ကံကြမ္မာကောင်းတို့ တည်ရှိရာ
Vol. 41 Ch. 564
မန်ဟို့မှာ ပျားတုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူသည် ခြောက်ကပ်ကပ် ရယ်ပြီးနောက် ဖန်ယုကို လှမ်းကြည့်လိုက်၏။ စိတ်ထဲတွင်တော့ သည်အမျိုးသမီးကို နောက်နောင် ဘယ်တော့များမှ ရန်မစသင့်ကြောင်း သန္နိဋ္ဌာန်ချလိုက်လေပြီ။
သူမသည် ဗိုလ်ကျတတ်ပြီး ဒေါသထွက်လွယ်သူ ဖြစ်သော်လည်း ထိုအရာများက အရေးမကြီး။ ယခုတင် သူမကား... မည်သည့်အရိပ်အယောင်၊ မည်သည့်သဲလွန်စမှမဖော်ပြဘဲ ကျီရှောင်ရှောင်အား ကလိမ်ကျရန် အစီအစဉ်ချခဲ့ပြီးလေပြီ။ ၎င်းက မန်ဟို့ကို ကျောချမ်းသွားစေ၏။
မန်ဟိုသည် ကျင့်ကြံအားထုတ်ခဲ့သောနှစ်တွေတစ်လျှောက်လုံး မှီခိုရာဂိုဏ်းမှစ၍ လူများအား ဟိုဟိုသည်သည် ကလိမ်ကျခဲ့ဖူးလေသည်။ သူ့အကြောင်း တွေးပြီး သူ သူတို့အား ကလိမ်ကျခဲ့ပုံကို စဉ်းစားမိတိုင်း လူပေါင်းမည်မျှ အံတကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်ဖြစ်နေကြမည်လဲ သူ တကယ် မသိပေ။
ပို၍ပင် ကြောက်စရာကောင်းသည်က မန်ဟိုမှာ သူ့ကိုယ်သူ လူအများအား ကလိမ်ကျခဲ့မိသည်ဟု မတွေးထင်ခြင်းပင်။ သူ့အတွက် ကလိမ်ကျခြင်းမှာ အကျင့်တစ်ခုဖြစ်လာခဲ့ပြီး ထိုအကျင့်က ပင်ကိုယ်စရိုက်ဖြစ်လာခဲ့သည်။
ထိုသို့သော ပင်ကိုယ်စရိုက်တစ်ခု ဖြစ်ပေါ်လာခြင်းက .... လူတစ်ယောက်ကို ကလိမ်ကျနိုင်သည့် အခွင့်အရေးတစ်ခုတွေ့သည်နှင့်တစ်ပြိုင်နက် အလိုလို ကလိမ်ကျမိသည်အထိ ကြောက်စရာကောင်းသော ရလဒ်ကို ထွက်ပေါ်လာစေတော့သည်။
"အဲ့ဒါက ဟို... အစ်မကြီး အကြံကောင်းမဟုတ်လောက်ဘူး ထင်တယ်နော်" သူက လည်ချောင်းရှင်းရင်း ပြောလေ၏။
"ရှက်နေစရာမလိုဘူး ငါ့မောင်" သူမက တောက်ပစွာပြုံး၍ ပြန်ပြောသည်။ "ကျီရှောင်ရှောင်ကို ပထမဆုံးတွေ့တုန်းက သူ့ရဲ့ဘယ်အစိတ်အပိုင်းကို နင် ပထမဆုံးကြည့်လိုက်လဲ အစ်မကြီး မသိဘူးထင်လား" မန်ဟို့ခမျာ နှလုံးသားအား ဓားဖြင့် ထိုးသွင်းခံလိုက်ရသလို ခံစားလိုက်ရတော့သည်။
သူ့မှာ ရှင်းပြချင်ပါသော်လည်း ရှင်းပြလေလေ၊ ပိုဆိုးရွားလေလေသာ ဖြစ်လိမ့်မည်။ နောက်ဆုံးတော့ ခပ်ယဲ့ယဲ့သာ ပြုံးလိုက်နိုင်လေသည်။
"သူ့ကို ကလိမ်ကျနိုင်အောင် နင် ငါ့ကို ကူညီရမယ်" သူမသည် ပိုပို၍ တောက်ပလာနေသော မျက်ဝန်းလေးများဖြင့် ပြောလေသည်။ "ပြီးတော့ နင်လည်း စိတ်မကောင်းဖြစ်မှာမဟုတ်ပါဘူး။ ကျီရှောင်ရှောင်က အရှက်မရှိ ၊ အမြင်ကျဉ်းပြီး ကောက်ကျစ် ၊ ရက်စက်ပေမယ့်... တော်တော်လေး လှတယ်။ ကိုယ့်ကိုယ်ကိုလည်း ပြင်တတ်ဆင်တတ်တယ်။ နင့်အတွက် ကိုယ်လုပ်တော်ကောင်းဖြစ်လာမှာပါ။ ငါ သဘောတူတယ်လို့ ဝန်ခံရမယ်" သူမသည် သူမအကြံက အမှန်တကယ်ကောင်းသည်ဟု တွေးထင်နေသယောင်ပင်။ ထို့နောက်တွင် မန်ဟို၏ ခပ်ယဲ့ယဲ့အပြုံးကို သတိပြုမိသွားပြီး မျက်လုံးကြီးပြူးသွား၏။ "ကဲ အတည်ယူလိုက်ပြီနော်။ ငါတို့ အဲ့ဒီတိုင်းလုပ်ကြမယ်"
"ကျုပ်..." မန်ဟို တုံ့ပြန်ရန် ပြင်လိုက်သော်လည်း ဖန်ယုမှာ တဟုန်ထိုးထွက်သွားပြီး မန်ဟို့ကို ဖုန်လုံးများကြား၌ ထားရစ်ခဲ့လေပြီ။ သူမမျက်နှာပေါ်၌ ကျေနပ်နေသောအပြုံးကြီးကို မြင်နိုင်ပြီး မျက်လုံးများမှာလည်း တဖျပ်ဖျပ် လက်လျက်ရှိ၏။ သူမကား တွေးလေလေ၊ သူမကိုယ်သူမ လိမ္မာပါးနပ်သည်ဟူ၍ ခံစားရလေလေ ဖြစ်နေတော့သည်။ ထိုကျီရှောင်ရှောင်တော့ ရက်ရက်စက်စက် ကလိမ်ကျခံရပေတော့မည်....
မန်ဟိုမှာတော့ ခပ်ယဲ့ယဲ့ ပြုံးပြီး သူမအဆုံးသတ်တွင် ပြောလိုက်သောစကားကို မကြားသယောင်ဆောင်လိုက်၏။ သူသည် ဖော်ရွေသောမျက်နှာအမူအရာဖြင့် သူမနောက်မှ လိုက်သွားသော်လည်း စိတ်ထဲတွင်တော့ သတိအပြည့်ရှိနေလေသည်။ သူ့မှာ အခြေအနေအစစ်အမှန်ကို ဖုံးကွယ်ထားရန် သင်ခန်းစာခဲ့ရပြီးဖြစ်၍ တခြားသူများ သူဘာတွေးနေလဲ မသိရလေအောင် ပေါ့ပေါ့ပါးပါးအပြုံးတစ်ခုကို မျက်နှာအပေါ်တွင် အမြဲဆင်မြန်းထားတတ်လေသည်။
"သူက ငါ့ကို တကယ်ပဲ သတိမထားဘူးလား" သူက တွေးလိုက်သည်။ "ဒါမှမဟုတ် ဟန်ဆောင်နေတာပဲလား" သူသည် ထိုနှစ်တုန်းက ပြန်လည်မွေးဖွားခြင်းဂူအပြင်ဘက်မှ အဖြစ်ကို ပြန်တွေးမိလိုက်သဖြင့် အတွေးနက်သွားသောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာတော့သည်။
ထပ်မံ၍ သူ့မှာ ညာလက်ဖမိုးကို အလိုလို ငုံကြည့်လိုက်မိ၏။ မရေရာမှုများ သူ၏နှလုံးသားထဲတွင် ပလုံစီထလာလေပြီ။
"ငါတို့ အလောင်းဆီ ရောက်တာနဲ့ အကုန်လုံး ရှင်းလင်းသွားလောက်ပါတယ်။
အဲ့ဒီကျမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဝာာပေါ့" မန်ဟို့မျက်ဝန်းများ မသိမသာ လင်းလက်သွားလေ၏။
နေပွင့်လာပြီဖြစ်၍ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ မှောင်မည်းမနေတော့ပေ။ ကောင်းကင်ထက်တွင် နေရောင်ခြည်များဖြာထွက်လာသည့်အခါ မန်ဟိုနှင့်ဖန်ယုသည် ဒုတိယနှင့်တတိယတောင်ထိပ်၏ အလယ်၌ တည်ရှိသော အပျက်အစီးလမ်းအကြားသို့ ရောက်ရှိနေပြီဖြစ်သည်။
ဤနေရာ၌ အပျက်အစီးမည်မျှ များသလဲဆိုလျှင် အလောင်းများက နေရာအနှံ့ပြန့်ကြဲနေပြီး ထွက်မသွားလိုသော ပျက်စီးခြင်းအရှိန်အဝါတစ်ခုနှင့်အတူ ရှေးဆန်သောအငွေ့အသက်များကလည်း လေထုထဲတွင် ပျံ့နှံ့လျက်ရှိချေသည်။
မြေပေါ်ခင်းထားသော ထုံးကျောက်ပြားများမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပျက်စီးနေ၏။ တခမ်းတနား တန်ဆာဆင်ထားသော အဆောက်အဦးများမှာ မိုးထက်မှ ဧရာမလက်ဝါးကြီးဖြင့် ရိုက်ချခံထားရသည့်အလားပင်။ ပြင်းအားက အဆောက်အအုံများကို တစစီပြိုကျသွားစေပြီး မီတာတစ်သောင်းကျော်ဧရိယာအတွင်း ရှိရှိသမျှ အရာအားလုံးကို ပျက်စီးသွားသော တုန်ခါလှိုင်းတစ်လှိုင်းဖြစ်လာခဲ့ပုံရသည်။
"ကဲ ရောက်ပြီ" ဖန်ယုက ပြော၏။ "ဒီတစ်ခေါက် ဖန်မျိုးနွယ်စုကနေ အဖွဲ့ဝင်သုံးယောက်ပဲ လာခဲ့တာ။ ဒီနေရာကို မရွေးဖို့ ကျန်တဲ့နှစ်ယောက်ကို ငါ အကြောင်းကြားလိုက်မယ်။ ဒီဥစ္စာက အဆင့်အတန်းတော်တော်လေးမြင့်တဲ့ အတွင်းစည်းဂိုဏ်းသားတစ်ဦးရဲ့ ရုပ်အလောင်းပဲ။ သီးသန့်ဂိုဏ်းသားတော့ မဟုတ်ပေမယ့် ဒီနေရာကို အရင်က လာခဲ့ဖူးတဲ့ ဖန်မျိုးနွယ်ကျင့်ကြံသူတွေ ပြောပုံအရ ဒီတစ်ယောက်မှာ မိတ်ဆွေအပေါင်းအသင်းအများကြီး ရှိတယ်တဲ့။ နင် ပါးပါးနပ်နပ်နဲ့ အကွက်ရွှေ့နိုင်ရင် ကံကြမ္မာကောင်းတချို့ ရှာတွေ့လိမ့်မယ်" ထို့နောက် သူမက ကျောက်စိမ်းပြားတစ်ပြားထုတ်ပြီး ကမ်းပေးသည်။
"ဒီကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ထားတာက အရင်မျိုးဆက် ဖန်မျိုးနွယ်တွေ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းခုနစ်ကြောင်းပဲ။ သူတို့လုပ်ခဲ့တာတွေ၊ ပြောခဲ့တာတွေ အကုန် အထဲမှာ ရှိတယ်။ ငါတို့ သွားရမယ့် အချိန်အပိုင်းအခြားက အတိအကျမဟုတ်တော့ အကြောင်းအရာတွေက နင်နဲ့ တိုက်ရိုက် သက်ဆိုင်ချင်မှ သက်ဆိုင်မယ်။ ဒါပေမယ့် လိုရမယ်ရ လေ့လာထားပေါ့"
ထို့နောက် ဖန်ယုသည် ရှေ့ဆက်မသွားခင် ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးလိုက်၏။ သူတို့ ရှေ့ဆက်သွားစဉ်တွင် ဖန်ယုက အကုန်လုံးကို အသေးစိတ် ရှင်းပြလေသည်။
"ငါ ရွေးချယ်တဲ့ လမ်းကြောင်းကို သေချာအာရုံစိုက်ထား။ ဥပမာ ဟိုနေရာကို တွေ့လား။ အဲ့ဒါက သိပ်ထိုးဖောက်ရခက်တဲ့ အကာအကွယ်မန္တန်ဝင်္ကပါတစ်ခုပဲ။ နင့်ကို လုံခြုံအောင် လုပ်ပေးနိုင်လိမ့်မယ်
"ဟိုတစ်ခုကို မထိနဲ့။ အထဲမှာ ဖုံးကွယ်ထားတဲ့ တားမြစ်မန္တန်တစ်ခုရှိနေတယ်
"ဒါကိုလည်း မထိနဲ့
"အမွှေးတိုင်တစ်တိုင် ထွန်းစာကြာတဲ့အထိ ဒီနေရာမှာ နင်စောင့်နေရမယ်။ မြေကြီးအပေါ်က အရိပ်တွေကို သေချာကြည့်နေ"
မန်ဟိုက သူမရှင်းပြနေသည်ကို ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။ စိတ်ထဲတွင်တော့ ဖန်ယု သူ့ကို ဘာမှမထိမ်ချန်ဘဲ အလုံးစုံပြောပြနေကြောင်း သဘောပေါက်လိုက်သဖြင့် သံသယများ ပို၍တိုးပွားလာလေသည်။
သူတို့သည် အပျက်အစီးများ၏ အလယ်သို့ ရောက်သည့်တိုင်အောင် ကွေ့ဝိုက်သွားလိုက်ကြ၏။ နာရီအနည်းငယ်အကြာ နေ့လည်ခင်းရောက်သော် မန်ဟို တုံ့ခနဲ ရပ်ပြီး အဝေးသို့ လှမ်းကြည့်လိုက်လေသည်။ ထိုနေရာ၊ အပျက်အစီးတချို့၏အလယ်တွင် အပြာရောင်အလင်းထုတ်လွှတ်နေသော ကျောက်စိမ်းပြားတစ်ပြားရှိ၏။ ၎င်းသည် မှော်သင်္ကေတစီးကြောင်းများဖြင့် ခြံရံလျက် မြေပြင်ထက်တွင် ပျံဝဲနေလေသည်။
ပထမဆုံးတစ်ချက် ကြည့်လိုက်လျှင် ၎င်းမှာ အလွန်လှ၏။
မီတာဒါဇင်အနည်းငယ်ကျယ်ဝန်းသော မန္တန်ဝင်္ကပါတစ်ခု၏အလင်းရောင်က ၎င်းကို ဝန်းရံနေလေသည်။
"စိတ်တောင်မကူးနဲ့" ဖန်ယုက ပြောလာသည်။ "ဖန်မျိုးနွယ်စုရဲ့ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီနဲ့ပတ်သက်ပြီး ပထမဆုံးမှတ်တမ်းတွေအရဆိုရင် ဒီနေ့ထက်ထိ ဘယ်သူမှ အဲ့ဒီတားမြစ်မန္တန်ကို ဖြတ်မသွားနိုင်ဘူး။ သေသေချာချာကြည့် ... အဲ့ဒီကျောက်စိမ်းပြားထဲမှာ သေချာပေါက် ထိပ်ဆုံးတစ်ထောင်အတွင်းဝင်တဲ့ အမွေတွေနဲ့ နတ်ဘုရားစွမ်းရည်တွေ ပါရှိနေတာ ခံစားရလိမ့်မယ်" သူမအသံမှာ အလွန်နှမြောနေပုံရလေသည်။
"အလင်းပတ်ပတ်လည်က အလောင်းတွေကို မြင်တယ်မလား။ အဲ့အထဲက တချို့က လောဘဇောကပ်ပြီး မန္တန်ဝင်္ကပါကို ဖြတ်သွားဖို့ ကြိုးစားခဲ့ကြတဲ့ အရင်မျိုးဆက်က လူတွေပေါ့..." မန်ဟို ဤစကားကို ကြားသောအခါ တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းညိတ်လိုက်၏။ ပတ်ဝန်းကျင်ရှိ အလောင်းတချို့မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းသားအလောင်းများနှင့် မတူကြောင်း သူ သတိထားမိခဲ့ပြီးဖြစ်လေသည်။
"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ဖွင့်တာ ဘယ်နှကြိမ်ရှိပြီလဲ" သူက ကောက်ကာငင်ကာ မေးလေသည်။ "အသက်ရှင်နေသေးတဲ့ ဂိုဏ်းသားတွေများ ဒီနေရာမှာ ရှိနေလောက်ဦးမလား"
"မရှိနိုင်ဘူး" ဖန်ယုက ခေါင်းကို ဘယ်ညာခါရင်း ပြန်ဖြေ၏။ "လူတိုင်း သေကုန်ပြီ။ ကပ်မဆိုက်ခင် ထွက်ပြေးနိုင်သွားတဲ့ လူတွေက လွဲပြီး အကုန်သေကုန်ကြပြီ။ ဖြစ်ခဲ့တာ ကြာပြီဆိုပေမယ့် ရှေးမှတ်တမ်းတွေက တစ်ဂိုဏ်းလုံး တစ်ယောက်မကျန် သုတ်သင်ခံခဲ့ရပြီးပြီဆိုတာ သက်သေပြထားတယ်"
"နှစ်တစ်ထောင်တိုင်း ဖွင့်တယ်ဆိုရင် လူတွေပြန်လာပြီး နေနေကြတာရော မဖြစ်နိုင်ဘူးလား" သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ဆက်မေးလိုက်၏။
ဖန်ယုမှာ မန်ဟို့၏အမေးကြောင့် တုန်လှုပ်သွားပုံပင် မပေါ်ပေ။ "ဒီနေရာမှာ နေရစ်ခဲ့နိုင်တာဆိုလို့ လူသေတွေပဲ ရှိတယ်။ ကျန်တဲ့သူတွေအကုန် ပြင်ညီပိတ်တာနဲ့ နှင်ထုတ်ခံရတာ။ ငါလည်း ဒီအကြောင်းကို သိချင်နေတာနဲ့ မေးကြည့်တော့ ငါ့မေးခွန်းကို ဖြေတဲ့သူက ဒီနေရာကို လာခဲ့ဖူးတဲ့ ဝါရင့်မျိုးနွယ်ဝင်အကြီးအကဲတွေထဲကမှ တစ်ယောက်တည်းပဲ ကျန်ရှိတော့တဲ့သူဖြစ်နေတယ်လေ"
မန်ဟိုက ထပ်မမေးတော့ပေ။ သူက နောက်ပြန်လှည့်ပြီး ဖန်ယုနောက်မှ လိုက်သွား၏။ ဤတစ်ခေါက်တွင် နှစ်ယောက်သား နှစ်နာရီခန့် လျှောက်လာပြီးနောက်ဆုံး တစ်ဝက်သာပြိုကျနေသော အိမ်တစ်လုံးဆီ ရောက်လာကြသည်။ ပတ်ဝန်းကျင်ကို တခဏလေ့လာပြီးနောက် ဖန်ယုသည် ကျောက်စိမ်းပြားတစ်ပြားထုတ်ကာ ချိုးဖျက်လိုက်၏။ ချက်ချင်း ဝေဝါးနေသောအလွှာတစ်လွှာက အိမ်ကို ဝန်းရံသွားလေသည်။ ဝေဝါးမှုမှ ရှင်းလင်းပြတ်သားသွားသောအခါ အိမ်ကား မရှိတော့ပေ။ ၎င်း၏နေရာတွင် ဧရာမအက်ကြောင်းကြီးတစ်ခုရှိနေ၏။
ဤအခြင်းအရာက မန်ဟို့ကို မအံ့ဩစေပေ။ ခရီးတစ်လျှောက်လုံး ဖန်ယု သည်လိုမျိုး ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် လုပ်ခဲ့သည်ကို သူ ကြည့်ရှုခဲ့ရ၏။ သူမသည် အနောက်မှ ဘယ်သူမှ လိုက်မလာကြောင်း သေချာစေရန် တခြားအရာများလည်း လုပ်ခဲ့လေသည်။
အက်ကွဲကြောင်း၏အလယ်တွင် အလောင်းတစ်လောင်းရှိသည်။ အနားကပ်သွားသည့်အခါ ကြွက်သားများ၊ သွေးများမှာ အချိန်အတော်ကြာကတည်းက ခမ်းခြောက်သွားခဲ့ပြီဖြစ်ကြောင်း ထင်ရှားလာ၏။ ကျန်ရှိသည့်အရာမှာ မပုပ်မသိုးအောင် စီရင်ခံထားရသော လေထဲသို့ ခေါင်းမော့ကြည့်နေသည့် အလောင်းတစ်လောင်း ဖြစ်လေသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် ၎င်းမျက်နှာအပေါ်ရှိ ကြောက်လန့်မှု၊ အထီးကျန်မှုတို့မှာ မန်ဟို့အတွက် ပြတ်ပြတ်သားသားရှိနေသေး၏။
"သူ့နာမည်က ရှုလောင်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်အဖြစ် အချိန်အကြာကြီးရှိခဲ့တယ်။ အပြင်စည်းကစပြီး နောက်ဆုံးမှာ အတွင်းစည်းအထိ အဆင့်တိုးမြှင့်ခံလိုက်ရသူ။ ကပ်ဘေးအတောအတွင်း သူ့ဘဝကို စတေးပြီး အနစ်နာခံလိုက်ရတယ်
"ကပ်ဘေးကြောင့်သာ မဟုတ်ရင် သူက သီးသန့်ဂိုဏ်းသားတောင် ဖြစ်ရင် ဖြစ်လာမှာ" ဖန်ယုသည် လက်ကို မြှောက်လိုက်ရာ အထဲ၌ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီနှင့်ပတ်သက်သည့် အကြောင်းအရာများ ပါရှိသော ကျောက်စိမ်းပြားရှစ်ပြားအား မြင်ရလေသည်။ သူမက မန်ဟို့ကို တစ်ခုပြီးတစ်ခု ပေး၏။
"သိပ်ကြာတော့မှာ မဟုတ်ဘူး" သူမက ပြောသည်။ "နင် ဒီနေရာမှာ အန္တရာယ်ကင်းလိမ့်မယ် ။ ငါ အခု တခြားနေရာမှာ အလောင်းတစ်လောင်းသွားရှာတော့မယ်" ဖန်ယုက သူမမျက်ဝန်းထဲရှိ အတွေးနက်နေသောအရိပ်အယောင်ကို မဖုံးကွယ်ဘဲ မန်ဟို့ကို လေးလေးနက်နက် ကြည့်လေသည်။
မန်ဟိုက ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် ဖန်ယု လှည့်၍ သူမလမ်းသူမ ဆက်သွားသည်ကို စောင့်ကြည့်လိုက်၏။
အချိန်အတော်လေးကြာသော် ပတ်ဝန်းကျင်ကို သူ အကဲခတ်လိုက်သည်။ သိသာစွာပင် .... ဤဧရိယာ၌ မည်သည့်အန္တရာယ်မှ မရှိပေ။ ဤသည်မှာ လက်ခံခန္ဓာရှာရန် လူအများ ရောက်လာမည်မဟုတ်သော နေရာတစ်နေရာဖြစ်ကြောင်း ထင်ရှား၏။
"သူ့မှာ တကယ်ပဲ မကောင်းတဲ့ရည်ရွယ်ချက် တစ်ခုမှ မရှိဘူးလား" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် အလောင်းကို လှည့်ကြည့်ပြီး ၎င်းအနား လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်၍ သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်လေသည်။
တဖြေးဖြေးနှင့် သူ၏မျက်နှာအမူအရာ ပြောင်းလဲလာပြီး စိတ်နှလုံးလှုပ်ရှားသွားကြောင်း သိသာလာသည်။ ဤအလောင်းမှာ သူ မြင်ခဲ့ဖူးသမျှထက် အစွမ်းပိုထက်၏။ သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်တွင်ပင် သူ့မှာ ၎င်း၏ဦးခေါင်းကို အက်ရာသေးသေးလေး ထင်အောင်ပင် မလုပ်နိုင်ပေ။
ဤအခြင်းအရာက သူ့စိတ်ကို ချာချာလည်သွားစေသည်။ အလောင်းမှ ထုတ်လွှတ်နေသော ဖိအားအနည်းငယ်ကိုပင် ခံစားရနိုင်သဖြင့် သူ၏ဆံစများ ထောင်သွားတော့၏။ သူ့တစ်ကိုယ်လုံးမှာ အေးစိမ့်သွားပြီး မယုံကြည်နိုင်ဖွယ် ဖိအားကြီးက သူ့နှလုံးသားအပေါ် သက်ရောက်လာလေသည်။
အတန်ကြာသော် သူ့မှာ အတွေးထဲ နစ်မြောနေရာမှ နိုးထလာပြီး ချွေးများ မျက်နှာတစ်လျှောက် စီးကျနေလျက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ ထို့နောက် တင်းမာခက်ထန်သော မျက်နှာထားဖြင့် အလောင်းကို ငုံ့ကြည့်လိုက်သည်။
"ဒီတော့ ဒါက ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ပေါ့... ငါတွေ့ခဲ့ရတဲ့ တခြားအလောင်းတွေနဲ့ လုံးဝတခြားစီပါပဲလား။ ဒါက အများကြီးပိုပြီး အစွမ်းထက်မယ်ထင်တယ်။ ဒါဆို ငါတို့ ဒီနေရာကို လာတဲ့လမ်းပေါ်မှာ တွေ့ခဲ့ရတဲ့ အလောင်းတွေ အကုန်လုံးက အပြင်စည်းဂိုဏ်းသားတွေပေါ့" သူက တင်ပျဉ်ခွေထိုင်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်လေ၏။
"ဖန်ယုမှာ တကယ်ပဲ မကောင်းတဲ့ရည်ရွယ်ချက်မရှိတာကိုး။ စိတ်ဝင်စားစရာပဲ။ ကဲပါလေ လေးနာရီလောက်ပဲ ကျန်တော့တယ်။ ငါ ဒီမှာနေရင် ဒုတိယပြင်ညီကို ဝင်ရောက်ရနိုင်ခြေများတယ်။ ဒါပေမယ့်...." သူသည် တတိယနှင့် စတုတ္ထတောင်ထိပ်ရှိရာသို့ လှမ်းကြည့်ရင်း မျက်လုံးများ တောက်ပလာတော့၏။
ကြယ်မြစ်ပြင်အတွင်း နိုးထလာပြီးနောက် ဤကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ ရောက်သည်အထိ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို သူ ဘယ်နည်းနှင့်မျှ မမေ့နိုင်ပေ။ အထူးသဖြင့် စတုတ္ထတောင်ထိပ်တွင် မြင်ခဲ့ရသော လူ။
အတိတ်တုန်းက ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ဘယ်နှစ်ကြိမ် ဖွင့်ခဲ့သည်ကိုလည်းကောင်း၊ ကျင့်ကြံသူမည်မျှ ဝင်ရောက်ခဲ့သည်ကိုသော်လည်းကောင်း သူ မသိပေ။ ဤလူများအကြား၌ သူ့လို နိုးထလာသူတစ်ယောက်ယောက် ရှိခဲ့ဖူးသည်လော။ ရှိခဲ့လျှင် သေချာပေါက် ရှားမှရှားသော အဖြစ်အပျက်ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် နိုးထလာခဲ့ခြင်းမှာ ဟန်ရှန်း၏အကူအညီကြောင့်သာ မဟုတ်ပါလော။
ထိုမျှသာမက အတိတ်တုန်းက နိုးထလာခဲ့သူများရှိလျှင် သူမြင်ခဲ့ရသော လူကို မြင်ခဲ့ရလိမ့်မည်ဟု မဆိုလို။
မန်ဟိုတစ်ယောက်တည်းသာ နိုးထလာပြီး ထိုလူကို မြင်ခဲ့ရခြင်း ဖြစ်နိုင်ချေများသည်။
"အဲ့ဒါက ငါ့ရဲ့အားသာချက် ၊ ငါ့အတွက် အခွင့်အရေးတွေ ရှိနေမယ့် နေရာပဲ ။ ငါ ဒီမှာစောင့်နေရင် အန္တရာယ်ကင်းပေမယ့် ရှားမှရှားတဲ့ အခွင့်အရေးကို လက်လျှော့လိုက်သလို ဖြစ်သွားလိမ့်မယ်" သူ့မှာ ချီတုံချတုံ ဖြစ်နေသေး၏။
"စတုတ္ထတောင်ထိပ်က အဲ့ဒီလူ... ဘယ်သူများဖြစ်မလဲ..." အတန်ကြာ တွေးပြီးသော် မန်ဟို၏မျက်လုံးများမှာ ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ ပြည့်နှက်လာတော့သည်။
***