← Chapters

မဆုံတွေ့ချင်သော မိတ်ဆွေဟောင်းကြီး

Vol. 40 Ch. 561

မဆုံတွေ့ချင်သော မိတ်ဆွေဟောင်းကြီး

Vol. 40 Ch. 561

ကျန်ရှိသူများမှာ သူနည်းတူ နိုးမနေခဲ့ကြောင်း မန်ဟိုသိသည်။ ယခုအခြေအနေတွင်တော့ ပြောရခက်သည်။ မန်ဟိုသည် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်၏။

အချိန်အနည်းငယ်ကြာသော် သူ့မျက်နှာ တင်းမာခက်ထန်လာသည်။ အပြင်လောကတွင်ဆိုလျှင် သူ၏နတ်ဘုရားအာရုံမှာ ၂၉၉၉၉ မီတာ ရပ်ဝန်းရှိခဲ့၏။ ဤနေရာတွင်တော့ ၂၉၉ မီတာသာ ရှိလေသည်။ ၎င်းမှာ အဆတစ်ရာတိတိ လျှော့ချခံလိုက်ရခြင်း ဖြစ်၏။

"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီက နှစ်တစ်ထောင်ကြာတိုင်း တစ်ကြိမ် ပွင့်တယ်။ တခြားဂိုဏ်းက လက်ရွေးစင်တွေမှာ လျှို့ဝှက်အချက်အလက်တွေ ရှိထားတာမလို့ ငါ့ထက်ပိုပြီး ဒီနေရာအကြောင်း ကောင်းကောင်းသိမှာ သေချာတယ်။ ဒါ့ကြောင့် ငါသိထားတာလေးက ဘာမှမပြောပလောက်ဘူး

"အခု အခြေအနေတွေကို နားလည်ဖို့ ငါ တတ်နိုင်တာအကုန် လုပ်ရမယ်။ ဒါမှ ကံကြမ္မာကောင်းနည်းနည်းပါးပါး သွားရှာနိုင်မှာ" သူ လေထဲသို့ မော့ကြည့်လိုက်စဉ် သူ၏မျက်လုံးများမှာ လင်းလက်သွား၏။ အလေးအနက် နှိုင်းချင့်စဉ်းစားပြီးနောက်တွင် သူသည် ‌‌မဆင်မခြင် ပျံတက်မသွားဘဲ ‌ခြေလျင်ဆက်လျှောက်လာတော့သည်။

အက်ရာဗလပွဖြစ်‌နေသော ထုံးကျောက်ပြင်ကြီးက မြေပြင်ကို ဖုံးလွှမ်းထားလေသည်။ ‌‌နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော သွေးကွက်များအား မြင်ရနိုင်၏။ အလောင်းများလည်း ဟိုဟိုသည်သည် ပြန့်ကြဲနေရာ မန်ဟို့ကို တုန်လှုပ်သွားမိစေသည်။

ပြိုကျနေသော အဆောက်အဦးများ၊ တိုင်ကျိုးများ .... ‌ချောက်နက်ကြီးများလည်း ရှိနေ၏။ အစတုန်းက ဤနေရာမှာ ဒုတိယတောင်ထိပ်နှင့် အလွန်တရာနီးသည် ထင်ရသော်လည်း မကြာမီ အတော်လေး လှမ်းကြောင်း မန်ဟို သဘောပေါက်လိုက်လေသည်။

နှစ်နာရီလေးအတွင်း မန်ဟိုမှာ အလောင်းပေါင်းထောင်နှင့်ချီ မြင်တွေ့ခဲ့ရပြီးပြီဖြစ်သည်။ တချို့က အရွယ်အစားကြီးသည်၊ တချို့က သေးသည်။ တချို့က ကိုယ်လက်အင်္ဂါစုံလင်ပြီး တချို့မှာတော့ ထိုသို့မဟုတ်ပေ။ တချို့က ကျင့်ကြံသူများဖြစ်ပြီး တချို့ကတော့ မိစ္ဆာများ ဖြစ်၏။

သိုလှောင်အိတ်များနှင့်ပတ်သက်၍မူ ဒါဇင်အနည်းငယ်မျှ သူ လှမ်းမြင်လိုက်သည်။ သို့သော် သူ ၎င်းတို့ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှူလိုက်သောအခါ ချက်ချင်း ပြာကျသွားလေသည်။ ‌ကမ္ဘာဦးအစကတည်းက ကုန်လွန်သွားခဲ့သော နှစ်များအတောအတွင်း ဆွေးမြည့်‌ပျက်စီးနေခဲ့ပြီးဖြစ်ကြောင်း သိသာသည်။ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများလည်း ပြာကျသွားခဲ့လေပြီ။

"ဒီသိုလှောင်အိတ်တွေတောင် ပြာကျသွားပြီဆိုတော့ ရှေး‌မိစ္ဆာအင်မိုတယ်ဂိုဏ်းတည်ရှိခဲ့တုန်းကစပြီး အချိန်ဘယ်လောက်ကြာသွားပြီလဲ ဖော်ပြနေတာပဲ။ ဒါပေမဲ့ ဒီအလောင်းတွေက ပျက်စီးသွားတဲ့ အကြွင်းအကျန်တွေပဲ ဆိုပေမယ့်လို့ ဒီနေရာမှာ ရှိနေသေးတယ်... ဒီတော့ သူတို့နဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုခုများ ရှိနေမလား" သူသည် တွေးရင်းတောရင်း လူတစ်ပိုင်း သားရဲတစ်ပိုင်း အလောင်းတစ်လောင်း၏ဘေးတွင် ‌ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ဤကျင့်ကြံသူ သေဆုံးခဲ့သည်မှာ နှစ်နှင့်ချီနေပြီဖြစ်သော်လည်း ၎င်း၏အပြင်အားကိုယ်ထဲရှိ မယုံကြည်နိုင်ဖွယ်စွမ်းအားကိုတော့ မန်ဟို ခံစားနေရသေးသည်။

သူက တစ်ယောက်တည်း ရေရွတ်နေရင်း ညာလက်ကို ဆန့်ထုတ်ကာ အလောင်း၏လက်မောင်းကို ဆွဲလိုက်လေ၏ ။ ပထမဝိညာဉ်ခန္ဓာတွင် ရှိရှိသမျှသော စွမ်းအားအလုံးစုံအသုံးပြုသည့်တိုင် အလောင်း၏လက်မောင်းကို မည်သို့နည်းနှင့်မျှ ရွေ့လျားမရသလို ၊ ထိခိုက်အောင်လည်း လုပ်မရပေ။

ဤအခြင်းအရာက မန်ဟို့ကို သိသိသာသာ တုန်လှုပ်သွားစေ၏ ။ သူသည် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် စတုတ္ထဝိညာဉ်ခန္ဓာသို့ တိုက်ရိုက် ခုန်ဝင်လိုက်တော့သည်။ လက်မောင်းကို ထပ်ပြီး လိမ်ဖယ်လိုက်သော်လည်း ရလဒ်အနေဖြင့် ဂျွတ်ခနဲ အသံတိုးတိုးလေးသာ မြည်လိုက်လေ၏။

မန်ဟိုသည် စတုတ္ထဝိညာဉ်ခန္ဓာအဆင့်မှ ထွက်ပြီး တွေးတွေးဆဆနှင့် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ‌ရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွားလေသည်။ သူက ဆက်လျှောက်လာရင်း လမ်းတွင် အလောင်းတစ်လောင်းတွေ့တိုင်း ရပ်ပြီးစူးစမ်းလေ့လာတတ်၏။

တစ်ထောင်နီးပါး စူးစမ်းလေ့လာပြီးသည့်အခါတွင်တော့ သူသည် သက်ပြင်းချလိုက်ပြီး သူ၏မျက်လုံးများမှာ ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပလာတော့သည်။

"အလောင်းတစ်လောင်းမှာ အံ့ဖွယ်အပြင်အားကိုယ်ရှိရင် ‌ထားဦး။ တမူထူးခြားတယ်လို့ သတ်မှတ်လို့ရတယ်။ ဒါပေမယ့် ဒီအလောင်းတွေအကုန်လုံး အတူတူပဲဖြစ်နေတာ။ ခြွင်းချက်လေးတစ်ခုတောင် မရှိဘူး

"ဒီရှေးဟောင်းဂိုဏ်းရဲ့ ကျင့်စဉ်က မျက်မှောက်ခေတ်ကျင့်စဉ်နဲ့ တော်တော်လေး ခြားနားတာ သိသာတယ်။ သူတို့က အတွင်းအားပဲ လေ့ကျင့်တာမဟုတ်ဘဲ အပြင်အားကိုယ်ကိုလည်း ကျင့်ကြံတယ်။ ဒီလောက်အကြာကြီး သေနေခဲ့ပြီးတာတောင် ဒီအလောင်းတွေက ငါ့ရဲ့ စတုတ္ထဝိညာဉ်ခန္ဓာဆင့်အတွက်တောင် အခက်အခဲဖြစ်စေနိုင်တယ်။ တချို့အလောင်းတွေဆိုရင် ငါ့ရဲ့ ဆဋ္ဌမဝိညာဉ်ခန္ဓာနဲ့တောင် လှုပ်အောင် လုပ်မရဘူး

"သူတို့သာ အသက်များရှိနေရင် .....ငါ့အနေနဲ့ သတ္တမဝိညာဉ်ခန္ဓာအဆင့်နဲ့တောင်မှ သူတို့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ဘယ်လောက် မယုံနိုင်ဖွယ်ကောင်းလိုက်တဲ့ စွမ်းအားလဲ။ ပြီးတော့ ဒီလိုဟာမျိုးက ထောင်ဂဏန်းတောင်မဟုတ်ဘူး သိန်းနဲ့သောင်းနဲ့တောင် ချီလောက်တယ်..." မန်ဟိုမှာ ဤရှေးဟောင်းဂိုဏ်း၏ ဂိုဏ်းသားများ မည်မျှ ကြောက်စရာကောင်းမည်လဲ သဘောပေါက်လိုက်သဖြင့် ခါးသက်သက်သာ ပြုံးလိုက်နိုင်တော့သည်။

ထို့အပြင် ဤလူများမှာ ခန္ဓာကိုယ်ပေါင်းမြောက်မြားစွာအား အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားစေခဲ့သော တိုက်ကွက်ကြီးတစ်ကွက်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ကြည့်ရသရွေ့ သူတို့မှာ အတွင်းစည်းဂိုဏ်းသားများမဟုတ်ဘဲ အများစုက ... သာမန်ဂိုဏ်းသားများဖြစ်လေ၏။

မန်ဟို့မျက်လုံးများ တောက်ပလာပြီး ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းအပေါ် စိတ်ဝင်စားမှုလည်း လျင်မြန်စွာ တိုးပွားလာသည်။ မူလက သူသည် ကျင်ရှန်းနှင့် မိစ္ဆာလက်နက်‌အဖော်မဲ့သင်္ချိုင်းကြောင့်သာ ဤနေရာသို့ လာခဲ့ခြင်း‌ဖြစ်လေသည်။

ယခု‌တော့ သူ့ကို ဆွဲဆောင်လိုက်သော တစ်စုံတစ်ခု ရှိသွားလေပြီ။ ဤမိစ္ဆာအင်မိုတယ်ဂိုဏ်းသားများ မည်သည့်ကျင့်စဉ်များကို အားထုတ်ကြသည်လဲ၊ အဆိုပါအမွေအနှစ်များရော တည်ရှိနေသေးသလား သူ သိချင်လာမိသည်။

"ရှေးခေတ်က အမွေကိုသာ ရလို့ကတော့..." မန်ဟို့နှလုံးသားမှာ ပြင်းပြသောစိတ်ဆန္ဒတို့ဖြင့် လှုပ်ရှားလာတော့သည်။ သူ ရှေ့သို့ မြန်မြန် လျှောက်သွားနေစဉ် သူ၏မျက်လုံးများမှာ ရွှန်းလဲ့တောက်ပလျက်ရှိချေ၏။ အချိန်များ ကုန်လွန်သွားသည်။ မန်ဟို ဤနေရာသို့ ရောက်လာခဲ့တုန်းက နေ့လည်ဝန်းကျင်ဖြစ်သည်။ ယခုအချိန်တွင်တော့ ညနေစောင်းနေလေပြီ။

မန်ဟို ခေါင်းမော့ကြည့်လိုက်သောအခါ သည်ကောင်းကင်နှင့် တောင်ကောင်းကင်ဂြိုဟ်၏ကောင်းကင်အကြား တူညီ‌မှုတစ်စုံတစ်ရာကိုမှ မမြင်လိုက်ရပေ။ သူ့မှာ ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ခုတည်းနှင့်သာ သက်ဆိုင်သော အခြားတစ်ကမ္ဘာသို့ ရောက်နေသည့်အလားပင်။

မန်ဟိုသည် ဆက်လျှောက်လာရင်း ရံဖန်ရံခါ ညနေခင်း‌ကောင်းကင်ကိုသော်လည်းကောင်း၊ ဘေးပတ်ဝန်းကျင်ကိုသော်လည်းကောင်း မော့မော့ကြည့်တတ်၏။ "တစ်ဂိုဏ်းလုံးက ကမ္ဘာတစ်ခုဖြစ်နေတယ်ဆိုရင် ဒီလိုထူးခြားအံ့ဖွယ်ဂိုဏ်းတွေ ဘယ်လောက်များများ ‌အာကာသထဲမှာ ရှိနေလိမ့်မလဲ...."

ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ အလွန်တရာ ကြီးမားလွန်း၍ သို့မဟုတ် အခြားအကြောင်းပြချက်တစ်ခုခုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ မန်ဟိုမှာ တောင်ကောင်းကင်ဂြိုဟ်မှ ကျန်ကျင့်ကြံသူတစ်ယောက်နှင့်မှ ပက်ပင်းမတိုးသေးပေ။ သူမြင်မြင်သမျှမှာ ဘုရားကျောင်းများ၊ အလောင်းများသာ ဖြစ်ပေ၏။

တခမ်းတနား အလှဆင်ထားသော အဆောက်အအုံများမှာ မရှိတော့လေပြီ ။ တစ်ချိန်က တင့်တင့်တယ်တယ် ခန်းမများမှာ ယခုတွင် အပျက်အစီးများထက် မပိုတော့။ တားမြစ်မန္တန်များနှင့် လွှမ်းခြုံထားသော နေရာတချို့ရှိနေသည်။ နှစ်တွေအများကြီး ကြာခဲ့ပြီဖြစ်သော်လည်း ထိုမန္တန်များ၏စွမ်းအားမှာ မန်ဟို့ကို တုံ့ဆိုင်းသွားစေရန် လုံလောက်လေသည်။

သူ တွက်ချက်ကြည့်ရသလောက်ဆိုလျှင် ခေါင်းဆောင်ကြီးဟုရန်တမျှ အစွမ်းထက်သောသူတစ်‌ယောက်ပင်လျှင် .... ထိုမန္တန်များကို ထိမိပါက ချက်ချင်းသေဆုံးရမည်မှာ မလွဲဧကန်ပင်။

"မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ... အင်မိုတယ်ဆိုတဲ့ စာလုံးပါတယ်။ ဒါဆိုရင်.... တစ်ဂိုဏ်းလုံးက အင်မိုတယ်တွေများလား" ဤဖြစ်နိုင်ခြေရှိသော အတွေးလေးက မန်ဟို့ကို တုန်လှုပ်သွားမိစေသည်။ သူသည် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် သိချင်စိတ်များဖြင့် ရှေ့ဆက်လျှောက်သွားလေ၏။ ပိုပို၍များပြားသော တားမြစ်မန္တန်များ ဆက်‌တိုက်တွေ့လာရသည်။ တချို့မှာ အစွမ်းပိုထက်ပြီး တချို့မှာ အားပိုနည်းလေသည်။ သို့သော် အားအနည်းဆုံးကိုပင်လျှင် မန်ဟို ဘယ်နည်းနှင့်မျှ ရင်ဆိုင်နိုင်မည်မဟုတ်။

တစ်နေရာတွင် အကောင်းပကတိအတိုင်း ရှိနေသေးသော ကျင့်ကြံခြင်းဂူတစ်လုံးကို သူ လှမ်းမြင်လိုက်သည်။ သို့သော် တားမြစ်မန္တန်မှ သူရလိုက်သော ခံစားချက်မှာ တံတားပျက်နယ်ပယ်သို့ သွားနေတုန်းက ဆုံတွေ့ခဲ့ရသော အင်မိုတယ်ရှစ်ဦးမှ ခံစားခဲ့ရသည်နှင့် ဆင်တူလေသည်။

ည၏ အမှောင်ထုက ညနေခင်းကို ဝါးမြိုလာသည့်အချိန်တွင် မန်ဟိုတစ်ယောက် တုံ့ခနဲ ရပ်လိုက်၏။ သူသည် ပြိုကျပျက်စီးနေပြီဖြစ်သော နန်းတော်တစ်ခုကို လှမ်းကြည့်လိုက်လေသည်။ အံ့ဖွယ်ကောင်းစွာနှင့် နန်းတော်ပျက်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အမျိုးသမီးနှစ်ယောက်အား မြင်ရနိုင်၏။

တစ်ယောက်သည် မန်ဟို့ မျက်နှာနှင့် တွေ့ထိခဲ့သော အိစက်စက်အသားလေးပိုင်ရှင် အပြာရောင်ဝတ်ရုံနှင့် အမျိုးသမီးဖြစ်လေသည်။ သူမမှာ မျက်စိပိတ်ထားတုန်းကပင် အေး‌တိအေးစက်ပုံစံလေးနှင့် တူခဲ့လေသည်။ ယခုတွင် သူမ၏မျက်ဝန်းလေးများက ပွင့်နေပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တောက်ပနေ၏။

သူမဘေးရှိ အမျိုးသမီးကို မြင်သောအခါ မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ကျင်ရှန်းအပြင် သူ မှတ်မှတ်ထင်ထင် ဖြစ်ဖူးသော အမျိုးသမီးမရှိပေ။

ဖန်ယု

ဤဒေါသအိုမိန်းကလေးမှာ ထိုနှစ်တုန်းက မန်ဟို့ကို မှတ်မှတ်ရရဖြစ်စေခဲ့၏။ သူမလက်သီးကြောင့် ကျန်ရစ်ခဲ့သော ငလျင်များ ၊ အက်ကြောင်းများ၊ သူမမျက်ဝန်းများ၌ တောက်ပနေသော တိုက်ခိုက်စိတ်တို့အားလုံးက မန်ဟို့ကို ကြက်သီးတဖြန်းဖြန်း ထသွားစေတော့သည်။

ဤမိန်းကလေးမှာ သူဆုံတွေ့ဖူးသမျှထဲ ဒေါသအကြီးဆုံးဖြစ်သည်သာမက သူ့တစ်ဘဝလုံးတွင် ထပ်မတွေ့ချင်ဆုံးသောသူလည်း ဖြစ်၏။

မန်ဟို့မှာ ချောင်းဟန့်ပြီး ‌အလိုလိုနောက်ဆုတ်မိရက်သား ဖြစ်သွားတော့သည်။ ဤမိန်းကလေးနှစ်ယောက်အနက် တစ်ယောက်နှင့်မှ သူ မဆုံချင်ပေ။ တစ်ယောက်က သူ့မြင်ကွင်းကို ပိတ်ခဲ့ပြီး အခြားတစ်ယောက်က စကားတစ်ခွန်းမပြောဘဲ နဂါးကြီးတစ်ကောင်လို ကမူးရှူးထိုး သောင်းကျန်းတတ်သော ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

သို့သော် ကံဆိုးချင်တော့ မန်ဟို သူတို့ကို မြင်လိုက်သည့်အခိုက်အတန့်မှာပင် နှစ်ယောက်လုံး သူ့ကို လှည့်ကြည့်လာသည်။

အပြာရောင်ဝတ်ရုံနှင့် ရေခဲမိန်းမလေးက သူ့ကို တစ်ချက်ကြည့်သည်။ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်တွင် ဖြစ်ကြောင်း မြင်သောအခါ သူမသည် အကြည့်လွှဲသွားပြီး ဖန်ယုကို အထင်သေးသလို ပြန်ကြည့်လိုက်၏။

သူမအမြင်အရ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ဆိုသည်မှာ သာမန်မဟုတ်ပေ။ သို့သော် ကျီမျိုးနွယ်စုတွင် ထိုကဲ့သို့ကျင့်ကြံခြင်းအခြေခံမျိုးမှာ တပ်သားအဖွဲ့ထဲ ဝင်နိုင်သော်လည်း အနိမ့်တကာ့အနိမ့်ဆုံးအဆင့်သာ ရမည်ဖြစ်သည်။ ဤမိန်းကလေးမှာမူ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အစစ်မဟုတ်သော်လည်း တစ်ဝက်ခွဲထွက်ခြင်းတော့ လုပ်ဆောင်ခဲ့ပြီးလေပြီ။ သူမသည်‌ ကျီမျိုးနွယ်စုရှိ လူကိုးယောက်အနက် တန်ခိုးရှင်လောက အင်မိုတယ်အဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်အရှိဆုံးသူ ဖြစ်၏။

မျိုးနွယ်စုမှ ကျန်ရှစ်ယောက်အပြင် သူမ၏အဓိကပြိုင်ဘက်မှာ ယခုလက်ရှိ မျက်နှာချင်းဆိုင်နေသော ဖန်မျိုးနွယ်စုမှ ရွေးချယ်ခံဖြစ်သည်။

ဖန်ယုမှာတော့ မန်ဟို့ကို မြင်လိုက်သည်နှင့် အံ့ဩသွားသည်။ ဤနေရာတွင် မန်ဟိုနှင့်ပက်ပင်းတိုးလိမ့်မည်ဟု သူမ ဘယ်တော့မှ မတွေးခဲ့ဖူးသောကြောင့်ပင်။

သူ နောက်ဆုတ်နေသည်ကို မြင်သောအခါ သူမက ကပျာကယာ အော်လိုက်သည်။ "ဘယ်မှ မသွားနဲ့"

သူမသာ ဘာမှမပြောခဲ့လျှင် သူ ထွက်ပြေးချင်မှ ထွက်ပြေးလိမ့်မည်။ သို့သော်လည်း သူမ စကားပြောလိုက်လျှင်ချင်း မန်ဟိုမှာ တစ်ချိုးတည်း ထွက်ပြေးတော့၏။

"ငါ့စကားနားမထောင်ဘဲ နေရဲတယ်ပေါ့လေ" သူမက ဒေါသထွက်သွားသဖြင့် မျက်လုံးကြီးပြူးပြီး အော်လိုက်သည်။ မန်ဟို့နောက်လိုက်တော့မည့်ဆဲဆဲမှာပင် တအံ့တဩ စောင့်ကြည့်‌နေခဲ့သော ရေခဲမိန်းကလေးက အေးတိအေးစက်တစ်ချက်ရယ်ပြီးနောက် ပျောက်ကွယ်သွား၏။ သူမပြန်ပေါ်လာသောအခါ ဖန်ယုလမ်းကို ပိတ်ထားလေပြီ။

"ကျီရှောင်ရှောင် အောက်တန်းစားမ ၊ အခုချက်ချင်း ဖယ်နော်" ဖန်ယုသည် လက်ကို နောက်သို့လွဲ၍ မြေကြီးကို ထိုးချလိုက်၏။ ထိတ်လန့်ဖွယ် ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားသဖြင့် မြေကြီးမှာ တစ်လွှာပြီးတစ်လွှာ ကြေမွကုန်တော့သည်။ တုန်ခါလှိုင်းများက အဘက်ဘက်သို့ ဖြာထွက်သွားသည်။

မန်ဟို ထွက်ပြေးနေစဥ် အနောက်မှ လာနေသော ပေါက်ကွဲအားကြီးကို ခံစားလိုက်ရသဖြင့် ချက်ချင်း အရှိန်မြှင့်လိုက်၏။ ဤနဂါးမကြီးနှင့် တိုက်ကွက်ဖလှယ်လိုစိတ်လည်း မရှိသလို ၊ မည်သူက သန်မာပြီး မည်သူက အားနည်းသည်လဲ အကဲစမ်းရမည့်အချိန်လည်း မဟုတ်ပေ။ နှစ်ယောက်အကြား၌ ရန်ငြိုးမရှိသဖြင့် ဤနေရာတွင် မန်ဟို့အတွက်ရော၊ သူ့အစီအစဉ်များအတွက်ပါ အကျိုးမရှိနိုင်ပေ။

တိုက်ကွက်ကြီး ဖြာထွက်လာသဖြင့် ထစ်ချုန်းကြီးမှာ ပဲ့တင်ထပ်နေတော့သည်။ ပတ်ဝန်းကျင်ရှိ ကုန်းမြေမှာ ဖျက်ဆီးခံလိုက်ရပြီး စွမ်းအားလှိုင်းများက ဘက်ပေါင်းစုံမှ ဖြာထွက်လာနေစဉ် ရေခဲမိန်းကလေးက လက်ကို ဝှေ့ယမ်း၍ ဟန့်တားလိုက်သည်။ ဖန်ယုမှာမူ ထွက်ပြေးနေသော မန်ဟို့ကို တခဏ ကြည့်ပြီး ဒေါသပိုထွက်လာ၏။ သူမသည် အံတင်းတင်းကြိတ်ရင်း သိုလှောင်အိတ်ကို ပုတ်၍ လက်အိတ်တစ်စုံ ထုတ်လိုက်သည်။ ထို့နောက် အခြားမိန်းကလေးဆီသို့ လက်သီးကို ပစ်သွင်းလိုက်၏။

သူမကား တစ်ချိန်လုံး လက်သီးဖြင့် ထိုးသွင်းရင်း ရှေ့ဆက်သွား၏။ လေမှာ အနီရောင်အလင်းကွန့်မြူးနေပြီး ရေခဲမိန်းကလေး၏ မျက်စိမျက်နှာပျက်လာသည်။ သူမက လက်နှစ်ဖက်ဖြင့် လက်သီးခုနစ်လုံး၊ ရှစ်လုံး၏အားကို တွန်းလှန်ရင်း နောက်ဆုတ်နေရ၏။ လက်သီးများမှာ နောက်ဆုံးတွင် မှေးမှိန်ပျောက်ကွယ်သွားလေပြီ။ သူမမှာ နှုတ်ခမ်းထောင့်မှ သွေးတို့စီးကျရင်း အဝေးတစ်နေရာတွင် ပြန်ပေါ်လာသည်။

"ဖန်ယု နင် ရူးနေပြီလား။ ငါတို့ တစ်ယောက်ကိုတစ်ယောက် သိပ်သဘောမကျရင် မကျမယ်၊ ငါလည်း ချန်အန်းမှာတုန်းက နင့်ဆီက ကျောက်စိမ်းလည်ဆွဲ လုခဲ့တာ မှန်တယ်။ ဒါပေမဲ့ အဲ့ဒီအတွက်လေးနဲ့ မြင်မြင်ချင်း အစွမ်းကုန် အသားကုန် တိုက်ခိုက်စရာလိုလို့လား"

"သွားစမ်း" ဖန်ယုက မန်ဟို့‌နောက် ပြေးထွက်သွားရင်း ဒေါသတကြီး ငေါက်လိုက်သည်။ သူမမှာ ကျီရှောင်‌ရှောင်ကို နည်းနည်းလေးမှ ဂရုစိုက်ပုံမရပေ။

ကျီရှောင်ရှောင်မှာ မန်ဟိုထွက်ပြေးသွားခဲ့သော နေရာကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေသည်။ ရုတ်တရက် သူမက ပြုံးလိုက်၏။ သူမ ပြုံးလိုက်သောအခါ ‌ရေခဲတမျှ အေးစက်မှုသည် အံ့ဖွယ်‌အလှတရားစစ်ဖြင့် ပွင့်လန်းလာတော့သယောင်ပင်။

"ဖန်ယုက အမြဲ ‌မောက်မာပြီး အထက်စီးဆန်တယ်။ စိတ်ဆတ်တာ မှန်ပေမယ့် ယောက်ျားတစ်ယောက်ကြောင့် ဒီလောက်စိတ်တိုနေတာ မမြင်ဖူးဘူး။ သူတို့နှစ်ယောက် အကြားမှာ ဘယ်လိုပတ်သက်မှုတွေ ရှိနေမလဲ....

"ဟမ့် ငါတို့ ငယ်ငယ်တုန်းကတည်းက အဲ့ဒီအတိုင်းပဲ။ နှစ်ယောက်တွေ့တာနဲ့ ရန်သတ်တော့တာ။ အင်း ဒီတစ်ခေါက်လည်း မထူးခြားနားပါပဲ" ကျီရှောင်ရှောင်၏မျက်လုံးများမှာ ပြိုက်ဘက်ကင်းသော အလှတရားဖြင့် ဆန်းသစ်စလခြမ်းများသဖွယ် တောက်ပလာသည်။ သူမ၏ ပိန်သွယ်သော ကိုယ်လုံးလေးကလည်း ရိပ်ခနဲ နောက်မှ ထပ်ကြပ်မကွာ လိုက်သွားလေ၏။

***

All Chapters