အဲ့ဒါက.... ရှုချင်ပဲ
Vol. 41 Ch. 566
မန်ဟိုသည် ကျင့်ကြံခြင်းလောကတွင် လူသစ်လေးမဟုတ်တော့ပေ။ ဂိုဏ်းနှင့်မျိုးနွယ်စုများ၏ တာအိုကလေးများနှင့် ရွေးချယ်ခံများအကြောင်း နားလည်နေပြီဖြစ်၏ ။ သူ၏နားလည်မှုမှာ အသေးစိတ်အတိအကျတော့ မမှန်ကန်သော်လည်း ယခုတွင် တာအိုက ဘာလဲ ၊ ရွေးချယ်ခံက ဘာလဲ သိနေလေပြီ။
တကယ်တမ်း 'တာအိုကလေး' နှင့် 'ရွေးချယ်ခံ' ဆိုသည်မှာ ဘွဲ့ဂုဏ်ပုဒ်လေးတစ်ခု၊ အသိအမှတ်ပြုခံ အဆင့်အတန်းလေးတစ်ခုသာ ဖြစ်ပေသည်။ ထိုသို့ အသိအမှတ်ပြုခံရခြင်းမှာ ဂိုဏ်းအတွင်း လူတစ်ယောက်၏ဩဇာထိန်းသိမ်းနိုင်စွမ်း၏ သက်သေပင်။ ၎င်းသည် ဂိုဏ်း၏ ကောင်းမွန်သော ရှေးရေးအလားအလာကို အပြင်လောကအား သက်သေပြခြင်းလည်း ဖြစ်ပေ၏။
ဂိုဏ်းတစ်ဂိုဏ်းတွင် ရွေးချယ်ခံများစွာ ရှိလျှင် နောင်တစ်ချိန်တွင် မည်မျှတိုးတက်လာမည်လဲ ခန့်မှန်းကြည့်နိုင်လေသည်။
တာအိုကလေးများနှင့် စပ်လျဉ်း၍မူ ၎င်းသည် ဂိုဏ်းတစ်ဂိုဏ်း၊ သို့မဟုတ် မျိုးနွယ်စုတစ်စုအတွင်းရှိ ရာထူးအဆင့်အတန်းများအထဲ အထင်ရှားဆုံးဘွဲ့ဂုဏ်ထူးဖြစ်ချေသည်။ အပြင်လောက၏ ကိစ္စရေးရာ အများစုနှင့် ရင်ဆိုင်ရာတွင် သူတို့က ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုတစ်စုကို ကိုယ်စားပြု၏။
ဂိုဏ်းတစ်ဂိုဏ်းစီတိုင်းနှင့် မျိုးနွယ်စုတစ်စုစီတိုင်းတွင် တာအိုကလေးသုံးယောက်ရှိမည်ဖြစ်ပြီး ထို့ထက်မပိုပေ။
ချီအခြေတည်အဆင့် တာအိုကလေး ၊ အမြုတေဖြစ်တည်မှုအဆင့်တာအိုကလေး၊ အနုသုခုမရုပ်ခန္ဓာအဆင့်တာအိုကလေး ဟူ၍ဖြစ်သည်။
အဆင့်တစ်ဆင့်တွင် တာအိုကလေးတစ်ယောက်သာ ရှိနိုင်ပြီး သူတို့၏ အထူးအဆင့်အတန်းကြောင့် ဂိုဏ်းများနှင့်မျိုးနွယ်စုများသည် သူတို့အပြင်ထွက်တိုင်း အစွမ်းထက်သော တာအိုစောင့်ရှောက်သူများကိုပါ အမြဲထည့်ပေးတတ်၏။
အပြင်လောကတွင် တာအိုကလေးများသည် ရှိန်စရာကောင်းပြီး ထင်ရှားကျော်ကြားကြ၏။ သူတို့တွင် အခြားသောကျင့်ကြံသူများအလုံးစုံကို မနာလိုဝန်တိုစေမည့် အဆင့်အတန်းရှိကြလေသည်။
သို့စေကာမူ တာအိုကလေးတစ်ယောက် အဆင့်အသစ်သို့ တက်၍ တာအိုနှစ်ယောက်ရှိသွားလျှင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ထိုအဆင့်၏ မူလတာအိုကလေးမှ သူ၏ရာထူးကို အသာတကြည် မပေးမချင်း နောက်တက်လာမည့်သူအတွက် ထိုရာထူးကို ရဖို့ ခက်ခဲပေမည်။ ဤအမှန်တရားကြောင့် တာအိုကလေးများမှာ အပြင်လောကတွင် ဘဝင်မြင့် မောက်မာထောင်လွှားကြလေသည်။ သို့သော် ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုအထဲတွင်တော့ သူတို့မှာ ပါးလွှာသော ရေခဲပြင်ပေါ် လျှောက်နေရသကဲ့သို့ အမြဲသတိထားလျှောက်လှမ်းနေရသည်သာ ဖြစ်၏။
တာအိုကလေးတစ်ယောက် ရာထူးအဆင့်အတန်းကို ထိန်းသိမ်းလိုလျှင် သူတို့အနေဖြင့် အခြားကျင့်ကြံသူများဆီမှ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို အတင်းအဓမ္မ အခွင့်ကောင်းယူရလိမ့်မည်။ သူတို့မှာ ကျင့်ကြံအဆင့်မြှင့်တင်ဖို့နှင့် သည့်ထက်ပိုပြီး အစွမ်းထက်လာဖို့အတွက် ဂိုဏ်းအတွင်းရှိ အခြားသောပညာရှင်များ၏ အာဏာကိုပင် မှီခိုအားထားရလေသည်။ မျိုးဆက်တူသော အဖွဲ့ဝင်များ သို့မဟုတ် ဝါရင့်မျိုးဆက်များထက် သာလွန်သော အဆင့်အတန်းကို ထိန်းသိမ်းနိုင်ရန် ထိုတစ်နည်းသာ ရှိ၏။
ရွေးချယ်ခံများနှင့် ပတ်သက်၍မူ ယှဉ်ပြိုင်မှုများမှာ ပို၍ပင် ပြင်းထန်သေးသည်။ အပြင်လောက၌ သူတို့၏အဆင့်အတန်းမှာ တာအိုကလေးများနှင့်ယှဉ်လျှင် ဒုတိယသာဖြစ်ပြီး သူတို့၏မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းမှ ပိုမိုကောင်းမွန်သော ရင်းမြစ်များရရှိလေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အဆင့်နောက်ကျကျန်ခဲ့ခြင်း ၊ ကျင့်ကြံရာတွင် မြန်သင့်သလောက် မမြန်ခြင်းကြောင့် ဘွဲ့ပြန်ရုပ်သိမ်းခံရနိုင်လေသည်။ ထို့အပြင် ရင်းမြစ်များအတွက် အဆင့်တူပညာရှင်များနှင့်လည်း ယှဉ်ပြိုင်ရသေး၏။
ထိုအခြင်းအရာအားလုံးကြောင့် ရွေးချယ်ခံများသည်လည်း ပါးလွှာသောရေခဲပြင်ပေါ်တွင် လျှောက်နေရပြီး အစွမ်းထက်လာအောင် အပြင်းအထန် ကြိုးစားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ဂိုဏ်းနှင့်မျိုးနွယ်စုအားလုံး၌ မတူကွဲပြားသော စည်းမျဉ်းများရှိကြသည်။ သို့သော် ပုံမှန်ကတော့ အမြဲယှဉ်ပြိုင်နေရခြင်းသာ ဖြစ်ပေ၏။ မှန်သည် သတ်ဖြတ်ခြင်းကိုတော့ တင်းတင်းကြပ်ကြပ် တားမြစ်ထားလေသည်။
ဝမ်လီဟိုင်ကတော့ တောင်ပိုင်းဒေသ၏ မဟာမျိုးနွယ်စုသုံးစုထဲက ဝမ်မျိုးနွယ်စု၏ တာအိုကလေးတစ်ယောက်ဖြစ်၏။ သူကား စိတ်ရှည်သောလူမျိုးဖြစ်ပြီး ကြွားကြွားဝါဝါမရှိပေ။ သူ သေသွားပြီဆိုသော ကောလဟာလသတင်းများ တောင်ပိုင်းဒေသတစ်ခွင် ဟိုးလေးတကျော်ကျော် ပျံ့နှံ့နေခဲ့စဉ်တုန်းက သူသည် ဝမ်မျိုးနွယ်စု၏ ချီအခြေတည်အဆင့်တာအိုကလေးဖြစ်၏။ အမြုတေဖြစ်တည်မှုအဆင့်ကို ရောက်သည့်အခါ သူ၏ရာထူးကို ဆုံးရှုံးခဲ့ရလေသည်။ သို့သော် နှစ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် စောင့်နေခဲ့ပြီးနောက်ဆုံး ဝမ်မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်တာအိုကလေးကို တစ်ချက်တည်းနှင့် အလဲထိုးအနိုင်ယူရင်း ခေါင်းပြန်မော့လာနိုင်ခဲ့၏။ သူ တာအိုကလေး နေရာကို ပြန်သိမ်းပိုက်နိုင်သွားသောအခါ တောင်ပိုင်းဒေသတွင် အတော်လေး ဆူညံပွက်လောရိုက်သွားခဲ့လေသည်။
လောလောဆယ်တွင် မန်ဟိုသည် ကျောက်စိမ်းပြားတစ်ပြားကို လက်တွင် ကိုင်ထား၏။ အခြေအနေတွင် ဝင်ပါရန် ဆုံးဖြတ်လိုက်ပြီဆိုကတည်းက သူသည် အကုန်လုံးကို မှတ်တမ်းတင်ထားရန် ဤကျောက်စိမ်းပြားအား ထုတ်ခဲ့ခြင်းဖြစ်သည်။ သူက ဝမ်လီဟိုင်ကို လှမ်းကြည့်ပြီး ရှေးတာအိုရေပူစမ်း၏အပြင်မှာတုန်းက ထိုဝမ်မျိုးနွယ်တာအိုကလေးကို စိတ်ခေါ်ခဲ့သည့်အချိန်အား ပြန်တွေးမိလိုက်လေသည်။ ထိုလူကား ခန္ဓာကိုယ်ပို၍သန်မာလာသည်မှအပ သိပ်များများစားစား ပြောင်းလဲမသွားပေ။
မန်ဟို သူ့ကို ကြည့်လိုက်သောအခါ ဝမ်လီဟိုင်၏စိတ်နှလုံး တုန်ရီသွားပြီး ကြောက်ရွံ့ ထိတ်လန့်လာတော့သည်။ သူ၏ သံမဏိစိတ်ဆန္ဒကြောင့်သာမဟုတ်လျှင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီးဖြစ်ပေမည်။
သူသည် မန်ဟို့ကို မျက်လုံးများ ကျဉ်းမြောင်းလျက် စိုက်ကြည့်လိုက်သည်။ သူ့နှလုံးသား တည်ငြိမ်သွားလေ၏။ယခုတွင် မန်ဟို မည်သူမည်ဝါဖြစ်ကြောင်း သူမှတ်မိသွားပြီဖြစ်ပြီး သူလည်း ထိုနှစ်တုန်းက သူတို့နှစ်ယောက်၏တိုက်ပွဲကို ပြန်တွေးမိလိုက်လေသည်။ သူ ရှုံးနိမ်ခဲ့သော တိုက်ပွဲတစ်ပွဲ။
သူ့ဘဝတွင် တိုက်ပွဲသုံးကြိမ် ရှုံးနိမ့်ခဲ့ပြီး ထိုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်လေသည်။ ယင်းက သူ ကျင့်ကြံခဲ့သောနှစ်များအတွင်း ဇွဲလုံ့လရှိစေခဲ့သော အကြောင်းရင်းများထဲက တစ်ခုဖြစ်၏။ ယခင်က သူသည် သူနှင့်အဆင့်တူသော မည်သူ့ကိုမဆို အနိုင်ယူနိုင်လောက်အောင် အစွမ်းထက်သည်ဟု သွေးနားထင်ရောက်ခဲ့လေသည်။ တောင်ပိုင်းဒေသရှိ တာအိုကလေးများထက်ပင် တော်သော နံပါတ်တစ်ပုဂ္ဂိုလ်ဟု ထင်ထားခဲ့သည်။
သို့သော် မန်ဟို့ကို တွေ့ပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ခံစားရပြီးနောက်တွင်တော့ ဝမ်လီဟိုင်မှာ စိတ်နှလုံး တုန်ရီလာတော့သည်။
သူမာနကား ကွဲကြေပျက်စီးသွားလေပြီ။ သူ၏ယုံကြည်ချက်တို့လည်း နင်းခြေခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် လက်ယှက်၍ မန်ဟို့ကို အရိုအသေပေးလိုက်သည်။
"မတွေ့ရတာကြာပြီ အစ်ကိုကြီးမန်။ အရင်အတိုင်း ဖြောင့်မတ်တည်ကြည်တဲ့ပုံစံ ပေါက်နေတုန်းပဲဗျ"
ဘေးရှိ ဟန်ပေ့မှာ က္ကန္ဒြေပြန်ဆည်နိုင်လိုက်သော်လည်း အသက်ပြင်းပြင်းရှူနေရဆဲ ဖြစ်သည်။ အတိတ်တုန်းက မန်ဟိုနှင့်ပတ်သက်ခဲ့သော အဖြစ်အပျက်များက သူမစိတ်ထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေ၏။ ပထမဆုံးတွေ့ဆုံခဲ့သောအချိန်၊ စုန့်မျိုးနွယ်စုမှာတုန်းက မျက်နှာချင်းထိလုမတတ် ဖြစ်ခဲ့သောအခိုက်အတန့်။ တခြားကိစ္စများလည်း ရှိသေးသည်။ အရာအားလုံးက သူမကို စိတ်ငြိမ်ငြိမ်မထားနိုင်အောင် လုပ်နေလေသည်။
မန်ဟိုက ရပ်နေသည်။ သူ၏အစိမ်းရောင်ဝတ်ရုံစများမှာ စီးဆင်းနေသောရေအလျဉ်ပမာ လှိုင်းထနေလေသည်။ သူက မထူးခြားသော မျက်နှာအမူအရာဖြင့် ဝမ်လီဟိုင်ကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
"ကိုယ့်လူအချင်းချင်းပဲဆိုတော့ သွားခွင့်ပေးလိုက်ပါ့မယ်" သူက အေးအေးလူလူ ပြောလေသည်။
ဟန်ပေ့မှာ အသက်မနည်းရှူနေရသည်။ သူမသည် လက်ယှက်၍ အရိုအသေပေးပြီးနောက် မန်ဟို့မျက်လုံးများကို လေးလေးနက်နက် ကြည့်လေသည်။ သူမပုံစံမှာ ဉာဏ်များနေပုံရပြီး သူမျက်ဝန်းလေးများမှာ လှပလျက်ရှိ၏။
"အစ်ကိုမန် အခုလေးတင်မှ တွေ့တာကို နှင်နေပြီပေါ့လေ" သူမက ပါးစပ်လေးပေါ် လက်အုပ်ပြီး တခစ်ခစ် ရယ်လိုက်လေသည်။ "အရင်က အကြောင်းတွေ ပြန်မပြောချင်တော့ဘူးလား။ အင်းပါလေ ဒါဆိုလည်း ထွက်သွားရမှာပေါ့" သူမက ကျောက်ဖန်းနှင့် မန်ဟို့ကို လုံးလုံးလျားလျား လျစ်လျူရှုပြီး ချာခနဲ လှည့်ကာ ပျံလွှားငှက်လေးတစ်ကောင်လို လေထဲ ပျံတက်သွားလေ၏။
"အစ်ကိုမန်၊ တာအိုရောင်ရင်းကျောက် ဒီအလောင်းတည်နေရာရှာနေတဲ့ သတင်းက ဟိုးလေးကျော်နေပြီ။ ကျွန်မတို့ နှစ်ယောက် ထွက်သွားရင်တောင်မှ တခြားသူတွေ ရောက်လာဦးမလား မပြောနိုင်ဘူး" သူမအသံ၏ နူးညံပျော့ပျောင်းနေပုံအရ သူမသည် စောစောက တုန်လှုပ်နေရာမှ စိတ်နှင့်ကိုယ်ပြန်ကပ်လာပြီဖြစ်ကြောင်း ညွှန်ပြနေလေသည်။ သူမက ပျံထွက်သွားစဉ် နောက်ထပ်စကားတစ်ခွန်း ထပ်ပြောလိုက်၏။
"ဪ တစ်ခုကျန်သေးတယ် အစ်ကိုမန်" သူမက ထူးဆန်းသောလေသံဖြင့် ပြောသည်။ "အစ်ကိုမန့်ကို နောက်ဆုံးလက်ဆောင်တစ်ခု ပေးချင်တယ်။ တောင်ပိုင်းဒေသက ဘယ်သူတွေ ဒီနေရာကိုလာလဲ သေသေချာချာ မသိပေမယ့် ကျွန်မနဲ့ အတူလာခဲ့တဲ့သူတစ်ယောက်ရှိတယ်။ အဲ့ဒါက ... ရှုချင်ပဲ" သူမသည် တခစ်ခစ်ရယ်ရင်း အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
မန်ဟိုက အံ့ဩသွားပုံရသော်လည်း ဘာမှမပြောပေ။ သူက ဝမ်လီဟိုင်ကို ပြန်ကြည့်လိုက်၏။
ဝမ်လီဟိုင်လည်း မန်ဟို့ကို ပြန်ကြည့်ပြီး သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားလေသည်။ ဝမ်လီဟိုင်၏မျက်လုံးများက ရုတ်တရက် တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပလာတော့သည်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူ၏အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။ သူက မန်ဟို့ကို ကြည့်ပြီး လက်ယှက်၍ အရိုအသေပေး၏။ "အစ်ကိုကြီးမန်ရဲ့ စကားကြောင့် ကျုပ် ဒီနေရာမှာ လုယူဖို့ စိတ်ကူးမရှိတော့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ နောက်ဆုံးတိုက်ခိုက်ခဲ့ပြီးကတည်းက နှစ်ခြောက်ဆယ်စက်ဝန်းတော်တော်များများ ကုန်သွားခဲ့ပြီ။ အခု တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ကြပြီဆိုတော့ အစ်ကိုကြီးမန် ကျုပ်ကို နည်းနည်းပါးပါး သင်ကြားထောက်ပြပေးဖို့ မျှော်လင့်ပါတယ်" ထို့နောက် သူ၏အရှိန်အဝါမှာ ပို၍အားကောင်းလာတော့သည်။
မန်ဟို မျက်မှောင်ကြုတ်သွား၏။ အချိန်မှာ အလွန်အရေးကြီးနေသဖြင့် အလကားဖြုန်းတီးပစ်ရန် စိတ်ကူးမရှိပေ။ ဝမ်လီဟိုင် ပြောလိုက်သည့်အချိန်မှာပင် မန်ဟိုက အင်္ကျီလက်စကို ခါပြီး ရှေ့တစ်လှမ်း တက်လိုက်၏။ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်၏ ကြောက်မက်ဖွယ်ဖိအားကြီးက ဝမ်လီဟိုင်အပေါ် ချက်ချင်း သက်ရောက်လာသည်။
ဝမ်လီဟိုင်မှာ မျက်နှာဖြူဆုပ်ဖြူလျော်ဖြင့် နောက်သို့ ခုနစ်လှမ်းရှစ်လှမ်း ဆုတ်လိုက်ရ၏။ သူက မန်ဟို့ကို နောက်ဆုံးတစ်ချက် လေးလေးနက်နက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။
မန်ဟိုက ဝမ်လီဟိုင်ထွက်သွားသည်ကို ကြည့်နေ၏။ ဤဝမ်မျိုးနွယ်တာအိုကလေးက သူ့ကို အတန်ငယ်အထင်ကြီးမိစေလေသည်။
"ငါ့ရဲ့ ပထမဝိညာဉ်ခန္ဓာက အနုသုခုမရုပ်ခန္ဓာနှောင်ပိုင်းအဆင့်ထက် တစ်ဆင့်သာစေတယ်" သူက စဉ်းစားနေ၏။ "သူက မျက်နှာပဲ ဖြူဆုပ်သွားတာ၊ သွေးတောင် မထွက်ဘူး။ ဒီလိုဆိုတော့ ဝမ်လီဟိုင်ရဲ့ အတိုက်အခိုက်စွမ်းရည်က သေချာပေါက် မဟာစက်ဝန်းအဆင့်နဲ့ ညီမျှရမယ်" နောက်ဆုံးတွင် သူသည် ကျောက်ဖန်းကို လှည့်ကြည့်လေ၏။
ကျောက်ဖန်းမှာ ချက်ချင်း စိတ်လှုပ်ရှားလာတော့သည်။ မန်ဟို မည်မျှကြောက်စရာကောင်းသလဲ သူသိ၏။ သူကား ခေါင်းဆောင်ကြီးဟုရန်ကိုပင် တစ်ယောက်တည်း တိုက်ခိုက်ခုခံနိုင်သည် မဟုတ်ပါလော။
ကျောက်ဖန်းက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး စကားလုံးများကို ဂရုတစိုက် ရွေးချယ်ရင်း ပြောလာ၏။ "စီနီယာကြီးမန် ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကိစ္စကို သေချာပေါက် ခေါင်းဆောင်ကြီးဆီ တင်ပြပေးပါ့မယ်။ သူ စီနီယာကြီးကို ဆုလာဘ်ချီးမြှင့်ပါလိမ့်မယ်ခင်ဗျ" သူ့မှာ မန်ဟို့ကို 'အစ်ကိုကြီး' ဟု မသုံးနှုန်းဝံ့သဖြင့် ပို၍ယဉ်ကျေးသောအသုံးကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ကျောက်ဖန်းစကားလုံးများ၏ ဆိုလိုရင်းကို မန်ဟို နားလည်သည်။ သို့သော် ဖန်ယု ပေးသော အတွင်းစည်းဂိုဏ်းသားကိုပင် စွန့်လွှတ်ခဲ့ကြောင်း စဉ်းစားကြည့်ပါက ဤအလောင်း၏ အဆင့်အတန်းမှာ ပို၍မြင့်မားနေစေကာမူ သူအနေဖြင့် စိတ်ဝင်စားမည်မဟုတ်ပေ။ "ငါ မင်းကိုတတ်နိုင်သမျှ စောင့်ရှေုာက်ပေးမယ်လို့ တိမ်ကောင်းကင်ခေါင်းဆောင်ကြီးကို ကတိပေးခဲ့တယ်။ အခုအဲ့ဒီတာဝန်ကျေပြီ။ ဒီနေရာက မလုံခြုံဘူး။ မင်း ဒီနေရာမှာ နေချင်တယ်ဆိုရင် ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့ ပြင်ဆင်ထားမှဖြစ်မယ်"
ကျောက်ဖန်းမှာ တခဏ တုံ့ဆိုင်းသွားပြီးနောက် စိတ်ကိုတင်းလိုက်သည်။ "စိတ်ပူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာကြီး။ ကျွန်တော်နားလည်ပါတယ် ခေါင်းဆောင်ကြီးလည်း ကျွန်တော့်အတွက် ပြင်ဆင်ပေးထားခဲ့တယ်..."
မန်ဟိုက ကျောက်ဖန်းကို တခဏကြည့်နေပြီး ထိုအခြင်းအရာက ကျောက်ဖန်းကို ပို၍ပင် စိတ်လှုပ်ရှားလာစေတော့သည်။
နောက်ဆုံးတွင် မန်ဟိုက ခေါင်းညိတ်လိုက်လေ၏။ "ငါ ဒီမှာ နေလို့မရဘူး။ အဲ့ဒါက မင်းရဲ့ ရွေးချယ်မှုဆိုရင် ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုစိုက်ပါ" ထို့နောက် သူက ကျောက်စိမ်းပြားကို သိမ်းလိုက်၏။ အထဲတွင် ဖြစ်ခဲ့သမျှအရာအားလုံး၏ မှတ်တမ်းအစုံအလင် ပါရှိလေရာ နောက်ပိုင်းတွင် တိမ်ကောင်းကင်ခေါင်းဆောင်ကြီးအား သက်သေအဖြစ် သူ တင်ပြနိုင်လိမ့်မည်။
ကျောက်ဖန်းကို အာရုံစိုက်မနေတော့ဘဲ မန်ဟိုသည် ချာခနဲလှည့်ပြီး သူ့လမ်းသူ ဆက်သွားလေသည်။
မန်ဟို အမှန်တကယ် ထွက်သွားတော့မှ ကျောက်ဖန်းမှာ စိတ်သက်သာရာရကာ ဟင်းချနိုင်တော့သည်။ သူသည် ပတ်ဝန်းကျင်ကို သတိရှိရှိကြည့်ပြီး အတန်ငယ်တုံ့ဆိုင်းသွား၏။ အဆုံးသတ်တွင် အံတင်းတင်းကြိတ်ပြီး ထွက်မသွားဖို့ ဆုံးဖြတ်လိုက်သည်။ မူလအစီအစဉ်အတိုင်း သူ့ကိုယ်သူ ဖုံးကွယ်ရင်း အလောင်းအနားတွင်နေကာ အချိန်ကုန်သွားမည်ကို ရင်တုန်တုန်နှင့်သာ စောင့်နေတော့သည်။
မန်ဟိုက စတုတ္ထတောင်ထိပ်ကို မရပ်မနားသွားနေ၏။ ဟန်ပေ့၏စကားလုံးများမှာ သူ့နားထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။ နွေးထွေးသောအလင်းရောင်တစ်ခု သူ၏မျက်ဝန်းများတွင် ရုတ်တရက် ပေါ်လာလေသည်။
"ရှုချင်လည်း ဒီနေရာရှိတယ်လား...." မန်ဟိုသည် မိစ္ဆာအင်မိုတယ်ဂိုဏ်းကို မျက်လုံးဝေ့ကြည့်ပြီးနောက် အရှိန်အမြင့်ဆုံး တင်လိုက်လေသည်။
နာရီအနည်းငယ်ကြာသော် တတိယနေ့မှာ ကုန်ခါနီးဖြစ်နေလေပြီ။ ယခုတွင် ပထမပြင်ညီပိတ်ရန် လေးနာရီသာ လိုတော့သည်။ ဤအခိုက်အတန့်တွင် မန်ဟိုကား စတုတ္တတောင်ခြေသို့ ရောက်ရှိသွားပြီဖြစ်သည်။
သူသည် အရှေ့ရှိ မိုးထိုးနေသော တောင်ကြီးကို မော့ကြည့်လိုက်သည်။ တောင်မှာ အင်မတန်ကြီးမားလှသဖြင့် ထိပ်ကိုပင် သူမမြင်ရပေ။ သူ့မှာ အဆမတန်သေးငယ်သော ပိုးမွှားလေးသဖွယ်သာ။ သို့သော် သူ၏မျက်ဝန်းများမှာ စူးရှတောက်ပနေချေသည်။ သူကား အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး တောင်ထိပ်သို့ စတင်ပျံတက်သွားတော့၏။
ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ၏ ပထမပြင်ညီအထဲရှိ နေရာအများစုတွင် တားမြစ်မန္တန်များတည်ရှိ၏။ တစ်ခုလောက် သွားထိရုံလေးနှင့်တင် အသက်ထွက်သွားနိုင်သည်။ မန်ဟိုမှာ တောင်တက်နေစဉ် ထိုသို့နေရာအတော်များများနှင့် ကြုံတွေ့ခဲ့ရသဖြင့် ကွေ့ဝိုက်သွားရလေသည်။ နှစ်နာရီကျော်ကြာပြီးနောက်တွင်တော့ တောင်ထိပ်ကို သူလှမ်းမြင်လိုက်ရ၏။
"တစ်နာရီကျန်သေးတယ်...." သူက ပြောသည်။ သူသည် လောလောဆယ်တွင် တောင်ဘေးနံရံမှ ထိုးထွက်နေသော ကျောက်စိုင်ပေါ်တွင် ရပ်ရင်း တောင်ထိပ်ကို မော့ကြည့်နေလေသည်။ ကြည့်ရင်း တွေဝေတုံ့ဆိုင်းမှုတို့ သူ့စိတ်တွင် ဖြစ်ပေါ်လာ၏။ အချိန်ပြည့်ခါနီးနေပြီဖြစ်ပြီး ယခုတွင် သူ့မှာ ရွေးချယ်မှုမှန်ကန်ခဲ့သည်လား မသေချာတော့ပေ။
ရွေးချယ်မှုမှားခဲ့လျှင်တော့ အကုန်လုံး သဲထဲရေသွန်ပင်။ ထွက်မလာခင်တုန်းက ရှုလောင်၏အလောင်းကို သယ်လာရန် သူကြိုးစားခဲ့သည်။ သို့သော် အလောင်းမှာ ထိုနေရာတွင်သာ ထာဝရချုပ်နှောင်ခံထားရကြောင်း သူရှာတွေ့ခဲ၏။ သူ့မှာ မည်သို့ပင် လုပ်စေကာမူ ၎င်းအား နည်းနည်းလေးမှ ရွေ့မရခဲ့ပေ။
"ငါပိုင်တဲ့ဟာက ငါ့အပိုင်ပဲ။ တောင်းပန်ရမယ်ဆိုရင်တောင်မှ အခြားသူတွေဆီက လက်မခံနိုင်ဘူး။ အနည်းဆုံးတော့ နောင်တမရပါဘူးလေ" သူက ပုံမှန်အတိုင်း ရယ်ပြီးနောက် အရှုံးအမြတ်ကို စိတ်ပူမနေတော့ပေ။ သူသည် တောင်ထိပ်သို့တက်ရန် နောက်ဆုံးနာရီပိုင်းကို အသုံးပြုလိုက်၏။ သူကား ရွေ့လျားနေစဉ် အပျက်အစီးများကို ကြည့်ရင်း မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ခမ်းနားထည်ဝါမှုအလုံးစုံကို ခံစားနေမိလေသည်။
အရှုံးအမြတ်ကို စိတ်မပူသည့်အတွက် သူသည် စိတ်မလှုပ်ရှားခြင်းမရှိတော့ဘဲ အချိန်ယူလိုက်သည်။ စတုတ္ထတောင်ထိပ်သို့ ရောက်သော် အသက်အရှိုက်တစ်ရာသာ ကျန်တော့လေပြီ။
***