ကိုယ်တို့ရဲ့ ကတိ
Vol. 41 Ch. 574
စတုတ္ထတောင်ထိပ်တွင် မန်ဟို၏အဆင့်အတန်းမှာ သူ့စကားတစ်ခွန်းက မိုးကောင်းကင်အလိုတိုင်း ဖြစ်သည့်တိုင်အောင် အရေးပါအရာရောက်လေသည်။ အတွင်းစည်းဂိုဏ်းသားက ခေါင်းညိတ်၍ ကျောက်စိမ်းပြားအပေါ်တွင် နာမည်ရေးထိုးကာ လက်ယှက်နှုတ်ဆက်ပြီးနောက် ထွက်သွားတော့သည်
အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် မိန်းကလေးခမျာ ကြောင်တောင်တောင်လေး ရပ်ကျန်ခဲ့လေသည်။ မန်ဟို သူမလက်အား ဆွဲလိုက်သည်ကိုပင် ဂရုမပြုမိသယောင်ပင်။
ရုတ်တရက် သူမစိတ်နှင့်ကိုယ် ပြန်ကပ်သွား၏။
"ရှင် .... ရှင် ဘာလုပ်တာလဲ" သူမက မျက်ဝန်းလေးများ ဝိုင်းစက်နေလျက် မေးသည်။ ဤလူ မည်သူဖြစ်သည်လဲ ဆိုသည်နှင့် ဂိုဏ်းအတွင်းကြားထားရသော သတင်းများကို ပြန်တွေးမိလိုက်သဖြင့် သူမမျက်ဝန်းကလေးများထဲတွင် ကြောက်စိတ်များ ပေါ်ပေါက်လာတော့သည်။ သူမ လက်ကို ရုန်းလိုက်တော့မည့်အချိန် မန်ဟိုက သူမကို ဖက်ပြီး လေပေါ်ပျံတက်လိုက်လေသည်။
မန်ဟို စတုတ္ထတောင်ထိပ်သို့ ပျံသန်းသွားစဉ် ဂိုဏ်းသားများမှာ မော့ကြည့်ရင်း သူ မိန်းကလေးတစ်ယောက်အား ပွေ့ဖက်ထားသည်ကို မြင်သောအခါ မျက်နှာအမူအရာများ ထူးဆန်းကုန်ကြလေသည်။ တော်တော်များများမှာ တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ခေါင်းဆောင်လေး ပွေ့ထားတာ ဘယ်သူတုန်း...."
"သူ့ တစ်ခါမှလည်း မမြင်ဖူးပါဘူး။ အဝတ်အစားကြည့်ရပုံထောက်ရင် အပြင်စည်းဂိုဏ်းက ဖြစ်မယ်ထင်တယ်"
"ဟင် စောနကပဲ တည်ငြိမ်နေပြီးတော့။ မှောင်တောင်မမှောင်သေးဘူး အရင်အတိုင်း ပြန်ဖြစ်သွားပြီလားဟ"
ထိုစဉ် စတုတ္ထတောင်ထိပ်အပေါ်ရှိ လေအလယ်တွင်
"ချပေးလို့" မိန်းကလေးက မျက်နှာလေးနီရဲနေလျက် ပြောသည်။ သူမ၏ဖီးနစ်မျက်ဝန်းလေးများထဲတွင် ဒေါသအရိပ်အယောင်တို့ ယှက်သန်းလာ၏။ သူမသည် မန်ဟို့ကို ကန်ကျောက်ရုန်းကန်နေသော်လည်း သူကား သူမကို လွှတ်ပေးဖို့ စိတ်ကူးမရှိသယောင်ပင်။ သူမမှာ သူမမျက်နှာနှင့် လက်မအနည်းငယ်မျှသာ ကွာသော သူ့မျက်နှာကို ကြည့်ရင်း ဒေါသပိုပိုထွက်လာတော့သည်။
သူတို့နှစ်ယောက် သူ၏ကျင့်ကြံခြင်းဂူအပြင်သို့ ဆင်းသက်လိုက်သောအခါ မိန်းကလေးက ပါးစပ်ကလေးဟပြီး သူ့လက်မောင်းကို ရက်ရက်စက်စက် ကိုက်ချလိုက်လေသည်။ သူက သူမကို တခဏ ကြည့်ပြီးနောက် ပြုံးကာ လွှတ်ပေးလိုက်၏။
"မင်း ဒီမှာ ခဏတဖြုတ် ကျင့်ကြံအားထုတ်ရမယ်" သူက သူမကို လေးလေးနက်နက်ကြည့်ရင်း ခပ်ပြုံးပြုံးဖြင့် ပြောသည်။ "ကိုယ်ဘယ်သူလဲ မင်းမှတ်မိဖို့ ရက်ပိုင်းလောက်ပဲ ကြာမှာပါ"
"ရှင်က စတုတ္ထတောင်ထိပ်ရဲ့ အစ်ကိုအကြီးဆုံး။ ဂိုဏ်းရဲ့ လက်ရွေးစင်ပညာသင်လေ။ အဲ့ဒါကြောင့်နဲ့ပဲ တခြားဂိုဏ်းသားတွေကို စိတ်တိုင်းကျအရှက်ခွဲပိုင်ခွင့် ရှိသွားရောလား" မိန်းကလေးက မန်ဟို့ကို ဒေါသတကြီး စိုက်ကြည့်ရင်း နောက်ဆုတ်သွားသည်။
"မနေ့ကတော့ လက်ရွေးစင်ပညာသင်ဟုတ်တယ်။ ဒီနေ့တော့ မဟုတ်ဘူး" သူက ခပ်ဟဟ ရယ်ကာ ပြောလိုက်၏။ ထို့နောက် တင်ပျဉ်ခွေထိုင်ပြီး မိန်းကလေးကို ကြည့်လေသည်။
ထိုအခြင်းအရာက သူမကို ပို၍ပင် စိတ်တိုလာစေတော့သည်။ သို့သော် သူ၏အဆင့်အတန်း၊ သူမ ကြားထားသော သတင်းများကို ပြန်တွေးရင်း တုန်ရီလာလေသည်။ သူမမှာ သတိရှိရှိဖြင့် ပို၍ပင် နောက်ဆုတ်သွားတော့သည်။
ဤလူနှင့်ပတ်သက်ပြီး သူမ သတင်းများစွာ ကြားဖူးသည်။ သတင်းလေးတစ်ခုကပင် သူမကဲ့သို့ အပြင်စည်းဂိုဏ်းသားတစ်ယောက်ကို ထိတ်လန့်တုန်ရီသွားစေရန် လုံလောက်၏။
အချိန်များ ကုန်လွန်သွားသည်။ မကြာမီ ညနေစောင်းလာပြီး ညရောက်လာတော့သည်။ ကြယ်စင်များက ခေါင်းအထက်တွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်လျက်ရှိ၏။ စစချင်း ၎င်းတို့မှာ မှေးမှိန်နေသော်လည်း လျင်မြန်စွာပင် ရှင်းလင်းပြတ်သား ၊ လင်းလက်တောက်ပလာတော့သည်။
အေးစိမ့်သော ညလေကြောင့် သို့မဟုတ် မိန်းကလေး၏ ကြောက်စိတ်မွှန်နေသော အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ သူမမှာ ကူရာမဲ့စွာဖြင့် ကျောက်နံရံထောင့်တွင် ကျုံကျုံကလေး ထိုင်နေလေသည်။
မန်ဟိုက သူမကို ကြည့်ပြီး ထရပ်လိုက်သည်။
"ရှင် မလှုပ်နဲ့နော်" သူမမှာ ရုတ်တရက် ပို၍ပင် ထိတ်လန့်လာပြီး အော်တော့သည်။ သူမအမိန့်ကို လျစ်လျူရှုရင်း မန်ဟိုက သူမအနား လျှောက်လာကာ သိုလှောင်အိတ်ထဲမှ အဝတ်တစ်စုံထုတ်၍ သူမကိုယ်လုံးလေးအပေါ် နူးညံ့ညင်သာစွာ လွှားပေးလိုက်သည်။
သူ၏ညင်သာသော လှုပ်ရှုးမှုက သူမကို အံ့ဩမှင်သက်သွားစေလေသည်။
သူက ပြုံးပြပြီးနောက် ထိုင်နေခဲ့သောနေရာသို့ ပြန်ကာ တရားဆက်ထိုင်တော့သည်။
မိန်းကလေးက ဇဝေဇဝါဖြစ်နေသော ပုံစံလေးဖြင့် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေ၏။ ပို၍ပင် ဇဝေဇဝါဖြစ်နေကြသူများမှာတော့ အခြေအနေကို စောင့်ကြည့်ရန် ပတ်ဝန်းကျင်တွင် ပုန်းနေကြသော စတုတ္ထတောင်ထိပ် ဂိုဏ်းသားများပင်။
သူတို့အားလုံးမှာ စောစောက သူ၏အကြင်နာပိုနေသော အပြူအမူနှင့်ပတ်သက်ပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုး ပြောနေကြလေသည်။
လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေသည့် နောက်တစ်ယောက်မှာတော့ ခဲယွင်ဟိုင်ပင်။
"ဒီကောင်လေး တကယ်ပဲ အချိုးပြောင်းသွားတာလား" သူက တအံ့တဩ ရေရွတ်လိုက်သည်။
နှစ်ယောက်သား တစ်ညလုံး မည်သည့်စကားမှ မပြောကြပေ။
မိန်းကလေးမှာ တစ်ချိန်လုံး ရင်တုန်နေ၏။ သူမမှာ တရားလည်း မထိုင်ရဲသလို၊ မျက်လုံးလည်း မပိတ်ရဲပေ။ အကယ်၍ မျက်လုံးသာ ပိတ်လိုက်မိလျှင် သူမထင်ထားသလို ဖြစ်လာမှာ ကြောက်လွန်းနေလေသည်။
သို့သော် စိတ်လှုပ်ရှားမှုနှင့် စာမေးပွဲအတွင်း တောင်တက်ခဲ့ရသော ပင်ပန်းမှုတို့ ပေါင်းစည်းသွားခြင်းက သူမကို မသိလိုက်ဘဲ အိပ်ပျော်သွားစေတော့သည်။
မိုးသောက်နေ၏ ပထမဆုံးလင်းရောင်ခြည်တို့ သူမမျက်နှာလေးကို ထိတွေ့သောအခါ မျက်တောင်လေးများ လှုပ်လာပြီး မျက်လုံးကို တဖြေးဖြေး ပွင့်လိုက်၏။ ထို့နောက် သူမမှာ တုန်ရီလာတော့သည်။ သူမသည် ချက်ချင်း ထရပ်လိုက်သဖြင့် သူမအပေါ် လွှားထားသောဝတ်ရုံနှစ်ခုမှာ မြေကြီးအပေါ်သို့ ဘုတ်ခနဲ ကျသွားတော့သည်။
ဝတ်ရုံနှစ်ခုမှာ ထူပြီး နွေး၏။
တစ်ခုက သူမနိုးနေစဉ်တုန်းက မန်ဟို သူမအပေါ် လွှားပေးခဲ့သောအရာဖြစ်ပြီး၊ နောက်တစ်ခုကတော့ သူမအိပ်ပျော်သွားပြီးနောက် ခြုံပေးသောအရာ ဖြစ်လေသည်။
သူမအရှေ့နားလေးတွင် အပူလှိုင်းများထုတ်လွှတ်ပေးနေသော မီးစက်လုံးအသေးလေးတစ်လုံး ရှိ၏။ အပူလှိုင်းမှာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဖြင့် ပြည့်နေပြီး သူမခန္ဓာကိုယ်ကို နှိပ်စက်နေသော ပင်ပန်းနွမ်းနယ်မှုဒဏ်အနည်းငယ် သက်သာသွားစေသည်။
ဤအရာကို မြင်သော် မိန်းကလေးမှာ တအံ့တဩ စိုက်ကြည့်နေမိတော့သည်။ သူမက မန်ဟို့ကို မော့ကြည့်လိုက်၏။
သူက လက်ထဲတွင် သစ်သီးတချို့ဖြင့် တောင်ပေါ်ရှိ ကျောက်လှေကားများအတိုင်း ဆင်းလာနေလေသည်။ သစ်သီးများမှာ အပြင်စည်းဂိုဏ်းသားများ ဘယ်နည်းနှင့်မှ စားသုံးနိုင်မည်မဟုတ်သော ဝိညာဉ်သစ်သီးများဖြစ်၏။ လက်ရွေးစင်ပညာသင်များသာလျှင် ၎င်းတို့အား ရရှိနိုင်လေသည်။
မန်ဟိုက မိန်းကလေး၏အရှေ့တွင် တစ်လုံးချပေးလိုက်သည်။
သူမမျက်နှာအမူအရာမှာ နားဝေတိမ်တောင်ဖြစ်နေ၏။ တစ်ညအနားယူပြီးနောက်တွင် လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး သူမနားလည်လာပုံရလေသည်။ စိုးတော့ စိုးရိမ်နေသေးသော်လည်း ဤ ကောင်းကင်ဘုံ၏ရွေးချယ်ခံကို မည်သို့မည်ဖုံ ဆွဲဆောင်ခဲ့မိသည်လဲ သူမ မသိပေ။ သူမမှာ သူ၏ ထိုစကားလေးတစ်ခွန်းတည်းနှင့် သူမကံကြမ္မာတစ်ခုလုံးကို မည်သည့်အတွက်ကြောင့် ပြောင်းလဲပေးခဲ့သည်လဲလည်း မသေချာ။
"ဝိညာဉ်သစ်သီး စားပါဦး" သူက ပါးစပ်ထဲ တစ်လုံးထည့်ရင်း ပြောသည်။ "အရသာက လျှာကျွမ်းပြန်သွားမယ်" သူက တစ်လုံးကို သူမကို လှမ်းပေး၏။
သူမမှာ တခဏ ချီတုံချတုံဖြစ်နေပြီးနောက် လက်ခံကာ သစ်သီးတစ်လုံးအား ကိုင်ချလိုက်သည်။ ရုတ်တရက် သူမမျက်ဝန်းလေးများ တောက်ပလာပြီး ဆန်းသစ်စလခြမ်းလေးနှစ်ခုသဖွယ် မှေးတက်သွားလေသည်။
"ကောင်းလား" မန်ဟိုက ပြုံးလျက် မေးလိုက်သည်။
မိန်းကလေး၏မျက်နှာလေး နီရဲသွားပြီး သူမက ခေါင်းညိတ်လိုက်၏။
"အပြင်စည်းက တော်တော်လေး ပရမ်းပတာ ဖြစ်နေတာပဲ" သူက ကောင်းကင်ကို မော့ကြည့်ရင်း ဆက်ပြောသည်။ "ကိုယ် မင်းတင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်ပေးမယ်"
မိန်းကလေး၏လက်မှာ ဝိညာဉ်သစ်သီးတစ်လုံးကို ကိုင်လျက် လေလယ်တွင် တုံ့ခနဲ ရပ်သွားသည်။ သူမက ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ထားလေသည်။
"မင်းကို နှိပ်စက်နေတဲ့ အပြင်စည်းဂိုဏ်းသားတွေကိုလည်း ရှင်းပြီးသွားပြီ" သူက နူးညံ့သောလေသံဖြင့် ဆက်ပြောသည်။
မိန်းကလေး၏ကိုယ်လုံးလေး အတန်ငယ် တုန်ရီသွား၏။ အတန်ကြာသော် သူမက ဝေခွဲမရဖြစ်နေသည့်အလား မန်ဟို့ကို မော့ကြည့်လာသည်။
"ဘာကြောင့်လဲ" သူမက မေးသည်။ "ကျွန်မကို ဘာကြောင့် ဒီလိုဆက်ဆံပေးတာလဲ။ ကျွန်မက သာမန်အပြင်စည်းဂိုဏ်းသားလေးတစ်ယောက်ပဲလေ ၊ ရှင်ကတော့ .... ဘာကြောင့်လဲ"
မန်ဟိုက ခေါင်းခါလိုက်သော်လည်း ဘာမှမပြောပေ။
"ရှုချင်ကြောင့်လား သူက ဘယ်သူလဲ" သူမက ထရပ်ပြီး အလျှော့မပေးသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။ သူမ အဖြေကို သိချင်သည်။
မန်ဟိုက အတန်ကြာ တိတ်ဆိတ်သွား၏။ ယနေ့သည် သုံးရက်မြောက်နေ့ဖြစ်၍ မထင်မှတ်ထားသည့်အရာ တစ်ခုခု မဖြစ်ပွားသရွေ့ ရှချင် မကြာမီ နိုးလာတော့ပေမည်။ ထို့နောက် သည်မိန်းကလေး ပျောက်ကွယ်သွားလိမ့်မည်။ သူမမှာ... ဟိုးယခင်ကတည်းက သေဆုံးသွားခဲ့ပြီမဟုတ်ပါလော။
မန်ဟို၏မျက်လုံးများသည် သူမမျက်ဝန်းများကို ကြည့်ရင်း အတိတ်ကို ပြန်ပြောင်းတွေးတောနေသည့်အလား ငေးငေးကြောင်ကြောင်ဖြစ်လာ၏။ သူ့စိတ်မျက်လုံးထဲတွင် ပြန်လည်မွေးဖွားခြင်းဂူ၏အပြင်မှ အဖြစ်အပျက်များ ၊ ကျီဟုန်တုန်ကို သတ်ဖြတ်ခြင်း၊ ရှုချင်၏မျက်ရည်များကို မြင်လိုက်ရသည်။ မျက်ရည်သုတ်ပေးနေသော သူ့ကိုယ်သူ မြင်လိုက်သည်။ ထိုနှစ်တုန်းက အသံများကို သူပြန်ကြားယောင်လာ၏။
"ကျွန်တော်တို့ အခု အန္တရာယ်ကင်းပြီ။ ဘယ်သူမှ အစ်မလျှို့ဝှက်ချက်ကို မသိနိုင်တော့ဘူး"
"မန်ဟို ၊ အစ်မတို့..... ပြန်တွေ့ရဦးမှာလားဟင်"
"မငိုပါနဲ့ ... ရှေ့လျှောက်ရမယ့် လမ်းက အရှည်ကြီးရှိသေးတယ် ။ ကျွန်တော်တို့ ထပ်မတွေ့ဘူးလို့ ဘယ်သူပြောနိုင်မလဲ"
ထိုနေ့က သူလှည့်ထွက်တော့မည့်အချိန် နူးညံ့နွေးထွေးသော ကိုယ်လုံးလေး သူ့ကို အနောက်မှ ဖက်လိုက်သည်ကို မန်ဟို မှတ်မိနေဆဲဖြစ်သည်။
"အစ်မ မင်းကို စောင့်နေမယ်"
ရှုချင်၏အသံသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် ပြည့်နှက်နေပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် နောင်ဘဝများထိတိုင် တည်မြဲနေမည့်ပုံပင်။
"မင်းရဲ့ နောင်ဘဝကို ရှုချင် အဖြစ် တွေးလို့ရမယ်" မန်ဟိုက အသံပြေပြေလေးနှင့် ပြောသည်။ "ကိုယ်တို့နှစ်ယောက်နဲ့ပတ်သက်ပြီးလို့ကတော့.... နောင်ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ကြမယ်ဆိုတဲ့ ကတိထားခဲ့ကြတယ်"
***