← Chapters

မအော်သေးဘူးပေါ့

Vol. 41 Ch. 571

မအော်သေးဘူးပေါ့

Vol. 41 Ch. 571

"သူ ဘယ်လိုလုပ် ... သေသွားနိုင်တာလဲ" လူငယ်၏မျက်နှာမှာ ပို၍ပင် တင်းမာခက်ထန်လာတော့သည်။ သူ အဝေးသို့ လှမ်းကြည့်လိုက်စဉ် သူ၏ခန္ဓာကိုယ်မှာ လျှပ်စီးမိုးကြိုးများဖြင့် လင်းလက်နေသည့်အလား၊ သူ၏မျက်လုံးထဲတွင် မိုးကြိုးများဖြင့် ကခုန်နေသည့်အလားပင်။

"ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီက သိပ်အန္တရာယ်မများပါဘူး" လူငယ်က တွေးလိုက်သည်။ "ပထမပြင်ညီမှာ အပြိုင်အဆိုင်တွေ ရှိခဲ့ပေမယ့် လက်ခံခန္ဓာရွေးချယ်တာနဲ့ပတ်သက်ရင် ဘယ်သူက ကျီမျိုးနွယ်စုကို ရန်စရဲမှာလဲ" သူ၏အကြည့်များအရ သူ့မှာ အမှန်တကယ် နားမလည်နိုင်ဖြစ်နေကြောင်း သိသာလေသည်။ အလွန်ပြင်းထန်သော နာကျင်မှုနှင့် အမျက်ဒေါသကိုလည်း သူ၏မျက်လုံးများတွင် မြင်ရနိုင်၏။

ကျီမင်ဖုန်းသည် အငယ်ပိုင်းမျိုးဆက်များအကြား အတော်တကာ့ အတော်ဆုံးဖြစ်လေသည်။ သူ့အပေါ် မျှော်လင့်ချက်များစွာ ထားခဲ့ကြ၏။ မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် သေရလိမ့်မည်ဟု မည်သူတွေးနိုင်ခဲ့မည်နည်း။

"ဒုတိယပြင်ညီက ပုံရိပ်ယောင်လောကပဲ။ အန္တရာယ်များတဲ့ပုံပေါ်ပေမယ့် အသက်အန္တရာယ်စိုးရိမ်ရနိုင်ခြေက အင်မတန် နည်းပါးပြီး မတော်တဆ ဒါမှမဟုတ် တိုက်ဆိုင်မှသာ ဖြစ်တတ်တာ။ အင်း ... ငါတွက်ချက်တာမှန်ရင် ဒုတိယပြင်ညီပွင့်လာတာ အခုလေးတင်ပဲ ရှိလောက်မှာ။ မင်ဖုန်းရဲ့ ပင်ကိုယ်စွမ်းရည်အရဆိုရင် ပထမဆုံးနိုးလာတဲ့သူ ဖြစ်သင့်တာကို ဘယ်လိုလုပ် သေသွားရတာလဲ

"ကျီမျိုးနွယ်စု ကျင့်ကြံသူတွေကို ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကု လွှတ်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတစ်လျှောက်လုံး ... တစ်ယောက်မှ မသေခဲ့ဖူးဘူး

"မင်ဖုန်း ... မင်း ဘယ့်နှယ့်ကြောင့် သေသွားရတာလဲ" လူငယ်သည် တိတ်ဆိတ်စွာ ထိုင်နေ၏။ သူ၏မျက်ဝန်းများမှ ထုတ်လွှတ်နေသော အအေးဓာတ်က တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံးတွင် နှင်းပွင့်ချပ်များ ရွာကျလာစေတော့သည်။

သူသည် စကားတစ်ခွန်းမဆိုဘဲ ညာလက်ကို ဆန့်ထုတ်လိုက်ရာ အတွင်းတွင် ဖုန်းရွှေသံလိုက်အိမ်‌မြှောင်တစ်ခု ပေါ်လာ၏။ ဖုန်းရွှေသံလိုက်အိမ်မြှောင်၏ အလယ်တွင် အနက်ရောင်နေတစ်စင်းရှိနေရာ သံလိုက်အိမ်မြှောင်မှာ အနက်ရောင်တောက်နေတော့သည်။

သူက ညာလက်ဖြင့် အမျိုးမျိုးသော ထိန်းညှိမှုများပြုလုပ်၍ သံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်လိုက်သည်။ နိမိတ်ဖတ်အလင်းရောင် သူ၏မျက်ဝန်းထဲတွင် ပေါ်ပေါ်လာ၏။ အသက်ရှိုက်စာအနည်းငယ်ကြာသော် သူ့မျက်နှာအမူအရာ ပြောင်းသွားလေသည်။ ခလက်ခနဲ ဖုန်းရွှေသံလိုက်အိမ်မြှောင်၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာလေပြီ။

လူငယ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မယုံကြည်နိုင်သောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ဖြတ်‌ပြေးသွားတော့၏။

"မူမမှန်ချက်။ ငါ ဆုံးဖြတ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဒီကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ ... နှစ်ကိုးသောင်းအတွင်း တစ်ခါမှ မတည်ရှိခဲ့ဖူးတဲ့ မူမမှန်ချက်တစ်ချက် ရှိနေတောပဲ

"ဒီမူမမှန်ချက်က အချိန်ဖြတ်သန်းမှုကို လွှမ်းမိုးနိုင်လောက်တယ်။ ဒါက ဖြစ်ပြီးသား ဖြစ်ရပ်တွေအပေါ်မှာတောင် သက်ရောက်နိုင်တဲ့အပြင် အချိန်မြစ်ကို ဖြတ်စီးသွားပြီးပြီ

"ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဘာများလဲ"

ထိုစဉ် မိစ္ဆာအင်မိုတယ်ဂိုဏ်း ၊ ဒုတိယပြင်ညီ ၊ ပထမတောင်ထိပ်အပေါ်တွင် ....

ကျီမင်ဖုန်း၏ လက်ခံခန္ဓာ သေဆုံးသွားမှုကြောင့် သုဿန်တစပြင်ပမာ တိတ်ဆိတ်နေကြလေသည်။ ပထမတောင်ထိပ်၏ သီးသန့်ဂိုဏ်းသားအားလုံးမှာ ‌အေးစက်မှု မြင့်တက်လာနေသော မျက်လုံးများဖြင့် တိတ်ဆိတ်စွာ ကြည့်နေကြ၏။ မန်ဟိုနှင့်အတူ လိုက်လာခဲ့သော်လည်း စောစောက ဝင်မပါခဲ့သူများမှာလည်း ခေါင်းများ ချာချာလည်နေလျက် အထိတ်တလန့် ကြည့်နေကြသည်။ အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် သူတို့မှာ ယခုကိစ္စကြောင့် ‌ နောက်ဆက်တွဲ ဘာဖြစ်လာမည်လဲ စဉ်းစားရန်ပင် အချိန်မရလိုက်ပေ။

ထို့နောက် ပထမတောင်ထိပ်သီးသန့်ဂိုဏ်းသားတစ်ယောက် သေဆုံးခြင်းမှာ... ပြဿနာအကြီးကြီးဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ခေါင်းခဲလာကြတော့သည်။

မန်ဟိုက သူနှင့်အတူ တိုက်ခိုက်ပေးခဲ့သော လူတစ်ဒါဇင်ကျော်ကို ကြည့်ရင်း လေအလယ်တွင် ပျံဝဲနေသည်။ သူတို့သည် ကျန်တောင်ထိပ်များမှ လူပေါ်ကြော့များဖြစ်ကြပြီး မန်ဟိုနှင့် အသက်အရွယ် တူလောက်၏။ သူတို့ကား သူ၏လူမိုက်ဂိုဏ်းဖြစ်ပြီး နှစ်တွေတစ်လျှောက်လုံး ပေါက်ပန်းလေးဆယ် ဂြိုဟ်လျှောက်မွှေကြပြီးနောက် ခိုင်မာသော မိတ်ဆွေဆက်ဆံရေးတစ်ခု ဖြစ်တည်လာခဲ့လေသည်။

မန်ဟိုက သူတို့ကို ကြည့်နေပြီး သူတို့က သူ့ကို ပြန်ကြည့်ကြသည်။ ထို့နောက် ရယ်လိုက်ကြ၏။

တစ်‌နာရီကြာသော် ခေါင်းလောင်းသံများ မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဝန်းလုံး ဆူညံသွားသည်။ တစ်ချိန်တည်းမှာပင် အတွင်း၌ လှောင်အိမ်တစ်ခုအား မြင်ရသော မျက်နှာပြင်တစ်ခု လေလယ်တွင် ပေါ်လာလေသည်။ ထိုလှောင်အိမ်ထဲတွင် မန်ဟိုနှင့် သူ၏ ဆိုးတူကောင်းဖက်မိတ်ဆွေတစ်ဒါဇင်ကျော်မှာ လှုပ်မရအောင် တုပ်နှောင်ခံထားရ၏။

ဂိုဏ်းသားထဲရှိ ဂိုဏ်းသားတစ်‌ယောက်မကျန် စောင့်ကြည့်နေကြသည်။ လေလယ်တွင် အပေါ်ပိုင်းအဝတ်ဗလာနှင့် လူထွားကြီးတစ်‌ယောက် မျက်လုံးများပိတ်လျက် တင်ပျဉ်ခွေထိုင်နေ၏။ ခေါင်းလောင်းများ ငါးကြိမ်မြောက်မြည်ပြီးနောက်တွင် လူထွားကြီး၏ မျက်လုံး ဖျတ်ခနဲ ပွင့်လာသည်။ ၎င်းတို့သည် ကြမ်းကြုတ်သော အလင်းရောင်ဖြင့် တဖျပ်ဖျပ် လက်နေပြီး သူက ညာလက်ကို မြှောက်၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်လေသည်။ အနက်ရောင်ကြာပွတ်တစ်ခု မည်သည့်နေရာကမသိ ပေါ်လာ၏။ ၎င်းသည် မီတာသုံးထောင်တိတိ ရှည်လျားပြီး ၎င်း လှုပ်ရှားလိုက်သည့်အခါ လေထုပင် ကွဲကြေသွားရသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် လျှပ်စီးများ ကခုန်နေပြီး ၎င်းထံမှ တစ်ဂိုဏ်းလုံးကြားရသော တဖျစ်ဖျစ်မြည်သံများ ထုတ်လွှတ်နေ၏။

"ဂိုဏ်းစည်းမျဉ်းတွေအရဆိုရင် ဂိုဏ်းတူညီနောင်တစ်ဦးကို သတ်တဲ့အတွက် ပြစ်ဒဏ်က သေဒဏ်ပဲ" လူထွားကြီးက အေးတိအေးစက် ပြောသည်။ "ဒါပေမဲ့ မင်းတို့ ဘိုးဘေးတွေ ဂိုဏ်းအကျိုးသယ်ပိုးပေးခဲ့တာကို ထည့်တွက်ရင်း... မင်းတို့အသက်ချမ်းသာရာရမယ်။ ပြစ်ဒဏ်က‌တော့ လွတ်မြောက်မယ်မထင်နဲ့

"တောင်ထိပ်သခင်ပါရာဂွန်ခုနစ်ဦးရဲ့ အမိန့်တော်အတိုင်း ခဲကျုံစစ်က လက်ရွေးစင်ပညာသင်ဆိုတဲ့ဘွဲ့  ရုတ်သိမ်းခံရမယ်။ ရှုချန်ဟိုက်၊ ချန်မင်ယွင်... ကျန်တဲ့ မင်းတို့ ဒုတိယအဆင့်လက်ရွေးစင်ပညာသင်တွေကတော့ အတွင်းစည်းအထိ ရာထူးချခံရမယ်။ မင်းတို့ ရာထူးတွေကို နှစ်တစ်သောင်းအထိ ပြန်ရမှာမဟုတ်ဘူး

"အပြစ်ဆေးကြာပွတ်ဒဏ် သုံးချက်လည်း ခံရမယ်။ တစ်ချက်စီတိုင်းက သေလောက်အောင် ပြင်းထန်တယ်။ ဒါက မင်းတို့ရဲ့ ပြစ်ဒဏ်ပဲ။ ခဲကျုံစစ်ကတော့ လေးချက်ခံရမယ်

"ဒီလို ပြစ်မှုမျိုး နောင်ထပ်ကျူးလွန်ရင်တော့ မင်းတို့အကုန်လုံး အသက်နဲ့ပြန်ပေးဆပ်ရမယ် မှတ်" သူ၏စကားလုံးများ ဂိုဏ်းတစ်လျှောက် ပဲ့တင်ထပ်လာစဉ် ကြားလိုက်ရသူများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ ထိုသို့သော ပြစ်ဒဏ်မျိုးမှာ အင်မတန် ပြင်းထန်လေသည်။ သူတို့၏ဘွဲ့များမှာ နှစ်‌တစ်သောင်းအထိ ရုတ်သိမ်းခံရသော်လည်း ယင်းက ဒုတိယသာဖြစ်၏။ အားလုံးအထဲ အပြင်းထန်ဆုံးမှာ အပြစ်ဆေးကြာပွတ်ပင်။ ၎င်းထံမှ ဒဏ်ချက်နှစ်ချက်ထက်ပို၍ခံနိုင်သူ မရှိသလောက် ရှားလေသည်။

လူတိုင်း မှတ်မိရသလောက် နှစ်တစ်‌ထောင်အတွင်း ကြာပွတ်ဒဏ်သုံးချက်ဆိုသည်မှာ တစ်ခါမှ မချမှတ်ခံခဲ့ရဖူးပေ။ ခဲကျုံစစ်၏ အထူးပြစ်ဒဏ်လေးချက်မှာတော့ အနည်းဆုံး နှစ်သုံးထောင်အတွင်း တစ်ခါမှ မမြင်ခဲ့ရဖူးသော ပြစ်ဒဏ်မျိုး ဖြစ်လေသည်။

ဤအခိုက်အတန့်တွင် ဂိုဏ်းအတွင်းရှိ ဂိုဏ်းသားအကုန်လုံး တိတ်ဆိတ်နေကြသည်။ သူတို့သည် လေလယ်ရှိ မြင်ကွင်းကို မော့ကြည့်နေကြ၏။ အထူးသဖြင့် ပထမတောင်ထိပ်မှ လူများ၏မျက်လုံးထဲတွင် မုန်းတီးမှုအား မြင်ရနိုင်လေသည်။

မန်ဟိုနှင့် အပေါင်းအပါများ လူထွားကြီး၏စကားကို ကြားသော် မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

"သောက်ကျိုးနည်း သုံးချက်တဲ့.."

"ဟ ငါက ပထမဆုံးလက်ပါလိုက်တဲ့ အကောင်လေ။ သုံးချက်တဲ့လား သောက်ဂရုမစိုက်ဘူး"

"ဒုတိယအဆင့်လက်ရွေးစင်ပညာသင်ဟုတ်စ။ ထွီ ကျင့်စဉ်တွေ ၊ အမွေအနှစ်တွေ၊ ရတနာတွေ‌ လိုချင်ရင် ငါတောင်းဆိုလိုက်ရုံနဲ့ ရနေတာလေ။ ဘယ်ဂိုဏ်းသားအဆင့်ပဲဖြစ်ဖြစ် ဂရုစိုက်နေစရာလား"

"ကျုံစစ် ငါတို့ ညီအစ်ကိုတွေပဲ။ အတူတူ ဒဏ်ခတ်ခံကြမယ်။ အဲ့ဒီဂေါက်သီးအဘိုးကြီးတွေ ငါတို့ကို အသားနာအောင်ပဲ လုပ်လို့ရတာပါ တကယ် မသတ်နိုင်ဘူး။ ဒါပေမဲ့ အဲ့ဒီ ပထမတောင်ထိပ် သီးသန့်ဂိုဏ်းသားကို ဘာကြောင့် ငါတို့သတ်ခဲ့ရတာလဲဆိုတာ သေသေချာချာ ပြောပြဖို့လိုသေးတယ်နော် ဟေ့ကောင်"

မန်ဟိုသည် သူ၏အပေါင်းအသင်းတစ်ဒါဇင်ကျော်ကို မျက်လုံးဝေ့ကြည့်လိုက်၏။ ဤကမ္ဘာမှာ ပုံရိပ်ယောင်ဖြစ်ကြောင်း သိသော်လည်း သူ့မှာ စိတ်နှလုံးလှုပ်ရှားမိသေးလေသည်။ ဤလူများသည် သူနှင့်အတူ ကောင်းကောင်းဆိုးဆိုး အမြဲအတူရှိပေးနေမည့်သူများဖြစ်ကြောင်း သူပြောနိုင်၏။ ၎င်းက သူ့အား ဤနေရာသည် အစစ်အမှန်မဟုတ်သလို၊ သူကလည်း ခဲကျုံစစ်အစစ်မဟုတ်သည့်အချက်ကိုပင် မေ့ချင်သွားစေလေသည်။

သို့သော် ... သူ့မှာ မေးခွန်းကို မည်သို့ပြန်ဖြေရမည်လဲ မသိ။ သူက တခဏတွေးပြီးနောက် အံတင်းတင်းကြိတ်လိုက်၏။

"အဲ့မေနိုးက ငါ့ဂိုဏ်းတူညီမလေးတစ်ယောက်ကို ထိကပါးရိကပါး လာလုပ်လို့"

ထူးဆန်းသောအရိပ်‌အယောင်များ တခြားသူများ၏မျက်နှာအပေါ်တွင် ပေါ်လာသည်။ တခဏကြာသော် သူတို့အားလုံး တဟားဟား ရယ်လိုက်ကြတော့သည်။

သူတို့ ရယ်သံများထွက်ပေါ်နေစဉ် လူထွားကြီးက သွေးအေးအေး ပြောလိုက်၏။ "ပထမအချက်"

ထို့နောက် သူက လက်ကို မြှောက်၍ ကြာပွတ်ကို ဝင့်လိုက်ရာ လေထဲတွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာစေသည်။

ရွှတ်

အသံက တိုတိုပြတ်ပြတ်ဖြစ်ပြီး မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံကြီးနှင့်အတူ အနည်းဆုံးဆယ်ကြိမ်အထိ တုံ့ပြန်လူးလာပဲ့တင်ထပ်နေချေသည်။

ကြာပွတ်တစ်ချက်က မန်ဟိုနှင့် အခြားသူများအပေါ် ကျရောက်လာ၏။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး ဝိညာဉ်ပင် ထွက်သွားတော့မည့်အလား ခံစားလိုက်ရသည်။ စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော နာကျင်မှုက သူ့ကို လွှမ်းမိုးသွားပြီး သူ၏စိတ်ကို ထိုးကျင့်နှိပ်စက်ကာ အမြင်အာရုံများ ဝေဝါးသွားစေ၏။ တစ်ချိန်တည်းမှာပင် သူ၏ပတ်ပတ်လည်မှ မချိတင်ကဲ အော်သံများ ကြားလိုက်ရလေသည်။

ထိုစဉ် ခပ်လှမ်းလှမ်း‌ရှိ သတ္တမတောင်ထိပ်အပေါ်တွင် ပုံရိပ်ခုနစ်ခုပေါ်လာသည်။ သူတို့သည် အသျှံတညီးညီးတောက်ပနေသော နေများသဖွယ်ပင်။ ထိုအထဲက တစ်ယောက်မှာ ခဲယွင်ဟိုင်ဖြစ်၏။ သူ၏မျက်နှာမှာ တင်းမာခက်ထန်နေပြီး သူ့ဒေါသကား ငယ်ထိပ်အထိ ဆောင့်တက်နေလေပြီ။ သူ့အကြည့်သည် သေလုမြောပါး ချခံနေရသော မန်ဟို့အပေါ်မှ မခွာပေ။

ခဲယွင်ဟိုင်ဘေးတွင် ရပ်နေသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်၏။ သူမခန္ဓာမကိုယ်မှ လှပသောရောင်စဉ်လေးတစ်ခုကို ထုတ်လွှတ်နေပြီး ထိုနေရာတွင် ရပ်နေစဉ် သူမသည် ကောင်းကင်နှင့်မြေကြီးဖြင့် တစ်သားတည်းဖြစ်နေသယောင်ပင်။ သူမက ဆဋ္ဌမတောင်ထိပ်၏ ပါရာဂွန်ဖြစ်၏။ သူမသည် အေးစက်သောမျက်နှာထားဖြင့် ခဲယွင်ဟိုင်ဘက် လှည့်ကာ ပြော၏။ "သခင်လီက အခု အိပ်နေပေမယ့် ကျွန်မတို့အားလုံး သူ့စိတ်ဆန္ဒကို နာခံရသေးတယ်မဟုတ်လား။ တာအိုလောကကလည်း ပိတ်ခံထားတဲ့အပြင် ကျွန်‌မတို့ တက်ရောက်ခွင့်မရှိဘူး။ ဒါပေမယ့် မကြာခင် အရေးကြီးတဲ့အရာတွေ ဖြစ်ပျက်တော့မယ်။ အရမ်းအလိုလိုက်နေရင်‌တော့ အစ်ကိုကြီးခဲ... အစ်ကိုကြီးရဲ့သား ဒုက္ခရောက်လိမ့်မယ်နော်"

တတိယတောင်ထိပ်၏ပါရာဂွန်မှာ မျက်နှာရှည်ရှည်နှင့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူ့တစ်ကိုယ်လုံးမှ ရှေးကျမှုကို ထုတ်လွှတ်နေပြီး သူက ခေါင်းတခါခါနှင့် ပြောလေ၏။ "အစ်ကိုကြီးခဲ ခင်ဗျားသားကတော့ တကယ်ပဲ.... ဂိုဏ်းစည်းမျဉ်း ဖောက်ချင်တယ်ဆိုလည်း အဲ့ဒါသူ့ကိစ္စလေ။ ဘာလို့ သူများတွေပါ ဒုက္ခရောက်အောင် လုပ်ရတာတုန်း ။ သူ့အကျင့်စရိုက်ကိုက အဲ့ဒီလိုပဲ ထင်ပ..."

ပထမတောင်ထိပ်၏ ပါရာဂွန်မှာ ရှည်ရှည်သွယ်သွယ်မျက်ဝန်းများနှင့် ခပ်ချောချော လူငယ်တစ်ဦးဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ရွှေအလင်းရောင်ကို ထုတ်လွှတ်နေရာ ‌တောက်ပ‌နေသောနေတစ်စင်းအသွင်ပြောင်းသွားသော ဓားအသင်္ချေဖြင့် ခြံရံခံထားရပုံပေါက်လေသည်။ သူ့အသံသည် ဓားချွန်ချွန်များအား ထိုးစိုက်နေသံနှင့်တူ၏။ "ဒီကလေးရဲ့ နှလုံးသားက သေချာပေါက် ပျက်စီးနေတာပဲ။ သူများတကာကို လိုက်အနိုင်ကျင့်နေတာလည်း နှစ်နဲ့ချီနေပြီ။ သူ့လက်ချက်ကြောင့် သေသွားရတဲ့ ဂိုဏ်းသား အနည်းဆုံး ဆယ်ယောက်ကျော်လောက်တယ်။ ကျုပ်တို့ အဲ့ဒီလူသတ်မှုတွေအတွက် မစစ်ဆေးခဲ့တာ အစ်ကိုကြီးမျက်နှာကြောင့်ပါ။ ဒါပေမဲ့ အခုလို ပေါ်တင်ကြီး သတ်ပစ်ရဲတာက‌တော့ လွန်လွန်းသွားပြီ"

အခြားပါရာဂွန်သုံးယောက် စကားပြောနေစဉ် ခဲယွင်ဟိုင်၏ ဒေါကန်နေသောအသံကို ကြားလိုက်ရ၏။

"ဆုံးမရခက်တဲ့ကောင် ဆုံးမရခက်တဲ့ကောင်

"လွှတ်ပေးလိုက်တာနဲ့ စိတ်ထင်ရာ လျှောက်လုပ်တော့တာပဲ။ ကြာပွတ်ဒဏ်သင့်ပြီး သေလည်း ငါဂရုမစိုက်ဘူး။ အနည်းဆုံးတော့ ဒီတစ်ဦးတည်းသောသားနဲ့ ရန်ဖြစ်နေစရာမလိုတော့ဘူးပေါ့

"သူသေရင်သေ မသေရင် ငါ သေတော့မှာ။ သခင်လီရဲ့ အမိန့်တော်ကြောင့် သက်ရှိ‌တွေအကုန်လုံး သက်တမ်းကန့်သတ်ခံလိုက်ရတယ်။ တာအိုလောကကို လျှောက်လှမ်းလို့မရဘူး။ ငါ့သက်တမ်းကလည်း ယုတ်လျော့တော့ သေရဖို့ နီးလာပြီ။ တာအိုရောင်ရင်းတို့ ငါ့ရဲ့ဒီအသုံးမကျတဲ့သားအပေါ် စိတ်ရှည်သည်းခံပေးတဲ့အတွက် ဘယ်တော့မှ မမေ့ပါဘူး

"အဲ့ဒီကောင်ကို သေအောင်သာ ရိုက်လိုက်ပါ။ တောင်နဲ့ပင်လယ်တိုက်ပွဲကိုးပွဲအတွင်း ဖြစ်ပွားနေတဲ့ ဘယ်တော့မှ အတောမသပ်နိုင်တဲ့ သတ်ဖြတ်မှုတွေကြောင့် ငါ့သား ၁၅ ယောက်ထဲမှာ သူတစ်ယောက်ပဲ ကျန်တော့တယ်။ သူ့တစ်ဘဝလုံး အလိုလိုက်ခံထားရတော့ ဆိုးနေတာ အံ့ဩစရာမရှိပါဘူး

"ထားပါတော့ ထားပါတော့ အဲ့ဒီကောင်ကို သတ်သာပစ်လိုက်" ခဲယွင်ဟိုင်မှာ ချာခနဲ လှည့်လိုက်ပြီး ထိုသို့လှည့်လိုက်စဉ် သူ၏တစ်ကိုယ်လုံး အိုမင်းလာသယောင်ပင်။ သူ့ထံမှ ဖြာထွက်နေသော သေခြင်းအရှိန်အဝါမှာ ပို၍ပင် အားကောင်းလာ၏။

ကျန်ပါရာဂွန်ခြောက်ဦးက တိတ်ဆိတ်စွာ ရပ်နေကြသည်။ သတ္တမတောင်ထိပ်၏ ပါရာဂွန်မှာ တန်ခိုးရှင်ဟန်ပန်နှင့် ရှေးဆန်သော ဆံဖြူလူတစ်ယောက်ဖြစ်သည်။ သူက ‌သက်ပြင်းဖွဖွချကာ အဝေးရှိ ကြာပွတ်နှင့်လူထွားကြီးကို လှမ်းကြည့်လိုက်လေသည်။

လူထွားကြီးက ကြာပွတ်ကို မြှောက်လိုက်ပြီး တခဏရပ်သွားသည်။ ထို့နောက် ဒုတိယအချက်ကို ပို့လွှတ်လိုက်လေပြီ။

အသံမှာ ဟိန်းထွက်သွားပြီး အဆုံးစွန်အထိ ကျယ်လောင်သော်လည်း ပထမအချက်နှင့် ပြင်းအားမတူကြောင်း သိသာသည်။

တတိယအချက် ကျရောက်လာသည့်အခါတွင်တော့ မန်ဟိုနှင့်အပေါင်းအပါတစ်သိုက်၏ အရေပြားများမှာ စုတ်ပြတ်ပေါက်ပြဲနေလေပြီ။ သူတို့မှာ မျက်တွင်းများချောင်ကျနေပြီး ခေါင်းပင် အနိုင်နိုင်ထောင်နေရ၏။ သူတို့က မန်ဟို လေးချက်မြောက်အား ခံရတော့မည်ကို သိသဖြင့် သူ့အား လှမ်းကြည့်လိုက်ကြသည်။

လေးချက်‌မြောက် ကျလာစဉ် မန်ဟိုက ခါးသက်သက် ရယ်လိုက်သည်။ ၎င်းသည် သူ့ခန္ဓာကိုယ်တစ်ခုတည်း၊ သူ့တစ်ယောက်တည်းအပေါ် ကျရောက်လာ၏။ တစ်ချိန်တည်းမှာပင် ခဲယွင်ဟိုင်၏ စိတ်တိုနေသောအသံက သူ့နားထဲ ပဲ့တင်ထပ်လာလေသည်။

"မအော်သေးဘူးပေါ့လေ"

မန်ဟိုမှာ တခဏအံ့ဩသွားပြီး ဖော်ပြ၍မတတ်နိုင်လောက်အောင် ဝမ်းနည်းဖွယ်ကောင်းသော အသံပြဲကြီးဖြင့် အော်လိုက်တော့သည်။ သူ၏အပေါင်းအပါများ အသံကို ကြားသောအခါ လန့်ဖျပ်သွားကြလေ၏။

ဒဏ်ခတ်ပြီးသွားသည့်နောက် မန်ဟိုနှင့်အခြားသူများအား ကူတွဲပေးရန် တောင်အသီးသီးမှ ဂိုဏ်းသားများ‌ ရောက်လာကြပြီး သူတို့ကို ဒဏ်ရာကုသပေးရန် အလျင်အမြန် ခေါ်သွားကြသည်။ မကြာမီ မန်ဟို စတုတ္ထတောင်ထိပ်သို့ ပြန်‌ရောက်သောအခါ တောင်တစ်တောင်လုံး ဟိန်းထွက်လာသော ခဲယွင်ဟိုင်၏အသံကြီးကို ကြားလိုက်ရ၏။

"သူ့ကို ကူပေးမနေနဲ့ ထွက်သွားကြစမ်း ကောင်စုတ်လေးတွေ"

သူ့ကို ကူတွဲပေးနေသော စတုတ္ထတောင်ထိပ်၏ ဂိုဏ်းသားများမှာ တခဏ ချီတုံချတုံဖြစ်သွား၏။ မန်ဟိုက သူတို့ကို သူ့အား လွှတ်လိုက်ရန် အရိပ်အခြည် ပြလိုက်လေသည်။ သူ့မှာ ခါးသက်သက် ပြုံးနေသော်လည်း နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားနေရ၏။ သူက သက်ပြင်းချရင်း ခဲယွင်ဟိုင်၏ကျင့်ကြံခြင်းဂူရှိရာသို့ လမ်းလျှောက်သွားတော့သည်။

***

All Chapters