← Chapters

ကျီသားတော်တစ်ပါးကို သတ်ခြင်း

Vol. 41 Ch. 570

ကျီသားတော်တစ်ပါးကို သတ်ခြင်း

Vol. 41 Ch. 570

စတုတ္ထတောင်ထိပ်နှင့် တတိယတောင်ထိပ်အကြား လွင်ပြင်တွင် အအေးဓာတ်များ လွင့်လူတက်နေသော ‌ကျင်းကြီးတစ်ကျင်းရှိသည်။

မန်ဟိုသည် လေလယ်တွင် ပျံသန်းလာရင်း ၎င်းကို ချက်ချင်း သတိပြုမိလိုက်၏။ ပို၍ပင် မျက်စိကျစရာကောင်းသည်မှာ ကျင်းအနား၌ မြင်ရသော ‌ဧရာမနွယ်စိမ်းပင်ကြီးများဖြစ်သည်။ ၎င်းတို့သည် ရတနာများသဖွယ် တဖျပ်ဖျပ်လက်နေပြီး လုံးပတ်က လူတစ်‌ယောက်အရွယ်ရှိကာ မယုံကြည်နိုင်ဖွယ်စွမ်းအားများအား ထုတ်ဖော်နေလေသည်။

"ဘာကျင်းကြီးပါလိမ့်..." သူက တွေးသည်။ ဘာကြောင့်မှန်း မသိပါသော်လည်း ကျင်းကြီးရှိရာသို့ ကြည့်လိုက်သောအခါ တစ်ကမ္ဘာလုံးမှာ ဝေဝါးသွားပြီး အလွှာအထပ်ထပ်ဖြစ်သွားသယောင် ခံစားလိုက်ရ၏။ သူ၏စိတ်မှာ လျင်မြန်စွာပင် ပုံမှန်အတိုင်းဖြစ်သွားသော်လည်း သူ့မှာတော့ လုံးလုံးလျားလျား အံ့ဩမှင်သက်နေမိဆဲ ဖြစ်သည်။

တ‌ဖြေးဖြေး၊ သူ၏ မိစ္ဆာချုပ်နှောင်သူဆိုသော အဆင့်အတန်းနှင့် မိစ္ဆာချီကို တုံ့ပြန်လွယ်သော သဘောကြောင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ အံ့ဖွယ်မိစ္ဆာချီများဖြင့် ပြည့်နေကြောင်း သူ သဘောပေါက်လာတော့သည်။ ထိုမျှသာမက ကျင်းနက်ကြီးထဲရှိ မိစ္ဆာချီမှာ ပို၍ပင် အံ့ဩမှင်သက်ဖွယ်ကောင်းလေသည်။

"ပထမပြင်ညီမှာ ငါ တတိယတောင်ထိပ်ကနေ ‌စတုတ္ထတောင်ထိပ်ကို သွားတုန်းက အဲ့ဒီလိုကျင်းကြီးမျိုး မမြင်ခဲ့ဖူးပါဘူး" ခဲကျုံစစ်၏ မှတ်ဉာဏ်ထဲတွင်လည်း ဤကျင်းကြီးအကြောင်းနှင့်ပတ်သက်ပြီး ဘာမှမရှိကြောင်း သတိပြုမိလိုက်သဖြင့် မန်ဟို၏မျက်လုံးများ တောက်ပသွားတော့သည်။

မန်ဟို့ဘေးတွင် ပျံသန်းနေသူမှာ ခပ်ချွန်ချွန်နားလေးတစ်စုံနှင့် လှပသော မိန်းကလေးတစ်ဦးဖြစ်၏။ သူမ၏မျက်ဝန်းလေးများမှာ မည်သည့်ဝိညာဉ်ကိုမဆို အချစ်နွံထဲ ကျွံကျအောင် ဖျားယောင်းသွေးဆောင်နိုင်သော ညှို့ဓာတ်လေးဖြင့် တောက်ပနေလေသည်။ သူမက မန်ဟို ကျင်းကြီးအား ကြည့်နေသည်ကို မြင်သောအခါ ပြောသည်။ "ကျုံစစ် မိစ္ဆာ‌ချောက်နက်ရဲ့ အာရုံကို သွားမဆွဲဆောင်နဲ့...."

မိန်းကလေး၏ဘေးတွင် အနက်ရောင်တောင်ပံနှစ်ဖက်ကို တိတ်ဆိတ်စွာ ခတ်လျက် လိုက်ပါပျံသန်းလာသော ခပ်ချောချာ‌လူငယ်လေး ရှိသည်။ သူက သက်ပြင်းချရင်း ပြောလေ၏။ "ငါတို့ မိစ္ဆာချောက်နက်ကို နောက်ဆုံးတစ်ခေါက်သွားတုန်းက ရတနာတွေ တစ်ပြုံကြီး ဖြုန်းတီးခဲ့ရပေမယ့် နွယ်တွေကို မီတာထောင်ဂဏန်းလောက်ပဲ ဆွဲဆန့်နိုင်ခဲ့တယ်။ အဲ့ဒီကောင်ကြီး ဘယ်လောက်နက်မလဲဆိုတာ ဘယ်သူသိမလဲ..."

မန်ဟို၏အခြားတစ်ဖက်တွင် လက်သည်းချွန်ချွန်များရှိသော လူငယ်တစ်‌ယောက် ပျံသန်းနေသည်။ သူက ခေါင်းခါပြီး ပြောလေသည်။ "ဒဏ္ဍာရီတွေအရဆိုရင် အဲ့ဒီကျင်းကြီးက မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ပထမအထပ် ကောင်းကင်ဘုံကို စောင့်ရှောက်ပေးတဲ့ မိစ္ဆာနတ်မင်းဗိမာန်တဲ့လေ"

မန်ဟိုက‌ တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်သည်။ လူတိုင်းသည် မိစ္ဆာချောက်နက်အကြောင်းကို ဘေးချိတ်ရင်း တတိယတောင်ထိပ်သို့ ဆက်လက်ပျံသန်းသွားကြ၏။

သူတို့ အနားရောက်လာစဉ် တတိယတောင်ထိပ်လူပေါ်ကြော့များက သီးသန့်ဂိုဏ်းသားများကို ချက်ချင်း လှမ်းခေါ်လိုက်သည်။ သူတို့မှာ စိတ်ပါပါမပါပါ၊ ဂိုဏ်း၏ နံပါတ်တစ်ဗိုလ်ကျကောင် ပေါ်လာလျှင် ထွက်ကို ထွက်လာရလေသည်။

မန်ဟိုက မျက်မှောင်အနည်းငယ်ကြုတ်ရင်း အရှေ့ရှိ လူထောင်နှင့်ချီကို လှမ်းကြည့်လိုက်သည်။ တစ်ယောက်မှ ကျီမျိုးနွယ်လက်ခံခန္ဓာဖြစ်ဟန်မတူပေ။ သူသည် တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း အနားပိုကပ်သွားလိုက်၏။ သူတို့ကို နောက်တစ်ကြိမ် ထပ်ကြည့်ပြီးနောက်တွင်တော့ သူကား အဖွဲ့ကို ဒုတိယတောင်ထိပ်သို့ ဦးဆောင်ခေါ်သွားတော့သည်။

နောက်ဆုံး ပထမတောင်ထိပ်အထိ ရောက်လာသော်လည်း မအောင်မြင်သေးသဖြင့် သူ့မှာ သက်ပြင်းခိုးချလိုက်မိတော့သည်။ ယခုအချိန်တွင် နာရီအနည်းငယ်ကြာသွားပြီဖြစ်၍ တော်တော်များများ နိုးစပြုနေလောက်ပြီဖြစ်သည်။

မန်ဟိုသည် ပဉ္စမတောင်ထိပ်သို့ သွားရန် စုဝေးနေသော သီးသန့်ဂိုဏ်းသားအပေါ်မှ ပျံသန်းသွားစဉ် ရုတ်တရက် အားနည်းနေသော အာရုံတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာ၏။ သူ့မှာ ရုတ်ခြည်းဆိုသလို အမြုတေအထိ တုန်ခါသွားပြီး သွားနေရာမှ ရပ်လိုက်သည်။ ထို့နောက် သီးသန့်ဂိုဏ်းသားအကုန်လုံးကို ငုံ့ကြည့်လိုက်၏။

သူက သူတို့အနား ပိုတိုးကပ်သွားပြီး သူ့အကြည့်မှာ လူငယ်တစ်ယောက်အပေါ် ကျရောက်သွားလေသည်။ ထိုလူငယ်၏ပုံပန်းသွင်ပြင်မှာ ချောမောခံ့ညားပြီး ခံစားချက်မဲ့သောဟန်ဖြင့် ရပ်နေ၏။ မန်ဟို သူ့ကို ကြည့်နေသောအခါ သူက စိုးရိမ်ပူပန်နေသောပုံစံဖြင့် ပြန်ကြည့်လေသည်။

"အဲ့ဒီတစ်ယောက်ပဲ" မန်ဟိုက အော်လိုက်သည်။ သူ လူငယ်အနား ချဉ်းကပ်သွားသောအခါ ခပ်ရေးရေးခံစားချက်မှာ ပိုပို၍ ထင်ရှားလာ၏။ မန်ဟိုအနေဖြင့် အတပ်မပြောနိုင်သော်လည်း ခံစားချက်မှာ လက်ခံခန္ဓာများနှင့် တစ်ခုခုပတ်သက်ကြောင်း သေချာလေသည်။

လူငယ်မှာ မျက်နှာဖြူဆုပ်ဖြူလျော်ဖြင့် အထစ်ထစ် အငေါငေါ့ပြောလာသည်။ "ခေါင်းဆောင်လေး (၄) ကျုပ်...."

အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို၏မျက်လုံးများတွင် ဖြတ်ပြေးသွား၏။ သို့သော် စောစောက ပြစ်ဒဏ်ကြီးမှာ သူ့အပေါ်တွင် ရစ်ဝဲနေဆဲဖြစ်သည်။ သူ့အနေဖြင့် လူတစ်ယောက်ကို ဘွင်းဘွင်းရှင်းရှင်း မသတ်ချင်ပေ။ ထိုကဲ့သို့လုပ်ရပ်မျိုးကို ဂိုဏ်းစည်းမျဉ်းများမှ တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်မဟုတ်ပါလာ။ သတ်လိုက်လျှင် ပြဿနာအကြီးအကျယ် တက်လိမ့်မည်။

လူငယ်မှာ ရုတ်တရက် တုန်ရီလာပြီး ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် ဘယ်သူမှ အာရုံမခံနိုင်သော အရှိန်အဝါတစ်ခုသည် သူ့ကိုယ်အတွင်း၌ နိုးထလာလေပြီ။

မန်ဟိုက လူငယ်၏အနောက်တွင် ဝိုးတိုးဝါးတား အရိပ်တစ်ခုကို ချက်ချင်း

မြင်လိုက်သည်။ အရိပ်သည် ပခုံးပေါ်၌ ကျီးတစ်ကျီးတစ်ကောင်နားလျက်‌ ရှိနေသော ခပ်ချောချာ လူငယ်တစ်ယောက်ဖြစ်၏။ ကျီမျိုးနွယ်စု၏ ပြိုင်ဘက်ကင်းသောအရှိန်အဝါက သူ့ထံမှ ဖြာထွက်နေလေသည်။

မန်ဟို သူ့ကို ချက်ချင်း မှတ်မိလိုက်၏။ "ကျီမင်ဖုန်း" သူက တွေးလိုက်သည်။ ထိုလူနိုးထတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ချက်ချင်း ထွက်ပေါ်လာတော့သည်။

"အချိန်မရှိဘူး" မန်ဟိုက လူငယ်ကို ကြည့်ရင်း တွေးလိုက်၏။ "သူ နိုးလာတာနဲ့ ကြိုမမြင်နိုင်တဲ့အရာတွေ အများကြီး ဖြစ်လာလိမ့်မယ်

"ကျီမျိုးနွယ်စုနဲ့ပတ်သက်ရင်တော့ နှစ်ယောက် သတ်တာက တစ်ယောက်တည်းသတ်တာနဲ့ ဘာမှမထူးဘူး။ ကျီမျိုးနွယ်ဝာာအိုကလေးတဲ့လား ဟမ်။ ကျီမင်ဖုန်း မင်း နိုးမလာစေရဘူး" မန်ဟိုသည် ပြတ်ပြတ်သားသား လှုပ်ရှားလိုက်၏။ သူ၏ခန္ဓာကိုယ်မှာ ရိပ်ခနဲ ဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကျီမင်ဖုန်း၏အရှေ့တည့်တည့်သို့ ရောက်သွားလေပြီ။ သူက လူငယ်၏ရင်ဘတ်ကို လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်သဖြင့် အကုန်လုံး ကြက်သေသေသွားကြတော့၏။

မန်ဟို၏ ကျင့်ကြံအဆင့်ကို စဉ်းစားကြည့်လျှင် ယခုကဲ့သို့ လက်ဝါးရိုက်ချက်လေးတစ်ချက်မှာ လက်ခံခန္ဓာကို အန္တရာယ်ဖြစ်စေမည်မဟုတ်ပေ။ သို့သော် မန်ဟိုသာ မြင်ရသော ကျီမင်ဖုန်း၏အရိပ်မှာတော့ တုန်ရီနေပြီး မျက်လုံးကြိုးစားဖွင့်နေ၏။

ဤသည်မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းဖြစ်သည်။

ဂိုဏ်းစည်းမျဉ်းများသည် တင်းကြပ်ပြီး ပြင်းထန်၏။ အတိတ်တုန်းက ခဲကျုံစစ်သည် လူပေါ်ကြော့တစ်ဦးဖြစ်သည့်တိုင် လူတစ်ယောက်ကို ပေါ်တင်သတ်ပစ်သည်အထိတော့ ဘယ်တော့မှ မလုပ်ခဲ့ပေ။ လူသတ်ခဲ့သော်လည်း အမြဲ တိတ်တဆိတ်သာ ဖြစ်ခဲ့သည်။ လူများနှင့် အချေအတင်ဖြစ်လျှင် သူသည် သူတို့ကို သတ်ပစ်နိုင်မည့် ဂိုဏ်းအပြင်သို့‌ ‌ပထုတ်ရန် ရာထူးအဆင့်အတန်းကို အသုံးချတတ်၏။

ထို့ကြောင့် မန်ဟို၏ လုပ်ဆောင်ချက်က အလန့်တကြားအော်သံများ ထွက်ပေါ်လာစေတော့သည်။ အမှန်တွင် သူ့နောက်လိုက်လာခဲ့သော လူတစ်ရာကျော်မှာ စကားပြောရင်း ရယ်မောနေခဲ့ကြပြီး သူ့ကို မတားကြပေ။ ပထမတောင်ထိပ်၏ သီးသန့်ဂိုဏ်းသားတချို့ပင်လျှင် မျက်မှောင်ကြုတ်ရုံသာ ကြုတ်နေခဲ့ကြ၏။ ခဲကျုံစစ်၏ မကောင်းသောဂုဏ်သတင်းနှင့် သူသည် ဘယ်တော့မှ ရန်မစသင့်သော လူတစ်ယောက် ဖြစ်ကြောင်း သူတို့သိကြလေသည်။

ထိပ်သီးဂိုဏ်းကြီးများ၌ ခဲကျုံစစ်လိုလူမျိုး ရှိစမြဲ မဟုတ်ပါလော။ ၎င်းမှာ ရှောင်လွှဲရသောအရာမဟုတ်ပေ။ ဂိုဏ်းအားလုံး အတူတူသာဖြစ်၏။

သို့သော် မန်ဟို၏လက်ဝါး ကျီမင်ဖုန်း၏ လက်ခံခန္ဓာအပေါ် ကျရောက်သွားသောအခါ လူငယ်၏ခန္ဓာကိုယ်မှာ အပြင်းအထန်တုန်ရီလာပြီး ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

ဤပထမတောင်ထိပ် သီးသန့်ဂိုဏ်းသား၏ ဝိညာဉ်ပျက်စီးတော့မည်ဖြစ်ကြောင်း သူတို့ပြောနိုင်လေသည်။ ထိုအခြင်းအရာက လူတိုင်းကို အလွန်အမင်း အံ့အားသင့်သွားစေတော့သည်။

ဝိညာဉ်ပျက်စီးခြင်းသည် အပြင်အားကိုယ်သေဆုံးခြင်းနှင့် မတူပေ။ ဝိညာဉ်ဖျက်စီးခံလိုက်ရလျှင် အသက်ရှိနေသောအလောင်းကြီးသာ ကျန်ခဲ့လိမ့်မည်။ ၎င်းမှာ အမှန်တကယ် သေဆုံးခြင်းထက်ပင် ပိုကြောက်စရာကောင်းသေး၏။

မန်ဟို၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် တဖျပ်ဖျပ် လက်နေတော့သည်။ ကျီမင်ဖုန်း၏ဝိညာဉ်မှာ အပြင်းအထန် တုန်ရီနေပြီး မျက်လုံးများ ဖွင့်ခါနီးနေပြီဖြစ်ကြောင်း သူမြင်ရသည်။ မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ပြီး သူ့အနား‌ နောက်တစ်ဖန် ချဉ်းကပ်သွားကာ လက်ဝါးဖြင့် ရိုက်ချလိုက်ပြန်သည်။

ဘုန်းခနဲ မြည်ဟည်းသွားပြီး ကျီမင်ဖုန်း၏လက်ခံခန္ဓာမှာ နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် တုန်ခါသွားပြန်သည်။ စစချင်း သူ့မှာ စိုးရိမ်ကြောင့်ကြမှုမရှိသယောင်ပင်။ သို့သော် ကျီမင်ဖုန်း၏ အရိပ်မှာ ယခုတွင် ပို၍ပင် မတည်မငြိမ်ဖြစ်လာလေပြီ။ ၎င်းသည် တဆတ်ဆတ်တုန်နေပြီး အသံမဲ့သောဟိန်းဟောက်သံတစ်သံ ထုတ်လွှတ်လိုက်၏။ ၎င်းသည် နိုးထလာဖို့ အစွမ်းကုန်ကြိုးစားနေပုံရသည်။

မန်ဟို နောက်တစ်ကြိမ် ရိုက်ရန် ပြင်လိုက်စဉ် ပထမတောင်ထိပ်မှ သီးသန့်ဂိုဏ်းသားများက သူ့လမ်းကို ပိတ်ရန် ရွေ့လျားလာကြသည်။ သူ၏နောက်လိုက်တချို့ပင် သူ့ကို ထိန်းရန် ရောက်လာကြ၏။

"ကျုံစစ် ဒီလိုလုပ်လို့ မဖြစ်ဘူးလေ"

"ကျုံစစ် ထပ်မတိုက်နဲ့တော့။ ငါတို့ ဒီကောင်ကို ဆုံးမဖို့ နည်းလမ်းရှာလို့ရတယ်။ ဒီလူတွေအကုန်လုံး ရှေ့မှာမှ ဘာလို့ သူ့ကို သတ်မှာလဲ..."

မန်ဟိုက သူ့လမ်းကို ပိတ်ရန် ကြိုးစားနေသူများကို ကြည့်လိုက်သည်။ ကျီမင်ဖုန်းနိုးထနေသော အရှိန်အဝါမှာ အားကောင်းသထက် အားကောင်းလာနေလေပြီ။

"ဒီကောင်က ဟိုမိစ္ဆာမနဲ့ပေါင်းကြံပြီး ငါ့ကို ချောက်ချခဲ့တာကွ။ ငါ တမင် အပြစ်ပေးခံရအောင် ဒီကောင် တမင်ကြိုးစားခဲ့တာ။ ဒီကောင် ဒီနေ့ မသေမချင်း ငါမရပ်ဘူး"

သူ့အနောက်ရှိ လူပေါ်ကြော့ဂိုဏ်းသားများမှာ ချီတုံချတုံဖြစ်သွားကြသည်။ သို့သော် တခဏကြာသော် အံတင်းတင်းကြိတ်ပြီး သူ့လမ်းကို ပိတ်လိုက်ကြပြန်၏။

မန်ဟိုက သူတို့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သဖြင့် သူ့လမ်းကို ပိတ်နေသော ဒါဇင်အနည်းငယ်က နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် ဆက်သွယ်လာကြသည်။

"သူသေမှ ဖြစ်မှာ သေချာလား"

"သူ သေမှ ဖြစ်မယ်" မန်ဟို၏ ခိုင်မာပြတ်သားသော အဖြေဖြစ်သည်။

"ကောင်းပြီ။ မင်း အခုလေးတင် ဒဏ်ခတ်ခံထားရတာဆိုပေမယ့် မင်း ဒီလူ့ကို ‌သေစေချင်တဲ့ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ငါတို့အတူတူ လုပ်ကြမယ်"

"ငါတို့ ဒဏ်ခတ်ခံရလည်း အရေးမကြီးဘူး။ အကုန်‌ တာဝန်မျှခံကြရမယ်။ အဲ့ဒါက မင်းတစ်ယောက်တည်း အပြစ်တင်ခံတာထက်စာရင် တော်သေးတယ်" ဤတစ်‌ဒါဇင်ကျော်အပေါင်းအသင်းများမှာ ဂိုဏ်းတွင် မန်ဟို၏ အရင်းနှီးဆုံးသူငယ်ချင်းများ ဖြစ်လေသည်။ သူတို့သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့်တစ်ပြိုင်နက် ချာခနဲ လှည့်ပြီး ကျီမင်ဖုန်းဆီ ဦးတည်သွားကြ၏။

မန်ဟိုမှာ တခဏကြာသည်အထိ အံ့အားသင့်နေပြီးနောက်မှ လိုက်သွားလေသည်။ သူတို့သည် လမ်းပိတ်နေသော ပထမတောင်ထိပ်ဂိုဏ်းသားများကို ဖယ်ရှား‌ ကျော်လွှားပြီးနောက် ကျီမင်ဖုန်း ပတ်ပတ်လည်တွင် ပေါ်လာကြ၏။ သူ့ဝိညာဉ်၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည့်အခိုက်အတန့်မှာပင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားတော့သည်။

ကျီမင်ဖုန်းနှင့် သူ၏လက်ခံခန္ဓာမှာ တဘုန်းဘုန်း မြည်ဟည်းနေလေသည်။ ကျီမင်ဖုန်းမှာမူ မျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟိုတစ်ယောက်သာ ကြားနိုင်သော စူးစူးဝါးဝါးအော်သံတစ်သံ ထုတ်လွှတ်လိုက်လေသည်။

သူ၏ဝိညာဉ်မှာ ဝေဝါးလာပြီး သူ၏မျက်နှာထားမှာ ဇဝေဇဝါဖြစ်ပြီး ကြောက်လန့်နေသယောင်ရှိ၏။ သူသည် မျက်လုံးများ ပြူးလျက် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့မျက်လုံးများက မန်ဟို့အပေါ် ကျရောက်လာလေသည်။ ထိုအခိုက်အတန့်တွင် သူ၏သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။

"မင်းကိုး"

ထိုအချိန်မှာပင် ထစ်ချုန်းသံကြီးက နောက်တစ်ကြိမ် ရိုက်‌‌ညောင်းသွားပြန်သည်။ တိုက်ကွက်များက လေပြင်းမုန်တိုင်းများသဖွယ် ကျရောက်လာ၏။ ကျီမင်ဖုန်း၏လက်ခံခန္ဓာကိုယ်မှာ ၎င်းကို ထိုးနှက်နေသော အံ့ဖွယ်နတ်ဘုရားစွမ်းရည်များကြောင့် ပေါက်ကွဲကာ မီးလောင်ပြာကျသွားလေတော့သည်။

ကျီမင်ဖုန်း၏ဝိညာဉ်မှာ တစစီ စုတ်ဖြဲခံနေရလေပြီ။ မန်ဟိုတစ်ယောက်သာ ကြားရနိုင်သော ‌သွေးပျက်မတတ် အော်သံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။ မန်ဟို့ညာလက်က ဝိညာဉ်ကို လှမ်းဆွဲပြီး အမှုန့်ခြေပစ်လိုက်တော့သည်။

ဖောက်ခနဲ အသံတစ်သံ ကြားလိုက်ရပြီး ကျီမျိုးနွယ်စု၏ တာအိုကလေး၊ လက်ရှိမျိုးဆက်၏ ထွန်းလင်းတောက်ပသော နေတစ်စင်း၊ မျိုးနွယ်စုမှ မျှော်လင့်ချက်များစွာ ထားထားသော အစစ်အမှန်တပ်သားအဖွဲ့ဝင်ကား ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီများအနက် ဒုတိယပြင်ညီဖြစ်သော ပုံရိပ်ယောင် ရှေးကမ္ဘာထဲတွင် သုတ်သင်ခံလိုက်ရလေပြီ။

ဤနေရာတွင် သေဆုံးခြင်းမှာ ဝိညာဉ်အမှန်တကယ် သေဆုံးသွားပြီဟု ဆိုလိုသည်။

ကျီမင်ဖုန်း သေသွားသည့်အခိုက်အတန့်တွင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏အပြင်၊ တောင်ကောင်းကင်ဂြိုဟ်၊ ကျီမျိုးနွယ်စု၏ ဘိုးဘေးစံအိမ်အထဲတွင် ခပ်မြင့်မြင့် ပလ္လင်တစ်ဆူ ရှိသည်။ ပလ္လင်အပေါ်တွင် ကျီမျိုးနွယ်ဝင်များကို ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ စေလွှတ်ခဲ့သော လူငယ်တစ်ဖြစ်လဲ တောင်ကောင်းကင်ကျီမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးတစ် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ပိတ်ထားသော မျက်လုံးများ ဖျတ်ခနဲ ပွင့်လာလေသည်။

ထိုအခိုက်တွင် တောင်ကောင်းကင်ဂြိုဟ်တစ်ခွင်လုံး၏ အပေါ်ရှိ ကောင်းကင်မှာ ထူးဆန်းသောတိမ်တိုက်များ တလိပ်လိပ်ထလာတော့သည်။ အရာအားလုံး မှောင်မိုက်လာပြီး အရောင်ပြောင်းလဲလာ၏။

လူငယ်သည် တဖြေးဖြေး ခေါင်းမော့၍ အရှေ့ရှိ ကျောက်စိမ်းပြားကိုးပြားကို ကြည့်လိုက်သည်။ ထို့နောက် ပထမဆုံးတစ်ခုကို လှမ်းယူရန် ဘယ်လက်ကို မြှောက်လိုက်သော်လည်း သူ ထိပင် မထိရသေးခင်မှာပင် အက်သံများကြားလိုက်ရပြီး ကျောက်စိမ်းပြားကား ကြေမွသွားတော့သည်။ လူငယ်၏လက်က တုံ့ခနဲ ရပ်သွား၏။

သူ့မျက်လုံးမှာ မယုံနိုင်လောက်အောင် မည်းမှောင်လာတော့သည်။ တစ်ချိန်တည်းမှာပင် အရှေ့ဘက်နယ်မြေ၊ တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရတို့အပေါ်တွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လက်သွား၏။ လူငယ်၏အမူအရာ ပြောင်းလဲသွားခြင်းက အဆုံးမဲ့သော တိမ်မည်းတိမ်စိုင်များအား တလိပ်လိပ်ထလာစေသယောင်ပင်။

"သေသွားပြီတဲ့လား...." သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏အသံမှာ အက်ကွဲနေပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာသည်။ သူ၏ကျင့်ကြံအဆင့်နှင့် ရာထူးအဆင့်အတန်းကို ထည့်တွက်လျှင် ဤသို့ မျက်နှာအမူအရာ ပြောင်းခြင်းမျိုး မဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ။

***

All Chapters