ခဲကျုံစစ်
Vol. 41 Ch. 567
စတုတ္ထတောင်ထိပ်အပေါ်တွင် တည်ရှိသော ကျောက်ပြားအပေါ်သို့ မန်ဟို ခြေချလိုက်သည်။ အဝေးတစ်နေရာမှကြည့်လျှင် တောင်၏ ဤအစိတ်အပိုင်းမှာ ချွန်ထွက်နေသယောင် ထင်ရသော်လည်း တကယ်တမ်း ညီညာပြန့်ပြူးလေသည်။
၎င်းသည် အက်ရာအပြည့်ဖုံးနေသော ဒယ်အိုးကိုးလုံး ဝန်းရံလျက်ရှိသည့် ရင်ပြင်ကျယ်ကြီးတစ်ခုနှင့်တူလေသည်။ ၎င်း၏အလယ်တည့်တည့်တွင် သစ်သားခေါင်းတလားတစ်ခု ရှိ၏။ ခေါင်းတလားမှာ အဖုံးကင်းမဲ့နေပြီး မှော်သင်္ကေတများမဟုတ်ဘဲ တိမ်တိုက်များ၊ သားရဲများပုံစံ ရှေးဟောင်းအပြောင်အမွန်းတို့ဖြင့် ရေးထိုးထားလေသည်။ တောင်တန်းပင်လယ်များလည်းရှိနေပြီး အလွန်ကြီးမားသော ကြယ်တာကာအာကာပြင်တစ်ခုကိုပင် မြင်ရနိုင်၏။
ပထမဆုံးတစ်ချက်ကြည့်လျှင် အပြောင်အမွန်းများမှာ ရှုပ်ယှက်ခတ်နေပုံရသော်လည်း အနီးကပ်ကြည့်လျှင် ထိုရှုပ်ထွေးမှုအတွင်း၌ ရိုးရှင်းမှုကို ရှာတွေ့နိုင်လေသည်။
၎င်းက ဆန့်ကျင်နေသည့်သဘောနှင့် လိုက်ဖက်သည့်သဘော နှစ်မျိုးလုံး၏ အံ့ဖွယ်ခံစားချက်ကို ပေးစွမ်းနေလေသည်။
မန်ဟိုက ခေါင်းတလား အနားကပ်သွားပြီး ဘေးတွင်ရပ်ကာ အောက်ငုံ့ကြည့်လိုက်၏။ အထဲမှာကား ဗလာသက်သက်။ အလောင်းလည်းမရှိ၊ ဘာဆိုဘာမှ မရှိ။ အခွံကြီးဖြစ်နေသည်။
ဤနေရာတွင် လက်ခံခန္ဓာရှိမနေပေ။
ယခုအခိုက်အတန့်တွင် ဒုတိယပြင်ညီပွင့်ရန် အချိန်အရှိုက်ရှစ်ဆယ်သာ လိုတော့၏။ မန်ဟိုသည် ဘေးတွင်ရပ်လျက် ခေါင်းတလားအလွတ်ကြီးကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေ၏။ ထို့နောက် သူသက်ပြင်းချလိုက်သည်။
စိတ်မပျက်ပါဘူးဟုဆိုလျှင် လိမ်ညာရာကျမည်။ သူသည် ဖန်ယုပေးခဲ့သော အတွင်းစည်းဂိုဏ်းသားလက်ခံခန္ဓာကို စွန့်လွှတ်ခဲ့ပြီး သူ့အတွေးအတိုင်း လုပ်ခဲ့လေသည်။ ယခုတော့ ရက်စက်လှသော အမှန်တရားကြောင့် သူ့မှာ သက်ပြင်းသာ ချနိုင်ပြီး ရှုပ်ထွေးသောခံစားချက်အပြည့်ဖြင့် ရပ်နေမိတော့သည်။
သူသည် တိတ်ဆိတ်စွာဖြင့် တောင်အောက်ရှိ မြင်ကွင်းသို့ အကြည့်ပို့လိုက်၏။ အသက်အရှိုက်ခုနစ်ဆယ်သာ ကျန်တော့လေပြီ။ သူ့အတွက် သင့်တော်သော တခြားအလောင်းကို သွားရှာရန် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ။ ဤနေရာသို့ တက်လာခဲ့စဉ်တုန်းက တောင်တက်လမ်းတစ်ဝက်ကျော် တစ်လျှောက်လုံး မည်သည့်အလောင်းမှ မတွေ့ခဲ့ရသည်မဟုတ်ပါလော။
ယခုတွင် တောင်၏ထိပ်ဆုံးမှနေ၍ တစ်တောင်လုံးမှာ အားကောင်းသော တားမြစ်မန္တန်များဖြင့် ဖုံးနေကြောင်း သူ မြင်လိုက်ရလေသည်။ မန္တန်များမှာ ပြွတ်သိပ်ကြပ်နေသဖြင့် တားမြစ်မန္တန်လက်ကြီးတစ်ဖက်က တောင်တစ်တောင်လုံးကို လွှမ်းခြုံထားရင်း ဘယ်သူမှ ထိပ်သို့ မတက်နိုင်အောင် ဟန့်တားနေသကဲ့သို့ပင် ထင်ရ၏။
မတော်တဆသွားထိမိလိုက်လျှင် ထိုတားမြစ်မန္တန်တစ်ခုလေးကပင် မန်ဟို့ကို အစအနမကျန် ဖျက်စီးပစ်နိုင်ခဲ့သည်။
"ငါ ဘယ်လိုလုပ်ပြီးတော့ ဒီအထိ ရောက်လာတာတုန်း" သူ ပထမဆုံးအကြိမ် သည်မေးခွန်းကို စဉ်းစားမိခြင်းဖြစ်၏။ တောင်တက်နေစဉ်တုန်းက အာရုံသိပ်မရှိခဲ့ပေ။ တောင်ခြေမှ တောင်ထိပ်အထိ လေးနာရီကြာခရီးမှာ အတော်လေးလွယ်ကူခဲ့သလို ရှိသည်။
သို့သော် ယခု သူပြန်ငုံ့ကြည့်လိုက်သောအခါ တောင်တစ်တောင်လုံးမှာ ဘယ်သူမှ ဝင်ရောက်နိုင်ခြင်းပင်မရှိသော တားမြစ်ဇုန်တစ်ဇုန်ဖြစ်နေသယောင်ပင်။
တားမြစ်မန္တန်တစ်ခုနှင့်သော်မှ မထိမိဘဲ အောင်အောင်မြင်မြင် တက်လာနိုင်ရန်မှာ အတော်လေး ကံကောင်းဖို့ လိုအပ်ကြောင်း သူမြင်လိုက်ရလေပြီ။
"တစ်ယောက် ငါ့ကို ဒီနေရာဆီ လာခွင့်မပေးသရွေ့...." သူက မျက်လုံးများ တဖျပ်ဖျက်လက်နေလျက် တွေးလိုက်သည်။ ဤအခိုက်အတန့်တွင် အသက်အရှိုက်သုံးဆယ်သာ ကျန်တော့၏။ မန်ဟိုသည် စတုတ္ထတောင်ထိပ်မှ အဝေးရှိ ပထမတောင်ထိပ်အပေါ်က ဘုရားကျောင်းကို လှမ်းကြည့်လိုက်လေသည်။
နိုးထလာပြီးနောက်ပိုင်း မှတ်မိရသလောက်ဆိုလျှင် ....ယခု သူရပ်နေသောနေရာမှာ ထိုစဉ်တုန်းက မြင်ခဲ့ရသောလူရပ်နေခဲ့သော နေရာပင်ဖြစ်သည်။ သူ အဝေးသို့ လှမ်းကြည့်နေစဉ် သူ၏ဆံပင်များနှင့် ဝတ်ရုံစများမှာ လေအလျဉ်အတိုင်း ညင်ညင်သာသာ မျောလွင့်နေလျက်ရှိ၏။
အသက်ဆယ်ရှိုက်သာ ကျန်ရှိတော့သည့်အခါ မန်ဟို့မျက်ဝန်းထဲ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒ တောက်ပလာသည်။
"ကျုပ်ကို ကိုယ်ထင်ပြပါ" သူက ပြောသည်။ "ခင်ဗျားက ...ကျုပ်ကို တောင်ထိပ်ဆီ အောင်အောင်မြင်မြင် တက်လာနိုင်အောင် ခွင့်ပြုပေးခဲ့တယ်။ ဒီအချိန်မှာ ခင်ဗျားက ဘယ်သူဘယ်ဝါဆိုတာ အရေးမကြီးပါဘူး" အသက်ငါးရှိုက်သာ ကျန်တော့သည်။ သူက ချာခနဲ လှည့်၍ ခေါင်းတလားဆီသို့ လမ်းလျှောက်သွား၏။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက်တွင် သူသည် အထဲသို့ ဝင်ပြီး လဲချကာ မျက်စိမှိတ်လိုက်လေတော့သည်။
အသက်သုံးရှိုက်၊ နှစ်ရှိုက်၊ တစ်ရှိုက် ....
ဂျိန်း
အလွန်တရာ ကျယ်လောင်သော ထစ်ချုန်းသံကြီး ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် ရုတ်တရက် မြည်ဟည်းသွား၏။ ၎င်းသည် သာမန်မိုးခြိမ်းသံထက် အဆများစွာ ကျယ်လောင်စွာဖြင့် တစ်လောကလုံး ရိုက်ခတ်သွားလေသည်။ လှိုင်းဂယက်များက ကောင်းကင်မှ ဖြာထွက်လာကာ မျက်စိတစ်ဆုံးမြင်နိုင်သမျှ အရာအားလုံးကို ဖုံးလွှမ်းသွား၏။
မန်ဟိုမှလွဲ၍ ဤကမ္ဘာသို့ ရောက်လာခဲ့သူတိုင်းမှာ မျက်လုံးမှိတ်၍ ရွေးချယ်ထားသော လက်ခံခန္ဓာအသီးသီးဘေးတွင် တင်ပျဉ်ခွေထိုင်နေကြလေပြီ။ လှိုင်းဂယက်များ သူတို့ဆီ ရောက်လာသောအခါ အလောင်းများ တောက်ပလာကြ၏။ လက်ခံခန္ဓာနှင့် ကျင့်ကြံသူနှစ်ယောက်လုံး၏ သရဲပုံရိပ်များ မြောက်တက်လာပြီး တစ်ခုအပေါ် တစ်ခုထပ်ကာ တစ်သားတည်း ဖြစ်သွားကြသည်။
မန်ဟိုကမူ မျက်လုံးများပိတ်လျက် မလှုပ်မယှက် လှဲနေ၏။ ထစ်ချုန်းသံကြီး ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသည့်အချိန် သူကား လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီတစ်လျှောက် ဖြာထွက်လာသော လှိုင်းများမှာ သူ့အပေါ် သက်ရောက်မှုမရှိသယောင်ပင်။
သို့သော် ၎င်းသည် ဝတ်ဖြူစင်ကြယ်နှင့်လူတစ်ယောက် စောစောက မန်ဟို ရပ်နေခဲ့သော နေရာမှာပင် ရပ်လျက်ပေါ်လာသော အခိုက်အတန့်ဖြစ်ချေသည်။ ထိုနေရာမှာ မန်ဟို ကြယ်စင်မြစ်ပြင်အတွင်း နိုးနေခဲ့တုန်းက သတိထားမိခဲ့သော နေရာလည်း ဖြစ်၏။
ထိုလူ၏ဆံပင်များမှာ ဖွာလန်ကြဲနေပြီး အဖြူရောင်ဝတ်ရုံရှည်တွင်လည်း သွေးစက်များ စွန်းထင်းနေချေသည်။ ဆံစများက မျက်နှာကို ဖုံးနေသဖြင့် မည်သည့်ပုံစံရှိသည်လဲ မမြင်ရပေ။ အတပ်ပြောရနိုင်သောအရာဆို၍ အမျိုးသမီးမဟုတ်သည့်အချက်သာ ရှိသည်။
လေများက တိုးဝှေ့ကျီစယ်လိုက်သဖြင့် ဆံစများ အနည်းငယ်မြောက်တက်သွားကာ သောက၊ နောင်တတို့အပြည့်ဖြင့် ရှေးဆန်သောမျက်လုံးနှစ်လုံး ပေါ်လာသည်။
သူထံမှ ထွက်ပေါ်လာသော ဆွေးမြည့်ပျက်စီးခြင်းအရှိန်အဝါက ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ၏အရှိန်အဝါနှင့် တစ်သားတည်းဖြစ်နေရာ နှစ်ခုကို ခွဲခြား၍ပင် မရတော့ပေ။
သူက ပဉ္စမတောင်ထိပ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းများမှာ အတိတ်မှ အမှတ်တရများဖြင့် ပြည့်သျှံနေပြီး နူးညံ့ပျော့ပျောင်းသော သူ့အသံက ထွက်လာသည်။ "ည.... သူ့ကို ဝင်ခွင့်ပေးလိုက်နော် ဟုတ်ပြီလား"
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံး တုန်ရီသွားလေသည်။
ရုတ်တရက် ပျင်းစရာကောင်းသော အသံတစ်သံ ပဲ့တင်ထပ်လာ၏။ အသံမှာ နိုးထမလာသေးသည့်အလား၊ အိပ်မက်မက်နေသော လူတစ်ယောက် စကားပြောလိုက်သည့်အလား ဖြစ်သည်။ "စည်းမျဥ်းနဲ့မညီဘူး"
"ဒီလောက် နှစ်တွေအများကြီး ကြာပြီးနောက်မှာမှ သူက ငါ့ကို မြင်လိုက်တဲ့ တစ်ယောက်တည်းသောလူပဲ။ ဒါဟာ ကံကြမ္မာရဲ့ရေစက် ဖြစ်လောက်တယ်။ သူ့ကို ... အတိတ်က ငါအဖြစ် ကိုယ်စားပြုခွင့်ပေးလိုက်ပါ။ သူ့ကို အဘိုးကြီးဆီ အဲ့ဒီစကားတွေ ပြောခွင့်ပေးလိုက်ပါ... အဲ့ဒီအချိန်တုန်းက ငါနားမလည်ခဲ့တဲ့ စကားတွေကိုပေါ့" အဖြူရောင်ဝတ်ရုံနှင့်လူအသံမှ ခပ်အက်အက် ဖြစ်ပြီး သူ၏မျက်ဝန်းတွေက နွေးထွေးနေလေသည်။ သို့သော် နွေးထွေးမှုအတွင်း၌ သူ လွတ်မြောက်အောင် မလုပ်နိုင်သေးသော လွမ်းဆွတ်တမ်းတနေမှုနှင့် နက်ရှိုင်းသောနောင်တတို့ ပါရှိနေ၏။
"ငါ အဲ့ဒီစကားတွေကို ရင်ထဲမှာ မြိုသိပ်ထားရတာ နှစ်ပေါင်းကိုးသောင်းတိုင်ခဲ့ပြီ" သူက ခပ်တိုးတိုး ပြောသည်။
တစ်လောကလုံးမှာ အကြာကြီး တိတ်ဆိတ်သွား၏။ နောက်ဆုံးတွင် ပျင်းစရာကောင်းသောအသံအား ထပ်ကြားလိုက်ရပြန်သည်။ အသံမှာ ပင်လယ်ရေလှိုင်းသဖွယ် နိမ့်လိုက်၊ မြင့်လိုက်ဖြစ်နေသည်။ "သူ့မှာ ဝင်ဖို့ ဘဝမရှိဘူး"
"ငါ့ဘဝပေးလိုက်" အဖြူရောင်ဝတ်ရုံနှင့်လူက ပြန်ဖြေသည်။
ကမ္ဘာကြီးသည် နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်၏။
"အဲ့ဒီနှစ်ကို ပြန်ရောက်သွားအောင် လုပ်လိုက်ပါ..." အဖြူရောင်ဝတ်ရုံနှင့်လူက နှလုံးသားအထဲ၌ ကိန်းအောင်းနေသော နာကျင်မှုကို ဖုံးကွယ်ရန် မျက်လုံးများ ပိတ်လိုက်သည်။ ကံဆိုးစွာနှင့် သူ့မှာ တမ်းတမှုနှင့် ပူဆွေးသောကတို့အား မဖုံးကွယ်နိုင်ပေ။
ဂျိန်း
ရုတ်တရက် ကမ္ဘာထဲရှိ အလင်းစက် ၊ အလင်းမှုန်တိုင်း ဘက်ပေါင်းစုံမှ မန်ဟိုဆီသို့ စီးဆင်းဝင်ရောက်လာကြသည်။ သူသည် တစတစ ဖောက်ထွင်းမြင်လာရပြီးနောက် ပျောက်ကွယ်သွားလေပြီ။ ထိုအခိုက်အတန့်တွင် အဆုံးမရှိသော မိုးခြိမ်းသံကြီးကဲ့သို့ အသံတစ်သံ ပဲ့တင်ထပ်သွားလေ၏။
တစ်ချိန်တည်းမှာပင် နွေးထွေးသောအလင်းရောင်တစ်ရောင်သည် ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံး ပြည့်နှက်နေရာယူလာသည်။ ရုတ်တရက် ရှေးဖြစ်ဟောင်း၏ အောက်မေ့ဖွယ် ကမ္ဘာအသစ်တစ်ခုမှာ ထိုအလင်းရောင်ထဲ၌ မြင်သာလာလေပြီ။
မန်ဟိုပျောက်ကွယ်သွားသောပုံစံမှာ တောင်ကောင်းကင်ဂြိုဟ်မှ ကျန်ကျင့်ကြံသူများ ပျောက်ကွယ်သွားသောပုံစံနှင့် တခြားစီဖြစ်လေသည်။ အကုန်လုံးက လက်ခံခန္ဓာများနှင့် ပေါင်းစည်းသွားခဲ့သော်လည်း မန်ဟိုကတော့ .... သူ၏ကိုယ်ပိုင်ခန္ဓာဖြင့် ဒုတိယပြင်ညီသို့ ဝင်ရောက်သွားခြင်းဖြစ်၏။
အခြားသူများမှာ တစ်ပါးသူ၏ဘဝကို ငှားရုံလေး ငှားထားခြင်းသာ။ မန်ဟိုကတော့ ... မငှားဘဲ ရယူနေခြင်းပင်။
ငှားယူခြင်းနှင့် ရယူခြင်းဆိုသည်မှာ အလွန်ကွဲပြားသောအရာနှစ်ခု ဖြစ်၏။
နွေးထွေးသောအလင်း ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံး ပြည့်နှက်သွားစဉ် အဖြူရောင်ဝတ်ရုံနှင့်လူသည် ယခင်အတိုင်း ပထမတောင်ထိပ်ကို ပြန်ကြည့်ရင်း ရပ်နေလျက်သာ ရှိသည်။ သူ စိတ်မျက်လုံးထဲတွင် မြင်လိုက်ရသည်မှာ သူ့ကို ပြုံး၍ကြည့်နေသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။
ခင်ဗျား မျက်ဝန်းတွေထဲမှာ ကျွန်တော် မြင်နေရတယ် ... ကျွန်တော် အမှားဘယ်လောက်လုပ်လုပ်၊ ကျွန်တော် ဘာတွေ လုပ်ခဲ့လုပ်ခဲ့ အမြဲ ခွင့်လွှတ်ပေးနေမယ်ဆိုတာကိုလေ။ ကျွန်တော် ကိုယ့်အမှားကိုယ် ပြင်မှာကို တိတ်တဆိတ်နဲ့ စောင့်ကြည့်နေတဲ့အတိုင်းပါပဲ
အဲ့ဒီအချိန်တုန်းက အမှားလေးတစ်ခုလုပ်လို့ ခင်ဗျားတစ်ခွန်းဆူရင် ကျွန်တော် ချက်ချင်း ဒေါသူပုန်ထ သောင်းကျန်းခဲ့တယ်
အဲ့ဒီအချိန်တုန်းက ကလေးဆိုးကြီးတစ်ယောက်လို ဒေါသတကြီးနဲ့ မည်းမည်းမြင်ရာ ပတ်ရမ်းခဲ့တယ်။ ကျွန်တော် ခင်ဗျားမျက်လုံးထောင့်က အရေးအကြောင်းတွေကိုရော၊ ခင်ဗျားရဲ့ အကြည့်ထဲက စိတ်ပျက်မှုတွေကိုရော တစ်ခါမှ မမြင်ခဲ့ဘူး
အဲ့ဒီအချိန်တုန်းက ကျွန်တော် မိန်းမတစ်ယောက်ကို အဖိုးထိုက်ရတနာတစ်ပါး လက်မတွန့်ဘဲ ပေးခဲ့ပေမယ့် ခင်ဗျားရဲ့ဘယ်သူ့ကိုမှ ဦးမညွှတ်ခဲ့ဖူးတဲ့ ခေါင်းက ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဦးညွှတ်ခဲ့ရတယ်ဆိုတာကိုတော့ သတိမထားမိခဲ့ဘူးလေ
အဲ့ဒီအချိန်တုန်းက ကျွန်တော် ဓားကိုဝင့်ရင်း ကိုယ့်ကိုကိုယ် ကြွားလုံးထုတ်တတ်တယ်။ ခင်ဗျား ရုတ်တရက်ကြီး အိုလာခဲ့တာကိုတော့ ဘယ်တော့မှ သတိမထားမိခဲ့ဘူး
နောက်ဆုံးတော့ တစ်ရက်မှာ ခင်ဗျား တရားထိုင်နေရင်း ကွယ်လွန်သွားတယ်။ ခန္ဓာကိုယ်လည်း ပြာကျသွားတယ်။ ကျွန်တော် ငိုခဲ့တယ်ဗျ။ ဟော့ဒီနှလုံးသားမှာလေ စုတ်ပြတ်သပ်မတတ်ပါပဲ။ ကျွန်တော့်ရဲ့ကမ္ဘာကြီး မရှိတော့ဘူးလေ။ ကောင်ကင်းကြီးရော မြေကြီးရော မရှိတော့ဘူး။
အဖေ.... ကျွန်တော့်ကို ထားပြီး ထွက်သွားခဲ့ပြီ။
အဖေ့ရဲ့ အရွယ်အိုနေတဲ့မျက်နှာကို မြင်ရတယ်။ အဖေ ကျွန်တော့်ကို တုန်နေအောင် ဘယ်လိုချစ်ပေးခဲ့လဲ မြင်ရတယ်။ ကျွန်တော် အမှားဘယ်လောက်လုပ်လုပ် ခွင့်လွှတ်ပေးခဲ့တဲ့ အချိန်တွေကိုလည်း မြင်ရတယ်။ အခု ကျွန်တော် သိလိုက်ရပါပြီ... ကျွန်တော် အဖေ့ကို ဝန်ခံဖို့ လိုနေတယ်ဆိုတာ။ အဲ့ဒီစကားလုံးတွေကို ပြောဖို့ .... အဖေ့အပေါ်မှာ အမြဲ အကြွေးတင်နေခဲ့တယ်
အဲ့ဒီစကားလုံးတွေက ကျွန်တော်နဲ့အတူ နှစ်ကိုးသောင်းတိုင်တိုင် စောင့်နေခဲ့ရတာ
....
ရှေးခေတ်ကောင်းကင်ကြီးကား ပြာလဲ့လျက်ရှိ၏။
မန်ဟို မျက်လုံးဖွင့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသည်က ကောင်းကင်ပြာကြီးဖြစ်၏။ ထို့နောက် ဟိုဟိုသည်သည် ပျံသန်းနေသော အဖြူရောင်ကြိုးကြာများကို မြင်လိုက်ရသည်။ စီစီညံနေသော စကားပြောသံများ၊ ပြေးသံလွှားသံများ၊ လှုပ်ရှားသံများအား နေရာအနှံ့မှ ကြားလိုက်ရလေသည်။
မိုးထိုးနေသော ဧရာမအလင်းတန်းကြီးများကိုလည်း မြင်ရ၏။ အရာအားလုံးမှာ တောက်ပပြီး အရောင်အသွေးစုံလင်လှလေသည်။
အလင်းတန်းများက အရပ်မျက်နှာတစ်ခွင်တွင် လေကိုခွင်းလျက် သွားနေကြ၏။
အဝေးတွင် တောင်တစ်လုံးရှိသည်။ ၎င်းမှာ အစိမ်းရောင်ဖြစ်ပြီး စည်ကားသိုက်မြိုက်နေလေသည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် တစ်ကမ္ဘာလုံး ပြည့်နှက်သွားသော ရှေးဆန်သည့်အသံတစ်သံအား မန်ဟို ကြားလိုက်ရသည်။
"နှစ်တစ်သောင်းကြာတိုင်း ငါ တာအိုတရားတစ်ပုဒ် ဟောပေးတယ်။ ဒီတစ်ကြိမ်တော့ ဒဏ္ဍာရီတစ်ပုဒ်အကြောင်း ပြောပြမယ်။ ဒဏ္ဍာရီက ညလို့ခေါ်တဲ့ အစစ်အမှန်စိတ်ဝိညာဉ်ရဲ့အကြောင်းပဲ။ သူ မျက်လုံးပိတ်လိုက်တဲ့အခါ ကမ္ဘာကြီးက သူ့အိမ်မက်ဖြစ်တယ်။ သူ့ မျက်လုံးဖွင့်လိုက်တဲ့အခါ အိပ်မက်ကနေ နိုးထလာတယ်။ ကောင်းကင်နဲ့မြေကြီးဟာ အဆုံးမရှိ...."
ရှေးဆန်သောအသံမှာ တစတစ တိုးဝင်သွား၏။ နားနားကပ်၍ ရေရွတ်နေသယောင် ထင်ရသော်လည်း တစ်ချိန်တည်းမှာပင် တစ်ကမ္ဘာလုံး၌ ပဲ့ထင်ထပ်နေပြန်လေသည်။
"အချိန်ဟာ အိပ်မက်လိုပဲ။ ဘယ်ဟာ အစစ်အမှန်လဲ ၊ ဘယ်ဟာ အတုအယောင်လည်း မပြောနိုင်ဘူး။ အိပ်မက်မက်တဲ့အခါ တခြားသူတွေကို မြင်ရတယ်။ တခြားသူတွေရဲ့ အိပ်မက်ကမ္ဘာထဲမှာလည်း မင်းတို့တွေ ပေါ်လာကောင်း ပေါ်လာမှာပေါ့
"ဒါမှမဟုတ် ငါတို့ဘဝတွေဟာ အချိန်မရွေး ဖောက်ခနဲ ပေါက်သွားနိုင်တဲ့ ပူစီဖောင်းတွေနဲ့ တူလောက်တယ်။ မင်းကို အိပ်မက်မက်တဲ့သူ၊ မင်း အိပ်မက်မက်တဲ့သူ... ဒါက တကယ် ရှင်းပြရခက်တဲ့ ပဟေဠိတစ်ပုဒ်ပဲ..."
မန်ဟို့နားထဲမှ မိန်းမငယ်လေးတစ်ယောက်၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။ "အစ်ကိုကြီး"
အသံမှာ အံ့အားသင့်နေသလို၊ စိတ်ပူနေဟန်လည်းရှိသည်။ "အစ်ကိုကြီး"
ဝိညာဉ် ကိုယ်ထဲပြန်ဝင်သွားသကဲ့သို့ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ၎င်း ပြန်ဝင်လာသောအခါ မန်ဟို့မှာ စုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရ၏။ နာကျင်မှုသည် သူ့ကို လွှမ်းခြုံသွားပြီး သရဲပုံရိပ်များ ဖြစ်ပေါ်လာသည်။
ထိုခံစားချက်ကြီး အသက်အရှိုက်အနည်းငယ်ကြာသည်အထိ ဆက်ဖြစ်ပေါ်နေသဖြင့် မန်ဟို့မှာ အသက်ရှူသံများ မြန်လာတော့၏။ ၎င်းပျောက်ကွယ်သွားသောအခါ ကောင်းကင်မှ နောက်တစ်ဖန် ပြာလဲ့သွားပြီး ကမ္ဘာကြီးလည်း ... နောက်တစ်ဖန် ပြန်ပေါ်လာလေပြီ။
"အစ်ကိုကြီး ဘာလုပ်နေတာလဲ" မန်ဟိုအရှေ့တွင် ပန်းရောင်ဂါဝန်အရှည်လေးနှင့် မိန်းမငယ်လေးတစ်ယောက် ရပ်နေသည်။ သူမမျက်ဝန်းလေးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး တွေဝေမှုတို့ ပြည့်နှက်နေ၏။ သူမသည် မန်ဟို့ကိုကြည့်ရင်း နားမလည်ဖြစ်နေသလို၊ စိတ်တိုနေဟန်လည်း ရှိသည်။
သူက သူ့ကိုယ်သူ ငုံ့ကြည့်လိုက်မိ၏။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ထားပြီး ဆံပင်ရှည်များရှိကာ တောင်တစ်လုံး၏ထိပ်တွင် ရှိသော ပလ္လင်တစ်ဆူပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ အစိမ်းရောင်အငွေ့များ လွင့်လူတက်နေသော ဒယ်အိုးကြီးကိုးလုံးက သူ့ကို ဝန်းရံလျက်ရှိ၏။
ဤသည်မှာ စတုတ္ထတောင်ထိပ်ပင်။
မန်ဟို စိတ်နှလုံးတုန်ရီသွားသည်။ သူ့ခေါင်းမှာ ကွဲထွက်မတတ် နာကျင်ကိုက်ခဲနေသော်လည်း သူ၏မျက်လုံးကတော့ တောက်ပနေလေ၏။ ဤအခိုက်အတန့်တွင် ... ဒုတိယပြင်ညီသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သူသိလိုက်လေပြီ။ သို့ရာတွင် သူ့ကို အဆုံးစွန်အထိ တုန်လှုပ်သွားစေသည်မှာ ဖန်ယုပြောခဲ့သလို .... မှတ်ဉာဏ်များ မပျောက်ဆုံးသွားခြင်းပင်။
ထိုမျှသာမက သူ မည်သူမည်ဝါဖြစ်သည်လဲ ရှင်းရှင်းလင်းလင်း ကြေညာနေသော အသံတစ်သံ သူ၏စိတ်ထဲတွင် ရုတ်တရက် ဟိန်းထွက်လာ၏။
" မိစ္ဆာအင်မိုတယ်ဂိုဏ်း လက်ရွေးစင်ပညာသင်ခုနစ်ဦးထဲမှ တစ်ယောက်ဖြစ်သော ... စတုတ္ထတောင်ထိပ်၏ ခဲကျုံစစ်"
***