန်မျှော်စင်၏အပေါ် ကောင်းကင်ထက်တွင် သူ မြင်ခဲ့ရသော ခေါင်းတလားကြီးနှင့် တထေရာတည်း တူလေ၏။
အံ့ဩတုန်လှုပ်ဖွယ်အကောင်းဆုံးက အခေါင်းကြီး၏ အပေါ်တွင် ထွင်းထားသော.... လိပ်ပြာကိုးကောင်ကို သူမြင်လိုက်ရ၍ပင်။
လှရက်လွန်းသော လိပ်ပြာကိုးကောင်ဖြစ်သည်။
လိပ်ပြာကိုးကောင်ကို မြင်လိုက်သည်နှင့် မန်ဟို့စိတ်ထဲတွင် ဝုန်းခနဲ မြည်ဟည်းပြီး မြင်ကွင်း ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ခေါင်းအထက်ရှိ အနက်ရောင်ကောင်းကင်မှာ တစစီ ဆွဲဖြဲခံလိုက်ရသယောင်ပင်။ မန်ဟို၏ ဝိညာဉ်အရုပ်ခုနစ်ရုပ်ကြောင့် အရှေ့ဘက်နယ်မြေ၊ တောင်ပိုင်းဒေသ၊ အနောက်ပိုင်းသဲကန္တာရနှင့် မြောက်ပိုင်းသဲကန္တာရတို့ အပါအဝင် တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် ထူးခြားဆန်းပြားသောစွမ်းအားတစ်ရပ် ဖြစ်တည်လာပုံရသည်။
တောင်ကောင်းကင်ဂြိုဟ်၏အပြင်... အင်မိုတယ်အပ်နှင်းခြင်းစင်မြင့်အပေါ်၌ ရေးထွင်းသော နာမည်များ မှိတ်တုတ်မှိတ်တျုတ် လင်းလက်တောက်ပလာသည်။ တီးတိုးတီးတိုးရေရွတ်နေသော အသံများ ထွက်လာပြီး အင်မိုတယ်အပ်နှင်ခြင်းစင်မြင့်အနားတစ်ဝိုက်တွင် ဆူညံနေတော့သည်။
"ဓာတ်ငါးပါးက အခြေခံသဘောတရားပဲ။ ကမ္ဘာမှာ ဆဋ္ဌမဓာတ်မရှိဘူးး ။ လေပဲ ဖြစ်ဖြစ် မိုးကြိုးပဲဖြစ်ဖြစ် နှစ်ခုလုံးက ဓာတ်ငါးပါးကို ကမောက်ကမတွေ ဖြစ်စေလိမ့်မယ်..... ဒါပေမဲ့ ဒီလေက .... ဒီလေက ဘာလေလဲ။ ဒါ ဓာတ်ငါးပါးရဲ့ လေမဟုတ်ဘူး အပြင်လောကရဲ့ လေပဲ
"ပြီးတော့ ဒီမိုးကြိုးကတော့ ဘာတုန်း။ နဝမတောင်နဲ့ပင်လယ်ရဲ့ မိုးကြိုးမဟုတ်ဘူး ။ တောင်နဲ့ပင်လယ်အပြင်ဘက်က လာတာ
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... နဝမတောင်နဲ့ပင်လယ်ကနေ ကြွေဆင်းသွားတဲ့ သက်ရှိသတ္တဝါတစ်ယောက်ယောက်ကများ သူနဲ့အတူ ဒီလေနဲ့ မိုးကြိုးကို ယူသွားခဲ့တာလား"
အင်မိုတယ်အပ်နှင်းခြင်းစင်မြင့်၏ တုန်လှုပ်နေခြင်းက တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိဟ်လုံးအပေါ် သက်ရောက်မှုရှိလေသည်။
တောင်ပိုင်းဒေသရှိ ပြန်လည်မွေးဖွားခြင်းဂူထဲမှ အမျိုးသမီးတစ်ယောက် လမ်းလျှောက်ထွက်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
နဂါးငွေ့တန်းပင်လယ်တွင် နှစ်ထောင်နှင့်ချီ မျောနေခဲ့သော ရှေးဟောင်းလှေတစ်စင်းရှိသည်။ ထိုလှေ၏အပေါ်တွင် ဆွေးမြည့် ပျက်စီးနေသော ချပ်ဝတ်တန်ဆာနှင့် အလောင်းတစ်လောင်းရှိ၏။ ရုတ်တရက် ၎င်း၏မျက်လုံးများ ပွင့်လာသည်။
အရှေ့ဘက်နယ်မြေ၊ တန်နိုင်ငံတော်ရှိ ကျီမျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲတွင် ကျောက်စိမ်းတမျှ ဖြူစွတ်နေသော အသားအရေနှင့် လူငယ်လေးတစ်ယောက်ရှိသည်။ သူသည် လွန်ခဲ့သောနှစ်တွေတုန်းက မန်ဟို့အမေကို တားခဲ့သော လူငယ်ပင်။ သူ၏မျက်လုံးများက ဖြေးညှင်းစွာ ပွင့်လာပြီး သူ အဝေးသို့ လှမ်းကြည့်လိုက်စဉ် ၎င်းတို့အထဲတွင် တွေဝေတုံ့ဆိုင်းနေမှုတို့ကို မြင်ရလေသည်။
မြေပြင်တစ်လျှောက်လုံး လျှို့ဝှက်ဆန်းကြယ်စွာ တုန်ခါသွားလေ၏။ တောင်ပိုင်းဒေသ၊ ပြန်လည်မွေးဖွားခြင်းဂူ၏ အနက်ပိုင်းထဲ၌ အမျိုးသမီးပုံစံဖန်ဆင်းထားသည့် သိမ်းငှက်ကြီးပင် ရောက်နိုင်မည်မဟုတ်သော နေရာတစ်ခုရှိသည်။ ထိုနေရာ၊ ပိတ်ပိတ်ပိန်းနေသော အမှောင်ထုထဲတွင် လဲလျောင်းနေသည်ကား အလောင်းတစ်လောင်း။
ဤအလောင်းသည် ... မန်ဟိုကို အင်မိုတယ်လမ်းညွှန် လက်ဆောင်ပေးခဲ့သောလူ .... ချုံမန်းတိုင်။
သူသည် သေနေခဲ့သော်လည်း ဤအခိုက်အတန့်တွင် မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။ ၎င်းတို့အတွင်း၌ အာကာသလောကကိုပင် ကိုင်ပေါက်၍ တောင်ကောင်းကင်တစ်ဂြိုဟ်လုံးကို နင်းချေပစ်နိုင်သော အလင်းရောင်တစ်ခု ပါရှိနေသည်။
ဤအခိုက်အတန့်တွင် သူကား နည်းနည်းလေးမှ အားအင်ကုန်ခမ်းနေသော ပုံမပေါ်ပေ။ ထိုအစား စွမ်းအား၏ အထွတ်အထိပ်တွင်ပင် ဖြစ်နေသေး၏။
"အင်း ငါနိုးတာ မြန်သားပဲ" သူက ပြောသည်။ "ငါ တာအိုတရားဖြန့်ကျက်ဖို့ ဒီကမ္ဘာကို ရောက်လာခဲ့တယ်။ တာအိုသစ်စေ့တွေအများကြီး ပို့လွှတ်ခဲ့ပေမယ့် နှစ်နှစ်ရာအတွင်း ဒီတစ်ယောက်ပဲ နိုးလာခဲ့ပါလား
"ဒီကလေးက .... ငါ 'သူ့'ကို အသက်သွင်းပေးဖို့ ဒီလောက်နှစ်တွေအကြာကြီး.... စောင့်နေခဲ့ရတဲ့ တစ်ယောက် ဖြစ်နေတာပဲ" ချုံမန်းတိုင် 'သူ' ဆိုသာ စကားလုံးကို ပြောလိုက်စဉ် သူ၏မျက်နှာအမူအရာမှာ ပြန်ပြန်စဉ်းစားနေသော အရိပ်အယောင်တို့ ပြည့်သွားပြီး သူ့ကို ကြည့်နေသော အမျိုးသားတစ်ယောက်၏ပုံရိပ်ကို မြင်ယောင်မိလိုက်သဖြင့် ပြုံးလိုက်လေသည်။
***