ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်း
Vol. 40 Ch. 560
မန်ဟို့ခမျာ အတန်ငယ် အနေရခက်နေ၏။
သို့သော် သူ ဘာမှမတတ်နိုင်သည် မဟုတ်ပါလော။ အမျိုးသမီးသည် သူမဘာသာ မျောလာပြီး သူကို ဝင်တိုက်မိသည်ဖြစ်ရာ သူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အဆိုးရွားဆုံးမှာတော့ သူ့မြင်ကွင်းကို ပိတ်နေခြင်းပင် ဖြစ်တော့သည်။
ယခုတော့ သူ့မှာ အပြင်လောကကို စိုးစဉ်းမျှပင် မမြင်ရပေ။
သူမအနံ့လေးမှာ မွှေးပျံ့ချိုအီနေပြီး ကိုယ်လုံးလေးကလည်း နူးနူးညံ့ညံ့ အိအိစက်စက်ကလေး ဖြစ်သည်။ အိစက်ညက်ညောသော အသားစိုင်လေးက မန်ဟို့မျက်နှာတစ်ခုလုံးကို ဖိကပ်လာသဖြင့် စုန်းစုန်းပင်မြုပ်ခါနီးလေပြီ။
ငုံ့ကြည့်လိုက်သောအခါ တစ်သက်နှင့်တစ်ကိုယ် မြင်ရခဲသော အလှတရားလေးအား မြင်သည်ဆိုရုံကလေး မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားလေတော့သည်။ သို့ပါသော်လည်း သူ့မှာ ဒေါသထွက်ဖို့သာ သိ၏။
သူကြည့်ချင်သည်က ဤအမျိုးသမီးမဟုတ်၊ သူမအနောက်ရှိ ကမ္ဘာကို ဖြစ်သည်။ ထိုကဲ့သို့ ရှေးကမ္ဘာကို ကြည့်ရှုလေ့လာနိုင်ခြင်းမှာ သူ့အတွက် မဟာအခွင့်အရေးကြီးပင်။ သို့စေကာမူ ယခုတော့ ထိုအခွင့်အရေးမှာ .... ဖျက်ဆီးခံလိုက်ရလေပြီ။
"မတရားဘူး" မန်ဟိုက တစ်ယောက်တည်း ငြီးတွားလိုက်သည်။ ထို့နောက် မျက်နှာနားက နူးညံ့သောအနံ့လေးကို ခပ်ပြင်းပြင်းရှူသွင်းလိုက်လေသည်။
"တော်တော်မတရားဘူး" သူ့မှာ ခေါင်းမော့ချင်ပါသော်လည်း ခန္ဓာကိုယ်ကို နည်းနည်းလေးမှ ထိန်းချုပ်၍မရပေ။ ထိုမွှေးပျံ့သင်းကြိုင်သောအနံ့လေးကို ရှူသွင်းနေရုံသာ တတ်နိုင်၏။ မန်ဟို့ခမျာ ကြယ်တာရာပြင်ကမ္ဘာတွင်မဟုတ်ဘဲ ... ရှူချင်ချင် ၊ မရှူချင်ချင် ရှူသွင်းနေရသဖြင့် ဝိညာဉ်ထဲသို့ပင် စိမ့်ဝိမ်ရောက်လာသော ဤအမွှေးနံ့ကမ္ဘာထဲသို့သာ ရောက်ရှိနေရတော့သည်။
သူ့အတွက် ခဏတဖြုတ် မြင်ခဲ့ရသော အပြင်လောက၏ပုံရိပ်ကို ပြန်စဉ်းစားကြည့်နေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ တဖြေးဖြေး ပုံရိပ်တစ်ခု သူ့စိတ်ထဲ၌ ပေါ်လာသည်။
ပုံရိပ်သည် သူ၏မှတ်ဉာဏ်များအပေါ် အခြေခံ၏။ ၎င်းက မျက်စိတစ်ဆုံး သွယ်ဆန်းနေသော တောင်စဉ်တောင်တန်းတစ်ခုကို ဖော်ပြနေသည်။ တောင်များမှာ နိမ့်ချည်မြင့်ချည် မို့မောက်လျက်ရှိပြီး အဝေးသို့ရောက်လေလေ ပို၍မြင့်လာလေလေ ဖြစ်ချေသည်။
ဤတောင်တန်းမှာ တကယ်တမ်း ကမ္ဘာတစ်ခုလုံး ဖြစ်နေသယောင်ပင်။ သူ မှတ်မိတာမှန်လျှင် တောင်ထိပ်ခုနစ်ခု ရှိပေမည်။ နောက်ဆုံးတစ်ခုက ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးနိုင်လောက်အောင် မြင့်မား၏။
မန်ဟို တောင်ကောင်းကင်ဂြိုဟ်တွင် မြင်ခဲ့ဖူးသမျှထဲ အမြင့်ဆုံးတောင်တန်းမှာ မီတာတစ်သောင်းကျော် ရှိသည်။ သို့သော် ဤတောင်ထိပ်ခုနစ်ခုအနက် အသေးဆုံးကပင်လျှင် နှစ်ခုအား နှိုင်းယှဥ်၍မရသည့်တိုင်အောင် အဆများစွာ ခမ်းနားလှလေသည်။
ကျင့်ကြံသူများကိုလည်း တောင်ပေါ်တွင် မြင်ရ၏။ သူတို့မှာ ပုရွက်ဆိတ်လေးများ အလားပင်။
တောင်ထိပ်တစ်ခုနှင့်တစ်ခုအကြားတွင် မရေမတွက်နိုင်သော အဆင့်တန်းမြင့်စံအိမ်များအား ဆက်သွယ်ထားသည့် လှေကားထစ်များ ရှိသည်။ စေတီပြာဿဒ်များနှင့် ဘုရားကျောင်းကိုလည်း နေရာအနှံ့မြင်ရနိုင်၏။ ၎င်းတို့အားလုံးမှာ အလွန် ရှေးကျသောအငွေ့အသက်တစ်ခုဖြင့် ပြည့်နှက်နေလေသည်။ အပ်ကျသံပင်င် မကြားရလောက်အောင် တိတ်ဆိတ်နေသဖြင့် သုဿန်သင်္ချိုင်းကြီးပမာ ဖြစ်နေတော့သည်။
သက်ရှိအရာဟူ၍ မရှိပေ။
ဤသည်မှာ အကြည့်လေးတစ်ချက်အပေါ် အခြေခံ၍ မန်ဟို့စိတ်ထဲတွင် ပေါ်လာနေသော ပုံရိပ်ဖြစ်ပေသည်။ ယင်းက သူ၏အခွင့်အရေးပင်။
သူ မကျေမနပ်ဖြစ်နေသည့်အချိန်မှာပင် ကြယ်မြစ်ကြီးက နောက်တစ်ဖန် တုန်ခါသွားပြန်၏။ တုန်ခါမှုက ရုတ်တရက် မန်ဟို့ကို သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ပြန်ရသွားစေသည်။ သူ့မှာ ပျော်ရွှင်မြူးထူးသွားတော့သည်။ မန်ဟိုက သူ့အရှေ့ရှိ အိစက်စက်အသားလေးကို ခေါင်းနှင့်တွန်းထုတ်လိုက်လေသည်။
သူ့မျက်နှာမှာ အိစက်စက်အသားလေးထဲ ပို၍ နစ်ဝင်သွားသော်လည်း အိစက်စက်အသားလေး၏ ပြန်ကန်အားကတော့ အံ့ဖွယ်ရာပင်။ နောက်ဆုံးတွင်တော့ ထိုအမျိုးသမီးမှာ သူ့ဆီမှ ရွေ့သွားတော့၏။ မန်ဟို့အပြုအမူကြောင့်လား၊ အံ့ဖွယ်ပြန်ကန်အားကြောင့်လား ပြောရခက်သော်လည်း... အမျိုးသမီးမှာ နာကျင်သွားသည့်အလား မျက်ခုံးလေးတွန့်ချိုးသွားလေသည်။
မန်ဟိုက ချောင်းဟန့်ပြီး အပြင်လောကကို ကပျာကယာ လှမ်းကြည့်လိုက်သည်။ ရှေးတောင်တန်းများမှာ နိမ့်ချည်မြင့်ချည် သွယ်တန်းနေ၏။ တောင်ထိပ်များမှာ ခမ်းနားထည်ဝါစွာဖြင့် မိုးထိုးလျက်ရှိသည်။ တောင်ထိပ်ခုနစ်ခု၏ ပုံရိပ်မှာ သူ့မှတ်ဉာဏ်ထဲတွင် ပုံဖော်ထားခဲ့သောအရာနှင့် သိပ်မခြားနားပေ။ မန်ဟိုသည် နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး ဤတစ်ခေါက်တွင်တော့ တောင်တန်းတစ်တန်းလုံး၌ မည်သည့်သစ်ပင်မှမရှိကြောင်း သတိထားမိလိုက်၏။ ၎င်းတို့မှာ ပြောင်တလင်းခါနေပြီး သေခြင်းအခိုးအငွေ့များ တလှိုင်လှိုင်ထွက်လျက်ရှိသည်...
အဆောက်အအုံများက ပြိုကျပျက်စီးလျက်၊ ခမ်းနားတင့်တယ်သော အဆောင်အယောင်များမှာလည်း အိုမင်းဟောင်းနွမ်းလျက်.... မည်သည့်ပေါင်းမြက်ပင်သော်မှမရှိ အရာအားလုံး ဖြူခါပြာကျနေသည်။ သိသာစွာပင် အချိန်၏တိုက်စားမှုက အခြားသော သက်ရှိအရာများနှင့်အတူ ၎င်းတို့အားလုံးကို ပြာဘဝရောက်စေခဲ့လေပြီ။
တစ်နေရာလုံးမှာ ပျက်စီးခြင်းအတိပြီးနေ၏။
ဂိုဏ်းတစ်ဂိုဏ်း၏ ပျက်သုဉ်းခြင်း။
ထိုမြင်ကွင်းက မန်ဟို့ကို အသက်ပြင်းပြင်း ရှူသွင်းမိလိုက်စေသည်။ သူ့မှာ အတန်ငယ် အားထုတ်လိုက်ရသော်လည်း ခေါင်းထောင်လိုက်နိုင်သောအခါ ပထမဆုံးတောင်ပေါ်တွင် စာလုံးသုံးလုံး ရေးထိုးထားကြောင်း သတိထားမိလိုက်လေသည်။
ဤစာလုံးသုံးလုံးမှာ သွေးနှင့် ရေးခြယ်ခံထားရသကဲ့သို့ နီရဲနေ၏။
မိစ္ဆာ အင်မိုတယ် ဂိုဏ်း
မန်ဟို ထိုစာလုံးများကို မြင်လိုက်ရသည်နှင့် စိတ်နှလုံး တုန်လှုပ်သွားမိလေသည်။ နောက်ဆုံးတည်နေရာနှင့်ပတ်သက်၍ ခန့်မှန်းထားခဲ့ပြီးသော်လည်း ယခုတော့ ပိုသေချာသွားလေပြီ.... ဤနေရာမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းဖြစ်၏ ။ သိူ့မဟုတ် တိတိကျကျဆိုရလျှင်တော့ ... ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်းဖြစ်ပေမည်။
ထို့အပြင် ဤနေရာမှာ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီလည်းဖြစ်သည်။
တစ်ဂိုဏ်းလုံး .. တစ်ကမ္ဘာလုံး
ကံဆိုးစွာနှင့် ဂိုဏ်းမှာ လုံးလုံးလျားလျား ပျက်စီးသွားခဲ့လေပြီ။ တစ်ခါက နဝမတောင်နှင့်ပင်လယ်ကြီး၏ ခမ်းနားကြီးကျယ်သော ဂိုဏ်းကြီး၊ သန်းနှင့်ချီသော ဂိုဏ်းသားများဖြင့် စည်ကားသိုက်မြိုက်ခဲ့သော ဂိုဏ်းကြီးမှာ သမိုင်းကြောင်းထဲ၌ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ပထမတောင်ထိပ်ပေါ်တွင် မိုးနဂါးပျံကြီးတစ်ကောင်၏ အလောင်းကို မြင်တွေ့လိုက်ရဖြင့် မန်ဟို့ရင်ခုန်သံများ ဆူညံလာ၏။ သို့သော် ဤနဂါးကြီးသည် မှီခိုရာဂိုဏ်းမှာတုန်းက သူမြင်ခဲ့ရသော တစ်ကောင်ထက် အဆ,အဆများစွာ ကြီးမားပေသည်။ ၎င်းမှာ အလျားအားဖြင့် မီတာတစ်သောင်းနီးပါးရှိပြီး ပြိုင်ဘက်ကင်းလောက်အောင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားလေသည်။
မန်ဟို့တွင် မိုးနဂါးပျံများနှင့်ပတ်သက်ပြီး အထုံရေစက်တစ်ခုရှိ၏။ သူ့မှာ ဤတစ်ကောင်ကို ကြည့်ရင်း အတန်ကြာ ငေးကြောင်နေပြီးနောက်မှ စိတ်နှင့်ကိုယ်ပြန်ကပ်သွားကာ ဒုတိယတောင်ထိပ်ကို ကြည့်လိုက်လေသည်။
ဒုတိယတောင်ထိပ်ကို မြင်သောအခါတွင် သူ့မှာ စိတ်နှလုံးတုန်လှုပ်ပြီး အသက်ရှူသံများ မြန်လာရပြန်သည်။ စောစောက တောင်ထိပ်များကို လှမ်းကြည့်ခဲ့တုန်းက သူ့မှာ သေသေချာချာ မလေ့လာခဲ့ရပေ။ ယခုတွင် ဤတောင်အပေါ်၌လည်း ဧရာမအလောင်းကြီးတစ်လောင်းရှိနေကြောင်း သတိထားမိလိုက်၏။
အလောင်းက လူပုံစံပင်။ သို့သော် ခန္ဓာကိုယ်မှာ ဧရာမကြီးမားပြီး ကျော၌.... တောင်ပံတစ်စုံရှိနေသည်။
အလောင်းမှာ မန်ဟို့ကို တည့်တည့်ကြီး မျက်နှာမူနေ၍ တောင်ပံများ မည်သည့်အရောင်ရှိသည်လဲ မမြင်ရပေ။ အလောင်း၏မျက်နှာပုံပန်းသွင်ပြင်မှာလည်း မထင်ရှား။ သို့သော် ထိုအခိုက်အတန့်တွင် လင်းနို့နက်ကြီး၏ပုံရိပ်က မန်ဟို့ခေါင်းထဲ၌ လျှပ်တပြက် ပေါ်လာလေသည်။
တတိယတောင်ထိပ်ပေါ်တွင် အကြောင်းတစ်ခုခုကြောင့် မန်ဟိုနှင့်အတော်လေး ရင်းနှီးနေသော အလောင်းသုံးလောင်းရှိ၏။ ရုတ်တရက် သူ၏စိတ်အစဉ်မှာ ချာချာလည်သွားတော့သည်။ ဤအလောင်းများမှာ လူတစ်ပိုင်း၊ သားရဲတစ်ပိုင်းဖြစ်ပြီး ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေမှာတုန်းက သူ တတိယသစ်သားဓားကို လုယူခဲ့သော သတ္တဝါနှင့် တစ်ထပ်တည်းတူလေသည်။
စတုတ္ထတောင်ထိပ်အပေါ်တွင်တော့.... မီတာသုံးဆယ်တိတိ ရှည်လျားသော ဧရာမနဂါးကြီးတစ်ကောင်။
နဂါးကြီးသည် အလောင်းကြီးထက်မပိုတော့သော်လည်း ကြောက်စရာကောင်းနေသေးလေသည်။
နဂါးဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင်ပင် ဒဏ္ဍာရီလာသတ္တဝါတစ်ကောင် ဖြစ်၏။ ၎င်းတို့ကို မှော်သိုင်းပုံစံများအရသော်လည်းကောင်း၊ နတ်ဘုရားစွမ်းရည်များအရသော်လည်း မန်ဟို မြင်ခဲ့ဖူးသည်။ သို့သော် တကယ့် နဂါးအစစ်ကိုတော့ သူ၏မျက်စိနှစ်လုံးဖြင့် ဘယ်တော့မှ မမြင်ခဲ့ရဖူးပေ။
ပဉ္စမတောင်ထိပ်မှာ မန်ဟိုနှင့် အတော်လေး အလှမ်းဝေးသောကြောင့် ၎င်းအပေါ်၌ ရှိနေသောအလောင်းကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ပထမတောင်လေးလုံးကို ကြည့်ရုံနှင့်တင် သူ့မှာ မအံ့ဩစဖူး အံ့ဩနေရပြီဖြစ်သည်။
ရုတ်တရက်ဆိုသလို မန်ဟိုသည် ဤကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီနှင့် အလွန်အားကောင်းသော ဆက်သွယ်မှုတချို့ကို ခံစားလိုက်ရ၏။
"သစ်သားဓားသုံးလက် ... မဟုတ်မှ ဒီနေရာကနေ လာတာလား" မန်ဟို့မှာ ဤဧရာမမိစ္ဆာအင်မိုတယ်ဂိုဏ်းကို မြင်ပြီးနောက်ပိုင်း ရှေးခေတ်တုန်းက ၎င်းမည်မျှ ထွန်းပြောင်နေလိမ့်မည်ကို စိတ်သာကူးနိုင်တော့သည်။
စိတ်နှလုံးတုန်လှုပ်နေသည့်အချိန်မှာပင် သူ၏သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွား၏။ အဘယ်ကြောင့်ဆိုသော် ... ယခုလေးတင် စတုတ္ထတောင်အပေါ်၌ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရ၍ပင်။
၎င်းသည် မန်ဟို့ကို ကျောပေးထားသော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏ ။ သူ့မှာ အဆုံးအစမဲ့သော ရှေးဆန်မှုအပြင် အထီးကျန်မှုတို့ဖြင့် ပြည့်နှက်နေပုံရသည်။ ထိုလူ စတုတ္ထတောင်ထိပ်ပေါ်မှာ ရပ်နေကြောင်း သေသေချာချာ မြင်လိုက်ရသော်လည်း မျက်တောင်ခတ်လိုက်သောအခါ ပျောက်ကွယ်သွားလေပြီ။ ဤအခြင်းအရာက မန်ဟို့မျက်လုံးများကို အရောင်လဲ့သွားစေ၏။
ယခုတွင် အပျက်အစီးပုံကြီးထက် မပိုတော့သော မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ရုတ်တရက် ဝေဝါးလာသည်။ မြူပြင်ကျယ်ကြီးတစ်ခုက တစ်ကမ္ဘာလုံးအား လွှမ်းခြုံပစ်လိုက်သည့်အလားပင်။
မန်ဟိုနှင့် ကြယ်မြစ်ကြီးလည်း ဝေဝါးလာလေရာ မန်ဟို ရင်တဒိန်းဒိန်းခုန်စပြုလာတော့သည်။
ဤကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီခရီးစဉ်၏ အရေးအကြီးဆုံးအခိုက်အတန့်အား ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သူ ခံစားရလိုက်၏။
သူသည် အရှေ့တည့်တည့်ရှိ ကမ္ဘာကို မမှိတ်မသုန်ကြည့်ရင်း ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ သို့သော် အရာအားလုံး ဝေဝါးသွားတော့မည့်အချိန်မှာပင် မန်ဟိုက အံတင်းတင်းကြိတ်ကာ ကြက်တူရွေးကို သူ့အား သင်ကြားပေးခဲ့သည့် ကောင်းကင်စက္ခုအမြင်ကို အသုံးပြုလိုက်လေသည်။
ရုတ်တရက် သူမြင်နိုင်သွား၏။
သူမြင်လိုက်သောအရာက သူ၏စိတ်နှလုံးကို သိမ့်သိမ့်တုန်ခါသွားစေလေသည်။ ဝေဝါးမှု၏အလွန်တွင် မိစ္ဆာအင်မိုတယ်ဂိုဏ်း တည်ရှိနေသေးသည်။ သို့သော် အပျက်အစီးပုံကြီးမဟုတ်တော့ဘဲ... ခြိမ့်ခြိမ့်သဲ စည်ကားသိုက်မြိုက်နေ၏။
မရေမတွက်နိုင်သော ပုံရိပ်များသည် တောင်များအတွင်း၌ ဟိုဟိုသည်သည် ကူးလူးပျံသန်းနေကြချေသည်။ ကျင့်ကြံသူများလည်း ကျင့်ကြံအားထုတ်နေကြပြီး မှော်သင်္ကေတအလင်းရောင်များမှာလည်း အရပ်မျက်နှာတစ်ခွင် ဖြာထွက်တောက်ပနေလေသည်။ မိုးပြာရောင်ကောင်းကင်ထက်တွင်လည်း လှပကြော့ရှင်းသော အင်မိုတယ်သားရဲကြီးများ ပျံသန်းနေ၏။
ပထမတောင်ထိပ်အပေါ်ရှိ မိုးနဂါးပျံကြီးက ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်သည်။ ၎င်းက ရုတ်တရက် လှုပ်ရှားလိုက်သဖြင့် လေပြင်းများ တိုက်ခတ်သွား၏။ သို့သော် ဤမိုးနဂါးပျံကြီးမှာ လည်ဆန့်ရုံလေးသာ လုပ်ရသေးလေသည်။
ဒုတိယတောင်ထိပ်ကို မြင်လိုက်တုန်းက လင်းနို့နက်ကြီးကို မန်ဟို တွေးခဲ့မိသည်။ မှန်သည်၊ ယခု ထိုနေရာတွင် ဧရာမလင်းနို့နက်ကြီးတစ်ကောင် ရှိနေလေပြီ။ ၎င်း၏ပုံပန်းသွင်ပြင်မှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး ပြင်းထန်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ မန်ဟို ၎င်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် အမြုတေအထိ တုန်လှုပ်သွားတော့သည်။
တစ်ကမ္ဘာလုံး၊ တစ်ဂိုဏ်းလုံးတွင် သေခြင်းအခိုးအငွေ့ တစ်စိုးတစိမျှပင် မရှိပေ။ အရာအားလုံးမှာ သက်ဝင်လှုပ်ရှားလျက်ရှိ၏။ ပဉ္စမတောင်ပေါ်တွင် ကျမ်းစာပို့ချသံများ စီစီညံနေလေသည် ။
သက်တံ့ကဲ့သို့ တံတားတစ်စင်းက ကောင်းကင်တွင် ပေါင်းကူးထားလျက် တလက်လက်တောက်ပနေသည်။ လူတော်တော်များများ နေရာပေါင်းစုံတွင် တာအိုဉာဏ်အလင်းနှင့်ပတ်သက်သော ကျမ်းစာများကို နားထောင်ရင်း တင်ပျဉ်ခွေထိုင်နေကြ၏။
ဤကျင့်ကြံသူအားလုံး၌ မတူညီကွဲပြားသော ပုံပန်းသွင်ပြင်များ ရှိသည်။ တချို့က လူများဖြစ်သော်လည်း တချို့က.... မိစ္ဆာများဖြစ်သည်။
မန်ဟိုက အံ့ဩတုန်လှုပ်နေသည့်အချိန်မှာပင် စတုတ္ထတောင်ထိပ်ကို ရုတ်တရက် လှမ်းကြည့်မိလိုက်၏။ သူ့ကို ကျောပေးလျက် ရပ်နေသော သက်လတ်ပိုင်းလူတစ်ယောက်ကို ထပ်မြင်လိုက်ရပြန်သည်။ သူသည် ရှေးဆန်မှုကို ထုတ်လွှတ်နေ၍ မန်ဟို့ကို အသက်ရှူမြန်လာစေတော့သည်။
ထိုလူက မန်ဟို ကြည့်နေသည်ကို အာရုံရလိုက်သည့်အလား ဖြေးညင်းစွာ လှည့်ကြည့်လာသည်။
ထိုလူ မည်သို့မည်ပုံရှိသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားလေ၏။ ရုတ်တရက် သူကြည့်နေသောကမ္ဘာမှာ တစ်လွှာပြီးတစ်လွှာ အက်ကွဲပျက်စီးကုန်သည်။ ၎င်းမှာ တမုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့လေပြီ။ စည်ကားသိုက်မြိုက်သော ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းအစား မြင်မြင်သမျှမှာ အပျက်အစီးများသာ ဖြစ်တော့၏။
တစ်ချိန်တည်းမှာပင် ကြယ်မြစ်သည် ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းပျက်ကြီးဆီသို့ စီးဆင်းသွားလေသည်။ ၎င်း အပျက်အစီးများကို လွှမ်းခြုံသွားသောအခါ ဖုန်အစိုင်အခဲများအားလုံး ပျံ့နှံ့သွားပြီး ဧရာမဂိုဏ်းကြီးအပေါ် ဆင်းသက်စပြုတော့သည်။
မန်ဟိုမှာ ကျဆင်းနေသော အစက်အပြောက်များကြားတွင် ဖြစ်ပြီး တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူများလည်း ထို့နည်းတူပင်။ သူတို့အားလုံး မတူညီသော နေရာအသီးသီးသို့ ခွဲဖြာထွက်သွားကြ၏။
မှန်ပါသည် မန်ဟိုသည် ထိုအဖွဲ့ထဲတွင် နိုးနေသည့် တစ်ယောက်တည်းသောသူဖြစ်၏ ။ သူ့မှာ ချာချာလည် မူးဝေနေစဉ် သူ၏ခန္ဓာကိုယ်မှာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် အပျက်အစီးများထံသို့ ထိုးဆင်းနေလေသည်။ သူ့အရှေ့ရှိ တောင်များမှာ ကြီးသထက် ကြီးလာ၏။ သေခြင်းအခိုးအငွေ့များက သူ၏မျက်နှာကို ဖြတ်တိုက်နေပြီး သူထိုးဆင်းသွားနေသော နေရာမှာ ဒုတိယတောင်ထိပ်ဖြစ်လေသည်။ ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရပြီး ထိုအခိုက်အတန့်တွင် မန်ဟို ရုတ်တရက် ဤခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်သွား၏။ ကျင့်ကြံခြင်းအခြေခံစွမ်းအားလည်း ပေါက်ကွဲထွက်လာပြီး သူက ညာလက်ကို မြှောက်လိုက်လေသည်။
သူသည် မြေကြီးအပေါ်သို့ ဒူးတစ်ဖက်ထောက် အနေအထားဖြင့် ဆင်းသက်သွား၏။ ဖုန်များ တထောင်းထောင်းထသွားပြီး သူ့ဆံပင်များ ပျံ့လွင့်သွားသည်။ သူ ခေါင်းမော့လိုက်သည့်အခါ မျက်လုံးများက တောက်ပလျက်ရှိချေပြီ။
***