အစ်မကြီးလို့ ခေါ်စမ်း
Vol. 41 Ch. 562
မန်ဟိုသည် သူ၏ကံဆိုးမှုကို သက်ပြင်းခိုးချရင်း အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းသွားလေသည်။ ရေခဲမိန်းကလေး သူ့ကို မတူမတန်သလို အဖက်မလုပ်သည်မှာ တကယ်တမ်း တော်တော်လွန်လွန်း၏။ သို့သော် သူ့အနေဖြင့် ဤကိစ္စများနှင့် အသားကျနေလေပြီ။ သည်အတိုင်း လက်ခံပေးလိုက်ခြင်းက သိပ်တော့မဆိုးလှပေ။
သူမသည် တမင်တကာ ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းလည်း မဟုတ်လေရာ ခွင့်လွှတ်ပေး၍ရပေသည်။
စာပေသမားတစ်ယောက်ဆိုသည်မှာ စိတ်ထားမွန်မြတ်ပြီး သဘောထားကြီးရမည်မဟုတ်ပါလော။
သို့သော် ဖန်ယုနှင့်မှ တည့်တည့်ကြီး တိုးလိမ့်မည်ဟု သူ မည်သို့ ခန့်မှန်းနိုင်ခဲ့မည်နည်း။ သူမ၏စိတ်လိုက်မာန်ပါလုပ်တတ်မှုကို တွေးမိသောအခါ သူ့မှာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ပိုမြန်မြန်သွားအောင် အားစိုက်ထည့်လိုက်၏။
သူ့အနောက်တွင် ရွှီးခနဲ လေတိုးသံတစ်သံ ကြားလိုက်ရသည်။ အလွန်အားကောင်းသော လေဆင်နှာမောင်းကြီးတစ်လုံး ချဉ်းကပ်လာနေပြီး ၎င်းအလယ်တည့်တည့်တွင် ဒေါသူပုန်ထနေသော ဖန်ယုရှိချေသည်။
အရှိအတိုင်း ပြောရလျှင် ဖန်ယုအသံမှာ လှလှလေးဖြစ်၏။ သို့သော် လောလောဆယ်တွင် မန်ဟို့အတွက်တော့ သူမအသံမှာ ဖုတ်ဝင်ပူးနေသော သရဲမကြီးအသံအလားပင်။ "မန်ဟို နင် အခုချက်ချင်း ရပ်လိုက်စမ်း။ ရာရာစစ ငါ့စကား နားမထောင်ဘဲ နေရဲတယ်ပေါ့လေ။ ကောင်စုတ်လေး နင့်ကို သေတဲ့အထိ ရိုက်သတ်ပစ်မယ် ငါပြောတာကြားလား"
ဝုန်း
ဘေးရှိ မြေကြီးမှာ ဖန်ယု၏ လက်သီးချက်ကြောင့် ရုတ်တရက် ပေါက်ကွဲသွားရ၏။ ပေါက်ကွဲမှုက မန်ဟို့ကို ဝင်ဆောင့်သွားသော တိုက်ကွက်တစ်ကွက် ဖြစ်လာသည်။ သူ့မှာ တုံ့ဆိုင်းတွေဝေခြင်းမရှိဘဲ ဒုတိယဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်၍ အမြန်နှုန်းကို မြှင့်တင်လိုက်တော့သည်။
သူက သက်ပြင်းချလိုက်၏။ "ကျုပ်နောက် မလိုက်နဲ့လေ။ ခင်ဗျားနဲ့ ကျုပ်ကြားမှာ ဘာရန်ငြိုးမှလည်းမရှိဘူး ဘာကျေးဇူးတရားမှလည်း မရှိဘူး။ ဘာလို့ ဒီလိုပြုမူနေတာလဲ။ ပြီးတော့ ခင်ဗျားမှာ ကျုပ်ကို အနိုင်ယူမယ်ဆိုတဲ့ အာမခံချက်လည်း မရှိပါဘူး"
" နင် အခု ဘာပြောလိုက်တယ်" သူမက လှမ်းငေါက်သည်။ ထို့နောက် သိုလှောင်အိတ်ကို ပုတ်ကာ ဆေးပုလင်းတစ်ပုလင်း ထုတ်လိုက်၏။ ဆေးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်ပြီးနောက် သူမခန္ဓာကိုယ်မှ မီးဟုန်းဟုန်းတောက်လာတော့သည်။ တစ်ချိန်တည်းမှာပင် သူမအမြန်နှုန်းသည် ကြောက်စရာကောင်းလောက်အောင် မြင့်တက်သွား၏။ ထပ်မံ၍ သူမလက်သီးကြီး ကျဆင်းလာပြန်သည်။ သူမမှာ ဒေါသထွက်နေသော်လည်း ဤလက်သီးချက်က သေစေလောက်သည်အထိ မဟုတ်ပေ။ ၎င်းသည် လေကိုခွင်းလာပြီး မန်ဟို့ကို ရပ်တန့်အောင် လုပ်လိုက်သည်။
သို့သော် လက်သီးချက် ကျရောက်လာသည့်အချိန်မှာပင် မန်ဟိုက တတိယဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်လိုက်၏။ သူကား အစိမ်းရောင်အခိုးအငွေ့အသွင်ပြောင်းကာ အဝေးသို့ ထွက်ပြေးသွားလေပြီ။ ဖန်ယုလက်သီးမှာ မည်သည့်အရာကိုမျှ မထိမိလိုက်။ သူမက တခဏ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ရယ်လိုက်သည်။
"ကလေကချေလေး မတွေ့ရတဲ့နှစ်တွေအတောအတွင်း အစွမ်းနည်းနည်းပါးပါး ရှိလာတယ်ဖြစ်မယ်"
သူမက စကားပြောရင်း ဆက်လိုက်လာသည်။ သူတို့သည် အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ရွေ့လျားနေကြ၏။ ဖန်ယု အနားရောက်လာတိုင်း မန်ဟိုက ပို၍ပင်မြင့်မားသော အမြန်နှုန်းဖြင့် ထွက်သွားပြန်သည်။ သူမအတွက် သူ့ကို လိုက်မမှီနိုင် ဖြစ်နေတော့၏။
သို့သော် ၎င်းက သူမဒေါသကိုလည်း ပြေသွားစေသယောင်ပင်။ နောက်ဆုံး၌ ပျော်ရွှင်နေသောအပြုံးတစ်ခု သူမမျက်နှာပေါ်တွင် ဖြစ်ထွန်းလာတော့သည်။ သူမသည် ရံဖန်ရံခါ လက်သီးများ ပစ်သွင်းတတ်ပြီး မန်ဟို မြန်နှုန်းပိုမြှင့်လိုက်သည်ကို မြင်သော် သဘောကျစွာ ရယ်တတ်လေသည်။
ဖန်ယုက အားပါးတရ ရယ်နေသည်။ မန်ဟို့မှာတော့ ခါးသက်သက်သာ ပြုံးနေရ၏။
"ငါ ဘယ်လိုကြောင့်များ ဒီလိုမိန်းမမျိုးကို စိတ်တိုအောင် လုပ်ခဲ့မိတာတုန်း" မန်ဟိုက တွေးလိုက်သည်။ "နှစ်တစ်ရာကြာပြီးတဲ့နောက်ပိုင်း သူက ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ရောက်ခါနီးနေပြီပဲ" မန်ဟို စဉ်းစားရသရွေ့ ၎င်းမှာ တကယ့်ကို မတရားပေ။ သူ့မှာတော့ နှစ်တစ်ရာအတွင်း ခက်ခက်ခဲခဲ တံခါးပိတ်ကျင့်ကြံရသည်။ ခရမ်းပင်လယ်ဘဝသို့ ကူးပြောင်းခဲ့ရသည်။ အနုသုခုမရုပ်ခန္ဓာခုနစ်ခု ဖော်ဆောင်ခဲ့ရသည်။ မိုးကြိုးလည်း ကြိမ်ဖန်များစွာ ပစ်ချခံခဲ့ရပြီး ပြီးပြည့်စုံသောအဆင့်ကို ဖြေးဖြေးချင်း ရယူခဲ့ရလေသည်။
သို့ထိတိုင် သူ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ခရီးတစ်ဝက်သာ ရောက်သေးလေသည်။ အခြားတစ်ဖက်တွင် ဖန်ယုမှာ ... သူနှင့်အဆင့်တူညီနေ၏။
"မျိုးနွယ်ကြီးတစ်စုရဲ့ လက်ရွေးစင်တွေအားလုံးက ဒီတိုင်းပါပဲ" သူက သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် လွန်ခဲ့သော နှစ်တစ်ရာကျော် ၊ သူမနှင့်တွေ့ခဲ့စဉ်တုန်းကပင် သူမ၏စွမ်းအားအဆင့်မှာ မယုံနိုင်ဖွယ်ကောင်းခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် အတန်ငယ် မျှမျှတတဖြစ်သွားသလို ခံစားလိုက်ရတော့သည်။
ဤသို့ဖြင့် တစ်ယောက်က ထွက်ပြေး၊ တစ်ယောက်က လိုက်ဖမ်းရင်း ဒုတိယတောင်ထိပ်နှင့် နီးလာသည်။ ရုတ်တရက် အစိမ်းရောင်အလင်းတန်းတစ်တန်း လေလယ်တွင် ပေါ်လာပြီး ဖန်ယုဆီ ပြေးဝင်သွားလေ၏။
၎င်း ရွေ့လျားလာသော အမြန်နှုန်းက ဖန်ယု၏ မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူမက ချာခနဲ လှည့်၍ ညာလက်ဖြင့် ထိုးသွင်းလိုက်သည်။
ဘန်းခနဲ အသံတစ်သံကြားလိုက်ရပြီး ဖန်ယု နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ အစိမ်းရောင်အလင်းတန်းမှာလည်း နောက်သို့ လည်ထွက်သွားပြီး ထိုလည်ထွက်သွားနေစဉ်အတောအတွင်း ကြာပွတ်တစ်ခုအသွင်ပြောင်းလာ၏။ တစ်ဆက်တည်းမှာပင် ယောက်ျားတစ်ယောက် ဘွားခနဲ ပေါ်လာသည်။ သူသည် ရှည်လျားသော ဆံပင်များနှင့် အရပ်မြင့်မြင့်၊ ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး ချောမောခံ့ညားလေသည်။ သူ၏နဖူးထက်တွင် ရှည်ရှည်မျောမျာ အမှတ်တစ်ခုက တလက်လက် တောက်ပနေ၏ ။ ၎င်းမှာ မိုးကြိုးနှင့်ပင် တူချေသည်။
သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ပခုံးပေါ်၌ ကျီးတစ်ကောင် နားနေသည်။ ကျီး၏ပုံပန်းသွင်ပြင်မှာ ဆန်းပြားလှ၏။ ၎င်းတွင် မျက်လုံးသုံးလုံးရှိပြီး သုံးလုံးစလုံးက ဖန်ယုကို အေးတိအေးစက် စိုက်ကြည့်နေသည်။
ကျီးကန်းအပြင် အဖြူရောင်ဝံပုလွေတစ်ကောင်လည်း ကျောစိမ့်ဖွယ်အခိုးအငွေ့များကို ထုတ်လွှတ်ရင်း ဘေးဘီဝဲယာကို သွေးအေးအေးစူးစမ်းလျက် ထိုလူ၏ဘေးတွင် ရပ်နေသည်။
ထိုလူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အလင်းတန်းရှစ်တန်းက ရုတ်တရက် ဖန်ယု၏ပတ်ပတ်လည်တွင် ထိုးတက်တောက်ပလာသည်။ ၎င်းတို့က မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ထိုးတက်လာသဖြင့် ကောင်းကင်တစ်ပြင်လုံးတွင် ရောင်စုံအလင်းများ ကွန့်မြူးသွားစေတော့သည်။
"ရှစ်မှတ်ရောင်စဉ်" အစိမ်းရောင်ဝတ်ရုံနှင့်လူက အေးတိအေးစက်ပြောသည်။ အလင်းတန်းရှစ်တန်းမှာ ရုတ်တရက် ချုပ်နှောင်တံဆိပ်တစ်ခုပုံစံပြောင်း၍ ဖန်ယုကို လှုပ်မရအောင် ချုပ်နှောင်လိုက်လေပြီ။
"ကျီမင်ဖုန်း" ဖန်မုက မျက်စိနှာမျက်နှာပျက်ယွင်းလျက် ပြောသည်။ သူမအနောက်မှ အေးစက်စက် နှာမှုတ်သံတစ်သံ ကြားလိုက်ရ၏။ ၎င်းကား အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများနှင့် တဖြေးဖြေး ချဉ်းကပ်လာနေသော ကျီရှောင်ရှောင်မှတစ်ပါး အခြားမဟုတ်ပေ။
"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ စိန်ပြေးလိုက်တမ်း ကစားလို့မရဘူးဆိုတာ နင်တို့ ဖန်မျိုးနွယ်ဘိုးဘေးကြီးတွေ နင်တို့ကို မသွန်သင်ထားဘူးလား" ကျီရှောင်ရှောင်က ပြောသည်။ "ဖန်ယု ၊ ကျီမျိုးနွယ်တာအိုကလေးတွေ နိမိတ်ဖတ်အတတ် ကျွမ်းကျင်တာ တကယ်ပဲ မေ့သွားတာလား
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပက်ပင်းတိုးခဲ့တာက တိုက်ဆိုင်တာလေးကြောင့်ပဲ။ နင်သာ ချက်ချင်း ထွက်သွားခဲ့ရင် ငါ ဘာမှလုပ်နိုင်ခဲ့မှာမဟုတ်ဘူး။ ဒါပေမဲ့ နင်က ငါ့ကို မင်ဖုန်းဆီ လှမ်းအကြောင်းကြားဖို့ အခွင့်အရေးပေးခဲ့တယ်လေ။ သူ့ရဲ့ နိမိတ်အတတ်နဲ့ဆိုရင် နင့်ရဲ့တည်နေရာကို အတိအကျဖော်ထုတ်ဖို့က အလွယ်လေးပဲ"
မန်ဟိုက ရပ်နေပြီဖြစ်ပြီး အခြေအနေကို ခပ်လှမ်းလှမ်းမှ အေးတိအေးစက် ကြည့်နေ၏။ ဖန်ယု အလစ်တိုက်ခံခဲ့ရပြီး ချုပ်နှောင်ခံထားရသည်ကို မြင်သော် သူ မျက်မှောင်ကြုတ်သွားလေသည်။
"နင် ငါ့ကို တကယ်ပဲ နာကျင်အောင် လုပ်ရဲလား" ဖန်ယုက တည်ငြိမ်စွာ ပြန်ဖြေ၏။ သူမမျက်ဝန်းများတွင် ဒေါသအရိပ်အယောင်မရှိပါသော်လည်း သူမထံမှ ဖြာထွက်နေသော အရှိန်အဝါ၏ကြောက်မက်ဖွယ်ကောင်းပုံမှာ ဆထက်တိုးလာနေလေသည်။
"နင့်ကို နာကျင်အောင်လုပ်ရမယ်… ဘာလို့လဲ" ကျီရှောင်ရှောင်က ခပ်ရေးရေးပြုံးရင်း ပြောသည်။ "ဖန်မျိုးနွယ်စုက တောင်ကောင်းကင်ဂြိုဟ်မှာ တစ်မျိုးနွယ်စုတည်း ရှိနေပေမယ့် အရှေ့အောင်ပွဲဂြိုဟ်မှာတော့ အကျော်ကြားဆုံး နံပါတ်တစ်မျိုးနွယ်စုပဲ။ ငါတို့ နင့်ကို နာကျင်အောင် လုပ်စရာမလိုပါဘူး။ သုံးရက်ပဲ ချုပ်ထားမှာ။ ဒါဆိုရင် နင့်ရဲ့ ခေတ်ဟောင်းအပြန်လမ်း ဖြတ်တောက်ခံရလိမ့်မယ်။ နင့်ကို လက်ခံခန္ဓာ ရှာတွေ့အောင် တားဆီးရုံနဲ့တင် လုံလောက်ပါတယ်"
ဘေးရှိ ကျီမင်ဖုန်းလည်း ပြုံးနေသည်။ ဘာမှတော့ ဝင်မပြောသော်လည်း မန်ဟိုပင်လျှင် ခပ်လှမ်းလှမ်းမှနေ၍ ထိုလူက ကျီရှောင်ရှောင်ထက် ပိုအန္တရာယ်များကြောင်း ပြောနိုင်၏။
အမှန်တိုင်းဆိုရလျှင် မန်ဟိုမှာ ကျီမင်ဖုန်းကို ကြည့်ရင်း လည်ချောင်းထဲ ငါးရိုးစူးနေသလို ခံစားရလေသည်။
ကျီရှောင်ရှောင်က ဖန်မုကို ခဏကြည့်ပြီးနောက် မန်ဟို့ကို လှည့်ကြည့်သည်။ သူမက နှစ်လိုဖွယ်ကောင်းစွာ ပြုံးရင်း ပြော၏။ "ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်း။ ကြည့်ရတာ ကျွန်မတို့မှာ ဒီနေ့ ဆုံတွေ့ရဖို့ ရေစက်ပါပုံပဲ။ ကံဆိုးစွာနဲ့ တာအိုရောင်ရင်းနဲ့ စကားစမြည်ပြောဖို့ အချိန်မရှိဘူးဖြစ်နေတယ်။ ကံကြုံရင်တော့ တစ်နေ့ပြန်ဆုံရမှာပါ"
ကျီမင်ဖုန်းက မန်ဟို့ကို လှမ်းကြည့်ပြီး ပြုံးကာ ခေါင်းညိတ်ပြသည်။ သို့သော် သူ၏အကြည့်တွင် အထင်အမြင်သေးမှုကို မန်ဟို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
ဖန်ယုလည်း မန်ဟို့ကို လှမ်းကြည့်သည်။
သူက အတန်ကြာသည်အထိ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ထွက်ခွာရန် ချာခနဲ လှည့်လိုက်၏။ သူ့အနေဖြင့် ယခုအဖြစ်အပျက်ထဲ ပါဝင်လိုစိတ်မရှိပေ။ ဖန်ယု ချုပ်နှောင်ခံထားရခြင်းကလည်း အသက်အန္တရာယ်စိုးရိမ်ရမည့် ကိစ္စမဟုတ်။ သူနှင့်လည်း သွေးမတော်သားမစပ်သူဖြစ်ရာ ဝင်ပါနေလျှင် အကျိုးအမြတ်မရနိုင်။
ထို့အပြင် ကျီမျိုးနွယ်ဝင်နှစ်ယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်ဖို့ သူ ယုံကြည်ချက်လည်း အပြည့်အဝမရှိပေ။ အထူးသဖြင့် ကျီမင်ဖုန်းက ခေါင်းဆောင်ကြီးဟုရန်ကဲ့သို့ အန္တရာယ်များကြောင်း ခံစားနေရ၍ပင်။
သူ လှည့်ထွက်သွားစဉ် ကျီရှောင်ရှောင်၏အပြုံးမှာ ပို၍ပင်သိသာလာ၏။ ယခုအပြုံးမှာ စောစောက အေးစက်စက်အပြုံးနှင့် မတူပေ။ ဖန်ယုမျက်ဝန်းထဲရှိ အမည်ဖော်မရသောခံစားချက်များ၊ စိတ်ပျက်သွားမှုနှင့် နာကျင်မှုကို မြင်သောအခါ သူမမှာ ပို၍ပင် ပျော်လာတော့သည်။ သူမသည် မန်ဟို လျှောက်ထွက်သွားသည်ကို ကြည့်ရင်း လေးစားစိတ်တို့ ဖြစ်ပေါ်လာ၏။
ရုတ်တရက် နောက်တစ်ချိန်ကျလျှင် ဖန်ယုကို ရန်စရန် သူ့အား အသုံးပြုနိုင်သည်ဆိုသော အတွေးက သူမခေါင်းထဲ ပေါ်လာလေသည်။
မန်ဟိုက ခြေလှမ်းသုံးလှမ်း လှမ်းပြီး ရုတ်တရက် ဖန်ယုကို ပြန်ကြည့်မိလိုက်သည်။
သူမမျက်ဝန်းထဲရှိ စိတ်ပျက်ဝမ်းနည်းနေမှုနှင့် အမည်ဖော်မရသောခံစားချက်များအပြင် နာကျင်မှုကိုလည်း သူမြင်လိုက်ရ၏။ နာကျင်မှုမှာ ချစ်သူကြောင့်မဟုတ်။ မိသားစုဝင်တစ်ယောက်၏ စွန့်ပစ်ခံလိုက်ရသည့်အချိန် ခံစားရမည့် နာကျင်မှုမျိုးနှင့် တူပေသည်။ အကြည့်က မန်ဟို့စိတ်နှလုံးကို တုန်ခါသွားစေတော့သည်။
သူက ဘာမှမပြောသော်လည်း သူ၏မျက်လုံးများမှာ စူးရှတောက်ပလာ၏။ အကြောင်းတစ်စုံတရာကြောင့် သူ့မှာ သူမမျက်ဝန်းထဲရှိ နာကျင်မှုကို မျက်နှာလွှဲခဲပစ် မပြုနိုင်ပေ။ မည်သည့်အတွက်ကြောင့်မှန်းမသိသော်လည်း ထိုအခိုက်အတန့်တွင် သူ ဆုံးဖြတ်ချက်ချပြီးသွားလေပြီ။ သူရင်ထဲရှိ သတ်ဖြတ်လိုစိတ်တို့မှာ ရုတ်ခြည်းဆိုသလို ပေါ်ထွက်လာတော့၏။
ကျီရှောင်ရှောင် မျက်မှောင်ကြုတ်သွားသည်။ သူမဘေးရှိ ကျီမင်ဖုန်း၏နှုတ်ခမ်းများက သွေးအေးသောအပြုံးအသွင်ဖြင့် ကွေးညွတ်သွား၏။
ဤအခိုက်အတန့်တွင် မန်ဟိုကား သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်လိုက်လေပြီ။
ဝုန်း
သူ၏ခန္ဓာကိုယ်မှာ ချက်ချင်း ထွားလာ၏။ ဆံပင်များ ရှည်လျားပြီး အရှိန်အဝါမှာ အားကောင်းလာသည်။ နှစ်ဆ၊ ရှစ်ဆ၊ ဆယ့်ခြောက်ဆ.... သူ၏အတိုက်အခိုက်စွမ်းရည်မှာ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ခုနှင့် ညီမျှသည်အထိ တောက်လျှောက် ထိုးတက်သွားလေပြီ။ ကြောက်မက်ဖွယ်ရာ စွမ်းအားက ဝဲကြီးတစ်ခုအား တဝီးဝီးအော်မြည်လျက် ပေါ်လာစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖုန်များ တထောင်းထောင်း ထနေတော့၏။
မန်ဟိုသည် ယခုတွင် အရပ်ပိုမြင့်လာပြီး အင်မိုတယ်နတ်ဆိုးကြီးတစ်ကောင်နှင့် တူနေပြီဖြစ်သည်။
ကျီရှောင်ရှောင် မျက်နှာပျက်နေပြီး ကျီမင်ဖုန်း၏သူငယ်အိမ်များ ကျုံ့သွားလေ၏။
ဖန်ယု၏မျက်ဝန်းလေးများမှာတော့ တလက်လက် တောက်ပလာတော့သည်။
မန်ဟိုက ထုတ်နိုင်သမျှ အရှိန်အကုန်ထုတ်၍ ရှေ့သို့ တက်လိုက်သဖြင့် ဝုန်းခနဲ မြည်ဟည်းသံကြီး သူ့ထံမှ ထွက်လာလေသည်။
သူက မျက်စိတစ်မှိတ်အတွင်း သူတို့အပေါ်သို့ ရောက်လာလေပြီ။ ကျီရှောင်ရှောင်က လက်ကို မြှောက်၍ ရှေ့သို့ ညွှန်လိုက်ရာ သူမအရှေ့တွင် ဧရာမပူစီဖောင်းကြီးတစ်လုံး ဖြစ်ပေါ်လာ၏။ ၎င်းက မန်ဟို့မျက်နှာတည့်တည့်တွင် ပေါက်သွားသည်။
ဖောင်း
ပူစီဖောင်းပေါက်သွားခြင်းက မန်ဟို့ကို တုန်ရီသွားစေသော်လည်း နည်းနည်းလေးပင် ရပ်သွားအောင် မလုပ်နိုင်ပေ။ သူ ရှေ့သို့ ဆက်လက်ချီတက်လာနေစဉ် ကျီမင်ဖုန်းက လက်ညိုးထိုးလိုက်ရာ အဖြူရောင်ဝံပုလွေအား ခေါင်းထောင်၍ ဆွဲဆွဲငင်ငင် အူလိုက်စေသည်။ ၎င်း မန်ဟို့အပေါ် ခုန်အုပ်လိုက်စဉ် သွေးခွေးကြီးသည် အနီရောင်အလင်းတန်းအသွင်ဖြင့် ဖျတ်ခနဲ မန်ဟို့ဘေး၌ ပေါ်လာ၏။ ၎င်းက ချက်ချင်း တုန်ရီစပြုလာသော ဝံပုလွေဖြူဆီသို့ ပြေးထွက်သွားသည်။ ဝံပုလွေ ဘာမှပြန်မတုံ့ပြန်နိုင်မီ သွေးခွေးကြီးကား ၎င်းကို အရှင်လတ်လတ် ဝါးစားလိုက်လေပြီ။ တကျွတ်ကျွတ်ကိုက်ဝါးသံများက ကျောချမ်းဖွယ် ထွက်ပေါ်လာ၏။
အရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်သွားဖြင့် ကျီမင်ဖုန်းမှာ ပါးစပ်အဟောင်းသားနှင့်သာ ကြည့်နေနိုင်တော့သည်။ ထို့နောက် သူ၏မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒ ပေါ်ပေါ်လာ၏။
ကျီရှောင်ရှောင်ကတော့ ကြက်သေသေနေသည်။ သွေးခွေးကြီး၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါက သူမကို ချက်ချင်း မျက်နှာပျက်သွားစေတော့သည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက ဖန်ယုကို ချုပ်ထားသော ချုပ်နှောင်တံဆိပ်ဆီ ရောက်ရှိသွားပြီဖြစ်သည်။ သူက သူမကို ကြည့်ပြီး သူမကလည်း သူ့ကို ပြန်ကြည့်သည်။ သူတို့နှစ်ယောက်မှာ ဆက်သွယ်နေသည့်အလားပင်။ ဖန်ယုက လက်သီးဆုပ်ပြီးနောက် အရှိန်အဟုန်ပြင်းစွာဖြင့် ချုပ်နှောင်တံဆိပ်ကို ထိုးချလိုက်၏။
မန်ဟို့လက်သီးလည်း ကျဆင်းလာသည်။ သူတို့နှစ်ယောက်၏လက်သီးက အလင်းတန်း၏ တစ်ထပ်တည်း တူညီသောနေရာအပေါ်သို့ တစ်ပြိုင်တည်း ကျဆင်းသွားလေသည်။
အလင်းတန်းမှာ ချက်ချင်း တုန်ခါလာ၏။ ခလက်ခလက် အက်သံများ ပဲ့တင်ထပ်လာပြီး မျက်စိတစ်မှိတ်အတွင်း အလင်းတန်းကား ပေါက်ကွဲသွားလေတော့သည်။
ပထမအလင်းတန်း၏ ပေါက်ကွဲမှုကြောင့် အခြားခုနစ်တန်းလည်း အလိုလိုပြိုကွဲလာသည်။ ဖန်ယုက ဒေါကန်ကန်နှင့် ချက်ချင်းထွက်လာ၏။
သူမသည် ကျီရှောင်ရှောင်ဆီ ပြေးဝင်ပြီး ကျီရှောင်ရှောင် မတုံ့ပြန်နိုင်ခင်မှာပင် လက်သီးနှင့် ထိုးချလိုက်၏။ ကျီရှောင်ရှောင်မှာ ပါးစပ်သွေးများ ပန်းထွက်လျက် နောက်လွင့်ထွက်သွားတော့သည်။ ကျီမင်ဖုန်းက မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်ပြီးနောက် ပြုံး၍ ကျီရှောင်ရှောင်ကို သူနှင့်အတူခေါ်ကာ အဝေးသို့ လှည့်ထွက်သွားလေသည်။
ဖန်ယု သူတို့နောက်လိုက်တော့မည့်အချိန် မန်ဟိုက လမ်းကို တားလိုက်၏။
သူမက သူ့ကို ကြည့်ပြီး အပြစ်တင်နေသော လေသံဖြင့် ပြောလေသည်။ "နင် ငါ့ကို ဘာလို့တားနေတာလဲ။ အကြီးကို လေးစားကောင်းမှန်းမသိဘူးလား ဟမ်။ ကိုယ့်အစွမ်းအကုန် ထုတ်ပြလိုက်တာက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲဆိုတာရော နင် မေ့သွားတာလား"
မန်ဟိုက ခေါင်းခါပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ "ကောင်းပြီ တာအိုရောင်ရင်းဖန်။ လိုက်ချင်သပဆိုရင်လည်း ကျုပ်မတားတော့ပါဘူး"
"ငါ့ကို အဲ့ဒီလေသံနဲ့ လာမပြောစမ်းနဲ့" သူမက သူ့ကို မျက်စောင်းထိုးရင်း ပြော၏။ "ပြီးတော့ တာအိုရောင်ရင်းဆိုတာကရော ဘာတုန်း အစ်မကြီးလို့ခေါ်စမ်း"
မန်ဟို့ခမျာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ရပြန်သည်။ သူမကို ကယ်လိုက်ခြင်းက အမှားကြီးမှားသွားပြီဟုပင် ခံစားနေရတော့၏။။
"အစ်မကြီးကို မခေါ်ဘူးလား" သူမလက်နှစ်ဖက်က လက်သီးဆုပ်လိုက်သဖြင့် တဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။ အချိန်မရွေး နဂါးကြီးတစ်ကောင်လို သောင်းကျန်းတော့မည့် အရိပ်အယောင်များက သူမမျက်နှာပေါ်တွင် ပြနေလေပြီ။
"အစ်မကြီး" သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ရင်း ပြောလိုက်သည်။ "ကျေနပ်ပြီလား..."
"အဲ့ဒီလိုမှပေါ့ အသားလည်း ပဲ့ပါသွားတာမဟုတ်ဘဲနဲ့" သူမမျက်ဝန်းများမှာ နူးညံ့ပျော့ပျောင်းလာသော်လည်း သူမလေသံကတော့ ဒေါသသံပေါက်နေသေးသည်။ မန်ဟိုမှာ ထိုဒေါသ မည်သည့်နေရာကလာလဲ မသိပေ။ "ကဲ " သူမက ဆက်ပြောလာသည်။ "အခုတော့ အဲ့ဒီကိစ္စ အသာထား။ နင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ ဘယ်လက်ခံခန္ဓာကို ရွေးမလဲ ဆုံးဖြတ်ပြီးပြီလား"
***