← Chapters

ထပ်တွေ့ကြပြန်ပြီပဲ ... ဪ ကံတရား ကံတရား

Vol. 40 Ch. 559

ထပ်တွေ့ကြပြန်ပြီပဲ ... ဪ ကံတရား ကံတရား

Vol. 40 Ch. 559

နေရာရွှေ့ပြောင်းခြင်းရောင်စုံအလင်းတန်းများသည် တောင်ကောင်းကင်ဂြိုဟ်၏ ကြီးကျယ်မြင့်မြတ်သော နယ်မြေများမှ ထိုးတက်လာသဖြင့် လှိုင်းဂယက်များအား အဘက်ဘက်သို့ ဖြာထွက်ပျံ့နှံ့နေစေတော့သည်။ ကောင်းကင်မှာလည်း တုန်ခါလျက်ရှိ၏။ နေရာရွှေ့ပြောင်းခြင်းရောင်စဉ်များမှာ တဖျပ်ဖျပ်လက်နေပြီး တိမ်တိုက်အပေါင်းအား တလိပ်လိပ်ထနေစေလေသည်။

တောင်ကောင်းကင်ဂြိုဟ်တွင် သုံးရက်တိတိ ... ညမရှိခဲ့ပေ။

သုံးရက်တိုင်တိုင် တောင်ပိုင်းဒေသ၊ အနက်ရောင်နယ်မြေ၊ မြောက်ပိုင်းသဲကန္တာရနှင့် နဂါးငွေ့တန်းပင်လယ်တွင်ပင်လျှင် ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုများမှ ခေါင်းဆောင်ကြီးအားလုံး ကောင်းကင်သို့ မော့ကြည့်နေခဲ့ကြ၏။

ဤအခိုက်အတန့်တွင် .... အင်မိုတယ်လမ်း ပွင့်လာခဲ့ပြီဖြစ်ကြောင်း သူတို့အားလုံး ကောင်းကောင်းသိကြလေသည်။

ညတာကင်းမဲ့နေသော နေ့သုံးရက်အား ကျော်ဖြတ်ပြီးနောက်တွင် တောင်ကောင်းကင်ဂြိုဟ်နယ်မြေများရှိ စိတ်ဝိညာဉ်စွမ်းအင်မှာ ရုတ်တရက်ကြီး အားကောင်းလာသည်ကို လူတော်တော်များများ ခံစားလိုက်ရ၏။ အနောက်ပိုင်းသဲကန္တာရမှလွဲ၍ နေရာတိုင်းလိုလိုတွင် စိတ်ဝိညာဉ်စွမ်းအင်များမှာ သုံးဆအထိ တိုးပွားလာခဲ့လေသည်။

စိတ်ဝိညာဉ်စွမ်းအင် ဆယ်ဆတိုးသွားသော နေရာတချို့ပင် ရှိပြီး ထူးခြားအံ့ဖွယ်နေရာများမှာဆိုလျှင် တိုးပွားမှုပမာဏမှာ ကြောက်မက်စရာ‌ကောင်းလောက်အောင် ဖြစ်လာခဲ့သည်။ တောင်ကောင်းကင်ဂြိုဟ်မှာ ယခုတွင် ယခင်နှင့် မတူတော့ပေ။ စိတ်ဝိညာဉ်စွမ်းအင်အားကောင်းမှုက ကျင့်ကြံခြင်းကို ပိုမိုလွယ်ကူစေ၏။ စိတ်ဝိညာဉ်စိမ့်စမ်းတစ်ရာကျော်မှာလည်း ခမ်းခြောက်နေခဲ့ရာမှ ‌ပြည့်သျှံပေါင်းလန်လာလေတော့သည်။

စိတ်ဝိညာဉ်စွမ်းအင်သာ အားကောင်းလာခြင်းမဟုတ်။ ကောင်းကင်နှင့်မြေကြီး၏ နိယာမမှာ ပြန်လည်ရေးသားခံလိုက်ရသကဲ့သို့ ‌အားပျော့သွားသယောင်ပင်။ ကျင့်ကြံသူများအတွက် ဉာဏ်အလင်းရရှိဖို့ အလွန်ခက်ခဲခဲ့သော်လည်း ပြောင်းလဲမှုက အဆိုပါ ပုံသဏ္ဌာန်မဲ့နိယာမများအား ကိုယ်တိုင်ကိုယ်ကျ အမှတ်အသားပြုရန် လွယ်ကူသွားစေသည်။

အားလုံးအထဲ အံ့ဩစရာအကောင်းဆုံးမှာတော့ ညပြန်ရောက်လာသောအခါ ကြယ်တာရာကောင်းကင်မှာ မဆိုစလောက် ပြောင်းလဲသွားခဲ့ခြင်းပင်။ အပေါ်ထက်ရှိ ကြယ်တာရာပြင်မှာ ယခင်တစ်ခုနှင့် ကွဲပြားသွားသည့်အလား ကြယ်များ၏နေရာက မတူညီတော့ပေ။ မော့ကြည့်လိုက်လျှင် ရှေးခေတ်သို့ ပြန်ရောက်သွားသလို ခံစားရမည်ဖြစ်သည်။

ဤသည်မှာ ကြယ်တာရာကောင်းကင်အစစ်ဖြစ်ပြီး ချုပ်နှောင်တံဆိပ်တစ်ခုခု ဖယ်ရှားခံလိုက်ရသည်ကို ‌ညွှန်ပြနေပုံရသည်။ ယခုတွင် ... တန်ခိုးရှင်များ တောင်ကောင်းကင်ဂြိုဟ်သို့ ဆင်းသက်လာနိုင်လေပြီ။

ဤအပြောင်းအလဲမျိုးစုံက တောင်ကောင်းကင်ဂြိုဟ်၏ ကျင့်ကြံသူများအကြား အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေ၏။ ကြောင်တောင်တောင်ဖြစ်သူက ဖြစ်၊ ဝမ်းသာသူက ဝမ်းသာနေကြလေသည်။ အစွမ်းထက်ပညာရှင်တချို့၏ မျက်ဝန်းများအထဲတွင်လည်း မဆုတ်မနစ်သော ဇွဲဆန္ဒတို့ တောက်ပလာကြလေ၏။

ဤအင်မိုတယ်လမ်းအတွက် တိုက်ပွဲသည် သူတို့အတွက်လည်း အရေးကြီး၏။ သူတို့အားလုံးမှာ နှစ်တစ်ထောင်ကျော် နေထိုင်ခဲ့ပြီး၍ လွန်ခဲ့သောနှစ်တစ်ထောင်က အင်မိုတယ်လမ်းတိုက်ပွဲကို ကြုံတွေ့ခဲ့ဖူးလေသည်။ ရှုံးနိမ့်သွားသည့်နောက်တွင်တော့ သူတို့တွင် ယနေ့ထက်ထိ စောင့်နေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သူတို့ထဲက တချို့ဆိုလျှင် နှစ်တစ်ထောင်သာမက ထောင်နှင့်ချီ နေထိုင်ခဲ့ပြီးပြီဖြစ်သည်။

ဤလူများကား စိုးရိမ်ပူပန်ခြင်းအလျဉ်းမရှိ။ နှစ်တွေအကြာကြီး နေထိုင်ခဲ့ပြီးသဖြင့် အင်မိုတယ်လမ်းပွင့်လာသည့်နောက်ပိုင်း ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာများမှာ အဆုံးသတ်နှင့်နီးလာသည့်အတွက် အားနည်းသထက် အားနည်းလာမည်သာဖြစ်ကြောင်း သူတို့သိကြလေသည်။ တန်ခိုးရှင်အင်မိုတယ်များ ပေါ်လာပြီး အောင်မြင်နိုင်နှုန်းလည်း မြင့်တက်လာမည်ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ‌မျှော်လင့်ချက်များဖြင့် ပြည့်နေသော်လည်း စိုးရိမ်ပူပန်ခြင်းတော့မရှိပေ။

အောက်၌ ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ်အတောအတွင်း အပေါ်ရှိ အဆုံးအစမဲ့သော ကြယ်တာရာအာကာပြင်ကြီးတွင်တော့ မြစ်ကြီးတစ်စင်း စီးဆင်းနေလေသည်။ မြစ်ကြီးသည် အာကာတစ်ခွင် ဖွေးဖွေးလှုပ်နေသော ကြယ်စင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေ၏။

ဤမြစ်ပြင်ကျယ်ကြီးဖြစ်ပေါ်လာစေသော ကြယ်များမှာ တကယ်တမ်း ဖုန်များ၊ အပိုင်းအစများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်လေသည်။ ထိုဖုန်များ၊ အပိုင်းအစများထဲတွင် တောင်ကောင်းကင်ဂြိုဟ်မှ နေရာရွှေ့ပြောင်းခံလိုက်ရသော ကျင့်ကြံသူအစုလေးတစ်စု ရှိ၏။

မန်ဟိုလည်း သူတို့ထဲက တစ်ယောက်ဖြစ်သည်။ သို့ရာတွင် သူ၏မျက်လုံးများက ပိတ်နေပြီး သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားမှုအလျဉ်းမရှိပေ။ ကြယ်စင်မြစ်ပြင်ထဲရှိ တခြားသူအားလုံးလည်း ထိုနည်းတူဖြစ်သည်။

တစ်ယောက်ကိုတစ်ယောက် မမြင်ရသောကြောင့် မည်သူက ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ ဝင်ရောက်မည့်အဖွဲ့ထဲ ပါဝင်သည်လဲ မသိကြပေ။

အချိန်အတိုင်းအတာတစ်ခု ကြာသွားသည်။ ကြယ်တာရာအာကာပြင်မှာ ဆိတ်ငြိမ်အေးချမ်းလျက်ရှိ၏။ စီးဆင်းနေသော ကြယ်များမှအပ မည်သည့်အရှိန်အဝါမှ မရှိ။ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်လာခဲ့သော လူစုကား မန်ဟို ယခင်က ရောက်ခဲ့ဖူးသော အင်မိုတယ်လျှောက်လှမ်းခြင်းတံတားနှင့် တစတစ နီးကပ်လာလေပြီ။

ဤတံတားပျက်ကြီးသည် ထုံးစံအတိုင်း ကြယ်စင်တာရာများအကြား၌ ပျံဝဲလျက်ရှိချေ၏။ ကြယ်မြစ်ကြီးက ၎င်းအနားရောက်လာပြီး ကျော်စပြုလာသည်။

သို့‌သော် ကြယ်မြစ်ကြီး ‌ကျော်ဖြတ်စီးဆင်းနေစဉ် ရုတ်တရက်.... တံတား၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အလင်းစက်များပေါ်လာ၏။ ၎င်းတို့က အဆုံးမရှိတော့ဟန်ဖြင့် တံတားအပြည့် နေရာယူလာကြပြီး ပုံစံကွက်တစ်မျိုးဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြလေသည်။ အင်မိုတယ်လျှောက်လှမ်းခြင်းတံတား၏ အတွင်းပိုင်း‌တစ်နေရာ ... ဘယ်သူမှ မမြင်နိုင်သော ကျောက်တုံးတစ်တုံးပေါ်တွင် မျက်လုံးအသွင်ရှိသော အလင်းနှစ်စက်တောက်ပနေ၏ ။

ဤအရာအားလုံးကို ရုပ်ပုံကားချပ်တစ်ခုအဖြစ် ပေါင်းစုပြီး အင်မိုတယ်တံတားအား ချဲ့ကြည့်လိုက်ပါ။ ကျောက်တုံး‌ကျောက်ခဲများမှာ တကယ်တမ်း ‌ကုန်းမြေများ၊ တိုက်ကြီးဖြစ်ကြောင်း မြင်ရလိမ့်မည်။ ထပ်ပြီး ချဲ့ကြည့်လိုက်လျှင် ၎င်းတို့အားလုံး၏ အလယ်တည့်တည့်၌ တောင်တစ်လုံးကို တွေ့ရပေမည်။ ထိုတောင်၏ထိပ်တွင် လျှပ်စီးသဖွယ် တောက်ပနေသော အလင်းစက်နှစ်စက်ရှိနေ၏။ အံ့ဖွယ်ကောင်းစွာနှင့် .... ၎င်းတို့က လူနှစ်ယောက်ပင်။

အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်။

အမျိုးသားသည် စာပေသမားဆန်ပြီး ရုပ်ရည်သန့်ပြန့်၏။ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာအမူအရာမှာ ငေးကြောင်ကြောင်ဖြစ်နေသော်လည်း ရံဖန်ရံခါ အသိစိတ်ဝင်သွားတတ်သည်။ အမျိုးသမီးမှာ အမျိုးသား၏လက်မောင်းကို တွဲရင်း ရပ်နေသည်။ သူမမျက်ဝန်းထဲရှိ ငေးကြောင်ကြောင်ဖြစ်နေမှုမှာ တစ်ခါတရံ ခပ်ယဲ့ယဲ့အပြုံးလေးတစ်ခုကြောင့် ပျောက်ကွယ်သွားတတ်၏။

ဤအမျိုးသားမှာ ဟန်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။

ပြန်လည်မွေးဖွားလာခဲ့သော မိစ္ဆာဧကရာဇ် ဟန်ရှန်း

ဤအခိုက်အတန့်တွင် ရုတ်တရက် သူ၏မျက်လုံးများ ပြတ်သားကြည်လင်သွား၏။ သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ‌စီးဆင်းနေသော ကြယ်မြစ်အတွင်းရှိ အလင်းအပိုင်းအစများအကြားတွင် ရင်းနှီးသောမျက်နှာတစ်ခုကို မြင်လိုက်ရ၏။

"ထပ်တွေ့ပြန်ပြီပေါ့" သူသည် ပေါ့ပါးသလို ၊ အက်လည်း အက်ကွဲနေသောအသံဖြင့် ပြောသည်။ "ဪ ကံကြွေး... ကံကြွေး" သူသည် အထီးကျန်နေပုံမရတော့သော်လည်း ယခင်အတိုင်း ညှို့မှိုင်းနေစမြဲဖြစ်သည်။ သို့ထိတိုင် သူ့ဘေးရှိ အမျိုးသမီးကို ငုံကြည့်လိုက်သောအခါ ညှို့မှိုင်းနေမှုက နူးညံ့ကြင်နာမှု..... နောင်တကင်းမှုဖြစ်လာ၏။

ဟန်ရှန်းသည် ညာလက်ကို မြှောက်ပြီး ကောင်းကင်ထက်သို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို တံတားအတွင်းရှိ တံတားကျွန်အကုန်လုံး ခေါင်းထောင်ပြီး အသံမဲ့သောဟိန်းဟောက်သံများ ပြုလိုက်ကြလေသည်။

အပြင်လူတစ်ယောက်မှ ဟိန်းဟောက်သံမများကို မကြားရ။ မည်သို့ဆိုစေ အသံသည် တုန်လှုပ်ချောက်ချားဖွယ်အရာ တစ်ခုအဖြစ် ပုံသဏ္ဌာန်ပေါ်လာ၏။ ၎င်းက တံတားပျက်နယ်ပယ်မှ အင်မိုတယ်တံတား၏အပြင်သို့ ထွက်လာကာ ကြယ်စင်မြစ်ထံ ထိုးတက်သွားတော့သည်။

၎င်းက မြစ်ကို ထိုးဖောက်၍ မရေမတွက်နိုင်သော အလင်းအပိုင်းအစများ၊ ဖုန်များကို ခွင်းကာ .... မန်ဟို့ကို ရှာတွေ့သွား၏။

"ထတော့"

"ထတော့"

"ထတော့"

အသင်္ချေသောတံတားကျွန်များ၏ ဟိန်းဟောက်သံကြီးက မန်ဟို၏စိတ်ထဲတွင် ပဲ့တင်ရိုက်ခတ်ကာ ကောင်းကင်နှင့် မြေကြီးကို ထက်ခြမ်းခွဲပစ်နိုင်သော မိုးထစ်ချုန်းသံကြီးသဖွယ် ပြောင်းလဲသွားလေ၏။ ၎င်းသည် သူ၏စိတ်၊ သူ၏နှလုံးသားအထဲတွင် ပြည့်နှက်ကာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားစေသည်။

ပေါက်ကွဲမှုက တံတားကျွန်များ၏ ဟိန်းဟောက်သံမှ အရင်းခံလေသည်။ ၎င်းသည် မန်ဟို့ခန္ဓာကိုယ်ကို နေရာလပ်မကျန် ထိုးဖောက်သွားသော ဆူးချွန်ချွန်များ အသွင်ပြောင်းသွား၏။ လှုံဆော်မှုမှာ သူ၏ဦးနှောက်တွင် ပြည့်သွားပြီး တုန်ခါလှိုင်းများက သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖြာဆင်းသွား‌လေပြီ။ ထိုသို့ ရှစ်ခါတိတိ ဖြာဆင်းပြီးနောက်တွင် မန်ဟို့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။

စစချင်း သူ့မျက်လုံးတွေက တွေတွေဝေဝေ ဖြစ်နေသည်။ တံတားကျွန်များ၏ အသံမှာ တိခနဲ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် ကြယ်မြစ်ပြင်ထဲ၌ နိုးထလာသူဟူ၍ မန်ဟိုတစ်ယောက်တည်းသာ ရှိ‌၏။ သူက ဘေးဘီဝဲယာကို ကြောင်တိကြောင်တောင် ကြည့်ရင်း အသက်သုံးရှိုက်လောက်ကြာမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွားလေသည်။

စိတ်အစဉ် ကြည်လင်သွားသော အခိုက်အတန့်တွင် မန်ဟိုမှာ လှုပ်မရကြောင်း သတိထားမိလိုက်၏။ သူ့မှာ မျက်လုံးဖွင့်နိုင်ရန်လေးအတွက်သာ လုံလောက်သော အားဖြင့် နိုးထလာခဲ့သယောင်ပင်။ သူ၏နတ်ဘုရားအာရုံမှာလည်း အပြင်းအထန် ဖိနှိပ်ခံထားရ၍ မီတာသုံးဆယ်အကွာအဝေးအထိသာ ဖြန့်ကျက်နိုင်လေသည်။

မလှုပ်မယှက်အနေအထားနှင့်ပင်လျှင် တသွင်သွင် စီးဆင်းနေသော ကြယ်များ၊အလင်းအပိုင်းအစများနှင့် ဖုန်များကို သူမြင်လိုက်ရသေး၏။ ထို့နောက် အဝေးတစ်နေရာ၌ မျက်လုံးများပိတ်လျက် လွင့်မျောနေသော တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ထိုတစ်ယောက်မှာ တိမ်ကောင်းကင်မျိုးနွယ်စု၏ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးမှ သူ့ကို ကာကွယ်ပေးရန် ယုံယုံကြည်ကြည် အပ်နှံခဲ့သော ကျောက်ဖန်းမှတစ်ပါး အခြားမဟုတ်ပေ။

"ငါတစ်ယောက်ပဲ နိုးနေတာလား ။ ဒါပေမဲ့ ... ဘာလို့လဲ" ထိုအခိုက်အတန့်တွင် အင်မိုတယ်တံတားကို မန်ဟို ဖျတ်ခနဲ မြင်လိုက်ရ၏။ ဟန်ရှန်းပုံရိပ်က သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

ထိုစဉ် အင်မိုတယ်တံတား၏အပေါ်တွင် မရေမတွက်နိုင်သော အလင်းစက်များမှာ တစတစ မှေးမှိန်လာနေပြီဖြစ်သည်။ ဟန်ရှန်းနှင့် သူ့ဇနီးကို ကိုယ်စားပြုသောအလင်းများလည်း တဖြေးဖြေး ပျောက်ကွယ်လာ၏။

သူ နိုးထလာခဲ့သည့် အကြောင်းရင်းမှာ .... ဟန်ရှန်းကြောင့် ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟို၏မျက်လုံးများ ဝင်းလက်သွားလေသည်။

မည်သည့်အရာက ဤစိတ်ကြည်လင်သွားသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်လဲ အတပ်မပြောနိုင်သော်လည်း ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီတွင် မည်သို့မည်ဖုံအသုံးဝင်လောက်မည်လဲ မန်ဟို တွေးမိသွား၏ ။ မည်သို့ဆိုစေ.... ဆိုးကျိုးတော့ရှိမည်မဟုတ်။ ‌ယခုတွင် သူ ခေါင်းကြည်သွားပြီဖြစ်၍ ဤအခွင့်အရေးကို အသုံးပြုရန် နည်းလမ်းတစ်ခုခုတော့ ရှိကိုရှိပေလိမ့်မည်။

"အခွင့်ကောင်းတစ်ခုခု ဖမ်းဆုပ်နိုင်ရင် ငါ သူများတွေထက် နှာတစ်ဖျား သာရင်သာသွားနိုင်တယ်။ ဒီလို စိတ်နိုးထလာလေးက ရိုးရှင်းတယ်ထင်ရပေမယ့် တခြားကိစ္စရပ်တွေမှာ သက်ရောက်မှုကြီးကြီးမားမား ရှိကောင်းကောင်းရှိနိုင်တယ်" ကြယ်မြစ်ကြီးက အင်မိုတယ်တံတားကို ဖြတ်၍ ၎င်းအနောက်ရှိ ကြယ်များဖြင့် ဖုံးလွှမ်းနေသော အာကာပြင်သို့ ဆက်လက်စီးဆင်းသွားလေပြီ။

ဤကြယ်တာရာအာကာပြင်ကို ဝင်‌ရောက်ဖြတ်သန်းသွားစဉ်တွင် အလွန်ပြင်းထန်သော ထစ်ချုန်းသံကြီး ပဲ့တင်ရိုက်ခတ်လာ၏။ မန်ဟို့ခန္ဓာကိုယ်မှာ ထိန်းချုပ်မရအောင် တုန်ခါလာပြီး ကြယ်မြစ်တစ်စင်းလုံး လှိုင်းထလာတော့သည်။ မရေမတွက်နိုင်သော ဖုန်မှုန်များဖြင့် ဝင်တိုက်မိသော်လည်း ၎င်းတို့က သူ့အား နည်းနည်းလေးမှ ထိခိုက်စေခြင်းမရှိပေ။

မန်ဟိုသည် ခန္ဓာကိုယ်အား ထိန်းချုပ်မရသည့်အချက်ကို လျစ်လျူရှုရင်း အရှေ့တည့်တည့်သို့သာ စူးစူးစိုက်စိုက် ကြည့်နေ၏။

သူ့မှာ ဖြစ်ပျက်နေသောအရာကို စမ်းတဝါးဝါးသာ ဆက်စပ်တွေးကြည့်နိုင်သည်။ ကြယ်မြစ်သည် ဤအာကာပြင်နယ်ပယ်ကို ဝင်ရောက်လာခဲ့စဉ် မမြင်ရသော အတားအဆီးတစ်ခုကို ဝင်တိုက်မိလိုက်သဖြင့် အရာအားလုံးတုန်ခါသွားရပုံပင်။

တစ်ချိန်တည်းမှာပင် ကြယ်မြစ်မှာ .... အတားအဆီးကို ဝင်‌တိုက်၍ တခြားကမ္ဘာအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း မန်ဟို ခံစားလိုက်လေသည်။

ထိုသို့ဖြစ်ပျက်သောအခါ ပတ်ဝန်းကျင်ရှိ ဖုန်အစိုင်အခဲအားလုံး တုံ့ခနဲ ရပ်သွား၏။ သူပင်လျှင် ရုတ်တရက်ကြီး ရပ်သွားပြီဖြစ်သည်။ ထိုစဉ် ကြယ်မြစ်၏အပြင်တွင် အလင်း‌ရောင်စုံ ကွန့်မြူးနေသည်ကို မြင်လိုက်ရ၏။

သူ့အတွက် အထူးဆန်းဆုံးမှာ သူ မလှုပ်မယှက်ရပ်နေရသည့်အချိန် သူ့ညာဘက်တွင် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ သူ့မှာ မည်သည့်အချိန်တုန်းက ပေါ်လာခဲ့သည်လဲပင် မသိခဲ့ပေ။

သူမသည် အပြာရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး အတော်လေးလှ၏။ သူမျက်ဝန်းများက ပိတ်နေပြီး သူမမျက်နှာလေးမှာ နူးညံ့လွန်းလှသဖြင့် လေပြင်လေညင်းလေးတစ်ချက်ကြောင့် ပွန်းပဲ့သွားမှာပင် စိုးရလေသည်။ ထို့အပြင် သူမကား အအေးဓာတ်တစ်ခုကို ပေးစွမ်းနေ၏။

အမျိုးသမီးမှာ တွေ့မြင်ခဲ့ဖူးသူ မဟုတ်ပေ။ မန်ဟိုသည် သူမကို တခဏကြည့်နေပြီးနောက် မြစ်အပြင်ရှိ ရောင်စုံအလင်းများဆီ အကြည့်လွှဲလိုက်၏။ အချိန်များ ကုန်ဆုံးသွားသည်။ ကြယ်မြစ်သည် ရပ်တန့်လျက်ရှိသည့်တိုင် ရွေ့လျားနေကြောင်း မန်ဟို ခံစားနေရလေသည်။

သူက တိတ်ဆိတ်‌မှု၏အလယ်တွင် အတန်ကြာစဉ်းစားနေလိုက်သည်။ အချိန်အနည်းငယ်ကြာသော် သူ ဖျတ်ခနဲ နားလည်လိုက်၏။ ရွေ့လျားနေသည်ကား ကြယ်မြစ်မဟုတ်... အချိန်ပင်ဖြစ်ချေသည်။

အချိန်‌ ရွေ့လျားနေသည်။ ရှေ့သို့ မဟုတ် ... ပြောင်းပြန်။ အချိန်ကား ... ပြောင်းပြန်ရွေ့လျားနေလေသည်။

ဤအသိက မန်ဟို့စိတ်ကို တုန်လှုပ်သွားစေသည်။ သူသည် ရောင်စုံအလင်းများကို ကြည့်ကာ ဤထူးထူးဆန်းဆန်းနေရာနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရလျှင် အချိန်ကိုသာမက အချိန်ရတနာအသုံးပြုနည်း ၊ တံဆိပ်ခတ်နည်းအစရှိသော ကိစ္စရပ်များကိုလည်း ပို၍နက်နက်နဲနဲ နားလည်နိုင်မည်ဟု အာရုံရလိုက်တော့သည်။

ဤအခွင့်အရေးမှာ... ရှားမှရှားကြောင်းကိုလည်း သူ သိလိုက်၏။

အချိန်အတော်လေးကြာသည့်နောက်တွင်တော့ မန်ဟိုကား အချိန်ပြောင်းပြန်သွားနေခြင်းနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရှာဖွေရာတွင် စိတ်ရောကိုယ်ပါ နစ်မြှုပ်လိုက်လေပြီ။ တံတားပျက်နယ်ပယ်မှာတုန်းက အချိန်အပြောင်းအလဲများနှင့်ပတ်သက်ပြီး သိရှိခဲ့သည်များနှင့် ဤအချက်အလက်အသစ်အား ပေါင်းစည်းခြင်းဖြင့် သူ၏အသိအမြင်မှာ ပို၍နက်ရှိုင်းလာတော့သည်။

ရုတ်တရက် ကြယ်မြစ်ကြီးတစ်ခုလုံး ထပ်မံတုန်ခါသွားပြန်၏။ ၎င်းမှာ မမြင်ရသော အတားအဆီးတစ်ခုကို ဝင်တိုက်သွားသည့်အလား ခံစားရလိုက်ပြန်သည်။ ကျော်ဖြတ်သွားပြီးနောက် အံ့ဖွယ်ကမ္ဘာတစ်ခုကို မန်ဟို ရုတ်တရက် မြင်လိုက်ရ၏။

ကမ္ဘာကို မြင်လိုက်ရသော အခိုက်အတန့်မှာပင် မြစ်အတွင်းရှိ ဖုန်မှုန်များ၊ အလင်းအပိုင်းအစအားလုံး တုန်ခါသွားသည်။ လှုပ်ရှားမှုက ဘေးရှိ မျက်လုံးမှိတ်ထားသော အမျိုးသမီးကို မန်ဟို့အား ဝင်တိုက်မိသွားစေသည်။

မန်ဟို့ခေါင်း၊ မန်ဟို့မျက်နှာမှာ အလွန်နူးညံ့အိစက်‌နေသော အရာနှင့် ထိသွားမိ၏... မွှေးပျံ့သင်းကြိုင်သောအနံ့လေးတစ်ခုက သူ၏မျက်နှာတွင် ရစ်ဝဲနေလေတော့သည်။

***

All Chapters