မိတ်ဆွေဟောင်းတစ်ယောက်နှင့် ဆုံတွေ့ရာဝယ်
Vol. 41 Ch. 565
မန်ဟိုက မတ်တပ်ရပ်ပြီး အတွင်းစည်းဂိုဏ်သားရှုလောင်ကို အတန်ကြာ ကြည့်နေလိုက်သည်။ ထို့နောက် အချိန်ထပ်ဆွဲမနေတော့ဘဲ ချာခနဲ လှည့်၍ ဤနေရာသို့ ဝင်ရောက်လာခဲ့သော လမ်းကြောင်းအတိုင်း ထွက်လာခဲ့၏။
သူ့အနေဖြင့် ထိုထူးဆန်းသောပုဂ္ဂိုလ်ကို လျစ်လျူရှုမထားနိုင်ပေ။
ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသည် အန္တရာယ်များသော နေရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ ဤနေရာသို့ ရောက်နေပြီမဟုတ်ပါလော။ အန္တရာယ်လမ်းကို ရွေးခြင်းမှာ 'အနာမခံ အသာမစံ' ဆိုသော ဆောင်ပုဒ်နှင့် ကိုက်ညီပေသည်။ ဒုတိယပြင်ညီတွင် တစ်ပန်းသာဖို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ယခုလို ခက်ခဲသော ရွေးချယ်မှုတစ်ခုကို လုပ်ရန်သာဖြစ်သည်။
အကယ်၍ ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူပြီး မစွန့်စားလိုလျှင် မည်သည့်အတွက်ကြောင့် ဤနေရာသို့ လာနေတော့မည်နည်း။ ရတနာတောင်ကြီးကို ဘာမှမလုပ်ဘဲ ထိုင်ကြည့်ရခြင်းက ကျင့်ကြံသူများကို အသာထား၊ သေမျိုးများကိုပင်လျှင် နောင်တ တစ်သီကြီး ရစေမည်ဖြစ်သည်။
မန်ဟိုအနေနှင့်ကတော့ အသက်ဘေးအတွက် စိုးရိမ်နေမည့်အစား ကံကြမ္မာကောင်းအတွက် တိုက်ခိုက်ပေမည်။
မည်သူက သာမန်အဆင့်နှင့် ရောင့်ရဲနိုင်မည်နည်း။ ဖန်မျိုးနွယ်များသည် အတွင်းစည်းဂိုဏ်းသားရှုလောင်၏ နောက်ကြောင်းအား စုံစမ်းလေ့လာပြီး ပြီးပြည်စုံလောက်အောင်တော့ မဟုတ်သော်လည်း ကံကြမ္မာကောင်းကို ရရှိခဲ့ပြီးလေပြီ။
ခေတ်ကာလအပိုင်းအခြားနှင့် လက်ခံခန္ဓာရှုလောင် ရွေးချယ်ခဲ့သော လမ်းခုနစ်သွယ်နှင့်ပတ်သက်ပြီး အချက်အလက်များအားလုံးကို ကျောက်စိမ်းပြားထဲတွင် မှတ်သားထား၏။ မန်ဟိုသည် ၎င်းကို တစ်ချက်ကြည့်ပြီးနောက် အခြားသူများထက် သာအောင် လုပ်နိုင်မည်လား မသေချာပေ။ ထို့ကြောင့် ဤအတွင်းစည်းဂိုဏ်းသားကိုသာ ရွေးချယ်မည်ဆိုလျှင် သူရရှိနိုင်သမျှမှာ ဖန်မျိုးနွယ်စု အချိန်အတော်ကြာကတည်းက ရရှိခဲ့ပြီးသော တာအိုမှော်ကျင့်စဉ်များသာ ဖြစ်ပေလိမ့်မည်။
ကျန်အရာများက အလွန်တရာ ခက်ခဲမည်ဖြစ်သည်။ စမှတ်ဆိုသည်မှာ နောက်ဆုံးပန်းတိုင်ကို အဆုံးအဖြတ်ပေးသည့်အရာပင် မဟုတ်ပါလော။
ဖန်မျိုးနွယ်စု၏ နောက်လာနောက်သားမျိုးဆက်များသည် ဉာဏ်အမြော်အမြင်ရှိကြ၍ လုပ်နိုင်သမျှအကုန် လုပ်ခဲ့ပြီးမည်မှာ သိသာသည်။ သည့်ထက်ပိုသော အကျိုးအမြတ်များကိုတော့ ကံကောင်းမှသာ ရပေလိမ့်မည်။ မန်ဟိုကတော့ သူ၏ကိုယ်ပိုင်အခွင့်အလမ်းအတွက် သူ့ကံကိုသာ အားထားမည်ဖြစ်သည်။
ထို့ကြောင့် သူသည် အတွင်းစည်းဂိုဏ်းသားရှုလောင်ကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့၏။ ဖန်ယု၏နည်းလမ်းအတိုင်း အပြင်သို့ ထွက်ခွာနေစဉ် သူ၏စိတ်ထဲဝယ် တွေဝေတုံ့ဆိုင်းမှုအလျဉ်းမရှိပေ။ လေးနာရီကြာသည့်နောက်ဆုံး သူ အပြင်ရောက်လာသည်။ သူကား နောက်ပင်လှည့်မကြည့်ဘဲ စတုတ္ထတောင်ထိပ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
အချိန်ကို တွက်ချက်ပြီးနောက် သူတစ်ကိုယ်တည်း တွေးလိုက်မိသည်။ "ငါ့မှာ ၃၄ နာရီကျန်သေးတယ်" သူသည် ထုတ်နိုင်သမျှ အရှိန်အလုံးစုံထုတ်ရင်း အပျက်အစီးများ၊ အလောင်းများကြားမှ သတိရှိရှိ ပျံသန်းသွားလေသည်။
နှစ်နာရီကြာသော် တတိယတောင်ထိပ်သို့ သူ ရောက်သွား၏။ တစ်ချိန်လုံး မည်သူနှင့်မှ ပက်ပင်းမတိုးခဲ့သော်လည်း သိပ်တွေးနေစရာမလိုပေ။ ၇၂နာရီ၏ အချိန်တစ်ဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီဖြစ်၍ အများစုမှာ ရှာနေသော လက်ခံခန္ဓာများကို တွေ့ရှိခဲ့ကြပြီး ထိုနေရာတွင် စောင့်နေကြခြင်း ဖြစ်လိမ့်မည်။
"၂၄ နာရီကျန်သေးတယ်" သူက အဝေးရှိ စတုတ္ထတောင်ထိပ်ကို လှမ်းကြည့်ရင်း အရှိန်ထပ်မြှင့်လိုက်သည်။
ဆယ်နာရီကျော် ကုန်ဆုံးသွားပြီး သူကား တတိယတောင်ထိပ်နှင့် စတုတ္ထတောင်ထိပ်အကြား လမ်းတစ်ဝက်ကျော်နေပြီဖြစ်သည်။ ရုတ်တရက် ထစ်ချုန်းသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ ၎င်းမှာ မည်မျှ တိုးညှင်းလဲ စဉ်းစားကြည့်လျှင် ခပ်လှမ်းလှမ်းမှ လာကြောင်း သိသာသည်။ သို့သော် မန်ဟိုကတော့ ၎င်းကို ချက်ချင်း ခံစားလိုက်ရ၏။
အသံနှင့်အတူ နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာရပ်များ၏လှိုင်းများ ရိုက်ခတ်လာသည်။ ၎င်းတို့ မန်ဟို့ဆီ ရောက်သောအခါ လွန်စွာ အားနည်းနေသော်လည်း ရင်းနှီးသောအရှိန်အဝါတစ်ခုကို သူ ခံစားလိုက်ရသေးသည်။
သူသည် သွားနေရာမှ တခဏရပ်ပြီး မျက်မှောင်ကြုတ်သွား၏။ အရှိန်အဝါကို ထပ်မံဆန်းစစ်ပြီးနောက်တွင်တော့ မျက်မှောင်ပိုကြုတ်သွားလေသည်။ ဤအရှိန်အဝါပိုင်ရှင်ကို သူသိသည်။
"တိမ်ကောင်းကင်မျိုးနွယ်စုရဲ့ ကျောက်ဖန်း" သူသည် အတွေးနက်သွားသော မျက်လုံးများဖြင့် အဝေးကို လှမ်းကြည့်လိုက်၏။ လောလောဆယ်တွင် ပထမပြင်ညီပိတ်ဖို့ ၁၄ နာရီ ကျန်ရှိသေးလေသည်။
လက်ရှိနေရာမှ စတုတ္ထတောင်သို့ ရောက်ဖို့လေးအတွက် ၁၀ နာရီလိုအပ်ကြောင်း သူပြောနိုင်သည်။ ဆိုလိုသည်က တောင်ထိပ်သို့ ရောက်ဖို့ ၄ နာရီသာ ရလိမ့်မည်။ အချိန်မှာ ကသီနေသဖြင့် ဖြုန်းတီး၍မရပေ။
သူ ရှေ့ဆက်သွားလိုက်၏။ သို့သော် မီတာသုံးရာခန့် သွားပြီးနောက်တွင် ရုတ်တရက် လှည့်ပြီး အေးစက်သော မျက်နှာအမူအရာဖြင့် ကျောက်ဖန်းရှိရာသို့ ဦးတည်သွားလေသည်။ သူသည် တိမ်ကောင်းကင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ကတိပေးခဲ့ပြီး အပေးအယူလုပ်ခဲ့၏။ သူ ကတိတည်သော အတိုင်းအတာမှာ သဘောတူညီချက်အပေါ် တစ်ဖက်လူ၏လေးစားမှုအတိုင်းအတာ ဖြစ်ပေလိမ့်မည်။
သဘောတူညီချက်ကို မည်သူမှ ထိန်းသိမ်းကြပ်မတ်မပေးသော်လည်း သူ့နှလုံးသားထဲတွင် တည်ရှိနေလေသည်။
မိမိ၏ခံယူချက်၊ အပြုအမူက မိမိ၏အသိစိတ်အဆင့်အတန်းကို ဖော်ပြသည့်အရာပင် ဖြစ်ချေသည်။
သူသည် အမွှေးတိုင်တစ်တိုင်ထွန်းစာအထိ အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းလာ၏။ မကြာမီ အရှေ့ရှိ အပျက်အစီးများကြား၌ အကြိတ်အနယ် တိုက်ခိုက်နေသော ကျင့်ကြံသူနှစ်ယောက်ကို လှမ်းမြင်လိုက်ရလေပြီ။
တစ်ယောက်က ကျောက်ဖန်းဖြစ်၏။ သူကား သိသိသာသာ အရေးနိမ့်နေသော အခြေအနေတွင် ဖြစ်သည်။ သူ၏မျက်နှာထားမှာ ဒေါသထွက်နေသော အရိပ်အယောင်ရှိလေသည်။ သူ၏အဝတ်အစားများမှာ သွေးတို့စိုရွှဲနေပြီး မျက်နှာလည်း ဖြူဖပ်ဖြူလျော် ဖြစ်နေ၏။ သိသိသာသာပင် သူကား ဒဏ်ရာရထားလေသည်။
သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခပ်ရှည်ရှည်ဆံပင်များနှင့် လူတစ်ယောက်ကို တိုက်ခိုက်နေ၏။ ထိုလူမှာ ပိန်ပိန်သွယ်သွယ်နှင့် ခံ့ညားပြီး မည်သည့်မိန်းကလေးမဆို နှစ်ခါကြည့်မိသွားမည့် ယောက်ျားမျိုး ဖြစ်ချေသည်။ ဆူးပျံသုံးခုက ပျံသန်းသွားတိုင်း ရောင်စုံအလင်းစွတ်ကြောင်းများ ချန်ရစ်ခဲ့ရင်း သူ့ကို ဝန်းရံလျက်ရှိသည်။ ၎င်းတို့သည်လည်း စူးရှသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေရာ အဖြူရောင်ဝတ်ရုံနှင့်လူငယ်ကို ပို၍ခံ့ညားတင့်တယ်နေစေတော့သည်။
အမှန်တော့ အရှေ့တွင် လူနှစ်ယောက်သာ ရှိနေခြင်းမဟုတ်။ အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏အနောက် မီတာသုံးဆယ်ခန့်အကွာတွက် ခရမ်းရောင်ဂါဝန်နှင့် အမျိုးသမီးတစ်ယောက် ရှိသည်။ သူမသည် မထီမဲ့မြင့်အပြုံးတစ်ခုကို ဆင်မြန်းလျက် ပါးနပ်သောအငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူမကို ကြည့်လိုက်သည့် မည်သူမဆို သူမသည် ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်နီဉာဏ်နက်များသူဖြစ်ကြောင်း ချက်ချင်း ပြောနိုင်ပေလိမ့်မည်။
သူမက မှော်တိုက်ပွဲကို ခပ်ပြုံးပြုံးကလေး ကြည့်နေ၏။ ဝင်ရောက်မတိုက်ခိုက်သော်လည်း အဖြူရောင်ဝတ်ရုံနှင့်လူကို ကြည့်နေသော သူမမျက်ဝန်းများတွင် ရံဖန်ရံခါ လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတတ်သည်။ ၎င်းက ချစ်စိတ်မဟုတ်ဘဲ... တစ်ခုခုပင်။
"ဒီလက်ခံခန္ဓာက တိမ်ကောင်းကင်မျိုးနွယ်စုအပိုင်" ကျောက်ဖန်းက အော်သည်။ "မင်းက ငါ့ဆီက လုချင်တယ်ပေါ့လေ အောက်တန်းကျလိုက်တာ"
ဝုန်း
ကျောက်ဖန်းမှာ သွေးတစ်လုပ် အန်လိုက်ရပြီး နောက်သို့ ယိမ်းယိုင်သွား၏။ သူသည် သတ်ဖြတ်လိုသော မျက်လုံးများဖြင့် အဖြူရောင်ဝတ်ရုံနှင့်လူကို စိန်းစိန်းဝါးဝါး ကြည့်လိုက်လေသည်။ သူပြောခဲ့သည့်အတိုင်း တိမ်ကောင်းကင်မျိုးနွယ်စုမှာ ဤနေရာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သူ ရောက်လာသောအခါ ဤအမျိုးသားနှင့် အမျိုးသမီး ပေါ်လာပြီး သူ့ကို တိုက်ခိုက်ခဲ့ကြ၏။
သူတို့နှစ်ယောက် ဤနေရာကို ထိန်းချုပ်ချင်နေကြောင်း သိသာသည်။ ထိုအမျိုးသမီး ပထမဆုံးအလစ်ဝင်တိုက်ပြီးနောက်ပိုင်း ဝင်မပါတော့ခြင်းကြောင့်သာမဟုတ်လျှင် သူသေသွားတာ ကြာပြီဖြစ်သည်။
"မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ဘယ်သူမှ ဘာမှမပိုင်ဘူး" အဖြူရောင်ဝတ်ရုံနှင့်လူက ကျောက်ဖန်းကို အထင်သေးနေသောပုံစံဖြင့် အေးတိအေးစက် ကြည့်ကာ ပြောလိုက်သည်။ "မင်း ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် ငါ ဝမ် အဲ့ဒါကို လုမယ်။ မင်းဘာလို့ ဒီတိုင်း ထွက်မသွားသေးတာလဲ။ ငါ့ကို နောက်တစ်ခါ ထပ်တိုက်ရဲ တိုက်ခိုက်ကြည့် မင်းကို အသေသတ်ပစ်မယ်"
ကျောက်ဖန်းသည် တိမ်ကောင်းကင်မျိုးနွယ်စုအတွင်း၌ ပင်ကိုယ်ပါရမီအထက်သန်ဆုံးသူ ဖြစ်၏။ ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် ကံကောင်းမှုက အရေးပါသော်လည်း ပင်ကိုယ်ပါရမီလည်း ထို့နည်းတူပင်။ ပင်ကိုယ်ပါရမီ ထက်သန်လေလေ၊ အမျိုးမျိုးသော ပညာရပ်များ၊ အမွေအနှစ်များနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရဖို့ လွယ်ကူလေလေ ဖြစ်၏။
ဤနေရာသို့ စေလွှတ်မခံရခင်တုန်းက ကျောက်ဖန်းသည် အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့် ဖြစ်သည်။ သို့သော် မထွက်လာခင်လေးမှာပင် ခေါင်းဆောင်ကြီးကိုယ်တိုင် မှော်ပညာရပ်အမျိုးမျိုးဖြင့် စီရင်၍ သူ့အား အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ယာယီ မြှင့်တင်ပေးခဲ့ပြီး သုံးလကြာ ခံအောင် လုပ်ပေးခဲ့၏။
သူ ကာကွယ်နေသော အလောင်းမှာ သာမန်အတွင်းစည်းဂိုဏ်းသားမဟုတ်။ ပို၍ရှားပါးသော သီးသန့်အဆင့်သို့ တစ်ပိုင်းဝင်ရောက်နေသည့် ဂိုဏ်းသားတစ်ဦးဖြစ်လေသည်။ အကြောင်းမူ ဤဂိုဏ်းသားမှာ သီးသန့်ဂိုဏ်းသားတစ်ဦး ဖြစ်နေပြီးသော အကြီးပိုင်းမျိုးဆက်၏ ဆွေမျိုးဖြစ်နေ၍ပင်။
ထိုသို့သော ပတ်သက်မှုကို ဖော်ထုတ်ရဖို့အတွက် တိမ်ကောင်းကင်မျိုးနွယ်စုအနေဖြင့် အတော်လေး အားစိုက်ထုတ်ခဲ့ရ၏။
ကျောက်ဖန်း၏မျက်လုံးများမှာ သွေးချင်းနီနေတော့သည်။ ကံဆိုးစွာနှင့် လောလောဆယ် သူ ရင်ဆိုင်နေရသော အမျိုးသားမှာ အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ဖြစ်နေပြီး သူကတော့ ထိုအဆင့်ကို အတင်းအဓမ္မလုပ်ယူ၍ ရောက်ရှိခဲ့ခြင်းဖြစ်လေသည်။ ပြန်တိုက်ခိုက်နိုင်သော်လည်း သူ့ပြိုင်ဘက်တွင် မှော်ပစ္စည်းများ အလွန်တရာပေါများလေရာ မယှဉ်နိုင်ကြောင်း သူသိ၏။
အမျိုးသမီးကိုတော့ ပြောနေစရာပင် မလိုတော့ပေ။ သူမသည် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်တွင်သာ ဖြစ်သော်လည်း သူမက ဤလူ့ထက်ပင် ပိုကြောက်စရာကောင်းသည်ဟု ကျောက်ဖန်း အာရုံရနေသည်။ ၎င်းမှာ သူ့ကို အံ့အားသင့်သွားစေသော ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ဖြစ်လေသည်။
ကျောက်ဖန်းတစ်ယောက် အံတင်းတင်းကြိတ်ပြီး ထွက်သွားရတော့မည့်အဖြစ်ကို စိတ်တိုတိုနှင့် လက်ခံနေသည့်အချိန် ဖောက်ခနဲ အသံတစ်သံ ကြားလိုက်ရ၏ ။ ဖုန်များ အရပ်မျက်နှာတစ်ခွင် တထောင်းထောင်း ထသွားပြီး အဖြူရောင်ဝတ်ရုံနှင့်လူအား မျက်စိမျက်နှာပျက်လျက် မျက်လုံးပြူးသွားစေသော ဖိအားတစ်ခုက နောက်မှ လိုက်ပါလာသည်။
ခရမ်းရောင်ဝတ်ရုံနှင့်အမျိုးသမီး၏ လှပသောမျက်နှာလေးတွင် ထိတ်လန့်တုန်လှုပ်မှုတို့ လွှမ်းခြုံသွား၏ ။ သူမက ခေါင်းလေးလှည့်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ကျောက်ဖန်း ပါးစပ်အဟောင်းသားဖြစ်နေစဉ် အတွင်း၌ မဟူရာလတစ်စင်းရှိနေသော အစိမ်းရောင်အငွေ့တန်းတစ်တန်း လေကို ခွင်းလာနေ၏။ ၎င်းမှာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေလေသည်။
မဟူရာလကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်ဖန်းမှာ ထခုန်မတတ် ပျော်သွားတော့၏။ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ ထွက်မလာခင် နောက်ဆုံးအခိုက်အတန့်လေးတုန်းက ခေါင်းဆောင်ကြီးသည် သူ့ကို မန်ဟို ကူညီရန် သဘောတူလိုက်ကြောင်း သတင်းလှမ်းပို့ခဲ့၏။
"အစ်ကိုကြီးမန် ကယ်ပါဦး"
စကားသံ ထွက်သွားသည့်အခိုက်အတန့်မှာပင် အစိမ်းရောင်အငွေ့နှင့် မဟူရာလကား ရောက်လာခဲ့ပြီဖြစ်သည်။ လသည် ပျောက်ကွယ်သွားပြီး အစိမ်းရောင်အငွေ့များက လွင့်ပြယ်ကာ အစိမ်းရောင်ဝတ်ရုံနှင့် မန်ဟိုကို ဖော်ပြလိုက်၏။ သူသည် လူသုံးယောက်ကို အေးတိအေးစက် ကြည့်ရင်း ရပ်နေလေသည်။
ခရမ်းရောင်ဂါဝန်နှင့်အမျိုးသမီး မန်ဟို့ကို မြင်သောအခါ မျက်လုံးများ လက်ဖက်ရည်ပန်းကန်ပြားလောက် ပြူးကျယ်သွား၏။ အံ့ဩမှု၊ မယုံနိုင်မှုတို့အပြင် သူမမျက်နှာလေးအပေါ်၌ မြင်ရခဲသော ခံစားချက်များနှင့် တွေဝေမှုများအား မြင်လိုက်ရလေသည်။
"မန်.... မန်ဟိုလား" သူမက တုန်ရီအက်ကွဲနေသောအသံလေးနှင့် ပြောလာသည်။ သူမစိတ်အစဉ်မှာ ကြီးမားသောလှိုင်းတံပိုးကြီးများဖြင့် ပြည့်နှက်သွားလေပြီ။
အဖြူရောင်ဝတ်ရုံနှင့်လူငယ်လည်း မန်ဟို့ကို မြင်လျှင် ကြောင်တောင်တောင်နှင့် စိုက်ကြည့်၏။ မန်ဟို့ကို ရင်းနှီးသလိုရှိသော်လည်း မည်သည့်နေရာတွင် မြင်ခဲ့ဖူးသည်လဲ တွေးမရ ဖြစ်နေသယောင်ပင်။ သို့သော် အမျိုးသမီး၏စကားကို ကြားသောအခါ မန်ဟို့ကို ရုတ်တရက် မှတ်မိသွားလေတော့သည်။။
ကျောက်ဖန်းမှာ ဤနှစ်ယောက် မန်ဟိုနှင့်ရင်းနှီးနေလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။
မန်ဟို၏အမူအရာမှာ ခရမ်းရောင်ဂါဝန်နှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်စဉ် ထူးထူးခြားခြား ပြောင်းလဲမသွားပေ။ တခဏကြာသော် သူက ပြုံးလိုက်၏။
"မတွေ့ရတာ ကြာပြီ တာအိုရောင်ရင်းဟန်ပေ့။ ခင်ဗျားကတော့ လှမြဲလှနေဆဲပါပဲ"
ခရမ်းရောင်ဂါဝန်နှင့် အမျိုးသမီးမှာ ချင်းလော်ဂိုဏ်း၏ ထူးဆန်းသော ဟန်ပေ့မှလွဲ၍ တခြားမဟုတ်ပေ။ သူမသည် မန်ဟို့စကားအား ကြားသောအခါ မယုံကြည်နိုင်သော မျက်နှာထားဖြင့် အသက်ပြင်းပြင်းရှူရင်း ရပ်နေတော့သည်။
"တကယ်ပဲ နင်လား" သူမက ပြောသည်။ သူမသည် ထိုနှစ်များတုန်းက မန်ဟို့ကို မှတ်မှတ်ထင်ထင် ဖြစ်ခဲ့လေသည်။ သူမမှတ်ဉာဏ်ထဲတွင် သူသည် အံ့ဖွယ်ဖြစ်ရပ် တစ်ခုပြီးတစ်ခု သယ်ဆောင်လာခဲ့၏။ ပထမဆုံးအနေနှင့် ချင်းလော်ဂိုဏ်း၏ မြင့်မြတ်နယ်မြေ၊ လေးထောင့်ဒယ်အိုးအတွင်းရှိ အဖြစ်အပျက်များ။ ထို့နောက် မဟာအကြီးအကဲ ဆေးဒယ်အိုးအနေဖြင့် ချင်းလော်ဂိုဏ်းတွင် လုပ်ဆောင်ခဲ့သောကိစ္စများ။ နောက်ဆုံး လီမျိုးနွယ်တာအိုကလေးနှင့် ကျီမျိုးနွယ်အယောင်ဆောင်တပ်သားအဖွဲ့ဝင်တစ်ဦးကို သတ်ခဲ့စဉ်တုန်းက ပြန်လည်မွေးဖွားခြင်းဂူအပြင်တွင် ဖြစ်ပျက်ခဲ့သောအရာ။ ဤအရာအားလုံးသည် တောင်ပိုင်းဒေသတစ်ဝန်းလုံးကို သိမ်းကျုံးရိုက်ခတ်ခဲ့သော ဧရာမလှိုင်းလုံးကြီးများ ဖြစ်ခဲ့၏။
အဖြစ်အပျက်တစ်ခုချင်းစီက ဟန်ပေ့ကို လုံးလုံးလျားလျား တုန်လှုပ်စေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ထိုအထင်ကြီးမိသောစိတ်မှာ နက်ရှိုင်းပြီး အားကောင်းနေဆဲဖြစ်သည်။ မှန်သည် ၎င်းက ဟန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဝိညာဉ်ထံမှ သုံးသပ်ချက်များ၊ သတိပေးချက်များနှင့် များစွာ သက်ဆိုင်လေသည်။
"နင့် ... နင့်ရဲ့ ကျင့်ကြံခြင်းအခြေခံက" သူမက ချာချာလည်မူးနောက်နေလျက် ပြောလာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို အာရုံခံပြီးနောက် ခံစားလိုက်သော တုန်လှုပ်မှုမှာ ပို၍ပင် ပြင်းထန်သေးလေသည်။ မန်ဟိုကား အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်သို့ အမှန်တကယ် ရောက်နေလေပြီ။
တောင်ပိုင်းဒေသရှိ ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများ၏ လက်ရှိမျိုးဆက်တာအိုကလေးများအနက် အများစုမှာ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်တွင်သာ ရှိသေးကြောင်း သူမကောင်းကောင်းသိသည်။ အနည်းစုက အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ဖြစ်ပြီး ဝမ်မျိုးနွယ်တာအိုကလေး ဝမ်လီဟိုင်တစ်ယောက်သာလျှင် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ဖြစ်လေသည်။ သူသည် ထိုအဆင့်ကို ဖုံးကွယ်ထားခဲ့ပြီး ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။
တောင်ပိုင်းဒေသတွင် ဤသတင်းပြန့်သွားသည်နှင့်တစ်ပြိုင်နက် ဝမ်လီဟိုင်၏အဆင့်အတန်းမှာ သူ့မျိုးဆက်တွင် နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
သို့ရာတွင် မန်ဟိုကား သည်နေရာတွင် ရပ်နေလေပြီ။ ဟန်ပေ့မှာ အံ့ဩလွန်း၍ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေ၏။
မန်ဟိုက ဟန်ပေ့နည်းတူ တုန်လှုပ်နေသော အဖြူရောင်ဝတ်ရုံနှင့်လူကို လှမ်းကြည့်သည်။ ဤလူ၏မျက်နှာက ဝမ်တန်ဖေးနှင့်မည်မျှဆင်သည်လဲ ဆိုလျှင် တစ်ချက်ကြည့်လိုက်ရုံနှင့် ဘယ်သူလဲ မန်ဟို ချက်ချင်း သိလိုက်၏။
ဤလူကား ဝမ်တန်ဖေး၏ အစ်ကိုကြီး ၊ ဝမ်မျိုးနွယ်ဝာာအိုကလေး၊ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတွင် သေပြီဟု သတင်းမှားလွှင့်ခဲ့သော ပုဂ္ဂိုလ်
ဝမ်လီဟိုင်။
***