သူ့နာမည်က ....
Vol. 41 Ch. 573
ကျင့်ကြံသူများအနေဖြင့် ဤမိစ္ဆာကျင့်စဉ်ဟုခေါ်သောအရာများကို ကျင့်ကြံနိုင်၏။ သက်ရှိသတ္တဝါတိုင်း ကျင့်ကြံနိုင်သည်။ သို့ရာတွင် အဆုံးသတ်ရလဒ်မှာတော့ မိစ္ဆာတစ်ကောင်ဖြစ်သွားခြင်းပင်။
အထူးသဖြင့် တောင်ဝါးမြိုမန္တန်ကို ကြည့်ပြီးနောက်တွင် မန်ဟို တုန်လှုပ်သွားရ၏။ ၎င်းသည် တောင်တန်းမြစ်ပြင်များကို ကြီးစိုးခြယ်လှယ်နိုင်သော စိတ်ဝိညာဉ်တစ်ခုအတွင်းသို့ စိမ့်ဝင်ရောက်လိုက်သည့် ကျင့်စဉ်တစ်မျိုးဖြစ်သည်။ ၎င်းမှာ တမင်စိတ်ဝင်စားအောင် ကွန့်ထားသောအရာသက်သက်မဟုတ်ဘဲ တောင်တန်းမြစ်ပြင်များကို အမှန်တကယ် ဝါးမြိုနိုင်သော ကျင့်စဉ်တစ်ခုပင်။ အောင်မြင်မှုက လူတစ်ယောက်၏ ကိုယ်ပိုင်အင်မိုတယ်လမ်းစဉ်ကို ဖော်ဆောင်၍ မသေမျိုးလူသား ဖြစ်လာစေနိုင်သည်။
ကျင့်စဉ်များစွာသည် တကယ်တမ်း မိစ္ဆာချီပင် ဖြစ်သော ကောင်းကင်နှင့်မြေကြီး၏ ချီအပေါ် အမှီပြုရလေသည်။ ကိုယ်ပိုင်မိစ္ဆာအသွင်တစ်ခု ဖန်တီးရန် လူတစ်ယောက်၏ ကိုယ်အတွင်းရှိ မိစ္ဆာချီကို သန့်စင်ရသော ကျင့်စဉ်တစ်ခုရှိ၏။ ထိုသို့အသွင်ပြောင်းခြင်းမှာ အဆင့် (၁၉) ဆင့်ရှိပြီး အဆင့်တစ်ဆင့်စီသည် ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်ပစ်နိုင်သော မိစ္ဆာတစ်ကောင်ဖြစ်လာစေနိုင်သည်။
မန်ဟိုမှာ အချက်အလက်များကို လေ့လာပြီး မကြာခင် တစ်ညလုံးကုန်သွားတော့သည်။ အရုဏ်တက်လာသည့်တိုင် သူကား အချိန်မည်မျှကုန်ဆုံးသွားခဲ့သည်လဲပင် မသိတော့ပေ။ တာအိုမှော်ကျင့်စဉ်များက သူ့ကို လုံးလုံးလျားလျား အံ့ဩတုန်လှုပ်စေခဲ့၏။ ရုတ်တရက် သူ့ကမ္ဘာ၊ သူ့ဘဝ၊ သူ၏အရာအားလုံးအထဲတွင် .... တံခါးတစ်ချပ် ပွင့်သွားခဲ့ပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။ ထိုတံခါး၏အလွန်တွင် စစ်မှန်သော ကောင်းကင်နှင့်မြေကြီးရှိနေ၏။
ထိုသို့ ကံကြမ္မာကောင်းမျိုးမှာ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ဖွင့်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း ဘယ်သူမှ မရရှိခဲ့ဖူးသောအရာဖြစ်ပေသည်။ သူသည်သာ တစ်ယောက်တည်းသောလူဖြစ်ပြီး ... အကုန်လုံးကလည်း သူ၏ သူမတူသော ဘဝကြောင့်ဖြစ်ပေသည်။ အခွင့်အရေးအနန္တရှိလေသော ဤကမ္ဘာကြီးတွင် သူသည် တာအိုမှော်ကျင့်စဉ်သုံးရာကို ရရှိဖူးသော ပထမဆုံးလူဖြစ်၏။
ရှေးခေတ်ကာလမှစ၍ ယနေ့ထက်ထိတိုင်အောင် သူကား ပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပေမည်။
သူနှင့်အတူ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ ရောက်လာခဲ့သူများသာ သူ့တွင် တာအိုမှောင်ကျင့်စဉ်သုံးရာရှိကြောင်း သိသွားလျှင် သေချာပေါက် ရူးခါသွားလိမ့်မည်။ အတိတ်တုန်းက ရောက်လာခဲ့သောလူများပင် ထိုသို့ဖြစ်သွားလောက်သည်။
ဤတာအိုမှော်ကျင့်စဉ်သုံးရာအနက်မှ တစ်ခုလေးကပင် တောင်ကောင်းကင်ဂြိုဟ်မှကျင့်ကြံသူအများစု အိပ်မက်သာမက်နိုင်သောအရာ ဖြစ်ပေမည်။ အဆုံးစွန်အထိ ကံကောင်းလျှင်တောင်မှ အလွန်ဆုံး တစ်ခုသာ ရနိုင်လောက်သည်။ သို့ထိတိုင် ... မန်ဟို့တွင် သုံးရာလုံး ရှိနေလေပြီ။ ထိုမျှသာမက ဤအရာများမှာ သာမန်ကျင့်စဉ်များ မဟုတ်ကြောင်း သူပြောနိုင်၏... ဤကျင့်စဉ်များသည် သေချာပေါက် သုံးထောင်အနက်မှ ထိပ်ဆုံးတစ်ထောင်အတွင်း ပါလေသည်။
တချို့ဆိုလျှင် ထိပ်ဆုံးငါးရာအတွင်းပင် ပါဝင်၏။ တောင်ဝါးမြိုမန္တန်နှင့် မိစ္ဆာအသွင်ပြောင်းခြင်းမှာ မုချ ထိပ်ဆုံးနှစ်ရာအတွင်း ပါလေသည်။
ထိုသို့သော နတ်ဘုရားစွမ်းရည်များနှင့် မှော်ကျင့်စဉ်မျိုးက မည်သူ့ကိုမဆို မနာလိုစိတ်ဖြင့် ရူးသွားစေနိုင်လေသည်။ ယခုလို အမွေအနှစ်များနှင့် ကံကြမ္မာကောင်းမျိုးမှာ ပြီးခဲ့သည့် နှစ်တစ်သောင်းတစ်လျှောက်လုံး ကြားပင်မကြားခဲ့ဖူးပေ။
အခြားသူများအနေဖြင့် ဤနေရာတွင် ကျင့်စဉ်များအား ကြက်ကန်းဆန်အိုးတိုးပြီး ရကောင်းရသွားနိုင်ပါသော်လည်း သေမတတ် အားထုတ်ပါသော်လည်း ဉာဏ်အလင်းရနိုင်ဦးမည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူတို့ ထွက်သွားရသောအခါ ကျင့်စဉ်နှင့်ပတ်သက်သမျှ မှတ်ဉာဏ်အကုန်လုံးမှာ အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သည့်အလား ဖယ်ရှားခံရပေလိမ့်မည်။ နိုးထလာပြီးနောက် သူတို့မှာ ကျင့်စဉ်တည်ရှိကြောင်းကိုသာ သတိရပြီး အသေးစိတ်သိတော့မည်မဟုတ်ပေ။
တာအိုမှော်ကျင့်စဉ်များလည်း ထိုနည်းတူပင်။ ဉာဏ်အလင်းအပြည့်အဝ ရမှသာလျှင် ၎င်းတို့ကို ပိုင်ဆိုင်ရပြီး ထွက်ခွာရပြီးနောက် မှတ်မိနိုင်လိမ့်မည်။
ထို့ကြောင့် ဉာဏ်အလင်းမရနိုင်လျှင် ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ရပေမည်။ သို့ဖြစ်၍ အပိုတာအိုမှော်ကျင့်စဉ်တစ်ခုကို ရှာတွေ့ဖို့ အစွမ်းကုန် ကြိုးစားရုံသာရှိ၏။
မှန်သည် ယင်းက မယုံနိုင်လောက်အောင် ခက်ခဲပေမည်။
သို့သော် မန်ဟို့အတွက်တော့ ... ဘာကိုမှ စိတ်ပူနေစရာမလို။ သူ့တွင် တာအိုမှော်ကျင့်စဉ်သုံးရာရှိသည် မဟုတ်ပါလော။ တစ်ခုကို ဉာဏ်အလင်းမရလျှင် နောက်တစ်ခု ပြောင်းလိုက်နိုင်သည်။ သုံးရာအထဲတွင် သူနှင့် ကိုက်ညီပြီး ဉာဏ်အလင်းရနိုင်သော မှော်ကျင့်စဉ်များ သေချာပေါက်ရှိလေသည်။
နေ့လည်ရောက်သည့်နောက်ဆုံး သူက ခေါင်းပြန်မော့လာသည်။ သူသည် ထူးဆန်းသောအလင်းရောင်တောက်နေသော မျက်ဝန်းများဖြင့် ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ထရပ်လိုက်၏။
"ငါ ဒီတောင်ဝါးမြိုမန္တန်ကို စမ်းကြည့်ရမယ်။ ပထမအဆင့်က တောင်တစ်လုံးကို လေ့လာဖို့ပဲ" ထို့နောက် သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ကျင့်ကြံခြင်းဂူအတွင်းမှ ထွက်သွားလေပြီ။ ဤအခိုက်တွင် သူသည် ကျန်တောင်ကောင်းကင်ကျင့်ကြံသူများကို လိုက်ရှာရန် အာရုံမရှိတော့ပေ။ သူတို့ကို သတ်ဖို့က နောက်ဆုံးနေရာတွင် ဖြစ်ပြီး အရေးအကြီးဆုံးမှာ သူ၏ကံကြမ္မာကောင်းကိုသူ အာရုံစိုက်ရန်ပင် ။
ခေါင်းဆောင်ကြီးဟုရန်ကို ရှာတွေ့လျှင်တော့ ဂိုဏ်းစည်းမျဉ်းများကို ဖောက်ဖျက်တော့မည်မဟုတ်ပေ။ ထိုအစား သူ့ကို ဖယ်ရှားရန် ခဲယွင်ဟိုင်ကို သွားရှာမည်။
"အခုလောက်ဆိုရင် တော်တော်များများ နိုးနေလောက်ပြီ..." သူက တွေးလိုက်၏။ စတုတ္ထတောင်ထိပ်၏ လမ်းများတစ်လျှောက် သွားနေစဉ် သူနှင့်ပက်ပင်းတိုးသည့် ဂိုဏ်းသားများအားလုံး သူ့ကို ပြုံးပြကာ ခေါင်းညိတ်နှုတ်ဆက်ကြ၏။ သူလည်း ပြန်ပြုံးပြရင်း သွားလိုရာသို့ တဟုန်ထိုး ထွက်လာခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် လေလယ်သို့ ပျံတက်ပြီး စတုတ္ထတောင်ထိပ်ကို ပြန်ကြည့်လိုက်နိုင်လေသည်။
"တောင်ကို လေ့လာ... တောင်ရဲ့ပုံသဏ္ဌာန်ကို လေ့လာ။ သူရဲ့စိတ်ဆန္ဒကို ခံစား။ တောင်က မျက်လုံးထဲမှာ တည်ရှိပြီး နှလုံးသားထဲမှာ ပုန်းအောင်းနေတယ် ။ဒါ့ကြောင့် ခန္ဓာကိုယ်ကို တောင်တစ်လုံးအဖြစ် ဖန်ဆင်းနိုင်တယ်
"အဲဒါက ငါက တောင် ၊ တောင်က ငါ ဆိုပြီး တစ်သားတည်းဖြစ်စေမယ့် ဒုတိယအဆင့်ကို ရောက်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ"
စတုတ္ထတောင်ထိပ်သို့ လှမ်းကြည့်လိုက်စဉ် ထူးဆန်းသောအလင်းရောင်တစ်ခု မန်ဟို၏ မျက်လုံးများ၌ တောက်ပသွားတော့သည်။ တောင်ဝါးမြိုမန္တန်သည် သူ၏စိတ်မျက်လုံးထဲ၌ မျောလွင့်လျက်ရှိ၏။
"ဒုတိယအဆင့်ပြီးလို့ တတိယအဆင့်ရောက်ရင် တောင်ကို ... ဝါးမြိုနိုင်ပြီ။ တောင်ရဲ့စိတ်ဆန္ဒက ငါ့စိတ်ဝိညာဉ်ကို ပုံဖော်ပေးနိုင်ပြီး တောင်က ငါ့ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တယ်
"တောင်တန်းမြစ်ပြင်ကို ကြီးစိုးခြယ်လှယ်နိုင်တဲ့စိတ်ဝိညာဉ်။ ငါ ဖယ်ရှားလိုက်တဲ့အခါ တောင်က ငါ့မျက်လုံးထဲမှာ မရှိတော့ပေမယ့် တခြားသူတွေရဲ့မျက်လုံးထဲမှာ ရှိရှိမရှိရှိ ငါနဲ့ ဘာမှမဆိုင်တော့ဘူး
"အဲ့ဒီလောက်နဲ့တင် အောင်မြင်နေပြီ" မန်ဟိုသည် စတုတ္ထတောင်ထိပ်ကို ကြည့်ရင်း လေလယ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ နာရီပေါင်းများစွာ ကုန်ဆုံးသွားသည်။ သူသည် တောင်ကို ကြည့်နေပြီး ထိုနေရာရှိ ဂိုဏ်းသားများက သူ့ကို ပြန်ကြည့်နေကြလေသည်။
စတုတ္ထတောင်ထိပ်၏ဂိုဏ်းသား အတော်များများမှာ သူတို့တောင်ထိပ်၏ ခေါင်းဆောင်လေးကို သတိထားမိသွားကြ၏။
ရံဖန်ရံခါ အမျိုးသမီးကျင့်ကြံသူတချို့က သူ့အား ကလူမြူဆွယ်နေသော အပြုံးများဖြင့် လှမ်းကြည့်တတ်လေသည်။
"ခေါင်းဆောင်လေးတော့ တကယ်ကြီး ကျင့်ကြံနေတာပါလား"
"နှစ်နဲ့ချီကြာမှ တစ်ကြိမ်လောက်ကျင့်တတ်တာလေ...."
"နေပါဦး ခေါင်းဆောင်လေး တကယ်ပဲ စိတ်ထားပြောင်းသွားတာလား"
ဂိုဏ်းသားအားလုံးအတွက် ဤမြင်ကွင်းမှာ အတော်လေး ထူးဆန်းနေသယောင်ပင်။ အမှန်ပင် ကျင့်ကြံနေသည်ကိုရပ်ပြီး လေလယ်၌ ပျံဝဲနေသော သူ့အား လှမ်းကြည့်လိုက်ကြသူများပင် ရှိ၏။
လက်ရှိအချိန်မှာ ညနေခင်းဖြစ်ပြီး စတုတ္ထတောင်ထိပ် အပြင်စည်းဂိုဏ်းသားတစ်ဒါဇင်ကျော်မှာ စတုတ္ထတောင်ထိပ်ကို ရစ်ပတ်ထားသော ကျောက်လှေကားများမှတစ်ဆင့် အပေါ်တက်နေကြသည်။ ၎င်းသည် သူတို့အတွက် ခက်ခဲကြမ်းတမ်းသော တာဝန်တစ်ခုဖြစ်ပြီး အတွင်းစည်းထဲ ဝင်ရောက်ဖို့ စာမေးပွဲဖြေဆိုခြင်းဖြစ်ကြောင်း သိသာလေသည်။
စာမေးပွဲသည် အဆင့်ကိုးဆင့်ရှိပြီး ဤ ကောင်းကင်ဘုံဆီ ငါတက်မယ်ဆိုသော အဆင့်မှာ နောက်ဆုံးအဆင့် ဖြစ်၏။ သူတို့ စတုတ္ထတောင်ထိပ် အတွင်းစည်းဂိုဏ်းသားတစ်ယောက်အဖြစ်သို့ တိုးမြှင့် ခံရခြင်း မခံရခြင်းဆိုသည်မှာ တောင်ထိပ်သို့ တက်ရန် အချိန်မည်မျှကြာသည့်အချက်နှင့် အရှေ့အဆင့်များတွင် လုပ်ဆောင်ခဲ့သည်များအပေါ် မူတည်လေသည်။
ဖြေဆိုသူတစ်ယောက်သည် အပြင်စည်းဂိုဏ်းသားဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ဖြစ်၏။ သူမမျက်နှာလေးမှာ ဖြူဆုပ်နေသော်လည်း သူမသည် ပင်ပန်းနွမ်းနယ်နေသည့်တိုင် အံတင်းတင်းကြိတ်လျက် မဆုတ်နစ်သောဇွဲလုံ့လဖြင့် ရှေ့ဆက်သွားနေလေသည်။ အမြင်များ ဝေဝါး၍ တစ်ကိုယ်လုံး တုန်ရီနေသော်လည်း ခြေတစ်လှမ်းလျှင် ကျောက်လှေကားထစ် တစ်ထစ်နင်းရင်း ဆက်သွားနေဆဲပင်။
စာမေးပွဲသည် လွယ်သယောင်ထင်ရသော်လည်း ဖြေဆိုသူခဲ့ဖူးသူတိုင်း မယုံကြည်နိုင်ဖွယ် ဖိအားနှင့် ခက်ခဲမှုကို နားလည်ပေလိမ့်မည်။
ဘေးကင်းလုံခြုံစေဖို့ အခြေအနေကို စောင့်ကြည့်နေသော အတွင်းစည်းဂိုဏ်းသားများ ရှိ၏။ တစ်ယောက်ယောက် လက်လျှော့လိုက်လျှင် သူတို့က အလျင်အမြန် ပြန်ပို့ပေးမည်ဖြစ်သည်။
မျက်နှာဖြူဖပ်ဖြူလျော်နှင့် မိန်းကလေးသည် နောက်လှေကားတစ်ထစ်ကို နင်းရင်း မထင်မှတ်ဘဲ အပေါ်မော့ကြည့်လိုက်ရာ တင်ပျဉ်ခွေလျက် တရားထိုင်နေသော မတ်ဟို့ကို မြင်လိုက်လေသည်။
သူမထံမှ မလှမ်းမကမ်းတွင် အပြင်စည်းဂိုဏ်းသားများ၏ ဘေးကင်းလုံခြုမှုအတွက် တာဝန်ကျအတွင်းစည်းဂိုဏ်းသားတစ်ဦး ရှိ၏။ သူမ မည်သူ့ကို ကြည့်နေသည်လဲ သတိထားမိသောအခါ သူက အေးတိအေးစက် ပြောသည်။ "အဲ့ဒါ ငါတို့ စတုတ္ထတောင်ထိပ်ရဲ့ ခေါင်းဆောင်လေးလေ"
"ခေါင်းဆောင်လေး ...." မိန်းကလေးက မမှိတ်မသုန်ကြည့်ရင်း ပြန်ဖြေသည်။ သူမသည် သိပ်မကြာသေးခင်ကမှ ဂိုဏ်းထဲဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း ခေါင်းဆောင်လေးအကြောင်း မကြားဖူးဘဲ နေမည်လော။ သူမနှင့် သူ၏ အဆင့်အတန်းကွာခြားမှုမှာ မိုးနှင့်မြေပမာပင်။ သူမသည် သူ့ကို တခဏသာ ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့ကာ ပင်ပန်းနွမ်းနယ်စွာဖြင့် ဆက်လျှောက်သွားသည်။
ဤသည်မှာ သူမလျှောက်နိုင်သည့် တစ်ခုတည်းသော လမ်းဖြစ်၏။ အဆင့်တက်နိုင်မည့် ဤအခွင့်အရေးရဖို့အတွက် သူမမှာ တန်ဖိုးထားသော မိဘအမွေ မှော်ပစ္စည်းကို ပေါင်နှံခဲ့ရလေသည်။ ကျင့်ကြံအားထုတ်ဖို့ မိစ္ဆာကျောက်တုံးတွေလည်း ချေးခဲ့ရသည်။ ယခုသာ စာမေးပွဲကျလျှင် ပစ္စည်းပြန်ရွေးရန် နှစ်ပေါင်းများစွာ ကြာသွားလိမ့်မည်။
အမှန်တွင် သူမ စာမေးပွဲကျလျှင် သူမကို အမြဲတစေ အနှောင့်အယှက်ပေးနေခဲ့သော တဏှာရူးအပြင်စည်းဂိုဏ်းသားများက သူမဘဝကို အရှင်လတ်လတ်ငရဲကျအောင် ဖျက်စီးလိမ့်မည်။ သူမတွင် ရွေးချယ်စရာဟူ၍ စာမေးပွဲအောင်ပြီး အတွင်းစည်းဂိုဏ်းသားတစ်ဦးဖြစ်လာရန်သာ ရှိ၏။
သူမ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ရှေ့ဆက်တက်တော့မည့်အချိန် ရုတ်တရက် မန်ဟို့အကြည့်က သူမအပေါ် ကျရောက်လာလေသည်။
မိန်းကလေးများမှာ သတိမထားမိသလို ကောင်းကင်ကို မော့ပင် ကြည့်မနေတော့ပေ။
သို့သော် မန်ဟို၏မျက်လုံးများက သူမကို မမှိတ်မသုန် ကြည့်နေသည်။ သူမကို သတိပြုခဲ့သော အခိုက်အတန့်တုန်းက သူ့နှလုံးသားမှာ တုန်ရီလှုပ်ရှားသွားခဲ့လေသည်။
သူကား တောင်ကို မလေ့လာတော့။ သူ၏အာရုံအလုံးစုံမှာ သူမအပေါ်တွင်သာ။
သူမသည် အပြင်စည်းဂိုဏ်းသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ ပြည့်နှက်နေသည့် မျက်ဝန်းများရှိသည်။ သူမက လှပါသော်လည်း ပြိုင်ဘက်ကင်းလောက်အောင်တော့ မဟုတ်ပေ။ သို့ရာတွင် သူမနှင့်ပတ်သက်ပြီး တစ်ခုခုက မန်ဟို့ကို ဆွဲဆောင်ညှို့ယူထား၏။
ဤမိန်းကလေးတွင် ယခုထက်ထိ မနိုးထလာသေးသော အတိတ်ဘဝမှ ဝိညာဉ်ရှိနေသယောင်ပင်။
ထိုအတိတ်ဘဝတုန်းက တစ်ကမ္ဘာလုံးကို သက်ရောက်စေခဲ့သော ကံကြွေးနှောင်ကြိုးများ ရှိခဲ့သည်။
မန်ဟို့အတွက် သူကြည့်နေသောသူမှာ... ရှုချင်ဖြစ်သည်လား မေးခွန်းထုတ်ရန် မလိုအပ်ပေ။
မန်ဟို့နှလုံးသားထဲ၌ မျက်ရည်စက်တစ်စက် ရှိသည်။ သူ ခရမ်းပင်လယ်ဘဝသို့ ကူးပြောင်းနေသောအခါက ထိုမျက်ရည်စက်သည် ပင်လယ်ကြမ်းပြင်သို့ ကျဆင်းလာပြီး သူ၏နှုတ်ခမ်းထဲသို့ ဝင်ရောက်လာခဲ့၏။ ထို့နောက် ရှုချင်၏ မျက်ရည်စက်သည် သူ့နှလုံးသားနှင့် တစ်သားတည်း ဖြစ်သွားခဲ့လေသည်။
သူမသည် ရိုးရှင်းသော ချစ်ခြင်းမေတ္တာနှင့် ရိုးရှင်းသော မိန်းကလေးတစ်ယောက်ဖြစ်၏။ ထိုအချစ်မျိုးနှင့်ပတ်သက်ပြီး ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သည့်အရာ မရှိပေ။ ပူလောင်သောမီးဟူ၍လည်း မရှိ။ ထိုအစား ၎င်းမှာ နှစ်ပေါင်းများစွာ တသွင်သွင် စီးဆင်းနေသော ရေအလျဉ်ပမာ တည်ငြိမ်ပြီး အေးချမ်းလေသည်။
မန်ဟိုသည် တောင်ပေါ်ရှိ မိန်းကလေးကို ကြည့်ပြီး သူ့နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ တဝုန်းဝုန်းအုံကြွနေသည့်အလား ခံစားနေရ၏။ ဤမိန်းကလေးပေါ်လာခြင်းက ငြိမ်သက်နေသော ကန်ရေပြင်အပေါ် ဧရာမကျောက်တုံးကြီးတစ်တုံး ကျသွားသကဲ့ပင်။ လှိုင်းဂယက်များထပြီး ငြိမ်သက်မှုတို့ ပျက်စီးကုန်သည်။ လောလောဆယ်တွင် သူ့မှာ အလွန်အမင်း အံ့ဩနေရုံမှတစ်ပါး ဘာမှမလုပ်နိုင်ပေ။
ထိုဧရာမကျောက်တုံးကြီးက မန်ဟို၏ စိတ်အစဉ်နှင့် အတွေးများကို ယောက်ယက်ခတ်သွားစေ၏။ သူ့မှတ်ဉာဏ်ထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။ ခရမ်းပင်လယ်၏အထက် ကျွန်းတစ်ကျွန်းအပေါ်၌ ရပ်နေသော အမျိုးသမီးတစ်ဦးကို သူမြင်လိုက်ရ၏။ သူမသည် အဝေးကို ငေးကြည့်နေပြီး မျက်ဝန်းထောင့်စွန်းလေးတွင် မျက်ရည်များ ဝဲတက်လာကာ တလိမ့်ချင်း စီးကျလာ၏။
ထိုမျက်ရည်တစ်ပေါက်က ခရမ်းပင်လယ်ကြီးတစ်စင်းလုံးကို ဆူပွက်သွားစေသည်။
မျက်ရည်တွင် နာကျင်မှု၊ တွေဝေမှု၊ တမ်းတမှု ၊ လွမ်းဆွတ်မှုတို့အပြင် စကားလုံးများဖြင့် ဖော်ပြ၍မတတ်နိုင်လောက်အောင် နက်ရှိုင်းတွယ်တာမြတ်နိုးသည့်ခံစားချက်တစ်ခု ပါရှိ၏။
တာ့ချင်းတောင်ပေါ်မှာတုန်းက သူမ သူ့ကို ကြည့်ခဲ့သော အကြည့်လေး။ ချင်းလော်ဂိုဏ်းသားများအကြား သူမ သူ့ကို ရုတ်တရက် မြင်လိုက်သောအချိန် ။ ပြန်လည်မွေးဖွားခြင်းဂူအပြင်ဘက်တွင် သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဘယ်အချိန်ပြန်ဆုံရမည်လဲ မသိရတုန်းက ခံစားခဲ့ရသော နာကျင်မှု ။
အဆုံးသတ်တွင် ထိုခံစားချက်အကုန်လုံးက မျက်ရည်စက်တစ်စက်ဖြစ်လာကာ ဧရာမလှိုင်းလုံးကြီးများ ထန်သွားစေသည်။
သူတို့နှစ်ယောက်အကြား အရာအားလုံးမှာ ရိုးရိုးသာမန်သာ ဖြစ်ခဲ့သည့်တိုင် တစ်နေရာတွင်တော့ ၎င်းမှာ သူတို့နှစ်ယောက်ဘဝ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ သတိပင် မထားမိလိုက်သည့်အချိန်မှာပင် နှစ်ယောက်လုံးမှာ တစ်ယောက်၏နှလုံးသားထဲတွင် တစ်ယောက် ထာဝရနေရာယူထားပြီးဖြစ်နေလေပြီ။
"ရှုချင်ပဲ" မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းသွား၏။ ၎င်းသည် နှစ်ပေါင်းတစ်ရာကျော် ကွဲကွာနေပြီးနောက် ပြန်လည်ဆုံတွေ့ရသဖြင့် ဖြစ်ပေါ်လာသော အပြုံးတစ်ခုဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ ရှိသမျှဂိုဏ်းသားအားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ သူ ပြန်ပေါ်လာသောအခါ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုအမျိုးသမီးအပြင်စည်းဂိုဏ်းသား၏ အရှေ့တည့်တည့်ရှိ ကျောက်လှေကားထစ်အပေါ်တွင် ရပ်နေလေပြီ။
သူမမှာ သူ့ကို ဝင်တိုက်လုနီးပါး ဖြစ်သွား၏။ သူ ကောက်ကာငင်ကာ ပေါ်လာခြင်းက သူမကို နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်လိုက်မိစေလေသည်။
အနီးရှိ အတွင်းစည်းဂိုဏ်းသား၏မျက်လုံးများ ဝိုင်းစက်ပြုးကျယ်သွား၏။ သူက အက်ကွဲကွဲအသံဖြင့် ပြောလေသည်။ "ခေါင်းဆောင်လေး..."
သူ့မှာ သူမနှင့် အလွန်နီးကပ်သွားသဖြင့် သူ၏ရင်ခုန်သံများကို မန်ဟို ပြန်ကြားလိုက်ရ၏။ သူသည် ယခုထိ အိပ်ပျော်နေဆဲဖြစ်သော ရှုချင်ကို ကြည့်ပြီး နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။ "အခုကစပြီး မင်းက စတုတ္ထတောင်ထိပ်ရဲ့ သီးသန့်ဂိုဏ်းသားတစ်ယောက် ဖြစ်သွားပြီ"
မိန်းကလေးမှာ ကြောင်တောင်တောင်လေး စိုက်ကြည့်ပြီး ကြောက်လန့်တကြားနှင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။ သူမသည် ယုံလည်း မယုံနိုင်သလို၊ ကြောက်ရွံထိတ်လန့်နေ၏။ သူမက အတွင်းစည်းဂိုဏ်းသားကို အကူအညီတောင်းသလို လှမ်းကြည့်လိုက်သည်။
အတွင်းစည်းဂိုဏ်းသားမှာ အသက်ပြင်းပြင်းရှူသွင်းပြီး ဦးညွှတ်အရိုအသေပေးလိုက်၏။ သူက ကျောက်စိမ်းပြားတစ်ပြားကို ချက်ချင်း ထုတ်ကာ မေးသည်။
"နာမည်က ...."
မိန်းကလေး မတုံ့ပြန်နိုင်ခင် မန်ဟို့အသံအား ကြားလိုက်ရ၏။
"သူ့နာမည်က ရှုချင်။ အခုစကပြီး ငါကျင့်ကြံခြင်းဂူမှာ ကျင့်ကြံလိမ့်မယ်"
"ရှင်" မိန်းကလေးက မျက်လုံးလေးပြူးလျက် ပြောသည်။ "ကျွန် ... ကျွန်မ ... နာမည်က...."
***