← Chapters

မတွေ့ရတာ ကြာပြီ

Vol. 41 Ch. 575

မတွေ့ရတာ ကြာပြီ

Vol. 41 Ch. 575

မိန်းကလေးမှာ စကားလုံးများကို နားလည်ပုံရသော်လည်း ဆိုလိုရင်းအမှန်ကိုတော့ သဘောပေါက်ဟန်မတူပေ။ သူမသည် မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် လက်ထဲရှိ ဝိညာဉ်သစ်သီးကို ပြန်ငုံ့ကြည့်လေသည်။ အချိန်အတော်လေးကြာသော် သူမသည် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်၍ ကျောက်နံရံကို ကျောမှီလိုက်၏။ ထို့နောက် ‌သစ်သီးကို ပါးစပ်နားတေ့ပြီး ကိုက်လိုက်လေသည်။ အပြုံးလေးတစ်ခု သူမမျက်နှာလေးအပေါ်တွင် ဖြစ်ထွန်းလာသည်။

" ရှင် ' နောင်ဘဝ ' လို့ပြောလိုက်တုန်းက ဘာကို ဆိုလိုချင်တာလဲ သေချာမသိပေမယ့် " သူမက ခပ်ပြုံးပြုံးလေးနှင့် ဆိုသည်။ "ကျွန်မသိတာကတော့ ရှင်ပြောတဲ့ ရှုချင်ဆိုတဲ့သူက တကယ် ကံကောင်းတာကိုပဲ" လေက ရုတ်တရက် ဆံပင်များကို တိုးဝှေ့လိုက်သဖြင့် သူမက ဆံစလေးများကို နားနောက်ညှပ်လိုက်လေသည်။

စကားပြောပြီးနောက် သူမက ‌ထိုင်ချပြီး အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ မျက်လုံးများပိတ်လိုက်သည် ။ သူမသည် စကားထပ်မပြောတော့ဘဲ တခြားသူများ မမြင်တွေ့စေရန် သူမမျက်ဝန်းထဲရှိ ဉာဏ်အလင်းကို ဖုံးကွယ်လိုက်၏။

သူမသည် သက်တူရွယ်တူ မိန်းမပျိုများထက် ဉာဏ်ကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်လေသည်။

မန်ဟိုပြောလိုက်သောပုံစံအရ သေခြင်းနှင့်ဆက်နွှယ်နေသည့် တစ်စုံတစ်ခုကို ညွှန်းဆိုနေခြင်းဖြစ်ကြောင်း သူမ ပြောနိုင်လေသည်။

"ရှင်နဲ့ ရှုချင်က ဒီမှာ တွေ့ဖို့ ကတိပေးထားတယ်ဆိုရင်" သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သူက ကျွန်မခန္ဓာကိုယ်အတွင်းကနေ နိုးထလာရမယ့် ကံပါတယ်ဆို‌ရင်တော့ ... ကျွန်မ ခွင့်ပြုပေးပါ့မယ်။ ရှင် သူနဲ့ ဒီမှာ ပြန်ဆုံစည်းရအောင် ကျွန်မ လုပ်ပေးပါ့မယ်"

ဤအခိုက်အတန့်တွင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၌ သူမ ထိုသို့သော စိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည့်စက္ကန်ပိုင်းလေးအတွင်း ဖြစ်ခဲသောအပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်သွား၏။

တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူများမှာ လက်ခံခန္ဓာများမှတစ်ဆင့် ဒုတိယပြင်ညီသို့ ဝင်ရောက်ခဲ့ရလေသည်။ ၎င်းအတွက် လက်ခံခန္ဓာများ၏ ခွင့်ပြုချက်မလိုအပ်ပေ။ သူတို့သည် ဟိုးလွန်လေပြီးသောအချိန်ကတည်းက သေဆုံးသွားခဲ့ကြပြီး အပြင်လောကတွင် အလောင်းများသာ ဖြစ်ကြသည် မဟုတ်ပါလော။

သို့ရာတွင်... နှစ်ပေါင်းများစွာ သေဆုံးနေခဲ့သည့်တိုင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကတော့ ထူးခြားလေသည်။ သူတို့၏ စိတ်ဝိညာဉ်များမှာ ပြင်ညီအတွင်း၌ တည်ရှိနေဆဲဖြစ်ပြီး ထိုစိတ်ဝိညာဉ်များက ... စိတ်ဆန္ဒရှိလျှင် အပြင်မှကျင့်ကြံသူများကို သူတို့၏ဘဝကို အပြီးတိုင်ယူခွင့်ပြုနိုင်‌လေသည်။

ပုံမှန်ဆိုလျှင် တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူများအနေဖြင့် သူတို့၏လက်ခံခန္ဓာ ဉာဏ်အလင်းရပြီး ကျင့်ကြံထားသော ကျင့်စဉ်များအား ရယူနိုင်သည်။ သူတို့သည် ၎င်းတို့ကို အသုံးပြုနိုင်သော်လည်း ယူမသွားနိုင်ပေ။

သူတို့မှာ... အပြင်လူများသဖွယ် ဖြစ်သည်။

သို့သော် ယခုတွင် ထူးခြားသည့်အရာတစ်ခု ဖြစ်ပွားနေလေပြီ... အတွင်းလူတစ်ယောက်ကဲ့သို့ ပြောင်းလဲပေးမည့်အရာတစ်ခု ဖြစ်ပျက်နေလေပြီ။

မိန်းက‌လေး၏ မျက်လုံးများမှာ စေ့နေအောင် ပိတ်ထားလျက်ရှိပြီး ပြန်ပွင့်မလာပေ။

အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေ၏။ မန်ဟိုက စကားမပြောဘဲ တင်ပျဉ်ခွေထိုင်၍ ကောင်းကင်ကြီးကို တိတ်ဆိတ်စွာ မော့ကြည့်ရင်း ... ရှုချင် နိုးလာမည်ကို စောင့်စားနေသည်။

သူ၏ကာကွယ်စောင့်ရှောက်မှုအောက်တွင် သူမ အန္တရာယ်ဖြစ်မည်မဟုတ်သလို၊ သူမကို ဘယ်သူမှ လက်ဖျားလေးနှင့်ပင် တို့နိုင်မည်မဟုတ်ပေ။ မန်ဟိုကား မည်သည့်ကျင့်စဉ်ကိုမှ အားထုတ်ခြင်းမရှိ။ ‌ကောင်းကင်တွင် နေရောင်ခြည်များ တောက်ပလာသည်ကိုသာ ကြည့်နေ၏။ သူက ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ကမ္ဘာကြီးကို ‌မျက်လုံးဝေ့ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ဤနေရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနေသော ခံစားချက်မှာ ပို၍သာ အားကောင်းလာလေသည်။

ရုတ်တရက် ခဲကျုံစစ်ကို သူ အလွန်အားကျမိသွား၏။

ဂိုဏ်းအတွင်း၌ ခဲကျုံစစ် ရရှိထားသော မိသားစုကို အားကျသည်။ သူ၏ညီအစ်ကိုမောင်နှမအားလုံးကို အားကျသည်။ ခဲကျုံစစ်တွင် အသက်ပင်ပေးရဲသောအပေါင်းအသင်းများရှိသည်ကို အားကျသည်။ သို့သော် သူအားအကျဆုံးကတော့ ...ခဲကျုံစစ်တွင် ဤမျှကောင်းသော ဖခင်တစ်ယောက် ရှိနေသည်ကိုပင်။

ခဲကျုံစစ်၏ဖခင်သည် သားဖြစ်သူ၏ရှေ့မှောက်တွင် မဟာတံတိုင်းကြီးသဖွယ် မားမားမတ်မတ် ရပ်ပေးမည့်သူမျိုးဖြစ်၏။ သူသည် သားဖြစ်သူ ကျူးလွန်ခဲ့သော အမှားများကို နောက်ကွယ်မှ လိုက်ဖြေရှင်းနေတတ်လေသည်။ သူသည် သား၏အမှားတိုင်းကို သည်းခံခွင့်လွှတ်ပေးနိုင်သော နှလုံးသားပိုင်ရှင်ဖြစ်၏။

ထို့အပြင် တစ်ခေါင်းလုံး ဆံဖြူတွေ ဖွေးနေသည့်တိုင် ၊ သေခြင်းအခိုးအငွေ့များ တထောင်းထောင်း ထနေသည့်တိုင် ကြိုးစားဖုံးကွယ်တတ်သေးသည်။ စတုတ္ထတောင်ထိပ်သခင်ပါရဂွန် ခဲကျုံစစ်၏ ဖခင်မှာ ဘဝနိဂုံးချုပ်ခါနီးနေပြီဖြစ်လေသည်။

"ဒါက ပြဇာတ်လေးတစ်ခု ... ငါက ပရိသတ်လေးတစ်ယောက်သာသာပါပဲ" သူက တွေးလိုက်သည်။ "ဒါပေမဲ့ အမှန်သာဆိုရင် ငါ ဘာကြောင့် ပြဇာတ်ထဲမှာ ပါပြီး ဒီလူတွေထဲက တစ်ယောက် ဒီလောက်ဖြစ်ချင်နေရတာလဲ"

သူသည် ခဲယွင်ဟိုင်နှင့် ထိုလူ၏ တင်းမာခက်ထန်သောအကြည့်ကို ပြန်တွေးမိလိုက်သည်။ ထိုအကြည့်၏အနက်ရှိုင်းဆုံးထဲတွင် သူ့ကို လမ်းပျောက်သွားစေသော ချစ်ခြင်းမေတ္တာအား မန်ဟို ခံစားရလေသည်။ ‌တာ့ချင်းတောင် ၊ ယွင်ကျဲစီရင်စုကို သူ ပြန်စဉ်းစားမိသည်။ သူ့ငယ်ဘဝနှင့် မိဘနှစ်ပါးကိုလည်း သတိရမိလေသည်။

ထိုစဉ်တုန်းက သူသည် ကမ္ဘာလောကကြီးထဲတွင် ပူပင်ကြောင့်ကြမှုမရှိ ပျော်ရွှင်ကြည်နူးခဲ့ရ၏။ သို့သော် ခရမ်းရောင်လေက ယွင်ကျဲစီရင်စုကို သိမ်းကျုံးတိုက်ခတ်သွားခဲ့ပြီး အကုန်လုံး ပျောက်ကွယ်သွားခဲ့လေသည်။

"ငါ့ အဖေက ဘယ်သူလဲ...." သူက စဉ်းစားလိုက်သည်။ ကောင်းကင်ကြီးကို မော့ကြည့်ရင်း သူ့ခံစားချက်များ လေးပင်လာ၏။ "သူ အသက်ရော ရှိသေးရဲ့လား။ သူ့ပုံရိပ်က ငါ့အတွေးတွေ ၊ငါ့မှတ်ဉာဏ်တွေထဲမှာ ရှိနေသေးတာကိုရော သိပါ့မလား"

မန်ဟိုသည် ခါးသီးမှုတို့ ပြည့်နှက်နေလျက် သိုလှောင်အိတ်ထဲမှ အရက်အိုးတစ်အိုး ထုတ်လိုက်၏။ ၎င်းကို နှုတ်ခမ်းနားတေ့ပြီး ခပ်ကြာကြာ တစ်ကျိုက်‌မော့လိုက်လေသည်။

"အဖေ အ‌မေ ... ကျွန်တော် အဖေနဲ့အမေတို့ ဘယ်လိုပုံစံ‌ရှိလဲ မေ့နေပြီဆိုတာ သိရဲ့လား... နှစ်‌တွေအများကြီးကြာခဲ့ပြီလေ။ အဖေတို့ရဲ့မျက်နှာတွေလည်း ဝေဝါးလာနေပြီ

"ကျွန်တော် အဲ့ဒီလို မဖြစ်စေချင်ဘူး။ ဒါပေမဲ့ အချိန်ကြာ‌လာ‌တော့ အဲဒီလိုဖြစ်လာနေပြီ ။ ပုံရိပ်တွေကို ဖက်တွယ်ထားချင်ပေမယ့် မရဘူး... ကျွန်တော် ခဲကျုံစစ်ကို အားကျတယ်ဗျာ...." မန်ဟိုက အရက်အိုးကို အကြာကြီး မော့လိုက်၏။ ၎င်းသည် သူ၏လည်ချောင်းတစ်လျှောက် ပူဆင်းသွားပြီး စိုးရိမ်သောကများအထဲ ဝင်ရောက်လာသည်။

မန်ဟိုသည် ယခုလို ခံစားရခဲ၏။ မိဘနှစ်ပါး ပျောက်သွားသည့်နှစ်ကစပြီး သူ့မှာ တစ်ယောက်တည်း ရပ်တည်ရန် လေ့လာသင်ယူရုံမှတစ်ပါး‌ ရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော် ယခုအခိုက်အတန့်တွင် ရှုချင်ကြောင့် အတိတ်ကို တွေးမိနေလေပြီ။ တာ့ချင်းတောင် နှင့် တောင်ပိုင်းဒေသ မှာတုန်းက အမှတ်တရများ၊ ခဲကျုံစစ်နှင့် ခဲယွင်ဟိုင်အကြားက ဆက်ဆံရေး ၊ ထိုအရာအားလုံးက သူနှင့်တစ်သားတည်းဖြစ်လာသည်။ သူ့မှာ ယွင်ကျဲစီရင်စု၊ သူ၏ပျော်ရွှင်ရသော ကလေးဘဝနှင့် မိဘနှစ်ပါးအား မတွေးမိဘဲ နေတော့ပေ။

ရုတ်တရက် ဤနိုင်လိုမင်းထက်ပြုမူတတ်သော လူပေါ်ကြော့ ခဲကျုံစစ်ကို နားလည်လိုက်သလို သူခံစားလိုက်ရ၏။ ခဲကျုံစစ်သာ အမှန်တကယ် အသက်ရှိနေသေးလျှင် ဤအသက်မဲ့နေပြီဖြစ်သော ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ သူ ရှိနေမည့် တစ်ခုတည်းသော နေရာ ဖြစ်လောက်သည်။

သူ ဘယ်တော့မှ ထွက်မသွားခဲ့ပေ။ သူသည် ဤနေရာတွင် ဂိုဏ်းကို စောင့်ရှောက်ရန် ၊ စတုတ္ထတောင်ထိပ်ကို ကာကွယ်ရန် ရှိနေပေလိမ့်မည်။ တစ်နှစ်ပြီးတစ်နှစ်၊ ထာဝရတိုင်တိုင် သူသည် သူ့နှလုံးသားထဲ၌ တည်ရှိ‌နေသော ထိုနယ်‌မြေကို ကာကွယ်စောင့်ရှောက်ဖို့ ဤနေရာတွင် ရှိနေလေသည်။

မိစ္ဆာအင်မိုတယ်ဂိုဏ်းရှိ လူများမှာတော့ နှစ်သောင်းပေါင်းများစွာ ကြာသည့်အခါ ခဲကျုံစစ် မည်သို့ဖြစ်နေလိမ့်မည်ကို ဘယ်တော့မှ စိတ်ကူးကြည့်နိုင်မည်မဟုတ်ပေ။

သူ့မှာ ဖခင် သေဆုံးသွားသည်ကို တွေ့ရခဲ့သည်။ သူ့ဂိုဏ်းပျက်စီးလာသည်ကို ‌ကြုံရခဲ့သည်။ မိတ်‌ဆွေအပေါင်းအသင်းများ သေဆုံးသွားသည်ကို ကြည့်ခဲ့ရသည်။ အဆုံးသတ်တွင်တော့ ဂိုဏ်း အပြီးတိုင်ပျက်သုဉ်းသွားခြင်းကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ရသေးလေသည်။

"ငါသာ သူဆိုရင် ဘာလုပ်မလဲ..." မန်ဟိုက တွေးတွေးဆဆနှင့် နောက်တစ်ကျိုက် သောက်လိုက်ပြန်သည်။ ညနေကား စောင်းလာလေပြီ။ မန်ဟို ခံစားချက်များအတွင်း နစ်မြောနေစဉ် တစ်နေကုန်သွားခဲ့ပြီဖြစ်၏။

"ခဲကျုံစစ်က ငါ့ကို သူ့အဖေ ကွယ်လွန်ခါနီးနေတဲ့ခေတ်ကို ပြန်ပို့ပေးခဲ့တာ ဆိုတော့ .... သူ ဘာလုပ်စေချင်လဲ ငါ နားလည်ပြီထင်တယ်" သဘောပေါက်သောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပြည့်နှက်သွား၏။ သူ နောက်တစ်ကျိုက်သောက်ရန် အရက်အိုးအား မြှောက်လိုက်သည့်အချိန်မှာပင် ကျောအ‌နောက်မှ လက်တစ်ဖက်က သူ့ခါးကို အသာအယာလေး ဖက်လိုက်လေသည်။

သူ့ခေါင်းလှည့်လိုက်သောအခါ ခါးကိုဖက်ထားသော လက်တစ်စုံက ပို၍တင်းကြပ်သွား၏။ ၎င်းမှာ ပြန်လည်‌မွေးဖွားခြင်းဂူမှာတုန်းက ဆုံးရှုံးရမှာကြောက်သဖြင့် ကျောနောက်မှဖက်ထားခဲ့သည့်အတိုင်းပင်။

အပြုံးလေးတစ်ခုက မန်ဟို့နှုတ်ခမ်းများထက်တွင် တွဲခိုသွား၏။ သူက စကားမပြောဘဲ သူ့အနောက်ရှိ မိန်းမလှလေးကို သူ့အား ဖက်ခွင့်ပြုထားလေသည်။ သူမသည် သူ့ကျောအနား ဖိကပ်ပြီး သူ၏ရင်ခုန်သံများကို နားစွင့်နေသည့်အလားထင်ရသည်။

အရာအားလုံးက အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ... သူ့ရင်ခုန်သံအား နားထောင်ရန်ပင် ဖြစ်ဟန်တူသည်။ သူတို့ပတ်ပတ်လည်ရှိ အရာရာတိုင်းမှာ အိပ်မက်တစ်ခုသာ ဖြစ်သော်လည်း ထိုအိပ်မက်ထဲတွင် သူတို့နှစ်ယောက် တစ်ယောက်အတွက် တစ်ယောက် ရှိနေကြလေသည်။

ကိုယ် မင်းကို မြင်ရတုန်းက ကမ္ဘာကြီးကို ကိုယ်ပိုင်သွားပြီလို့ တွေးခဲ့တယ်။ မင်းရဲ့အိပ်မက်ထဲမှာ ကိုယ်က‌ နေရာယူထား‌နှင့်နေပြီဆိုတာကိုတော့ ကိုယ်မသိခဲ့ဘူး

ညနေခင်းဖြစ်၍ နွေးထွေးညင်ညာသော ပုစွန်ဆီရောင်‌နေရောင်ခြည်လေးတို့က စတုတ္ထတောင်ထိပ်အပေါ် ဖြာကျနေကာ တောင်၏ဆန့်ကျင်ဘက်အခြမ်းတွင် အမှောင်ရိပ်များ ကျနေစေလေသည်။ ထို‌အမှောင်ရိပ်ထဲတွင် လူနှစ်ယောက် တစ်ယောက်‌ကိုတစ်ယောက် တင်းကြပ်စွာ ဖက်နေကြ၏။

သူတို့မှာ အချိန်ကိုပင် ထာဝရရပ်တန့်သွားပါစေဟု ဆုတောင်းနေကြသယောင်ပင်။ လွမ်းဆွတ်တမ်းတမှု၊ ကတိကဝတ်တို့သည် လေတွင် လွင့်မျောနေသော သဲမှုန်များသဖွယ် မဟုတ်တော့ပေ။

အချိန်အတော်လေးကြာသွား၏။ မကြာမီ မှောင်ရီပျိုးလာသည်။ မန်ဟိုက သူ့အရှေ့ရှိ အမျိုးသမီးကို ကြည့်လိုက်သည်။ သူမြင်နေရသည်မှာ ရှုချင်၏မျက်နှာလေးမဟုတ်သော်လည်း ဝိညာဉ်ကတော့ ရှုချင်ပင်။

"နိုးပြီပေါ့" သူက ပြောသည်။

ဝိညာဉ်ပြောင်းလဲသွားခြင်းကြောင့် သူမ၏မျက်နှာသွင်ပြင်လေးမှာ ရုတ်တရက် မဆိုစလောက် ပြောင်းလဲသွား၏။ တွန့်ဆုတ်တွန့်ဆုတ်နှင့် မထုံတတ်ထေး မဟုတ်တော့ဘဲ ပို၍ အေးတိအေးစက်လာသည်။ သူမမှာ ပို၍ရိုးရှင်းလာလေပြီ။ သူစိမ်းသိပ်မဆန်တော့။

ရှုချင် ...

သူမသည် ဟန်ပေ့ကဲ့သို့ ဉာဏ်မများ။ ချူယွီယန်ကဲ့သို့ လက်‌ဖျားခါလောက်အောင် မလှ။ သူမက ရှုချင်။ အေးစက်ပြီး ရိုးရှင်သော နှလုံးသားလေးပိုင်ရှင်။ လူတစ်ယောက်ကို သူမချစ်မိလျှင် ဘာကြောင့်ဆိုသော အကြောင်းပြချက်မလို။ ထိုလူက သူမ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ကိုသာ သူမသိဖို့ လိုအပ်သည်။

သူမသည် အပြင်စည်းဂိုဏ်းသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားလှပသော ဆံနွယ်လေးများရှိ၏။ သူမမျက်နှာလေးမှာ နူးညံ့ပါးလွှာ‌ပြီး နတ်သက်ကြွေလောက်အောင် မလှသော်လည်း မန်ဟို့ကို သူ့နှလုံးသားထဲတွင် အမြဲရှိသော လူတစ်ယောက်အား တွေးမိသွားစေသည်... အစ်မရှု။

ရှုချင်က မန်ဟို့ကို ကြည့်လိုက်ပြီး အပြုံးပန်းလေးတစ်ပွင့် သူမမျက်နှာနုနုလေးပေါ်တွင် ပွင့်လန်းလာချေသည်။ နွေးထွေးမှုနှင့် တမ်းတမှုတို့အပြင် နှစ်ပေါင်းတစ်ရာ‌ကျော်အမှတ်တရများအား သူမမျက်ဝန်းများတွင် မြင်ရနိုင်သည်။ သူမမှာ မန်ဟိုကို ကြည့်ပြီး အတိတ်ကို ပြန်တွေးမိလေသည်။

သူကား အပြောင်းအလဲကြီးကြီးမားမား ‌တွေ့ကြုံခဲ့ရသော ပုံစံရှိသည့်အပြင် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသောကောင်လေး မဟုတ်တော့ပေ။

သူမက မန်ဟို့ကို အကြာကြီးကြည့်နေလေသည်။ ဘာကြောင့် သည်နေရာရောက်နေသည်လဲ မမေးသလို ၊ နိုးလာလာချင်း သူ့ကို မြင်လိုက်ရသည့်အတွက်လည်း အံ့ဩဟန်မတူ။

ရှုချင်အတွက် မန်ဟိုကို မည်သည့်နေရာတွင် မြင်ရမြင်ရ၊ မည်သည့်အချိန်တွင် တွေ့ရတွေ့ရ အရေးမကြီးသည့်အလားပင်။

‌ရှုပ်ယှက်ခတ်နေတဲ့ လူအုပ်ကြားထဲ မင်းက အစ်မကို ကြည့်၊ အစ်မကလည်း မင်းကို ကြည့်ပြီး တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြခဲ့တယ်

သူမအတွက် ထိုသို့တွေ့ဆုံမှုမျိုးမှာ အကြိမ်ပေါင်းသန်း‌ပေါင်းများစွာ ဖြစ်ပွားခဲ့သည့်အလားပင်။ အစမှ အဆုံး၊ ခရမ်းပင်လယ်ကြီးတွင် နေခဲ့တုန်းကပင်လျှင် သူမသည် သူတို့နှစ်ယောက် တစ်နေ့နေ့ ပြန်တွေ့ရလိမ့်မည်ဟု တထစ်ချ ယုံကြည်ခဲ့၏။

"မအံ့ဩဘူးလား" မန်ဟိုက နှစ်လိုဖွယ်ကောင်းစွာ ပြုံးရင်း ပြောသည်။

"ဘာလို့ အံ့ဩရမှာလဲ" ရှုချင်သည် ပြုံးပြုံးလေးဖြင့် ခေါင်းလေးကို ဘယ်ညာခါရမ်းကာ ဆိုလိုက်သည်။ "ကတိပေးခဲ့တယ်လေ ... အစ်မတို့ ပြန်ဆုံကြဖို့အတွက်"

မန်ဟို သူမကို ကြည့်နေစဉ် သူ့နှလုံးသားထဲရှိ ခါးသီးမှုတို့ ပျောက်ကွယ်သွားတော့သည်။ သူ့အပြုံးမှာ ပိုပို၍တောက်ပလာ၏။

ရှုချင်ဆိုသောသူမက သည်အတိုင်းပင်။ ရိုးရှင်းပြီး ပြတ်သားသော သူ့ရဲ့ရှုချင်။

သူမသည် သူတို့နှစ်ယောက် ပြန်ဆုံမည်ကို ယုံကြည်၏။ တစ်ယောက်နှင့်တစ်ယောက် ပေးခဲ့သောကတိကြောင့် ဘယ်အချိန်၊ ဘယ်နေရာတွင်ဖြစ်ဖြစ် သူမအံ့ဩမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ခိုင်မာသော သူမ၏ယုံကြည်ချက်ကြောင့်ပင်။

"နှစ်တွေ ကြာခဲ့ပြီနော် ... အဆင်ပြေပြေနေခဲ့ရရဲ့လား" သူမက နူးညံ့သောအသံလေးနှင့် မေးလာသည်။ မန်ဟိုသည် သူမထက် ငယ်ကောင်းငယ်နိုင်သော်လည်း နှစ်ပေါင်းတစ်ရာကျော်ကြာသည့်တိုင် သူ့ပုံရိပ်က သူမနှလုံးသားထဲမှ ဘယ်တော့မှ ထွက်မသွားခဲ့ပေ။

ချောက်ကမ်းပါးအစွန်းမှ ခါးကိုင်းပြီး ဝမ်ယိုချိုင်နှင့် အခြားသူများဆီသို့ ကြိုးတစ်ကြိုးချပေးရင်း လှောင်နေသော သူ့အား စောင့်ကြည့်နေခဲ့မိသည့်အချိန်ကို သူမ ဘယ်တော့မှ မေ့မရပေ။

ရှေးဟောင်းမြင့်မြတ်သောနယ်မြေ ၊ ကူရာမဲ့နေသော အခိုက်အတန့်မှာတုန်းက သူ သူမအရှေ့တွင် မားမားမတ်မတ် ရပ်‌ပေးခဲ့သော အချိန်ကိုလည်း ဘယ်တော့မှ မေ့မရပေ။

ပို၍ပင် မေ့မရသည်က ဇာမဏီသခင်မနှင့် ပေါင်းစည်းခဲ့ပြီး သူမနိုးလာခဲ့သော အချိန်ပင်။ မန်ဟိုသည် ဂိုဏ်းမှ ထွက်ခွာတော့ခါနီး လှည့်ပြီး သူမကို ပြုံးပြခဲ့၏။

သူမဘဝတွင် ပြန်လည်မွေးဖွားခြင်းဂူအပြင်၌ ဖြစ်ပျက်ခဲ့သောအရာကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။

လျှို့ဝှက်ချက်များကိုသာ လူနှစ်ယောက်အကြား ပေါက်ဖွားလာသော ခံစားချက်များအဖြစ် ထည့်တွက်နိုင်လျှင် သူမနှင့်မန်ဟို့တွင် အများကြီး ရှိလေသည်။ သူတို့နှစ်ယောက်သာ နားလည်နိုင်သော လျှို့ဝှက်ချက်များစွာ ရှိ၏။

=ဩ

"ကျွန်တော် အနက်ရောင်နယ်မြေနဲ့ အနောက်ပိုင်းသဲကန္တာရကို သွားခဲ့တယ်" မန်ဟိုက ပြုံးရင်း ပြောသည်။ ညနေခင်းလေပြေလေးတစ်ချက်က ရှုချင်၏ဆံနွယ်များကို ‌တွန်းထိုးတိုက်ခတ်သွားစဉ် မန်ဟိုက သူမ၏ခါးသိမ်သိမ်လေးကို ဖက်လိုက်လေသည်။

သူမက ခပ်ရေးရေးအပြုံးလေးတစ်ခု နှုတ်ခမ်းပါးလေးထက်တွင် တွဲခိုနေလျက် ခေါင်းလေးငုံ့သွား၏။

"အစ်မရောပဲ" သူမက သူ့ကို ပြန်ကြည့်ရင်း ပြောသည်။

"အင်း သိတယ်" သူက ပြုံးရင်း ပြန်ဖြေလေသည်။

ခပ်ဖျော့ဖျော့ ငွေသော်တာရောင်ခြည်လေးက သူတို့နှစ်ယောက်အ‌ပေါ် ဖြာကျလာသည်။ လှပသောလေပြေညင်းလေးက သူတို့၏ဆံနွယ်ရှည်ရှည်များကို ‌ပင့်မပေးလိုက်၏။

ရှုချင်သည် မန်ဟို့ကို ကြည့်နေပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်သဖြင့် တအံ့တဩ ရေရွတ်လိုက်လေသည်။ ထူးဆန်းသောအရိပ်အယောင်တစ်ခုက သူမမျက်ဝန်းများတွင် ပြည့်နှက်သွား၏။

"နေပါဦး... မင်း ဘယ်လိုလုပ်ပြီး ရုပ်မပြောင်းတာလဲ"

***

All Chapters