← Chapters

နှစ်တစ်ထောင်မှာ လူတစ်ယောက်သာ အင်မိုတယ်အဆင့် တက်လှမ်းနိုင်

Vol. 40 Ch. 558

နှစ်တစ်ထောင်မှာ လူတစ်ယောက်သာ အင်မိုတယ်အဆင့် တက်လှမ်းနိုင်

Vol. 40 Ch. 558

"ရာရာစစ" ခေါင်းဆောင်ကြီးဟုရန်က ဟိန်းဟောက်လိုက်သည်။ သူသည် အချိန်‌နောက်ပြန်စွမ်းအားကို ဖယ်ရှားခါထုတ်ပြီးနောက် မန်ဟို၏ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ကွဲကြေသွားစေလိုက်၏။

ခေါင်းဆောင်ကြီးဟုရန်၏မျက်လုံးများမှာ အထင်သေးမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ တကယ်တော့ မြွေအရိုးကြာပွတ် အလုခံလိုက်ရသည်ကို သူမစိုးရိမ်။ ၎င်းမှာ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ သွေးဆက်ဘိုးဘေးကြီးထံမှ သန့်စင်ထားသည့်အရာမဟုတ်လော။ ထိုသွေးဆက်မှအပ ဘယ်သူမှ အသုံးပြု၍မရနိုင်ပေ။

ကောင်းကင်ရှာဖွေမျိုးနွယ်စု သုတ်သင်ခြင်းမခံရခင်တုန်းကပင်လျှင် ခေါင်းဆောင်ကြီးဟုရန်တစ်ယောက်သာ ထိုအဖိုးထိုက်ရတနာကို အသုံးပြုရန် သွေးဆက်စွမ်းအားကို ထုတ်ဖော်နိုင်သည့်သူဖြစ်ခဲ့၏။

လက်ရှိအခြေအနေမှာတော့ ‌ပြောနေစရာပင်မလို။

ထို့ကြောင့် ခေါင်းဆောင်ကြီးဟုရန်အနေဖြင့် စိုးစဉ်းမျှ စိတ်မပူ။ အမှန်တွင် သူသည် မြွေအရိုးကြာပွတ်ကို လျစ်လျူရှုပြီး နတ်ဘုရားစွမ်းရည်တစ်ခုအား မန်ဟို့ဆီ ပစ်လွှတ်ရန် ညာလက်ကို မသိမသာမြှောက်လိုက်လေ၏။

အချိန်ဘီးနှင့် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ထံမှ တန်ပြန်သက်ရောက်မှုက မန်ဟို့ကို ရိုက်ခတ်ကာ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ သူ၏မျက်မှာမှာ သွေးဆုပ်ဖြူလျော်သွားပြီး သွေးအင်မိုတယ်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ပျောက်ကွယ်သွားလေပြီ။ သွေးမျက်နှာဖုံးလည်း မျက်နှာမှ ကွာကျလာပြီး အားနည်းနေသော သွေးခွေးကြီး ပေါ်လာ၏။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့ပြီဖြစ်သည်။

သို့သော် သူ့မျက်နှာအပေါ်ရှိ ခေါင်းမာမှုနှင့် ခိုင်မာပြတ်သားမှုကား တစ်ပြားသားမျှမလျော့။ ပို၍ပင် ထင်ရှားလာသေးသည်။ သူက မြွေအရိုးကြာပွတ်ကို လှမ်းဆွဲလိုက်လေပြီ။ ထိုသို့လုပ်ဖူးသောဟူ၍ သူ့အပြင်မရှိနိုင်။

၎င်းကို ထိလိုက်သည့်အခိုက်အတန့်တွင် သူ ရင်ခုန်သံမြန်သွားသည်။ တုန်ခါလှိုင်းတို့က မြွေအရိုးကြာပွတ်မှ အစပြု၍ သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖြတ်စီးသွားလေသည်။ ၎င်းမှာ သူ့ကို စစ်ဆေးပြီး ကိုက်ညီသော သွေးဆက်မရှိကြောင်း တွေ့လိုက်သည့်အခါ လုယူခံလိုက်ရပြီဟု ခံစားသွားရသယောင်ပင်။ ကြာပွတ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ ဖျက်စီးခြင်းစွမ်းအားတစ်ရပ်ဖြင့် ပြည့်နှက်သွားတော့၏။

"သေချင်နေတာလား" ခေါင်းဆောင်ကြီးဟုရန်က ပို၍အထင်သွားသော လေသံဖြင့် ပြောသည်။ သူ၏နတ်ဘုရားစွမ်းရည်ကား မန်ဟို့ကို ဝင်တိုက်‌ခါနီးလေပြီ။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူအကုန်လုံး တွေဝေကုန်ကြသည်။ ဖြစ်ပျက်နေသောအရာကို အနက်ရောင်နယ်မြေတစ်ဝှမ်းလုံးရှိ ကျင့်ကြံသူများ မြင်သောအခါ မယုံနိုင်သောအရိပ်အယောင်များ သူတို့၏မျက်နှာပေါ်တွင် ပေါ်လာကြ၏။

"သူ ဘာလုပ်နေတာလဲ" သောလန်က ပြောသည်။ "ဘာကြောင့် အဲ့ဒီလိုဆုံးဖြတ်တာများ ဖြစ်မလဲ"

ကျိုးဒယ်ခွန်မှာ စိတ်ပူသထက် ပူလာပြီး မအော်ဘဲ မနေနိုင်တော့ပေ။ "ငါ့ညီရာ ဦးနှောက်မရှိတော့ဘူးလား ... ဘာလို့ ဒီလောက် တုံးအနေတာတုန်းကွ ။ အဲ့ဒီကြာပွတ်က မင်းအတွက် ဘာလုပ်လို့ရမှာတုန်း"

ရှုပိုင်၏မျက်လုံးများမှာ ပြူးကျယ်နေပြီး ချန်မို၏‌မျက်လုံးတွေကတော့ ကျဉ်းမြောင်း၍နေသည်။ သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးထဲရှိ ‌‌နားမလည်နိုင်ဖြစ်နေမှုကို တစ်ယောက် မြင်လိုက်ကြသည်။

"ငါ သိထားရသလောက်" ရှုပိုင်က သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် ပြတ်သားသောအသံဖြင့် ပြောလာသည်။ "သူဆိုတဲ့လူက အောင်မြင်မယ်လို့ ယုံကြည်ချက်မရှိမချင်း လှုပ်ရှားမှာမဟုတ်ဘူး"

ချန်မို ရင်ထိတ်ခနဲ ဖြစ်သွားလေ၏။ "မဟုတ်မှ... သူ့မှာ ကောင်းကင်ရှာဖွေ မြွေအရိုးကြာပွတ်ကို သုံးနိုင်တဲ့နည်းလမ်းများ ရှိနေတာလား" ထိုကဲ့သို့ ဖြစ်နိုင်ခြေမျိုးမှာ စိတ်ကူး၍ပင် မရပေ။ "အဲ့ဒီလိုဆိုရင်တောင်မှ ခေါင်းဆောင်ကြီးဟုရန်ရဲ့ လက်ရှိအသေတိုက်ကွက်ကို သူဘယ်လို ရှောင်နိုင်မှာလဲ"

လူတိုင်း အံ့ဩမှင်သက်နေကြသည့်အချိန်၊ ‌မြွေအရိုးကြာပွတ်မှ တန်ပြန်သက်ရောက်မှု ရိုက်ခတ်လိုက်သည့်အချိန်၊ ခေါင်းဆောင်ကြီးဟုရန်၏ နတ်ဘုရားစွမ်းရည် အနားရောက်လာသည့်အချိန်မှာပင် ..... မန်ဟိုက သိုလှောင်အိတ်ကို ရုတ်တရက် ပုတ်ကာ မိစ္ဆာစိတ်ဝိညာဉ်အား ထုတ်လိုက်တော့သည်။

ထို့နောက် အားမာန်အပြည့်ဖြင့် ဖြစ်ညစ်လိုက်ရာ မိစ္ဆာစိတ်ဝိညာဉ်မှာ မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ခွဲဖြာထွက်သွားလေသည်။ တဖျပ်ဖျပ်လက်နေသော အလင်းစက်များက သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖုံးလွှမ်းသွား၏။ တိုက်ပွဲစကတည်းက ‌ကြေးမုံထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သော ကြက်တူရွေးနှင့် အသားဂျယ်လီတို့နှစ်ကောင်လည်း အလင်းစက်များ၏ လွှမ်းခြုံခြင်းခံလိုက်ရလေသည်။

၎င်းတို့က သွေးခွေးကြီးအထိပင် ကူးစက်လာပြီး မန်ဟိုရော သူတို့ပါ ဖောက်ထွင်းမြင်လာရတော့သည်။

‌မြွေအရိုးကြာပွတ်မှ တန်ပြန်သက်ရောက်မှုက ‌မန်ဟို့ခန္ဓာကိုယ်ကို ‌ဖြတ်၍သွားသည်။ ခေါင်းဆောင်ကြီးဟုရန်၏ နတ်ဘုရားစွမ်းရည်လည်း သူ့ဆီရောက်လာသည့်တိုင် ထိုအခိုက်တွင် သူ့သည် ပုံရိပ်ယောင်ဖြစ်နေပြီဖြစ်၍ ၎င်းမှာ သူ၏ခန္ဓာကိုယ်ကို ကျော်ဖြတ်သွားလေတော့သည်။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်း နတ်ဘုရားအာရုံစီးကြောင်းမှာ လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်ကုန်ကြ၏ ။ သူတို့ မျက်‌စိရှေ့မှာတင် မန်ဟိုကား ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ အဖိုးထိုက်ရတနာနှင့်အတူ ဖျတ်ခနဲ ပျောက်ကွယ်သွားလေပြီ။

မျက်နှာပြင်အမျိုးမျိုးအား စောင့်ကြည့်နေကြသော အနက်ရောင်နယ်မြေမျိုး‌နွယ်စုများမှ ပညာရှင်အားလုံး ပါးစပ်‌အဟောင်းသား ဖြစ်သွားကြသည်။ သူတို့မျက်လုံးများမှာလည်း ထူးဆန်းစွာ တောက်ပနေတော့၏။ ရုတ်တရက်ဆိုသလို သူတို့မှာ မန်ဟို၏အကွက်စေ့ပုံကို ပို၍ပင် လေးလေးနက်နက် မှင်သက်သွားကြလေသည်။

"ဒီတော့ အဲ့ဒါက သူ့အကြံပေါ့" ချန်မိုက မျက်လုံးနှစ်ဖက်ကို ကျဉ်းမြောင်းရင်း ပြောသည်။ မန်ဟို၏ပရိယာယ်များမှာ ‌ဟာကွက်မရှိအောင် ထောင့်စေ့ကြောင်း သူ ဝန်ခံရပေမည်။

ရှုပိုင်က ဘာမှမပြောဘဲ အတွေးထဲ နစ်မြောနေ၏။ "ကြာပွတ်ကို ဒီတိုင်းလိုချင်ရုံလေးကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တိုက်ပွဲပြီးတော့မှာမလို့ ရွှေကျီးကန်းမျိုးနွယ်စုရဲ့ ဘေးကင်းလုံခြုံမှုအတွက် ယူသွားတာများလား"

ကျိုးဒယ်ခွန်မှာတော့ ယခုမှ ဟင်းချနိုင်တော့သည်။ ‌တိမ်ကောင်းကင်မျိုးနွယ်စု၏ ကျောက်ဖန်းလည်း စိတ်နှလုံးတုန်လှုပ်လျက်ရှိ၏။ ထိုစဉ် သူ့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်ရာတွင် မိစ္ဆာစိတ်ဝိညာဉ် ပျံထွက်လာလေသည်။ ၎င်းသည် တဖျပ်ဖျပ် လက်နေသော အလင်းစက်များအသွင်ပြောင်းရင်း သူ၏ခနွာကိုယ်ကို ဝန်းရံသွားလေ၏။

သောလန်၏အရှေ့တွင်လည်း မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် ပေါ်လာသည်။ တဖျပ်ဖျပ်လက်နေသော အလင်းစက်များသည် သူမ၏ခန္ဓာကိုယ်‌တစ်လျှောက် ဖြာဆင်းကာ သူမကို တစတစ ပျောက်ကွယ်လာစေသည်။ နေရာရွှေ့ပြောင်းခြင်းစွမ်းအားကား သူမ၏ပတ်ဝန်းကျင်တွင် ဖြစ်တည်လာခဲ့လေပြီ။

ထိုစဉ် မန်ဟိုနှင့် ခေါင်းဆောင်ကြီးဟုရန် တိုက်ခိုက်နေသော နေရာ၌....

မန်ဟိုက တဖြေးဖြေး ပျောက်ကွယ်နေစဉ် ခေါင်းဆောင်ကြီးဟုရန်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဟုရန်ယွင်မင်း ... မင်းရဲ့ လက်ဆောင်ကို ငြင်းပယ်လိုက်ရင် ရိုင်းပျသလို ဖြစ်သွားလိမ့်မယ်။ မင်းမှာလည်း မိစ္ဆာစိတ်ဝိညာဉ်ရှိတာပဲ။ အဲ့ဒီတော့ ‌ငါတို့ ဆက်တိုက်ခိုက်ဖို့ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ မင်းကို ငါစောင့်နေမယ်"

ခေါင်းဆောင်ကြီးဟုရန်က သူ့ကို မျက်ထောင့်နီကြီးဖြင့် အမဲဖြတ်တော့မတတ် ကြည့်သည်။ သူ၏သတ်ဖြတ်လိုစိတ်မှာ ပို၍ပင် ပြင်းထန်လာလေပြီ။ ကောင်းကင်ရှာဖွေမြွေအရိုးကြာပွတ်မှာ ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ အဖိုးထိုက်ရတနာတစ်ပါးဖြစ်ပြီး ကမ္ဘာမိစ္ဆာအင်မိုတယ်ပြင်ညီတွင် ဝှက်ဖဲအဖြစ် အသုံးပြုရန် ရွယ်ထားခဲ့ခြင်းဖြစ်လေသည်။

အမှန်တွင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ သွားလိုသော သူ၏ရည်ရွယ်ချက်များထဲက တစ်ခုမှာ ကြာပွတ်နှင့်အတူ တွဲသုံးနိုင်သော ပစ္စည်းတစ်ခုခု ရှာရန် ဖြစ်ခဲ့သည်။ ထိုပစ္စည်းနှစ်မျိုးနှင့်သာဆိုလျှင် ဒုတိယစိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့်ပတ်သက်ပြီး သဲလွန်စများ ရကောင်းရနိုင်သည်။

ယခုတော့ ခေါင်းဆောင်ကြီးဟုရန်၏ ဒေါသကား ငယ်ထိပ်ရောက်နေပြီး အမုန်းတို့မှာ အရိုးထဲထိပင် စိမ့်ဝင်နေပြီဖြစ်သည်။ မန်ဟိုသည် သူ့ကိုယ်ပွားဆီမှ အချိန်ဘီးကို ခိုးယူခဲ့ရုံသာမက ကိုယ်အစစ်ဆီမှလည်း ဤအဖိုးထိုက်ရတနာကို လုယူသွားပြန်လေပြီ။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လျက်နှင့် အနက်ရောင်နယ်မြေကျင့်ကြံသူအားလုံး၏ မျက်စိရှေ့မှောက်မှာမှ ဤသို့ဖြစ်ပျက်ရလေသဖြင့် သူ့မှာ သူ့မျက်နှာသူ ဓားနှင့်သာ လှီးပစ်လိုက်ချင်တော့သည်။

သူက ဒေါသကို ချုပ်တည်းပြီး အေးတိ‌အေးစက်ပြောလိုက်သည်။ "ငါ့ရတနာကို ယူတယ်ပေါ့လေ။ ငါ မင်းရဲ့ ရွှေကျီးကန်းမျိုးနွယ်စုကို အမြစ်ဖြုတ်ပစ်မယ်"

"နောက်ကျလွန်းသွားပြီ" မန်ဟိုက အေးအေးလူလူ ပြန်ဖြေသည်။ သိုလှောင်အိတ်ထဲမှ မိစ္ဆာစိတ်ဝိညာဉ်က အလိုအလျောက် ပျံထွက်လာသဖြင့် ခေါင်းဆောင်ကြီးဟုရန်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားလေ၏။ ၎င်းသည် တဖျပ်ဖျပ်လက်နေသော အလင်းစက်များအသွင်ပြောင်းကာ ခေါင်းဆောင်ကြီးဟုရန်ကို လွှမ်းခြုံ၍ သူ့အား တစတစ မှေးမှိန်ပျောက်ကွယ်လာစေသည်။

"ဒါနဲ့ စကားမစပ်" မန်ဟိုက ဆက်ပြောသည်။ "မိစ္ဆာစိတ်ဝိညာဉ်နဲ့ ဆက်သွယ်လိုက်ပါလား။ ဒါဆို နေရာရွှေ့ပြောင်းခြင်းစွမ်းအား အသက်ဝင်တာ ပိုမြန်လိမ့်မယ်"

ခေါင်းဆောင်ကြီးဟုရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် မန်ဟို့ကို လေးလေးနက်နက် စိုက်ကြည့်လေ၏။ ပို၍များပြားသော နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ အုံကြွလာသဖြင့် သူ၏ခန္ဓာကိုယ်မှာ တရိပ်ရိပ်ဖြစ်နေတော့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း သူသည် အလင်းတန်းအသွင်ဖြင့် အပေါ်သို့ တဟုန်ထိုးတက်သွားကာ အဘက်ဘက်သို့ ဖြာထွက်နေသော နေရာရွှေ့ပြောင်းခြင်းလှိုင်းဂယက်များအကြား၌ ပျောက်ကွယ်သွားတော့သည်။

သူ မပျောက်ကွယ်ခင် ကြည့်သွားသည့်အကြည့်က မန်ဟို့ကို မျက်မှောင်ကြုတ်သွားစေသည်။

ဤအခိုက်အတန့်တွင် နတ်ဘုရားစိတ်ဆန္ဒမှ ကူးပြောင်းပို့လွှတ်ပေးလိုက်သော အသံတစ်သံအား မန်ဟို၏စိတ်ထဲ၌ ကြားလိုက်ရသည်။ ၎င်းသည် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် နတ်ဘုရားအာရုံစီးကြောင်းများဘက်မှ လာပြီး ပိုင်ရှင်ကား တိမ်ကောင်းကင်မျိုးနွယ်စုမှ အနီရောင်ဝတ်ရုံနှင့်လူငယ်မှတစ်ပါး အခြားမဟုတ်ပေ။

"တာအိုရောင်ရင်းမန် ၊ နောက်ဆံတင်းမနေဘဲ ဆက်သွားပါ။ ကျုပ် ရွှေကျီးကန်းမျိုးနွယ်စုကို စောင့်ရှောက်ထားပေးမယ်"

ဤအခိုက်တွင် မန်ဟို၏ခန္ဓာကိုယ်မှာ တစ်ဝက်ကျော် ပျောက်ကွယ်နေလေပြီ။ သူ့အနေဖြင့် အပေါ်သို့ ရွေ့လျားနေသောအမြန်နှုန်းကို ထိန်းချုပ်မရသဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနတ်ဘုရားအာရုံစီးကြောင်းများရှိရာသို့ ငုံ့သာကြည့်လိုက်နိုင်သည်။

"ကျုပ်က အသက်ကြီးနေပြီမလို့" အသံက ပြောသည်။ "ဒုတိယခွဲထွက်ခြင်းဖော်ဆောင်ဖို့ကို လက်လျှော့ခဲ့တာ ကြာပြီ။ ကျုပ် အသက်ရှင်နေသရွေ့ တိမ်ကောင်းကင်မျိုးနွယ်စု ဆက်လက်တည်တန့်နေပြီး တစ်ယော‌က်ယောက် ဒုတိယစိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရောက်ရှိမှာကို ကြည့်ခွင့်လေးရဖို့ပဲ မျှော်လင့်ပါတယ်

"ရွှေကျီးကန်းမျိုးနွယ်စုကို ကျုပ် ကူညီစောင့်ရှောက်ထားပေးမယ်။ ကျုပ်သာရှိရင် ဘယ်သူမှ ရန်စရဲမှာမဟုတ်ဘူး ။ ဒါပေမဲ့ ... ကမ္ဘာမိစ္ဆာအင်မိုတယ်ပြင်ညီမှာ ရှိနေတဲ့ကာလအတွင်း ကျုပ်ရဲ့ သန့်စင်သားတော် ကျောက်ဖန်းကို စောင့်ရှောက်ပေးပါ့မယ်လို့ ကတိတော့ပေးရလိမ့်မယ်

မန်ဟိုက တခဏ တိတ်ဆိတ်သွားသည်။ ထို့နောက် ကောင်းကင်ထက်သို့ ထိုးတက်မသွားခင်လေးမှာပင် နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် ပြန်ဖြေလိုက်၏။ "အခြေအနေက ကျုပ်တတ်နိုင်တဲ့ ဘောင်ထက်ကျော်နေရင်တော့ အသက်အာမ,မခံနိုင်ဘူး"

"အတတ်နိုင်ဆုံးပဲ စောင့်ရှောက်ပေးပါ" အနီရောင်ဝတ်ရုံနှင့်လူငယ်က ပုံမှန်အတိုင်း ပြန်ဖြေသည်။ "ခင်ဗျား စကားတည်မယ်‌ဆိုတာ ကျုပ် ယုံကြည်တယ်"

မန်ဟိုက ပြန်မဖြေ။ သူ့အနေဖြင့် ထိုသို့သော ကမ်းလှမ်းမှုမျိုးကို ဘယ်နည်းနှင့်မျှ ငြင်းပယ်မည်မဟုတ်ပေ။ သူသည် အမြန်နှုန်းမြှင့်ကာ အဆုံးအစမဲ့သော ကောင်းကင်ကြီးထံသို့ တဟုန်ထိုးတက်သွားသဖြင့် ဂျိန်းခနဲ ထစ်ချုန်းသံကြီးအား ကြားလိုက်ရတော့သည်။ ထို့နောက် ပျောက်ကွယ်မသွားခင် နောက်ဆုံးအခိုက်အတန့်၌ အောက်ကို ပြန်ငုံ့ကြည့်လိုက်မိ၏။

ရွှေကျီးကန်းမျိုးနွယ်စု၏ပိုင်နက်အပါအဝင် အနက်ရောင်နယ်မြေတွေကို သူမြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် အမြင်ဆုံးအရှိန်ဖြင့် လေထဲသို့ တဟုန်ထိုးတက်လာသော အလင်းတန်းလေးတန်းကိုလည်း တွေ့လိုက်ရ၏။

ထိုအလင်းတန်းများအနက် တိမ်ကောင်းကင်မျိုးနွယ်စုမှ ကျောက်ဖန်း ပါဝင်သည်။ တစ်ယောက်က မန်ဟို အတော်လေး ရင်းနှီးသော မိစ္ဆာလိပ်ပြာမျိုးနွယ်စုမှ သောလန်ဖြစ်သည်။ တတိယတစ်ယောက်ကတော့ အဘိုးကြီးပင်။

အဘိုးကြီးနှင့်ပတ်သက်ပြီး ထူးထူးခြားခြားမရှိသော်လည်း အံ့ဩဖွယ်ကောင်းစွာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်၏။ အထူးဆန်းဆုံးကတော့ သူသည် အနက်ရောင်နယ်မြေမှ ပျံတက်လာခြင်းမဟုတ်ဘဲ ၊ အနက်ရောင်နယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တောင်ပိုင်းဒေသတစ်နေရာမှ လာခြင်းဖြစ်လေသည်။

လေးတန်းမြောက်အလင်းတန်းက အနောက်ပိုင်းသဲကန္တာရ ခရမ်းပင်လယ်ကြီးအတွင်းရှိ အတော်လေး အလှမ်းဝေးသော နေရာမှ လာ၏။ ဘယ်သူလဲ မမြင်ရသည့်တိုင် ကျင်ရှန်းဖြစ်လောက်သည်။

မန်ဟို အကြည့်လွှဲလိုက်သည်။ ဤအခိုက်အတန့်၊ သူပျောက်ကွယ်မသွားခင်လေး၌ တောင်ပိုင်းဒေသသို့ လှမ်းကြည့်မိလိုက်စဉ် သူ့စိတ်နှလုံး တုန်ရီသွားလေသည်။

ထိုအရပ်မျက်နှာမှ ငါးတန်းမြောက်အလင်းတန်းကို မြင်လိုက်ရသည်။ သို့သော် အလွန်ဝေးကွာလွန်းသဖြင့် အထဲ၌ ဘယ်သူရှိနေလဲ မမြင်ရပေ။

သို့ရာတွင် တောင်ပိုင်းဒေသမှ နေရာရွှေ့ပြောင်းခြင်းအလင်းတန်းတစ်တန်းသာ ထိုးတက်လာခြင်း မဟုတ်ကြောင်း သူခံစားနေရသည်။ သည့်ထက်ပို၍ ရှိဦးပေမည်။

"တောင်ပိုင်းဒေသက ဘယ်သူများ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကို သွားလောက်မလဲ..." မန်ဟိုမှာ သူ၏မိတ်ဆွေများနှင့် တွေ့ရမည်လားတွေးရင်း သိချင်လာသည့်အပြင် စိတ်ပင်လှုပ်ရှားမိလေသည်။ ဤအခိုက်အတန့်တွင် သူကား လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။

မန်ဟို အာရုံမရလိုက်သော်လည်း တောင်ပိုင်းဒေသနှင့် အနက်ရောင်နယ်မြေမှသာ ‌နေရာရွှေ့ပြောင်းနေကြခြင်းမဟုတ်။ အရှေ့ဘက်နယ်မြေတွင်လည်း ကောင်းကင်သို့ ထိုးတက်လာနေသော အလင်းတန်းများအား မြင်ရနိုင်၏။

သုံးတန်းက... ဖန်မျိုးနွယ်စုမှ လာလေသည်။

ဖန်မျိုးနွယ်စုမှ ထိုးတက်လာသော အလင်းတန်းများအထဲတွင် ယောက်ျားနှစ်ယောက် ၊ မိန်းမတစ်ယောက် ပါရှိ၏။ မိန်းကလေးသည် မန်ဟို့ကို မှတ်မှတ်ထင်ထင် ဖြစ်စေခဲ့သော တစ်ယောက်မှတစ်ပါး အခြားမဟုတ်ပေ။ သူမကား ဒေါသအိုး‌လေး.... ဖန်ယု ဖြစ်ချေ၏။

ကျီးမျိုးနွယ်စု ဘိုးဘေးစံအိမ်ထဲရှိ ပင်မဘုရားကျောင်း၏ အမြင့်ဆုံးတစ်နေရာတွင် အရိပ်ပမာ ဖြစ်နေသော လူငယ်တစ်ဦး မတ်တပ်ရပ်လျက်ရှိသည်။ သူက လေးစားနေသော မျက်နှာထားများရှိကြသည့် ယောက်ျားငါးယောက်၊ မိန်းမလေးယောက်ကို ငုံ့ကြည့်နေ၏။ လောလောဆယ်တွင် တဖျပ်ဖျပ်လက်နေသော မိစ္ဆာစိတ်ဝိညာဉ်အလင်းစက်များက ‌သူတို့ကို ဝန်းရံထားလေသည်။ နေရာရွှေ့ပြောင်းခြင်းစွမ်းအားက ကျယ်လောင်စွာ ထစ်ချုန်းထွက်ပေါ်လာသော်လည်း အရိပ်လူငယ်၏အကြည့်က သူတို့ကို နည်းနည်းလေးမှ အပေါ်တက်မသွားနိုင်အောင် ဟန့်တားထား၏။

"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီက နှစ်တစ်ထောင်နေမှ တစ်ကြိမ်ဖွင့်တာ" သူက ပြောသည်။ "‌အနောက်ပိုင်းသဲကန္တာရခရမ်းပင်လယ်ကြောင့် တောင်ကောင်းကင်ဂြိုဟ်က ကျင်ကြံသူတွေပဲ ပါဝင်ယှဉ်ပြိုင်နိုင်တယ်။ တခြားဂြိုဟ်သုံးလုံးက ဘယ်သူမှ ပါလို့မရနိုင်ဘူး။ ဒီရှေးဟောင်းပြင်ညီပွင့်ပြီဆိုကတည်းက အင်မိုတယ်လမ်းစဉ်အတွက် တိုက်ပွဲစတင်ပြီလို့ ဆိုလိုတယ်

"နမဝတောင်နဲ့ပင်လယ်ရဲ့ စည်းမျဉ်းတွေအရ ဂြိုဟ်တစ်လုံးစီမှာ နှစ်တစ်ထောင်ကြာတိုင်း လူတစ်ယောက်ပဲ အင်မိုတယ်အဆင့်ကို တက်လှမ်းခွင့်ရှိတယ်

"အင်မိုတယ်လမ်းစဉ်အတွက် တိုက်ပွဲစတင်တဲ့အခါ အင်မိုတယ်အပ်နှင်းခြင်းစင်မြင့်ဟာ တဖြေးဖြေး နိုးထလာတယ်။ သူက တာအိုရှာဖွေအဆင့်ပညာရှင်တွေ အင်မိုတယ်လမ်းစဉ်အတွက် တိုက်ပွဲထဲ မဝင်ရောက်နိုင်အောင် အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်ပြီး ‌တားမြစ်ပေးလိမ့်မယ်။ ဟုတ်တယ် ပိုက်ကွန်ထဲကနေ လွတ်ထွက်လာတဲ့ ငါးတစ်ကောင်တော့ အမြဲရှိစမြဲမဟုတ်လား ... ရည်ရွယ်ချက် အထမြောက်ဖို့ အသက်‌စွန့်ပြီးတောင် တိုက်ခိုက်ကြမယ့်လူတွေ ရှိလိမ့်မှာပဲ

"အင်မိုတယ်လမ်းစဉ်က မင်းတို့မျက်စိရှေ့‌လေးမှာတင် ရှိနေပေမယ့် ရန်သူတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။ အဲ့ဒီရန်သူတွေက မင်းတို့မျိုးဆက် ကျင့်ကြံသူတွေတင် မဟုတ်ဘူး။ ဝါရင့်မျိုးဆက်တွေဖြစ်တဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၊ တာအိုရှာဖွေအဆင့်ပညာရှင်တွေလည်း ပါလိမ့်မယ်။ သူတို့အားလုံး ဒီနှစ်‌တစ်ထောင်အတွင်းမှာ အင်မိုတယ်အဆင့်တက်လှမ်းချင်ခဲ့ကြတာ

"လာမယ့်နှစ်တွေက တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်။ လူတွေ အများကြီး တိုက်ခိုက်ကြမယ်။ တစ်ယောက်ကလွဲပြီး အကုန်ရှုံးနိမ့်လိမ့်မယ်။ အဲ့ဒီတစ်ယောက်တည်းကပဲ အင်မိုတယ်အဆင့်တက်လှမ်းခြင်းကို ရရှိလိမ့်မယ်

"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ ကံကောင်းသွားတဲ့ သူတွေကတော့ အင်မိုတယ်လမ်းစဉ်ပေါ်မှာ သူများတွေထက် ခြေတစ်လှမ်းသာလိမ့်မှာပဲ။ ဒါကြောင့် ဒီနှစ်တစ်ထောင်အတွင်း အင်မိုတယ်အဆင့်တက်လှမ်းမယ့်လူက ကျီမျိုးနွယ်စုက ဖြစ်ဖို့ ငါမျှော်လင့်တယ်" ထို့နောက် လူငယ်က လက် ဝှေ့ယမ်းလိုက်သည်။ လူကိုးယောက်၏ ခန္ဓာကိုယ်မှ တုန်ရီသွားပြီး ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ သွားနေသော ကျီမျိုးနွယ်ဝင်အားလုံးမှာ ရွေးချယ်ခံများဖြစ်ကြ၏။ သို့ရာတွင် ထိုနှစ်တုန်းက မန်ဟို သတ်ပစ်ခဲ့သော အယောင်ဆောင်အဆင့် ကဲ့သို့မဟုတ်ဘဲ အစစ်အမှန်အဆင့်ဖြစ်ကြလေသည်။

နေရာရွှေ့ပြောင်းခြင်းအလင်းတန်းများကို မြောက်ပိုင်းသဲကန္တာရ အပေါ်တွင်လည်း မြင်ရနိုင်သည်။

သိသာစွာပင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ အနောက်ပိုင်းသဲကန္တာရတစ်ခုတည်းအတွက် မဟုတ်ပေ။ ၎င်းသည် တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံးအတွက် အရေးပါသော ကိစ္စတစ်ရပ်၊ တောင်ပိုင်းဒေသ၊ အနောက်ပိုင်းသဲကန္တာရ၊ အရှေ့ဘက်နယ်မြေနှင့် မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများ စုဝေးရာ အခမ်းအနားကြီးတစ်ခုဖြစ်ချေသည်။

ဤအခိုက်အတန့်တွင် ‌အင်မိုတယ်လမ်းကား ..... ပွင့်လာခဲ့ချေပြီ။

***

All Chapters