အကန့်အသတ်မရှိသော အခွင့်အလမ်းများ
Vol. 42 Ch. 576
မန်ဟိုမှာ ရှုချင်၏ စကားကြောင့် လန့်သွားလေသည်။ သူ့မျက်လုံးများ လင်းခနဲ လက်သွားပြီး ကျဉ်းမြောင်းလာ၏။ သူက ချက်ချင်း မတုံ့ပြန်ပေ။
သူသည် အာရုံအလုံးစုံကို ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်အပေါ် စူးစိုက်လိုက်၏။ သူ့မျက်နှာမှာ အမှန်တကယ် သူ့မျက်နှာ ဖြစ်သည်။ မည်သည့်ပြောင်းလဲမှုမှ မရှိ။
ယခုအခိုက်အတန့်တွင် သူကား ဤအချက်ကို အမှတ်မထင်ဖြစ်ခဲ့ကြောင်း သဘောပေါက်လိုက်လေပြီ။
ရှုချင်၊ ကျီမင်ဖုန်းနှင့် တောင်ကောင်းကင်ဂြိုဟ်မှ ကျန်ကျင့်ကြံသူအားလုံး၏ ပုံပန်းသွင်ပြင်မှာ နဂိုမူလနှင့် လုံးဝမတူပေ။ ဤနေရာသို့ လာရောက်ဖို့အတွက် သူတို့၏ဝိညာဉ်များမှာ တခြားခန္ဓာတစ်ခုနှင့် ပေါင်းစည်းခဲ့ရ၏။
သို့သော် မန်ဟိုကတော့ ထိုသို့မဟုတ်။ သူကား သိုလှောင်အိတ်ကို ဖွင့်၍ အတွင်းမှ ပစ္စည်းများကို ဖယ်ရှားနိုင်သည်။ ဤနေရာရှိ ပစ္စည်းများကို မယူနိုင်သော်လည်း ကျန်ရှိသူများနှင့် လုံးဝကွဲထွက်နေသော နေရာတွင် ရှိကြောင်း သိသာ၏။
စောစောက သူ့မှာ ဤကိစ္စနှင့်ပတ်သက်ပြီး စိတ်တထင့်ထင့်ဖြစ်ခဲ့သော်လည်း သိပ်တွေးမနေခဲ့ပေ။ သို့သော် ရှုချင်က အဖြေမှန်ကို ကွက်တိရှာတွေ့သွားခဲ့လေပြီ။ မန်ဟို၏ စိတ်နှလုံးမှာ ရုတ်တရက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့၏။
သူ့မှာ အသက်ရှူသံများပင် မြန်လာသည်။ ရှူချင်သည် သူ့ကို ကြည့်ရင်း သူ့အတွေးထဲသူ နစ်မြောနေကြောင်း မြင်သောအခါ ထပ်မမေးတော့ပေ။ သူသည် မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားရလောက်အောင် အရေးကြီးသော ကိစ္စနှင့်ပတ်သက်ပြီး စဉ်းစားနေကြောင်း သိသာလေသည်။
မန်ဟိုသည် ပထမပြင်ညီမှာတုန်းက အဖြစ်အပျက်ကို ပြန်တွေးမိလိုက်၏။ စတုတ္ထတောင်ထိပ်အပေါ်သို့ ခြေချလိုက်ပြီးနောက်ပိုင်း အလောင်းကို မတွေ့ရဘဲ .... ဗလာကျင်းနေသော ခေါင်းတလာကြီးသာ ရှိနေခဲ့သည်။
"ငါ ... တကယ်ပဲ ဒီနေရာကို ကိုယ်တိုင်ရောက်လာခဲ့တာလား" သူက တွေးလိုက်သည်။
"ကျန်တဲ့သူတွေက လက်ခံခန္ဓာနဲ့ လာခဲ့တာမလို့ သူတို့ရဲ့ဝိညာဉ်တွေပဲ အိပ်မက်ကမ္ဘာထဲ ရောက်လာခဲ့တာ။ ဒါပေမယ့် ငါ့မှာ လက်ခံခန္ဓာ မရှိဘူးဆိုတော့ ငါ တကယ်ကြီး ဒီကို ရောက်လာခဲ့တာပဲ" မန်ဟိုမှာ မယုံနိုင်လုနီးပါးဖြစ်နေပြီး တခြားမည်သည့်အဖြေကိုမှ မစဉ်းစားတတ်တော့ပေ။
"ဒါပေမဲ့ အဲ့ဒါကပဲ ငါ ဘာကြောင့် သိုလှောင်အိတ်ကို ဖွင့်လို့ရတာလဲ၊ ဘာကြောင့် ငါ့ပုံစံက မပြောင်းလဲတာလဲ ဆိုတာ ရှင်းလင်းနိုင်တာ.... ငါ့ပုံစံမပြောင်းရင် ဘယ်လိုလုပ်ပြီး ခဲယွင်ဟိုင်နဲ့ကျန်တဲ့သူတွေ သတိမထားမိတာလဲ..." တခဏကြာ တွေးပြီးသော် အဖြေတစ်ခုပေါ်လာ၏။
"ဘာကြောင့်လဲဆိုတော့ ခဲယွင်ဟိုင် နဲ့ ဒီနေရာက.... ရှေးခေတ်ရဲ့ ပုံရိပ်ယောင်တစ်ခုထက် မပိုတာကြောင့်မလို့ပဲ" သူက သက်ပြင်းဖွဖွချပြီး နှာဖျားကို ပွတ်လိုက်၏။ အခြေအနေနှင့်ပတ်သက်ပြီး အမြီးအမောက်မတည့်သော အရာများ များလွန်းသည်။ သူ့အနေဖြင့် ဤမျှသာ နားလည်နိုင်လေသည်။ လောလောဆယ်တွင် ဟာကွက်မရှိနားလည်ဖို့အား လက်လှမ်းမမှီနိုင်သေးပေ။
"အဲ့ဒါတွေအကုန်လုံးသာ အမှန်ဆိုရင် ကျန်တဲ့လူတွေ နိုးလာတဲ့အခါ ငါ ဘယ်သူလဲ ပြောနိုင်သွားမှာပေါ့" မန်ဟို၏မျက်လုံးများ အေးစက်သွား၏။ သို့သော် အေးစက်မှုက လျင်မြန်စွာပင် ပျောက်ကွယ်သွားပြီး သူက ရုတ်တရက် လူယုတ်မာရယ်သံကြီးဖြင့် ရယ်လေသည်။
"ပြောနိုင်တော့လဲ ဘယ်သူက ဂရုစိုက်မှာလဲ။ ငါ့အဆင့်အတန်းကို စဉ်းစားကြည့်ရင် သူတို့ ငါ့မှတ်မိရင်တောင်မှ ပုန်းနေဖို့ကလွဲပြီး တခြားရွေးချယ်စရာ ရှိမှာမဟုတ်ဘူး" အတွေးရထားကြီး ဤဘူတာဆိုက်သော် မန်ဟိုသည် ရှုချင်ကို ကြည့်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ရဲတင်းပြီး ခပ်ရူးရူးမိုက်မိုက် အတွေးတစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာတော့သည်။
အတွေး သူ့ကို စိုးမိုးလာစဉ် ၎င်းမှာ တွေးကြည့်၍ပင် မဖြစ်နိုင်သည့်အပြင် လက်တွေ့မကျကြောင်း မန်ဟို သဘောပေါက်လိုက်၏ ။ သို့သော် သူ့မှာ မတွေးဘဲ မနေနိုင်ပေ။ အတွေးက သူ့စိတ်ထဲတွင် နက်နဲသထက် နက်နဲလာပြီး သူ့မျက်လုံးများမှာ ကြောက်စရာကောင်းသောအလင်းရောင်ဖြင့် တောက်ပလာတော့သည်။
ရှုချင်က သူ့ကို ကြည့်ပြီး တခဏ ချီတုံချတုံဖြစ်နေပြီးနောက် နူးညံ့ညင်သာစွာပြောလေသည်။ " မင်း..."
"ကျွန်တော် အဆင်ပြေပါတယ်" မန်ဟိုက အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။ အလင်းရောင်က သူ၏မျက်လုံးများမှ ပျောက်ကွယ်သွားပြီး နက်နဲသိမ်မွေ့သောမရိပ်အယောင်တစ်ခု အစားထိုးဝင်ရောက်လာသည်။
"လုပ်စရာရှိလည်း သွားလုပ်လေ" ရှုချင်က ပြောသည်။ "အစ်မကို စိတ်ပူစရာမလိုပါဘူး" သူမက ထရပ်ပြီး ကျင့်ကြံခြင်းဂူတံခါးကို လက်ညှိုးထိုးလိုက်သည်။ "အစ်မ မင်းရဲ့ကျင့်ကြံဂူကို သုံးဖို့တော့ လိုလိမ့်မယ်"
မန်ဟိုက ခေါင်းညိတ်လိုက်သည်။ သူသည် ဝတ်ရုံထဲမှ ခဲယွင်ဟိုင်ဆီမှ တာအိုမှော်ကျင့်စဉ်သုံးရာပါရှိသော ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်ပြီး ရှုချင်အား ကမ်းပေးလိုက်၏ ။
"ဒီတာအိုမှော်ကျင့်စဉ်တွေကို တစ်ချက် ကြည့်ပြီး ဘာနဲ့ ဉာဏ်အလင်းရနိုင်မလဲ ရှာလိုက်ပါ" သူက ပြောသည်။
ရှုချင်သည် ကျောက်စိမ်းပြားကို ယူပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ သူမမျက်ဝန်းလေးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ချက်ချင်း ပြူးကျယ်သွားတော့သည်။ သူမက စိတ်အစဉ်တို့ ချာချာလည်နေလျက် မန်ဟိုကို ကြောင်တောင်တောင်လေး ကြည့်နေလေသည်။ ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းအကြောင်း သေချာသိမှတ်ထားရသော်လည်း ထိုအခြင်းအရာက သူမကို ကျောက်စိမ်းပြားနှင့်ပတ်သက်ပြီး ပို၍ပင် တုန်လှုပ်သွားစေတော့သည်။
"ဒါက ... ဒါက ..."
"ဒါတွေက မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ တာအိုမှော်ကျင့်စဉ်တွေပါပဲ" မန်ဟိုက ခပ်ဟဟရယ်ရင်း ပြောလိုက်လေသည်။
ရှုချင်သည် မန်ဟို့ကို အတန်ကြာ ငေးကြည့်နေပြီးနောက် ခေါင်းညိတ်လိုက်၏။ လက်ခံခန္ဓာ၏ မှတ်ဉာဏ်များကို ရှာဖွေကြည့်လိုက်သည့်အခါတွင် ထူးဆန်းသောအရိပ်အယောင်တစ်ခုအား သူမမျက်နှာပေါ်တွင် မြင်လိုက်ရသည်။ နောက်ဆုံးတော့ မန်ဟို၏အဆင့်အတန်းနှင့်ပတ်သက်ပြီး သူမသိလိုက်ရလေပြီ။
သူ ဘယ်သူလဲ သိပြီးနောက် မန်ဟို့အတွက် တာအိုမှော်ကျင့်စဉ်သုံးထောင်လုံး ရယူနိုင်ရန်မှာ မဖြစ်နိုင်သည့်အရာ မဟုတ်ကြောင်း ရှုချင် သဘောပေါက်လိုက်လေသည်....
ရှုချင် ကျင့်ကြံခြင်းဂူထဲ ဝင်ရောက်သွားစဉ် မန်ဟိုက မြေပြင်ကို ကြည့်ရင်း ရပ်ကျန်ခဲ့၏။ သူက သိုလှောင်အိတ်ကို ပွတ်သပ်နေပြီး သူ၏မျက်လုံးများက ထူးဆန်းနေသည်။
"လူတိုင်းအတွက် ဒီနေရာက အိပ်မက်တစ်ခုနဲ့တူတဲ့ ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာသက်သက်ပဲ။ ဒါပေမယ့် ငါက ငါကိုယ်တိုင် ဒီရောက်နေတာဆိုတော့ သမိုင်းကြောင်းကို သက်ရောက်နိုင်တဲ့ အပြောင်းအလဲတွေကို လုပ်နိုင်လိမ့်မလား" မန်ဟိုသည် ဤဖြစ်နိုင်ချေမှာ လက်တွေ့မကျကြောင်းသိ၏။
သို့ရာတွင် သူ့မှာ မတွေးကြည့်ဘဲ မနေနိုင်ပေ။
"ငါ့အတွေးက ၉၉ ရာခိုင်နှုန်း မှားနိုင်ပေမယ့် ဖြစ်နိုင်ခြေနည်းနည်းလေးကတောင်...." သူ့မှာ အသက်ရှူသံများ မြန်လာပြီး မျက်လုံးများ တောက်ပလာ၏။
"ဖြစ်နိုင်ခြေနည်းနည်းလေးပဲရှိရင်တောင်မှ စွန့်စားကြည့်ဖို့ ထိုက်တန်တယ်" ထို့နောက် သူသည် ကျင့်ကြံခြင်းဂူအနားမှ ထွက်လာခဲ့ပြီး စတုတ္ထတောင်တစ်ဝိုက်တွင် သူလိုချင်သောအရာကို ရှာဖွေတော့သည်။
များမကြာမီ သူသည် သရဲတစ်ကောင်သဖွယ် မျောလွင့်နေရင်း တောင်ကိုပတ်၍ ကင်းလှည့်နေသော အတွင်းစည်းဂိုဏ်းသားတစ်ယောက်နှင့် တွေ့ဆုံသွား၏။ ထိုဂိုဏ်းသားက မန်ဟိုကို မြင်သောအခါ တုံ့ခနဲရပ်ပြီး လက်နှစ်ဖက်ယှက်လိုက်သည်။
"ဂါဝရပြုပါတယ် ခေါင်းဆောင်လေး"
မန်ဟိုသည် လက်ရွေးစင်တပည့်ဆိုသော ရာထူးအား ပြန်ရုတ်သိမ်းခံထားရသော်လည်း စတုတ္ထတောင်ထိပ်တွင်တော့ လက်ရွေးစင်တပည့်အဆင့်အတန်းသည် ခေါင်းဆောင်လေးဆိုသော သူ၏အမြဲြဲတမ်းအဆင့်အတန်းနောက် ဒုတိယသာ လိုက်၏။
"မင်းမှာ ဆေးလုံးတစ်လုံးတလေ ရှိလား" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် မေးသည်။ ဂိုဏ်းသားမှာ အူကြောင်ကြောင် ဖြစ်သွားသော်လည်း ချင်းချင်း ခေါင်းညိတ်ပြီး သိုလှောင်အိတ်ထဲမှ ဆေးပုလင်းတစ်ပုလင်းထုတ်ကာ မန်ဟို့ကို ကမ်းပေးလိုက်သည်။
မန်ဟိုက ခေါင်းပြန်ညိတ်ပြပြီး ထွက်သွားသဖြင့် အတွင်းစည်းဂိုဏ်းသားမှာ အူကြောင်ကြောင်နှင့် ကျန်ခဲ့လေသည်။
မန်ဟိုက ကျင့်ကြံခြင်းဂူဆီ ပြန်လာပြီးနောက် တင်ပျဉ်ခွေထိုင်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ထို့နောက် ဆေးပုလင်းကို ဖွင့်လိုက်ရာ အထဲ၌ ဆေးရနံ့များ တလှိုင်လှိုင်ထွက်နေသော လောင်ဂန်သီးအရွယ် ဆေးလုံးခုနစ်လုံး မြင်လိုက်ရလေသည်။ အနံ့ရှူပြီးနောက် ပါဝင်ပစ္စည်းအများစုမှာ သူနှင့်မရင်းနှီးကြောင်း မန်ဟို သဘောပေါက်လိုက်သည်။ သို့သော် ဤဆေးလုံးများက ကျင့်ကြံအဆင့်ကို မြှင်ါပေးနိာင်သည်ကိုတော့ အကြမ်းဖျင်း သုံးသပ်လိုက်နိုင်၏။ (လောင်ဂန်သီး = နှင်းသီး ၊ တရုတ်ဆီးသီး၊ စစ်ကိုင်းသီး)
ဆေးလုံးများ၏ အရည်အသွေးမှာ အံ့မခန်းပင် ။ ၎င်းတို့တွင် အနည်းဆုံး ဆေးစွမ်းအား (၈၀) ရာခိုင်နှုန်းပါဝင်၏။ အရေးအကြီးဆုံးကား ဤဆေးလုံးများသည် သာမန်ဆေးလုံးများမဟုတ်။ ၎င်းတို့က ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားတစ်ယောက်အပိုင် ဆေးလုံးများဖြစ်ချေသည်။
ဤဆေးပုလင်းသာ တောင်ကောင်းကင်ဂြိုဟ်အပေါ် တစ်နေရာတွင် ပေါ်ထွက်လာခဲ့လျှင် ထိပ်သီးဂိုဏ်းကြီးများအကြားတွင်ပင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားပေလိမ့်မည်။
မန်ဟိုက တခဏ တွေဝေနေပြီးနောက်ဆုံး အံတင်းတင်းကြိတ်ရင်း ဆေးလုံးတစ်လုံးထုတ်ကာ ပါးစပ်ထဲ ထည့်လိုက်၏။ ဆေးလုံး အရည်မပျော်ခင်မှာပင် ဂျိန်းခနဲ မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် အကန့်အသတ်မရှိတော့ အားလှိုင်းများက သူ့ကို လုံးလုံးလျားလျား လွှမ်းမိုးသွားလေပြီ။ ၎င်းကား ဒေါသူပုန်ထနေသော အဆုံးမဲ့ပင်လယ်ကြီးတစ်စင်းသဖွယ် ဖြစ်ပြီး သူ့မှာတော့ လှိုင်းတစ်ချက်လေးပုတ်ရုံဖြင့် အစိတ်စိတ်မြွှာမြွှာ ကွဲထွက်သွားလောက်အောင် အားနည်းသော သစ်ရွယ်လှေလေးပမာပင်။
မန်ဟိုမှာ ဆေးလုံးကို ချက်ချင်း ထွေးထုတ်လိုက်ရလေသည်။ နာရီအနည်းငယ်ကြာသွားပြီး အပြင်တွင် မိုးလင်းလာသည့်အခါမှ သူ့မျက်လုံးများ ပြန်ပွင့်လာသည်။
သူက မျက်လုံးမဖွင့်ခင် ကျင့်ကြံအဆင့်ကို စစ်ဆေးလိုက်ပြီး ရုတ်ခြည်း မျက်မှောင်ကြုတ်သွား၏။ ၎င်းမှာ နည်းနည်းလေးမှပင် တိုးတက်မလာခဲ့ပေ။ အရာအားလုံးမှာ အမှန်တကယ် အတုအယောင်ကြီးသဖွယ်သာ။
"အလကားပဲ..." သူက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ ဤသို့ ဖြစ်လိမ့်မည်ဟု ထင်ထားပြီးသားဖြစ်သော်လည်း နောင်တတမရမိဘဲ မနေပေ။ သူသည် မတ်တပ်ရပ်၍ ခေါင်းပြူထွက်လာသော နေမင်းသူရိန်ကို ကြည့်ရင်း ရုတ်တရက် ရင်ဒိန်းခနဲ ခုန်သွား၏။
"ဆေးလုံးတွေ အလုပ်မလုပ်တဲ့အတွက် ငါ့ကျင့်ကြံအဆင့်ကို မြှင့်လို့မရဘူး။ ဒါပေမဲ့ အပြင်အားကိုယ်ကျင့်ကြံတာနဲ့ ပတ်သက်တဲ့ မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ကျင့်စဉ်တွေ၊ နယ်ပယ်တွေဆိုရင်ရော" ဗြုန်းဒိုင်းကျင့်ကြံပြီး အပြင်အားကိုယ်စွမ်းအားကို ဗြုန်းဒိုင်း တိုးမြှင့်နိုင်သော ကျင့်စဉ်များ မရှိလောက်ပေ။ သို့သော် ဂိုဏ်းတွင် အပြင်အားကိုယ်ကျင့်ကြံဖို့အတွက် အထူးစီမံထားသော နေရာများရှိ၏။ ဤအကြောင်းကို ခဲကျုံစစ်၏မှတ်ဉာဏ်မှတစ်ဆင့် မန်ဟို သိလိုက်ခြင်းဖြစ်သည်။
နေရာတစ်နေရာသည် စတုတ္ထတောင်ထိပ်၏ မြေအောက်ကမ္ဘာဂူမှတစ်ပါး အခြားမဟုတ်ပေ။
မြေအောက်ကမ္ဘာဂူထဲတွင် မြေအောက်ကမ္ဘာမြစ်မှလာသော မြေအောက်ကမ္ဘာ မရဏသဲမှုန်များ စဉ်ဆက်မပြတ် ရှိ၏။ သန်မာသော အပြင်အားကိုယ်ကို မပိုင်ဆိုင်ထားဘဲ မြေအောက်ကမ္ဘာဂူထဲသို့ ဝင်ရောက်လိုက်လျှင် မည်သည့်ကျင့်ကြံသူမဆို အရေပြားစုတ်ပြဲ၍ ကြွက်သားစိုင်တို့ ဟက်တက်ကွဲကာ အရိုးတို့ချေမွခံရလေမည်။
တစ်ချိန်တည်းမှာပင် မြေအောက်ကမ္ဘာမရဏသဲမှုန်တို့မှာ သေခြင်းအငွေ့အသက်များဖြင့် အသက်ဝင်လျက်ရှိသည်။ ၎င်းတွင် လူတစ်ယောက်၏ ချီနှင့်သွေးကို ကြံခိုင်သန်မာလာစေနိုင်သော စွမ်းအားလည်း ပါရှိ၏။ မြေအောက်ကမ္ဘာဂူတွင်း၌ ကျင့်ကြံလျှင် အပြင်အားကိုယ်ကို ပိုပို၍ ကျစ်လစ်သန်မာလာစေနိုင်မည်ဖြစ်သည်။
မန်ဟိုက လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် ဂူဆီ ဦးတည်သွားလေသည်။ သူ ရောက်သည်နှင့်တစ်ပြိုင်နက် စတုတ္ထတောင်ထိပ် သီးသန့်ဂိုဏ်းသားအစောင့်နှစ်ယောက်မှာ ချက်ချင်း သရဲဘီလူးမြင်လိုက်သလို လန့်ဖျပ်သွား၏။ သူတို့ ဤနေရာတွင် စောင့်ကြပ်နေခဲ့သော နှစ်တွေတစ်လျှောက်လုံး ခေါင်းဆောင်လေးမှာ ယောင်၍ပင် အထဲမဝင်ဖူးသည် မဟုတ်ပါလော။
သူတို့က လက်နှစ်ဖက်ယှက်လျက် သူ့ကို ချက်ချင်း နှုတ်ဆက်လိုက်သည်။ သူ၏တောင်းဆိုချက်အား ကြားသော် သီးသန့်ဂိုဏ်းသားနှစ်ယောက်မှာ ဇောချွေးများ ပြန်လာ၏။ သူတို့က ထိုကဲ့သို့လုပ်ရပ်မျိုး၏ ဆိုးကျိုးများအား သူ့ကို အကြံပေးရန် ကြိုးစားသော်လည်း သူ စိတ်ပိုင်းဖြတ်ထားပြီးသည်ကို မြင်သောအခါ အားတင်းပြီး ဂူကိုသာ ဖွင့်ပေးလိုက်ရတော့သည်။
"ခေါင်းဆောင်လေး အထဲမှာ အရမ်းအန္တရာယ်များတယ်နော်။ အပြင်အားကိုယ်ကို ကျင့်ဖို့ တခြားနေရာရှာလို့ရတာပဲ ခေါင်းဆောင်လေးရယ် ။ အထဲ မသွားသင့်ဘူးနော်..."
မန်ဟိုက သိကြောင်း ခေါင်းညိတ်ပြလိုက်၏။ သီးသန့်ဂိုဏ်းသားများ ဂူကို ဖွင့်ပေးလိုက်သဖြင့် ကျောက်နံရံမှာ တလက်လက်တောက်ပလာသည်။ မန်ဟိုက အလင်းအတွင်း လမ်းလျှောက်ဝင်ရောက်သွား၏။
သူ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အရာအားလုံး ပိတ်ပိတ်ပိန်း မှောင်မိုက်သွားသည်။ သူ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရခင် စူးရှသောနာကျင်မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ ခပ်ကြမ်းကြမ်း သဲမှုန်တို့က သူ့ကို ခန္ဓာကိုယ်ကို ဝန်းရံနေလေပြီ။ မျက်စိတစ်မှိတ်အတွင်း မန်ဟို့ခန္ဓာကိုယ်မှာ စုတ်ပြတ်သပ်တော့မတတ် ဖြစ်သွား၏။
သူက နာကျင်မှုကို တောင့်ခံရင်း သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ဝင်ရောက်လိုက်သည်။
ဝုန်း
မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄) ခု၏ အတိုက်အခိုက်စွမ်းရည် ပြည့်နှက်လာသဖြင့် သူ၏အပြင်အားကိုယ်မှာ ပိုထွားလာပြီး အားကောင်းသောစွမ်းအားကြီးအား ထုတ်လွှတ်လိုက်တော့သည်။ သို့ရာတွင် သူခံစားနေရသော နာကျင်မှုမှာ ပို၍သာ ဆထက်တိုးလာ၏။
အသက်ဆယ်ရှိုက်ကြာသော် သူ့မှာ ပါးစပ်မှ သွေးများ ပါးစပ်ပန်းထွက်သွားပြီး နောက်သို့ ယိမ်းယိုင်သွားတော့သည်။ သူသည် ကြောက်စရာသဲပျံကမ္ဘာကြီးအား ချန်ရစ်ခဲ့ရင်း ထွက်ပေါက်မှ အမြန်ဆုံးထွက်လာခဲ့၏။
သူက ထွက်လာသည်နှင့်တစ်ပြိုင်နက် တရားထိုင်ရန် တင်ပျဉ်ခွေလိုက်သည်။သူါတစ်ကိုယ်လုံးမှာ သွေးတို့ရွှဲနေပြီး အဆုံးစစွန်အထိ တုန်လှုပ်ဖွယ်ကောင်းနေတော့သည်။ မြေအောက်ကမ္ဘာဂူ၏ တာဝန်ကျ သီးသန့်ဂိုဏ်းသားနှစ်ယောက်မှာတော့ သူ မထင်မှတ်ထားဘဲ သေဆုံးသွားမှာစိုးသဖြင့် ရင်တဒိန်းဒိန်းခုန်ရင်း လန့်နေလေသည်။
လေးနာရီကြာသွား၏။ ယခုတွင် မန်ဟို၏ အပြင်အားကိုယ်မှာ အကောင်းပကတိ ပြန်ဖြစ်သွားလေပြီ။ သူက မျက်လုံးများ ဖွင့်လိုက်ပြီး မောပန်းနေပုံရသော်လည်း ခန္ဓာကိုယ်ကို ကပျာကယာ စစ်ဆေးကြည့်လိုက်၏။ ထို့နောက်တွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်နှင့်အတူ စူးရှသော အလင်းရောင်တို့ သူ့မျက်လုံးများထဲတွင် တောက်ပလာတော့သည်။
"အပြင်အားကိုယ်ကို .... ကျင့်ကြံလို့ရတယ်ဟ" ဤနေရာမှ ထွက်သွားပြီးနောက် ဤမျှအစွမ်းထက်သော အပြင်အားကိုယ်အတိုင်း ဖြစ်မည်လား မသေချာသော်လည်း ယခု သူ၏အပြင်အားကိုယ်တွင် ခံစားနေရသော စွမ်းအားမှာ လုံးဝအစစ်အမှန်ဖြစ်သည့်အလားပင်။
"ငါ တောင်ဝါးမြိုမန္တန် ဒါမှမဟုတ် မိစ္ဆာခန္ဓာပြောင်းလဲခြင်းကိုးသွယ်လိုမျိုး ခန္ဓာသန့်စင်ကျင့်စဉ်တွေကို ပေါင်းစည်းနိုင်တော့ ... ငါ့ရဲ့စွမ်းအားက လုံးဝမယုံနိုင်ဖွယ် ဖြစ်သွားလိမ့်မယ်" သူက မျှော်လင့်ချက်ရောင်စဉ်များ ဝင်းလက်နေသော မျက်လုံးများဖြင့် ကျင့်ကြံခြင်းဂူဆီသို့ လှည့်ထွက်သွားလေသည်။ သူ အထဲ ခြေချလိုက်သည့်အခိုကါအတန့်တွင် ရှုချင်က မျက်လုံးများ ဖွင့်လိုက်ပြီး မန်ဟိုကို စိတ်လှုပ်တရှား ကြည့်သည်။ နွေးထွေးသော အပြုံးလေးတစ်ခု သူမမျက်နှာလေးအပေါ်တွင် ဖြစ်ထွန်းသွားလေ၏။
***