← Chapters

တစ်ခုခုမလုပ်ခင် သုံးကြိမ်သုံးခါ စဉ်းစားပါ

Vol. 41 Ch. 568

တစ်ခုခုမလုပ်ခင် သုံးကြိမ်သုံးခါ စဉ်းစားပါ

Vol. 41 Ch. 568

မန်ဟိုသည် အဖြူရောင်ဝတ်ရုံကို ဝတ်လျက် စတုတ္ထတောင်ထိပ်အပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိလေသည်။ သူက နှာဖျားကို တခဏ ပွတ်လိုက်၏။ ရုတ်တရက် မှတ်ဉာဏ်အသစ်များ သူ့ခေါင်းထဲ ပေါ်လာသယောင်ပင်။ ဤမှတ်ဉာဏ်အသစ်များမှာ မန်ဟို့ကို ခေါင်းကိုက်သွားစေပြီး စိတ်အစဉ်ကို နောက်ကျိသွားစေတော့သည်။

လေပြေညင်းလေးတစ်ချက်က သူ၏ဆံနွယ်များကို တိုးကာဝှေ့ရင်း သူ၏ဝတ်ရုံစများကို တွန့်သွားစေသည်။ သို့သော် သူရင်ထဲရှိ အံ့ဩတုန်လှုပ်မှုမှာ လွင့်ပြယ်မသွားသလို၊ ဤဘဝအသစ်ကြောင့် သတိလက်လွတ်မဖြစ်မိဘဲလည်း မနေပေ။

ကြီးမြတ်‌သော လက်ရွေးစင်ပညာသင်ခုနစ်ဦးထဲက တစ်ဦးတဲ့လား...

ဤသို့ဘဝမျိုးရရန် မဖြစ်နိုင်ကြောင်း ဖန်ယု ပြောခဲ့သည်ကို သူမှတ်မိလိုက်သည်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် ယခုကဲ့သို့ အဆင့်အတန်းနှင့် လူတစ်ယောက်သည် လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်ပြီး ပြဿနာပေါင်းသောင်းခြောက်ထောင်လည်း ရှာနိုင်လေသည်။ သူတို့သည် မည်သည့်ကဏ္ဍတွင်မဆို တခြားဂိုဏ်းသားများထက် သာလွန်ပြီး ရှင်ခြင်းသေခြင်းအပေါ်တွင်ပင် အာဏာသက်ရောက်နိုင်၏။

ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ၏အစမှ ယနေ့ထက်ထိတိုင်အောင် ဘယ်သူမှ ယခုလို တုန်လှုပ်ဖွယ်ရာဘဝမျိုးကို မရရှိခဲ့ဖူးပေ။ အတိတ်ကလူများ ရယူနိုင်ခဲ့သော အမြင့်ဆုံးဘဝမှာ သီးသန့်ဂိုဏ်းသားအဆင့်သာ ရှိချေသည်။

သို့သော် မန်ဟိုလက်ရှိ ပိုင်ဆိုင်ထားသော ဘဝ၏ရှေ့မှောက်တွင် သီးသန့်ဂိုဏ်းသားဆိုသည်မှာ ... ပုရွက်ဆိတ်များသဖွယ်သာ။

ထိုသို့ဘဝမျိုးသည် ဒဏ္ဍာရီထဲ၌သာ ရှိပြီး ရယူဖို့ရန် အင်မတန်ခက်ခဲ၏။ မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် လက်ရွေးစင်ပညာသင်များဟု ခေါ်ဆိုနိုင်သော အမွေခံပညာသင် စုစုပေါင်းခုနစ်‌ဦး ရှိလေသည်။

အမှန်အတိုင်းဆိုရလျှင် လက်ရွေးစင်ပညာသင်သည် ဂိုဏ်းအကြီးအကဲတစ်ဦးထက်ပင် အဆင့်မြင့်ပြီး တောင်ထိပ်အသီးသီး၏ အထူးလေးစားရသော တောင်ထိပ်သခင်ပါရာဂွန်များ‌နှင့်ယှဉ်လျှင် ဒုတိယသာ လိုက်လေသည်။

မန်ဟို ရင်တဒိန်းဒိန်း ခုန်လာ၏။ ဤသို့ ကံကြမ္မာမျိုးကို ရယူနိုင်လိမ့်မယ်ဟု သူ အမှန်တကယ် မထင်ထားခဲ့ပေ။ ယခု သူကား အဆုံးစွန်ထိ တုန်လှုပ်ဖွယ်ကောင်းသော ၊ အတိတ်က ဘယ်သူမှ မရရှိခဲ့ဖူးသည့်အပြင် နောက်နောင်တွင်လည်း ရရှိနိုင်လိမ့်မည်မဟုတ်သော ဘဝကို ပိုင်ဆိုင်ထားလေပြီ။

စတုတ္ထတောင်ထိပ်၏ လက်ရွေးစင်ပညာသင် ခဲကျုံစစ်

"ကြည့်ရ‌သလောက် ငါမြင်ခဲ့တဲ့သူက ... ခဲကျုံစစ်အပြင် မဖြစ်နိုင်ဘူးထင်တယ်

"မိစ္ဆာအင်မိုတယ်ပြင်ညီ ဖျက်စီးခံရပြီးတဲ့နောက်မှာတောင် သူ မသေခဲ့ဘူး။ ငါ့ကို သူ့ဘဝပေးခဲ့ပေမယ့် ဘာအတွက်ကြောင့်များလဲ...." မန်ဟို၏ မျက်လုံးများ လင်းလက်တောက်ပလာပြီး အာခေါင်ခြောက်လာ၏။

"အစ်စ်စ်စ်ကိုကြီးးးးးးးးးး" လေသံအနေအထားအရ မိန်းကလေးမှာ အလွန်စိတ်တိုနေပုံရသည်။ သူမအသံက မန်ဟို့အတွေးစများကို ပြတ်တောက်သွားစေ၏။ သူက သူမကို ခေါင်းမော့ကြည့်လိုက်သည်။

မိန်းကလေးမှာ သူ၏တုံ့ပြန်ပုံကြောင့် မကျေမနပ်ဖြစ်သွားသည့်အလား ခြေဆောင့်ပြီး ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားတော့သည်။

သူမထွက်သွားခြင်းက မန်ဟို့ကို နည်းနည်းလေးမှ ထိတ်လန့်မသွားစေပေ။ သူ့မှာ ယခုရရှိထားသော ဘဝနှင့်ပတ်သက်ပြီး အံ့ဩနေဆဲဖြစ်လေသည်။ အချိန်အတော်ကြာမှ သူသည် သက်ပြင်းချကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

တောင်ထိပ်သည် သစ်ပင်ပန်းမန်များအပြည့်နှင့် လှပတင့်တယ်လျက်ရှိချေသည်။ ခေါင်းအထက်ရှိ ကောင်းကင်မှာလည်း ကန်ရေပြင်ပမာ ပြာလဲ့နေ၏။ လေထဲတွင် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နေပြီး တရားထိုင်၊ စီးချင်းထိုး၊ စကားစမြည်ပြောနေကြသည့် မရေမတွက်နိုင်သော ဂိုဏ်းသားများကို မြင်ရ‌လေသည်။ တစ်နေရာလုံးမှာ ပျားပန်းခတ်မျှ စည်ကားလျက်ရှိချေ၏။

ကောင်းကင်ထက်တွင် အလွန်ခံညားထည်ဝါသော မိုးနဂါးပျံကြီးတစ်ကောင် ပျံသန်းသွား၏။ ၎င်းဖြတ်သွားသည့်နေရာတိုင်း လေပြင်းများ တိုက်ခတ်သွားလေသည်။ ဟိုဟိုသည်သည် ပျံဝဲနေသော အင်မိုတယ်သားရဲမျိုးစုံလည်း ရှိနေသည်။ အမှန်တကယ်ပင် အင်မိုတယ်တို့၏ဘုံဗိမာန်အလား ဖြစ်နေတော့သည်။

အဝေးရှိ တတိယတောင်ထိပ်အပေါ် လေထဲတွင် တင်ပျဉ်ခွေထိုင်၍ မျောလွင့်နေသော အဘိုးအိုတစ်ယောက်ကို မြင်ရ၏ ။ သူက တာအိုတရားဟောနေပြီး ကျမ်းစာအမျိုးမျိုး၏ အမှန်တရားများအကြောင်း မိန့်ကြားနေလေသည်။

ဤအခြင်းအရာအားလုံးမှာ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ ဝင်ရောက်လာခဲ့စဉ်တုန်းက မြင်ခဲ့ရသော ဝိုးတိုးဝါးတားမြင်ကွင်းအတိုင်းပင်။ ကွဲပြားခြားနားသည့်အရာဆို၍ ......

မန်ဟို့သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် ကောင်းကင်အထက်တွင် ....ဇောက်ထိုးဖြစ်နေသော တောင်သုံးလုံးကို သူ သတိထားမိလိုက်လေသည်။

ဤတောင်သုံးလုံးမှာ အောက်ရှိမြေထုကြီးထက်ပင် ကြီးမားသယောင်ရှိ၏။ အဝေးမှ မကြည့်လျှင် မြင်ကွင်းတစ်ခုလုံး မြင်ရမည်မဟုတ်။ အစိမ်းရောင်နွယ်များက ၎င်းတို့ထံမှ တွဲလောင်းကျနေပြီး ‌တောင်တစ်လုံးစီမှာ ကမ္ဘာတစ်ကမ္ဘာစီဖြစ်ပုံရလေသည်။

"ဒါက..." ပထမပြင်ညီမှာတုန်းက ၎င်းတို့နှင့်ပတ်သက်ပြီး တူညီတာတစ်ခုမှ သူ မမြင်ခဲ့ပေ။ ကြည့်ကြည့်ချင်း သူ့မှာ ပါးစပ်အဟောင်းသားသာ ဖြစ်သွားနိုင်တော့သည်။

တောင်သုံးလုံးအနက် တစ်လုံးသည် နှင်းတို့ဖုံးနေသော ရေခဲတောင်ကြီးနှင့်တူသည်။ နောက်တစ်‌လုံးမှာ ချော်ရည်ပြည့်နေသော မီးတောင်ကြီးအလားပင်။ သုံးလုံးမြောက်တောင်ကတော့ .... သွေးတောင်ကြီးသဖွယ် ကြက်‌သွေးရောင်လွှမ်းနေ၏။

မန်ဟိုက နှာဖျားကို နောက်တစ်ဖန် ပွတ်သပ်လိုက်ပြန်သည်။ တောင်သုံးလုံးမှာ ထူးဆန်းနေပြီး သူ့မှတ်ဉာဏ်များမှာလည်း မှုန်ဝါးဝါး မပီမသဖြစ်နေ၏။ လောလောဆယ်တွင် သူအနေဖြင့် ‌ကောင်းကောင်းမတွေးနိုင်သေးပေ။ သူက တစ်ယောက်တည်း ရေရွတ်ရင်း အကြည့်လွှဲလိုက်သည်။

"မိစ္ဆာအင်မိုတယ်ဂိုဏ်း.... မိစ္ဆာချုပ်နှောင်သူဆိုတဲ့ ငါ့အဆင့်အတန်းနဲ့ဆိုရင် ဘယ်လိုမထင်မှတ်ထားတာတွေ ဖြစ်မလဲ မသိဘူး... ပြီးတော့ ဒီခေတ်မှာ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းလည်း ရှိလောက်မယ်" လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တစ်ခုသည် မန်ဟို့မျက်ဝန်းများ၏ အနက်ရှိုင်းဆုံးထဲမှ တောက်ပလာသည်။

"အစ်ကိုကြီး ဘာဖြစ်နေတာလဲ။ ကိုယ့်လုပ်ရပ်ကိုရော ပြန်တွေးကြည့်ပြီးပြီလား" စောစောက သူ့ကို ထားခဲ့သည့် မိန်းကလေး ပြန်ရောက်လာခဲ့ပုံရသည်။ သူမသည် မနေချင်ဘဲ နေရသော ပုံစံလေးနှင့် သူ့အရှေ့တွင် ရပ်နေ၏။

မန်ဟိုက အတွေးများကို ပြန်စုစည်းရန် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ဘာကို ပြန်တွေးရမှာလဲ။ တကယ် မသိတော့ဘူး။ ငါ အခု အိပ်မက်မက်နေတာ ထင်တယ်"

"အိပ်မက်မက်တယ် ဘာအိပ်မက်လဲ" သူမက သိချင်နေသောလေသံလေးနှင့် တုံ့ပြန်သည်။

"အခု နိုးလာပြီဆိုတော့ မမှတ်မိတော့ဘူး" သူက ပြောသည်။ မိန်းကလေးမှ မေးခွန်း‌များ ထပ်မေးရန် ပြင်နေသည်ကို မြင်သောအခါ မန်ဟိုသည် တည်ကြည်လေးနက်သောမျက်နှာထားဖြင့် သူမကို ကြည့်ပြီး ပြောလိုက်၏။ "မင်း ကျင့်စဉ်မှာ အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်တော့မယ်။ တရားသွားထိုင်နေတာ ကောင်းမယ်ထင်တယ်နော်"

သူ့စကားလုံးများက မိန်းကလေး၏မျက်ဝန်းများကို ဝိုင်းစက်ပြူးကျယ်သွားစေသည်။ "နင်ကပဲ ငါ့ကို ဆရာလုပ်ရတယ်ရှိသေး။ ဟွန့် ။ ဒီတစ်ကြိမ် နင် ပျားအုံကိုမှ တုတ်နဲ့ သွားထိုးမိတာနော်။ ဂိုဏ်းချုပ်က နင့်အမှားကို ဝန်ခံခိုင်းဖို့ ငါ့ ဒီလွှတ်လိုက်တာ"

ထို့နောက် မိန်းကလေးက သူ့ကို မျက်စိတစ်ဖက်မှိတ်ပြပြီး လှည့်ထွက်သွားတော့သည်။

မိန်းကလေး ထွက်သွားသည်ကို ကြည့်ရင်း မန်ဟို မျက်မှောင်ကြုတ်သွား၏။ သူမဆိုလိုသည်ကို သူနားလည်လေသည်။

"ဖန်ယုပြောတဲ့ပုံအရဆိုရင် ဒုတိယပြင်ညီကို ဝင်ရောက်တဲ့အခါ နာရီပိုင်းတည်းနဲ့ နိုးလာမှာမဟုတ်ဘူး။ တစ်ခါတလေ ရက်ပိုင်းတောင် ကြာတတ်တယ်

"တခြားသူတွေ နိုးမလာခင်တော့ ငါ့အခွင့်အရေးတွေက အဆုံးမဲ့ပဲ" သူသည် နှာဖျားကို ပွတ်ရင်း စောစောက မိန်းကလေးပြောခဲ့သောစကားနှင့်ပတ်သက်ပြီး သိပ်တွေးမနေတော့ဘဲ ဤရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာအကြောင်း တွေးလိုက်သည်။

"ငါ့ရဲ့ အဆင့်အတန်းကို စဉ်းစားကြည့်ရင် တစ်ယောက်မှ ငါ့ပြိုင်ဘက်ဖြစ်ဖို့ အနားတောင် ကပ်နိုင်မှာမဟုတ်ဘူး။ အတွေးလေးတစ်ချက်တည်းနဲ့ သူတို့ကို သေသွားတာ ငါကြည့်လို့ရတယ်" အေးစက်သောအလင်းရောင်တစ်ခု သူ၏မျက်လုံးထဲတွင် ရုတ်တရက် ပေါ်လာသည်။ လက်ရွေးစင်ပညာသင်တစ်ဦး၏ ခံစားခွင့်များနှင့်စပ်လျဉ်း၍မူ သူ၏‌ပရမ်းပတာဖြစ်နေသော မှတ်ဉာဏ်များကြောင့် အသေးစိတ် သေသေချာချာ မမှတ်မိပေ။ သို့သော် အကြမ်းဖျင်းတော့သိ၏။

"ကံဆိုးစွာနဲ့ တခြားသူတွေ ဘယ်လက်ခံခန္ဓာကို ရွေးချယ်လိုက်လဲ ငါမသိဘူး။ ဒါပေမဲ့ အကောင်းဆုံးတစ်ခုက ကျီမျိုးနွယ်ဝင် သီးသန့်ဂိုဏ်းသားဖြစ်မှာကိုတော့ သိတယ်။ ဒီတိုင်းဆိုရင်တော့... အဲ့ဒီတစ်ခုကို သွားရှာပြီး အဲ့ဒီကောင်ကို ဖျက်စီးပစ်ရမယ်" ထို့နောက် မန်ဟိုက ထရပ်လိုက်သည်။ သို့ရာတွင် သူ ထရပ်လိုက်သည်နှင့်တစ်ပြိုင်နက် မိုးခြိမ်းသံများ ကောင်းကင်တွင် ပြည့်နှက်သွားပြီး မိုးကြိုးရှစ်တန်းက သူ့ဆီ ထိုးဆင်းလာလေသည်။ ၎င်းတို့က သူ့ကို တမုဟုတ်ချင်း ထိတွေ့ဝင်တိုက်သွားတော့၏။

မိုးကြိုးက လျှပ်တစ်ပြက်အတွင်း ပစ်ချလိုက်ခြင်းဖြစ်ရာ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးတစ်လုပ် အန်လိုက်ရသည်။ သူ့မှာ အံ့အားသင့်နေသော မျက်နှာထားဖြင့် မြေကြီးအပေါ် ချက်ချင်း ပြုတ်ကျသွားတော့၏။ မိုးကြိုး၏ စွမ်းအားကား ကြောက်မက်ဖွယ်ရာပင်။ ဤကမ္ဘာသည် ပုံရိပ်ယောင်ဖြစ်သည့်တိုင် သူ့မှာ သေစေနိုင်သောအန္တရာယ်ကြီးကို ခံစားနေရသေးသဖြင့် ပင့်သက်မရှိုက်မိဘဲ မနေတော့ပေ။

"ဘာတွေ ဖြစ်နေတာလဲ" သူက တွေးလိုက်ရင်း ကောင်းကင်ကို အလျင်အမြန် မော့ကြည့်လိုက်သည်။ ၎င်းမှာ ခါတိုင်းလို ပြာလဲ့နေသော်လည်း ... သူ့ပတ်ဝန်းကျင်မှာတော့ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ဂိုဏ်းသားပေါင်းစုံဖြင့် ပြည့်နေချေပြီ။ တချို့က လူများဖြစ်ပြီး တချို့တွင် မိစ္ဆာကိုယ်များ ရှိကြ၏။ အကုန်လုံးကား ထူးဆန်းသောအမူအရာတစ်ခုကို ဆင်မြန်းထားကြလေသည်။

တချို့ဆိုလျှင် သူ၏ကံ‌ဆိုးမှုကို နှစ်ထောင်းအားရဖြစ်နေသယောင်ပင်။ ဒေါသူပုန်ထနေသော်လည်း သူ သတိမထားမိစေရန် ဆုတောင်းနေပုံသော တချို့လည်းရှိသည်။ သူတို့သည် ချက်ချင်းဆိုသလို စိတ်မဝင်စားသောမျက်နှာပုံစံ ဖမ်းပြီးနောက် ထွက်သွားကြ၏။

မန်ဟို ပါးစပ်အဟောင်းသား ဖြစ်နေသည်။ တစ်ခုခုတော့ မှားနေချေပြီ။ သူက တခဏ ချီတုံချတုံဖြစ်နေပြီးနောက် အံတင်းတင်းကြိတ်၍ ငေါက်ခနဲ ထရပ်လိုက်သည်။ ချက်ချင်းပင် ပတ်ပတ်လည်ရှိ ဒယ်အိုးကိုးလုံးမှ တဝီဝီမြည်သံတစ်သံ ထွက်လာသည်။ မိုးကြိုးစက်ကွင်းကိုးခု ပေါ်လာကာ မန်ဟိုကို ချုပ်နှောင်ပြီး လေပေါ်မြှောက်လိုက်လေသည်။

မန်ဟို‌ ခေါင်းနပန်းကြီးသွားသည်။ လေအလယ်တွင် မိုးကြိုးတန်းရှစ်တန်းက ဂျိန်းခနဲ သူ့ကို ပစ်ချလိုက်ပြန်၏။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မျက်နှာမှာ ဖျော့တော့ဖြူလျော်သွားလေသည်။ ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မိစ္ဆာအင်မိုတယ်ဂိုဏ်းသားအကုန်လုံး သူ့ကို စိုက်ကြည့်နေကြသည်ကို သူသတိထားမိလိုက်ပြီဖြစ်သည်။

တစ်‌ဦးတစ်ယောက်ချင်းစီတိုင်းက ထူးဆန်းသောအမူအရာတစ်ခုစီကို ဆင်မြန်းထားကြလေ၏။ တချို့မှာ ဝမ်းသာပီတိဖြာနေသယောင်ပင်။ တချို့ကျပြန်တော့ ‌ဒေါသဖြေနေပုံရသည်။ အကုန်လုံးမှာ သူ မိုးကြိုးပစ်ခံနေရသည်ကို နှစ်ထောင်းအားရဖြစ်နေဟန်တူသည်။ တချို့ဆိုလျှင် လက်ခုပ်လက်ဝါးပင် တီးတော့မည့်အလား ထင်ရလေ၏။

"လခွမ်း၊ လိ့ဖြစ်နေတာလားဟ။ ငါက လက်ရွေးစင်ပညာသင်မဟုတ်ဘူးလား။ ဘာတွေဖြစ်နေတာတုန်း" ယခုအခါတွင် မန်ဟို့မှာ အမှန်တကယ် ကြောက်စပြုလာလေပြီ။ ဒုတိယအလှည့် မိုးကြိုးပြင်းအားမှာ သူ၏ခန္ဓာကိုယ် ပေါက်ကွဲတော့လုနီးပါး ခံစားရစေခဲ့၏။

ရုတ်တရက် စောစောက မိန်းကလေး သူ့အား ကိုယ့်လုပ်ရပ်ကို ပြန်စဉ်းစားကြည့်ရန် ပြောခဲ့သည်ကို ပြန်တွေးမိလိုက်သည်။ သူမသည် သူ ပျားအုံကို တုတ်နှင့်ထိုးခဲ့မိပြီဟူ၍လည်း ပြောသွားခဲ့၏။ လောလောဆယ်တွင် သူ့မှာ အမှန်တကယ် ဒုက္ခရောက်နေလေပြီ။ အမှန်အတိုင်းဆိုရလျှင် ယခုအခြေအနေကြီးက သူ့ကို ဒဏ်ခတ်နေသယောင် ထင်ရလေသည်။

ထိုစဉ် ရာနှင့်ချီသောကျင့်ကြံသူတစ်စုက စတုတ္ထတောင်ထိပ်ဆီသို့ အမြင့်ဆုံးနှုန်းဖြင့် ချဉ်းကပ်လာနေကြ၏။

လူပေါင်းရာနှင့်ချီ ရောက်လာပြီး အကုန်လုံးမှာ စိတ်သောကရောက်နေပြီး နာကျင်နေပုံပင်ရ၏။ မန်ဟို့ကို မြင်သောအခါ သူတို့အားလုံး စကားစပြောလာသည်။

"အစ်ကိုကြီး ပြန်မတိုက်ခိုက်နဲ့။ ဒီတစ်ခေါက် အစ်ကိုကြီး တကယ် ဒုက္ခရောက်ပြီနော်။ ဒါတောင် ဝန်မခံချင်သေးဘူးပေါ့လေ ..."

"ဟုတ်တယ် အစ်ကိုကြီး။ ဒီတစ်ခေါက် ဂိုဏ်းချုပ် တကယ်ကြီး ဒေါပွနေတာ။ တကယ်ပါပဲ ဘယ်နှယ့်ကြောင့် ဒီလိုလုပ်ရတာတုန်း။ ကျောက်မျိုးနွယ်စုရဲ့ ဟိုမိစ္ဆာမကို ပေးဖို့အတွက် ဆဋ္ဌမတောင်ထိပ်ရဲ့ အဖိုးထိုက်ရတနာကို ခိုးရဲတာ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး"

"ပရမ်းပတာတွေ။ အဲ့ဒီမိစ္ဆာမ မြူဆွယ်လို့ အစ်ကိုကြီးက မိုးမမြင်လေမမြင်နဲ့ မ‌ဟုတ်တာတွေ လျှောက်နေတာလေ။ အစ်ကိုကြီးအမှားမဟုတ်ဘူး ဟို‌မိစ္ဆာမအမှား"

သူတို့အသံများ ဆူညံနေစဉ် မန်ဟို့မှာ ခေါင်းမူးနေ၏။ ရုတ်တရက် သူ့စိတ်ထဲမှ မှတ်ဉာဏ်များ နိုးထလာသည်။ အကုန်လုံး ရှင်းလင်း ပြတ်သားသွားပြီဖြစ်သည်။ စတုတ္ထတောင်ထိပ်၏ ခဲကျုံစစ်မှာ အစတုန်းက ထိုနာမည်မဟုတ်ကြောင်း သူနားလည်သွား၏။

လူတချို့ကား တစ်ခုခုမလုပ်ခင် သုံးကြိမ်သုံးခါစဉ်းစားတတ်လေသည်။ သို့သော် ခဲကျုံစစ်၏ဖခင်မှာ ဒေါသထွက်လွန်းသဖြင့် သူ့သားနာမည်ကို 'ကိုးကြိမ်ကိုးခါစဉ်းစားပါ' ဟုဆိုလိုသော ကျုံစစ်သို့ ပြောင်းလဲခဲ့၏။ ထိုနာမည်သို့ ပြောင်းခြင်းက သူ့အား လက်တွေ့မလုပ်မီ ဘက်ပေါင်းစုံမှ စဉ်းစားဖို့ သတိပေးလိမ့်မည်ဟု မျှော်လင့်ခဲ့လေသည်။

သို့ပါသော်လည်း ... နာမည်ပြောင်းခြင်းက ခဲကျုံစစ်အပေါ် သက်ရောက်မှုစိုးစဉ်းမျှ မရှိပေ။ မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် သူသည် စိတ်ရှိတိုင်း သောင်းကျန်းတတ်ပြီး မောက်မာထောင်လွှားသော လူပေါ်ကြော့သခင်လေးဖြစ်၏။ 'အကြိမ်ကိုးရာစဉ်စားပါ' ဟုဆိုလိုသော ခဲကျုံပိုင်စစ်သို့ ပြောင်းလိုက်လျှင်သော်မှ ဘာမှအကြောင်းထူးမည်မဟုတ်ပေ။

မှန်သည်၊ သူက လက်ရွေးစင်ပညာသင်တစ်ယောက်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံမှာ လက်ရွေးစင်ပညာသင်ခုနစ်‌ဖော်အကြားထဲ အနိမ့်ဆုံးဖြစ်ပေသည်။ ထိုမျှသာမက လက်ရွေးစင်ပညာသင်အားလုံးအနက် သူသည် ‌မောက်မာထောင်လွှားရသောဘဝကို ဘဝင်ခွေ့သူဖြစ်၏။ မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံး၌ သူ ဒေါသကြီးသည့် အကြောင်း၊ ရန်ဖြစ်လွယ်သည့်အကြောင်း မသိသူမရှိသည်သာမက မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ နံပါတ်တစ်ဗိုလ်ကျကောင်ဟုလည်း ထင်ရှားကျော်ကြားလေသည်။

သူသည် ထိုကဲ့သို့ဂုဏ်ပုဒ်မျိုး ရရှိထားသဖြင့် သူ့နာမည်တစ်လုံးတည်းနှင့် မည်သည့်အပြင်စည်းဂိုဏ်းသားကိုမဆို မြေကြီးအပေါ် ဒူးထောက်၍ အရိုအသေပေးစေနိုင်သည်။ သူ့နာမည်ကြားလျှင် အတွင်းစည်းဂိုဏ်းသားများပင် တုန်လှုပ်သွားတတ်ကြ၏။ ခဲကျုံစစ်ဆိုသော နာမည်လေး တစ်ခွန်းဟလိုက်သည်နှင့် ကျန်လက်ရွေးစင်ပညာသင်များ မျက်မှောင်ကြုတ်သွားကြပြီး တောင်ထိပ်ခုနစ်လုံး၏ ဂိုဏ်းချုပ်ပါရာဂွန်များနှင့်အတူ ဂိုဏ်းအကြီးအကဲအကုန်လုံး ခေါင်းကိုက်သွားကြမည်ဖြစ်ပေသည်။

ပြီးခဲ့သည့်ရက်ပိုင်းလောက်က သူသည် ဆဋ္ဌမတောင်ထိပ်မှ အဖိုးထိုက်ရတနာတစ်ပါးကို ခိုးယူပြီး အပြင်လူတစ်ယောက်ကို ပေးပစ်ခဲ့၏။ ဤကိစ္စပြေလည်သွားစေရန် သူ့အဖေပင် အာဏာသုံး၍ ဖြေရှင်းမရပေ။

မိုးကြိုးစက်ကွင်းများ သူ့ကို စင်မြင့်၏အလယ်သို့ နောက်တစ်ကြိမ် ပြန်ဆွဲလိုက်သောအခါ မန်ဟိုမှာ ခါးသက်သက် ပြုံးနိုင်တော့သည်။ တခဏကြာသော် စက်ကွင်းများ ပျောက်ကွယ်သွား၏။ သို့သော် သူသာ ထရပ်ဝံ့လျှင် ‌လှုပ်ရှားမှုက မိုးကြိုးများကို ဆွဲဆောင်လိမ့်မည်ဖြစ်ကြောင်း သိလိုက်ရသည်။

"ခေါင်းဆောင်လေး အမှားသာ ဝန်ခံလိုက်စမ်းပါ။ ဂိုဏ်းချုပ်နဲ့ ထိပ်တိုက်မတွေ့ပါနဲ့..." ကျန်ဂိုဏ်းသားများမှာ မန်ဟို့ကို နာကျင်နေသော မျက်နှာအမူအရာများဖြင့် ကြည့်ရင်း အနားရောက်လာကြသည်။ ခဲကျုံစစ်သည် အပြင်ပန်းတွင် လူပေါ်ကြော့လေးတစ်ယောက်သဖွယ် သောင်းကျန်းတတ်သော်လည်း အကုန်လုံး သူ့ကို ကလေးတစ်‌ယောက်သဖွယ် မြင်ကြလေသည်။ လူတိုင်းလူတိုင်းမှာ သူနှင့်ပတ်သက်ပြီး နက်ရှိုင်းသောခံစားချက်များ ရှိကြလေ၏။

***

All Chapters