← Chapters

ခဲယွင်ဟိုင်

Vol. 41 Ch. 569

ခဲယွင်ဟိုင်

Vol. 41 Ch. 569

မန်ဟို့ကို ဖြောင်းဖြနားချဖို့အတွက် စတုတ္ထတောင်ထိပ်ဆီသို့ အပြေးအလွှားလာနေကြသော ဂိုဏ်းသားများ တစတစ များပြားလာသည်။

မန်ဟိုမှာ မျက်နှာဖြူလျော့နေပြီး အတော်လေး စိတ်လက်မချမ်းမသာ ဖြစ်နေ၏။ ယခုလိုအဖြစ်မျိုးနှင့် အဆုံးသတ်ရလိမ့်မည်ဟု သူမည်သို့ တွေးနိုင်ခဲ့မည်နည်း။

"ငါ့အမှားလို့ ပြောဖို့ ငါ့ကို ‌နားချနိုင်မယ် ထင်တယ်ပေါ့လေ။ အိပ်မက်တောင် မမက်နဲ့" သို့သော်လည်း ထို့နောက်တွင် မန်ဟို၏မျက်လုံးများမှာ ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပလာတော့သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး အလျင်အမြန် ဆက်ပြောလိုက်၏။ "ကျုံစစ် မှားသွားပါတယ်။ ဒီတစ်ခါ ကျုံစစ် တကယ် မှားသွားပါတယ်"

စကားလုံးများက မီးကို ရေနှင့် ငြိမ်းသတ်လိုက်သည့်နှယ် တိတ်ဆိတ်သွားစေသည်။ လူတိုင်းမှာ မန်ဟို့ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်ရင်း မယုံကြည်နိုင်ဖြစ်နေကြလေသည်။ သူတို့သည် သူ့အမှားဖြစ်ကြောင်း ဝန်ခံစေရန် ဝိုင်းဝန်းနားချနေခဲ့သော်လည်း ခေါင်းဆောင်လေး၏ စိတ်ကို သိကြလေသည်။ သူဆိုသည့်လူက အမှားကို ဝန်ခံမည့်အစား အသေသာခံလိုက်မည့်လူစားမျိုးဖြစ်၏။

သို့ပင်ငြား သူဆိုသည့်လူကပင် ယခုလေးတင် အမှားကို ဝန်ခံလိုက်လေပြီ။

သူတို့သာ မျက်လုံးပြူး‌နေကြခြင်းမဟုတ်။ ရုတ်တရက် လေပြင်းတစ်ချက်က ဧရာမပုံရိပ်ယောင်လက်ကြီးအသွင်ဖြင့် ‌လေလယ်မှ ထိုးဆင်းလာသည်။ လက်ကြီးက အံ့အားသင့်နေသော မန်ဟို့ကို လှမ်းဆုပ်ကိုင်ပြီး စတုတ္ထတောင်ပေါ်ရှိ ကျင့်ကြံခြင်းဂူတစ်လုံးဆီသို့ ဆွဲခေါ်သွားလေသည်။

တစ်ချိန်တည်းမှာပင် ဒေါသလည်းထွက်၊ နာလည်း နာကျင်နေပုံရသော အသက်ကြီးကြီးအသံတစ်သံ မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်လျှောက်လုံး ပဲ့တင်ထပ်လာ၏။

"အဘိုးကြီးခြောက်၊ ကျုပ်သား သူ့အမှားသူ ဝန်ခံပြီးပြီ။ အခုကစပြီး တစ်‌ယောက်ယောက် ဒီကိစ္စအကြောင်း စကားစရဲရင် ကျုပ်ကို အဆိုးမဆိုနဲ့"

အသံသည် အလွန်တရာ ဩဇာကြီးမားသော အငွေ့အသက်အပြည့်ဖြင့် အရပ်မျက်နှာတစ်ခွင် ထစ်ချုန်းသွားလေသည်။ ဧရာမလေလက်ကြီးက မန်ဟို့ကို ကျယ်ဝန်းသော ကျင့်ကြံခြင်းဂူထဲ ဆွဲခေါ်သွားပြီးနောက် မြေကြီးအပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ပစ်ချလိုက်သည်။ သို့သော် သူ ကျသွားသောအခါ ပြင်းအားက အတန်ငယ် လွင့်ပျယ်သွားသဖြင့် လူးလိမ့်ထွက်သွားသော်လည်း နည်း‌နည်းလေးမှ မနာလိုက်ပေ။

မန်ဟိုမှာ မူးချာလည်နောက်သွားပြီး စိတ်ထဲတွင် အဖြစ်မှန်ပေါ်သွားမည်ကို စိတ်ပူနေ၏။ သို့သော် ဤသည်မှာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုသာဖြစ်ကြောင်း သတိပေးပြီးနောက်တွင်တော့ အနည်းငယ် စိတ်သက်သာရာသွားလေသည်။ သူက ဖုန်များခါရင်း မတ်တပ်ထရပ်ကာ ဘေးဘီဝဲယာကို ကြည့်လိုက်၏။

ကျင့်ကြံခြင်းဂူမှာ သည့်ထက်ပို မရိုးရှင်းနိုင်လောက်အောင် အလွန်ရိုးရှင်းလေသည်။ ၎င်းသည် ကျယ်ဝန်းသော်လည်း ကျောက်ဖျာတစ်ခုတည်းပါ၏။ ကျောက်ဖျာအပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကား သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်။

ဤသည်မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်း ၏ စတုတ္ထတောင်ထိပ်သခင် ဖြစ်ချေသည်။ သူကား နဝမတောင်တစ်ခွင် ထင်ပေါ်‌ကျော်ကြားသောပုဂ္ဂိုလ်၊ ပထမအထပ် ကောင်းကင်ဘုံ၏ ပါရာဂွန်များထဲက တစ်ယောက်အပါအဝင်ဖြစ်သော ခဲယွင်ဟိုင်ပင်။

သူ့ဘေးတွင် ဆီမီးအိမ်တစ်လုံးသည် ကျင့်ကြံခြင်းဂူတစ်ဂူလုံးအား လင်းထိန်နေစေရင်း တဖျတ်ဖျတ် လှုပ်ရှားလျက်ရှိသည်။ အနီးကပ်ကြည့်လျှင် ဆီမီးအိမ်၏မီးစာမှာ အံဖွယ်ကောင်းစွာနှင့် လက်ချောင်းတစ်ချောင်းအရွယ်အထိ ချုံ့ထားသော ဖီးနစ်ငှက်တစ်ကောင်ဖြစ်ကြောင်း မြင်ရလိမ့်မည်။

ဆီမီးအိမ်မှာလည်း ကြေးဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ ချုံ့ခံထားရ‌သော ရွှေနဂါးတစ်ကောင်ဖြစ်‌‌နေသည်။ ဤနဂါးကား တကယ့်နဂါးပင်။ ၎င်း၏ပါးစပ်က ဟနေပြီး နှုတ်ခမ်းမွှေးများက ယိမ်းနွှဲ့လှုပ်ရှားနေလေသည်။ ‌နဂါးတစ်ကောင်လုံးအား ဆီမီးအိမ်အဖြစ် ‌ပြောင်းထားသည်လော။

နဂါးက မီးအိမ်၊ ဖီးနစ်ငှက်က မီးစာဖြစ်သော ပစ္စည်းတစ်ခုသာ မန်ဟိုတို့ခေတ်တွင် ပေါ်လာလျှင် တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး ဗြောင်းဆန်သွားစေလိမ့်မည်။ ၎င်းက ကြယ်တာရာအာကာပြင်များအကြားတွင်ပင် တုန်လှုပ်သွားစေနိုင်သည်။

ကျောက်ဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောလူသည် ချောမောခံ့ညား၏။ ငယ်ရွယ်စဉ်တုန်းက သည့်ထက်ပင် ပို၍တင့်တယ်ချောမောခဲ့မည်မှာ မလွဲဧကန်ပင်။ ယခုအချိန်တွင်တော့ သူ၏မျက်နှာအမူအရာမှာ ဖြောင့်မတ်တည်ကြည်နေပြီး သူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက မန်ဟို့ကို ကူရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်ကြည့်နေလေသည်။

"နာသွားလား" သူက နူးညံ့ညင်သာစွာ မေးသည်။

မန်ဟိုက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် သတိကြီးကြီးထား၍ ခေါင်းညိတ်လိုက်သည်။

မန်ဟို့တုံ့ပြန်ချက်ကို မြင်သော် ခဲယွင်ဟိုင်က ဒေါကန်ကန်နှင့် တစ်ချက်ရယ်လိုက်သည်။ "မင်း အကြောက်တရားဆိုတာရော သိသေးရဲ့လား ။ မင်း ကြောက်တာရော ရှိရဲ့လား။ ဒီလို ပေါက်ပန်းလေးဆယ်တွေ လျှောက်မလုပ်နဲ့တော့

"ကောင်းပြီ ကောင်းပြီ။ အချိန်တစ်ခုအထိတော့ ဆဋ္ဌမတောင်ထိပ်အနား မသွားနဲ့။ သိုသိုသိပ်သိပ်လည်း နေဦး။ ကျုံစစ် သိပ်ပြဿနာ မရှာစမ်းနဲ့ကွာ။ မင်းက ကလေးလည်း မဟုတ်တော့ဘူး။ မကြာခင် မင်း ကြင်ယာဖက်ရပြီး မင်းတတ်ထားတဲ့ ငါ့တာအိုမှော်ကျင့်စဉ်ကို လက်လွှဲပေးရမယ့်အချိန် ရောက်လာတော့မယ် ဟုတ်ပြီလား" သူ့မှာ စကားပြောလေလေ၊‌ ဒေါသထွက်လေလေ ဖြစ်သော်လည်း သူ့သားသူ ပြန်ကြည့်လိုက်သောအခါ သက်ပြင်းမချမိဘဲ မနေတော့ပေ။ သူ့အကြည့်က နူးညံ့သွားပြီး ဒေါသလည်း ပြေသွား၏။

"ကဲ" သူက နွေးထွေးသောအသံနေအသံထား‌ဖြင့် ဆက်ပြောလာသည်။ "အဖေ သားကို သင်ပေးထားတဲ့ တာအိုမှော်ကျင့်စဉ်နည်းနည်းပါးပါး ထုတ်ဖော်စေချင်တယ်။ ကဲ လုပ် ပြစမ်းပါဦး ကြည့်ရအောင်"

မန်ဟို ဂလုခနဲ တံတွေးမြိုချမိလိုက်သည်။ သူ့မှာ လောလောဆယ်တွင် အလွန်စိတ်လှုပ်ရှားနေလေပြီ။ စိတ်လှုပ်ရှားလွန်း၍ သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ပေ။ သူ မှတ်မိရသရွေ့ တစ်ခါမှ ယခုလိုစိတ်မလှုပ်ရှားခဲ့ဖူးပေ။ သူသည် အရှေ့ရှိ သက်လတ်ပိုင်းအရွယ်လူကို ကြည့်ရင်း သူ့အဖေသူ သတိမရမိဘဲ မနေတော့ပေ။

မှတ်ဉာဏ်များက ဝေဝါးနေသော်လည်း ရှိတော့ရှိနေသေး၏။

"ဘာဖြစ်လို့လဲ" ခဲယွင်ဟိုင်က မျက်မှောင်ကြုတ်လျက် မေးသည်။

"ကျွန်...ကျွန်တော် မေ့သွားပြီ" မန်ဟိုက အားတင်းပြီး ပြန်ဖြေလိုက်လေသည်။ သူ ဘာမှမတတ်‌နိုင်ပေ။ ခဲကျုံစစ်၏မှတ်ဉာဏ်များတွင် မည်သည့်တာအိုမှော်ကျင့်စဉ်မှ မပါရှိသည်မဟုတ်ပါလော။

ခဲယွင်ဟိုင်က မန်ဟို့ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။ သူ့မျက်ဝန်းများမှာ စိတ်ပျက်သွားပုံရသော်လည်း သူ့အမူအရာကြောင့် ခဲကျုံစစ် စိတ်ထိခိုက်သွားမှာစိုး၍ နွေးထွေးကြင်နာသောအရိပ်အယောင်ကို သူ့မျက်နှာအား ဖုံးကွယ်သွားစေလိုက်သည်။

"ကျုံစစ်ရယ် ဒီလိုမလုပ်နဲ့လေကွာ..." သူက စကားပြောရင်း လက်ချောင်းကို ဝှေ့ယမ်းလိုက်သဖြင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ အတူတကွ စုစည်းလာတော့သည်။ ထိုအခြင်းအရာက မရေမတွက်နိုင်သော မှော်သင်္ကေတများဖြစ်လာစေပြီးနောက် မန်ဟို့အရှေ့တွင် မျောလွင့်နေသော ကျောက်စိမ်းပြားတစ်ပြားအသွင်ပြောင်းသွားလေ၏။

"ဒါက ဝိညာဉ်ခွဲဖြာမန္တန်ပဲ။ သွား ဉာဏ်အလင်းရအောင်လုပ်တော့ သွား" ခဲယွင်ဟိုင်က သူ့ကို စိုက်ကြည့်နေသည်။ မန်ဟို ရင်တဒိန်းဒိန်းခုန်လာ၏။ သူသည် ဤဘဝအကြောင်းနှင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် ရရှိနိုင်သော ကံကြမ္မာကောင်းများအကြောင်း တွေးလိုက်မိသည်။ ထိုကံကြမ္မာကောင်းတချို့ကို ဤမျှလွယ်လွယ်ကူကူနှင့် ရလိမ့်မည်ဟု သူမည်သို့ တွေးနိုင်ခဲ့မည်နည်း။

သူက ကျောက်စိမ်းပြားကို ယူပြီးနောက် ခေါင်းငုံ့ကာ လက်ယှက်လိုက်သည်။ သူ ပြန်ရန် လှည့်လိုက်သောအခါ ခဲယွင်ဟိုင်၏ ပင်ပန်းနွမ်းနယ်နေပြီး ဒေါသထွက်နေသော အသံကို ရုတ်တရက် ‌ထပ်ကြားလိုက်ရ၏။

"သခင်လီရဲ့  ဥပဒေက သက်ရှိတွေရဲ့ သက်တမ်းအပေါ် ကန့်သတ်ချက်တစ်ခု ထုတ်ပြန်ထားတယ်။ သားအဖေက ... သားကို တစ်သက်လုံး စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူးကွ။ နည်းနည်းပါးပါးလေး‌လည်း စဉ်းစဉ်းစားစား လုပ်စမ်းပါ..." သူ့စကားအထဲရှိ ချစ်ခြင်းမေတ္တာအား ပြတ်ပြတ်သားသား ခံစားရနိုင်လေသည်။ သူသည် သူ့သားကို အောင်မြင်စေချင်‌နေကြောင်း သိသာ၏။

မန်ဟိုက တုံ့ခနဲ ရပ်သွားသည်။ အကြောင်းတစ်စုံတရာကြောင့် သူ့နှလုံးသားမှာ တုန်ရီလှုပ်ရှားသွားလေသည်။ သူ ခဲယွင်ဟိုင်ကို ပြန်လှည့်ကြည့်လိုက်ရာတွင် ဤအချိန်တိုလေးအတွင်း ထိုလူ၏ဆံပင်တချို့မှာ ဖြူဖွေးသွားခဲ့ကြောင်း သတိထားမိလိုက်၏။

"သွားသွား" ခဲယွင်ဟိုင်က ပြုံးရင်း ပြောသည်။ "အဖေ ဘာမှမဖြစ်ဘူး။ သားသူငယ်ချင်းတွေနဲ့ သွားပျော်ချည်" သူက ဂရုမထားသလို ‌လက်ကိုခါလိုက်၏။ မန်ဟို့မှာ စိတ်နှလုံးလှုပ်ရှားသွားပြီး တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့တော့သည်။

ကျင့်ကြံခြင်းဂူမှ ထွက်လာပြီးနောက် သူသည် ပထမတောင်ထိပ်၏ဘုရားကျောင်းကို လှမ်းကြည့်လိုက်လေသည်။ ရုတ်တရက် ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်း၏ စတုတ္ထတောင်ထိပ်အပေါ်တွင် မြင်ခဲ့သောလူ မည်သည့်အတွက်ကြောင့် သူ့ကို ဤနေရာသို့ လာခွင့်ပေးခဲ့သည်လဲ သူနားလည်လိုက်လေပြီ။

"နောင်တကြောင့်လား...." သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အချိန်အနည်းငယ်သော် ကောက်ကျစ်သောအလင်းရောင်တချို့ သူ၏မျက်ဝန်းများတွင် ဖြတ်ပြေးသွား၏။။ ၎င်းက ခဲယွင်ဟိုင်နှင့်မဆိုင်သလို၊ ခဲကျုံစစ်နှင့်လည်း မဆိုင်။ ကျန်တောင်ကောင်းကင်ကျင့်ကြံသူများနှင့် သက်ဆိုင်လေသည်။

"ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ကမ္ဘာက ပြိုင်ပွဲပဲ။ ငါ ဒီဘဝကို ရထားပြီဆိုမှတော့ ငါ့အတွက် အန္တရာယ်ဖြစ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ငါကြိုက်တာ လုပ်လို့ရပြီ။ ခေါင်းတောင်ထောင်လို့ မရခင် အမြစ်ဖြုတ်ရမယ်

"ဝမ်းနည်းစရာကောင်းတာက တောင်ထိပ်တစ်ခုစီမှာ အပြင်စည်းဂိုဏ်းသားထောင်နဲ့ချီ ရှိနေတာပဲ ။ အကုန်လုံးကို ရှာဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး ။ ဒါပေမဲ့... ကျီမျိုးနွယ်စုမှာ သီးသန့်ဂိုဏ်းသားတစ်ယောက်ရှိတယ်ဆိုတော့ သဲလွန်စတော့ ရတန်ကောင်းပါရဲ့" မန်ဟိုသည် ကျီမင်ဖုန်း ပါဝင်ခဲ့သောဖြစ်ရပ်ကို သတိရလိုက်သဖြင့် မျက်လုံးများ တောက်ပသွားလေသည်။ ထွက်မသွားခင်တုန်းက ထိုလူ သူ့ကို ပြုံးပြသွားခဲ့သည်။ သို့သော် မန်ဟိုကြောင့် သူ့အစီအစဉ်ပျက်သွားသဖြင့် ထိုအပြုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒလည်း အနည်းငယ် ပါရှိနေခဲ့၏။

"မင်းက ငါ့ကို သတ်ချင်တယ်ပေါ့။ ဒါဆိုရင် မင်းကို ငါ အရင်ဆုံး ရှာမတွေ့ပါစေနဲ့လို့ ဆုတောင်းနေတာ ကောင်းလိမ့်မယ်" မန်ဟိုက ပြုံးလိုက်သည်။ သူ ဆက်လျှောက်လာစဉ် အတော်များများက သူ့ကို အဆင်ပြေလား လာမေးကြ၏။ နောက်ဆုံးတွင် သူ့ကို အယောက်သုံးဆယ်ကျော် ခြံရံထားလေပြီ။

ဤလူများ၏ ကျင့်ကြံအဆင့်ကို မန်ဟို ကြည့်မရပေ။ သို့သော် မယုံကြည်နိုင်ဖွယ်စွမ်းအားကိုတော့ သူခံစားရ၏။ တချို့ဆိုလျှင် အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒပင် ရှိကြလေသည်။

အများစု၌ အချုပ်‌အနှောင်ကင်းမဲ့စွာ လွင့်မျော‌နေသော မိစ္ဆာချီများရှိကြသည်။ တချို့မှာ သာမန်ကျင့်ကြံသူများဖြစ်ဟန်တူသော်လည်း တချို့ကတော့ မိစ္ဆာကျင့်ကြံသူများ ဖြစ်ပုံပင်။ ထိုမိစ္ဆာကျင့်ကြံသူများ၏ခန္ဓာကိုယ်များမှာ အကြေးခွံများ၊ အမွှေးအမျှင်များ ဖုံးလွှမ်းနေရာ အတိုင်းထက်အလွန် ရက်စက်ကြမ်းကြုတ်‌ပုံပေါ်နေစေတော့သည်။

"တောင်ထိပ်အကုန်လုံးကို သွားကြည့်ရအောင်" သူက ကောက်ကာငင်ကာ ထပြောသည်။ "အဲ့ဒီမှာ ငါ့ကို အတိုက်အခံလုပ်ပြီး ထွက်ပြေးသွားတဲ့ သီးသန့်ဂိုဏ်းသားတစ်ယောက်ရှိတယ်။ သူ့ကို ရှာကြစို့" လူအုပ်ကြီးမှာ ဤအခြင်းအရာက နည်းနည်းလေးမှ မထူးဆန်းသည့်အလား ပြုံးလိုက်ကြသည်။ သိသာစွာပင် သူတို့မှာ ယခုလိုကိစ္စများနှင့် အသားကျနေလေပြီ။ မန်ဟိုနှင့် သူ၏အပေါင်းအပါ ဂိုဏ်းတူမောင်နှမများ တစ်စုတစ်ဝေးတည်း ‌လေပေါ်ပျံတက်လိုက်ကြပြီး တတိယတောင်ထိပ်သို့ ဦးတည်သွားသဖြင့် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားတော့၏။

လမ်းတွင် တတိယတောင်ထိပ်မှ မောက်မာထောင်လွှားသောပုံစံများရှိကြသည့် လူတော်များများ ပျံထွက်လာကြသည်။ သူတို့သည် မန်ဟိုနှင့် လက်ပွန်းတတီး ရင်းနှီးကြောင်း သိသာပြီး သူ့ကို ကြည့်ကာ နှုတ်ဆက်ပြီးနောက် အဖွဲ့ထဲ ဝင်ရောက်လာကြ၏။ မန်ဟိုမှာ ခဲယွင်ဟိုင် သူ့အား အ‌ပေါင်းအသင်းများ နှင့် ပျော်ပါးရန် ပြောခဲ့ကြောင်း တွေးမိလိုက်ကြ၏။ သူ့အပေါင်းအသင်းများဆိုသည်မှာ ... မိစ္ဆာအင်မိုတယ်ဂိုဏ်းမှ တခြားလူပေါ်ကြော့များဖြစ်ပုံပင်။

နဖူးထက်တွင် ငါးကြေးခွံနှင့် လူငယ်တစ်ယောက်မှာ အင်မတန် အားတက်သရော ဖြစ်နေပုံရသည်။ "ကျုံစစ် တခြား‌သူတွေကိုရော လှမ်းခေါ်ကြမလား။ မင်းကို သီးသန့်ဂိုဏ်းသားတစ်ယောက် ပမာမခန့်လုပ်သွားတယ် ကြားတယ်။ ဘယ်မေနိုးက မင်းက ရန်စရဲတာလဲ ပြောစမ်း"

မန်ဟိုက ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။ "အကုန်လုံးခေါ်လိုက်။ ငါ စောစောက မိုးကြိုးပစ်ခံနေရတုန်းကဆိုရင် အဲ့ဒီခွေးမသားအား အူတက်အောင် ရယ်နေတာ"

တတိယတောင်ထိပ်မှ ကျင့်ကြံသူက ပြုံးပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကောင်းကင်ထက်၌ ရောင်စဥ်တို့ ကွန့်မြူးနေသော ဧရာမအဖြူရောင်ကြာပွင့်ကြီး ပေါ်လာ၏။

အဖြူရောင်ကြာပွင့်ကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းကို မြင်လိုက်သည့် မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများအားလုံး ရင်တဒိန်းဒိန်းခုန်လာသည်ကို ခံစားလိုက်ရ၏။ သူတို့မှာ ခေါင်းကို ဆတ်ခနဲ ငုံ့လိုက်ကြပြီး အရေးကြီးအစည်းအဝေးတစ်ခု တက်ရောက်ရန် ရှိသည့်အလား ကိုယ့်အိမ်ကိုယ့်ရာထဲ အလျှိုလျှို ပြန်ဝင်သွားကြလေသည်။

အဖြူရောင်ကြာပွင့်ကြီး ပေါ်လာသောအခါ လူပေါ်ကြော့ဂြိုဟ်ကောင်များ ပေါ်လာတော့မည်ဖြစ်ကြောင်း သူတို့ နားလည်လေသည်....

တစ်ချိန်တည်းဆိုသလို မိစ္ဆာအင်မိုတယ်တောင်၏ တောင်ထိပ်တစ်ခုစီမှ လာနေသော အလင်းတန်းခုနစ်တန်း၊ ရှစ်တန်း ပေါ်လာသည်။ ယောက်ျား ၊ မိန်းမအစုံပါဝင်ပြီး အဖိုးတန်အဝတ်အစားများ ဝတ်ထားကြ၏။ သူတို့သည် မတူကွဲပြားသော ပုံပန်းသွင်ပြင်များနှင့် အံ့ဖွယ်အဆင့်အတန်းများ ပိုင်ဆိုင်သူများဖြစ်လေသည်။ တချို့၏ ကျော၌ တောင်ပံများ ပေါက်နေပြီး တချို့တွင်တော့ ရွှီးရွှီးရွှမ်းရွှမ်း ဝှေ့ယမ်းနေသော အမြီးများရှိကြသည်။ တချို့မှာ နတ်သက်ကြွေလာသကဲ့သို့ ချောမောခံ့ညားလှပသော မိစ္ဆာများဖြစ်လေ၏။ တစ်ဦးတစ်ယောက်ချင်းစီတွင် ဂိုဏ်းအတွင်း၌ ဩဇာအာဏာကြီးမားသောပညာရှင် ဘိုးဘေးကြီးများ ရှိကြလေသည်။

အဖြူရောင်ကြာပွင့်ကို မြင်သောအခါ သူတို့၏မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာပြီး ၎င်းတည်ရှိရာသို့ ဦးတည်သွားကြလေ၏။

စတုတ္ထတောင်ထိပ်တွင်တော့ ခဲယွင်ဟိုင်မှာ ‌ကျောက်ဖျာအပေါ်၌ တင်ပျဉ်ခွေထိုင်လျက်ရှိသည်။ သူ ခေါင်းမော့လိုက်ပြီး အဖြူရောင်ကြာပွင့်ကို မြင်သောအခါ ခေါင်းခါရမ်းလိုက်လေသည်။ သူ၏ပုံစံမှာ ပို၍ပင်ပန်းလာပုံရပြီး ဆံပင်များ ပိုဖြူလာ၏။

သိပ်မကြာခင် မန်ဟို့အနား၌ လူခုနစ်ဆယ် ရှစ်ဆယ်ကျော် ရှိနေလေပြီ။ သူ့မှာ အံ့အားသင့်သော်လည်း သိပ်ကြာကြာ မခံလိုက်ပေ။ သူ၏မျက်လုံးများသည် သူ၏အာဏာသက်ရောက်သောလူများကို လှမ်းကြည့်ရင်း တဖျပ်ဖျပ် တောက်ပလာတော့၏။ ဤအခိုက်အတန့်တွင် သူ့၌ ကျန်တောင်ကောင်းကင်ကျင့်ကြံသူများကို တိုက်ထုတ်နိုင်လောက်အောင် အမှန်တတကယ် အရည်အချင်းရှိနေကြောင်း သိလိုက်ရလေပြီ။

"ဒါက ခဲကျုံစစ်ရဲ့ ဘဝကိုး" သူက တွေးသည်။ "တောင်နဲ့ပင်လယ်ကျမ်းစာကို ရယူဖို့ဆိုတာတောင် ... မဖြစ်နိုင်တဲ့အရာမဟုတ်တော့ဘူး" သူ့မှာ အသက်ရှူသံများ မြန်လာပြီး မျက်လုံးများ ဝင်းလက်လာတော့သည်။

"ဒါပေမဲ့ မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ တာအိုမှော်ကျင့်စဉ် သုံးထောင်ရှိတယ်။ ထိပ်ဆုံးတစ်ရာကလွဲရင် ကျန်တဲ့ဟာတွေကို ဂိုဏ်းအတွက် တာဝန်ထမ်းဆောင်ပေးရင်း ရရှိနိုင်တယ်။ အဲ့ဒီလိုလုပ်ဆောင်ချက်မျိုးက... အောင်မြင်ဖို့ လွယ်ကူမှာမဟုတ်ဘူး" ဤအချက်အလက်အားလုံးသည် သူ၏ခေါင်းထဲရှိ ခဲကျုံစစ်၏မှတ်ဉာဏ်များမှ အရင်းခံလေသည်။ သူသည် မိစ္ဆာအင်မိုတယ်ဂိုဏ်းအကြောင်း ကောင်းကောင်း နားလည်နေပြီဖြစ်၏။

သူဖော်ပြခဲ့သော တာအိုမှော်ကျင့်စဉ်များဆိုသည်မှာ နယ်နယ်ရရ မဟုတ်သည့်အပြင် လုပ်‌ဆောင်ချက်ရမှတ်များလည်း ရရှိရန် လိုအပ်သည်။ ကံဆိုးစွာနှင့် စစ်ပွဲမဖြစ်မချင်း နှစ်ပေါင်းများစွာ ရမှတ်များ စုဆောင်းထားသော သီးသန့်ဂိုဏ်းသားတစ်‌ယောက်အတွက်ပင် အလွန်ဆုံး နှစ်ခု၊ သုံးခုသာ ရကောင်းရနိုင်မည်ဖြစ်သည်။

အတွင်းစည်းဂိုဏ်းသားမှာမူ ရမှတ်မည်မျှစုဆောင်းစုဆောင်း အခြေခံကျင့်စဉ်များမှတစ်ပါး တခြားမရနိုင်ပေ။

"ငါ့အတွက် ခက်ခဲနေရင် တခြားသူတွေအတွက် ပိုလို့တောင် ခက်လိမ့်မယ်" သူက တွေးလိုက်သည်။ "ကြည့်ရသရွေ့ မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ဒုတိယပြင်ညီမှာ ကျင့်စဉ်တွေ၊ အမွေတွေရဖို့ အကုန်လုံးက လုပ်ဆောင်ချက်ရမှတ်တွေအပေါ် မူတည်နေပုံပဲ" သူသည် ထိုအကြောင်းတွေးရင်း အဖွဲ့ကို ဦးဆောင်ကာ တတိယတောင်ထိပ်နှင့် နီးသထက် နီးလာတော့သည်။

***

All Chapters