သာမန်မဟုတ်သော မိစ္ဆာအင်မိုတယ်ဂိုဏ်း
Vol. 41 Ch. 563
"လက်ခံခန္ဓာ ဟုတ်လား" မန်ဟိုက အူကြောင်ကြောင်နှင့် ပြန်မေးသည်။ သူ့အတွက် ထိုစကားလုံးကို ဒုတိယအကြိမ် ကြားဖူးခြင်းပင်။ ပထမအကြိမ်က ကျီရှောင်ရှောင် ညွှန်းဆိုခဲ့တုန်းက ဖြစ်ခဲ့သည်။ သူသည် ရှင်သန်ခြင်းနှင်းပန်း၏ ကပ်ပါးကောင်သဖွယ် တည်ရှိမှုကို ရုတ်တရက် တွေးမိသွားသဖြင့် မျက်လုံးများ ဝင်းလက်တောက်ပသွားလေ၏။
ကံဆိုးစွာနှင့် ၎င်းက ဖန်ယူပြောနေသော 'လက်ခံခန္ဓာ' နှင့် သက်ဆိုင်သည်လား သူ မသေချာ။ အူကြောင်ကြောင်ဖြစ်သွားသော ပုံစံဖမ်းလိုက်သော်လည်း တကယ်တမ်း သူ့စိတ်ထဲတွင်တော့ အလွန်တရာ သတိရှိသွားလေသည်။
သူ့အမူအရာကို မြင်သော် ဖန်ယု မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ့နဖူးကို ချတော့မည့်အလား လက်ကို မြှောက်လိုက်၏။ လှုပ်ရှားမှုမှာ သူမတစ်ချိန်လုံး လုပ်နေကျဖြစ်၍ အကျင့်ပါနေသကဲ့သို့ပင်။ မန်ဟို့မှာ တွေးပင်မတွေးမိလိုက်ဘဲ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ဖန်ယုက သူ့ကို အမဲဖြတ်တော့မတတ် ကြည့်နေသော်လည်း နောက်ဆုံးတွင် လက်ကို ပြန်ချသွား၏။
"နင် ဘာမှမသိဘူးပေါ့" သူမက စိတ်ဆိုးမာန်ဆိုး ပြောသည်။ "ဒါနဲ့များ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကို လာရဲတယ်ပေါ့လေ။ နင်ဟာလေ...." တခဏကြာပြီးနောက် သူမက 'လက်ခံခန္ဓာ' ဆိုတာ မည်သည့်အရာဖြစ်သည်လဲ သူ့ကို ရှင်းပြတော့သည်။
သူမ၏ရှင်းပြချက်ကို နားထောင်နေစဉ် သူ၏မျက်လုံးများမှာ တဖြေးဖြေး တောက်ပလာလေသည်။
သူမအပြောအရဆိုလျှင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီဖွင့်တိုင်း ဝင်ရောက်လာသူများအတွက် ကံကောင်းခြင်းနှင့်တွေ့ကြုံရမည်။ သို့သော် မည်မျှကံကောင်းမလဲဆိုသည်ကတော့ ပြိုင်ပွဲဝင်များ ပြင်ညီမည်မျှများများအတွင်းသို့ ဝင်ရောက်နိုင်မည်လဲ အပေါ် မူတည်သည်။
"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ဖွင့်တဲ့အခါ" ဖန်ယုက ရှင်းပြသည်။ "မတူညီတဲ့ ပြင်ညီနှစ်ခုရှိတယ်။ ပထမပြင်ညီက ငါတို့အခုရောက်နေတဲ့ မိစ္ဆာအင်မိုတယ်ဂိုဏ်းပျက်ပဲ။ ဒီနေရာမှာ ကံကြမ္မာကောင်းတွေ ပါရှိတဲ့ နေရာတွေ အကုန်လုံးနီးပါး တားမြစ်မန္တန်တွေနဲ့ ကာကွယ်ထားခံရတယ်။ ဒီပြင်ညီက ၇၂ နာရီပဲ ဖွင့်နေမှာ
"ပထမပြင်ညီမှာ ဘယ်ပြိုင်ပွဲဝင်မှ ကျင့်စဉ်တွေ၊ အမွေတွေ ရှာတွေ့မှာ မဟုတ်ဘူး။ ရတနာသေးသေးလေးတောင်မှ တွေ့မှာမဟုတ်ဘူး။ ပြီးတော့ စဉ်းစားကြည့်လေ .. ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ဖွင့်တာ ဘယ်နှကြိမ်ရှိပြီလဲဆိုတာ။ ယူသွားလို့ရတဲ့ဟာမှန်သမျှ အတိတ်တုန်းကလူတွေ လက်ချက်ကြောင့် ပြောင်နေပြီ
"ငါတို့ ဒီမှာ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ပထမပြင်ညီရဲ့ အဓိကရည်ရွယ်ချက်နဲ့ ပတ်သက်တယ်။ အဲ့ဒါက... သင့်တော်ကိုက်ညီတဲ့ လက်ခံခန္ဓာကို ရှာဖို့ပဲ။ အဲ့ဒီလက်ခံခန္ဓာတွေက နင့်ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ အလောင်းတွေက လွဲပြီး တခြားမဟုတ်ဘူး။ ဒီအလောင်းတစ်လောင်းစီတိုင်းက လက်ခံခန္ဓာအဖြစ်သုံးလို့ရတယ်
"၇၂ နာရီက ငါတို့နဲ့ ကိုက်ညီတဲ့ လက်ခံခန္ဓာရှာရမယ့် အချိန်အကုန်ပဲ
"၇၂ နာရီ ကုန်ရင် ဒုတိယပြင်ညီ အလိုလို ပွင့်လာပြီး ငါတို့ ရှေးခေတ်အချိန်တွေကို ပြန်ပြောင်းတွေးတောနိုင်လိမ့်မယ်" မန်ဟို စိတ်ဝင်တစား နားထောင်နေသည်ကို ကြည့်ရင်း ဖန်ယုမှာ မပြုံးမိဘဲ မနေပေ။ သူမသည် မည်သည့်အရာကိုမှ မထိမ်ချန်ထားဘဲ အိတ်သွန်ဖာမှောက် ဆက်ရှင်းပြလိုက်သည်။
သူမ မသိသည်ကတော့ မန်ဟိုမှာ သူမစကားတစ်ဝက်ကိုသာ အာရုံစိုက်နေသည်ကိုပင်။ ကျန်တစ်ဝက်က သူမ သူ့ကို ဘာကြောင့် အထူးတလည် အကျယ်တဝင့် ရှင်းပြနေသည်လဲ စဉ်းစားရင်း သူမအပေါ် အာရုံစိုက်နေ၏။
"အီး.... ငါ့ကို ချစ်မိသွားတာတော့ မဟုတ်လောက်ဘူးမလား" သူက တွေးလိုက်သည်။ ရုတ်တရက် သူ့မှာ ကျောထဲ စိမ့်သွား၏။ ထိုသို့တွေးလေလေ၊ မဖြစ်နိုင်လေလေပင်။ မည်သို့ဆိုစေ သူ့မှာ သူတို့နှစ်ယောက် ပထမဆုံးတွေ့ခဲ့စဉ်တုန်းက အဖြစ်ကို ပြန်တွေးပြီး ညာလက်အား အလိုလို ပွတ်သပ်မိလိုက်၏။
"ဒုတိယပြင်ညီက ငါတို့တွေအကုန်လုံး တစ်ပြိုင်တည်း ကြုံတွေ့ရမယ့် စိတ်အာရုံချောက်ချားတာမျိုးပဲ" ဖန်ယုက ဆက်ပြောသည်။ "ဒါပေမဲ့ တကယ်လို့ ထင်ရလောက်အောင် အသက်ဝင်လွန်းတယ်။ အဲ့ဒီအချိန်အတောအတွင်း တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့တဲ့ မိစ္ဆာအင်မိုတယ်ဂိုဏ်းကို ငါတို့ ဝင်ရလိမ့်မယ်။ ဘယ်ခေတ်ကို ပြန်သွားရမလဲဆိုတာကတော့ မပြောတတ်ဘူး
"ရှင်းရှင်းပြောရရင် ရှေးခေတ်ကို ပြန်ရောက်သွားသလိုပဲ။ ဒါ့အပြင် ရှေးအင်မိုတယ်ဂိုဏ်းထဲ ရောက်သွားတဲ့အခါ ငါတို့က ငါတို့မဟုတ်တော့ဘူး။ ငါတို့ လက်ခံခန္ဓာအဖြစ် ရွေးချယ်မယ့် ခန္ဓာကိုယ်ရဲ့ဘဝကို ရောက်သွားရမှာ။ အဲ့ဒီလူကို သုံးပြီး ရှေးခေတ်ရဲ့ စိတ်ကူးယဉ်ဘဝထဲမှာ ကံကြမ္မာကောင်းကို ရှာဖွေနိုင်မယ်
"ဒါကြောင့် ဘယ်လက်ခံခန္ဓာကို ရွေးချယ်မလဲက အရမ်းအရေးပါတယ်။ လက်ခံခန္ဓာရဲ့ အဆင့်အတန်းမြင့်လေလေ၊ အခွင့်အလမ်းပိုကောင်းလေလေဖြစ်ပြီးတော့ မိုးကောင်းကင်ကို ဖီဆန်တဲ့ အခွင့်အရေးတွေတောင် ရလောက်တယ်။ လက်ခံခန္ဓာက အကုန်လုံးရဲ့သော့ချက်… မှန်ကန်တဲ့အဆင့်အတန်းကိုသာ ရွေးချယ်နိုင်ရင် နင်ရရှိမယ့် ကံကြမ္မာကောင်းက စိတ်ကူးနိုင်တာထက် ကျော်လွန်တယ်" ဤအခိုက်အတန့်တွင် သူမမျက်ဝန်းထဲရှိ မျှော်လင့်ချက်များမှာ အင်မတန် ပြင်းပြနေတော့၏။
ရှင်းပြချက်ကိုကြားသော် မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက် လာသည်။ "ရှေးဟောင်းစိတ်ကူးယဉ်လောကလား" သူက ပြောသည်။ အဲ့ဒါက စိတ်ကူးယဉ်လောကတစ်ခုပဲဆိုရင် တကယ်ရော ကံကြမ္မာကောင်းတွေ ရှိနိုင်လို့လား"
"အဲ့ဒါက အတိတ်တုန်းက ဝင်ရောက်ခဲ့တဲ့လူတွေ အတည်ပြုသက်သေပြခဲ့တဲ့ စိတ်ကူးယဉ်လောကတစ်ခုလေ" ဖန်ယုက စိတ်အားထက်သန်စွာ ပြောလာသည်။ "အထဲရောက်သွားတာနဲ့တစ်ပြိုင်နက်... မဖြစ်နိုင်တာ မရှိဘူး"
"မိစ္ဆာအင်မိုတယ်ဂိုဏ်း တည်ရှိခဲ့တာဖြင့် နှစ်တွေနဲ့ချီနေပြီ" မန်ဟိုက ပြန်ဖြေသည်။ "ပြီးတော့လည်း ဂိုဏ်းသားတွေရဲ့ အသက်နဲ့ပတ်သက်ပြီး မတူညီတာတွေ ရှိသေးတယ်။ တချို့က သေလောက်ပြီ၊ တချို့က ဂိုဏ်းကို ဝင်ကာစ၊ တချို့ကျ နှစ်တစ်သောင်းဝန်းကျင်လောက် နေထိုင်လောက်ပြီးပြီ။ အဲ့ဒီလိုသာဆိုရင် လူတိုင်း ခေတ်တစ်ခေတ်တည်းကို ရောက်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
မေးခွန်းက ဖန်ယု၏မျက်လုံးများကို လေးစားမှုများဖြင့် တောက်ပသွားစေသည်။ သူမမှာ ထိုကဲ့သို့မေးခွန်းမျိုးကို ကြားရသည့်အတွက် အတော်လေး ကျေနပ်သွားကြောင်း သိသာသည်။
"နင့်ရဲ့ကံတရားအပေါ် မူတည်တယ်။ အရင်မျိုးဆက်တွေတုန်းက ရှေးခေတ်ကာလမှာ မတည်ရှိတော့တဲ့ ဂိုဏ်းသားတွေရဲ့ လက်ခံခန္ဓာကို ရွေးချယ်မိသွားကြတဲ့သူတွေ ရှိတယ်။ ကံဆိုးစွာနဲ့ပဲ ဒုတိယပြင်ညီကို မဝင်ရောက်နိုင်တော့ဘဲ အစောကြီး နှင်ထုတ်ခံလိုက်ရတာပေါ့
"ဒါ့ကြောင့် ကံကောင်းပါ့မလား တွေးပူနေတာပဲဖြစ်ဖြစ်၊ ဒုတိယပြင်ညီကို ဝင်ရောက်နိုင်ပါ့မလား စိတ်ပူရင်ပဲဖြစ်ဖြစ် လုပ်ရမှာက မသေခင် အချိန်အကြာကြီးတည်ရှိနေခဲ့တဲ့ အလောင်းကို ရှာဖို့ပဲ"
မန်ဟို တခဏတွေးသွားသည်။
"ငါ ပြောခဲ့သလိုပဲ" ဖန်မုက ဆက်ပြောလာသည်။ "လက်ခံခန္ဓာရွေးချယ်ဖို့က အင်မတန် အရေးကြီးတယ်။ ဂိုဏ်းချုပ် ၊ ဂိုဏ်းအကြီးအကဲ ဒါမှမဟုတ် လက်ရွေးစင်ပညာသင်အကျော်အမော် ခုနစ်ဦးထဲက တစ်ယောက်ယောက်ရဲ့ လက်ခံခန္ဓာရဖို့တော့ မမျှော်လင့်နဲ့။ ဖြစ်နိုင်ခြေက အောက်ဆုံးမှာ
"သီးသန့်ဂိုဏ်းသားဆို ပိုလို့တောင် ရှားသေးတယ်။ နင် သွားရှာရင်တောင်မှ ကြက်ကန်းဆန်အိုးတိုးပြီး ရှာတွေ့မှာတောင် မဟုတ်ဘူး။ အကောင်းဆုံးကတော့ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ယောက်ကို ပြိုင်လုဖို့ပဲ
"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ဖွင့်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ကျီမျိုးနွယ်စုကပဲ အကောင်းဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့တာ။ သူတို့က အတွင်းစည်းဂိုဏ်းသားငါးယောက်နဲ့ သီးသန့်ဂိုဏ်းသားတစ်ယောက်ရဲ့ အလောင်းတွေကို နိမိတ်ဖတ်ပြီး ရှာနိုင်ခဲ့တယ်လေ
"ဖန်မျိုးနွယ်စုကတော့ အတွင်းစည်းဂိုဏ်းသားလေးယောက်ပဲ ရှာနိုင်ခဲ့တယ်
"တောင်ကောင်းကင်ဂြိုဟ်ရဲ့ ဂိုဏ်းအများစုမှာ" သူမက တည်ငြိမ်စွာ ဆက်ပြော၏။ "အတွင်းစည်းဂိုဏ်းသား တစ်ယောက်၊ နှစ်ယောက်ရဲ့ မှတ်တမ်းတွေပဲ ရှိတယ်"
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ယခုတွင် လက်ခံခန္ဓာ၏အရေးပါမှုကို သူအပြည့်အဝ နားလည်သွားလေပြီ။ မြင့်မားသော အဆင့်အတန်းနှင့် လက်ခံခန္ဓာဆိုသည်မှာ ဒုတိယပြင်ညီတွင် ပိုမိုကောင်းမွန်သောအခွင့်အလမ်း ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ်များနှင့် ကျင့်စဉ်များမှာ အထူးအဆင့်အတန်းနှင့်လူများအတွက်သာ ဖြစ်သည်မဟုတ်ပါလော။
"ဒါ့အပြင်" ဖန်ယုက ပြောသည်။ "ဒုတိယပြင်ညီကို ဝင်ဝင်ချင်း ငါတို့အကုန်လုံး ယာယီ အတိတ်မေ့သွားလိမ့်မယ်။ အဲ့ဒီအချိန်တိုအတွင်း ငါတို့ဟာ ငါတို့ကိုယ်ငါတို့ လက်ခံခန္ဓာလို့ပဲ ယုံကြည်နေမယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အသိအမြင်နဲ့ စွမ်းရည်ပေါ်မူတည်ပြီး နိုးထလာမယ့်အချိန်က နာရီပိုင်းတည်းနဲ့လည်း ဖြစ်နိုင်သလို ရက်နဲ့ချီလည်း ကြာတတ်တယ်
"အဲ့ဒီကာလအပိုင်းအခြားက အန္တရာယ်အများဆုံးပဲ" ဤနေရာသို့ ရောက်သောအခါ ဖန်ယု၏အသံမှာ အလွန်လေးနက်လာ၏။ "ဘာကြောင့်လဲဆိုရင် နောက်ကျမှ နိုးလေလေ၊ အခွင့်အလမ်းတွေ ဆုံးရှုံးရလေမလို့ပဲ။ ဒါတင်မကသေးဘူး နင့်မတိုင်ခင် နိုးလာတဲ့သူတွေကြောင့် အသက်အန္တရာယ်ရှိနိုင်တယ်"
"ဒုတိယပြင်ညီက ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီရဲ့ တကယ့်အန္တရာယ်တွေ အခက်အခဲတွေ စတင်တဲ့နေရာပဲ။ ဒါပေမယ့် ရရှိမယ့် အကျိုးအမြတ်တွေကလည်း များပြားတယ်။ ဒဏ္ဍာရီတွေအရဆိုရင် ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ တာအိုမှော်ကျင့်စဉ်အမျိုးအစားတစ်ထောင်၊ ရှေးရိုးဝါဒတစ်ထောင်နဲ့ ဆန့်ကျင်ဝါဒတစ်ထောင် ရှိတယ်။ စုစုပေါင်း မဟာတာအို သုံးထောင်ပေါ့။ ဒီနတ်ဘုရားစွမ်းရည်တွေ ၊ မှော်ကျင့်စဉ်တွေထဲက တစ်ခုစီတိုင်းက အမွေအနှစ်တွေပဲ
"နှစ်တွေတစ်လျှောက်လုံး ရရှိဖူးတဲ့ အကြီးမြတ်ဆုံး အမွေတော်ကတော့ ကျီမျိုးနွယ်ဝင်တစ်ယောက် သီးသန့်ဂိုဏ်းသားတစ်ယောက်ရဲ့ဘဝကို ရောက်သွားတဲ့အချိန်တုန်းကပဲ.... နာနာဘာဝဆင့်ခေါ်ကျင့်စဉ်တဲ့။ ဉာဏ်အလင်းရပြီးတဲ့နောက်မှာ အဲ့ဒီပညာရပ်ကို သူနဲ့အတူ ယူသွားနိုင်ခဲ့တယ်။ အဲ့ဒီလိုနတ်ဘုရားစွမ်းရည်မျိုးက ကျီမျိုးနွယ်စုရဲ့ ကံကြွေးတာအိုနဲ့ တော်တော်လိုက်ဖက်တာ
"မိစ္ဆာအင်မိုတယ်ဂိုဏ်း မဟာတာအိုသုံးထောင်ရဲ့ အဆင့်သတ်မှတ်မှုပုံစံအရဆိုရင် နာနာဘာဝဆင့်ခေါ်ကျင့်စဉ်က နံပါတ် ၄၀၈ မှာရှိတယ်။ သာမန်နတ်ဘုရားစွမ်းရည်တွေထက် အဆ ၄၀၀ အစွမ်းပိုထက်တယ်လို့ ဆိုလိုတာပဲ။ အထူးသဖြင့် နံပါတ်တစ်ဆယ်အတွင်းကဟာတွေဆိုရင် ကြီးမြတ်တဲ့ မဟာတာအိုတော်အဖြစ် ဖော်ပြနိုင်တယ်
"ရှေးစကားတွေအရ နံပါတ်တစ်ကနေ တစ်ဆယ်အတွင်းက ကောင်းကင်နဲ့မြေကြီးကို ဖိန့်ဖိန့်တုန်သွားစေနိုင်တယ်တဲ့"
မန်ဟို ဤအကြောင်းကို ကြားသောအခါ မျက်နှာအမူအရာ မပြောင်းသွားသော်လည်း ရင်ခုန်သံတို့ ဗြောင်းဆန်လာ၏။ သူက ဖန်ယုကို ကြည့်ပြီး နောက်မေးခွန်းတစ်ခု မေးလေသည်။ "တောင်ကောင်းကင်ဂြိုဟ်ရဲ့ ကျီမျိုးနွယ်စုအကြောင်း ပြောနေတာလား"
ဖန်ယုက တခဏ တုံ့ဆိုင်းသွားပြီးနောက် တစ်ယောက်တည်း ပွစိပွစိရေရွတ်နေ၏။ နောက်ဆုံးတွင်တော့ ပြန်ဖြေလာသည်။ "နဝမတောင်နဲ့ပင်လယ်ရဲ့ ကျီမျိုးနွယ်စုမှာ အခွဲငါးခုရှိတယ်။ တောင်ကောင်းကင်ဂြိုဟ်ပေါ်က အခွဲက ပင်မအခွဲမဟုတ်ဘူး။ လက်အောက်ခံအခွဲတွေထဲက တစ်ခုပဲ"
"ဟုတ်ပြီ" မန်ဟိုက ပြောလိုက်သည်။ ဖန်ယု ကျီမျိုးနွယ်စုအကြောင်း မပြောချင်ပုံရသည်ကို ကြည့်ရင်း သူသိချင်နေသော တခြားမေးခွန်းတစ်ခုကို မေးရန် ဆုံးဖြတ်လိုက်လေသည်။ "ဒါဆို အဲ့ဒီနံပါတ်တစ်ကနေ တစ်ဆယ်အတွင်းဝင်တဲ့ နတ်ဘုရားစွမ်းရည်တွေ၊ တာအိုမှော်ကျင့်စဉ်ကလေ ... ဘာတွေတုန်း"
"ငါလည်း ရေရေရာရာမသိဘူး" ဖန်ယုက ခေါင်းခါရင်း ပြန်ဖြေ၏။ "နံပါတ်တစ်မှာ ... တောင်နဲ့ပင်လယ်ကျမ်းစာရှိတယ်ဆိုတာပဲ သိတယ်" 'တောင်နဲ့ပင်လယ်ကျမ်းစာ' ဆိုသော စကားလုံးများ ပြောလိုက်သည့်အချိန်မှာပင် သူမမျက်ဝန်းများမှာ စူးရှတောက်ပလာ၏။ "ဒါပေမဲ့ နင် ကံကောင်းလှပါပြီဆိုရင်တောင်မှ အဲ့ဒီကျမ်းစာကို ဉာဏ်အလင်းရပြီး ယူသွားဖို့ မဖြစ်နိုင်ဘူး။ စကားမစပ် တာအိုမှော်ကျင့်စဉ်တွေနဲ့ပတ်သက်ပြီး ဉာဏ်အလင်းမရှာဖွေနိုင်ရင် ကိုယ်ပိုင် တံဆိပ်ခတ်လို့မရတာကြောင့် မှတ်မိမှာ မဟုတ်ဘူးနော်။ စိတ်ကူးယဉ်လောကကနေ ထွက်ခွာတာနဲ့ နင် တစ်လုံးမှ မမှတ်မိအောင်ကို မေ့သွားလိမ့်မယ်"
တောင်နှင့်ပင်လယ်ကျမ်းစာဟု သူမပြောလိုက်သည်ကို မန်ဟိုကြားသောအခါ ကြက်တူရွေး၏စကားကို မန်ဟို ပြန်တွေးမိလိုက်၏။ ကြက်တူရွေးပြောပုံအရ ဂန္တဝင်ကျမ်းစာသုံးခု၏ မူလအစမှာ တောင်နှင့်ပင်လယ်ကျမ်းစာဟုခေါ်သော အရာမှတစ်ပါး တခြားမဟုတ်ပေ။
ဤအခိုက်အတန့်တွင် မန်ဟိုက နောက်မေးခွန်းတစ်ခု မေးလိုက်သည်။ "ပထမပြင်ညီ ၊ ဒုတိယပြင်ညီဆိုတော့ တတိယပြင်ညီရော ရှိသေးလား"
"အင်း ရှိတယ်။ ဒါပေမဲ့ မျိုးနွယ်စုမှတ်တမ်းတွေအရ တတိယပြင်ညီပွင့်လာဖို့ လိုအပ်ချက်တွေနဲ့ မကိုက်ညီနိုင်ခြေအများဆုံးပဲတဲ့။ ဒုတိယပြင်ညီရဲ့ အချိန်တစ်ချိန်မှာ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီပိတ်သွားပြီး ငါတို့တွေအကုန်လုံး တောင်ကောင်းကင်ဂြိုဟ်ဆီ ပြန်ပို့ခံရလိမ့်မယ်
"သမိုင်းတစ်လျှောက်လုံးမှာမှ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး တတိယပြင်ညီပွင့်လာတဲ့အကြိမ် ငါးကြိမ်ပဲရှိခဲ့ဖူးတယ်"
မန်ဟိုသည် သူမ ဆက်လက်ရှင်းပြနေစဉ် သူမကို သေသေချာချာ စောင့်ကြည့်နေ၏။
"တတိယပြင်ညီက ဒုတိယပြင်ညီကနေ လှုံ့ဆော်ပေးလိုက်တဲ့နောက်မှ ဖြစ်ပေါ်လာတာ။ မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်လျှောက်လုံးမှာ ရှိတဲ့ တားမြစ်မန္တန်တွေအကုန် မတည်မငြိမ်ဖြစ်လာပြီး ပျောက်ကွယ်လာမယ်။ အဲ့ဒီအတောအတွင်း ဘယ်သူမဆို ချိတ်ပိတ်ခံထားခဲ့ရတဲ့ နေရာတွေကို ဝင်ရောက်ပြီး ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ အကြွင်းအကျန်ရတနာတွေကို ရယူနိုင်တယ်
"တတိယပြင်ညီပွင့်လာတဲ့အခါ လက်ခံခန္ဓာ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမဲ့ ဒုတိယပြင်ညီမှာ ရှာဖွေတွေ့ရှိခဲ့ရတဲ့ အမွေအနှစ်အမျိုးမျိုး၊ ပညာရပ်အမျိုးမျိုးနဲ့ တားမြစ်မန္တန်တချို့ကို ဖယ်ရှားပြီး အံ့ဖွယ်ကံကြမ္မာကောင်းတွေကို သိမ်းပိုက်ဖို့ ဖြစ်နိုင်သွားပြီ"
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ယခုတွင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီနှင့် ပတ်သက်ပြီး ကောင်းကောင်း သိလိုက်ရလေပြီ။ ပထမပြင်ညီက ပြင်ဆင်ဖို့အတွက်။ ဒုတိယပြင်ညီက အကောင်အထည်မရှိသော ကျင့်စဉ်များ ၊ အမွေများကို ရရှိနိုင်သည့် နေရာ။
တတိယပြင်ညီကတော့ ထိုကံကြမ္မာကောင်းနှင့် ပထမဆုံးပြင်ညီနှစ်ခုမှ ပြင်ဆင်မှုများကို အသုံးချကာ အကောင်အထည်ရှိသော ရုပ်ဝတ္ထုရတနာပစ္စည်းများ ရယူရမည့်နေရာ ဖြစ်ပေသည်။
အကုန်လုံးက တစ်ခုနှင့်တစ်ခု ဆက်စပ်နေ၏။
"ဒီတော့ လာမယ့်နာရီပိုင်းအတွင်း ဘာဖြစ်မလဲ နင်နားလည်သွားပြီ။ အခု အချိန်က အကန့်အသတ်နဲ့ပဲ။ ပထမပြင်ညီပွင့်နေတဲ့ ၇၂ နာရီအတွင်းမှာ အလောင်းတွေရှာဖို့အတွက် ကိုယ့်မျိုးနွယ်စုက၊ ကိုယ့်ဂိုဏ်းက လျှို့ဝှက်ပညာရပ်တွေ၊ မှတ်တမ်းတွေကို အသုံးပြုရလိမ့်မယ်
"နင် ငါနဲ့ လိုက်ခဲ့။ ဖန်မျိုးနွယ်စု သိတဲ့ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဆီ ခေါ်သွားပေးမယ်။ အဲ့ဒီမှာ ပုန်းနေပြီး ဒုတိယပြင်ညီဖွင့်မယ့် အချိန်ကို စောင့်" ဖန်ယုက မန်ဟို့ကို နောက်ဆုံးတစ်ချက် ကြည့်ပြီး လှည့်ထွက်သွား၏။
မန်ဟိုက အတွေးများဖြင့် တခဏ ရပ်ကျန်ခဲ့သည်။ သူ၏တွက်ချက်မှုများအရ ဖန်ယုစကားမှာ ရှစ်ဆယ်ရာခိုင်နှုန်းလောက် မှန်နိုင်ခြေရှိသည်။ သူသည် သတိရှိသောလူတစ်ယောက်ဖြစ်၍ အယုံလွယ်ခြင်းက အားနည်းချက်ဖြစ်ကြောင်း သိလေသည်။ သို့သော်လည်း အဆုံးသတ်တွင် သူမကမ်းလှမ်းမှုကို မငြင်းဆန်ရန် ဆုံးဖြတ်လိုက်၏။
အချိန်များ ကုန်လွန်သွားပြီး ကောင်းကင်မှာ မှောင်မည်းလာသည်။ မန်ဟိုသည် ဘေးဘီဝဲယာကို နိုးနိုးကြားကြား ဆက်တိုက်အကဲခတ်နေသော်လည်း ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ကြီးမားလွန်းလေသည်။ လမ်းတစ်လျှောက်လုံး မည်သူနှင့်မျှ မဆုံတွေ့ခဲ့ရပေ။ ဤအချိန်တွင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ ... တောင်ပိုင်းဒေသမှာ မည်သူတို့ ရောက်လာခဲ့မည်လဲ မန်ဟို တွေးလာမိ၏။
"ရှုချင် ... အစ်ကိုကြီး... ဖက်တီး... ချူယွီယန်။ ပြီးတော့ မဟာမျိုးနွယ်စုသုံးစုက တာအိုကလေးတွေနဲ့ ဂိုဏ်းကြီးတွေက ရွေးချယ်ခံတွေ။ ငါ ဒီနေရာမှာ ဘယ်သူနဲ့ ဆုံတွေ့ရလောက်မလဲ" သူနှင့် ဖန်ယုသည် နောက်တစ်နေ့မနက် မိုးလင်းသည့်တိုင်အောင် ဆက်တိုက် ခရီးနှင်နေခဲ့၏။ ဤအချိန်တွင် သူတို့နှစ်ယောက်ကား ဒုတိယနှင့်တတိယတောင်ထိပ်အကြား လမ်းကြောင်း၏ သုံးဆယ်ရာခိုင်နှုန်းခန့် ရောက်နေပြီဖြစ်သည်။
သူတို့ ဖြတ်ကျော်လာသော နေရာတိုင်း၌ အမှောင်ထုအတွင်း တောက်ပနေသော တားမြစ်မန္တန်နယ်ပယ်များအပြင် အပျက်အစီးများ ၊အလောင်းများအား မြင်ခဲ့ရလေသည်။ တလက်လက်တောက်ပနေသော မန္တန်များ၏ အန္တရာယ်များသော အရှိန်အဝါများက ဖန်ယုအတွက်ပင် ခံနိုင်ရည်ရှိဖို့ရန် ခဲယဉ်းပေလိမ့်မည်။
တစ်နေရာတွင် ဖန်ယုက မန်ဟို၏မျက်လုံးအစုံက်ု ပြူးကျယ်သွားစေသော စကားတစ်ခွန်းအား ပြောလိုက်၏။
"ငါတို့ ငယ်ငယ်တုန်းထဲက ကျီရှောင်ရှောင်က ငါနဲ့လိုက်ပြိုင်နေခဲ့တာလေ။ အဲ့ဒါကြောင့် စောစောက ငါ နင့်ကို အော်ခေါ်ပြီး သူသတိထားမိသွားအောင် လုပ်လိုက်တာ။ ငါ့အကြံ အောင်မြင်ရင် သူ နင့်ကို သေချာပေါက် ကြိုက်နေလောက်ပြီ
"ခစ်ခစ်.... မောင်လေး သူ့ကို အရှက်ခွဲပြီး စမုံးတုန်းပစ်နိုင်အောင် အစ်မကို ကူညီပေးဦးနော်။ မလုပ်ချင်ဘူးဆိုရင်လည်း အစ်မ အတင်းဖိအားမပေးပါဘူး"
***