စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာများအား ထပ်မံသိမ်းယူခြင်း
Vol. 40 Ch. 557
မန်ဟို ခေါင်းမော့လာသောအခါ လူငယ်ပုံစံ ခေါင်းဆောင်ကြီးဟုရန်၏ မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်ပသွားလေသည်။ သို့သော် တစ်ချိန်တည်းမှာ ချီတုံချတုံဖြစ်နေမှုကိုလည်း မြင်ရနိုင်၏။
အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်ကြီးဟုရန်၏ သိုလှောင်အိတ်ထဲတွင်လည်း မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် ရှိနေသောကြောင့်ပင်။ ဤအခိုက်အတန့်တွင် သူလည်း နေရာရွှေ့ပြောင်းခြင်းစွမ်းအား အသက်ဝင်လာနေသည်ကို ခံစားနေရ၏။ ၎င်းက သူ့ကို ဆက်တိုက်ရမလား၊ ရပ်လိုက်ရမလား ဒွိဟဖြစ်စေသည်။
ယခုတွင် သူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ ပထမခွဲထွက်ခြင်း မဟာစက်ဝန်းအဆင့်သို့ ရောက်ခဲ့ပြီဖြစ်ရာ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီတွင် အရေးတကြီးလုပ်စရာတချို့ ရှိနေပြီမဟုတ်ပါလော။
သို့သော် စဉ်းစားနေရန် အချိန်ကား မရှိ။ မန်ဟို၏အရှိန်အဝါမှာ အတိုင်းထက်အလွန် အံ့ဩမှင်သက်ဖွယ်ကောင်းနေလေပြီ။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည်နှင့် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
တစ်ယောက်ကိုတစ်ယောက် တုံ့ဆိုင်းခြင်းမရှိ ဝင်တိုက်လိုက်သည့်အခါ ထစ်ချုန်းသံကြီးက ပတ်ဝန်းကျင်တစ်ခွင် ရိုက်ခတ်ညောင်းသွားလေတော့သည်။
ဧရိယာက ဧရိယာကို တိုက်ခိုက်သည်။
နယ်မြေက နယ်မြေကို တိုက်ခိုက်သည်။
နတ်ဘုရားစွမ်းရည်က နတ်ဘုရားစွမ်းရည်ကို တိုက်ခိုက်သည်။
သည်တိုက်ပွဲကား မည်သည့်အရာနှင့်မှ မတူ။
သည်တိုက်ပွဲကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် တိုက်ပွဲဟု ဆိုရပေမည်။
အထူးသဖြင့် မန်ဟိုသည် သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်များဖြင့် ခေါင်းဆောင်ကြီးဟုရန်၏ကိုယ်ပွားကို သတ်ဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့၏။ ယခု သူကား ၎င်းတို့ကို မဆိုင်းမတွ ထုတ်ဖော်လိုက်လေပြီ။
ဂျလိန်း ဂျလိန်း
ကွဲကွာတိမ်တိုက်များ အရပ်မျက်နှာတစ်ခွင် တလိပ်လိပ်ထလာကာ ကောင်းကင်အပြည့်နေရာယူသွား၏။
ဝေါ ဝေါ
သွေးမိုးပေါက်များ ရွာကျလာပြီး ခရမ်းပင်လယ်တစ်စင်း တဖွေးဖွေးလှုပ်လာသည်။
ခေါင်းဆောင်ကြီးဟုရန်အတွက် ပို၍ပင် ထိတ်လန့်သွားရသည်က မန်ဟို၏အတိုက်အခိုက်စွမ်းရည်မှာ သူ၏ကိုယ်ပွားကို တိုက်ခိုက်ခဲ့စဉ်တုန်းကထက် မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုမျှသာမက ပထမဆုံးအနေဖြင့်... ကိုးကွယ်စွမ်းအားကိုလည်း ခံစားလိုက်ရ၏။
ဤအခိုက်အတန့်တွင် သူသည် အရှေ့ရှိ လူမှာ ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် .... ကိုးကွယ်စွမ်းအားကို စုပ်ယူနိုင်သော အရုပ်ဘိုးဘေးကြီးလည်း ဖြစ်နေကြောင်း သတိရလိုက်လေသည်။
ကိုးကွယ်စွမ်းအားက မန်ဟို၏ အတိုက်အခိုက်စွမ်းရည်ကို ပို၍ပင် ထူးခြားပြောင်မြောက်သွားစေသည်။ ၎င်းမှာ ပထမခွဲထွက်ခြင်းအဆင့်ကိုပင် တန်ပြန်တိုက်ခိုက်နိုင်လောက်အောင် အစွမ်းကြီးမားလေသည်။
"သေစမ်း ဒီကောင်က ကိုးကွယ်စွမ်းအား စုပ်ယူနိုင်တဲ့ အရုပ်ဘိုးဘေးကြီးဆိုတာ ငါ မေ့သွားတယ်" ခေါင်းဆောင်ကြီးဟုရန်က တွေးလိုက်သည်။ "ဒီတစ်ခေါက်က အရင်တစ်ခေါက်လိုမျိုး သူ့မျိုးနွယ်စုရဲ့ သိပ်အလှမ်းဝေးမနေဘူး။ ဒီလိုဆိုရင် ကိုးကွယ်စွမ်းအားက အများကြီးအားကောင်းနေမှာ
"အရင်က ခရမ်းပင်လယ်မှာဆိုတော့ အကွာအဝေးက ကိုးကွယ်စွမ်းအားကို အတော်လေး အားနည်းစေခဲ့တယ်
"သူ့ကို သတ်ဖို့ အကောင်းဆုံးနေရာက ကိုးကွယ်စွမ်းအားတွေ မစုပ်ယူနိုင်မယ့်နေရာပဲ ဖြစ်လိမ့်မယ်...." သူ ဤကိစ္စရပ်များကို စဉ်းစားဖွင့်နေသည့်အချိန်မှာပင် နှစ်ယောက်မှာ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေဆဲဖြစ်သည်။ ခေါင်းဆောင်ကြီးဟုရန်က ခံစားချက်ဖျက်စီးခြင်း၊ အင်မိုတယ်စိတ်ဝိညာဉ် နှင့် မှော်ပညာရပ်အမျိုးမျိုးကို သုံးရင်း နတ်ဘုရားစွမ်းရည်များကို အဆက်မပြတ် ထုတ်လွှတ်နေ၏။
တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပရိသတ်များလည်း မန်ဟို့ကိုယ်ထဲရှိ ကိုးကွယ်စွမ်းအားကို အာရုံရလိုက်သဖြင့် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ သူတို့မှာ စိတ်နှလုံးမတုန်လှုပ်မိဘဲ မနေတော့ပေ။
"ငါတောင်မှပဲ မန်ဟိုရဲ့ တခြားအဆင့်အတန်းကို အမှုမဲ့အမှတ်မဲ့ ဖြစ်သွားမိတယ်" တိမ်ကောင်းကင်မျိုးနွယ်စုမှ အနီရောင်ဝတ်ရုံနှင့်လူငယ်က မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် ပြောသည်။ "သူက ကိုးကွယ်ရာဘိုးဘေးကြီးတစ်ဦးလေ" ရုတ်တရက် အကြံတစ်ခုပေါ်လာ၏။ မန်ဟို့လို လူမျိုးမှာ မိတ်ဆွေဖွဲ့ထားသင့်သော လူတစ်ယောက်ဖြစ်လေသည်။ အကောင်းဆုံးလုပ်ရမှာက ဆောင်းရာသီအတောအတွင်း ကျောက်မီးသွေးလှည်း ပို့ပေးသကဲ့သို့ အချိန်ကိုက်ပြီး ကူညီပေးရန်ပင်။ ထိုအခြင်းအရာက ပို၍နက်ရှိုင်းသော ပတ်သက်မှုကို တည်ဆောက်နိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်အားလုံးလည်း အတွေးတူကြသည်။ အမှန်အားဖြင့် အနက်ရောင်နယ်မြေမျိုးနွယ်စု ခုနစ်ဆယ်ရာခိုင်နှုန်းရှိ ကျင့်ကြံသူအလုံးစုံမှာ ထိုနည်းတူတွေးရင်း ရင်ခုန်ခုန်ဖြင့် စောင့်ကြည့်နေကြခြင်းဖြစ်ပေသည်။
နဂါးနက်မျိုးနွယ်စု၏ ရှုပိုင်မှာ ယခုတွင် အိုမင်းနေလေပြီ။ နဂါးနက်မျိုးနွယ်စုသည် ရွှေကျီးကန်းမျိုးနွယ်စုနှင့် လမ်းခွဲပြီးနောက်ပိုင်း မိစ္ဆာအဆောင်မျိုးနွယ်စုကြီးနှင့် ပူးပေါင်းခဲ့၏။ ဤအခိုက်အတန့်တွင် မိစ္ဆာအဆောင်မျိုးနွယ်ဝင်အများစုမှာ အလွန်ကြီးမားသော မျက်နှာပြင်ကြီးအပေါ်က အဖြစ်အပျက်များကို စောင့်ကြည့်ရင်း ပြည်သူ့ရင်ပြင်၌ စုဝေးနေကြ၏။ ရှုပိုင် သက်ပြင်းခိုးချလိုက်သည်။
သူ့ဘေးတွင် ကနွဲ့ကလျနှင့် မိန်းမဆန်ပုံရသော်လည်း သွေးအေးသော အမျိုးသားကျင့်ကြံသူတစ်ယောက်ရပ်နေသည်။ ဤလူမှာ တံတားပျက်နယ်ပယ်မှာတုန်းက မိစ္ဆာစိတ်ဝိညာဉ်အတွက် ရှုပိုင်နှင့် တိုက်ခိုက်ခဲ့သော မိစ္ဆာအဆောင်မျိုးနွယ်စု၏ ချန်မိုမှတစ်ပါး အခြားမဟုတ်ပေ။
"နောင်တရနေတာလား" သူက မေးသည်။ "ဒီကောင်လေး မန်ဟိုက ... ငါတို့ထက် တကယ်သာတယ်"
ရှုပိုင် တိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ပြန်တွေးကြည့်ရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့မိတယ် မထင်ဘူး"
မိစ္ဆာလိပ်ပြာမျိုးနွယ်စုတွင် သောလန်၏မျက်ဝန်းဝိုင်းဝိုင်းလေးများက မန်ဟို့အပေါ်မှ မခွာပေ။
တိမ်ကောင်းကင်မျိုးနွယ်စုမှာတော့ ကျိုးဒယ်ခွန်တစ်ယောက် ဟောဟဲဟောဟဲ ဖြစ်နေသည်။ သူ့ဘေးတွင် တိမ်ကောင်းကင်မျိုးနွယ်စု၏ အဖွဲ့ဝင် ကျောက်ဖန်းဆိုသူ ရှိ၏။ သူ၏မျက်နှာအမူအရာမှာလည်း ကျိုးဒယ်ခွန်နှင့် အတူတူပင်။
အရှိန်တက်နေသော တိုက်ပွဲကား တဂျိန်းဂျိန်း တဂျုန်းဂျုန်း ဆက်လက် ဖြစ်ပွားနေလျက်ရှိသည်။
တစ်ယောက်ကို တစ်ယောက် အသေအကြေ တိုက်ခိုက်နေစဉ်မှာပင် တစ်ဖက်လူ၏ မိစ္ဆာစိတ်ဝိညာဉ်ကို နှစ်ယောက်လုံး အာရုံရလိုက်ကြလေသည်။ သူတို့ အချင်းချင်း နီးကပ်သွားတိုင်း နေရာရွှေ့ပြောင်းခြင်းစွမ်းအားမှာ ပိုပို၍အားကောင်းလာ၏။
ခေါင်းဆောင်ကြီးဟုရန်၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် တဖျပ်ဖျပ်လက်လျက်ရှိသည်။ နေရာရွှေ့ပြောင်းခြင်းစွမ်းအားမှာ သူ့ကို တိုက်ပွဲအား မြန်မြန်ဆန်ဆန် အဆုံးသတ်ရန် တိုက်တွန်းနေသကဲ့သို့ လှိုင်းများထုတ်လွှတ်နေတော့သည်။ မန်ဟို့ ကို သတ်ပစ်ချင်စိတ်က သူ့နှလုံးသားကို ဝါးမြိုပြီးလေပြီ။ သူသည် ရုတ်တရက် ညာလက်ကို လေပေါ်မြောက်ကာ ကောင်းကင်ကို လက်ညှိုးထိုးလိုက်၏ ။
"ကောင်းကင်ရှာဖွေ" သူက ဟိန်းဟောက်လိုက်သည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် မိုးခြိမ်းသံကြီးတစ်သံကို ကောင်းကင်ထက်မှ ကြားလိုက်ရလေ၏ ။
"ကောင်းကင်ရှာဖွေ" သူက ဒုတိယအကြိမ် ဟိန်းဟောက်လိုက်ပြန်သည်။ ဂျလိန်း .... ဂျလိန်း။ မိုးခြိမ်းသံများ ကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ အတန်ငယ် မထင်မရှားဖြစ်လာ၏။ ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါတစ်ခု သူ့ဆီမှ ဟုန်းခနဲ ပေါက်ကွဲထွက်လာ၏။
"ကောင်းကင်ရှာဖွေ" သူက တတိယအကြိမ် အော်လိုက်သည်။ အာကာသအတွင်းမှ ခေါင်းသုံးလုံး အနာကွန်ဒါမြွေကြီးတစ်ကောင် ထိုးဖောက်ဝင်ရောက်လာသည့်အတွက် ကောင်းကင်မှာ ရုတ်တရက် စုတ်ဖြဲခံလိုက်ရတော့သည်။ (အနာကွန်ဒါ- စပါးကြီးမြွေမျိုးစိတ်)
အနာကွန်ဒါကြီးသည် မီတာသုံးသောင်းတိတိ (ပေ ၉၈၀၀ကျော်) ရှည်လျားပြီး ခရမ်းရောင်အဆင်းရှိသည်။ ခေါင်းကြီးသုံးခေါင်းက အကြင်နာမဲ့သောအငွေ့အသက်များကို ထုတ်လွှတ်နေပြီး နှစ်ခွလျှာက ထွက်ချည်ဝင်ချည် ဖြစ်နေချေသည်။ ထိုမျှသာမက ခေါင်းတစ်လုံးစီတွင် အလွန်ကြီးမားသောချိုတစ်ချိုစီ ပေါက်နေ၏။
အနာကွန်ဒါမြွေကြီး ပေါ်လာလျှင်ချင်း ပြင်းထန်လှသော ဖိအားတစ်ခုက အနက်ရောင်နယ်မြေအပေါ် သက်ရောက်လိုက်လေသည်။
၎င်းသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါ မဟုတ်သလို၊ တာအိုရှာဖွေခြင်းအရှိန်အဝါလည်းမဟုတ်.... အင်မိုတယ်၏အရှိန်အဝါပင်။
ခရမ်းရောင်အဆင်းနှင့် ခေါင်းသုံးလုံးသားရဲကြီးက အင်မိုတယ်စိတ်ဆန္ဒရှိနေချေသည်။
၎င်းပေါ်ပေါက်လာခြင်းက နယ်မြေတစ်ခုလုံး ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားစေသည်။
စကားသံများ ချက်ချင်း ဆူညံလာ၏။
"ကောင်းကင်ရှာဖွေ မြွေနဂါး"
"အဲ့ဒါ ကောင်းကင်ရှာဖွေမျိုးနွယ်စုရဲ့ သွေးဆက်ဘိုးဘေးကြီး ၊ ကောင်းကင်ရှာဖွေမြွေနဂါးမဟုတ်လား"
"ဒဏ္ဍာရီတွေအရ အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုတိုင်းမှာ အင်မိုတယ်တစ်ယောက်ဆီကနေ အစပြုတဲ့ သွေးဆက်တစ်ဆက်စီ ရှိကြတယ်တဲ့။ အဲ့ဒီသွေးဆက်ကနေ အစပြုပြီး ဘိုးဘေးကို ဆင့်ခေါ်နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြတာလေ"
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များကတော့ ဤအဖြစ်အပျက်ကို မအံ့ဩသော်လည်း အနက်ရောင်နယ်မြေရှိ တခြားမြို့များမှ ကျင့်ကြံသူများမှာတော့ လုံးလုံးလျားလျား အံ့ဩမှင်သက်နေကြလေသည်။
ထစ်ချုန်းသံများ အနက်ရောင်နယ်မြေတစ်လျှောက် ပဲ့တင်ထပ်နေစဉ် ခေါင်းဆောင်ကြီးဟုရန်၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးတွေစီးကျလာ၏။ ဆင့်ခေါ်ခြင်းက သူ့ကို အတော်လေး ဝန်ပိသွားစေပုံပင်။
ဤကမ္ဘာမှာ ယခုလို သားရဲမျိုး ပေါ်လာခြင်းကို ခွင့်မပြုသည့်အလားပင်။ ခေါင်းသုံးလုံး အနာကွန်ဒါမြွေကြီး ချဉ်းကပ်လာစဉ် ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီးတစ်ခု က ၎င်း၏ဝန်းရံလိုက်သည်။ ဤပိုက်ကွန်မှာ ချိုးဖောက်၍မရသော၊ တားဆီး၍မရသော သဘာဝနိယာမတစ်မျိုးမျိုးဖြစ်သယောင်ပင်။
ကောင်းကင်ရှာဖွေမြွေနဂါးကြီးက ဟိန်းဟောက်ပြီး ရုန်းလိုက်သည်။ ခေါင်းဆောင်ကြီးဟုရန်၏ ပါးစပ်မှ သွေးများပန်းထွက်သွား၏။ နောက်ဆုံးတွင် သူက လေးခါမြောက် အော်လိုက်ပြန်သည်။
"ကောင်းကင်ရှာဖွေ"
ဝုန်း
ကောင်းကင်ရှာဖွေမြွေနဂါးကြီး၏ မျက်လုံးခြောက်လုံးမှာ တဖျပ်ဖျပ် လက်လျက်ရှိ၏။ တစ်ချက်ကလေး ကြည့်လိုက်ရုံနှင့် ၎င်းတို့က မန်ဟို၏ စိတ်အာရုံကို ကစဉ့်ကလျားဖြစ်သွားစေတော့သည်။ တစ်ချိန်တည်းမှာပင် အလယ်ခေါင်းကြီးက ၎င်းအမြီး၎င်း ကိုက်ဖြတ်လိုက်လေသည်။
အမြီးပြတ်သည် ရုတ်တရက် မီးထတောက်လာ၏။ မျက်စိတစ်မှိတ်အတွင်း လောင်ကျွမ်းစွမ်းအားက ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီးအား ဖောက်ထွက်လာလေပြီ။ ဧရာမပိုက်ကွန်ကြီး ကောင်းကင်ရှာဖွေမြွေနဂါးကို ရစ်ပတ်ချုပ် နှာင်လိုက်သည့်အချိန်မှာပင် မြွေကြီးက ၎င်း၏အမြီးကို ခေါင်းဆောင်ကြီးဟုရန်ဆီ ပစ်လွှတ်လိုက်သည်။
၎င်းက အရိုးများသာ ကျန်တော့သည်အထိ အသွေးအသားတို့ကို လောင်ကျွမ်းသွားစေရင်း လေကိုခွင်းးလျက် ပျံသန်းလာသည်။ ခေါင်းဆောင်ကြီးဟုရန်ဆီ ရောက်သည့်အခါ ၎င်းမှာ.... ခရမ်းရောင်အရိုးကြာပွတ် အသွင်ပြောင်းသွားခဲ့လေပြီ။
၎င်းသည် ခေါင်းဆောင်ကြီးဟုရန် ထိန်းချုပ်မည်ကို စောင့်ရင်း လေလယ်တွင် ဝဲနေ၏။ ၎င်းက တချွတ်ချွတ်အက်သံများနှင့်အတူ လှိုင်းဂယက်များအား ထုတ်လွှတ်ရင်း တအိအိလှုပ်ရှားနေချေသည်။ ကြာပွတ်ပတ်ဝန်းကျင်ရှိ လေထုအလွှာများမှာ ဆက်တိုက်ကွဲကြေကုန်၏။ အဆုံးမဲ့သော အစွမ်းထက်အရှိန်အဝါတစ်ခုသည် မြွေအမြီးထံမှ ချက်ချင်း ပေါက်ကွဲထွက်လာလေသည်။
ဤအရာများကို ရှင်းပြနေရသည်မှာ အချိန်တော်တော်လေး ကြာလိုက်သော်လည်း မန်ဟိုနှင့် ခေါင်းဆောင်ကြီးဟုရန် တိုက်ခိုက်လိုက်သည့်အတောအတွင်း အသက်ငါးရှိုက်သာ ကုန်သေး၏။
ကြာပွတ်မှာ အဖိုးအနဂ္ဂထိုက်တန်ကြောင်း သိသာသည်။ မန်ဟိုနှင့် နတ်ဘုရားအာရုံပုံစံရှိသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များအားလုံး ဤအခြင်းအရာကို မြင်နိုင်လေသည်။ နတ်ဘုရားအာရုံစီးကြောင်းများမှာ တပ်မက်မှုများဖြင့် တုန်ခါလာကြတော့သည်။
သို့သော် သူတို့၏လောဘနေရာတွင် နှမြောစိတ်တို့က အစားထိုးဝင်ရောက်လာ၏။ ဤအဖိုးထိုက်ရတနာမှာ အင်အားကြီးမားသော်လည်း သွေးဆက်အမွေတစ်ခု ဖြစ်နေချေသည်။ ထိုသို့သောပစ္စည်းများအား ကောင်းကင်ရှာဖွေသွေးဆက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
ထိုမျှသာမက သာမန်သွေးဆက်များဆိုလျှင် အသုံးပြုနိုင်ဦးမည်မဟုတ်ပေ။ သွေး ပိုပျစ်ပြီး ပိုသန့်စင်သော လူများသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လည်း ဖြစ်ရပေဦးမည်။ ထိုအချက်များနှင့် ကိုက်ညီမှုမရှိပါက မည်သူမဆို သေရာပါဒဏ်ရာကြီးရသွားနိုင်၏။
မြွေအရိုးကြာပွတ်၏ များစွာသော ကန့်သတ်ချက်များကြောင့် စောင့်ကြည့်နေသူများအတွက် အရိုးထက် မပိုတော့ပေ။
သို့သော် မန်ဟိုကတော့ ..... ၎င်းကို မြင်လိုက်သောအခါ မျက်လုံးများ ထူးထူးဆန်းဆန်း တောက်ပလာတော့သည်။ တခြားသူများအတွက် အရိုးထက်မပိုသော်လည်း သူ့အတွက်တော့ ထိုသို့မဟုတ်။ သတ်ဖြတ်ပွဲကြီးတုန်းက ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များထံမှ သွေးနမူနာတချို့ သူ ထုတ်ယူထားခဲ့သည်မဟုတ်ပါလော။
ထိုသွေးတွင် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ကြီးစဉ်ငယ်လိုက် သွေးဆက်ငါးဆက်ပါဝင်သည်။ ခေါင်းဆောင်ကြီးဟုရန်ထံမှ သွေးတချို့သာ ရယူနိုင်လျှင် မျိုးဆက်ခြောက်ဆက် သွေးကိုယ်ပွားကို ဖန်တီးနိုင်မှာ ဖြစ်သည်။ ထိုမျှသာမက သာမန်သွေးကိုယ်ပွားမဟုတ်၊ သွေးစိတ်ဝိညာဉ်ဖြစ်လိမ့်မည်။ သွေးဆက်ကိုးဆက်ကိုသာ ရနိုင်လျှင်တော့ ဘိုးဘေးနိုးထစေနိုင်မည့် သွေးနတ်ဘုရားအား ဖန်တီးနိုင်မည်။
မည်သို့ဆိုစေ ထိုသို့သွေးကိုယ်ပွားတစ်ခု ပြုလုပ်နိုင်ပါက မြွေအရိုးကြာပွတ်ကို သူ အသုံးပြုနိုင်လိမ့်မည်။
ဤအတွေးများ ခေါင်းထဲတွင် ဖြတ်ပြေးသွားပြီးနောက်ဆုံး သူက ပြောလိုက်သည်။ "စွန့်စားကြည့်ရမယ်"
ခေါင်းဆောင်ကြီးဟုရန် အရိုးကြာပွတ်ကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်စဉ် မန်ဟို၏မျက်လုံးများမှာ မြင်လိုက်ရသည့် မည်သူ့ကိုမဆို အန္တရာယ်ကို ခံစားလိုက်ရစေမည့် အလင်းရောင်ဖြင့် တောက်ပသွားတော့သည်။ သူသည် အရှေ့တစ်လှမ်းတက်၍ လက်ကို မြှောက်လိုက်သည်။ ထို့နောက် ခိုင်မာပြတ်သားမှုအပြည့်ဖြင့် ခေါင်းဆောင်ကြီးဟုရန်ကို လက်ညှိုးထိုးလိုက်၏။
"မိစ္ဆာချုပ်နှောင်ခြင်း အဋ္ဌမမန္တန်"
နတ်ဘုရားစွမ်းရည် ပေါ်လာသောအခါ ခေါင်းဆောင်ကြီးဟုရန်မှာ မမြင်ရသော မိစ္ဆာချီများဖြင့် တုပ်နှောင်ခံလိုက်ရလေသည်။ သူ့တစ်ကိုယ်လုံး ချက်ချင်း တုန်တက်သွား၏။
"လာပြန်ပြီ ဒီအကွက်" ခေါင်းဆောက်ကြီးဟုရန်၏ မျက်နှာကြီး မည်းမှောင်လာ၏ ။ သူသည် ဤထူးဆန်းသောနတ်ဘုရားစွမ်းရည်ကို ရင်ဆိုင်ရန်အတွက် နည်းလမ်းပေါင်းစုံ စဉ်းစားခဲ့သော်လည်း တစ်ခုမှ ၎င်းကို မတွန်းလှန်နိုင်ပေ။ သူ ချုပ်နှောင်ခံလိုက်ရသော်လည်း အသက်တစ်ဝက်ရှိုက်စာသာ ကြာလိုက်၏။ ထို့နောက် မိစ္ဆာချီမျှင်များမှာ လျော့ရဲစပြုလာလေပြီ။
မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွား၏။ အသက်တစ်ဝက်ရှိုက်စာအတွင်း သူသည် မြွေအရိုးကြာပွတ်ဆီ၏ မီတာဒါဇင်အနည်းငယ်အတွင်းကိုသာ ဝင်ရောက်လိုက်နိုင်သည်။ အခြားတစ်ဖက်တွင် ခေါင်းဆောင်ကြီးဟုရန်မှာ လက်လှမ်းမှီရန် (၇) လက်မခန့်သာ လိုတော့၏။
ခေါင်းဆောင်ကြီးဟုရန် မြွေအရိုးကြာပွတ်အား ဖမ်းဆုပ်မိတော့မည်ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများနှင့်အတူ စောင့်ကြည့်နေသော ကျင့်ကြံသူတချို့က အနီးကပ်ကြည့်နေကြသည်။ တော်တော်များများက မန်ဟို့အကြံအစည်ကို ခန့်မှန်းပြီးသားဖြစ်သော်လည်း တချို့မှာတော့ အရိပ်အကဲမသိ၍ ကြောင်တောင်တောင် ဖြစ်နေကြ၏။
ထိုအခိုက်မှာပင် မန်ဟိုက ရုတ်တရက် ပါးစပ်ဖွင့်လိုက်သည်။ အနက်ရောင်အလင်းဖန်လုံးတစ်လုံးက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပျံထွက်လာသဖြင့် လေပြင်းတစ်ချက် ဆောင့်တိုက်သွားစေသည်။ အနက်ရောင်အလင်းဖန်လုံးသည် အနက်ရောင်ဘီတစ်ဘီး ချက်ချင်း ဖြစ်လာ၏။
၎င်းကား... အချိန်ဘီးပင်။
တစ်ပြိုင်တည်းမှာပင် မန်ဟို၏ သစ်သားအချိန်ဓားများ ပေါ်လာပြီး အချိန်ဘီး၏ ပတ်ပတ်လည်တွင် တဝှီးဝှီး လည်လာကြသည်။ အချိန်ဘီးကြီးသည်လည်း လည်စပြုလာသဖြင့် ထစ်ချုန်းသံများ ထွက်လာတော့သည်။
အချိန်စွမ်းအားက ချက်ချင်း ဖြာထွက်သွားသည်။ ခေါင်းဆောင်ကြီးဟုရန် စိတ်နှလုံး တုန်ရီသွားလေ၏။ သူ၏မျက်နှာမှာ ရှုံ့မဲ့နေပြီး ရုန်းထွက်တော့မည့်အချိန် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် အထိန်းအချုပ်ကင်းမဲ့စွာဖြင့် နောက်ပြန်ရွေ့လျားနေတော့သည်။
အချိန်ကား နောက်ပြန်သွားနေလေပြီ။ ခေါင်းဆောင်ကြီးဟုရန် စွမ်းအားကို ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် မန်ဟိုက သူ့ကိုယ်သူ အထိအခိုက်ခံရင်း နောက်တစ်ဖန် မိစ္ဆာချုပ်နှောင်မန္တန်ကို သုံးလိုက်ပြန်သည်။
ဘန်း
ခေါင်းဆောင်ကြီးဟုရန်မှာ ကျင့်ကြံခြင်းအခြေခံကို ရုတ်တရက်ကြီး ဆုံးရှုံးသွားသဖြင့် တဆတ်ဆတ် တုန်သွားတော့သည်။ ၎င်းက တခဏသာ ဖြစ်ပါသော်လည်း အချိန်ကလည်း နောက်ပြန်သွားနေလေရာ သူ့ကို မြွေအရိုးကြာပွတ်ဆီမှ မီတာဝက်မျှ အလှမ်းကွာသွား၏ ။
မန်ဟိုကမူ အစိမ်းရောင်အခိုးအငွေ့ပြောင်းလိုက်သည်။ သူသည် တစ်ချိန်လုံး သွေးအန်နေရင်း မြွေအရိုးကြာပွတ်၏အရှေ့တွင် ပြန်ပေါ်လာ၏။ ထို့နောက် ခိုင်မာပြတ်သားသော မျက်ဝန်းများဖြင့် ၎င်းကို လှမ်းဆွဲလိုက်လေတော့သည် ။
***