← Chapters

ဟုရန်ယွင်မင်းကို တုန်လှုပ်သွားစေခြင်

Vol. 40 Ch. 556

ဟုရန်ယွင်မင်းကို တုန်လှုပ်သွားစေခြင်

Vol. 40 Ch. 556

း

မန်ဟို၏ ဝိညာဉ်အရုပ်ခုနစ်မျိုး ပေါင်းစည်းခြင်းကြောင့် တောင်ကောင်းကင်ဂြိုဟ်၏ နယ်မြေနိုင်ငံများတစ်လျှောက် ဖြစ်ပျက်နေသော အံ့ဖွယ်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး မန်ဟိုကိုယ်တိုင်က သတိထားမိသော်လည်း ခေါင်းဆောင်ကြီးဟုရန်ကတော့ သတိမထားမိပေ။

သို့သော် မန်ဟို စိတ်နှင့်ကိုယ်ပြန်ကပ်သွားသည့်အခိုက်အတန့်တွင် အရုပ်ခုနစ်မျိုးပေါင်းစည်းထားသော အရုပ်ကို ကြည့်ပြီး ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာလေသည်။ အနုသုခုမရုပ်ခန္ဓာခုနစ်ခုနှင့် အရုပ်ခုနစ်ရုပ်မှာ မျက်စိဖြင့်မမြင်နိုင်သော အပြောင်းအလဲတချို့ ဖြစ်ပွားခဲ့ကြောင်း သူပြောနိုင်၏။

အပြောင်းအလဲက ကောင်းလား၊ ဆိုးလား ဆိုသည်ကတော့‌ မပြောတတ်ပေ။ သို့သော် အနုသုခုမရုပ်ခန္ဓာခုနစ်ခု၏ လမ်းကြောင်းအစစ်အမှန်အပေါ်သို့ ပထမဆုံး ခြေလှမ်း ချနိုင်လိုက်ပြီဖြစ်ကြောင်း အာရုံရေးရေး ရလိုက်လေပြီ။

တကယ်တမ်း ယခုထက်ထိ သူ သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်တိုင်း သူ၏ကိုယ်ထဲရှိ အနုသုခုမရုပ်ခန္ဓာခုနစ်ခုမှာ မည်သည့်အရာ၏ တားဆီးခြင်းကိုမှ မခံရသယောင် ထင်ခဲ့ရသည်။ သတ္တမဝိညာဉ်ခန္ဓာအဆင့်ကို ဝင်ရောက်ပြီး မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄) ခု၏ စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်မှာ သိသာသည်။

သို့သော်လည်း အမှန်အားဖြင့် သူ၏ နက်နဲသော ချီအခြေကြောင့်သာ အောင်မြင်စွာဖြင့် မရမကပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်ပေသည်။ အရုပ်ခုနစ်ရုပ်ပေါင်းစည်းခြင်း၏ မတည်ငြိမ်ဖြစ်နေ‌မှုကို တွေ့လိုက်သည့်အခါမှ မျက်စိသျှမ်းသွားခဲ့သည်ကို သူ သတိထားမိလိုက်သည်။ သို့သော် ထူးဆန်းပြီး မရင်းနှီးသော အရှိန်အဝါတစ်ခုက သူ၏အနုသုခုမရုပ်ခန္ဓာခုနစ်ခုမှ ထွက်လာခဲ့ကာ အရုပ်ခုနစ်ခုနှင့် အတူပေါင်းစည်းသွားစေခဲ့သည်။ ယခုတော့ တစ်ကိုယ်တော်အရုပ် တည်ငြိမ်သွားလေပြီ။

နောင်တစ်ချိန်တွင် အကြီးအကျယ် ဒုက္ခရောက်စေမည့် ဤပြဿနာကို တစ်နည်းနည်းနှင့် မန်ဟို ဖြေရှင်းနိုင်လိုက်ပြီဖြစ်သည်။

သို့ရာတွင် ယခု သူ့မှာ ခေါင်းဆောင်ကြီးဟုရန်ကို တိုက်ခိုက်နေရင်းတန်းလန်း ဖြစ်၍ ထိုကိစ္စကို တွေးနေရန် အချိန်မရှိပေ။ ထို့ကြောင့် ခဏ ဘေးချိတ်ထားပြီး လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက် ဖော်လိုက်သည်။

ချက်ချင်းပင် သူ၏အရှေ့ရှိ တစ်ကိုယ်တော်အရုပ်သည် ကြောက်ခမန်းလိလိ အရှိန်အဝါများဖြင့် သက်ဝင်လှုပ်ရှားလာတော့၏။

အရုပ်တွင် ပုံသဏ္ဌာန်ဟူ၍ အတည်တကျမရှိဘဲ အဆက်မပြတ် ပြောင်းလဲနေလေသည်။ တစ်ခါတရံ ကြီးသွားပြန်သည်၊ တစ်ခါတရံ သေးသွားပြန်သည်။ ၎င်းအတွင်းရှိ ကမ္ဘာဦးဟင်းလင်းပြင်မှာ ရေစက်များနှင့် တူသော်လည်း မီးတောက်များနှင့်လည်း တူပြန်လေသည်။ ဝိုးတိုးဝါးတား ဖြစ်နေသဖြင့် ပြတ်ပြတ်သားသားတော့ မမြင်ရ။

သို့ရာတွင် ဝေဝါးနေမှုအတွင်းမှ ဖြာထွက်လာနေသော အရှိန်အဝါမှာ အားကောင်းသထက် အားကောင်းလာနေသည်။

အရုပ်ခုနစ်ခု ပေါင်းစည်းသွားသည့် အခိုက်အတန့်တွင်‌ ခေါင်းဆောင်ကြီးဟုရန် ထိတ်လန့်တုန်လှုပ်သွား၏။ သူက အရှေ့တွင် စက်ဝိုင်းတစ်ခု ထပ်ဆွဲလိုက််ပြီးနောက် အရှေ့သို့ ဆတ်ခနဲ ညွှန်လိုက်လေသည်။

"ခံစားချက် ခုနှစ်မျိုးကို နှလုံးသားက လိုအပ်တယ်။ ဒါပေမယ့် စိတ်သဋ္ဌာန်ထဲမှာတော့ ခံစားချက် သုံးမျိုးပဲ ရှိတယ်။ မေတ္တာပေမ၊ ဂေဟဿိတပေမနဲ့ တဏှာပေမ ။ အခုကစပြီး ငါဟာ....ခံစားချက်ကို ဖယ်ရှားလိုက်ပြီ" (မေတ္တာပေမ - မိသားစုအချစ်၊ ဂေဟဿိတပေမ - ဝတ္တရားအချစ် ၊ တဏှာပေမ - သမီးရည်းစားအချစ်)

ထို့နောက် ခံစားချက်စက်ဝန်းပိုင်းခုနစ်ခုသည် ကြေမွသွားပြီး ဓားသွားတစ်လက်ဖြစ်လာ၏။

ဓားသွားသည် ပုံရိပ်ယောင်သာ ဖြစ်ပါသော်လည်း သတ္တဝါခပ်သိမ်းကို ချုပ်ငြိမ်းပစ်နိုင်လေသည်။ ရုတ်တရက် ဓားသွားကြီးက လေပေါ် မြောက်တက်သွားပြီးနောက် တစ်ကိုယ်တည်းအဖြစ် ပေါင်းစည်းထားသော အရုပ်အပေါ်သို့ ကျဆင်းလာသည်။

ခုတ်ပိုင်းလိုက်သော ဓားချက်သည် တောင်တန်းပင်လယ်များကို ကြီးစိုးသိမ်းပိုက်နိုင်သော အရှိန်အဝါတစ်ခုဖြင့် ပြည့်‌ဝ‌လျက်ရှိပေ၏။ ဓားသွားမှာ ... ခံစားချက်မဲ့ဓားသွားဖြစ်သည်။ ခေါင်းဆောင်ကြီးဟုရန် တစ်ဘဝလုံး ကျင့်ကြံအားထုတ်ခဲ့သော ကျင့်စဉ်အလုံးစုံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်ချောက်ချားသွားစေနိုင်သော စိတ်ဝိညာဉ်ခွဲထွက်ခြင်းဓားသွားကြီးအသွင် ပြောင်းသွားခဲ့လေပြီ။ တစ်ကမ္ဘာလုံးမှာ မန်ဟို၏ တစ်ကိုယ်တော်အရုပ်‌ဆီ သက်ဆင်းသွားနေသော တဖျပ်ဖျပ်လက်နေသည့် ဓားသွားကြီး၏ရှေ့မှောက်၌ ပေါက်ကွယ်သွားတော့မည့်ပုံပင်။

ဓားသွားက အရုပ်ကို ထိသွား၏ ။ ၎င်းတို့ တစ်ခုကို တစ်ခု ထိတွေ့သွားသော အခိုက်အတန့်၌ မထင်ရှားမပြတ်သားသော အရှိန်အဝါတစ်ခု တစ်ကိုယ်တော်အရုပ်ဆီမှ ထွက်ပေါ်လာသည်။ ဤအရှိန်အဝါက ‌ပတ်ဝန်းကျင်ရှိ လေထုနှင့် တိမ်တိုက်များကို ရပ်တန့်သွားစေသည်။ အထက်နှင့်အောက်ရှိ အရာအားလုံး လှုပ်ရှားမှုမရှိတော့ပေ။

ခေါင်းဆောင်ကြီးဟုရန် ဤအခြင်းအရာကို အာရုံရလိုက်သောအခါ ရင်တုန်ထိတ်လန့်သွားတော့သည်။ ဤအရှိန်အဝါမှာ သူ့အပေါ်သို့ မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ခု သက်ရောက်နေသည့်အလား ခံစားရစေသည်။ သူ့မှာ ရင်တဒိန်းဒိန်း ခုန်စပြုလာ၏။

ခံစားချက်မှာ လျင်မြန်စွာ ဝင်ရောက်လာလေရာ သူ့အတွက် တစ်ခုခုလုပ်ရန် အချိန်မရှိသလို ၊ ကြိုတင်ပြင်ဆင်ထားခြင်းလည်း မရှိခဲ့။ သူ၏စိတ်တွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွားပြီး ပါးစပ်မှ သွေးတို့ စီးကျလာတော့သည်။

တစ်ချိန်တည်းမှာပင် တစ်ကိုယ်တော်အရုပ်အပေါ်သို့ ပိုင်းဖြတ်ချလိုက်သော ဓားသွားကြီးတစ်လျှောက် အက်ရာများ ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် အက်ရာများပေါင်းသွားပြီး ဓားသွားမှာ ခလွမ်းခနဲ ကွဲထွက်သွားတော့သည်။ ကွဲထွက်သွားတော့ အပိုင်းအစခုနစ်ခုက အရပ်ခုနစ်မျက်နှာသို့ လွင့်စင်သွား၏။

အပိုင်းအစခုနစ်ခုသည် ခံစားချက်ခုနစ်မျိုးကို ကိုယ်စားပြုပြီး ၎င်းတို့ကွဲကြေသွားမှုက ခေါင်းဆောင်ကြီးဟုရန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားစေတော့သည်။ သူ့မှာ သွေးတစ်လုပ်အန်လိုက်ရပြီး မျက်နှာဖြူဆုပ်ဖြူလျော်ဖြင့် နောက်သို့မီတာသုံးဆယ်ကျော် လွင့်သွားတော့၏။ သူ ခေါင်းပြန်မော့လာသောအခါတွင် သူ့မျက်နှာ၌ အံ့ဩမယုံကြည်မှုတို့ ပြည့်နှက်နေတော့သည်။

သူ့အနေဖြင့် မန်ဟို့ကို လျှော့မတွက်ထားခဲ့ပေ။ သို့သော် ဤအခိုက်အတန့်တွင် ... မန်ဟို့ကို အပြည့်အဝ နားမလည်သေးကြောင်း သူသဘောပေါက်လိုက်၏။ မန်ဟို အရုပ်ခုနစ်ရုပ်ကို တစ်ရုပ်တည်းပေါင်းလိုက်သော ဖြစ်ရပ် နှင့် ထွက်ပေါ်လာသော အရှိန်အဝါက ခေါင်းဆောင်ကြီးဟုရန်ကို လေးလေးနက်နက် တုန်လှုပ်မိစေသည်။

"အဲ့ဒါ ဘာအရုပ်လဲ ... ဘာအရှိန်အဝါလဲ"

ခေါင်းဆောင်ကြီးဟုရန်သာ စိတ်နှလုံးတုန်လှုပ်နေခြင်းမဟုတ်။ တိုက်ပွဲကို စုဝေးစောင့်ကြည့်နေခဲ့သော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများလည်း ထိုနည်းတူ ထိတ်လန့်မှင်သက်နေကြသည်။

ထိုခေါင်းဆောင်ကြီးများအနက်မှ တစ်ယောက်သည် တိမ်ကောင်းကင်မျိုးနွယ်စုမှ အနီရောင်ဝတ်ရုံနှင့် လူငယ်ဖြစ်၏။ သူ၏ မျက်ဝန်းများက ထူးဆန်းစွာ တောက်ပနေပြီး သူ၏နတ်ဘုရားအာရုံစီးကြောင်းမှာ တသိမ့်သိမ့် တုန်သွားတော့သည်။ "ဒီလူ ဘယ်က လာတာလဲ" သူ တွေးလိုက်မိ၏။ "ငါတောင်မှ အဲ့ဒီအရှိန်အဝါကြောင့် ထိတ်လန့်မိတယ်"

အရိုင်းမီးတောက်မျိုးနွယ်စုနှင့် မိစ္ဆာလိပ်ပြာမျိုးနွယ်စုမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတို့နှစ်ယောက်က လျှို့ဝှက်အဆက်အသွယ်များ လုပ်လိုက်ကြသည်။ ယခုတွင် သူတို့သည် အတူပေါင်းပြီး အလစ်တိုက်ရန် စိတ်ကူးဟူသမျှ စွန့်လွှတ်လိုက်လေပြီ။

မန်ဟို့ တစ်ကိုယ်တော်အရုပ်၏ အရှိန်အဝါမှာ ရင်သပ်ရှုမောဖွယ်ကောင်းလွန်း၍ သူတို့မှာ ၎င်းကို ထိုးဖောက်မြင်နိုင်စွမ်းပင် မရှိပေ။

လောလောဆယ်တွင် ခေါင်းဆောင်ကြီးဟုရန်မှာ နောက်သို့ လွင့်သွားနေဆဲဖြစ်သည်။ မန်ဟို၏ တစ်ကိုယ်တော်အရုပ်မှာ တစတစ မှေးမှိန်လာသည်။ ၎င်းကား ‌ခေါင်းဆောင်ကြီးဟုရန်ကြောင့် မပျက်စီးသွားသည့်အပြင် တကယ်တမ်း ပွန်းပဲ့ရာလေးပင် မထင်သွားပေ။

၎င်း မှေးမှိန်လာနေသည့် အကြောင်းရင်းမှာ သတ္တမဝိညာဉ်ခန္ဓာတွင်ပင် မန်ဟိုအနေဖြင့် ၎င်းကို အချိန်ကြာကြာ ‌အားဖြည့်မပေးနိုင်သောကြောင့်ပင်။ အလွန်ဆုံးမှ အသက်လေးငါးရှိုက်စာလောက်သာ ထိန်းထားနိုင်လောက်သည်။ ထိုအချက်က ဤတိုက်ပွဲအတွင်း အရုပ်များအား အမှန်တကယ် မပေါင်းစည်းခင်တုန်းက သူ တွက်ချက်ထားခဲ့သည်နှင့် အတန်ငယ် ကွဲပြားနေ၏။

"အသက်သုံးရှိုက်စာပဲ" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် သက်ပြင်းချလိုက်သည်။

"အတွင်းပိုင်းမှာ အနုသုခုမရုပ်ခန္ဓာခုနစ်ခု ပေါင်းစည်းလိုက်တာက ငါ့ကို သတ္တမဝိညာဉ်ခန္ဓာအဆင့်အထိ ရောက်ရှိစေခဲ့တယ်။ အပြင်ပိုင်းမှာ အရုပ်ခုနစ်ရုပ် ပေါင်းစည်းလိုက်တာက ကမ္ဘာဦးဟင်းလင်းပြင် တစ်ကိုယ်တော်အရုပ်ကို ဖော်ဆောင်ပေးတယ်

"အတွင်း ဒါမှမဟုတ် အပြင် ပြောင်းလဲမှု တစ်ခုတည်းပဲဆိုရင်တော့ အချိန်ကြာကြာခံနိုင်မယ်။ ဒါမှမဟုတ် .... အတွင်းအပြင် နှစ်ခုလုံး အထွတ်အထိပ်ကို တစ်ပြိုင်တည်း ရောက်ရှိသွားရင် အသက်သုံးရှိုက်ပဲ ခံနိုင်တော့တယ်

"အသက်သုံးရှိုက်အတွင်း ငါ့အတိုက်အခိုက်စွမ်းရည်က ...." မန်ဟိုမှာ စောစောက ကြုံတွေ့ခဲ့ရသောအရာကို ပြန်တွေးမိလိုက်သဖြင့် အသက်ရှူသံများ မြန်လာတော့သည်။ သို့သော် လျင်မြန်စွာပင် ခေါင်းဆောင်ကြီးဟုရန်ကို ပြန်ကြည့်လိုက်သည်။

ခေါင်းဆောင်ကြီးဟုရန်မှာ အသက်နည်းရှူနေရ၏။ သူသည် ‌နောက်သို့ လွင့်ထွက်နေစဉ် ညာခြေဖြင့် လေထုအား ဆောင့်နင်းလိုက်သည်။ နောက်ဆုံးတွင်တော့ သူ၏ခန္ဓာကိုယ်အတွင်းရှိ တွန်းကန်အားတချို့ကို ဖြန့်ကျက်လိုက်သဖြင့် ဝုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ တုံ့ခနဲ ရပ်သွားတော့သည်။ သူက မန်ဟို့ကို ပြန်ကြည့်ပြီး ပြုံးပြလိုက်သည်။

"‌ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို တုန်လှုပ်စေနိုင်တဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ.... မင်းမှာသာ အချိန်ရှိရင် ဘယ်သူသိနိုင်မလဲ။ မင်း တောင်ကောင်းကင်ဂြိုဟ်မှာ အင်မိုတယ်အဆင့်တက်လှမ်းနိုင်မလားဆိုတာ

"ဒါပေမဲ့ ငါက မင်းကို သေအောင် သတ်မှာ။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ... ဒီလုပ်ရပ်က တာအိုသစ်သီးကို မွေးဖွားပေးလိမ့်မယ်။ ဒါဆို ငါ မြစ်ဝါမြစ်မှာတောင် အဲ့ဒီအရသာကို ခံစားနိုင်ပြီ" ခေါင်းဆောင်ကြီးဟုရန်က တဟားဟား ရယ်ပြီး ရင်ဘတ်ကို ရိုက်လိုက်သည်။

ဘုန်း

ရိုက်ချက်က ခေါင်းဆောင်ကြီးဟုရန်၏အရှိန်အဝါကို တဟုန်ထိုး မြင့်တက်သွားစေသည်။ သူ၏ဆံပင်မှာ အဖြူရောင်မဟုတ်တော့၊ အနက်ရောင်ဖြစ်သွားလေ၏။ သူ၏အသားအရေသည်လည်း ရှုံ့တွ‌မနေတော့ဘဲ ကျစ်လစ်ပြည့်ဖြိုးလာလေပြီ။

သူသည် ယခုတွင် အဘိုးကြီးမဟုတ်တော့ဘဲ တည်ကြည်သော ရုပ်ရည်သွင်ပြင်ဖြင့် သက်လတ်ပိုင်းအရွယ် ဖြစ်သွား၏။ ထို့အပြင် သူ၏အရှိန်အဝါမှာ ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းလာသည်။ ယခုတွင် သူကား လူငယ်တစ်ယောက်နှင့် တူနေပြီဖြစ်သည်။

သူ၏ဝတ်ရုံသည် နက်မှောင်နေပြီး မျက်ခုံးနှစ်ဖက်က ထင်းနေကာ မျက်လုံးများကလည်း ကြယ်စင်များသဖွယ် တဖျပ်ဖျပ် လက်နေချေသည်။ ဤအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးဟုရန်မှာ လူငယ်ပြန်ဖြစ်သွားသယောင်ပင်။ သူ၏အရှိန်အဝါမှာ ကောင်းကင်ကို တုန်ခါသွားစေပြီး အရာအားလုံး‌ မှေးမှိန်သိမ်ငယ်သွားစေကာ လေမုန်တိုင်းကြီးတစ်လုံးပင် တိုက်ခတ်လာစေသည်။

မန်ဟို၏မျက်လုံးများက ခေါင်းဆောင်ကြီးဟုရန်ထံမှ ဖြာထွက်လာသော ဤသဏ္ဌာန်မဲ့အရှိန်အဝါကြောင့် ကျဉ်းမြောင်းသွား၏။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် နတ်ဘုရားအာရုံစီးကြောင်းအကုန်လုံးက ယခုတွင် ခေါင်းဆောင်ကြီးဟုရန်ကို ကြည့်နေကြလေပြီ။

"ပထမခွဲထွက်ခြင်း မဟာစက်ဝန်းအဆင့်" အရိုင်းမီးတောက်မျိုးနွယ်စုမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးက ပြောသည်။ သူသည် ခပ်ထွားထွား အဘိုးကြီးတစ်ယောက်ဖြစ်၏။ သူ၏မျက်လုံးများတွင် အလေးအနက် အာရုံစိုက်‌နေသော အရိပ်အယောင်အား မြင်နိုင်လေသည်။

"အရင်က ခေါင်းဆောင်ကြီးဟုရန် မဟာစက်ဝန်းအဆင့်ကို တစ်ခါမှ မရောက်ခဲ့ဖူးဘူး...." တိမ်ကောင်းကင်မျိုးနွယ်စုမှ အနီရောင်ဝတ်ရုံနှင့်လူငယ်က ပြောသည်။ "အာ သိပြီ။ မဟာစက်ဝန်းပြည့်သွားအောင် သူ့ မျိုးနွယ်စုကို အသုံးချခဲ့တာကိုး။ ဘယ်လောက်သွေးအေးလိုက်သလဲ ဒီလူ ဟုရန်ယွင်မင်းကတော့" လူငယ်က အံ့ဩတုန်လှုပ်စွာဖြင့် မျက်မှောင်ကြုတ်လျက် ခေါင်းဆောင်ကြီးဟုရန်ကို ကြည့်နေသည်။

ထိုစဉ် အဖြစ်အပျက်များကို စောင့်ကြည့်နေသော အနက်ရောင်နယ်မြေရှိ ကျန်မျိုးနွယ်စုမှ ကျင့်ကြံသူအများစုအနေဖြင့် ခေါင်းဆောင်ကြီးဟုရန်၏အရှိန်အဝါ မည်သည့်အတိုင်းအတာအထိ ကြီးထွားလာခဲ့ကြောင်း မပြောနိုင်ကြပေ။ မည်သို့‌ဆိုစေ ‌၎င်းမှာ အံ့ဩမှင်သက်ဖွယ်ရာပင်။

‌တိမ်ကောင်းကင်မျိုးနွယ်စုတွင် ကျိုးဒယ်ခွန်သည် မျက်လုံးပြူးနေပြီး ရင်တဒိန်းဒိန်းခုန်နေ၏။ မန်ဟို ပြန်လာ၍ ဝမ်းသာရသော်လည်း မစိုးရိမ်ဘဲ မနေနိုင်ပေ။

မိစ္ဆာလိပ်ပြာမျိုးနွယ်စုတွင် သောလန်သည် မန်ဟို့ကို မမှိတ်မသုန်ကြည့်ရင်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ လွန်ခဲ့သော နှစ်တစ်ရာကျော်အတွင်း မန်ဟို့အကြောင်း တော်တော်များများ သူမ သိရှိခဲ့ရသည်။ သူမသည် ရွေးချယ်ခံတစ်ဦးဖြစ်ပြီး ဝန်ခံရမှာ မုန်းနေသော်လည်း မန်ဟိုနှင့်သူမမှာ အလွန် အလှမ်းဝေးကွာလွန်း၏။

ခေါင်းဆောင်ကြီးဟုရန်၏ ကျင့်ကြံခြင်းအခြေခံ ‌ပထမခွဲထွက်ခြင်း မဟာစက်ဝန်းအဆင့်အထိ ထိုးတက်သွားသည့်အခိုက်အတန့်တွင် ‌စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများဖြစ်စေ၊ အနက်ရောင်နယ်မြေရှိ ကျန်မျိုးနွယ်စုများမှ ‌ကျင့်ကြံသူများဖြစ်စေ ... မည်သူမဆို လုံးလုံးလျားလျား တုန်လှုပ်သွားရသည်သာ ဖြစ်လေသည်။

မန်ဟို၏မျက်ဝန်းများတွင် ပြင်းပြသောတိုက်ခိုက်လိုစိတ်တို့သည် တဟုန်းဟုန်း တောက်လောင်လျက် ရှိ၏။

သို့ရာတွင် အတန်ငယ်ကြာသော် သူ မျက်မှောင်ကြုတ်သွားသည်။

သိုလှောင်အိတ်အတွင်းထဲရှိ မိစ္ဆာစိတ်ဝိညာဉ်မှ အလွန်အားကောင်းသော နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို ထုတ်လွှတ်နေလေပြီ။ ကြည့်ရသရွေ့ သူ့အား အချိန်မရွေး နေရာရွှေ့ပြောင်းပေးတော့မည့်ပုံပင်။

မန်ဟို့အနေဖြင့် ဘာမှမလုပ်နိုင်သလို၊ လျစ်လျူရှု၍လည်း မရပေ။ သူက သိုလှောင်အိတ်ကို ပုတ်၍ သွေးမျက်နှာဖုံးကို ထုတ်ကာ မျက်နှာပေါ် တပ်လိုက်‌လေသည်။ တစ်ချိန်တည်းမှာပင် သွေးခွေးကြီးက ခေါင်းမော့ပြီး ဟောင်လိုက်သည်။ ၎င်းသည် မန်ဟို့ဆီ ပြေးဝင်သွားသော အနီရောင်အလင်းတန်းတစ်တန်း ဖြစ်သွားလေ၏။

အနီရောင်အလင်းက မျက်နှာဖုံးအတွင်း ဝင်ရောက်ပေါင်းစည်းလိုက်ရာ မန်ဟို၏အဝတ်စများနှင့် ဆံပင်စများအား လွင့်ပျံ့သွားစေသည်။ သူ၏အရှိန်အဝါသည် ချက်ချင်းဆိုသလို အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်‌လာတော့သည်။

ထိုကဲ့သို့ ပေါက်ကွဲထွက်လာမှုက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများနှင့်အတူ အနက်ရောင်နယ်မြေရှိ ကျန်မျိုးနွယ်စုများမှ စောင့်ကြည့်နေသူအားလုံးကိုလည်း ချက်ချင်း စိတ်ဝင်စားသွားစေသည်။

ထစ်ချုန်းသံကြီး မြည်ဟည်းနေစဉ် မန်ဟို၏ ဝတ်ရုံမှာ ‌နီစွေးလာပြီး သူ၏ဆံပင်မှာလည်း ထိုနည်းတူပင်။ ‌သွေးရောင်စဉ်တို့က သူ၏ ပတ်ပတ်လည်တွင် ပြိုးပြိုးပြက်ပြက် လက်လာပြီး သူ၏အနောက်တွင် အနီရောင်ပလ္လင်တစ်ဆူပေါ်လာသည်။ ထိုနေရာတွင် မန်ဟို့မျက်နှာဖုံးနှင့် တစ်သွေမတိမ်း တူသော မျက်နှာဖုံးဝတ်ထားသည့် အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက မြင်သာလာသည့်အခါ ပလ္လင်အပေါ်သို့ ထိုင်ချလိုက်၏။

သွေးအင်မိုတယ်

ဤအခိုက်အတန့်တွင် တစ်ကမ္ဘာလုံးကား ကြက်သွေးရောင် လွှမ်းသွားတော့လေ၏။ မျက်နှာပြင်အပေါ်မှတစ်ဆင့် ကြည့်နေကြသူများပင်လျှင် ရုတ်တရက် သူတို့ခန္ဓာကိုယ်အတွင်းရှိ သွေးများ အပြင်သို့ ရုန်းထွက်ချင်နေသည်ကို ခံစားလိုက်ရလေသည်။

မန်ဟိုက ခေါင်းမော့လာပြီး လွှမ်းမိုးကြီးစိုးနေသော အလင်းရောင်တစ်ခုကား သူ၏မျက်ဝန်းများတွင် တောက်ပနေတော့သည်။

***

All Chapters